← Chapters

လွတ်မြောက်လာသူ

Vol. 125 Ch. 1748

လွတ်မြောက်လာသူ

Vol. 125 Ch. 1748

အစစ်အမှန် မွေးဖွားခြင်း ကြယ်တာရာ နယ်မြေ၊ တွယ်ရာမဲ့ နှလုံးသားဂိုဏ်း...

“ဆိုတော့ စနေပြီပေါ့လေ... အဆုံးမဲ့ ခရီးသွား နယ်မြေ ဆင်းသက်လာတာက ကြယ်ကွင်းပြင်ဖျက် ကပ်ဘေးရဲ့ နိဒါန်းလား... ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်လဲ... သတ္တဝါလေး... မင်း ဒါတွေအားလုံးကို ဘယ်လို ကိုင်တွယ်မလဲ"

ခရမ်းရောင် ဝတ်ရုံဝတ်ထားသော အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်မှာ သူ၏ ဘဲဥပုံ မှန်မှတစ်ဆင့် ဖြစ်ရပ်များ အားလုံးကို အေးဆေးစွာ စောင့်ကြည့်ရင်း မှတ်ချက်ပေးလိုက်သည်။

ကျူးကျော်စစ် တိုက်ပွဲများမှာ မဟာစက်ဝန်း ကြယ်ကွင်းပြင် နေရာအနှံ့ စတင်နေပြီ ဖြစ်ကာ အတော်လေး ပြင်းထန်လှသည်။ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ အဖိုးတန် အရင်းအမြစ်များမှာ အလွန် များပြားလှကာ ၎င်းတို့ကို လျစ်လျူရှုရန် မဖြစ်နိုင်ပါချေ။

ဥပမာအားဖြင့် သက်တံ လောက ကြယ်တာရာ နယ်မြေ၏ အစစ်အမှန် ရောင်ခြည်ကြယ်...။

အဆုံးမဲ့ ကောင်းကင် နတ်ဘုရား အင်ပါယာနှင့် သဘောတူညီချက်ကြောင့် ရှကျားမှာ ထိုသို့ အဖိုးတန် ရတနာကို စိတ်ပူစရာမလိုဘဲ နှစ်ပေါင်းများစွာ ကြာအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော်လည်း ၎င်းမှာ ကောင်းကင် ရှန့်ထို အဆင့်ကို ဝင်ရောက်ရန် ရည်မှန်းချက် ထားရှိသည့် လောကရှန့်ထိုများပင် စစ်ပွဲဆင်နွှဲရလောက်အောင် အလွန်တန်ဖိုးရှိသည်။

နောက်ထပ် ဥပမာ တစ်ခု ပေးရပါက ဒဏ္ဍာရီလာ သားရဲများ၏ အကြွင်းအကျန်များ ပါဝင်သော ထန်မျိုးနွယ်၏ ဗာမီလီယန် သင်္ချိုင်း...။

သို့မဟုတ် အာရုဏ်ဦး အာဏာရှင် အင်ပါယာ လောကနယ်မြေ အဆင့် ကပ်ဘေးကို ဖြတ်ကျော်ပြီးနောက် ပြန်လည် ထူထောင်ထားခဲ့သည့် မူလအာရုဏ်ဦးဂြိုဟ်...။

တစ်ချက်ကြည့်လိုက်ရုံဖြင့် မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း၌ အဖိုးမဖြတ်နိုင်သည့် အရာများစွာ ရှိသည်။ ကျူးကျော်သူများ လောဘတက်ခြင်းမှာ အလွယ်တကူ ခန့်မှန်းနိုင်သည့် ကိစ္စတစ်ခု ဖြစ်ပေသည်။

"လောကရှန့်ထိုတွေ ဘယ်မှာလဲ... လျူယင်လန်းက ထိန်းချုပ်ထားမယ့် လူစားမျိုး မဟုတ်ဘူး... ထျန်းတိုက်ကျုံးတော့ ဒုက္ခရောက်တော့မယ် ထင်တယ်...”

အဆုံးမဲ့ ခရီးသွား နယ်မြေမှ လောကရှန့်ထိုများကို ယခုတိုင် ရှာမတွေ့သေးလေရာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်က အာရုံပျံ့လွင့်စွာ ရေရွတ်လိုက်သည်။ ထိုအခိုက်တွင်ပင် ပုံရိပ် တစ်ခုမှာ ဘဲဥပုံ မှန်ပေါ်တွင် ပေါ်လာခဲ့သည်။

ခရမ်းရောင်ဝတ်ရုံဝတ်မှာ ခေါင်းကို မော့ကြည့်လိုက်ကာ ကောင်းကင် နတ်ဘုရား တစ်ပါးလို ဘုန်းတန်ခိုး အာနုဘော်ရှိသော မျက်နှာကို မြင်လိုက်ရသော အခိုက်၌ မျက်လုံးများ ကျဉ်းမြောင်း သွားခဲ့လေ၏။

