တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်းအစီအရင်နှင့် ထောင်ချောက်
Vol. 1 Ch. 114
စုလောရွှယ်သည် ကျန်းရီ၏ နောက်ကျောကို ကြည့်နေရင်း စိတ်များရှုပ်ထွေး လာရသည်။ သူတို့နှစ်ယောက်သည် ကိစ္စ အများကြီးကို အတူဖြတ်သန်း ခဲ့ကြပြီး ဖြစ်သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးသည် ဆရာတပည့် ဆက်ဆံရေးလည်း မဟုတ်သလို ... မိတ်ဆွေ ဆက်ဆံရေးလည်း မဟုတ်ပေ။ သွေးသား တော်စပ်ခြင်းလည်း မရှိသည့်အပြင် ချစ်သူများလည်း မဟုတ်ကြပေ။
ကျောင်းအုပ်ချီသည် စုလောရွှယ် ဂူသင်္ချိုင်း အတွင်း စွန့်စွန့်စားစား မဝင်ရောက်ရန် အကြိမ်ကြိမ် တားမြစ်ခဲ့သည်။ သို့သော် သူမသည် ကျန်းရီကို စိုးရိမ်နေပေသည်။ သူမသာ လိုက်ဝင်လာလျှင် ကျန်းရီ သေချာပေါက် သေလိမ့်မည် ဖြစ်သည်။ သူသည် သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကို ထုတ်လွှင့်လိုက် သည်နှင့် သူမ၏ လျှို့ဝှက် ကျင့်စဉ်ကို မသုံးမချင်း ရပ်တန့်လိမ့်မည် မဟုတ်ပေ။ သူသည် သတ်ဖြတ်နေရင်း မောပန်းလွန်း၍ သေသွားနိုင်ပေသည်။
ကျန်းရီ နောက်လိုက်လာလျှင် သူမ၏ အသက်ကိုပါ ထိခိုက်လာနိုင်ကြောင်း သူမ သေချာသိထားပါသည်။ သို့သော် သူမသည် ဘဝ တစ်လျှောက်လုံး နောင်တများနှင့် ဖြတ်သန်း မသွားချင်ပေ။ သူမ ငယ်စဉ်ကတည်းက သူမ၏ စိတ်ဆန္ဒ အလျောက်သာ ပြုမူသင့်သည်ဟု တွေးခဲ့သည်။ မှားသည် မှန်သည်က ကိစ္စမရှိပေ။ သူမ လုပ်ချင်လာလျှင် လုပ်မည်ဖြစ်သည်။
ကျန်းရီသည် သူမကို အရှုံးပေးလိုက် ရသည်။ သူသည် သူမ၏ နူးညံ့သော မျက်နှာလေးကို ကြည့်လိုက်ရင်း သက်ပြင်းချလိုက်သည်။
"စုလောရွှယ် ... ငါတို့ ဒီတစ်ခေါက် မသေဘူး ဆိုရင် ငါကျန်းရီ မင်းအပေါ် အသက်တစ်ချောင်း အကြွေးတင်သွားပြီ ... သွားကြတာပေါ့"
သူ၏ စကားဆုံးသည်နှင့် ကျန်းရီသည် လျင်မြန်စွာ ရှေ့ဆက်သွားလေသည်။ သူသည် မြေ အနေအထားကို သေသေချာချာ အကဲခတ်၍ ထွက်ပြေးရန် လမ်းတစ်ခု ရှာထားလိုက်သည်။ စုလောရွှယ်ပါ ရှိနေရာ သူ့တွင် တာဝန်ပို ကြီးသွားပြီဖြစ်သည်။ သူသည် ဤဆရာမ လှလှနှင့်အတူ အသက်ရှင်နိုင်ရန် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။
"ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက ဘယ်နေရာမှာလဲ"
တစ်နာရီမျှ ကြာအောင် ခရီးဆက်ပြီး သော်လည်း ကျန်းရီသည် ဘာမှ မတွေ့သေးပေ။ ပတ်ဝန်းကျင်တွင် အပင်များသာ ရှိနေပြီး သက်ရှိတစ်ကောင် တစ်မြီးမှတောင် မတွေ့ရပေ။
စုလောရွှယ်သည် မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ ပြန်ပြောလိုက်သည်။
"မင်းက ငါ့ကို မေးတော့ ငါက ဘယ်သူ့ကို သွားမေးရမှာလဲ ... ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းက နှစ်ငါးဆယ်ကြာမှ တစ်ခါဖွင့်တာ ... ငါက အသက်ငါးဆယ်လောက် ရှိတဲ့ပုံ ပေါ်နေလား"
"..."
