အခန်း (၄၀၀)
Vol. 30 Ch. 400
ချီမုကောသည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ လူတစ်ယောက်ကို စကားပြောထွက်လာရန် လုပ်ဆောင်နိုင်သည့်နည်းလမ်းများ အလွန်များပြားကြောင်း ချီမုကော သိပါသည်။ အမျိုးသမီးတစ်ဦးအတွက်မူ ပို၍များသေး၏။ ထို့ပြင် မုလန်စစ်သည်နှစ်ဦးရှိနေပါလျှင် မုလန်လူမျိုးများကို မျက်စိရှေ့ မြင်တွေ့နေရခြင်းသည်ပင် အမျိုးသမီးတစ်ယောက်၏ စိတ်အခြေအနေကို ရိုက်ချိုးပစ်ရန် လုံလောက်၏။ သို့ဖြစ်ပါက ဟွားသျဲ့သည် မေးသမျှကို ဖြေပေးလာလိမ့်မည် မဟုတ်ပါလော။
ချီမုကောမှ ပြောသည်။
“ငါမင်းကို လူငှားပေးလို့ရတယ်။ ဒါပေမဲ့ ငါ ဒီအကြောင်းကို စီရင်စုအုပ်ချုပ်ရေးမှူးကို သတင်းပို့ရလိမ့်မယ်”
ထိုအခါ ချန်ကျဲ့မှ ပြန်ပြောသည်။
“ရပါတယ်”
“ဒါဆို ဒီလိုပဲလုပ်တာပေါ့”
ချီမုကောသည် မုလန်စစ်သည်နှစ်ဦးကို ခေါ်၍ အမိန့်ပေးသည်။
“သူက ချန်ကျိုစစ်ပဲ။ အခုကစပြီး မင်းတို့ သူ့အမိန့်ကို နာခံရမယ်”
ချပ်ဝတ်တန်ဆာများဖြင့် မုလန်စစ်သည်နှစ်ဦးသည် ချန်ကျဲ့ကို ကြည့်လာ၏။ ထို့နောက် တုံ့ပြန်သည်။
“နားလည်ပါပြီ”
စစ်သည်နှစ်ဦးသည် ချန်ကျဲ့မှ ယဲ့လုဖုန်း၏ ဧည့်သည်တော်ဖြစ်ကြောင်း သိထားကြရာ မောက်မာထောင်လွှားခြင်းမရှိဘဲ ရိုကျိုးနှိမ့်ချကြသည်။
ချန်ကျဲ့ လက်သီးယှက်အရိုအသေပြုလိုက်သည်။
“ကျေးဇူးတင်ပါတယ်”
ထို့နောက် ချန်ကျဲ့သည် မုလန်စစ်သည်နှစ်ဦးနှင့်အတူ ထွက်ခွာလာခဲ့သည်။
ထိုစဉ် ချီမုကောသည် ယဲ့လုဖုန်း၏ စာကြည့်ခန်းထဲသို့ သွားခဲ့သည်။ ယဲ့လုဖုန်းသည် လက်တစ်ဖက်တွင် သေရည်တစ်ခွက်ကို ကိုင်၍ တစ်ဖက်တွင် စုတ်တံကို ကိုင်ကာ စာရေးနေသည်။
“သေရည်ယူလာခဲ့စမ်း၊ ခွက်ထဲမှာ သေရည်မပြတ်စေနဲ့”
“သခင်ကြီး”
ချီမုကောသည် အခြေအနေကို တင်ပြသည်။ ထိုအခါ ယဲ့လုဖုန်းသည် ခပ်ဖျော့ဖျော့ရယ်မော၏။
“ကြည့်ရတာ ချန်ကျိုစစ်က အတော်လေး ဉာဏ်နီဉာဏ်နက်များတာပဲ”
ထိုမှတ်ချက်တွင် ချီမုကောမှ ပြောသည်။
“သခင်ကြီး၊ ဒီလူက လုပ်ချင်တာ အရင်လုပ်ပြီး နောက်မှ တင်ပြပါတယ်။ အနာဂတ်မှာ သူ့ကိုထိန်းချုပ်ဖို့ ခက်ခဲမှာကို စိုးရိမ်မိပါတယ်”
ယဲ့လုဖုန်းသည် ချီမုကောကို ကြည့်လျက် ပြောသည်။
“နန်ပါးထျန်းကရော?”
