အခန်း (၃၉၉)
Vol. 30 Ch. 399
ချန်ကျဲ့မှ ခိုင်မာစွာပြောသည်။
“ရှိပါတယ်!”
စီရင်စုအုပ်ချုပ်ရေးမှူးသည် ချီမုကောကို လှမ်းကြည့်လိုက်ရာ ချီမုကောမှ ချက်ချင်း လှုပ်ရှားသည်။
“ဒီလက်ဝါးရိုက်ချက်ကို ခံလိုက်စမ်း!”
ချန်ကျဲ့သည် အသံကြားသည်နှင့် တစ်ချက်ခုန်လိုက်ကာ သံမဏိလက်ဝါးသိုင်းဖြင့် ခုခံလိုက်သည်။
ဘုန်း!
လက်ဝါးရိုက်ချက်နှစ်ခု ထိခတ်သွားသံသည် ပဲ့တင်ထပ်သွား၏။ ထို့နောက် တဒင်္ဂတွင် ချန်ကျဲ့သည် ခြေနှစ်လှမ်းနောက်ဆုတ်သွားပြီး ချီမုကောသည် ခြေတစ်လှမ်းနောက်ဆုတ်သွားခဲ့သည်။ ချီမုကောသည် အနည်းငယ် အံ့အားသင့်သွားဟန်ဖြင့် ပြောလာ၏။
“လက်ဝါးရိုက်ချက်အင်အားက အထင်ကြီးလောက်စရာပါလား။ ဖန်းရှစ်ကျုံးရဲ့သိုင်းကို ဆယ်ပုံမှာ ကိုးပုံလောက် သေချာတတ်ကျွမ်းနေပြီပဲ”
ချန်ကျဲ့လည်း လက်သီးယှက်အရိုအသေပြုလျက် ပြောသည်။
“တပ်မှူးချီမုကော ညှာတာပေးခဲ့လို့ပါ”
ထိုအခါ စီရင်စုအုပ်ချုပ်ရေးမှူးသည် ရယ်မော၏။
“အရမ်းကောင်းတယ်၊ ဒီလိုအရည်အချင်းနဲ့ဆို ကိစ္စကြီးတွေကို ပြီးမြောက်အောင်မြင်နိုင်ပြီ”
ချန်ကျဲ့လည်း ဖျစ်ညှစ်ရယ်မောလိုက်ပါ၏။ သို့သော် မျက်နှာအမူအရာသည်တော့ မတတ်သာဘဲ ချောက်ချားမှုအရိပ်အယောင်အချို့ ထင်ဟပ်နေခဲ့ရသည်။ ချီမုကော၏အင်အားသည် အလွန်နက်နဲအားကောင်းလှသည်။ ချန်ကျဲ့မှ နဂါးနိုင်လက်ဝါးသိုင်းကို အသုံးမပြုပါက ချီမုကောကို အနိုင်ရနိုင်လိမ့်မည် မဟုတ်ပေ။ ထို့ပြင် ချီမုကောသည် တစ်ဖက်သွားဓားသိုင်းကို အထူးကျွမ်းကျင်သူဖြစ်သည်။ ဆိုလိုသည်မှာ ခုနက လက်ဝါးရိုက်ချက်သည် ချီမုကော၏ အဆုံးစွန်သောအင်အား မဟုတ်သေးပါချေ။
ချီမုကောသာ တစ်ဖက်သွားဓားသိုင်းကို အသုံးပြုတိုက်ခိုက်ပါက သူ၏အင်အားသည် နန်ပါးထျန်းနှင့် တန်းတူဖြစ်လိမ့်မည်။
မုလန်လူမျိိုးတွေရဲ့အင်အားက တကယ်ကြီးမားနက်ရှိုင်းတာပဲ။ တပ်မှူးတစ်ယောက်ရဲ့အင်အားကတောင် ဒီလောက်အတိုင်းအတာရှိတယ်။ တကယ့်ကို လျှော့တွက်လို့ မဖြစ်ချေဘူး။
