အာဏာရှင် ဆင့်ခေါ်ခြင်း
Vol. 125 Ch. 1741
"သခင်လေး ရှန့်... ခုရက်ထဲ အပြောင်းအလဲ တစ်ချို့ ရှိတယ်”
လူအိုကြီးက ဖြည်းညင်းစွာပင် ပြောလိုက်၏။ သူ၏ အသံက ရုပ်သွင်ကဲ့သို့ပင် နူးညံ့သိမ်မွေ့သည်။ လေယူလေသိမ်းမှစ၍ ခေါ်ဝေါ်ပုံအထိ နှစ်ပေါင်းများစွာ ခစားခဲ့သော အစေခံတစ်ဦး၏ အငွေ့အသက်များကို သယ်ဆောင်ထားသည်။
"ဒီဂလက်ဆီက သူတော်စင်တွေက ခင်ဗျားကို ငြင်းဆန်ခဲ့တာလား..."
သခင်လေးရှန့်ဟု အခေါ်ခံရသည့် လူငယ်က ဘယ်ဘက် မျက်ခုံးကို ပင့်ရင်း အံ့အားသင့်နေသည့် လေသံဖြင့် မေးလိုက်၏။ သို့သော်လည်း... သူ၏ အမူအရာက ထိုမေးခွန်း အပေါ် အယုံအကြည်ရှိပုံ မပေါ်ပါချေ။
အဘိုးအိုက ခေါင်းခါလိုက်ရင်း...
"အဲဒီကိစ္စကို ကျွန်တော် ကိုင်တွယ်ပြီးတာ ကြာပါပြီ... သူတို့က ဝင်ရောက်စွက်ဖက်မှာ မဟုတ်ပါဘူး... သတ်မှတ်ထားတဲ့ စည်းမျဉ်းအချို့ကို လိုက်နာသရွေ့ ကျွန်တော်တို့ လုပ်ဆောင်ခွင့်ကို အပြည့်အဝ ခွင့်ပြုထားပါတယ်... နောက်ပြီး အဲဒီစည်းမျဉ်းတွေထဲက တစ်ခုကမှ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေကို အနှောင့်အယှက် ပေးမှာ မဟုတ်ပါဘူး... ကျွန်တော် ခုနက ပြောတဲ့ အပြောင်းအလဲ ဆိုတာက ရှေးဟောင်း ချိပ်ပိတ် နယ်မြေလို့ ခေါ်တဲ့ နေရာမှာ ဖြစ်သွားခဲ့တာပါ... အဲဒီ ဒေသရဲ့ အာကာသ ခိုင်မာမှုမှာ ပြင်းထန်တဲ့ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပါတယ်”
"အဲဒါက သူ ရှိနေတဲ့ နေရာမလား...”
သခင်လေးရှန့်က ဝိုင်ခွက်ကို သောက်မလို ဟန်ပြင်ပြီးမှ အောက်သို့ ပြန်ချရင်း မေးလိုက်သည်။ အဘိုးအိုက ခေါင်းညိတ်ပြီး ရှင်းပြလိုက်၏။
“ရွှေရောင် မျက်လုံးနဲ့ ကောင်းကင် ထိန်းချုပ်သူ ပြောတာသာ အမှန် ဆိုရင် အဲဒီ ပုဂ္ဂိုလ်က ကောင်းကင် ရတနာနဲ့ သီးခြားခွဲထားတဲ့ လောကထဲမှာ နေနေပါတယ်... အဇူရာ မူလ ဂလက်စီ နယ်မြေရဲ့ သူတော်စင် လေးပါး ကစားနေတဲ့ ဘုတ်ပြား တစ်ခုပေါ့လေ... အဲဒီ နေရာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ရှစ်သောင်း ကျော်လောက်ထဲက ချိပ်ပိတ်ထားတဲ့ အကြောင်း ကျွန်တော် အတည်ပြုပြီးပါပြီ”
"ဒီပြောင်းလဲမှုက ကျုပ်တို့အပေါ် သက်ရောက်မှု ရှိနိုင်မလား"
