အခန်း (၄၀၃)
Vol. 30 Ch. 403
“ချန်? ချန်ကျိုစစ်!”
ဖုန်းရွှမ်သည် သူ၏ဦးခေါင်းအနီးမှ ဖြတ်ပျံသွားသော အနီရောင်ပန်းပွားတပ်လှံကို တစ်ချက်ကြည့်လိုက်ပြီးနောက် တံခါးဆီသို့ ချက်ချင်း ပြန်လှည့်ကြည့်သည်။
ဖုန်းရွှမ်သည် ချန်ကျဲ့ကို ချက်ချင်း မှတ်မိလိုက်၏။
ချန်ကျဲ့သည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးထက်တွင် ဝမ်းနည်းပူဆွေးခြင်းသင်္ကေတဖြစ်သည့် အဖြူရောင်ခါးစည်းကို စည်းနှောင်ထားသည်။ ဒီနေ့သည် ဖုန်းရွှမ်၏ ခန်းမအရှင်သခင်အဖြစ် ရာထူးဆက်ခံပွဲဖြစ်သကဲ့သို့ ဖန်းရှစ်ကျုံးသေဆုံးသည့် ၇ရက်မြောက်နေ့လည်း ဖြစ်သည်။
ယခင်က ကျပ်တည်းနေခဲ့သည့် အခြေအနေများကြောင့် ချန်ကျဲ့သည် နွေဦးလေပြေပြဇာတ်ရုံမှ ထွက်ပြေးခဲ့ရပြီး မွေးစားအဖေ၏ ဈာပနအခမ်းအနားကိုပင် မတက်ရောက်နိုင်ခဲ့ချေ။
ထုံးတမ်းဓလေ့များအရ ဖန်းရှစ်ကျုံးသည် နာကျင်ဆင်းရဲစွာ သေဆုံးခဲ့ရခြင်းဖြစ်သောကြောင့် ခေါင်းတလားကို မြေပြင်ထက်တွင် ၇ရက်ကြာ ထားရှိပြီးမှ မြှုပ်နှံသင့်သည်။ သို့သော် ဖုန်းရွှမ်သည် အလျင်လိုနေသောကြောင့် ပုံမှန်အတိုင်း သုံးရက်ထားပြီးနောက်တွင် မြှုပ်နှံပစ်ခဲ့သည်။
အကြောင်းအရင်းမှာ နောက်၇ရက်အကြာတွင် ကျင်းပမည့် သူ၏ရာထူးဆက်ခံပွဲကို မနှောင့်နှေးစေရန်အတွက် ဖြစ်သည်။
ထိုသို့မြှုပ်နှံခြင်းအပေါ် ကျားဖြူခန်းမ၏အဖွဲ့သားများစွာတို့မှ ကန့်ကွက်ခဲ့ကြသည်။ သို့သော် သူတို့၏ကန့်ကွက်မှုသည် အရာထင်ပါမည်လော။ ဖုန်းရွှမ်အာဏာရပြီးနောက်တွင် ဖုန်းရွှမ်၏ ကိစ္စများကို ခိုင်မာသော ကိုင်တွယ်ဖြေရှင်းပုံမှာ ရှင်းလင်း၏။ ၎င်းမှာ ကန့်ကွက်သူများကို ကိုင်တွယ််နိုင်စွမ်းမရှိလျှင် ထိုလူများကို ဖယ်ရှားပစ်လိုက်ခြင်းပင်။
ထို့ကြောင့် ချန်ကျဲ့သည် ဖန်းရှစ်ကျုံး၏ ဈာပနအခမ်းအနားကို မတက်ရောက်နိုင်လိုက်ပေ။
ဖန်းရှစ်ကျုံး၏ ဈာပနသည် ရိုးရှင်းသည်ဟု ဆိုနိုင်ပေသည်။ တက်ရောက်သူ အနည်းငယ််သာရှိပြီး ဖုန်းရွှမ်သည်လည်း သိုင်းလောကသူရဲကောင်းများဖိတ်ကြားလွှာကို ပို့ဆောင်ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။
တစ်ချိန်က မျန့်ရွှေတွင် ဩဇာကြီးမားခဲ့ဖူးသည့် လူတစ်ယောက်သည် ဤသို့ဝမ်းနည်းဖွယ် အဆုံးသတ်သွားခဲ့ရသည်။ ထို့ကြောင့် ချန်ကျဲ့သည် ဝမ်းနည်းပူဆွေးခြင်းခါးစည်းကို ဝတ်ဆင်ခဲ့သည်။ သူဒီနေ့ မွေးစားအဖေအတွက် တရားမျှတမှုရှာဖွေပေးရန် ဆုံးဖြတ်ချက်ချထားခဲ့သည်။
“သူ့ကို ဝိုင်းလိုက်ကြ!”