“သူ... သူ... ဘယ်လိုလုပ်ပြီး လွတ်နေတာလဲ”

ခရမ်းရောင် ဝတ်စုံဝတ်မှာ မှန်နားဆီသို့ ခပ်မြန်မြန် တိုးကပ် သွားခဲ့၏။ ထို့နောက် လက်များကို ဆန့်ထုတ်ရင်း မှန် မျက်နှာပြင်ပေါ်သို့ ဖိချလိုက်သည်။ ထိုအခါ သူ၏ လက်များမှာ နို့နှစ်ရောင်လို ဖွေးဥနေကာ လက်သည်းနီ ဆိုးထားသည့် နူးညံ့သိမ်မွေ့သော မိန်းကလေးလက်များ ဖြစ်ကြောင်း ပေါ်လွင်လာခဲ့သည်။

ရုတ်တရက် ထျန်းတိုက်ကျုံး၏ အကြည့်က ပြောင်းလဲ သွားကာ မှန်မှာလည်း ချို့ယွင်း သွားခဲ့၏။ ၎င်းက လုံးဝ မှောင်မိုက်သွားကာ အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်၏ ပုံရိပ်ကို ပြန်လည် ရောင်ပြန်ဟပ် လာခဲ့သည်။

ထူထဲသည့် မျက်ခုံးများ၊ ခပ်ပါးပါး နှုတ်ခမ်းများနှင့် ပျမ်းမျှ ရုပ်ရည်ရှိသည့် မိန်းကလေး တစ်ဦး...

သူမက အလွန်အမင်း တုန်လှုပ်ချောက်ချားပြီး အံ့အားသင့်နေပုံရလေသည်။

"ပြဿနာပဲ..."

...

"မင်း..."

မကျေနပ်မှု၊ အရှက်ရမှု၊ စိတ်ပျက်အားငယ်မှု၊ အကူအညီမဲ့မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် ပြည့်နှက်နေသည့် ဒေါသတကြီး အော်ဟစ်သံ တစ်ခုမှာ အမှောင် ဟင်းလင်းပြင်ကို ဖြတ်သန်း၍ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ သွေးနီရောင် လစာကြည့်တိုက်မှူး ရှီဖိန်မှ တစ်ပါး အခြား မည်သူ ဖြစ်နိုင်ပါမည်နည်း။

ခရီးသွား မျှော်စင်၏ နာမည်ကျော် မြေကြီး ရှန့်ထို အဆင့်မှာ အခြားလူ နှစ်ယောက်နှင့် အတူ နောက်ကို ဆုတ်ခွာ သွားရပြီ ဖြစ်သည်။ သူတို့က ရှီဖိန်၏ အဂ္ဂိရတ် သူရဲကောင်းများပင် ဖြစ်၏။ သူတို့၏ သံချပ်ကာများက စုတ်ပြတ်သတ်နေကာ လှပသည့် သက်တံ့ရောင်စဉ် အလင်းများ၏ ချေမှုန်းခံထားရသည်။ သွေးစီးကြောင်း အချို့မှာ သံချပ်ကာများ ကြားမှပင် စီးထွက်ကျ နေခဲ့သည်။

သို့စေကာမူ... ထိုမြေကြီး ရှန့်ထို အဆင့် နှစ်ယောက်မှာ ရှီဖိန်၏ ရှေ့နှင့် နောက်တို့တွင် တစ်ပိုင်းတစ်စ ကျိုးပဲ့နေသည့် ဓားကြီးများကို ကိုင်ဆောင်ရင်း ရပ်နေကြဆဲ ဖြစ်သည်။ သူတို့၏ အော်ရာများမှာ ရှုပ်ထွေး ပွေလီ နေသော်လည်း ပတ်ဝန်းကျင် ဧရိယာများက ပိုမိုပင် အခြေအနေ ဆိုးရွားနေသည်။ သက်တံ့လောက ကြယ်တာရာ နယ်မြေကို ဝန်းရံ တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူ အများအပြားမှာ သတိလစ် နေကြကာ အမှောင် ဟင်းလင်းပြင် အတွင်းတွင် မျောပါ နေကြ၏။ သူတို့က ကံကောင်းသူများ ဖြစ်ကြကာ အသက်နှင့် ခန္ဓာ အိုးစားကွဲ၍ ကမ္ဘာလောကမှ ပျောက်ကွယ် သွားခဲ့ရသူများလည်း ရှိနေခဲ့သည်။