ချန်ကျဲ့ ထိုအချက်ကို စိတ်တွင် သေချာမှတ်သားလိုက်သည်။ သူ၏သစ္စာစောင့်သိမှုကို ဖော်ထုတ်ပြသပြီးနောက် ချန်ကျဲ့သည် သိုင်းလောကတွင် စီရင်စုအုပ်ချုပ်ရေးမှူး၏ ကိုယ်စားပြုတစ်ဦး ဖြစ်လာခဲ့ပြီး စင်မြင့်ပေါ်သို့ တရားဝင်တက်လှမ်းလိမ့်မည်။ ထို့နောက်တွင် သူသည် မျန့်ရွှေစီရင်စု၏ ဩဇာအာဏာကြီးမားသည့် အသိုင်းအဝိုင်းအတွင်းမှ အားနည်းသည့်ပစ်မှတ်လေးမျှသော တည်ရှိမှုတစ်ခု မဟုတ်နိုင်တော့ပေ။
ဤစကားဝိုင်းမှတစ်ဆင့် ချန်ကျဲ့သည် စီရင်စုအုပ်ချုပ်ရေးမှူးအား ပဏာမနားလည်မှုလေး ရရှိနိုင်ခဲ့သည်။
စီရင်စုအုပ်ချုပ်ရေးမှူးသည် သာ့ချန်၏အရာရှိတစ်ဦးဖြစ်ပြီး ဒေသခံအရာရှိများ၏ အထက်အရာရှိတစ်ဦးဖြစ်သည်။ ၎င်းသည် ‘အထက်တန်းအရာရှိ’နှင့် အနည်းငယ် ဆင်တူသည်။
၎င်းအရာရှိများကို စီရင်စုအုပ်ချုပ်ရေးမှူး၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားအထက်အရာရှိများဟူ၍ ခွဲခြားထားသည်။
သာ့ချန်၏ အုပ်ချုပ်ရေးအပိုင်းအခြားခွဲဝေမှုပုံစံသည် စီရင်စု-ပြည်နယ်-နန်းတော်ဟူ၍ ဖြစ်သည်။
ဥပမာဆိုရသော် ဟူပေလမ်းမကြီးနှင့် ဟယ့်နန်လမ်းမကြီးများသည် ပြည်နယ်နှစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။
ချန်ကျဲ့ တည်ရှိနေသည့် ဤနေရာမှာ ဟူပေလမ်းမကြီး၊ ဟန်ကျိုးပြည်နယ်၊ မျန့်ရွှေစီရင်စုဖြစ်သည်။
သူ၏ရှေ့ရှိ ဤလူသည် စီရင်စုအုပ်ချုပ်ရေးမှူးဖြစ်ပြီး သာမန်နောက်ခံရှိသူ မဟုတ်ပေ။ သာမန် အထက်တန်းစားမုလန်လူမျိုးမှ မဟုတ်ဘဲ သူ၏ဘိုးဘေးများသည် အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်ကြီးများဖြစ်ကြသည်။
စီရင်စုအုပ်ချုပ်ရေးမှူး၏ မျိုးရိုးအမည်သည် ယဲ့လုဖြစ်ပြီး သူ၏ဘိုးဘေးသည် သာ့ချန်ပြည်ကြီး၏ ပထမဆုံးသော ဝန်ကြီးချုပ်ဖြစ်ပြီး သုံးကြိမ်တိုင်တိုင် ဥပဒေရေးရာအရာရှိချုပ်ကြီးဖြစ်ခဲ့သူ ယဲ့လုချူးချိုက်ဖြစ်သည်။
ယဲ့လုမိသားစုသည် အထင်ကြီးလေးစားခံရသော မိသားစုကြီးတစ်ခုဖြစ်ပြီး နှစ်တစ်ရာနီးပါး ထွန်းတောက်ခဲ့သည်။ လတ်တလောဆယ်စုနှစ်တွင်မှ နန်းတော်၏ ရိုးရှင်းလှသော အကြောင်းပြချက်လေးဖြင့် အရေးပေးမှုကို ရုတ်သိမ်းသွားခဲ့လေသည်။