လူတစ်ယောက်မှ အော်ပြောလိုက်ရာ မျက်တောင်တစ်ခတ်မျှအချိန်အတွင်းတွင် ကျားဖြူခန်းမအဖွဲ့သားတစ်စုသည် ချန်ကျဲ့ကို ဝန်းရံလိုက်ကြသည်။ ထိုလူစုထဲမှ အများစုမှာ ဖုန််းရွှမ်၏ လက်အောက်ရှိ တိုက်ရိုက်လက်အောက်ငယ်သားများဖြစ်ကြသည်။ အခြားအဖွဲ့သားတချို့သည်လည်း ရှေ့သို့ ပြေးထွက်လာကြ၏။ သို့သော် သူတို့သည် အထက်ဦးစီးမှူးများ၏ တမင်ရည်ရွယ်ခြင်းလော၊ မတော်တဆခြင်းလော မသဲကွဲပါဘဲ ဟန့်တားခံလိုက်ကြရသည်။
“ဦးစီးမှူး၊ ကျွန်တော်တို့ကို ဘာလို့တားတာလဲ။ ခန်းမအရှင်သခင်ရဲ့ ရာထူးဆက်ခံပွဲက အမှားအယွင်းဖြစ်လို့ မဖြစ်ဘူးလေ”
“မင်းရူးနေလား? ဒါက သူတို့ညီအစ်ကိုတွေကြားက ပြဿနာပဲ။ ကြားမဝင်နဲ့။ ဒီတိုင်းကြည့်နေ”
“ဗျာ?”
“ငါပြောတာကို နားမလည်ဘူးလား”
“အာ ဟုတ််ကဲ့ပါ”
…
ထိုသို့မြင်ကွင်းမျိုးသည် နေရာတိုင်း ထောင့်တိုင်းလိုလိုတွင် ဖြစ်ပျက်ခဲ့ကြသည်။ တရားမျှတမှုရှိသူသည် အားပေးထောက်ခံမှုများကို ရရှိပြီး တရားမျှတမှုကင်းမဲ့သူသည်တော့ အားပေးထောက်ခံမှုများကို ဆုံးရှုံးကြရသည်။ ဖုန်းရွှမ်သည် အာဏာရပြီးချိန်မှ စတင်၍ သူပြုလုပ်ခဲ့သည့် အပြုအမူလုပ်ရပ်များသည် လူအများ မနှစ်မြို့စရာဖြစ်နေခဲ့သည်။
သို့ဖြစ်ရာ ယခုတွင် ရာထူးဆက်ခံပွဲသို့ တက်ရောက်လာသူတို့၏ စိတ်သဘောထားသည်လည်း ပြောင်းလဲသွားခဲ့လေပြီ။
နန်ပါးထျန််း သိသိသာသာ မျက်မှောင်ကြုတ်လိုက်သည်။ ချန်ကျိုစစ်သည် ယခုကဲ့သို့အချိန်မျိုးတွင် အဘယ်သို့များ ထွက်လာရဲရသနည်း။ သူ့ကိုယ်သူ ဝရမ်းပြေးဖြစ်နေပြီဆိုတာ မသိဘူးလား။ သူ အခုအချိန်ကြီး ဒီမှာထွက်လာလို့ရော ဘာလုပ်နိုင်မှာတဲ့လဲ။ တစ်ကြိမ်လောက် လာအော်ဟစ်လိုက်ရုံနဲ့ ဘာတွေများ ပြောင်းလဲနိုင်မှာမို့လို့လဲ။
ခုနလေးကမှ စင်မြင့်ပေါ်က ဆင်းလာခဲ့သည့် နည်းဗျူဟာရှင်ထန်ဇီယွဲ့သည်လည်း ကနဦးတွင် ကြောင်အသွားပြီး ထို့နောက်တွင် မျက်မှောင်ကြုတ်သွား၏။ ချန်ကျိုစစ်သည် ရည်ရွယ်ချက်မရှိပါဘဲ ဤသို့ပြုမူလိမ့်မည်ဟု သူ မယုံကြည်ပါချေ။ ချန်ကျိုစစ် ဒီနေ့ဒီနေရာသို့ ရောက်လာခြင်းတွင် သေချာပေါက် အစီအစဉ်ရှိလိမ့်မည်။
ချန်ကျိုစစ်က အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ တွေးထားတာလား?