သက်တံ့လောက ကြယ်တာရာ နယ်မြေကို ဝန်းရံထားသည့် သက်တံ မျက်နှာဖုံးမှာ အရောင် အမျိုးမျိုး ရှိသော အမျှင်များဖြင့် ဖုံးအုပ်နေကာ အရောင် တစ်ခုချင်းစီတိုင်းမှာ ရုပ်ပိုင်းဆိုင်ရာ လမ်းစဉ်၏ နက်ရှိုင်းသော ရည်ရွယ်ချက်ကို သရုပ်ဖော်နေပေသည်။ အဝေးတစ်နေရာတွင်တော့ ထွက်ပြေးနေသည့် လျှို့ဝှက် အလင်း ကြယ်တံခွန်များလည်း ရှိနေ၏။

နောက်ဆုံး၌ ရှီဖိန်၏ ဖိတ်ခေါ်မှုအား လာရောက် ပူးပေါင်းသူတိုင်းမှာ သက်တံ့လောက ကြယ်တာရာ နယ်မြေနှင့် အစစ်အမှန် ရောင်ခြည်ကြယ်တို့၏ ပိုင်ရှင်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းကြောင်း နားလည် သဘောပေါက် သွားကြပြီ ဖြစ်သည်။

ရှကျားမှာ သက်တံ လောက ကြယ်တာရာ နယ်မြေ၏ အကာအကွယ် အလွှာနောက်တွင် အေးဆေးစွာ ရပ်နေခဲ့သည်။ သူမ၏ လက်များက ရုပ်သေးကြိုးများကို ထိန်းချုပ် နေသကဲ့သို့ ရွေ့လျားနေကာ ထိုအထဲမှ လက်ခုနစ်ချောင်းမှာ လျှို့ဝှက် သင်္ကေတများနှင့် လင်းလက် နေခဲ့၏။ ထိုလက်ချောင်းများ ရွေ့လျား သွားသည့် အချိန်တိုင်း သက်တံ့ အလင်းရောင်များက အပြင်းအထန်ပင် တိုက်ခိုက် နေကြပေသည်။

"ချီးပဲ..."

ရှီဖိန် တစ်ယောက် အံကို တင်းတင်းကြိတ် လိုက်မိ၏။ ထိုအခိုက်တွင်ပင် သက်တံ့ အလင်း ထောင်ပေါင်းများစွာမှာ မည်သည့် မြေကြီး ရှန့်ထိုကို မဆို ထိတ်လန့် တုန်လှုပ်စေနိုင်သည့် အရှိန်ဖြင့် သူ့ထံသို့ ပစ်ခတ် ရောက်ရှိလာခဲ့သည်။

ဟူး... ဟူး...

ရှီဖိန်၏ အရှေ့ရှိ အဂ္ဂိရတ် သူရဲကောင်းက လျှို့ဝှက် အော်ရာကို ဖောက်ခွဲလိုက်ရင်း ဧရာမ ဓားကြီးအား ခုတ်ထစ်ကာ မိုးရေစက်များ အလား ဓားအလင်းတို့ကို ပစ်လွှတ် လိုက်လေသည်။

တစ်ချိန်တည်းတွင်ပင် နောက်ရှိ အဂ္ဂိရတ် သူရဲကောင်းက ဆဋ္ဌမ အဆင့် ခြေချခြင်း ရွေ့လျားမှု ကျင့်စဉ်ကို ဖော်ထုတ်ကာ ရှီဖိန်ကို ခေါ်ဆောင်၍ ထွက်ပြေးတော့သည်။ စာကြည့်တိုက်မှူး ရှီဖိန်မှာ မခုခံသော်လည်း သူ၏ မျက်လုံးများက နီမြန်းနေကာ ဒေါသ၊ မုန်းတီးမှုများနှင့် ပြည့်နှက် နေခဲ့လေ၏။

"ငါ ပြန်လာခဲ့မယ်... စိတ်ချ... ငါ ပြန်လာခဲ့မယ်..."

တစ်ချိန်တည်း၌ အရှေ့ရှိ အဂ္ဂိရတ် သူရဲကောင်းမှာ လျှို့ဝှက် အမြုတေကိုပင် လောင်ကြွမ်းခံရင်း သက်တံ့ အလင်းများကို တားဆီး ကာကွယ်နေဆဲ ဖြစ်သည်။ သူက နည်းနည်းလေးမျှ နောက်ဆုတ်ခြင်း မရှိပါချေ။