သခင်လေး ရှန့်က ဝိုင်ခွက်ကို ကုန်းပတ်ပေါ် ချလိုက်၏။ ခွက်အတွင်မှ အရက်များမှာ ကျောက်ဆောင် မျက်နှာပြင်ပေါ်သို့ ရိုက်ခတ်နေသည့် လှိုင်းလုံးများကဲ့သို့ အဆုံးမဲ့ ညင်သာစွာ ခတ်သံမြည်နေခဲ့သည်။ ထိုအသံက စိတ်နှလုံးကို ထူးဆန်းစွာ အေးချမ်းစေကာ ဝိညာဉ်ကို သက်သာရာရစေသည်။
"လုံးဝ မရှိပါဘူး... ဒါပေမဲ့ ဖော်ပြထားတဲ့ စည်းမျဉ်းတွေထဲက တစ်ခုကတော့ အဲဒီ ရှေးဟောင်း နယ်မြေကို ခွဲထုတ်ထားတဲ့ ကောင်းကင် ရတနာကို ပေါ့ပေါ့ဆဆ မဖျက်ဆီးမိဖို့ပဲ... အတင်းအကြပ် ဝင်ရင် ပျက်စီးမှုတွေ ဖြစ်လာနိုင်တယ်... ဒါကြောင့် အခုချက်ချင်း သွားသင့်ပါတယ်... ဒီလိုမှ မဟုတ်ရင် ကောင်းကင် ရတနာ ပြန်လည် ခိုင်မာလာအောင် ပြန်လည်ပြင်ဆင်ပြီးသည်အထိ ကျွန်တော်တို့ စောင့်ဆိုင်းရပါလိမ့်မယ်... တည်ငြိမ်ဖို့အတွက် အချိန်အနည်းငယ် ယူရနိုင်ပါတယ်... နှစ်နဲ့ချီ ကြာတာတောင် ဖြစ်နိုင်ပါတယ်... သခင်လေးက အေးအေးဆေးဆေး စောင့်ရင်း ဒီဂလက်ဆီကို စူးစမ်းချင်ရင်တော့ တစ်မျိုးပေါ့"
သခင်လေး ရှန့်က ပျင်းရိစွာဖြင့် အကြောဆန့်လိုက်ရင်း စိတ်မချမ်းမြေ့သည့် အသက်ရှူသံ တစ်ခုကို ထုတ်လွှတ်လိုက်သည်။
"အား... ကောင်းပြီလေ... ရှေးဟောင်း ချိပ်ပိတ် နယ်မြေ ဟုတ်လား... ဒါဆိုလည်း သွားကြတာပေါ့"
သူက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ အဘိုးအိုက ခေါင်းညိတ်လိုက်သည်။
"နောက်ထပ်တစ်ခု ရှိပါသေးတယ် သခင်လေး... ရှေးဟောင်း ချိပ်ပိတ် နယ်မြေမှာ လူတွေ အစုလိုက် အပြုံလိုက် သေဆုံးတာကို ရှောင်ရှားဖို့ရယ်၊ ဒီဂလက်စီ နယ်မြေက သူတော်စင်တွေရဲ့ အမျက်ဒေါသကို ရှောင်ရှားဖို့ အတွက်ရယ် တာအို ဥပဒေသ အာဏာ ဝိညာဉ် ချိပ်စည်းနဲ့ ကျွန်တော်တို့ရဲ့ ကျင့်ကြံခြင်း အဆင့်တွေကို ခေတ္တလောက်တော့ ခုန်ဆင်းထားဖို့ လိုပါတယ်”
"အိုး"
သခင်လေး ရှန့်က မျက်ခုံးပင့်လိုက်၏။
"ဘယ်အဆင့်အထိလဲ"
"ကောင်းကင် ရတနာကို သူတော်စင်တွေက ရည်ရွယ်ချက် ရှိရှိ လျစ်လျူထားတဲ့ အတွက် အဓိက ထိန်းချုပ်သူ မရှိပါဘူး... ဒါက သူတို့ ကစားပွဲရဲ့ နောက်ဆုံး အဆင့်တွေကို ဖော်ပြဖို့ အတွက် ရည်ရွယ်ထားတဲ့ အသေးစိတ် အချက်အလက်တစ်ခုပါ... ဒါကြောင့် ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ မြေကြီးရှန့်ထို အဆင့်ထိ ဖိနှိပ်ထားရပါလိမ့်မယ်... ဒါပေမဲ့ အတွက်းပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ပရမ်းပတာ အခြေအနေတွေကို စစ်ဆေး ကြည့်တဲ့ အခါ စိတ်ဝိညာဉ်ရဲ့ မွေးရာပါ ကန့်သတ်ချက်တွေမှာ ပြောင်းလဲမှုတချို့ ဖြစ်ပေါ်နေတဲ့ပုံ ရပါတယ်... ဒါကြောင့် လောကရှန့်ထို ကျင့်ကြံခြင်း အဆင့်လောက်ကိုတော့ သတိထားပြီး ဝင်ရောက်လို့ ရမယ် ထင်ပါတယ်”
အဘိုးအိုမှာ မလှုပ်မယှက် ရှိနေသော်လည်း သူ၏ မျက်ဝန်းများ အတွင်းတော့ ပြင်းထန်သည့် အပြောင်းအလဲများ ဖြစ်ပေါ်နေကာ သီးခြားကမ္ဘာတစ်ခုကို စစ်ဆေးနေရင်း အတိုင်းအဆမရှိ ဝေးကွာသော နေရာတစ်ခုသို့ လွင့်မျောသွားပုံရသည်။
"ခင်ဗျားပဲ ဆုံးဖြတ်လိုက်ပါ..."
သခင်လေး ရှန့်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။ သူက ထိုကိစ္စ အကြောင်း ဦးနှောက်ခြောက်ခံ၍ မစဉ်းစားလိုပါချေ။
အဘိုးအိုက နောက်တစ်ဖန် ခေါင်းညိတ်လိုက်၏။ ထို့နောက် ဖြည်းညင်းစွာပင် သင်္ဘောပေါ်သို့ တက်ရောက်ကာ ပဲ့ထိန်းခန်း အတွင်း ညင်သာသည့် ခြေလှမ်းများနှင့် လျှောက်လှမ်း သွားခဲ့တော့သည်။ ထို့နောက် သူက သန့်ရှင်း ဖြူစင်သည့် သင်္ဘောကို စတင်ကာ မောင်းနှင်လိုက်၏။ မကြာခင်မှာပင် ၎င်းမှာ အလင်းတန်းတစ်ခုကဲ့သို့ လျင်မြန်စွာ ရွေ့လျားသွားခဲ့တော့သည်။
...
အဇူရာ မူလ ဂလက်စီ နယ်မြေ တစ်လျှောက်တွင် မျက်လုံပေါင်း တစ်ဒါဇင်ကျော်ခန့်မှာ ထိုအဖြူရောင် သင်္ဘော ရှေးဟောင်း ချိပ်ပိတ် နယ်မြေ အတွင်း ထိုးဖောက် ဝင်ရောက်ကာ ခြေရာ လက်ရာ မကျန် ပျောက်ကွယ်သွားသည် အထိ စောင့်ကြည့် နေခဲ့သည်။
စူးစိုက် ကြည့်နေသည့် မျက်ဝန်း သုံးစုံမှ လွဲ၍ ကျန်လူများ အားလုံးမှာ လေးလံပြီး စိတ်ရှုပ်ထွေးသည့် လေပူများ မှုတ်ထုတ် လိုက်ကြသည်။ ထိုအဖြူရောင် သင်္ဘော ရောက်ရှိလာခြင်းက သူတို့ အားလုံးကို အမြုတေ ရောက်သည် အထိ တုန်လှုပ် စေခဲ့သည်။ ၎င်းက မျှော်လင့် ထားသည့် ဖြစ်ရပ် တစ်ခု မဟုတ်သော်လည်း အဇူရာ မူလ ဂလက်စီ နယ်မြေကို ထာဝစဉ် ပြောင်းလဲစေမည့် ဖြစ်ရပ်များစွာကို ဖြစ်ပေါ်စေခဲ့သည်။
ဤနေ့တွင်၊ လောက နှစ်ခုမှာ မမျှော်လင့်ဘဲ ထိပ်တိုက်တွေ့ဆုံခဲ့ကြလေသည်။
...
