← Chapters

အခန်း (၁၄+၁၅)

Vol. 2 Ch. 14+15

အခန်း (၁၄+၁၅)

Vol. 2 Ch. 14+15

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၄ + ၁၅) ပြီး

ညနေ ၆ နာရီသို့ရောက်သောအခါ ရှောင်ယွမ်က သူ၏အိမ်သို့ပြန်လာလို်သည်။ နောက်ထပ်ပြစ်မှတ်ရှာရန်အတွက် အသင့်ပြင်ဖို့ပင်ဖြစ်သည်။

ဤတစ်ကြိမ်တွင်တော့ သူသည် မြို့ထဲသို့သွားရန်စီစဉ်ထားသည်။ သူ တံခါးဖွင့်ပြီးဝင်သွား​ကာ ပြီးနောက်တွင် ဘွတ်ဖိနပ်အားချွတ်၍ ညီညာစွာစီလိုက်သည်။

သူ၏ပုံမှာမထင်ရသော်လည်း အသန့်ကြိုက်သူဖြစ်သည်။ မနေ့ညကဆိုလျှင် သွေးနံ့ပျောက်ရန်အတွက် ၃ နာရီခန့် ဆပ်ပြာရေထဲတွင်စိမ်ခဲ့ရသည်။

သူ အိမ်ထဲသို့ဝင်လာသောအခါ ဧည့်ခန်းဆိုဖာပေါ်တွင် အမျိုးသမီးတစ်ယောက်ထိုင်နေသည်ကို မြင်လိုက်ရသောအခါ တွန့်ဆုတ်သွား၏။

ပြီးနောက်တွင် သူ မျက်မှောင်ကြုတ်သွားသည်။ အကြောင်းအရင်းမှာ ထိုအမျိုးသမီးသည် အိမ်ထဲတွင်ဖိနပ်စီးထားသောကြောင့်ပင်ဖြစ်သည်။

နင်ယုသည်လည်း နေကာမျက်မှန်ကြီးကို တပ်ထားလျက် မျက်မှောင်ကြီးကြုတ်ထားကာ ရှောင်ယွမ်အား စိုက်ကြည့်နေသည်။

ရှောင်ယွမ်ကတော့ သူမအားမျက်စောင်းထိုးလိုက်ကာ အပေါ်ထပ်သို့တတ်သွားရန်လုပ်လိုက်သည်။

“မင်း..” နင်ယုတစ်ယောက်ဒေါသထွက်သွားကာ စားပွဲပေါ်ရှိစက္ကူဘူးအားမကာ ရှောင်ယွမ်အား ကောက်ပေါက်လိုက်သည်။

ရှောင်ယွမ်ဟာတော့ အသာအယာဖမ်းလိုက်ပြီး အပေါ်ထပ်သို့ယူဆောင်သွားကာ ပြန်မဆင်းလာတော့ပေ။

“သောက် ကလေး နင်နဲ့ငါလမ်းခွဲမယ်” နင်ယုက အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။ သူမ၏ရည်ရွယ်ချက်မှာ ရှောင်ယွမ်အား အောက်ဆင်းလာစေရန်ဖြစ်သည်။

သို့သော် ရှောင်ယွမ်က သူမအားလုံးဝလျစ်လျူရှုထားလေ၏။

“ကောင်းပြီလေ”

သူမက ဒေါသဖြင့် ဖန်စားပွဲကြီးအား တစ်စစီဖြစ်သည်အထိ ထိုးခွဲလိုက်သည်။

“ခွမ်းး”

ပြီးနောက်တွင် တီဗွီကြီးကိုလည်း ဆွဲမလိုက်ပြီး ဧည့်ခန်း၏အလယ်သို့ပစ်ချလိုက်သည်။

“ဝုန်းးး”

ပြီးနောက်တွင် သူမက ဒေါသတကြီးဖြင့် ခြေစောင့်ပြီးထွက်ခွာသွားသည်။ သူမ တံခါးအားစောင့်ပိတ်လိုက်သည့်အချိန်တွင် အသံသည် အတော်လေးကျယ်လောင်ပြီး ဖုန်များပင်ထလာသည်။

