← Chapters

အခန်း (၁)

Vol. 1 Ch. 1

အခန်း (၁)

Vol. 1 Ch. 1

၂၀၂၅ ခုနှစ်၊ ဂျွန်လ၊ ၂၉ ရက်နေ့၊ မိုးပြာနဂါးတိုက်ကြီး၏အရှေ့တောင်အရပ် ရှောင်မိသားစုတွင် ည ၁၁ နာရီခွဲရှိနေပြီဖြစ်သော်ငြား သိုင်းလေ့ကျင့်ရေးခန်းမသည် အသက်ဝင်နေဆဲဖြစ်သည်။

သိုင်းလေ့ကျင့်ရေးခန်းမ၏အလယ်တွင် အညိုရောင်သိုင်းလေ့ကျင့်ရေးဝတ်စုံဖြင့် လူငယ်လေးတစ်ယောက်ရှိနေ၏။

သူ၏ရုပ်ရည်ဟာကြည့်ကောင်းလှသည် မဟုတ်သော်ငြား ထက်မြက်ပြီးတည်ကြည်သည်။ လက်ရှိတွင်သူဟာ မျက်လုံးအစုံတို့အားမှိတ်ထားလေပြီး ၂ မီတာလော​က်ရှိသည့် အနက်ရောင်ကျောက်တိုင်ကြီး၏အရှေ့တွင်ရပ်နေသည်။

လေ့ကျင့်နေဆဲဖြစ်သည့် ရှောင်ကလန်ဝင်မျိုးဆက်သစ် ၅ ယောက်လောက်ကလဲ ထိုလူငယ်လေးအားစိတ်ဝင်တစား ဝိုင်းကြည့်နေကြ၏။

“စီနီယာအကိုရှောင်က နင်ကလန်ကိုသွားပြီး ပြန်လာတော့ နည်းနည်းပြောင်းလဲသွားသလိုပဲနော်” ခပ်ဝေးဝေးမှကြည့်နေသည့် ကောင်လေး ၁ ယောက်က သူ၏သူငယ်ချင်းအားတီးတိုးပြောလိုက်သည်။

“မင်းစိတ်ထင်တာပဲနေမာပဲ”

“မြန်မြန်ကြည့်​တော့ စီနီယာအကိုရှောင် သူရဲ့ခွန်အားကိုစမ်းသပ်တော့မယ်” ကောင်လေးက အလျင်စလိုပြောလိုက်သည်။

အားလုံး၏အာရုံစူးစိုက်မှုအလယ်တွင်ရှိနေသည့် ရှောင်ယွမ်ကတော့ မျက်လုံးဖွင့်လိုက်သည်။ သူ၏အနက်ရောင်မျက်ဝန်းတို့ဟာဆွဲဆောင်မှုရှိလေပြီး ကြယ်​ကလေးတွေကဲ့သို့ တစ်ဖြတ်ဖြတ်တောက်ပနေသည်။

ရှောင်ယွမ်က အသက်ရှုပင်အောင့်လိုက်ပြီး ကျောက်တုံးကြီးကို အားအကုန်သုံး၍ထိုးချလိုက်သည်။

“ဘန်းး”

ပြင်းထန်လှသော ထိုးချက်ကြောင့် ကျောက်တုံးကြီးဆီမှ ခပ်တိုးတိုးအသံတစ်ချက်ထွက်ပေါ်လာသော်လည်း၊ ကျောက်တုံးကြီးမှာမူ အနည်းငယ်မျှပင် ပျက်စီးသွားခြင်းမရှိပေ။

မျက်နှာပြင်ပေါ်တွင်ကပ်နေသော ဖုန်မှုန့်များသာကွာကျလာလေသည်။

သို့သော် ထိုထိုးချက်၏ခွန်အားမည်မျှ သန်မာသနည်းကို သိုင်းလေ့ကျင့်ရေးခန်းမကြီးတစ်ခုလုံး တုန်ခါသွားခြင်းက သက်သေပြနေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ရှောင်ကလန်ဝင် လူငယ်များ၏ မျက်လုံးများမှာ ပြူးကျယ်သွားကြပြီး အချို့မှာ မျက်စိပင်မှိတ်ထားမိသည်။

ရှောင်ယွမ်၏ခွန်အားမှာ သူတို့စိတ်ကူးထားသည်ထက်ပင် များစွာသန်မာနေလေသည်။

ကျောက်တုံးကြီးဟာ အသံအနည်းငယ်မည်လညလေပြီး မျက်နှာပြင်ပေါ်တွင် ဂဏန်းများပေါ်လာ၏။

“၁၂၀၀ ဂျင်”