အကြောင်းအရင်းမှ ယဲ့လုမျိုးနွယ်သည် မုလန်လူမျိုးများအား ဟန့်လူမျိုးများ၏ ယဉ်ကျေးမှုကို မွေးစားကျင့်သုံးရန် ထောက်ခံခဲ့ခြင်းကြောင့်ဖြစ်သည်။ ၎င်းထောက်ခံမှုသည် ယဉ်ကျေးမှုဝါဒပြုခြင်းအဖြစ် သတ်မှတ်ခံခဲ့ရသည်။
ထိုသို့ထောက်ခံမှုသည် ဘိုးဘေးဧကရာဇ်ကြီးဟူးပိလဲ့၏ခေတ်တွင် အလွန်အရေးပါသည့်အရာဖြစ်ခဲ့ပြီး မိုးကောင်းကင်တစ်ခွင်အောက်ရှိ နယ်မြေအားလုံးကို သိမ်းပိုက်အုပ်ချုပ်နိုင်ရန် အကူအညီဖြစ်ခဲ့သည်။
သို့သော် အချိန်သည် ပြောင်းလဲသွားခဲ့ပြီဖြစ်ပြီး လက်ရှိခေတ်၏ မုလန်လူမျိုးများသည် အင်အားအာဏာကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်ထားကြကာ ဟန့်လူမျိုးများ၏ ထောက်ခံအားပေးမှုကို မလိုအပ်တော့ပေ။ ထို့ပြင် နယ်မြေနှင့် ကျွန် မလုံလောက်မှုများကြောင့် တောင်ပိုင်းဒေသကို သိမ်းပိုက်ရန်အတွက်ပင် မျက်စိကျလာကြကာ တောင်ပိုင်းဒေသသို့ နယ်မြေချဲ့ထွင်ခြင်းနှင့် တောင်ပိုင်းဒေသအား မြောက်ပိုင်းဒေသပြုခြင်းဟူသည့် ဥပဒေများကို အကောင်အထည်ဖော်လာကြသည်။
ဤသို့ ထူးခြားပြောင်းလဲလာသည့် နိုင်ငံရေးအခြေအနေများတွင် ယဉ်ကျေးမှုဝါဒပြုခြင်းကို ဖန်တီးခဲ့ဖူးသည့် ယဲ့လုမိသားစုသည် အပြင်လူကိုနှစ်ခြိုက်သူအဖြစ် ရှုမြင်ခံကြရကာ မြို့တော်အရာရှိများထဲမှ တိုက်ရိုက်ဖယ်ကြဉ်ခံလိုက်ရတော့သည်။
မိသားစု၏ တိုက်ရိုက်မျိုးဆက်များမှအပ အနည်းငယ် သွေးဝေးသော မိသားစုများသည် လက်ရှိမျန့်ရွှေစီရင်စုအုပ်ချုပ်ရေးမှူး ယဲ့လုဖုန်းကဲ့သို့ ဝေးလံခေါင်သီသည့် ဒေသများသို့ အငယ်တန်းအရာရှိအဖြစ် တာဝန်ထမ်းဆောင်ရန် စေလွှတ်ခြင်းခံကြရသည်။
ဤသခင်ကြီးယဲ့လုဖုန်းသည် အမှန်တကယ်ပင် ယဉ်ကျေးမှုဝါဒပြု၍ ကျင့်သုံးနေထိုင်နေခဲ့ပါ၏။ အထက်တန်းစားမုလန်လူမျိုးတစ်ဦး၏ စိတ်နှလုံးမှအပ သူ၏အပြုအမူများသည် ဟန့်လူမျိုးတစ်ဦးနှင့် အလုံးစုံတူညီပေသည်။
ထို့ပြင် ယဲ့လုဖုန်းသည် လီပိုင်ကို လေးစားနှစ်ခြိုက်ကာ ဟန့်ခေတ်နှင့် ထန်ခေတ်ပုံစံကို အထူးတလည် သဘောကျ၏။