ချီမုကောမှ ပြောသည်။
“အင်အားကြီးမားတဲ့ သူရဲကောင်းတစ်ယောက်ပါ”
“လျိုလောင်ကွေ့ကရော?”
“လှည့်ဖြားတတ်တဲ့လူတစ်ယောက်ပါ”
ယဲ့လုဖုန်းမှ ဆက်ပြောသည်။
“နှစ်ယောက်စလုံးက ကိုင်တွယ်ရခက်ခဲတဲ့သူတွေပဲ။ သူတို့နှစ်ယောက်ကို ဟန်ချက်ညီစေဖို့အတွက် သိုးတစ်ကောင်ကို သုံးမယ်ဆိုရင် အဲဒီသိုးက အရိုးတောင် ကျန်မှာမဟုတ်ဘူး။ ဆာလောင်နေတဲ့ ဝံပုလွေနှစ်ကောင်ကို ဟန်ချက်ညီစေဖို့ဆို အနည်းဆုံးတော့ မြေခွေးတစ်ကောင်ကို သုံးမှဖြစ်မှာပေါ့ မဟုတ်ဘူးလား”
ထိုအခါ ချီမုကောမှ ပြောသည်။
“ကျွန်… ကျွန်တော် နားမလည်ပါဘူး”
ယဲ့လုဖုန်းသည် ရယ်မော၏။
“ဟား ဟန်ချက်ညီအောင်လုပ်တယ်၊ တိုင်းပြည်တစ်ခုကို အုပ်ချုပ်တယ်ဆိုတာ ငါးအသေးလေးတစ်ကောင်ကို ချက်ပြုတ်ရသလိုပဲ။ စီရင်စုတစ်ခုကို စီမံခန့်ခွဲတာလည်း အတူတူပဲ။ ဟန့်လူမျိုးတွေက တကယ့်ကို အကြွင်းမဲ့ဉာဏ်ပညာရှိကြတယ်။ ငါတို့ဘိုးဘေးတွေက အရမ်းကိုမှ ရိုးရှင်းတဲ့အချိန်ကာလတွေကို ဖြတ်သန်းနေချိန် လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကတည်းက ဟန့်လူမျိုးတွေက ဒီသဘောတရားတွေကို နားလည်နေခဲ့ကြတာ အံ့မခန်းပါပဲ”
ချီမုကော ဘာမျှမဖြေပေ။
ယဲ့လုဖုန်းမှ လက်ဝှေ့ရမ်းသည်။
“ကောင်းပြီ။ မင်းသွားတော့”
“ဟုတ်ကဲ့”
…
ရွှင်းဖုန့်ကိုယ်ရံတော်အဖွဲ့အစည်း၌
“ကျိုစစ်!”
