သာယာသည့် အချိန်တစ်ခု ကုန်ဆုံးခြင်း
Vol. 125 Ch. 1744
မကြာသေးမီကမှ စေ့စပ်ထားသည့် စုံတွဲမှာ အားနူ ဆွဲသည့် ဂြိုဟ်သိမ် တစ်ခုပေါ်တွင် အခြေချ နေကြသည်။ သူတို့က ကတ္တီပါ ကော်ဇော တစ်ခုထက်တွင် ထိုင်ရင်း အမှောင် ဟင်းလင်းပြင်ကို ပျင်းရိစွာ စောင့်ကြည့် နေကြ၏။ လတ်ဆတ်သည့် သစ်သီးဝလံများ၊ မွှေးကြိုင်သည့် ဝိုင်ခွက်များ အပါအဝင် အရသာ ရှိသည့် အရာပေါင်း များစွာမှာ သူတို့ကို ဝန်းရံထား၏။
အစစ်အမှန် နဂါး နတ်မိမယ်မှာ အာဏာရှင် အင်ပါယာ၏ ရင်ခွင် အတွင်း ပျင်းရိစွာ မှီတွယ် နေခဲ့သည်။ သူတို့ နှစ်ယောက်က ဒဏ္ဍာရီလာ တန်ခိုးရှင် စုံတွဲ တစ်ခုလိုပင် လှပကြည်နူးဖွယ်ရာ ကောင်းလှသည်။
"သူတို့က တကယ် ရဲတင်းကြတာပဲ"
ရွှယ်ရီဖေးက လတ်ဆတ်ပြီး တောက်ပနေသည့် စတော်ဘယ်ရီသီးလို သစ်သီးတစ်လုံးကို ကိုက်စားရင်း မှတ်ချက်ပေးလိုက်သည်။
သူမ၏ ဟေဇယ်ရောင် မျက်ဝန်းများက ဝိညာဉ် အလင်းရောင်များနှင့် တဖျပ်ဖျပ် တောက်ပနေကာ အာရုဏ်ဦး ကြယ်တာရာ နယ်မြေ၏ အကာအကွယ် အလွှာကို ကျော်ဖြတ်ကာ အပြင်ဘက်ကို လှမ်းကြည့် နေခဲ့သည်။ လက်ရှိ၌ မိန်းကလေးမှာ ရွှေရောင် အသက်နန်းတော်၏ အမျိုးမျိုးသော ဝိညာဉ် ပုံရိပ်ယောင် ကျောက်တိုင်များနှင့် ချိတ်ဆက်ထားသမျှ နေရာတိုင်းကို အလွယ်တကူပင် တွေ့မြင်နိုင်ပေသည်။ ဝေ့ဝူယင်မှာ ရွှေကောင်စီ၏ အဖွဲ့ဝင် တစ်ယောက် ဖြစ်လေရာ ထိုထူးခြား အာဏာရှိသည့် အဆင့်အတန်းက သဘာဝ အတိုင်းပင် ရွှယ်ရီဖေးထံသို့ ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။
မဟာစက်ဝန်း ကြယ်ကွင်းပြင်နှင့် အခြား ကြယ်ကွင်းပြင် တစ်ဆယ့်ခြောက်ခုလုံးတွင် ထိတ်လန့် တုန်လှုပ်ဖွယ် စွမ်းအား ရှိသည့် ကျင့်ကြံသူများ အလျှိုလျှို ပေါ်လာနေသည်ကို ရွှယ်ရီဖေး တွေ့မြင် နေရပေသည်။ သူတို့ထဲ၌ လျှို့ဝှက် အာဏာရှင် အဆင့်အောက် တစ်ဦးတစ်ယောက်မှ မရှိကြချေ။ အလွှာကြားက လောကသားများမှာ သူတို့၏ သေမျိုးများကို အတွင်းပိုင်း လောကများ၊ ရှန့်ထို လက်စွပ်များထဲတွင် ထည့်သွင်း သယ်ဆောင် လာကြသည်မှာ ထင်ရှားပေသည်။
အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာ၏ ကြီးကြပ်မှု အောက်ရှိ မဟာ စက်ဝန်း ကြယ်ကွင်းပြင် ဧရိယာ အတွင်း ရဲရင့်စွာ ကျူးကျော် နေကြသူများအား ကြည့်ကာ ရွှယ်ရီဖေး အနည်းငယ် ရွှင်မြူး နေမိသည်။ သူတို့က မကြာခင် သင်ခန်းစာများကို လျှင်မြန်စွာ သင်ယူကြပေလိမ့်မည်။ အခြားသော ဒေသများမှာမူ အရင်းအမြစ်များ ပြတ်လပ်မှုကြောင့် နှိုင်းယှဉ်ပါက ပိုမို၍ ငြိမ်းချမ်းသည်ဟု ဆိုနိုင်ပေသည်။
သို့သော်လည်း... မဟာစက်ဝန်း ကြယ်ကွင်းပြင်ကတော့ အဆုံးမဲ့ ကောင်းကင် နေကြယ်၏ ကြွယ်ဝသည့် နေရောင်ခြည် အမတေများကို နှစ်ပေါင်း သောင်းနှင့်ချီအောင် ခံစားခဲ့ရခြင်းကြောင့် ရတနာသိုက်တစ်ခုသဖွယ် ဖြစ်နေခဲ့ပြီ ဖြစ်သည်။
အမှောင် ဟင်းလင်းပြင် အတွင်း ကျပန်း ပျံသန်း နေသည့် ဥက္ကာခဲ တစ်ခဲတွင်ပင် အလွန် အဖိုးတန်သည့် စွမ်းရည်များ ပါဝင်နေတတ်သည်။
"ဂြိုဟ်တွေထဲမှ ရှိတဲ့ အံ့မခန်း ဘဏ္ဍာတိုက်တွေနဲ့ ကြွယ်ဝတဲ့ ပတ်ဝန်းကျင်တွေကို တွေ့ရင် ရဲစွမ်းသတ္တိကို လောဘက လွှမ်းမိုးသွားလိမ့်မယ်လို့ ငါ ထင်တယ်..."
ဝေ့ဝူယင်က ရွှယ်ရီဖေး၏ နွေးထွေးမှုကို ခံစားရင်း ပြောလိုက်သည်။ သူတို့ နှစ်ဦးစလုံးမှာ အစစ်အမှန် နဂါး သွေးမျိုးဆက်ကို ပိုင်ဆိုင်ထားလေရာ အမှောင် ဟင်းလင်းပြင်၏ အေးစက်မှုကို လေကဲ့သို့ပင် စားသုံးနိုင်ကြသည်။ ထိုသို့သော စရိုက် လက္ခဏာကြောင့်ပင် တစ်ချိန်တစ်ခါက ဝေ့ဝူယင်ကို လျှို့ဝှက် အာဏာရှင် တစ်ယောက် အဖြစ် မှားယွင်း မှတ်ယူခဲ့ကြခြင်း ဖြစ်သည်။
“အခုတော့ စောင့်ပဲ ကြည့်ကြတာပေါ့လေ... ငါလည်း နည်းနည်း ပြန်ပြီး နာလန်ထူဖို့ လိုနေသေးတယ်”
ဝေ့ဝူယင်က ပါးစပ်ထဲ စပျစ်သီး တစ်လုံးကို ပစ်ထည့်ရင်း ပြောလိုက်သည်။ ၎င်းကို ဝါးစားလိုက်သော အခိုက်၌ ကြွပ်ဆတ်ကာ အရည်ရွှမ်းသည့် အသံများ ထွက်ပေါ်လာခဲ့၏။ အသံကို နားထောင်ရုံဖြင့်ပင် စိတ်အပန်းပြေသလို ခံစားရသည်။
ရွှယ်ရီဖေး၏ ဟေဇယ်ရောင် မျက်ဝန်းများက ဝေ့ဝူယင်၏ မျက်နှာဆီသို့ ပြန်လည် ရွေ့လျား လာခဲ့သည်။ မိန်းကလေး၏ မျက်ဝန်းများထဲမှ မေးခွန်းထုတ် အကြည့်နှင့် စိုးရိမ်မှုတို့ကို ဝေ့ဝူယင် ခံစားနိုင်ပေသည်။ ဝေ့ဝူယင် ရွှယ်ရီဖေးအား သဘောကျရသည့် အချက်များထဲမှ တစ်ခုမှာ သူမ၏ ဉာဏ်ရည်ဉာဏ်သွေးပင် ဖြစ်သည်။ အနည်းငယ် ကြောက်စရာကောင်းသော်လည်း အလွန် လေးစားထိုက်ပေသည်။