“အကိုကြီးရှောင် ဘယ်တုန်းက ဒီလောက်ထိသန်မာသွားတာလဲ”

ရှောင်ယွမ်၏သစ္စာရှိအပေါင်းအဖော်ဖြစ်သည့် ခပ်ပိန်ပိန်၊ သာမာန်ရုပ်ရည်၊ အရပ်ရှည်ရှည် နှင့် ရှောင်ဝမ်က ထိန့်လန့်တကြားအော်ဟစ်လိုက်သည်။

အခြားသော ရှောင်ကလန်ဝင်များကလဲ ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။

၁၂၀၀ ဂျင်ဆိုသောခွန်အားမှာ လူတစ်ယောက်ကိုလက်သီးတစ်ချက်ထဲနှင့်သတ်ပြစ်နိုင်သည်အထိသန်မာလေသည်။ လူတစ်ယောက်မဆိုထား နှင့် ထိုအင်အားမှာ နံရံများကိုပင်လက်သီးတစ်ချက်ဖြင့်အက်ကွဲစေသည်အထိ အင်အားရှိလှသည်။

“အကိုကြီးရှောင်ယွမ် ခင်ဗျား သိုင်းထိပ်သီးအဆင့်ကိုရောက်သွားပြီလား” ရှောင်မင်က မျက်လုံးပြူးမျက်ဆန်ပြူးဖြင့်ပြောလိုက်သည်။

သူတို့ရှောင်ကလန်ဝင်များ၏ မျိုးဆက်သစ်များအားလုံးဟာ ယခုမှ အဆင့် ၄ သိုင်းပညာရှင်အဆင့်ကိုသာရောက်ရှိသေးကြသည်။

ရှောင်ယွမ်ကလွဲ၍ အဆင့်အမြင့်ဆုံးသူဖြစ်သည့် ကလန်အကြီးအကဲ၏သမီးဖြစ်သူ ရှောင်ဟွာပင်လျှင် ယခုမှ အဆင့် ၆ သိုင်းပညာရှင်အဆင့်သို့သာရှိသေး၏။

“ဟားဟား မဟုတ်ရပါဘူးကွာ အခုမှ အဆင့် ၇ သိုင်းပညာရှင်ပဲရှိသေးတယ်” ရှောင်ယွမ်ကလည်း ရယ်မောရင်းပြောလိုက်ကာ စကားစဖြတ်လိုက်ပြီး ထွက်လာလိုက်သည်။

“ကောင်းပြီ ဂျူနီယာညီလေးတို့ကြိုးစားထား၊ အကိုကြီးသွားနားပြီ”

ရှောင်ကလန်ဝင်များက လက်ပြပြီး နှုတ်ဆက်လိုက်ကြသည်။

“ကောင်းသောညလေးပါ စီနီယာအကိုကြီး”

“အေးအေး ကောင်းသောညလေးပါ”

ရှောင်ယွမ်၏မျက်နှာထက်မှအပြုံးများသာ သိုင်းခန်းမအပြင်ဘက်သို့ရောက်လာသည့်နှင့်ပျောက်ကွယ်သွားသည်။

သူ၏နွေးထွေးပြီးတည်ကြည်သော မျက်လုံးကလေးတို့ဟာလဲ အေးစက်သွားပြီး ရေရွတ်လိုက်သည်။

“သောက်အမှိုက်တွေ” ရှောင်ယွမ်ဟာ အမှန်တကယ်ပင်ရွံရှာနေသည့် အမူအရာဖြင့်ရေရွတ်လိုက်ခြင်းဖြစ်သည်။

သူနေသည့်အခန်းမှာ သိပ်မဝေးလှချေ။ ထို့ကြောင့် မိနစ်အနည်းငယ်ခန့်ကြာသောအခါတွင် သူ၏အခန်းထဲသို့ပြန်ရောက်လာသည်။

ရှောင်ကလန်ဟာ ရွှေနဂါးနိုင်ငံ၏နယ်မြေအတွင်းတွင်ရှိကာ ရွှေအဆင့်ကလန်တစ်ခုဖြစ်သည်။ ကလန်ခေါင်းဆောင်ဟာ အဆင့် ၂ ဝိညာဉ်သခင်အဆင့်ဖြစ်ကာ ရွှေနဂါးနိုင်ငံ၏ထိပ်သီးများထဲမှ တစ်ယောက်ဖြစ်သည်။

