← Chapters

အခန်း (၄၀၂

Vol. 30 Ch. 402

အခန်း (၄၀၂

Vol. 30 Ch. 402

ရှဲ…

ဟွားသျဲ့သည် အဝတ်များ စုတ်ဖြဲခံလိုက်ရကာ သူမ၏ စိတ်အခြေအနေမှာလည်း ပြိုလဲသွားတော့သည်။ သူမ အော်ပြော၏။

“သူတို့်ကို ရပ်ခိုင်းလိုက်ပါ။ ရပ်ပါတော့ ရပ်ပါတော့၊ ခန်းမအရှင်သခင်ဖန်း ခန်းမအရှင်သခင်ဖန်း ကျွန်မ မှားသွားပါတယ် ကျွန်မ မှားသွားပါတယ်!”

“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ မှားသွားပါတယ် ကျွန်မ မှားသွားပါတယ် ဟင့်…”

ဟွားသျဲ့သည် မထိန်းချုပ်နိုင်စွာ အော်ဟစ်ငိုယိုတော့သည်။ သူမ၏ စိတ်နှလုံးမှာ လုံးဝ ကွဲကြေသွားခဲ့လေပြီ။

ထိုစဉ် ကျိုးချူသည် မုလန်စစ်သည်နှစ်ဦးဆီသို့ သွား၍ သူ၏အိတ်ကပ်ထဲမှ ငွေနှစ်စနှင့် ငွေဆယ်တုံးတို့ကို ထုတ်ယူကာ မုလန်စစ်သည်နှစ်ဦးကို ပေးလိုက်သည်။

“ညီနောင်တို့ ပင်ပန်းသွားကြပါပြီ”

ပိုက်ဆံကို မြင်လိုက်သည်တွင် မုလန်စစ်သည်နှစ်ဦးသည် တောက်ပစွာ ပြုံးရယ်၏။ သူတို့ ကနဦးက အလိုရှိသည့်အရာကို မရရှိခဲ့သော်ငြား ဤငွေများဖြင့်လည်း ဤခရီးစဉ်သည် ထိုက်တန်ပါသည်။

မုလန်စစ်သည်နှစ်ဦး နောက်ဆုတ်လိုက်ပြီးနောက် ချန်ကျဲ့သည် ဟွားသျဲ့အနီးသို

လူ ချဉ်းကပ်သွားသည်။ လက်အောက်ငယ်သားတစ်ဦးသည် ချန်ကျဲ့အတွက် ထိုင်ခုံတစ်ခုံ ယူလာပေးသည်။ ချန်ကျဲ့ ထိုင်လိုက်ပြီး ရှိုက်ငင်ငိုကြွေးနေသည့် ဟွားသျဲ့ကို ငုံ့ကြည့်သည်။

“ပြောစမ်း”

“အဟင့်… ကျွန်မ မလုပ်ချင်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က ကျွန်မ မောင်လေးကို ခေါ်သွားပြီး အတင်းအကျပ်ခိုင်းစေခဲ့တာပါ…”

“ဆေးက ခြေလက်တွေ အားနည်းစေရုံပဲလို့ သူတို့ပြောခဲ့တာ။ ကျွန်မ ခန်းမအရှင်သခင်ဖန်းကို သတ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။ ကျွန်မ တကယ် မရည်ရွယ်ခဲ့ပါဘူး…”

“ခန်းမအရှင်သခင်ဖန်း အသတ်ခံရမယ်လို့ ကျွန်မ သိမထားခဲ့ပါဘူး။ ကျွန်… ကျွန်မ မှားသွားပါတယ်…”

ဟွားသျဲ့သည် စိတ်ပျက်အားငယ်စွာ ဆက်လက်ငိုကြွေးသည်။

ချန်ကျဲ့သည် သူမအား သနားဂရုဏာသက်ခြင်းမရှိပေ။ ဒီတိုင်း စိုက်ကြည့်နေခဲ့သည်။ ထို့နောက် မေးသည်။

“သူတို့က ဘယ်သူတွေလဲ”