ကျိုးချူသည် နောက်ဖေးတံခါးကို ဖွင့်လိုက်သည်။ ကျိုးချူသည် အကြီးအကဲစွင်းကို ဒီနေ့အဖြစ်အပျက်အကြောင်း ကြိုတင်အသိပေးထားပြီးဖြစ်ပြီး သခင်မစွင်းကိုလည်း ပြောပြထားခဲ့သည်။
“အဖေ၊ ဒီနေ့ကျွန်တော်ပြုလုပ်တဲ့ ကိစ္စအားလုံးဟာ ကျွန်တော်တစ်ယောက်တည်းရဲ့ လုပ်ရပ်တွေပါ။ အဖေတို့က ဘာမှမသိချင်ယောင်ဆောင်နေလိုက်ပါ။ အဲဒီလိုဆို နောက်ပိုင်း ပြဿနာတစ်ခုခုဖြစ်လာခဲ့ရင် စွင်းမိသားစုအတွက် အန္တရာယ်ကင်းပါလိမ့်မယ်”
ကျိုးချူ၏ရည်ရွယ်ချက်မှာ ရှင်းလင်း၏။ ချန်ကျဲ့ကို ကူညီခြင်းသည် အသက်အန္တရာယ်ရှိနိုင်သော ကိစ္စရပ်ဖြစ်သည်။ စွင်းပုအာကိုပါ ပါဝင်ပတ်သက်စေခဲ့ပါက ရွှင်းဖုန်းကိုယ်ရံတော်အဖွဲ့အစည်းတစ်ခုလုံးကိုပါ ပါဝင်သွားပေလိမ့်မည်။
အခြေအနေများသည် သေချာမရှင်းလင်းသေးသော်ငြား ကျိုးချူသည် ချန်ကျဲ့အတွက် အသက်စတေးရန် ဆန္ဒရှိပါ၏။ သို့သော် စွင်းမိသားစုသည်တော့ ပါဝင်ပတ်သက်၍ မဖြစ်ချေ။
သို့ဖြစ်ရာ ဒီနေ့အတွက် အနောက်ခြံဝင်းတစ်ခုလုံးကို လူရှင်းထားခဲ့သည်။
“သခင်၅!”
ချန်ကျဲ့ ခြံဝင်းထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် စိတ်လှုပ်ရှားတက်ကြွမှုကြောင့် မျက်လုံးများတောက်ပနေသော လက်အောက်ငယ်သား၈ယောက်ကို မြင်လိုက်ရသည်။ ထိုလူ၈ဦးသည် လွန်ခဲ့သည့် ရက်အနည်းငယ်က သေရေးရှင်ရေးကြားတွင် ကျိုးချူ ရွေးချယ်လာနိုင်ခဲ့သည့် သစ္စာရှိ၈ဦးဖြစ်သည်။
“အင်း ညီနောင်တို့၊ ဒုက္ခများခဲ့ကြရပြီ”
“ကျွန်တော်တို့က သခင်၅အတွက် မီးပင်လယ်ကိုတောင် ဖြတ်သန်းဖို့ဆန္ဒရှိပါတယ်!”
လူ၈ဦးသည် စိတ်လှုပ်ရှားနေကြ၏။ နောက်ဆုံးတော့ သူတို့အတွက် မျှော်လင့်ချက်ရှိလာလေပြီ။
“သူဘယ်မှာလဲ”
ချန်ကျဲ့ ကျိုးချူကို မေးလိုက်သည်။ ကျိုးချူသည် ခပ်လှမ်းလှမ်းမှ ထင်းတဲကို လက်ညှိုးထိုးပြသည်။
“အစ်ကိုဟုန်ရော ရှိနေလား”
ချန်ကျဲ့ မေးလိုက်သည်။
“အင်း”
ထိုအခါ တံခါးကိုမှီ၍ မျက်လုံးမှိတ်အနားယူနေသည့် ဝူဟုန်ကို ချန်ကျဲ့မြင်လိုက်ရသည်။ ဝူဟုန်သည် ပင်ပန်းနေပုံရ၏။
တစ်ညလုံးမအိပ်စက်ခဲ့ရဘဲ မိုင်ရာချီအဝေးကို အလောတကြီး ခရီးနှင်ခဲ့ရရာ Iron Manပင်လျှင် မောပန်းနွမ်းနယ်လောက်ပါ၏။
ချန်ကျဲ့ ဝူဟုန်ကို ဖြည်းဖြည်းတို့ထိရင်း ခေါ်လိုက်သည်။
“အစ်ကိုဟုန်”
“ဟင်?”