ကျင့်ကြံခြင်းအဆင့်များအား အဆင့်ကြီး ၃ ဆင့်ခွဲခြားထားပြီး သိုင်းပညာရှင်၊ သိုင်းထိပ်သီး နှင့် ဝိညာဉ်သခင်အဆင့်တို့ဖြစ်သည်။

သိုင်းပညာရှင်များဟာ သူတို့၏ကိုယ်ခန္ဓာအား ပြီးပြည့်စုံအောင် လေ့ကျင့်ရလေပြီး အောင်မြင်သွားလျှင် သိုင်းထိပ်သီးအဆင့်သို့​​တတ်ရောက်နိုင်မည်ဖြစ်သည်။

သိုင်းပညာရှင်အဆင့်တွင် အဆင့် ၇ ဆင့်ရှိသည်။

သိုင်းထိပ်သီးအဆင့်သို့ရောက်သွားလျှင်တော့ သန္ဓေပြောင်းသားရဲများအားအမဲလိုက်ပြီး ဝိညာဉ်အရိုးအားသန့်စင်ကာ ဝိညာဉ်သခင်အဆင့်သို့တတ်ရောက်နိုင်လိမ့်မည်ဖြစ်သည်။

ရှောင်ယွမ်ဟာ ရှောင်ကလန်၏လက်ရွှေးစင်တစ်ယောက်ဖြစ်သောကြောင့် အကြီးအကဲများ၏တန်ဖိုးထားခြင်းကိုခံရလေသည်။

ထို့အတွက်ကြောင့် သူဟာအိမ်တစ်လုံးအား အပိုင်စားရထားလေပြီး ၂ ထပ်အိမ်ဖြစ်ကာ ဂျပန်​မော်ဒန်စတိုင် ၂ ထပ်အိမ်ဖြစ်သည်။

သူ၏မိဘနှစ်ပါးဟာ သန္ဓေပြောင်းသားရဲများအား အမဲလိုက်ရာတွင် ကျဆုံးခဲ့သည်။ ထို့အတွက်ကြောင့်ငယ်ငယ်ရွယ်ရွယ်နှင့် ရှောင်ယွမ်ဟာ မိဘမဲ့ဖြစ်ခဲ့ရသည်။

ရှောင်ယွမ်က ခြောက်ကပ်ကာတိတ်ဆိတ်နေသည့် အိမ်ထဲသို့ဝင်ရောက်လာပြီး အဝတ်အစားတို့အားချွတ်လိုက်၍ ရေချိုးခန်းဝင်လိုက်သည်။

သူ၏အသက်မှာ ၁၉ နှစ်ရှိပြီဖြစ်ပြီး အရပ်မှာ ၅ ပေ ၁၀ လက်မရှိကာ ကြွက်သားအမြောင်းအမြောင်းဖြင့်တောင့်တင်းခိုင်မာသော ခန္ဓာကိုယ်ရှိသည်။

ရှောင်ယွမ်က သူ၏မျက်နှာအား ရေချိုးခန်းမှန်ထဲတွင် မြင်လိုက်ရသောအခါ ရှုံမဲ့သွားသည်။

“ရုပ်ဆိုးလွန်းတဲ့ အမှိုက်ပဲ” ရှောင်ယွမ်က သူ့ကိုယ်သူကျိန်ဆဲလိုက်၏။

အမှန်တကယ်လက်တွေ့တွင်တော့ ရှောင်ယွမ်က အနက်ရောင်ဆံပင်အနေတော်ဖြင့် အတော်လေးကြည့်ကောင်းသော ယောင်္ကျားတစ်ယောက်ဖြစ်သည်။

ယောင်္ကျားပီသသည်ဟု ပြောရလေမည်။​ ရှောင်ယွမ်က ရေချိုးခန်းသုံးပြီး အပေါ်ထပ်သို့တတ်လာကာ နာရီအားကြည့်လိုက်သောအခါ ၁၂ နာရီထိုးဖို့ ၅ မိနစ်အလိုဖြစ်သည်။

သူက ရေခဲသေတ္တာထဲမှ အဖြူရောင်အားဖြည့်အချိုရည်အားယူလိုက်သည်။ ပြီးနောက်တွင် မွေ့ယာပေါ်သို့ထိုင်ချလိုက်၏။ မွေ့ယာကြီးဟာ အဖြူရောင်ဖြစ်လေပြီး မိသားစု ၅ ယောက်ခန့်အိပ်လို့ရသော မွေ့ယာကြီးတစ်ခုဖြစ်သည်။