ဟွားသျဲ့မှ ပြောသည်။

“ကျွန်မ ကျွန်မကို နန်ပါးထျန်းက ငွေနဲ့ဝယ်ယူထားခဲ့တာပါ။ သူတို့ သူတို့က ကျွန်မကို နေရာတစ်ခုမှာ ပိတ်လှောင်ထားခဲ့ပြီး အကြောင်းအရာတွေ အများကြီးသင်ယူခိုင်းခဲ့တယ်။ နောက်တော့ နွေဦးလေပြေပြဇာတ်ရုံကို ပို့ခဲ့ပြီး ခန်းမအရှင်သခင်ဖန်းနဲ့ ရင်းနှီးအောင် လုပ်ခိုင်းခဲ့တယ်။ အမှုဖြစ်‌တဲ့နေ့က ဖုန်းရွှမ်က ကျွန်မကို ဆေးယူပြီး လာရှာခဲ့တယ်။ သူ့မှာ နန်ပါးထျန်းရဲ့တံဆိပ်ပြားရှိနေတော့ ကျွန်မ သူ့အမိန့်ကို နာခံခဲ့ရတယ်…”

“နောက်တော့ ကျွန်မ ရင်ဘတ်အောင့်ချင်ယောင်ဆောင်ပြီး ခန်းမသခင်ဖန်းကို ခေါ်ခဲ့ပြီးတော့ အဆိပ်ခတ်ထားတဲ့သေရည်ကို သောက်အောင် လှည့်ဖြားခဲ့ပါတယ်”

“မွေးစားအဖေက အစကနေ အဆုံးအထိ လုံးဝ သံသယမဝင်ခဲ့ဘူးလား”

ထိုစဉ် ကျိုးချူမှ မေးသည်။

ဟွားသျဲ့မှ ခေါင်းခါရမ်းသည်။

“မဝင်ခဲ့ဘူး၊ ဆေးက အရောင်အဆင်းမဲ့၊ အရသာမဲ့တယ်။ သူ လုံးဝ သံသယမဝင်ခဲ့ဘူး”

ချန်ကျဲ့မှ ပြောသည်။

“မင်းပေးတဲ့ သေရည်ကို အဆိပ်ရှိနေတာတောင် သူသောက်ခဲ့တယ်”

ဟွားသျဲ့သည် ရှိုင်ငိုကြွေးနေခဲ့ပြီး ဘာမျှပြန်မပြောပေ။ ချန်ကျဲ့မှ ပြောသည်။

“ဆက်ပြော”

“နောက်တော့ ခန်းမအရှင်သခင်ဖန်း နေထိုင်မကောင်း စဖြစ်လာတယ်။ သူ ကျွန်မကိုကြည့်တဲ့ အကြည့်တွေမှာ စိတ်ပျက်မှုလည်း ရှိနေခဲ့ပြီး နာကျင်မှုလည်း ရှိနေခဲ့တယ်… သူကျွန်မကို ဘယ်သူခိုင်းတာလဲလို့ မေးခဲ့တယ်။ အဲဒီအချိန်မှာပဲ လျှို့ဝှက်လိုဏ်ခေါင်းကနေ ဖုန်းရွှမ်ထွက်လာခဲ့တယ်”

“လျှို့ဝှက်လိုဏ်ခေါင်း?’’

ချန်ကျဲ့ ဟွားသျဲ့ကို ကြည့်လိုက်သည်။

ဟွားသျဲ့မှ ပြောသည်။

“ဟုတ်ပါတယ်။ ကျွန်မရဲ့အိပ်ရာအောက်မှာ လျှို့ဝှက်လမ်းတစ်ခုရှိတယ်။ ဖုန်းရွှမ်က အဲဒီကနေ လာခဲ့တာ”

“ခန်းမအရှင််သခင်ဖုန်းက ဖုန်းရွှမ်ကို မယုံကြည်နိုင်ဘဲ ကြည့်နေခဲ့တာ။ အဲဒီအကြည့်တွေမှာ စိတ်ပျက်မှု၊ မယုံကြည်နိုင်မှု၊ မျှော်လင့်ချက်မဲ့မှုတွေ ရောထွေးနေခဲ့တယ်။ သူ ဖုန်းရွှမ်ကို ပြောခဲ့တယ််.. မင်းက နောက်ကွယ်က လူလားတဲ့”