ကျန်းရီသည် လုံးဝ ဆွံ့အသွားရသည်။ သူသည် စုလောရွှယ်ကို ကြောင်တောင်တောင်နှင့် လှည့်ကြည့်ကာ မေးလိုက်သည်။
"ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို မလာခင် ဘာမှစုံစမ်း မထားခဲ့ဘူးလား"
စုလောရွှယ်သည် နှုတ်ခမ်းတစ်ချက် မဲ့လိုက်သည်။ အလှလေးသည် အလှလေးသာ ဖြစ်သည်။ နှုတ်ခမ်းတစ်ချက် မဲ့လိုက်သည် ကပင် ကျက်သရေရှိ လှပနေဆဲပင်။ သူမသည် ရှက်ရွံ့စွာ ပြောလာခဲ့သည်။
"အစက ငါမှ ဝင်ဖို့ လုပ်မထားခဲ့တာ ..."
"ကျွန်တော် မမေးခဲ့ဘူး လို့ပဲ သဘော ထားလိုက်ပါ ..."
ကျန်းရီသည် ရှေ့သို့သာ ဆက်သွားလိုက်သည်။ ချမ်ဝမ်ကွမ် ပေးလိုက်သော အချက်အလက် များသည် နည်းလွန်းပေသည်။ သူသည် ဂူသင်္ချိုင်း အတွင်းတွင် ကွင်းပြင်ကျယ်ကြီး ရှိ၍ ကောင်းကင် ဧကရာဇ်၏ ဂူအစစ်သည် ကွင်းပြင်တွင် တည်ရှိကြောင်းသာ ပြောပြထားခဲ့သည်။ အချိန်ကျလာသည်နှင့် ကောင်းကင်ဧကရာဇ်၏ ဂူသည် အလိုအလျောက် ပေါ်ပေါက်လာမည် ဖြစ်ပြီး ရတနာများကို ဂူသင်္ချိုင်း အနှံ့ ပစ်ထုတ်ပေးမည် ဖြစ်သည်။ ရတနာများကို ရသည် မရသည်ကား ကံတရား ပေါ်တွင်သာ မူတည်ပေသည်။ ပြဿနာသည်ကား ကောင်းကင် ဧကရာဇ်၏ အထိမ်းအမှတ် အုတ်ဂူသည် ဘယ်နေရာတွင် ရှိသည်ဟူသော သတင်းလုံးဝ မရှိခြင်းပင်။ ဤကွင်းပြင်ကျယ်ကြီး ၏ မြေပုံလည်း မရှိပေ။
"နေဦး"
သူတို့ သွားနေစဉ်တွင် ကျန်းရီသည် ရုတ်တရက် ရပ်တန့်လိုက်သည်။ သူ့နောက်ရှိ စုလောရွှယ်သည် သူ့ကို ဝင်တိုက် လုနီးပါးပင်။ သူမသည် အရှေ့ကို လှမ်းကြည့် လိုက်သော်လည်း သံသယ ဖြစ်စရာ တစ်ခုမှ မတွေ့ရပေ။
"ဘာဖြစ်လို့လဲ"
"ရှေ့မှာ သံသယ ဖြစ်စရာ တစ်ခုရှိတယ် ... အဲဒါက တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ပေးတဲ့ နေရာလား ... ထောင်ချောက်လား မပြောတတ်ဘူး"
ကျန်းရီသာ် အလေးအနက်ပြော လိုက်သော်လည်း စုလောရွှယ်သည် ဘာကိုမှ မမြင်မိပေ။ သူရှင်းရှင်းလင်းလင်း မြင်နေရခြင်းမှာ အနက်ရောင် အတွင်းအားကို အသုံးပြု ထားခြင်းကြောင့် ဖြစ်သည်။ ရှေ့တွင် တစ်ခုခု ထူးခြားနေပြီး လေထုကပင် ပုံမှန်မဟုတ်ပေ။ အနီးသို့သွား၍ စူးစမ်းမကြည့်ဘဲ ၎င်းကို သတိထားမိမည် မဟုတ်ပေ။
"ဝှစ်"
သူသည် ကျောက်တုံးတစ်ခုကို ကောက်ကာ ထိုနေရာသို့ လှမ်း၍ ပစ်လိုက်သည်။ ထိုနေရာသည် အဖြူရောင် တစ်ချက် လက်သွားကာ ကျောက်တုံးသည် ခြေရာလက်ရာ မရှိ ပျောက်သွားခဲ့သည်။
"တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်တဲ့ နေရာ"
စုလောရွှယ်၏ မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။ သူမသည် ကျန်းရီကို လေးစားသလို ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်းဘယ်လို သိတာလဲ"
"ခန့်မှန်း ကြည့်လိုက်တာပါ"