ဒီအခြေအနေတွေကို ပြောင်းပြန်လှန်ပစ်ရအောင် သူ့မှာ ဘာအားကိုးရှိလို့လဲ။
ထန်ဇီယွဲ့ ပို၍ မျက်မှောင်ကြုတ်သွားရကာ စိတ်ထဲတွင်လည်း အတွေးတစ်ခု ဝေဝါးဝါးပေါ်ပေါက်လာခဲ့သည်။ သို့သော် သူ၏ထိုအတွေးမှာ အမှန်ဖြစ်မည်ဟုလည်း မသေချာနိုင်ပေ။ အကြောင်းမှာ ထိုအတွေးကို အစီအစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်လိုပါက အဆင့်အတန်းမြင့်မားသည့် ပုဂ္ဂိုလ်တစ်ဦးမှ ပူးပေါင်းပေးရန် လိုအပ်ပေသည်။
ထိုသို့တွေးနေရင်း ထန်ဇီယွဲ့သည် ရုတ်တရက် ချီမုကောသို့ အကြည့်ရောက်သွား၏။
ချီမုကောသည် ချန်ကျိုစစ် ရောက်လာခြင်းအပေါ် မည်သို့မျှ အံ့ဩသွားဟန်မရဘဲ အေးဆေးတည်ငြိမ်နေခဲ့ကာ လက်ဖက်ရည်ကိုပင် အရသာခံသောက်သုံးနေသေးသည်။ ၎င်းမြင်ကွင်းတွင် ထန်ဇီယွဲ့သည် တစ်စုံတစ်ရာကို ရုတ်ချည်း စဉ်းစားမိသွားခဲ့ပြီး ချန်ကျဲ့အား ထိတ်လန့်ချောက်ချားစွာ ပြန်လှည့်ကြည့်လိုက်သည်။
မဟုတ်မှလွဲရော ချန်ကျိုစစ်၊ ချန်ကျိုစစ်က…
ထိုအချိန်တွင် မျန့်ရွှေစီရင်စု၏ အခြားသော အထင်ကရပုဂ္ဂိုလ်ကြီးများ၏ မျက်နှာအမူအရာသည်လည်း ပြောင်းလဲသွားခဲ့သည်။
ချောင်ဟုန််ယန်သည် ချန်ကျဲ့အား ကျီစယ်စနောက်ဟန်စွက်သော စူးစမ်းသည့်အကြည့်တို့ဖြင့် ကြည့်နေခဲ့သည်။ ချန်ကျဲ့၏ ဤတစ်ကြိမ် ဤနေရာတွင် ထွက်ပေါ်လာမှုသည် အဆင်အခြင်မဲ့ မောက်မာစွာ ပြုမူခြင်းပေလော၊ သို့မဟုတ် စေ့စပ်သေချာစွာ ပြင််ဆင်ထားခြင်းပေလော သိချင်လှသည်။
ကြည့်ရတာ ဒီနေ့ ပြဇာတ်ကောင်းတစ်ပုဒ်ကို ကြည့်ရတော့မှာပဲ။
ထိုအချိန်၌ ကနဦးက တွေဝေသွားသော ခေါင်းဆောင်လျိုသည် ရုတ်ချည်း ရယ်မောလိုက်ရင်း ပြောသည်။
“ဟားဟားဟား… အံ့ချီးဖွယ်ပါပဲ၊ တကယ့်ကိုမှ အံ့မခန်းပြောင်မြောက်ပါပေတယ်”
ခေါင်းဆောင်လျို၏နောက်တွင် သားဖြစ်သူ လျိုစုန့် ရပ်နေသည်။ လျိုစုန့်သည် အနည်းငယ်မျက်မှောင်ကြုတ်လျက် ချန်ကျဲ့အား အထင်အမြင်သေးသည့် မျက်နှာအမူအရာဖြင့် ကြည့်နေခဲ့သည်။
ဒီလောက်လူအများကြီးရှိနေတာကို မင်းက ဒီလိုမျိုး အဆင်အခြင်မဲ့ ရှေ့ထွက်လာတာ ဘာအသုံးဝင်နိုင်မှာလဲ။ ဒီလိုက ဘာအကျိုးမှမရှိတဲ့ သတ္တိကောင်းပြမှုသက်သက်ပဲ။