ဖုန်းရွှမ်က ရူးနှမ်းနှမ်းလှောင်ရယ်လိုက်တယ်၊ “အဖေ ဟားဟားဟား… မထင်ထားဘူးမလား။ ချန်ကျိုစစ်ပြောတာကို နားမထောင်ခဲ့မိတာအတွက် နောင်တရနေပြီလား ဟားဟားဟား…”

“ဖုန်းရွှမ်က အရူးတစ်ယောက်လို စကားတွေ အများကြီးပြောခဲ့တယ်။ သူ့စကားတွေကို နားထောင်နေတဲ့ ခန်းမအရှင်သခင်ဖန်းရဲ့မျက်လုံးတွေက စိတ်ပျက်ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့တယ်။ ခန်းမအရှင်သခင်ဖန်း ပြောခဲ့တဲ့စကားတွေကို ကျွန်မ မှတ်မိနေသေးတယ်။ ငါ ကျိုစစ်ရဲ့စကားကို နားမထောင်ခဲ့မိတဲ့အတွက် နောင်တမရဘူး။ မင်းကို ဒီလိုဖြစ်အောင် ပျိုးထောင်ခဲ့မိတဲ့အတွက်ပဲ နောင်တရတယ်”

“ကျန်းချွမ်လည်း ဒီလိုအဆုံးသတ်ခဲ့ရပြီး မင်းရောပဲ၊ ငါနောင်တရမိတယ်…”

ဟွားသျဲ့သည် ချန််ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့နှင့် ကျိုးချူတို့နှစ်ဦးစလုံး တိတ်ဆိတ်နေခဲ့သည်။ ဖန်းရှစ်ကျုံး၏ ပျိုးထောင်မှုသည် အမှန်တကယ်ပင် ကျရှုံးခဲ့ပါ၏။ အရွယ်ရောက်ပြီးသည့် သားနှစ်ယောက်စလုံးသည် ကျေးဇူးကန်းခဲ့ကြသည်။

ကျန်းချွမ်သည် ခက်ထန််ကြမ်းကြုတ်ပြီး ဖုန်းရွှမ်သည် ကောက်ကျစ်စဉ်းလဲသည်။ ဖန်းရှစ်ကျုံးမျှော်လင့်သည့်အတိုင်း တစ်ယောက်မျှ ဖြစ်မလာခဲ့ပေ။

ဖုန်းရှစ်ကျုံးသည် သူ၏မွေးစားသားများကို လိုက်လျောညီထွေရှိကာ ချစ်ခင်သော ညီအစ်ကိုများဖြစ်ရန် မျှော်လင့်ချက်ဖြင့် သူ၏တစ်ဘဝလုံး ကာကွယ်ပေးခဲ့သည်။ သို့သော် အဆုံးတွင်တော့ ဤသို့ဝမ်းနည်းဖွယ်ဆိုးရွားစွာ အဆုံးသတ်သွားခဲ့လေသည်။

ဘယ်လိုတောင် ဝမ်းနည်းဖို့ကောင်းလိုက်သလဲ!

ချန်ကျဲ့နှင့် ကျိုးချူတို့သည် ဖန်းရှစ်ကျုံးအား သနားစာနာမိကြသည်။

“နောက်တော့ ဖုန်းရွှမ်က ကျွန်မကို အရာအားလုံးအတွက် ရှင့်ကို အပြစ်ပုံချဖို့ပြောခဲ့တယ်”

ဟွားသျဲ့မှ ငိုကြွေးလျက် ပြောသည်။ ချန်ကျဲ့နှင့် ကျိုးချူသည် တိတ်ဆိတ်နေကြဆဲပင်။

ချန််ကျဲ့ သက်ပြင်းချလိုက်ပြီးနောက် ထရပ်ကာ ဟွားသျဲ့ကို ပြောသည်။

“မနက်ဖြန် ဖုန်းရွှမ်ရဲ့ ရာထူးဆက်ခံပွဲမှာ ဒီအကြောင်းတွေအားလုံးကို ထုတ်ဖော််ပြောရမယ်။ ဒီလိုက မင်းအနေနဲ့ ခန်းမအရှင်သခင်ဖန်းရဲ့ဝိဉာဉ်ကို နှစ်သိမ့်ပေးနိုင်မယ့် နည်းလမ်းပဲ။ လုပ်နိုင်မလား”