“ဖောက်”

ရှောင်ယွမ်က လျာတစ်ချက်သပ်လိုက်ပြီး အားဖြည့်အချိုရည်အားမော့သောက်လိုက်ကာ ၁၂ နာရီထိုးဖို့အတွက် စောင့်ဆိုင်းနေလိုက်သည်။

၃ မိနစ်သာလိုတော့သည်ဖြစ်သော်လည်း ရှောင်ယွမ်က ခြေတစ်လှုပ်လှုပ်ဖြင့် အငြိမ်မနေနိုင်ဖြစ်နေရသည်။

“အင်း ဒီနေ့ဘာရလောက်မလဲ” သူက သူ၏ညာဘက်လက် လက်ညိုးတွင်စွပ်ထားသော ငွေရောင်လက်စွပ်လေးအား တစ်ချက်ကြည့်ကာ စိတ်လှုပ်ရှားစွာဖြင့် ရေရွတ်လိုက်မိသည်။

“တင်းတောင်”

၁၂ နာရီထိုးသွားသည်နှင့်တစ်ပြိုင်နက် လောကကြီးတစ်ခုလုံးက အချိန်ရပ်တန့်သွားကာ ရှောင်ယွမ်ဟာလည်း အဖြူရောင်အခန်းကြီးတစ်ခုထဲသို့ရောက်ရှိသွားသည်။

အဖြူရောင်အခန်းကြီးဟာ အဆုံးမဲ့သကဲ့သို့ကျယ်ဝန်းလှပြီး ရှောင်ယွမ်တစ်​ယောက် အစနှင့်အဆုံးကိုပင်မမြင်ရချေ။

သို့သော် ရှောင်ယွမ်ဟာ ထိုအချင်းအရာအား လုံးဝလျစ်လျူရှုထားသည်။ သူ၏အရှေ့တွင်အလင်းလုံးလေး ၅ လုံးပေါ်လာသည်ကိုမြင်လိုက်ရသောအခါ ရှောင်ယွမ်ပြုံးလိုက်၏။

ဂေါ်လီအရွယ် အလင်းလုံးလေး ၅ လုံးဟာ ၇ လက်မလော​က်သာရှိမည့် အတောင်ပံပါနတ်သမီးအဖြစ်သို့အသွင်ပြောင်းသွား၏။

ပြီနောက်တွင် ကောင်းကင်အထက်တွင်လည်း ရောင်စုံအလင်းတွေထုတ်လွှင့်နေသော ဘောလုံးလေးတစ်လုံး ထွက်ပေါ်လာပြန်ကာ အဖြူရောင်ကမ္ဘာကြီးတစ်ခုလုံးကို ရောင်စုံကမ္ဘာကြီးအဖြစ်သို့အသွင်ပြောင်းလိုက်သည်။

တစ်ချိန်တည်းမှာပဲ မြူးကြွသည့် သီချင်းသံလေးတစ်ခုထွက်ပေါ်လာသည်။ အတောင်ပံပါနတ်သမီး ၅ ယောက်ဟာလဲ သူမတို့၏ဂါဝန်များအားဖြဲလိုက်ပြီး စကပ်အသွင်ပြောင်းလိုက်သည်။

ပြီနောက်တွင် ကေပေါ့အိုင်ဒေါများကဲ့သို့ စတင်၍ကခုန်လေတော့သည်။

“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”

“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”

“ကဒ်ကလေး ကဒ်​ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”

“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”

“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”

“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”

သီချင်းသံနှင့်အတောင်ပံပါနတ်သမီးလေးများ၏ လှပစွာကခုန်ခြင်းဟာ အလွန်လှပလေပြီး ရှောင်ယွမ်ပင် အငြိမ်မနေနိုင်တော့ပဲ လိုက်ကနေမိသည်။

“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”

“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”

“ကဒ်ကလေး ကဒ်​ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”

“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”

“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”

“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”

“ဒီကနေ့ရဲ့ ဂါချာကဒ်လေးကတော့ စွမ်းရည်ကဒ်ဖြစ်ပါတယ်ရှင်”

တောင်ပံပါ နတ်သမီး ၅ ယောက်ကလုံးက ချစ်စရာကောင်းစွာ အသံပြိုင်ပြောလိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။ ပြီးနောက်တွင် သူတို့ ၅ ယောက်လုံးဟာ အလင်းမှုန်တွေဖြစ်သွားကြပြီး အတော်လေးကြီးသော ဖုန်းတစ်လုံးစာ အရွယ်အစားရှိသည့် ဂါချာကဒ် ၅ ကဒ်အသွင်ပြောင်းသွားသည်။