ကံကောင်းသည်မှာ အခြားမည်သူကမှ မမြင်သွားခဲ့ချေ။ မဟုတ်လျှင် စိတ်အနှောင့်အယှက်ဖြစ်စရာ မေးခွန်းတွေ လာမေးနေကြဦးမည်ဖြစ်သည်။

အပေါ်ထပ်တွင်တော့ ရှောင်ယွမ်သည် တည်ငြိမ်နေသည့် မျက်နှာကြီးဖြင့်သာရှိနေပြီး မြို့ထဲသို့သွားရန် အသင့်ပြင်နေသည်။

လိုအပ်သည့်ပစ္စည်းအချို့ကို သိုလှောင်လက်စွပ်ထဲသို့ထည့်လိုက်ပြီး အောက်ထပ်သို့ဆင်းလာလိုက်သည်။ အပျက်အစီးများကို ဤအတိုင်းသာလျစ်လျူရှုပြီး အိမ်အပြင်သို့ထွက်လာလိုက်၏။

ကောင်းကင်အထက်တွင်တော့ တိမ်ရှင်းလေပြီး လခြမ်းတစ်ဝက်ခန့်သည် ကောင်းကင်အထက်တွင် ထိန်လင်းစွာတောက်ပနေသည်။

ဤကနေ့တွင် လူပေါင်း ၁၀၀ ထက်မနည်းသေဆုံးရပေလိမ့်မည်။

ရှောင်ကလန်တည်ရှိသည့် နေရာမှာ ရှောင်ကျွန်းစုတွင်ဖြစ်သည်။ ကျွန်းစုဟုသာ ခေါ်သော်လည်း မြန်မာနိုင်ငံထက် ၅ ဆပိုမိုကြီးမားပြီး လူဦးရေ သန်း ၅၀၀ ခန့်ရှိသည်။ မြို့ကြီးပေါင်းများစွာရှိသည့်အထဲတွင် ရှောင်ကလန်တည်ရှိရာမြို့သည် ရွမ်ဟွမ်မြို့ပင်ဖြစ်သည်။

ရွမ်ဟွမ်မြို့သည် မည်သည့်နေရာမှ ကြည့်ကြည့် အသက်ဝင်လှုပ်ရှားနေသော မြို့ကြီးတစ်မြို့ဖြစ်သည်။ နာရီစင်ကြီး၏ အထက်ပိုင်းတွင် ည ၇ နာရီဟူသော အချိန်ကို ဖော်ပြနေသော်လည်း မြို့ကြီးတစ်ခုလုံးသည် နေ့ခင်းဘက်ကထက်ပင် ပိုမိုတက်ကြွနေသည်။

မြို့လယ်ခေါင်ရှိ မိုးမျှော်တိုက်ကြီးများသည် ကောင်းကင်ယံကို ထိုးဖောက်မတတ် ထောင်မတ်နေကြပြီး၊ တိုက်တာအဆောက်အအုံများ၏ မှန်နံရံများမှ ပြန်လည်ဟပ်ထွက်လာသော နီယွန်မီးရောင်စုံတို့က မျက်စိပသာဒဖြစ်ဖွယ်ရှိလှသည်။

မြို့ကြီး၏ လမ်းမများပေါ်တွင်တော့ ကားလမ်းမီးအိမ်များ၏ အလင်းရောင်အောက်တွင် ဖြတ်သန်းသွားလာနေသော ကားများသည် မြွေကျွန်းရှိမြွေများကဲ့သို့ ရှုပ်ထွေးများပြားစွာ ရွေ့လျားနေကြသည်။

ခေတ်မီနည်းပညာဖြင့် တည်ဆောက်ထားသည့် အမြန်လမ်းမကြီးများသည် မြေပြင်အထက်၌ ထပ်ဆင့်တည်ရှိနေပြီး၊ အလွှာလိုက် အလွှာလိုက် မြို့တွင်းအသွားအလာကို ပိုမိုမြန်ဆန်စေသည်။