ချန်ကျဲ့ ဟွားသျဲ့ကို ကြည့်နေသည်။ ဟွားသျဲ့သည် ချန်ကျဲ့ကို မော့ကြည့်သည်။

ချန်ကျဲ့မှ ပြောသည်။

“မနက်ဖြန် စီရင်စုအုပ်ချုပ်ရေးမှူးရဲ့ကိုယ်စား တပ်မှူးတစ်ယောက် တက်ရောက်လိမ့်မယ်။ မင်း ထုတ်ပြောလိုက်လို့လည်း ဘာမှ အန္တရာယ်မရှိနိုင်ဘူး။ ဒါပေမဲ့ မပြောရင်တော့…’’

ချန်ကျဲ့မှ ဘာမှဆက်မပြောသော်ငြား အရာအားလုံးသည် နောက်ဆက်တွဲအကျိုးဆက်ကို သိသာထင်ရှားစွာ ဖော်ပြနေပေသည်။

သူမ မပြောပါက ကြောက်ရွံ့ချောက်ချားဖွယ်သော၊ လူသားမဆန်သော မည့်သည့်အရာမဆို ဖြစ်လာပေလိမ့်မည်။

ထိုစဉ် ကျိုးချူမှလည်း ဟွားသျဲ့ကို ပြောလာသည်။

“နန်ပါးထျန်းကလည်း စီရင်စုအုပ်ချုပ်ရေးမှူးရဲ့အမိန့်ကို နာခံရတယ်ဆိုတာ မင်းနားလည်သင့်တယ်။ မျန့်ရွှေစီရင်စုရဲ့ ဘုရင်အစစ်အမှန်က ဘယ်သူလဲဆိုတာ မင်းနားလည်မှာပါ”

ထို့နောက် ကျိုးချူလည်း ချန်ကျဲ့နှင့်အတူ အပြင်ထွက်လာခဲ့သည်။ အပြင်ရောက်သောအခါ ချန်ကျဲ့မှ ကျိုးချူကို ပြောသည်။

“သူ အဝတ်လဲဖို့ အဝတ်တချို့ရှာပေးပြီး စားဖို့လည်း တစ်ခုခုလုပ်ပေးလိုက်ပါ”

“သူ့ကို အငတ်ထားလိုက်၊ မွေးစားအဖေက သူ့ကို အရမ်းမြတ်နိုးခဲ့တာကိုတောင်မှ သူက… ထားပါလေ၊ ငါပြင်ဆင်လိုက်ပါ့မယ်”

ကျိုးချူသည် မကျေမချမ်းပြောဆိုနေရင်းမှ ချက်ချင်းသွား၍ ပြင်ဆင်တော့သည်။

ချန်ကျဲ့သည်တော့ ကောင်းကင်ကို မော့ကြည့်နေခဲ့သည်။ သူ၏မျက်လုံးများတွင် ဖော်ပြ၍မရနိုင်သော ခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

“မွေးစားအဖေ ကောာင်းကင်ဘုံကနေ ကြည့်နေလား။ ကျွန်တော် မနက်ဖြန်ကျရင် မွေးစားအဖေအတွက် လက်စားချေတော့မှာ။ အဲဒီကျေးဇူးမသိတတ်တဲ့သားကို ဒူးထောက်ပြီး ကောင်းကင်ဘုံက မွေးစားအဖေကို တောင်းပန်စေမယ်”

…

တစ်ညတာသည် နောက်ထပ် ဘာမျှ အထူးအထွေမရှိပါဘဲ ကုန်ဆုံးသွားခဲ့ပြီး နောက်တစ်နေ့သို့ ရောက်လာခဲ့သည်။