ထို့ကြောင့် သူ၏ဝတ်စုံနှင့် အကျင့်စရိုက်တို့သည်လည်း လီပိုင်နှင့် အတော်လေး ဆင်တူသည်– ယဲ့လုဖုန်းသည် အဖြူရောင်လွှမ်းသော ပညာရှိတစ်ဦးကဲ့သို့ ဟန့်လူမျိုးဝတ်စုံကို ဝတ်ဆင်သည်၊ အပြုအမူအကျင့်စရိုက်သည် ရဲတင်းပြီး ထိန်းချုပ်မှုကင်း၏။
သို့တိုင် သူ၏ထိန်းချုပ်မှုကင်းမဲ့ခြင်းတွင် လျှို့ဝှက်အကြံအစည်များကိုလည်း ချန်ကျဲ့ မြင်တွေ့နိုင်သည်။ ယဲ့လုဖုန်းသည် လီပိုင်ကဲ့သို့ လွတ်လပ်ပွင့်လင်းသော ကဗျာဆရာတစ်ယောက် သေချာပေါက် မဟုတ်ပါချေ။
ယဲ့လုဖုန်းအား ခစားခွင့်ပြုပါရန် တောင်းဆိုခြင်းဖြစ်စေ၊ ပူးပေါင်းဆောင်ရွက်ရန် ကမ်းလှမ်းခြင်းဖြစ်စေ၊ အားလုံးသည် ကျားတစ်ကောင်နှင့် အပေးအယူလုပ်ရခြင်းနှင့် ညီမျှ၏။
သို့သော်ငြား ဤသည်မှာ သိုင်းလောက၏ အစဉ်အလာသာ ဖြစ်သည်။ သိုင်းလောကဟူသည် အားနည်းသူထံမှ အခွင့်အရေးယူတတ်သည့် လောကကြီးပင် မဟုတ်ပါလော။
ချန်ကျဲ့သည် ညစာကို မုလန်လူမျိုးများ၏ အထူးအစားအသောက်ဖြစ်သော ခမ်းနားထည်ဝါသည့် သိုးသားစားသောက်ပွဲကို စားသောက်ခဲ့ရသည်။ သို့သော် သူ အဆင့်အတန်းမြင့်မားသည်ဟု တွေးထင်နေခဲ့သည့် စားစရာမှာ ဆာရှီမီတစ်မျိုးဖြစ်နေသောကြောင့် အံ့ဩသွားခဲ့ရသည်။
ချန်ကျဲ့သည် ဆာရှီမီမှာ အထက်တန်းစား အစားအစာမဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပါချေ။ သူမျှော်လင့်ထားသည်နှင့် မကိုက်ညီရုံသာ ဖြစ်ပါ၏။
အထူးသဖြင့် သခင်ကြီးယဲ့လုဖုန်း၏ အသားစိမ်းများကို အားပါးတရစားသောက်နေသည့် ပုံစံကိုမြင်နေရသည်တွင် ချန်ကျဲ့သည် သန်ကောင်၊ ကပ်ပါးကောင်များအကြောင်း သတင်းဆောင်းပါးများစွာကို သတိရမိသွား၏။ သို့ဖြင့် ချန်ကျဲ့သည်တော့ နည်းနည်းသာ စားနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ ချန်ကျဲ့သည် ယဲ့လုဖုန်း၏ ဝါသနာနှစ်မျိုးကို သိရှိနိုင်ခဲ့ပါ၏။
ယဲ့လုဖုန်းသည် သေရည်ကောင်းနှင့် ဆာရှီမီကို ကြိုက်နှစ်သက်သည်။ သေရည်ထက်ပင် ဆာရှီမီကို ပိုကြိုက်နေလောက်၏။
ယဲ့လုဖုန်း၏အိမ်တော်တွင် ရေကန်ကြီးတစ်ကန်ရှိပြီး ယဲ့လုဖုန်းသည် ၎င်းရေကန်တွင် မကြာခဏ ငါးမျှားတတ်သည်။ ဖမ်းဆီးရသည့် ငါးများကို ဆာရှီမီအဖြစ် ချက်ချင်းပြင်ဆင်သည်။