လျိုစုန့်သည် ချန်ကျဲ့ကို အမြဲလိုလို အထင်မြင်သေးခဲ့သူ ဖြစ်သည်။ အကြောင်းအရင်းမှာ ရိုးရှင်းပါ၏။ သူတို့နှစ်ဦးသည် အသက်အရွယ်် များများစားစား မကွာခြားသည့်တိုင် ချန်ကျဲ့သည် ကိုယ်ပိုင်အားစိုက်ထုတ်မှုများဖြင့် သူ့ကို လွှမ်းမိုးသွားသောကြောင့် ဖြစ်သည်။
သူသည် ခေါင်းဆောင်လျို၏ သားတစ်ယောက်ဖြစ်ပြီး မျန့်ရွှေစီရင်စု၏ တရားဝင်အိမ်ရှေ့စံတစ်ပါးကဲ့သို့ ဖြစ်ခဲ့သည်။
ဒါပေမဲ့ အခုကျတော့ရော?
ကျေးလက်က လူတစ်ယောက်ရဲ့ လွှမ်းမိုးခံလိုက်ရတာကို ဘယ်သူက ပျော်နေပါ့မလဲ။
အချိန်တစ်ခုကြာသည်အထိ လူအားလုံးသည် ချန်ကျဲ့ကို ငေးစိုက်ကြည့်နေခဲ့ကြသည်။ ထို့နောက် ဖုန်းရွှမ်၏ တိုက်ရိုက်လက်အောက်ငယ်သားများသည် ချန်ကျဲ့ကို ဓားလက်နက်များ ကိုင်ဆောင်လျက် ဝန်းရံလိုက်ကြသည်။ ဓားများသည် တလက်လက်တောက်ပနေခဲ့၏။
ဖုန်းရွှမ်သည်လည်း အံ့အားသင့်မှုမှ အသိပြန်ဝင်သွားကာ မျက်လုံးမှေးကျဉ်းလျက် ပြောလာသည်။
“ချန်ကျိုစစ်! မျန့်ရွှေရဲ့သူရဲကောင်းအားလုံး ဒီနေရာမှာ ရောက်နေကြတာကို မင်းက လာရဲသေးတယ်ပေါ့လေ။ မင်းက မျန့်ရွှေရဲ့သူရဲကောင်းတွေကို လုံးဝ မျက်လုံးထဲ မထည့်ဘူးပဲ။ အင်း အဲဒါလည်း တစ်မျိုးတော့ ကောင်းပါတယ်။ မွေးစားအဖေရဲ့အလောင်းကို မြှုပ်နှံပြီးသွားပေမဲ့ ရန်ငြိုးကြီးကိုတော့ လက်စားမချေရသေးဘူး။ ဒီနေ့က မင်းကို ဖမ်းပြီးတော့ မင်းရဲ့ဦးခေါင်းကို မွေးစားနအဖေအတွက် ယဇ်ပူဇော်ပေးဖို့ အကောင်းဆုံးနေ့ပဲ။ သူ့ကိုဖမ်းလိုက်ကြစမ်း!”
ဖုန်းရွှမ်သည် ချန်ကျဲ့ကို လက်ညှိုးညွှန်လျက် ဒေါသတကြီး အော်ဟစ်ပြောသည်။
ငါးဖမ်းကုန်သည်အဖွဲ့သားတစ်စုသည်လည်း ရှေ့တိုးလာကြသည်။
“သတ်ကြ၊ ဒီသစ္စာဖောက်ကောင်ကို အပိုင်းပိုင်းခုတ်ပစ်!”
သူတို့သည် ချန်ကျဲ့ဆီသို့ တစ်ဟုန်ထိုး ဦးတည်ပြေးလာကြသည်။ ချန်ကျဲ့ မျက်မှောင်ကြုတ်လိုက်ပြီးနောက် ရှေ့သို့ ခပ်ဝေးဝေးခြေလှမ်းလှမ်းလိုက်သည်။ လူအုပ်စုသည် ချန်ကျဲ့ထံ ခုန်အုပ်လိုက်ကြပြီး နောက်တွင်တော့ သူတို့သာလျှင် တစ်ဖက်သတ် ရိုက်နှက်ခံလိုက်ရလေသည်။
ဒုတ် ဒုတ် ဒုတ်….