တစ်ချိန်တည်း၌...
နယ်မြေ ဆယ့်ရှစ်ခု အတွင်းရှိ မည်သည့်နေရာမှ အာကာသ လှိုင်းလုံးများ၏ လွှမ်းမိုးမှုမှ ကင်းလွတ်ခြင်း မရှိပေ။ ငွေရောင် တောက်ပမှုများမှာ ဂြိုဟ်များနှင့် ကုန်းမြေတိုက်ကြီးများစွာကို လွှမ်းခြုံထားကာ နေကြယ်များပင် ငွေရောင် အသွင် ပြောင်းလဲ သွားသလို ထင်ရသည်။
တစ်လောကလုံးမှာ အံ့အားသင့် နေကြ၏။ အချို့က ကြောက်ရွံ့ကြသည်။ အချို့က သတိကြီးစွာ ထားကြသည်။ တစ်ချိန်တည်း၌ အချိုသော သူများမှာလည်း ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲတွင် ပါဝင်နေသည့် သူတို့၏ သားသမီးငယ်များ၊ အကြီးအကဲများ၊ ချစ်သူများ၊ မိတ်ဆွေများ၊ မိဘများနှင့် ကလေးများကို တွေးတောရင်း စိုးရိမ်ပူပန်မှုများဖြင့် လွှမ်းမိုးနေကြသည်။
မကြာသေးမီကပင် ဝေ့ဝူယင်နှင့် နဂါး နတ်မိမယ် ရွှယ်ရီဖေးတို့၏ စေ့စပ် ကြောင်းလမ်းသည့် သတင်းများမှာ လူတိုင်း၏ နှုတ်ဖျားတွင် ရေပန်းစားခဲ့သည်။ လောကကြီးတစ်ခုလုံး စိတ်ဝင်စားဖွယ် ဆွေးနွေးမှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှ လူများကတော့ ၎င်းမှာ အလွန် ကောင်းမွန်သော သတင်းဖြစ်သည်ဟု ခံစားခဲ့ကြသည်။
ရွှယ်ရီဖေးမှာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အလွှာ နှစ်ခု အတွင်း အခြေချနေထိုင်ရန်နှင့် လိုက်လျောညီထွေ ဖြစ်စေရန်အတွက် များစွာသော သူများကို ကူညီရာတွင် ရှေ့တန်းမှ ဦးဆောင်ခဲ့သည်။ သူမက အကူအညီပေးတတ်သူ ဖြစ်သည်။ အမြဲရှိနေသူ ဖြစ်သည်။ သည်းခံတတ်သူ၊ ခိုင်မာသော စိတ်ဓာတ်ရှိသူ၊ တရားမျှတသူလည်း ဖြစ်သည်။ ထို့အပြင်... အတိုင်းအဆမဲ့သော ဆွဲဆောင်မှုဖြင့် အလွန်အမင်း လှပသူလည်း ဖြစ်သည်။
ရွှယ်ရီဖေးမှာ ဧကရီဘွဲ့နှင့် သင့်တော်သည်။ အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ၏ ဧကရီ ရှောင်ချွမ်းနှင့် နှိုင်းယှဉ်လျှင်ပင် မနိမ့်ကျဟု အများက ယူဆကြသည်။ သူမထံတွင် ရှိခဲ့သည့် တစ်ခုတည်းသော အပြစ်အနာအဆာမှာ ကိုယ်လုပ်တော် အဆင့်အတန်းပင် ဖြစ်သည်။ သို့သော်လည်း လူအများစုကတော့ ထိုအဆင့်အတန်းကို လျစ်လျူကာ သူမကို “ဧကရီ” ဟူ၍ပင် သုံးနှုန်းခဲ့ကြသည်။
ယခုအခါတွင်တော့ အစစ်အမှန် နဂါး နတ်မိမယ်မှာ သူမနှင့် ထိုက်တန်သည့် ရာထူးကို ရရှိခဲ့ပြီ ဖြစ်သည်။ ၎င်းက လူအများကို စိတ်သက်သာရာ ရစေခဲ့သည်။