ဝေ့ဝူယင် ပြုံးလိုက်၏။
“ငါ အဆင်ပြေပါတယ်... ကိစ္စတွေ အများကြီးကို ကိုင်တွယ်ခဲ့ရတာ ဆိုတော့ နည်းနည်းလောက် ပင်ပန်း နေရုံတင်ပါ... တစ်နာရီ ဒါမှမဟုတ် သုံးနာရီလောက် ကြာပြီးရင် ငါ ပြန်ပြီး နာလန်ထူနိုင်ပါပြီ... အဲဒီကျမှပဲ ဒီကိစ္စတွေကို ကိုင်တွယ် ဖြေရှင်းတာပေါ့”
"တစ်နာရီ ဒါမှမဟုတ် သုံးနာရီ"
ဝေ့ဝူယင်က ပေါ့ပေါ့ဆဆ ပြောခဲ့ခြင်း ဖြစ်သော်လည်း ရွှယ်ရီဖေးမှာ ထိုစကားလုံးများကို ချက်ချင်းပင် သတိထားလိုက်မိ၏။ ဝေ့ဝူယင်မှာ ရည်ရွယ်ချက် ရှိရှိ အချိန်ဆွဲ နေခြင်း ဖြစ်ကြောင်း သူမ ပြောနိုင်ပေသည်။ ပြန်လည် နာလန်ထူရန် လိုအပ်သည် ဆိုသည့် ကိစ္စကိုတော့ သူမ ယုံကြည်သည်။ သို့သော်လည်း... ဝေ့ဝူယင် ထုတ်ဖော် မပြောသည့် ပိုမို နက်ရှိုင်းသော အရာ တစ်ခု ရှိနေတာ သူမ တွေ့မြင်နိုင်သည်။
ဝေ့ဝူယင် မိန်းကလေးကို ကြည့်ရင်း စိတ်မထိန်းနိုင်ပဲ အနားသို့ ဆွဲယူကာ နမ်းရှုံ့ လိုက်မိပြန်သည်။ ဆွဲဆောင်မှု ရှိပြီး ညှို့ယူဖမ်းစားနိုင်သည့် နှုတ်ခမ်းများကို ပိုင်ဆိုင်ထားခြင်းမှာ သူမ၏ မဟာ အမှားပင် ဖြစ်သည်။ တစ်မိနစ်ခန့်မျှ ကြာအောင် ခပ်ကြမ်းကြမ်းလေး နမ်းပြီးနောက် ဝေ့ဝူယင် နောက်သို့ လှန်ချကာ ကော်ဇောထက်တွင် လှဲလိုက်ရင်း ဩကာသ လောကကြီးကို ငေးကြည့် လိုက်မိသည်။
ရွှယ်ရီဖေးကလည်း အလားတူပင် လိုက်လံ လဲလျောင်းလိုက်၏။ ဝေ့ဝူယင်က တိကျသည့် အကြောင်းပြချက်ကို ပြောပြလိုခြင်းမရှိလေရာ သူမ ဆက်လက်၍ စူးစမ်းမေးမြန်းတော့မည် မဟုတ်ပေ။ ထို့အစား... တိတ်တဆိတ် ထောက်ခံ အားပေးသည့် အလား သူ့ကို သက်သောင့်သက်သာ ဖက်တွယ်ထားရင်း လဲလျောင်းလိုက်သည်။ အားနူက ဂြိုဟ်သိမ်လေးကို ဆက်လက် ဆွဲနေဆဲ အချိန်တွင် သူတို့ နှစ်ယောက်ကတော့ ကောင်းကင်ရှိ ကြယ်တာရာများကို ငေးမောကြည့် နေခဲ့ကြလေသည်။