ယဲ့လုဖုန်းသည် ၎င်းကို ထုံးတမ်းဟောင်းများအတိုင်း ထိမ်းသိမ်းခြင်းဟု ခေါ်ဆိုသည်။
ဆာရှီမီ သို့မဟုတ် ငါးအသားစိမ်းများ၊ ယွီခွိုက်ဟု ကျော်ကြားသည့် ဟင်းလျာသည် တရုတ်နိုင်ငံ၏ နွေဦးနှင့် ဆောင်းဦးကာလ၊ စစ်ပြိုင်ခေတ်များကတည်းက တည်ရှိခဲ့ကြောင်း ‘စုန့်ခေတ်၏စာအုပ်များ၊ ရှောင်ယား၊ ဇွန်လ'များတွင် မှတ်တမ်းတင်ထားရှိသည်။ ၎င်းမှတ်တမ်းများတွင် မင်းမျိုးမင်းနွယ် မိတ်ဆွေများအတွက် စားသောက်ဖွယ်ရာများ၊ လိပ်ကင်နှင့် ငါးအစားစိမ်းဟု ရေးသားမှတ်တမ်းတင်ထားသည်။
ယဲ့လုဖုန်းသည် ရှေးခေတ်ဟောင်းပုံစံကို နှစ်ခြိုက်ကျင့်သုံးပြီး ဟန့်လူမျိုးစစ်စစ်ဖြစ်သော ချန်ကျဲ့ထက်ပင် ပို၍ ဟန့်လူမျိုးဆန်သည်ဟု ဆိုနိုင်ပေသည်။
ညစာစားပြီးနောက် ချန်ကျဲ့ ထွက်ခွာရန်ပြင်သည်။ မထွက်ခွာမီ၌ ချန်ကျဲ့ ချီမုကောကို ပြောခဲ့သည်။
“တပ်မှူးချီမူကော၊ ကျွန်တော် တပ်မှူးနဲ့ ကိစ္စတစ်ခု ဆွေးနွေးချင်ပါတယ်”
ချီမုကောမှ လှည့်ကြည့်လာပြီး ပြောသည်။
“ဘာကိစ္စလဲ”
“ကျွန်တော့်ကို မုလန်စစ်သည်နှစ်ယောက် ငှားပေးပါ”
“ဟမ်?”
ချီမုကော ကြောင်အသွား၏။
ဘာလိုချင်တာ?
ချန်ကျဲ့မှ ထပ်ပြောသည်။
“ကျွန်တော့်ကို မုလန်စစ်သည်နှစ်ယောက် ငှားပေးပါ”
ချီမုကောမှ စိတ်မချနိုင်ဘဲ မေးမြန်းသည်။
“မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ”
ချန်ကျဲ့သည် ချီမုကောအနီးသို့ တိုးကပ်သွားလိုက်ပြီး တီးတိုးပြောလိုက်ရာ ချီမုကောမှာ မျက်လုံးပြူးသွား၏။
“ရဲတင်းလိုက်တာ! ဟွားသျဲ့က ဘာမှထုတ်မပြောသေးဘဲနဲ့ မင်းက ဟွားသျဲ့က သက်သေထွက်ဆိုနိုင်ပါတယ်လို့ စီရင်စုအုပ်ချုပ်ရေးမှူးကို ပြောလိုက်တယ်ပေါ့လေ!”
ချန်ကျဲ့ ရယ်မောလျက် ပြန်ပြောသည်။
“ဟားဟား… စီရင်စုအုပ်ချုပ်ရေးမှူးသာ ကျွန်တော့်ကို ကူညီမယ်ဆိုရင် ဟွားသျဲ့က ထုတ်ပြောလာမှာပဲ မဟုတ်လားဗျာ”
“အကယ်၍ သူမပြောခဲ့ရင်ရော?”
ချီမုကောမှ ပြောသည်။
ချန်ကျဲ့၏မျက်နှာထက်တွင် အေးစက်မှုတစ်စ ဖြတ်ပြေးသွားလျက် ပြန်ပြောသည်။
“သူ သေချာပေါက် ပြောပါလိမ့်မယ်!”