သို့သော်လည်း... အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အနာဂတ်နှင့် ပတ်သက်၍ ထိုအပူတပြင်း ဆွေးနွေးမှုများမှာ ရုတ်ချည်း ဖြစ်ပေါ်လာခဲ့သည့် ငွေရောင် အလင်း လွှမ်းမိုးမှုကြောင့် ရပ်တန့် သွားခဲ့သည်။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတစ်ခွင်လုံးတွင် ထိပ်တန်း ကျင့်ကြံသူ များစွာ နေရာယူခဲ့ကြပြီး ဖြစ်ကာ အမျိုးမျိုးသော ဝင်္ကပါများနှင့် အစီအရင်များကို အသက်သွင်းလိုက်ကြသည်။
ဝမ်... ဝမ်...
မျက်တောင် တစ်ခပ်စာမျှ အချိန်အတွင်းမှာပင် ဖီဆန်ပေါက်စလေးကို ကြည်လင်သည့် အလွှာ တစ်ခုက ဝန်းရံ ကာကွယ်ထားခဲ့ပြီး ဖြစ်သည်။ လောက အာရုဏ်ဦးနှင့် ဖီဆန် အာရုဏ်ဦး နယ်မြေ နှစ်ခုစလုံးတွင်လည်း အမျိုးမျိုးသော အကာအကွယ် ဝင်္ကပါများမှာ အသက်ဝင် လာခဲ့ကြ၏။ ထိုနည်းဖြင့် ကျူးကျော် ဝင်ရောက်လာသည့် အာကာသ လှုပ်ရှားမှု လက္ခဏာ အားလုံးကို ငြိမ်သက် သွားစေခဲ့သည်။
အာရုဏ်ဦး ကြယ်တာရာ နယ်မြေသားများ ထိုကဲ့သို့ လုပ်ဆောင် နေကြစဉ်မှာပင် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခု၌ လူတစ်ဦး အရွယ်အစား ရှိသည့် ငွေရောင် အလင်းများစွာ ပေါ်လာခဲ့ကြသည်။ ၎င်းတို့မှာ လျှပ်စီး အလင်းတန်းများ လိုပင် အာရုဏ်ဦး ကြယ်တာရာ နယ်မြေထံ အရှိန်အဟုန်ဖြင့် စတင် ရွေ့လျား ကြလေတော့၏။ ငွေရောင်အလင်းတန်းတစ်ခုစီ၏ အရှိန်မှာ မြေကြီးရှန့်ထိုများ၏ အာကာသ ပြောင်းရွှေ့ခြင်းထက်ပင် ပိုမို၍ မြန်ဆန်ကာ ရပ်တန့်ဖို့ မဖြစ်နိုင်လောက်အောင်ပင်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်မှ ကျင့်ကြံသူ အချို့မှာ ထိုငွေရောင် အလင်းများကို ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ကြ၏။ သို့သော်လည်း ကံဆိုးစွာပင် သူတို့ထဲမှ အချို့မှာ လက်များကို ဆုံးရှုံးခဲ့ကြရကာ ပြင်းထန်သည့် အာကာသ စွမ်းအင်များကြောင့် အစိတ်စိတ်အမွှာမွှာ ကွဲထွက်သွားခဲ့ရသည်။ ထိုကျင့်ကြံသူများထဲမှ အချို့ဆိုလျှင် လျှို့ဝှက် ဝိညာဉ် အဆင့်များပင် ဖြစ်ကြသည်။
ထိုမြင်ကွင်းက များစွာသော လူများအား ကြောက်ရွံ့ ထိတ်လန့် သွားစေခဲ့ကာ ငွေရောင် အလင်းများအား ကပ်ရောဂါ တစ်ခုလိုပင် ရှောင်ရှား စေခဲ့သည်။
“အာဏာရှင် ဆင့်ခေါ်ခြင်း...”