ကျန်းရီသည် ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး အမြင့်ဆုံးသစ်ပင်၏ ထိပ်ဖျားဆီသို့ ခုန်တက်သွားလိုက်သည်။ သူသည် ကံတရား၏ ဓားစိမ်းကို မြှောက်ကာ သစ်ပင်၏ ပင်စည်ကို ခုတ်လိုက်လေသည်။ ထို့နောက် သူသာ မျောက်တစ်ကောင်ကဲ့သို့ ခုန်ချလာခဲ့သည်။
စုလောရွှယ် သိချင်လာ၍ မေးလိုက်သည်။
"မင်း ဘာလုပ်နေတာလဲ"
"အမှတ်အသား လုပ်နေတာ ... ရန်သူတွေ ကျွန်တော်တို့ နောက်ကို လိုက်လာရင် ဒီလမ်းကနေ ပြေးလို့ရတယ်"
ကျန်းရီသည် ရှင်းပြလိုက်ပြီး စုလောရွှယ်ကို ရှောင်၍ ရှေ့သို့သွားကာ ခရီးဆက်ခဲ့သည်။ လမ်းတစ်လျှောက်တွင် သူတို့ နှစ်ယောက်သည် သံသယ ဖြစ်စရာ နေရာများစွာကို တွေ့ခဲ့သည်။ အများစုသည် တည်နေရာ ရွှေ့ပြောင်းပို့ဆောင်သော နေရာများ ဖြစ်ပြီး အနည်းငယ်သည် ထောင်ချောက်များ ဖြစ်ပေသည်။ ကျန်းရီသည် ထောင်ချောက်များထံ ကျောက်ခဲဖြင့် ပစ်လိုက်မိလျှင် ၎င်းသည် ချက်ချင်း အမှုန့် ဖြစ်သွားလေသည်။ ထောင်ချောက်များသည် ထိလိုက်မိလျှင် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ လူသည်တောင် ပျောက်ကွယ် သွားနိုင်ပေသည်။
"တစ်ယောက်ယောက် လာနေတယ်"
ကျန်းရီသည် သွားနေရင်းမှ ရပ်လိုက်ပြန်သည်။ စုလောရွှယ်သည် ဟိုဟိုသည်သည် ကြည့်လိုက်သော်လည်း တစ်ယောက်ကိုမှ မမြင်မိပေ။ ကျန်းရီသည် ရှင်းပြ မနေတော့ဘဲ သူမကို ဆွဲကာ သစ်ပင်တစ်ခုထက် အမြန်ခုန်တက်၍ ပုန်းနေလိုက်သည်။
"ရှပ် ... ရှပ် ... ရှပ်"
မကြာခင်တွင် လူရှစ်ယောက်ခန့်သည် ပေါ်ထွက် လာခဲ့ပေသည်။ သူတို့သည် သတိ အနေအထားနှင့် ရှိနေကြပြီး အားလုံးသည် အစိမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ထိုလူများသည် ဂိုဏ်းတစ်ခုမှ ရတနာ ရှာဖွေကြသူများ ဖြစ်ပေလိမ့်မည်။
"ဘာလား ... ကျန်းရီ ... မင်းကနတ်လား ... လူတွေလာနေတာ ဘယ်လိုသိလဲ"
စုလောရွှယ်၏ မျက်လုံးလှလှ လေးများသည် အံ့အားသင့်မှု တို့ဖြင့် ဝိုင်းစက်နေသည်။ ကျန်းရီသည် သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမ အဆင့်သာ ရှိသေးသော်လည်း ခရမ်းရောင် နန်းတော်ရှင် အဆင့်လောက် အင်အားရှိနေပြီ ဖြစ်ကြောင်း သူမ နားလည်လိုက်သည်။ သူ့တွင် ဝှက်ဖဲတချို့လည်း ရှိရပေမည်။ သူ့တွင် လျှို့ဝှက်ချက် အမြောက်အမြား ရှိသောကြောင့်သာ ရှေးဟောင်းသမိုင်းဝင် အထိမ်းအမှတ် ခန်းမသို့ ပထမဆုံး သွားချိန်မှာပင် သတ်ဖြတ်ခြင်း ဧကရာဇ်၏ ကျောက်စာနှင့် ဆက်သွယ်မှု ရသွားခြင်း ဖြစ်ရမည်။ သို့သော် ဤမျှကပင် ဆန်းကြယ် လွန်းနေပြီ မဟုတ်ပါလား။
"ဆရာမစု ... ကျွန်တော် အသက်ရှင်ရတာကို မငြီးငွေ့ သေးပါဘူး ... ကျွန်တော့်မှာ ဝှက်ဖဲ မရှိဘဲ ဘယ်လိုလုပ်ပြီး ဒီအထဲကို သေဖို့ ဝင်လာရမှာလဲ"
