အခန်း (၉)
Vol. 1 Ch. 9
သူ၏အရှေ့တွင်အလင်းလုံးလေး ၅ လုံးပေါ်လာသည်ကိုမြင်လိုက်ရသောအခါ ရှောင်ယွမ်ပြုံးလိုက်၏။
ဂေါ်လီအရွယ် အလင်းလုံးလေး ၅ လုံးဟာ ၇ လက်မလောက်သာရှိမည့် အတောင်ပံပါနတ်သမီးအဖြစ်သို့အသွင်ပြောင်းသွား၏။
ပြီနောက်တွင် ကောင်းကင်အထက်တွင်လည်း ရောင်စုံအလင်းတွေထုတ်လွှင့်နေသော ဘောလုံးလေးတစ်လုံး ထွက်ပေါ်လာပြန်ကာ အဖြူရောင်ကမ္ဘာကြီးတစ်ခုလုံးကို ရောင်စုံကမ္ဘာကြီးအဖြစ်သို့အသွင်ပြောင်းလိုက်သည်။
တစ်ချိန်တည်းမှာပဲ မြူးကြွသည့် သီချင်းသံလေးတစ်ခုထွက်ပေါ်လာသည်။ အတောင်ပံပါနတ်သမီး ၅ ယောက်ဟာလဲ သူမတို့၏ဂါဝန်များအားဖြဲလိုက်ပြီး စကပ်အသွင်ပြောင်းလိုက်သည်။
ပြီနောက်တွင် ကေပေါ့အိုင်ဒေါများကဲ့သို့ စတင်၍ကခုန်လေတော့သည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
သီချင်းသံနှင့်အတောင်ပံပါနတ်သမီးလေးများ၏ လှပစွာကခုန်ခြင်းဟာ အလွန်လှပလေပြီး ရှောင်ယွမ်ပင် အငြိမ်မနေနိုင်တော့ပဲ လိုက်ကနေမိသည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ကဒ်ကလေး ကဒ်ကလေးတွေဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်ဟိတ်”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
“ဒီကနေ့ရဲ့ ဂါချာကဒ်လေးကတော့ စွမ်းရည်ကဒ်ဖြစ်ပါတယ်ရှင်”
တောင်ပံပါ နတ်သမီး ၅ ယောက်ကလုံးက ချစ်စရာကောင်းစွာ အသံပြိုင်ပြောလိုက်ပြီး နှုတ်ခမ်းဆူလိုက်သည်။ ပြီးနောက်တွင် သူတို့ ၅ ယောက်လုံးဟာ အလင်းမှုန်တွေဖြစ်သွားကြပြီး အတော်လေးကြီးကာ ဖုန်းတစ်လုံးစာ အရွယ်အစားရှိသည့် ဂါချာကဒ် ၅ ကဒ်အသွင်ပြောင်းသွားသည်။
ဂါချာကဒ် ၅ ကဒ်လုံးဟာ ကြေးအရောင်ကဒ်တွေသာဖြစ်လေပြီး ကြယ်များဟာလည်း ၁ လုံး ၂ လုံးခန့်သာရှိသည်။
[ကြေးအဆင့်စွမ်းရည်ကဒ်]
[အမည် - အကိုအရှေ့ကိုနည်းနည်းပဲတိုမယ်နော်]
[စွမ်းရည် - ဆံပင်အား တစ်လက်မတိတိရှည်စေသည်။]
[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]
[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် တစ်ပတ်စောင့်ဆိုင်းချိန်ရှိသည်။]
[အဆင့် - ကြေးအဆင့် 🌟]
[ကြေးအဆင့်စွမ်းရည်ကဒ်]
[အမည် - တစ်ဝှီဝှီ]
[စွမ်းရည် - ၁၂ နာရီတိတိ ခြင်များဟာကဒ်ပိုင်ရှင်ကိုနှောင့်ယှက်မည်မဟုတ်ပါ]
[အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]
[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် စောင့်ဆိုင်းချိန် ၂၄ နာရီရှိသည်။]
[အဆင့် - ကြေးအဆင့် 🌟]
[ကြေးအဆင့်စွမ်းရည်ကဒ်]
[အမည် - မီးပျက်သွားပြီ]
[စွမ်းရည် - ကဒ်ပိုင်ရှင်ရဲ့ဖုန်းကို အားအပြည့်ဖြည့်ပေးမည်]