အချို့သော လမ်းသွယ်များတွင်တော့ ရွမ်ဟွမ်မြို့၏ နာမည်ကျော် ညဈေးတန်းများနှင့် စားသောက်ဆိုင်တန်းများမှ ထွက်ပေါ်လာသည့် ရယ်သံများ၊ သီချင်းသံများဖြင့် ပြည့်နှက်နေသည်။

ခေတ်မီအဆောက်အအုံကြီးများ၏ ဘေးတွင် နေရာယူထားသော ပန်းခြံများ၊ ရေပန်းများကလည်း မြို့ကြီး၏ အလှကို ပိုမိုဆန်းသစ်စေသည်။

မြို့ပြနေထိုင်သူများသည် ဖက်ရှင်အကျဆုံး အဝတ်အစားများကို ဝတ်ဆင်ထားကြပြီး၊ သူတို့၏ မျက်နှာများတွင်တော့ တိုးတက်သော လူနေမှုဘဝ၏ ရောင်ပြန်ဟပ်မှုကို တွေ့မြင်ရသည်။

စီးပွားရေးဗဟိုဌာနများ၊ ကုန်တိုက်ကြီးများ၊ ဖျော်ဖြေရေးနေရာများတွင် လူအုပ်ကြီးများသည် စည်ကားနေကြပြီး၊ စမတ်ဖုန်းများမှ ထွက်ပေါ်လာသည့် အလင်းရောင်များကလည်း ညဘက် ကောင်းကင်ယံ ကြယ်တာရာများနှယ် မှိတ်တုတ်မှိတ်တုတ် တောက်ပနေခဲ့သည်။

ရွမ်ဟွမ်မြို့၏ ညဘက် မြင်ကွင်းကတော့ လုံးဝကို ကွဲပြားခြားနားသွားသည်။ အထူးသဖြင့် မြို့လယ်ခေါင်၏ စည်းစိမ်ခံဧရိယာမှာဆိုလျှင် ခမ်းနားကြီးကျယ်သည့် ကလပ်ကြီးများသည် နေရာအနှံ့တည်ရှိနေသည်။

ထိုကလပ်များသည် ပိတ်ထားသည့်အချိန်တွင်ဆိုလျှင် သာမန်အဆောက်အအုံများလိုပင် မြင်ရသော်လည်း ညဘက်ရောက်သည်နှင့် သူတို့၏ တကယ့်မျက်နှာဖုံးကို ပြလာကြသည်။

ကလပ်၏ တံခါးဝများတွင် မီးရောင်စုံများက ဝင်းလက်နေပြီး၊ အတွင်းထဲကနေ ထွက်လာသည့် စူးရှပြင်းထန်ပြီးကျယ်လောင်သည့် လျှပ်စစ်ဂီတသံစဉ်များ၊ လူများ၏ အော်ဟစ်သံများနှင့် ရယ်သံများသည် ပေါင်းစပ်ပြီး မြို့၏ ညဘက်လေထုကို လွှမ်းခြုံထားခဲ့သည်။

ရွမ်ဟွမ်မြို့၏ ညဘက်ကလပ်များနှင့် စည်းစိမ်ခံဧရိယာများတွင် ထင်ရှားပေါ်လွင်စွာ တွေ့မြင်ရသူများသည် ချမ်းသာကြွယ်ဝသော ဒုတိယမျိုးဆက်များပင် ဖြစ်သည်။

သူတို့သည် နာမည်ကြီး ကလန်ကြီးများ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးများ၏ သားသမီးများဖြစ်ပြီး၊ ငွေကြေးဓန၏ အစွမ်းအာဏာကို အပြည့်အဝ ပိုင်ဆိုင်ထားသူများ ဖြစ်သည်။

ကလပ်၏ဗွီအိုင်ဗီဇုန်များတွင် အကောင်းစား ဝိုင်နီများ၊ ရှားပါးသော အရက်များကို မြှောက်ချည်တစ်စို့သောက်ရင်း၊ နောက်ဆုံးပေါ် ဖက်ရှင်ဒီဇိုင်းများနှင့် တောက်ပသော လက်ဝတ်ရတနာများ ဝတ်ဆင်ကာ အပူအပင်ကင်းမဲ့စွာ ပျော်ပါးနေကြသည်။