ဝူဟုန် အသိပြန်ဝင်လာ၏။ ချန်ကျဲ့မှ ပြောသည်။
“အစ်ကို ပင်ပန်းသွားရပါပြီ”
ထိုအခါ ဝူဟုန်မှ ပြန်ပြောသည်။
“အာ ငါအိပ်ပျော်သွားတာပဲ။ မင်းဘာလို့ ညီအစ်ကိုအချင်းချင်းကြား အဲဒီလိုစကားတွေ ပြောနေရတာလဲ။ ငါမင်းအတွက် လူကို ခေါ်လာခဲ့ပြီ”
ထိုအခါ အခန်းထောင့်တွင် ကိုယ်ကိုကျုံ့ထားသည့် အမျိုးသမီးကို ချန်ကျဲ့လှည့်ကြည့်လိုက်သည်။ သူမ၏ ခြေလက်များကို ကြိုးချည်ထား၏။
အမျိုးသမီးသည် ချန်ကျဲ့ကို မြင်သောအခါ အလွန်တရာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ကာ မျက်လုံးတို့ပြူးကျယ်လာတော့သည်။
“အင်း အင်း…..”
သူမ၏ပါးစပ်တွင် အဝတ်ဆို့ထားသောကြောင့် သူမသည် စကားမပြောနိုင်ပေ။ သို့ဖြင့် ကြောက်လန့်တကြားသော ဝူးဝူးဝါးဝါးအသံများသာ ထွက်နေခဲ့သည်။ သူမသည် သူမအား မည်သည့်ကံကြမ္မာမျိုး စောင့်ဆိုင်းနေသည်ကို မသိနိုင်ပါချေ။ ဤအမျိုးသားသည် သူမကို မည်သို့ဆက်ဆံလိမ့်မည်ကိုလည်း မတွေးရဲပါတော့ချေ။
ချန်ကျဲ့မှ ဝူဟုန်ကို ပြောသည်။
“အစ်ကို ပြန်လိုက်တော့လေ၊ အိမ်ပြန်ပြီး နည်းနည်းလောက် အနားယူလိုက်ပါဦး”
ထိုသို့ပြောပြီးနောက် ချန်ကျဲ့သည် ဝူဟုန်၏လက်ထဲသို့ ထိုက်ဆွေ့ဆေးလုံးတစ်လုံး ထည့်ပေးလိုက်သည်။
ဝူဟုန် ကြောင်အသွား၏။ ချန်ကျဲ့မှ ရှင်းပြသည်။
“ဘယ်သူမှ မသိပါစေနဲ့။ ဒါက ထိုက်ဆွေ့ဆေးလုံးပဲ။ ဒါကိုသောက်ပြီးမှ စိတ်ဝိဉာဉ်ပြောင်းလဲဆေးလုံးကို သောက်လိုက်ပါ။ အဲဒီလိုဆို စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အရေးပိုများသွားလိမ့်မယ်”
“ကျိုစစ်!”
ဝူဟုန်သည် ငြင်းဆန်လိုသော်ငြား ချန်ကျဲ့မှ အသံနိမ့်ဖြင့် ဆက်ပြောသည်။
“ဒီကိစ္စရဲ့ နောက်ဆက်တွဲကိစ္စတွေမှာ အစ်ကိုဝင်မပါနဲ့တော့။ ပြီးတော့ အခုအချိန်က စပြီးတော့ အစ်ကိုနဲ့ကျွန်တော် အကွာအဝေးကို ခပ်ဝေးဝေး ထိန်းသိမ်းနေကြရမယ်။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်နှစ်ယောက် အရမ်းရင်းနှီးနေတာက လူတွေကို ပူပန်စေလိမ့်မယ်”
“ဟမ်?”