ကျန်းရီသည် နက်နဲစွာ ပြုံးလိုက်ပြီး သစ်ပင်ထက်မှ ခုန်ဆင်းလိုက်သည်။ သူ၏ အနက်ရောင် အတွင်းအားသည် သူ၏ ဝှက်ဖဲ ဖြစ်သည်။ သူ၏ အနက်ရောင် အတွင်းအားကြောင့်သာ သူ့တွင် အသက်ရှင်ရန် ယုံကြည်ချက် ရှိနေခြင်းဖြစ်သည်။
ကန့်သတ်ချက်ကြောင့် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် အထိသာ ဂူသင်္ချိုင်းအတွင်း ဝင်ခွင့်ရှိပေသည်။ သူ၏ အကြားအာရုံဖြင့် ဆိုလျှင် ထိုသူများကို အသာလေးပင် ကြားနိုင်သည်။ ထို့ကြောင့် သူသည် ထိုလူများကို အလွယ်တကူ ရှောင်ရှားနိုင်ပေသည်။
ဒီကောင်လေးက ဘယ်နေရာ ကများလဲ ... သူက ထူးခြားတဲ့ မျိုးဆက် တစ်ခုခုက များလား။
စုလောရွှယ်သည် ကျန်းရီ၏ အဆင့်အတန်း အမှန်ကို မသိသော်လည်း သူသည် ထူးခြားသော အဆင့်အတန်း တစ်ခု ရှိမည် ဖြစ်ကြောင်းကို သူတို့ ကောင်းကင် တောင်ပံမြို့တွင် တွေ့ချိန်တည်းက အကြမ်းဖျင်း ခန့်မှန်းမိသည်။ သို့သော် သူမသည် လျှို့ဝှက်ချက် များကို မစုံစမ်းချင်၍ အတွင်းကျကျ အချက်အလက် များကို မသိခြင်းပေ။ ယခုအချိန် တွင်တော့ သူမသည် ကျန်းရီ၏ အကြောင်းကို အတော်လေး သိချင်နေပြီ ဖြစ်သည်။
သူတို့နှစ်ယောက်သည် ဆက်လက် ခရီးဆက် ခဲ့ကြသည်။ သို့သော် မကြာခင်တွင် ကျန်းရီသည် စက်ဝိုင်းပုံ လှည့်ပတ်၍သာ လျှောက်နေခဲ့သည်။ သူသည် ရှေ့ဆက်၍ မသွားဘဲ လက်ရှိနေရာ တွင်သာ ထပ်ခါထပ်ခါ သွားလာနေခဲ့သည်။ စုလောရွှယ်သည် သူ့နောက်မှ လိုက်၍သာ နေရင်း နောက်ဆုံးတွင် မနေနိုင်တော့၍ မေးလိုက်ရသည်။
"မင်းဘာလုပ် နေတာလဲ ... ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူကို မရှာတော့ဘူးလား ..."
"အဲဒါကို မရှာပါဘူး"
ကျန်းရီသည် ခေါင်းယမ်းလိုက်ပြီး ခပ်တိုးတိုး ပြောလာခဲ့သည်။
"အဲဒီ ထူးဆန်းတဲ့ နေရာကို ရှာတွေ့ဖို့ လချီပြီး ကြာမယ်လို့ ကျွန်တော်ထင်တယ် ... ဘာမှမသိဘဲ ရမ်းသမ်းပြီး ရှာနေမယ့်အစား ဘာလို့ အခွင့်အရေးကို မစောင့်ဘဲ နေမှာလဲ ... ကျွန်တော်ထင်တာ မမှားရင် အဲအုတ်ဂူက အချိန်တန်ရင် သူ့အလိုလို ပေါ်လာမှာ မဟုတ်ဘူးလား"
စုလောရွှယ်သည် သဘောပေါက် သွားခဲ့သည်။ သူမသည် ကျန်းရီကို ထူးထူးဆန်းဆန်း ယုံကြည် နေလေသည်။ သူတို့နှစ်ယောက်သည် ဆက်လက်၍သာ သွားလာနေကြပြီး သစ်ပင်ကြီးကြီး တစ်ခုကို ရှာတွေ့ သွားလေသည်။ နှစ်ယောက်သားသည် သစ်ပင်ပေါ် တက်လိုက်ကြပြီး ရေများသောက်ကာ ရိက္ခာခြောက် များကို ထုတ်စား လိုက်ကြသည်။
"ကျွီ"
ရုတ်တရက် အသံပါးပါး တစ်ခုသည် ထွက်ပေါ်လာခဲ့ရာ နှစ်ယောက်လုံးသည် အံ့အားသင့် သွားရလေသည်။ ကျန်းရီသည် မော့ကြည့်လိုက်ပြီး အလန့်တကြား ပြောလိုက်သည်။
"ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူက ပေါ်ထွက်လာပြီ"
"ဟမ် ..."