“အား အား အား…”
ငါးဖမ်းကုန်သည်အဖွဲ့သားလေးများသည် အဘယ်သို့များ ချန်ကျဲ့ကို ဖမ်းဆီးနိုင်စွမ်းရှိပါလိမ့်မည်နည်း။ တစ်ချက်တိုက်ခိုက်ပြီးသည်နှင့် ချက်ချင်းပင် ချန်ကျဲ့၏လက်ချက်ဖြင့် အဝေးသို့ လွင့်ထွက်ကုန်ကြတော့သည်။ ဤတစ်ကြိမ်တွင် ချန်ကျဲ့သည် ရေထိန်းချုပ်လက်ဝါးသိုင်းကို အသုံးပြုခဲ့ခြင်းဖြစ်သည်။ ချန်ကျဲ့၏ကျင့်ကြံဆင့်သည် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သို့ တက်လှမ်းသွားခဲ့ပြီးဖြစ်ရာ ရေထိန်းချုပ်လက်ဝါးသိုင်း၏ စွမ်းအင်သည်လည်း လျင်မြန်စွာ တိုးတက်သွားခဲ့သည်။ ချန်ကျဲ့အသုံးပြုသော ရေထိန်းချုပ်လက်ဝါးသိုင်း၏ လက်ရှိအဆင့်မှာ အလွန်မြင့်မားသည့် တတ်မြောက်ခြင်းအဆင့်သို့ ရောက်ရှိနေခဲ့လေပြီ။
စနစ်၏ စွမ်းရည်ဇယားအရ သူ၏ရေထိန်းချုပ်လက်ဝါးသိုင်းသည် အောင်မြင်မှုကြီးအဆင့်သို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။
ရေထိန်းချုပ်လက်ဝါးသိုင်းသည် ခုခံကာကွယ်ခြင်းကို ဦးစားပေးခြင်းဖြစ်ပြီး တိုက်ခိုက်မှုများကို ပိတ်ပင်လွှဲရမ်းကာ ငါးဖမ်းကုန်သည်အဖွဲ့သားတစ်စုကို အလွန်လျင်မြန်သည့် အရှိန်နှုန်းဖြင့် ရိုက်နှက်တွန်းထုတ်ပစ်လိုက်သည်။
ထိုမြင်ကွင်းတွင် စင်မြင့်အောက်တွင် ရတနာဓားတစ်ချောင်းကို ကိုင်ဆောင်ကာ ရပ်နေသည့် ဖချိုက်သည့် မျက်လုံးပင့်ကြည့်လာ၏။
ထိုအချိန်တွင် ချန်ကျဲ့သည် နောက်ထပ်အဖွဲ့သားနှစ်ဦးကို လွင့်ထွက်သွားစေလိုက်ပြီး ဖုန်းရွှမ်ကို လက်ညှိုးထိုးပြောဆိုသည်။
“မင်း ဒီကိုဆင်းလာခဲ့လိုက်”
“ရဲတင်းလိုက်တာ၊ သစ္စာဖောက်တစ်ယောက်ကများ ထောင်လွှားရဲသေးတယ်။ မင်းကို သတ်ဖို့အတွက်များ ခန်းမအရှင်သခင်က လှုပ်ရှားရဦးမှာလား။ ငါ့ဓားချက်ကို ခံစားကြည့်လိုက်!”
ချန်းလန်…
ဓားရောင်ခြည်တစ်စ တောက်ပသွားပြီး ခန်းမအတွင်းရှိ လူများသည် အံ့ဩသွားကြသည်။ ဓားရေးသိုင်းပညာရှင်တစ်ဦးဖြစ်သည့် ချီမုကောသည်လည်း ဆွဲဆောင်ခံလိုက်ရ၏။
သပ်ရပ်လိုက်တဲ့အရည်အချင်း။ သံမဏိအရိုးအဆင့်ပေမဲ့ ဓားအရှိန်အဝါကတော့ သံမဏိအရိုးအဆင့်တွေထဲ အင်အားအကြီးမားဆုံးလို့ သတ်မှတ်လို့ရနိုင်တယ်။