ကျားဖြူခန်းမသည် မီးပုံးများ၊ အဆင်တန်ဆာများဖြင့် စည်ကားနေသည်။ ကျယ်ပြောသည့်ခန်းမတစ်ခုထဲတွင် စင်မြင့်ကို ပြင်ဆင်ထားပြီး စင်မြင့်အောက်တွင် ဧည့်သည်ထိုင်ခုံများ အပြည့်ခင်းထားသည်။ မျန့်ရွှေစီရင်စု၏ အရေးပါသည့်ပုဂ္ဂိုလ်များအားလုံးသည် ဒီနေ့အခမ်းအနားကို ဂုဏ်ပြုချီးမြှင့်ရန် တက်ရောက်ကြမည် ဖြစ်သည်။

အခမ်းအနားကို ငါးဖမ်းကုန်သည်အဖွဲ့၏ ခေါင်းဆောင်၊ အစောင့်အရှောက်ကြီး၁၃ဦး၏ ခေါင်းဆောင်ဖြစ်သော နန်ပါးထျန်းမှ သဘာပတိအဖြစ် ဆောင်ရွက်ပေးသည်။

သို့ဖြစ်ရာ မည်သူမျှ ဖုန်းရွှမ်ကို မထီလေးစား မပြုဝံ့ကြပေ။

ဖုန်းရွှမ်သည် ပိုးသားဖြူကို ဝတ်ဆင်ထားပြီး တောက်ပစွာ ပြုံးရယ်လျက် ဧည့်သည်များကို ကြိုဆိုနေသည်။

“အစောင့်အရှောက်ကြီး၁၃ဦး မိန်းကလေးဟုန်ယန် ရောက်ရှိပါတယ်”

ထိုအခါ ဖုန်းရွှမ်သည် ချက်ချင်း သွားနှုတ်ဆက်သည်။

“မိန်းကလေးဟုန်ယန် တက်ရောက်လာတာ ကျွန်တော့်အတွက် ဂုဏ်သရေကြီးမားလှတာပါပဲ”

“ချောင်ကုန်သည်အဖွဲ့ခေါင်းဆောင် လျိုလောင်ကွေ့ ရောက်ရှိပါတယ်”

“ခေါင်းဆောင်လျို ကျေးဇူးပြုပြီး ထိုင်ပါ”

ဖုန်းရွှမ်သည် လူတိုင်းကို နွေးထွေးပျူငှာစွာ နှုတ်ဆက်ကြိုဆိုသည်။

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ တပ်မှူးချီမုကော ရောက်ရှိပါတယ်”

“အာ တပ်မှူးချီ ကျေးဇူးပြုပြီး ဝင်ခဲ့ပါ၊ ထိုင်ပါ ထိုင်ပါ”

ချီမုကောရောက်လာသည်တွင် ဖုန်းရွှမ်သည် အလွန်ပျော်ရွှင်သွားခဲ့သည်။ သူ၏ ကျားဖြူခန်းမအရှင်သခင်အဖြစ် ရာထူးဆက်ခံပွဲတွင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်မှ လာရောက်ဂုဏ်ပြုသည်။

ဘယ်လိုတောင် ဂုဏ်ရှိလိုက်တဲ့မြင်ကွင်းလဲ!

ဟားဟားဟား…

ဖုန်းရွှမ်သည် ပျော်ရွှင်တက်ကြွစွာ ဧည့်သည်များကို နှုတ်ဆက်ကြိုဆိုသည်။ မကြာမီ လူစုံသွားခဲ့သည်။

အခမ်းအနားကို ငါးဖမ်းကုန်သည်အဖွဲ့၏ ထန်ဇီယွဲဲ့မှ ဦးစီးဦးရွက်ပြုကာ မိန့်ခွန်းပြောကြားအပြီးတွင် ခန်းမအတွင်း လက်ခုပ်သံများ လွှမ်းခြုံသွားခဲ့သည်။

ကျိုးချူသည် စင်အောက်တွင် ကွာစေ့စားနေလျက် ဟိုသည်ငေးမောရင်း အချိန်ကို စစ်ဆေးနေခဲ့သည်။