ထိုထဲမှတစ်ကဒ်ဟာ ငွေရောင်ကဒ်ဖြစ်ပြီး ကျန်သည့် ၄ ကဒ်မှာတော့ ကြေးရောင်တွေဖြစ်ကြသည်။ ကဒ်များ၏နောက်ကျောနှင့်အရှေ့တွင်လည်း အရေအတွက်မတူညီသော ကြယ်များရှိနေသည်။

ရှောင်ယွမ်ကချောင်းဟန့်လိုက်ပြီး ကဒ်များအားသေချာကြည့်လိုက်သည်။

[ကြေးအဆင့်စွမ်းရည်ကဒ်]

[အမည် - ငါဗိုက်ပြည့်နေပြီ]

[စွမ်းရည် - တစ်ပတ်တိတိ အစာစားစရာမလိုခြင်း]

[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်]

[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် တစ်လ စောင့်ဆိုင်းချိန်ရှိသည်။]

[အဆင့် - ကြေးအဆင့် 🌟🌟🌟🌟]

ရှောင်ယွမ်၏မျက်နှာက ရှုံ့မဲ့သွားကာ အခြားကဒ်များအားဆက်ကြည့်လိုက်သည်။

[ကြေးအဆင့်စွမ်းရည်ကဒ်]

[အမည် - ငါရေချိုးပြီးပြီ။]

[စွမ်းရည် - ချက်ချင်းလက်ငင်းရေချိုးပြီးသကဲ့သို့ သန့်ရှင်းကာ လန်းဆန်းသွားမည်။]

[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]

[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် ၄၈ နာရီစောင့်ဆိုင်းချိန်ရှိသည်။]

[အဆင့် - ကြေးအဆင့် 🌟🌟🌟🌟🌟]

[ကြေးအဆင့်စွမ်းရည်ကဒ်]

[အမည် - ငါရေဆာတယ်။]

[စွမ်းရည် - အသုံးပြုလိုက်လျှင် ၂ လီတာဆန့်သော ရေတစ်ဘူးရရှိလိမ့်မည်။]

[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]

[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် ၁၂ နာရီစောင့်ဆိုင်းချိန်ရှိသည်။]

[အဆင့် - ကြေး 🌟🌟🌟🌟]

[ကြေးအဆင့်စွမ်းရည်ကဒ်]

[အမည် - ငါဖိနပ်ဘယ်ရောက်​သွားတာလဲ။]

[စွမ်းရည် - အသုံးပြုလိုက်လျှင် သင်ကြိုက်နှစ်သက်ရာသာမန်ဖိနပ်တစ်ရံအားရရှိလိမ့်မည်။]

[အမျိုးအစား - အခါ ၂၀ သာအသုံးပြုနိုင်သည်။]

[ကန့်သတ်ချက် - မရှိ]

[အဆင့် - ကြေး 🌟🌟🌟]

သောက်ကျိုးနည်းစွမ်းရည်များအား ကြည့်ပြီး ရှောင်ယွမ်၏နှုတ်ခမ်းတို့က တစ်​ဆက်ဆ​က်တုန်ယင်သွားသည်။

ပြီးနောက်တွင် သက်ပျင်းချလိုက်ပြီး ငွေအဆင့်စွမ်းရည်ကဒ်အား မျှော်လင့်ချက်တကြီးဖြင့်စိုက်ကြည့်လိုက်၏။

[ငွေအဆင့်စွမ်းရည်ကဒ်]

[အမည် - ငါမင်းသောက်ခွက်ကိုပိတ်ရိုက်ပြီ။]

[စွမ်းရည် - အသုံးပြုလိုက်လျှင်ပစ်မှတ်အား တစ်စက္ကန့်တိတိ အကြောသေစေပြီး ပါးရိုက်နိုင်လိမ့်မည်။]

[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]

[ကန့်သတ်ချ​က် - တစ်ခါအသုံးပြုပြီးလျှင် ၁ မိနစ်စောင့်ဆိုင်းချိန်ရှိသည်။]

[ကန့်သတ်ချက် (၂) - ကဒ်ပိုင်ရှင်ထက် ခံနိုင်ရည် ၃ ဆပိုမြင့်မားတဲ့သူတွေအပေါ် မသက်ရောက်ပါ]

[အဆင့် - ငွေ 🌟🌟🌟🌟🌟🌟]

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁) ပြီး

All Chapters