ဝူဟုန်သည် ချန်ကျဲ့ကို ကြည့်နေခဲ့သည်။ ချန်ကျဲ့မှ ပြောသည်။
“ကျွန်တော်ပြောတာကို နားထောင်ပါအစ်ကို။ ဒီလိုက အကောင်းဆုံးပါပဲ”
ဝူဟုန်မှ ပြောသည်။
“ဒါပေမဲ့ ကျိုစစ်…”
ချန်ကျဲ့ ဝူဟုန်ကိုကြည့်ရင်း ပြုံးရယ်လျက် မှတ်ချက်ပြုသည်။
“အစ်ကိုဟုန်၊ တရားရုံးတော်ရဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ရဲမက်တစ်ယောက်က ကုန်သည်အဖွဲ့သားတစ်ယောက်နဲ့ အရမ်းရင်းရင်းနှီးနှီး မပတ်သက်နေသင့်ဘူးလေ ဟုတ်တယ်မလား”
ဝူဟုန် နားလည်ပါသည်။ ချန်ကျဲ့သည် ထိုအချက်ကို အကြောင်းပြ၍ သူနှင့် အကွာအဝေးခြားနေခြင်း ဖြစ်သည်။
ခပ်လှမ်းလှမ်းမှ မုလန်စစ်သည်နှစ်ဦးကို မြင်သောအခါ ဝူဟုန်သည် တစ်စုံတစ်ရာကို နားလည်သွားသည့်အလား ချန်ကျဲ့ကို ကသိကအောက်နိုင်လှသော အပြုံးဖြင့် ပြုံးပြခဲ့ပြီး လှည့်ထွက်သွားတော့သည်။
ဤသည်မှာ တစ်စုံတစ်ဦး၏ ထိန်းချုပ်မှုအောက်ရှိ သိုင်းလောကအတွင်း ရှင်သန်ရသော ဘဝပုံစံဖြစ်၏။
သာမန်မျှသော လူနှစ်ဦးသည် ကောင်းမွန်သည့်ဆက်ဆံရေးရှိနိုင်သည့်တိုင် စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်ဖြစ်သွားသည်နှင့်တစ်ပြိုင်နက် မျန့်ရွှေစီရင်စုတွင် လွှမ်းမိုးနိုင်စွမ်းရှိသည့် ပုဂ္ဂိုလ်တစ်ဦးဖြစ်လာလိမ့်မည်။ ထိုအခါ ချန်ကျဲ့နှင့် ဝူဟုန်၏ဆက်ဆံရေးမှာ ဆက်လက်ကောင်းမွန်နေပါလျှင် သည်းမခံနိုင်စရာ ဖြစ်လာလိမ့်မည်။ အစိုးရအရာရှိနှင့် ဝရမ်းပြေး၏ ပူးပေါင်းမှုလည်း ဖြစ်နေခဲ့ရာ အထက်ပုဂ္ဂိုလ်ကြီးများသည် ဂနာမငြိမ်ဖြစ်လာကြလိမ့်မည်။
ဝူဟုန်ထွက်ခွာသွားပြီးနောက်၌ ကျိုးချုသည် ချန်ကျဲ့အနားသို့ကပ်ပြီး မေးသည်။
“အစ်ကိုဟုန်က ဘာလို့ထွက်သွားတာလဲ”
ချန်ကျဲ့ အေးစက်စက် လှောင်ရယ်လိုက်သည်။
“ဟက် သူက အရမ်းမွန်မြတ်လွန်းတဲ့ သူတော်ကောင်းကြီးလေ။ သူ့ကို ဂရုစိုက်မနေနဲ့၊ လုပ်စရာရှိတာ လုပ်ကြတာပေါ့”
ချန်ကျဲ့၏အသံသည် အေးစက်နေ၏။ ယခုအချိန်မှစ၍ ဝူဟုန်နှင့် ဝေးဝေးနေရန် သတိထားရပေတော့မည်။
ထိုသို့အတွေးဖြင့် ချန်ကျဲ့ အနီးရှိ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ချလိုက်သည်။ ထို့နောက် ကျိုးချူကို အကြည့်ဖြင့် အချက်ပြ၏။
ကျိုးချူလျှောက်သွားလိုက်ပြီး အမျိုးသမီး၏ပါးစပ်ထဲမှ အဝတ်ကို ဖယ်ပေးလိုက်သည်။
“အဟွတ် အဟွတ် အဟွတ်…”
ဟွားသျဲ့သည် အဝတ်ဖယ်လိုက်သည်နှင့် ချက်ချင်း အသည်းအသန် ချောင်းဆိုးတော့သည်။ ချန်ကျဲ့သည် အလျင်မလိုပါချေ။
ညတာက ရှည်ပါတယ်၊ အလျင်လိုဖို့ မလိုပါဘူး။