“ခုလို အချိန်လေးမှာ လှပတဲ့ ဇနီးလောင်းလေးနဲ့ သာယာတဲ့ အချိန်လေးကို ဖြတ်ကျော်နေရတာ ဘယ်လောက် ကောင်းလိုက်လဲ... ကြယ်တာရာတွေရဲ့ အံ့မခန်း ရှုခင်းတွေ၊ သောက်စရာ ဝိုင်ကောင်းတွေ၊ နောက်ပြီး အရသာ ရှိတဲ့ စားစရာတွေနဲ့ ပိုတောင် ကောင်းသေးတယ်”
ဝေ့ဝူယင်က ရယ်မောလိုက်၏။ သူ အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းကာ ရင်ဘတ်ထဲ တင်းကြပ်နေသည့် လေဆိုးလေညစ် အားလုံးကို မှုတ်ထုတ် ပစ်လိုက်သည်။ မိန်းမလှလေး တစ်ဦးနှင့် လှပသည့် ကြယ်တာရာများ ရှိနေစဉ်တွင် သူ ကြုံတွေ့နေရသည့် ပြဿနာများ အားလုံးက ပျောက်ကွယ်သွားသကဲ့သို့ပင်။
ရွှယ်ရီဖေး၏ မျက်လုံးများမှာလည်း တောက်ပလာ၏။ သူမက ဝေ့ဝူယင်ကို ပိုမို တင်းကြပ်စွာ ပွေ့ဖက်လိုက်ရင်း ထိုအခိုက်အတန့်ကို အတူတကွ ခံစားလိုက်သည်။ သို့သော်လည်း သူမ၏ နှလုံးသား အတွင်းတွင်တော့ ဝေ့ဝူယင် သူမနှင့် အတူ လွတ်လပ်စွာ အနားယူ နေရသည့် ရည်ရွယ်ချက်ကို သဘောပေါက် သွားခဲ့ပြီ ဖြစ်သည်။ နောက်ထပ် ကာလများမှာ လူငယ် အတွက် မခန့်မှန်းနိုင်အောင် အလုပ်များတော့မည် ဖြစ်သည်။ ယခုလို အချိန်အခါမျိုးကို ကာလတို အတွင်း ပြန်လည် ရရှိဖို့ လွယ်ကူတော့မည် မဟုတ်ပါချေ။
....
"ဘာဖြစ်သွားတာလဲ..."
စန်းယွန်းလီက ပင်ပန်း နွမ်းနယ်စွာဖြင့် ရေရွတ်လိုက်၏။ အလင်းတန်းများ ကြားတွင် အချိန်အတော်ကြာ ရှိခဲ့သဖြင့် ပတ်ဝန်းကျင် အသစ်နှင့် အသားကျဖို့ သူမ အတွက် မလွယ်ကူလှပါချေ။
“ဟမ်... စန်းယွန်းလီ...”
ရင်းနှီးသည့် အသံတစ်ခု သူမ၏ နားအတွင်း တိုးဝင်လာခဲ့၏။
"မင်း အဆင်ပြေရဲ့လား... ခဏလေး... ငါတို့ ဘယ်ရောက်နေတာလဲ"
"အခြား အဖွဲ့တစ်ဖွဲ့ ရောက်လာပြီ..."
ရုတ်တရက် ခွန်အားတို့နှင့် ပြည့်နှက်နေသည့် အသံ တစ်ခုမှာ မိုးခြိမ်းသံ ကဲ့သို့ ပဲ့တင်ထပ်လာ၏။
"သူ အဆင်ပြေပါတယ်... ကြယ်တာရာ ရွှေ့ပြောင်းခြင်း အလင်းတန်းနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ခဏလောက် အချိန်ပေးလိုက်ပါ"
စန်းယွန်းလီ နားမလည်နိုင်အောင် ဖြစ်နေစဉ်မှာပင် သူမ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်သည့် အသံတစ်ခုကို ကြားလိုက်ရသည်။
"ထျန်း... ထျန်းရီဝူလား..."