ဝူယု အံ့ဩသွားခဲ့၏။ မည်သူက ထိုအစီအရင်ကို အသက်သွင်းလိုက်သနည်း။ အာဏာရှင် ဆင့်ခေါ်ခြင်းမှာ အလွန် ပြင်းထန်သည့် အခြေအနေများတွင်သာ အသုံးပြုဖို့ ဒီဇိုင်းထုတ်ထားခြင်း ဖြစ်သည်။ ၎င်းမှာ အာဏာရှင် အမှတ်အသား တစ်ခုချင်းစီနှင့် ချိတ်ဆက်နေကာ အသက်သွင်းလိုက်သည်နှင့် အာဏာရှင်တိုင်းကို အတင်းအကြပ် ပြန်လည် ဆင့်ခေါ်လိမ့်မည် ဖြစ်သည်။ မူလ အာဏာရှင်များသာလျှင် ထိုဆင့်ခေါ်မှုကို ငြင်းဆန်နိုင်သည်။
ဝူယု သိသလောက် ထိုအစီအရင်ကို အသက်သွင်းနိုင်သူ လေးဦးသူ ဖြစ်သည်။ သူ၊ စုမေ့၊ ရွှယ်ရီဖေးနှင့် ဝေ့ဝူယင်တို့ပင် ဖြစ်သည်။ ဝေ့ဝူယင်အား စိတ်အနှောက်အယှက် ဖြစ်စေသည်က ၎င်းကို အသက်သွင်းခြင်း မရှိပဲ အဘယ်ကြောင့် ၎င်းကို အသက်သွင်းရန် လိုအပ်သနည်း ဆိုသည့် အကြောင်းရင်းပင် ဖြစ်သည်။ ပုံမှန်အားဖြင့် ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲမှာ အဆုံးသတ်သည်နှင့် ရွေးချယ်ခံ အားလုံးကို အစုလိုက် အပြုံလိုက် ပြန်လည် ပို့ဆောင်လေ့ ရှိသည်။
ယခု မည်သည့် အရာများ ဖြစ်နေသနည်း။ ဝူယု ချက်ချင်းပင် ဒုတိယမြောက် မဟာ အသွင်ပြောင်ခြင်း အတွင်း ဝင်ရောက်ကာ ကောင်းကင်သို့ ပျံသန်း သွားခဲ့၏။ ထို့နောက်... ငွေရောင် အလင်းများ အပါအဝင် အရာအားလုံးကို သတိထားကာ စစ်ဆေး ကြည့်လိုက်သည်။
ဤသည်က ဝေ့ဝူယင် ပြောခဲ့ဖူးသည့် ကပ်ဘေး ဖြစ်နိုင်မည်လော။ အခြားသော ထိပ်သီး ပညာရှင်များမှာလည်း ဝူယု၏ ဦးဆောင်မှု နောက်ကို လိုက်ကာ တုန့်ပြန်ဖို့ ပြင်ဆင် နေကြသည်။ ကြယ်တာရာ နယ်မြေ အစီအရင်က ကာကွယ်ပေးထားသော်လည်း မည်သည့် အရာများ ဖြစ်လာမည်ကို သူတို့ မသိပါချေ။ သို့ဖြစ်ရာ အကောင်းဆုံး ပြင်ဆင်ထားခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာ ဖြစ်သည်။
***