တစ်ညတာအတွက် ဒေါ်လာသောင်းချီ၊ သုံးစွဲဖို့ သူတို့အတွက် ပိုက်ဆံရေတွက်နေစရာ မလိုချေ။

သူတို့၏ပျော်ပါးမှုသည် ကလပ်များထဲမှာတင် ရပ်တန့်မနေဘဲ မြို့၏လမ်းမများပေါ်အထိ ရောက်လာတတ်သည်။

ကလပ်ရှေ့တွင် ခမ်းနားစွာ ရပ်နားထားသည့် တန်ဖိုးကြီး ပြိုင်ကားအမျိုးမျိုး ဥပမာ လန်ဘော်ဂီနီများ၊ ဖာရာရီများ၊ ပေါ်ရှေးများကဲ့သို့သော မော်ဒယ်အသစ်ဆုံး ကားများသည် သူတို့၏ စည်းစိမ်ကို ပြသနေသည့် ပြယုဂ်များပင် ဖြစ်သည်။

တစ်ခါတစ်ရံ မြို့ပြင်ဘက်က လူရှင်းသည့် လမ်းမများပေါ်တွင် အရှိန်ပြင်းပြင်း ကားပြိုင်ပွဲများကို ခိုးကြောင်ခိုးဝှက် ကျင်းပတတ်ကြသည်။

ကားအင်ဂျင်သံများ၊ တာယာပွတ်တိုက်သံများသည် ည၏တိတ်ဆိတ်မှုကို ဖြိုခွဲပြီး၊ သူတို့၏ ရင်ထဲတွင် ကိန်းအောင်းနေသည့်ရူးသွပ်မှုအား ကျေနပ်အားရစေသည်။

ပျော်ပါးမှု၏နောက်ကွယ်မှာတော့ မူးယစ်ဆေးဝါးနှင့် လိင်ပိုင်းဆိုင်ရာ ပျော်ပါးမှုများသည်လည်း ဤအသိုင်းအဝိုင်းကြားထဲမှာ ပေါ်ပေါ်ထင်ထင်မဟုတ်သော်လည်း တိတ်တဆိတ် ကိန်းဝပ်နေခဲ့သည်။

သူတို့သည် ကိုယ့်အသိုင်းအဝိုင်းထဲကလူများနှင့်သာ ပေါင်းသင်းဆက်ဆံပြီး၊ အပြင်လူများကို အလေးထားလေ့မရှိကြပေ။

သူတို့၏ဘဝသည် တောက်ပနေသည့် မီးရောင်စုံများနှင့် ဖုံးလွှမ်းနေသော်လည်း တစ်ခါတစ်ရံမှာ မမျှော်လင့်သည့် အမှောင်ထုတစ်ခုက ပုန်းကွယ်နေတတ်သည်။

ဤမြို့ကြီးသည် ဖွံ့ဖြိုးတိုးတက်မှု၊ ကြွယ်ဝချမ်းသာမှုနှင့် ခေတ်မီနည်းပညာတို့၏ ပြယုဂ်တစ်ခု ဖြစ်သည်။ သို့သော် ဤခမ်းနားတောက်ပမှု၏ နောက်ကွယ်တွင် ပုန်းကွယ်နေသော ကမ္ဘာတစ်ခု ရှိနေသည်ကို ရှောင်ယွမ် ကောင်းကောင်းသိသည်။

ရွမ်ဟွမ်မြို့၏ အလင်းရောင်နှင့် ဝေးရာ၊ လျှို့ဝှက်ချက်များစွာ ကိန်းဝပ်နေသော နေရာတစ်ခုပင် ဖြစ်တော့သည်။

ရွမ်ဟွမ်မြို့၏ ဆင်းရဲသားရပ်ကွက်တွင် ရှောင်ယွမ်က အနက်ရောင်နှာခေါင်းစည်းအားအုပ်ထားပြီး၊ အနက်ရောင်အနွေးဘောင်းဘီရှည်နှင့် ခေါင်းစွပ်ဟူဒီအား ဝတ်ဆင်ထားသည်။