"ဂေ့... ဂစ်..."
အော့အန်သံ တစ်ခုနှင့် အတူ အက်ဆစ်ဓာတ်ပါသော လေမှာ ဆန်းယုန်လီ၏ အာရုံများထဲသို့ တိုးဝင် လာခဲ့ပြန်သည်။ ရုတ်တရက် သူမ အန်ချင်စိတ် ဖြစ်ပေါ်လာ၏။ သူမ နောက်ဆုံး မှတ်မိသည့် အရာက ခွဲခြားရခက်ခဲ့သည့် အချိန် အတိုင်းအတာ တစ်ခု အထိ ကြာအောင် သက်တံရောင်ကဲ့သို့သော အလင်းများ၏ ဝန်းရံခံနေရခြင်း ဖြစ်သည်။ ၎င်းတို့က သဘာဝအတိုင်း ဖြစ်သည်ဟု ယုံကြည်သောကြောင့် သူမ မခုခံခဲ့ပေ။
"မင်းတို့ အားလုံး အဆင်ပြေပါတယ်... မင်းတို့ရဲ့ အာကာသ စွမ်းအားကို လှည့်ပတ်လိုက်ရင် အကျိုးသက်ရောက်မှုတွေ လျော့နည်းသွားလိမ့်မယ်"
ထျန်းရီဝူ၏ အသံက လူများစွာကို ညွှန်ကြားရင်း တစ်ဖန် ပဲ့တင်ထပ် ထွက်ပေါ်လာခဲ့ပြန်သည်။
"..."
တစ်ခဏ ကြာပြီးနောက် စန်းယွန်းလီ ဟန်ချက် ညီမှုကို ရရှိလာကာ အမြင်အာရုံကိုလည်း ပြန်လည် ထိန်းချုပ် လာနိုင်ခဲ့သည်။ ထို့နောက် ရင်းနှီးသည့် မျက်နှာများကို မြင်တွေ့လိုက်ရ၏။
“အုပ်ချုပ်ရေးမှူး မာ့...”
ထျန်းရီဝူကတော့ သူမတို့ ရှိသည့် ဘက်ကို နောက်ကျောပေးထားကာ ထျန်းကျန်းဟန်၏ ကျောထက်၌ လက်ဖဝါးကို ခိုင်မြဲစွာတင်ရင်း အာကာသ စွမ်းအားများ သွင်းပေးနေသည်ကို တွေ့မြင်လိုက်ရသည်။
"ထျန်းရီဝူ... ကျွန်မတို့ ဘယ်ရောက်နေတာလဲ"
သူမက မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ ထို့နောက် သူမ ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်ဖို့ ကြိုးပမ်းလိုက်သည်။
"နောက်ပြီး ဆွဲငင်အားက ဘာလို့ ဒီလောက် ပြင်းထန်နေရတာလဲ"
ထျန်းရီဝူက ထျန်းကျန်းဟန်၏ ကျောပြင်ကို တစ်ချက် ပုတ်လိုက်ရင်း အနည်းငယ် အပြစ်ရှိသော အပြုံးဖြင့် စန်းယွန်းလီဘက်သို့ လှည့်လိုက်သည်။
"ငါတို့..."
သူ စကားပြောတော့မည့်အချိန်တွင် အခြားတစ်ဦးက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်လေသည်။
"စစ်မြေပြင်ကနေ ကြိုဆိုပါတယ် လူငယ်လေးတွေ... ခွေးဘီလူးကြီးတွေနဲ့ အမြီးပါတဲ့ ခွေးသူတောင်းစားတွေကို သတ်ဖို့ အဆင်သင့် ဖြစ်ပြီလား"
***