အမျိုးအစား - ထပ်ခါထပ်ခါအသုံးပြုနိုင်သည်။]
[ကန့်သတ်ချက် - တစ်ခါအသုံးပြုပြီးလျှင် စောင့်ဆိုင်းချိန် ၂၄ နာရီရှိသည်။]
[အဆင့် - ကြေးအဆင့် 🌟]
ကျန်သည့် ကြေးအဆင့်ကဒ် ၂ ခုလုံးဟာလည်း ဤအတိုင်းသာဖြစ်ပြီး ကျင့်ကြံခြင်းအတွက် အသုံးမဝင်သောအရာများသာဖြစ်သည်။
သာမန်လူများအတွက်တော့ အသုံးဝင်နိုင်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကလူများအတွက် အတော်လေးအသုံးဝင်နိုင်သည်။
“သောက်ခွေးပဲ ဒီကဒ်တွေနဲ့ ငါဘာလုပ်ရမာလဲဟ”
ရှောင်ယွမ်ဒေါသတကြီးအော်ဟစ်လိုက်၏။ ထို့အပြင် ဤကဒ်များဟာ အလကားရသည်မဟုတ်ပဲ သက်တမ်းနှင့်ဝယ်ယူရသည်ဖြစ်သည်။
ထိုအချိန်မှာပင် အဖြူရောင်အလင်းလုံးလေးတစ်လုံး ထွက်ပေါ်လာကာ ၇ လက်မအရွယ်အစားရှိသော နတ်သမီးလေးအဖြစ်သို့အသွင်ပြင်သွားသည်။
သူမဟာ အစိမ်းရောင်ဂါဝန်စကပ်အားဝတ်ဆင်ထားပြီး အစိမ်းရောင်ဆံပင်ရှည်၊ အစိမ်းရောင်မျက်လုံးတို့ဖြင့် ချစ်ဖို့ကောင်းသည်။
သူမက ဆရာကြီးတစ်ယောက်လို လက်ပိုက်ပြီး ရှောင်ယွမ်အားအထင်တသေးဖြင့်ကြည့်ကာပြောလိုက်သည်။
“ဂါချာကဒ်ရဲ့အဆင့်တွေဆိုတာက စနစ်ရှင်ရဲ့သက်တမ်း ဘယ်လောက်ရှိတာလဲဆိုတဲ့အပေါ်မူတည်ပါတယ်”
“စနစ်ရှင်ရဲ့သက်တမ်းကသာ နှစ် ၁၀၀၀ လောက်ဖြစ်နေမယ်ဆိုရင် ဒီထက်ကိုပြီးကောင်းမွန်တဲ့ ငွေအဆင့်ကဒ်တွေ ရွှေအဆင့်ကဒ်တွေ ရလာလိမ့်မယ်”
သူမက စိတ်မရှည်စွာဖြင့်ရှင်းပြလိုက်သည်။
“အင်း အဲတာဆိုရင် ငါကျင့်ကြံခြင်းအဆင့်တတ်မှပဲ သက်တမ်းတိုးနိုင်မာပေါ့”
“ဒါမှမဟုတ် သက်တမ်းကိုတိုးမြင့်ပေးနိုင်တဲ့ ကောင်းကင်နဲ့မြေကြီးကြားက ရတနာတွေ..”
“ဠီးတဲ့မှ ဒီလိုတွက်ကြည့်ရင် ကဒ်တွေနဲ့သက်တမ်းကို လဲရတာသိပ်ပြီးမတန်သလိုပဲ” ရှောင်ယွမ်က ပြောနေရင်းသေချာတွက်ကြည့်လိုက်သောအခါ မျက်မှောင်ကြုတ်သွားသည်။
အဆင့် ၄ ဝိညာဉ်သခင်များ၏ သင်တမ်းကပင် နှစ်ပေါင်း ၂၀၀ သာရှိသည်။ သို့သော် သူ၏ငွေအဆင့်ကဒ်တစ်ခုဟာတော့ သက်တမ်းပေါင်း ၃၀ နှစ်ပင်လိုအပ်လေသည်။
ထို့အတွက်ကြောင့် တွက်ချက်ကြည့်လျှင် လဲလှယ်ရသည်မှာ မကိုက်သလိုဖြစ်နေသည်။
ရှောင်ယွမ်တစ်ယောက် သူမ၏အကွက်ထဲသို့ဝင်လာသည်ကိုမြင်သောအခါ နတ်သမီးလေးက နှစ်လိုဖွယ်ပြုံးလိုက်သည်။
“အဲတာဆိုရင် စနစ်ကနေပြီးတော့ စနစ်ရှင်ကို အထူးကမ်းလှမ်းချက်တစ်ခုကမ်းလှမ်းမယ်”
သူမက ပြုံးလိုက်ပြီးနောက် သူမ၏လှပသောအစိမ်းရောင်ဆံပင်တစ်ခုပင်အားနှုတ်လိုက်ပြီး လေထဲသို့မှုတ်လိုက်သည်။ ထိုအခါ အစိမ်းရောင်ဆံပင်လေးက အဖြူရောင်စွမ်းအင်လုံးအဖြစ်သို့အသွင်ပြောင်းသွားသည်။
ပြီးနောက်တွင် အဖြူရောင်စွမ်းအင်လုံးလေးအဖြစ်မှ ရွှေရောင်ကဒ်လေးတစ်ခုအဖြစ်သို့ပြောင်းလဲသွားသည်။