ရှောင်ယွမ် ရွမ်ဟွမ်မြို့၏ ဆင်းရဲသားရပ်ကွက်ထဲသို့ ခြေချလိုက်သည်နှင့် ကြီးမားခမ်းနားသည့် မိုးမျှော်တိုက်ကြီးများ၏ အရိပ်အာဝါသအောက်မှ လွတ်မြောက်လာသလို ခံစားရသည်။

ဤနေရာသည် ရွမ်ဟွမ်မြို့၏ နောက်ကျော၊ တောက်ပသောမီးရောင်များ လုံးဝမထွန်းလင်းနိုင်သည့် ကမ္ဘာတစ်ခုဖြစ်သည်။

ကျဉ်းမြောင်းသည့် လမ်းကြားများ၊ တစ်ဖက်နှင့်တစ်ဖက် ထိလုနီးပါး ကပ်လျက်ရှိနေသည့် အိုဟောင်းပျက်စီးနေသော အဆောက်အအုံများ၊ အုတ်နီခဲနံရံဟောင်းများတွင် မှိုတက်နေသည့် အစက်အပြောက်များ၊ ကွဲအက်နေသည့် ပြတင်းပေါက်မှန်များသည် ဤရပ်ကွက်၏ ဆင်းရဲမွဲတေမှုကို ထင်ဟပ်နေသည်။

လမ်းမများပေါ်တွင်တော့ အမှိုက်နံ့၊ ရေဆိုးနံ့တို့သည် လေနှင့်အတူ သင်းပျံ့နေပြီး၊ ရံဖန်ရံခါ မြေပြင်ပေါ်တွင် လူးလှိမ့်နေသည့် ရေဆိုးကြွက်ကြီးများကိုပင် တွေ့ရသည်။

တစ်နေကုန် ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကိုင်ခဲ့ကြသည့် ပင်ပန်းနွမ်းနယ်နေသော လူတို့သည် သူတို့၏ သေးငယ်သော အိမ်များဆီသို့ တရွေ့ရွေ့ပြန်နေကြသည်။

ကလေးငယ်များသည် ဖုန်ထူသော လမ်းမများပေါ်တွင် ပျော်ရွှင်စွာ ဆော့ကစားနေကြပြီး၊ သူတို့၏ ရယ်သံများသည် ဆင်းရဲမှု၏ တိတ်ဆိတ်မှုကို ခဏတာ ဖြိုခွဲလိုက်သော်လည်း ညနေစောင်း လေအေးနှင့်အတူ ပျောက်ကွယ်သွားခဲ့သည်။

အချို့အိမ်များမှ မှိန်ဖျော့သော မီးရောင်များ ထွက်ပေါ်နေပြီး၊ အချို့မှာတော့ ဖယောင်းတိုင်မီးဖြင့်သာ အလင်းရယူနေရပုံရသည်။

လမ်းထောင့်များရှိ လက်ဖက်ရည်ဆိုင်ငယ်များ၊ ဈေးသည်တန်းများ မှ အိုးခွက်သံများနှင့် လူသံများသည် ဆင်းရဲသားရပ်ကွက်၏ နေ့စဉ်ဘဝ ရုန်းကန်မှုကို ဖော်ပြနေသည်။ သို့သော် ထိုအသံများသည် တိုးတိုးလေးသာရှိပြီး၊ မြို့တော်ကြီး၏ ဆူညံသံများနှင့် ယှဉ်လျှင် ဘာမျှမဟုတ်ပေ။

ရှောင်ယွမ်၏ မျက်နှာကို ဖုံးကွယ်ထားသော နှာခေါင်းစည်းအောက်မှ သူ့မျက်လုံးများသည် ပတ်ဝန်းကျင်ကို အကဲခတ်နေသည်။

သိပ်မကြာလိုက်ပင် ရှောင်ယွမ်က တည်းခိုခန်းတစ်ခုသို့ရောက်သွားလေ၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၄ + ၁၅) ပြီး

All Chapters