ရှကျား၏ လှပသော မျက်ခုံးများမှာ အနည်းငယ် တွန့်ချိုး သွားခဲ့သည်။ သူမက သက်တံ့ အလင်း သန်းပေါင်းများစွာကို ထပ်မံ ထုတ်လွှတ်ကာ အဂ္ဂိရတ် သူရဲကောင်းကို အလျှင်အမြန် ဖမ်းဆီးလိုက်၏။ သို့သော်လည်း... ထိုအခိုက်တွင်ပင် ရှီဖိန်မှာ အစီအရင် သက်ရောက်နိုင်သည့် အကွာအဝေးမှ ထွက်ပြေး လွတ်မြောက် သွားခဲ့ပြီ ဖြစ်သည်။

ရှကျား၏ မျက်မှောင်က ပိုမို၍ နက်ရှိုင်းလာကာ ရေခဲတမျှ အေးစက်သည့် သတ်ဖြတ်လိုသော ရည်ရွယ်ချက်က သူမ၏ မျက်ဝန်းများ အတွင်း နေရာယူလာသည်။ မိန်းကလေး၏ နုပျိုသော အမူအရာမှာ အဆုံးစွန်ထိ မှောင်မိုက် နေခဲ့ပြီ ဖြစ်သည်။ ဤကျူးကျော်လာသူ မြေကြီး ရှန့်ထိုများမှာ မယုံနိုင်လောက်အောင် အစွမ်းထက်ကြသည်။

သူမ၏ ကြယ်တာရာ နယ်မြေ အစီအရင်မှာ အစစ်အမှန် ဒြပ်စင်ဂိုဏ်း၏ နယ်မြေ ဝင်္ကပါထက်ပင် ပိုမို၍ အစွမ်းထက်သည်။ သာမန် လောကရှန့်ထိုများပင် ခေါင်းမာပါက အသက်ရှင်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း... ဤ အဂ္ဂိရတ် သူရဲကောင်းများမှာ အလွန် အစွမ်းထက်ကြသည့် အပြင် သူတို့၏ လက်နက်များနှင့် ကိရိယာများမှာလည်း ရွံစရာကောင်းလောက်အောင် အရည်အသွေးမြင့်မားပြီး အရေအတွက်အားဖြင့်လည်း များပြားလှသည်။ များပြားလှစွာသော စွမ်းအင်များကို သုံးခဲ့သော်လည်း ရှကျား ဘာကိုမျှ မရရှိခဲ့ချေ။

မိနစ်အနည်းငယ် ကြာမြင့်ပြီးနောက်.... ရှကျား သက်တံ့လောက ကြယ်တာရာ နယ်မြေ အစီအရင်ကို ပြန်လည် ရုတ်သိမ်းလိုက်သည်။ ဤသို့ဖြင့် သက်တံ့လောက ကြယ်တာရာ နယ်မြေမှာ ငြိမ်းချမ်းသည့် အခြေအနေသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ ရှကျားက တည်ငြိမ်စွာပင် အမှောင် ဟင်းလင်းပြင် တစ်နေရာကို လှမ်းကြည့်လိုက်၏။

“ကြည့်ရတာ ပျော်ရဲ့လား...”

သူမက ခပ်မာမာ လေသံဖြင့် မေးလိုက်သည်။ လက်ရှိ၌ သူမ၏ စိတ်အခြေအနေမှာ ကောင်းမွန်နေခြင်း မရှိပါချေ။

ဝှစ်...

သက်တံ မျက်နှာဖုံးနှင့် မိုင်ထောင်ပေါင်းများစွာ အကွာတွင် ပိန်သွယ်သွယ် ပုံရိပ် တစ်ခုမှာ ပုံးကွယ်နေရာမှ ပေါ်လာခဲ့လေ၏။

"နင်က အရင်ကလို သတိကြီးနေတုန်းပါပဲလား..."

ပုံရိပ်က ခရမ်းရောင် ဝတ်စုံကို ဝတ်ဆင်ထား၏။ သူ၏ မျက်နှာကိုတော့ ခေါင်းစွပ်ဖြင့် ဖုံးအုပ်ထားလေရာ သိပ်မသဲကွဲလှချေ။

ရှကျားက ခရမ်းရောင် ဝတ်ရုံဝတ် ပုံရိပ်ကို စိုက်ကြည့်လိုက်၏။

“တွယ်ရာမဲ့ နှလုံးသားဂိုဏ်းချုပ်ကိုတောင် သတိမပြုမိဘူး ဆိုရင် ငါက အရူးပဲ ဖြစ်လိမ့်မယ်”

သူမ၏ အသံက လှောင်ပြောင်မှုတို့ဖြင့် ပြည့်နှက်နေ၏။

မှန်ပေ၏။ ခရမ်းရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် ပုဂ္ဂိုလ်မှာ တွယ်ရာမဲ့ နှလုံးသားဂိုဏ်းချုပ် တစ်ဖြစ်တည်း အစစ်အမှန် မွေးဖွားခြင်း ခေါင်းဆောင်ပင် ဖြစ်လေတော့သည်။

***

All Chapters