ရှောင်ယွမ်ကလည်း စိတ်ဝင်တစားဖြင့် ဖတ်ကြည့်လိုက်သည်။
[ရွှေအဆင့်စွမ်းရည်ကဒ်]
[အမည် - ကျွန်တော်မြန်မာနိုင်ငံသားပါ။]
[အမျိုးအစား - ထာဝရအသက်ဝင်နေမည်။]
[စွမ်းရည် - ကဒ်ပိုင်ရှင်ကြောင့် အခြားသူများဖြစ်ပေါ်လာသည့် မကောင်းသောခံစားချက်များကို သက်တမ်းအဖြစ်သို့ပြောင်းလဲပေးသည်။]
[ကန့်သတ်ချက် - ပိုင်ရှင်အပေါ်မူတည်သည်။]
[အဆင့် - ရွှေ 🌟🌟🌟🌟🌟🌟]
“အထူးကမ်းလှမ်းချက်ဆိုမှတော့ ငါဝယ်နိုင်တဲ့ပမာဏအတွင်းမှာတော့ ရှိတယ်မလား” ရှောင်ယွမ်က နတ်သမီးငယ်လေးအားကြည့်ကာ မေးလိုက်သည်။
နတ်သမီးငယ်လေးကလည်း နှစ်လိုဖွယ်ပြုံးလိုက်ပြီး ပြန်ဖြေ၏။ “ဒါပေါ့ရှင့် နှစ်ပေါင်း ၃၂ နှစ်တည်းပါ”
“အထူးကမ်းလှမ်းချက်ဆိုတော့ ချွင်းချက်အနေနဲ့ ၁ မိနစ်စျေးလျော့ပေးပါမယ်” သူမလေးက ပျော်ရွင်ဖွယ်ပြောလိုက်သည်။
“အင်း ကန့်သတ်ချက်က မရှင်းဘူး၊ သက်တမ်းကို ဘယ်လိုပေးမယ်ဆိုတာကိုလည်း သေချာမရေးထားဘူး။”
“အဲလိုဆိုရင်တောင် ယူတယ်ကွာ” ရှောင်ယွမ်ကလည်း မိစ္ဆာတစ်ကောင်ကဲ့သို့ ကြမ်းတမ်းစွာပြုံးလိုက်ပြီး ကဒ်အားထိလိုက်သည်။
ထိုအခါ ရွှေရောင်ဂါချာကဒ်လေးက ရှောင်ယွမ်၏ကိုယ်အထဲသို့ဝင်သွားလေသည်။
[အမည် - ထျန်ရှင်းလု]
[ခွန်အား - ၁၂]
[အမြန်နှုန်း - ၁၀]
[ခံနိုင်ရည် - ၈]
[ပစ္စည်း - ငွေလက်စွပ်]
[စွမ်းရည်ကဒ်များ - ငွေအဆင့် [ငါမင်းသောက်ခွက်ကိုပိတ်ရိုက်ပြီ]၊ ရွှေအဆင့် [ကျွန်တော်မြန်မာနိုင်ငံသားပါ] ]
[လက်ကျန်သက်တမ်း - ၅၈ စက္ကန့်]
အချိန်မရှိတော့သောကြောင့် ရှောင်ယွမ်ကလည်း လျင်မြန်စွာထွက်ခွာသွားသည်။
အဖြူရောင်အခန်းထဲတွင် ကျန်ရှိခဲ့သည့် နတ်သူငယ်မလေးကလည်း မိစ္ဆာတစ်ကောင်လို ပက်ပက်စက်စက်ပြုံးလိုက်သည်။
ဂါချာကဒ်စနစ်ဆိုသည်မှာ သက်ရှိများစတင်ပေါ်ပေါက်လာကတည်းက တည်ရှိလာသည့် မိစ္ဆာစနစ်ဖြစ်သည်။
ဂါချာကဒ်စနစ်၏ရည်မှန်းချက်ပန်းတိုင်မှာတော့ စနစ်ရှင်၏သက်တမ်းအား ခြောက်ကပ်သည်အထိစုပ်ယူပြစ်ရန်ဖြစ်သည်။
ဂါချာကဒ်စနစ်တည်ရှိလာကတည်းက ပိုင်ရှင်များဟာ သန်းဆယ်ချီနေပြီဖြစ်သည်။ အချို့ညံဖျင်းသောလူများမှာ ၁ ပတ် ၂ ပတ်ခန့်တည်းဖြင့်သေဆုံးသွားကြသည်။
အချို့အရည်အချင်းရှိသူများကတော့ ၂ နှစ် ၃ နှစ်ရှင်သန်နိုင်ကြသော်လည်း နောက်ဆုံးတွင်တော့ သူတို့တွေအားလုံးဟာ စနစ်၏ခြောက်ကပ်သည်အထိစုပ်ယူခြင်းကိုခံရကာ အားလုံးက သေဆုံးသွားကြ၏။
“ဟားဟားဟား ဟားဟားဟား” နတ်သမီးငယ်လေး၏ ရယ်သံမှာ ချစ်ဖို့ကောင်းလွန်းလှသော်လည် သူမ၏မျက်နှာအမူအရာမှာတော့ အမှန်တကယ်မိစ္ဆာတစ်ကောင်အတိုင်းပင်ဖြစ်သည်။
“ဟီးဟားဟားဟား”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၉) ပြီး