ကျိုစစ် ဘာလို့ရောက်မလာသေးတာလဲ။ ခဏနေလို့မှ ရောက်မလာရင် အခမ်းအနားက ပြီးသွားတော့မယ်။

ကျိုးချူ စိုးရိမ်ပူပန်စ ပြုလာချိန်တွင် ထန်ဇီယွဲ့မှ ကြေညာသည်။

“နောက်ထပ်ကတော့ ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင်အသစ် ဖုန််းရွှမ်ကို စကားအနည်းငယ်ပြောဖို့အတွက် ဖိတ်ခေါ်ပါတယ်”

လူအုပ်ကြီး၏ ဩဘာသံများအကြားတွင် ဖုန်းရွှမ် စင်မြင့်ပေါ်သို့ တက်သွားခဲ့သည်။ သူ၏မျက်နှာအမူအရာသည် အားမာန်အပြည့်ဖြစ်၏။

“ဟားဟား အရင်ဆုံး အားလုံးရဲ့ အားပေးချီးမြှောက်မှုအတွက် ကျေးဇူးတင်ပါတယ်။ မဟုတ်ရင် ကျွန်တော် ဖုန်းရွှမ်က ကျားဖြူခန်းမရဲ့ ဒီလိုအရေးကြီးလှတဲ့ ရာထူးနေရာကို ဘယ်လိုများ ထိုက်တန်နိုင်မှာပါလဲ။ ဒီနေ့ ကျွန်တော့်အနေနဲ့ ပထမဆုံး ကျေးဇူးတင်ရမှာကတော့ ကျွန်တော့်ရဲ့မွေးစားအဖေ ဖန်းရှစ်ကျုံးကိုပါပဲ…”

ဘုန်း!

“အာဏာအတွက် မွေးစားအဖေကို ပြန်သတ်တဲ့ လူသတ်သမားက ဘယ်လိုလုပ်ပြီး မွေးစားအဖေရဲ့နာမည်ကို ထုတ်ပြောရဲရတာလဲ! အခုချက်ချင်း အဲဒီကနေ ဆင်းလာခဲ့စမ်း!”

ဖုန်းရွှမ် စကားပြောနေစဉ် ကျယ်လောင်သည့်ပေါက်ကွဲသံကြီးတစ်ခု ရုတ်တရက်ထွက်ပေါ်လာခဲ့သည်။ ငါးဖမ်းကုန်သည်အဖွဲ့သား ၅ယောက်၊ ၆ယောက်ခန့်သည် ခန်းမအတွင်းသို့ ပစ်ထုတ်ခံလိုက်ရကာ တစ်ဆက်တည်းတွင် စားသောက်ပွဲခန်းမ၏ တံခါးများလည်း ပွင့်ကုန်ကြသည်။

အနီရောင်ပန်းပွားတပ်လှံတစ်စင်းသည် တံခါးတစ်ချက်ကို ထိုးဖောက်ဖျက်ဆီး၍ ဖုန်းရွှမ်ဆီသို့ ဦးတည်ပျံသန််းသွားခဲ့သည်။

ဖုန်းရွှမ်သည် ထိတ်လန့်တကြား ရှောင်တိမ်းလိုက်ပြီးနောက် ကျယ်လောင်သည့် ထိခတ်သံနှင့်အတူ လှံသည် ဖုန်းရွှမ်၏နောက်ရှိ ‘ကျုံး’ဟုရေးထွင်းထားသော သစ်သားဘုတ်ပြားထက်တွင် ထိုးစိုက်သွားခဲ့သည်။

ထို့နောက်တွင် လူတစ်ယောက်သည် တံခါးမှ ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ ခန်းမအတွင်းရှိ လူအားလုံးသည် ရောက်လာသည့်လူကို ကြည့်လိုက်ကြသည်တွင် မယုံကြည်နိုင်လောက်အောင် အံ့ဩသွားကြလေသည်။

သူက ဘယ်လိုလုပ်ပြီး ဒီနေရာကို လာရဲရတာလဲ!

ထို့နောက် လူတစ်ယောက်မှ ဝင်လာသူ၏အမည်ကို အော်လိုက်သည်။

ချန်ကျိုစစ်!!!

All Chapters