စုလောရွှယ် သည်လည်း ကောင်းကင်ကို ကြည့်လိုက်ရာ မျက်လုံးများသည် ဝိုင်းစက် သွားခဲ့လေသည်။ မူလက အုံ့မှိုင်းမှိုင်း ဖြစ်နေသော ကောင်းကင်ယံသည် ရွှေရောင် အလင်းများဖြင့် တောက်ပ နေလေသည်။ ကောင်းကင်ယံတွင် စေတီတစ်ဆူသည် ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။ မြင်ကွင်းသည် လူများ၏ စိတ်ဝိညာဉ် များကိုပင် တုန်လှုပ်သွား စေလေသည်။
ရွှေရောင်စေတီသည် ပေတစ်ရာ ခန့်မြင့်မား၍ ပေတစ်ရာခန့် ဗြက်အကျယ် ရှိလေသည်။ ၎င်းသည် လေထဲတွင် မျောလွင့် နေသည်မှာ နတ်ဘုရား၏ လက်ချောင်းများက ပင့်မ ထားသည့်နှယ် ... စေတီသည် ရွှေရောင် အလင်းတန်းများ ထုတ်လွှင့် နေရာ၏ အောက်ခြေတွင် ရုတ်တရက် တံခါးငယ် ရှစ်ခု ပေါ်လာခဲ့လေသည်။ တံခါး တစ်ခုစီသည် ပစ္စည်း အများအပြားကို အရပ်မျက်နှာ အနှံ့အပြားသို့ ပစ်လွှင့် ပေးလေသည်။ လေထုအလယ်မှာ ရွှေရောင် စေတီကြီးသည် ရုတ်တရက် ပြန်ပျောက် သွားခဲ့ပြီး ကောင်းကင်သည် မူလ အခြေအနေသို့ ပြန်ရောက် သွားခဲ့သည်။
"ရတနာတွေ ... သွားကြစို့"
ကျန်းရီ၏ မျက်လုံးများသည် တောက်ပ သွားခဲ့သည်။ သူသည် မိုင်တစ်ရာ အတွင်းသို့ ပစ္စည်းလေးခု ကျသွားကြောင်း သေချာ မြင်လိုက်ရသည်။ ဤနေရာတွင် လူအများကြီးလည်း ရှိမနေပေ။ သူ၏ တာဝန်ပြီးရင် သူသည် ရတနာ သုံးခုသာ လိုအပ်လေသည်။ သူကံကောင်းလျှင် ဤတစ်ခေါက်တည်းနှင့် တာဝန်ပြီးစီး သွားနိုင်ပေသည်။
"ကျန်းရီ ... မင်းရဲ့ ကံက မဆိုးပါဘူး"
စုလောရွှယ်သည် သစ်ပင်ထက်မှ ပေါ့ပါးစွာ ခုန်ဆင်းလာခဲ့သည်။ သူတို့သာ ယခု တာဝန်ပြီးစီး သွားပါလျှင် နေရာ တစ်နေရာ ရှာပြီး ပုန်းနေရန်သာ လိုတော့သည်။ နှစ်ပတ်ကြာ ပြီးသည်နှင့် သူတို့သည် အပြင်သို့ အလိုအလျောက် ပို့ဆောင်ခြင်း ခံရလိမ့်မည် ဖြစ်သည်။
"သေစမ်း"
ရတနာများ ကျဆင်းသွားသော ဘက်သို့ ပြေးနေသော ကျန်းရီသည် ရုတ်တရက် ပြန်လှည့်လာကာ ဆန့်ကျင်ဘက်သို့ ပြေးလိုက်လေသည်။ သူသည် ပြေးလာရင်း အော်ဟစ်လိုက်သည်။
"မြန်မြန်ပြေးတော့ ... ရှေ့မှာ လူတွေ အများကြီးပဲ ... အနည်းဆုံးတစ်ရာ လောက်ရှိမယ် ... ပြီးတော့ သူတို့က ကျန်းရိလျှိုရဲ့ လူတွေ ဖြစ်နိုင်တယ်"
***