အခန်း (၃၁+၃၂)
Vol. 4 Ch. 31+32
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၁ + ၃၂)
လွန်ခဲ့သည့် နှစ်ပေါင်း ၁၂၀ တုန်းက မိုးပြာနဂါးတိုက်ကြီးတစ်ခုလုံးဟာလည်း ဖရိုဖရဲဖြစ်နေခဲ့ပြီး နိုင်ငံကြီး ၄ ခုလုံးက အချင်းချင်းသတ်ဖြတ်နေကြခဲ့သည်။
နိုင်ငံကြီး ၄ ခုထဲတွင် ရွှေနဂါးနိုင်ငံဟာ အားအကောင်းဆုံးဖြစ်လေပြီး မိုးပြာနဂါးတိုက်ကြီး၏ ၆၀ ရာခိုင်နှုန်းအား နယ်မြေချဲ့ထွင်ထားနိုင်ခဲ့သည်။
ထိုအခါတုန်းက ရွှေနဂါးနိုင်ငံ၏ ၁၅ ဆက်မြောက် ရှင်ဘုရင် ကျိုးဖြောင် အသက် ၄၃ နှစ်တွင် နန်းတက်ခဲ့၏။ ရှင်ဘုရင် ကျိုးဖြောင်ဟာ အာဏာတွင် ရစ်မူးခဲ့ပြီး မိုးပြာနဂါးတိုက်ကြီးတစ်ခုလုံးအား သိမ်းပိုက်ရန် ကြိုးစားခဲ့လေသည်။
ထိုအခါတွင် အခြားသောနိုင်ငံ ၃ ခုက မဟာမိတ်အားဖွဲ့ခဲ့ကြပြီး ရွှေနဂါးနိုင်ငံတော်အား ခုခံတိုက်ခိုက်ခဲ့ကြသည်။
ရှင်ဘုရင် ကျိုးဖြောင်ဟာ အရည်အချင်းရှိသော်လည်း စည်းစောင့်ခြင်းမရှိလေပဲ သူ၏ပန်းတိုင်သို့ရောက်ရှိရန်အတွက် ပင်လယ်ခြားမှ မွန်းစတားများ နှင့်ပင် အပေးအယူလုပ်ခဲ့သည်။
ထိုသို့နှင့် မိုးပြာနဂါးတိုက်ကြီးတစ်ခုလုံးဟာ ဖရိုဖရဲဖြစ်ခဲ့ကြပြီး သေဆုံးသူများမှာလည်း ဘီလီယံကိုဆယ်နှင့်ချီ၍ သေဆုံးခဲ့ကြသည်။
ထိုဖရိုဖရဲများအား အဆုံးသတ်ခဲ့သူမှာ ရွှေနဂါးဘုရင်၏လက်ရှိဘုရင်ဖြစ်သူ ရှင်ဘုရင် ကျိုးလုံ ဖြစ်၏။ သူဟာ ရွှေနဂါးနိုင်ငံသားများ၏ လေးစားမှုသာမက အခြားသောနိုင်ငံ ၃ နိုင်ငံလုံး၏ လေးစားမှုအား ရရှိထားသည်။
သူဟာ တိုက်ကြီးတစ်ခုလုံး၏ ချစ်ခြင်းနှင့် လေးစားခြင်းကို ခံထားရသည့် စစ်မှန်သော ရှင်ဘုရင်တစ်ပါးဖြစ်ကာ သူ့အား လူအများက ဓမ္မရာဇာ ဟူ၍ လေးစားစွာခေါ်ဝေါ်ကြသည်။
ဓမ္မရာဇာ၏ အဓိပ္ပာယ်မှာ တရားမျှတမှု၏ စစ်မှန်သောရှင်ဘုရင် ဖြစ်သည်။ အဓိကအကြောင်းအရင်းကို ပြန်ဆက်ရလျှင် ဖရိုဖရဲခေတ်တုန်းက ရှင်ဘုရင် ကျိုးဖြောင်ဟာ လျှို့ဝှက်စမ်းသပ်မှုများစွာအား ပြုလုပ်ခဲ့လေသည်။
ထိုလျှို့ဝှက်စမ်းသပ်မှုများဟာ အလွန်ဆိုးရွားပြီး ထိုအထဲမှတစ်ခု၏ ရည်ရွယ်ချက်ဟာ သာမန်ထက် အလွန်အားကောင်းသော စစ်သည်များကို မွေးထုတ်ရန်ဖြစ်သည်။
ထိုအခါတုန်းက အပြစ်မဲ့မိန်းမသားများစွာဟာ တိရစ္ဆာန်များ နှင့် သားဖောက်ခဲ့ရ၏။ မအောင်မြင်သောကြောင့် စမ်းသပ်မှုအား ရပ်လိုက်သည်မှာ ကံကောင်းသွားသည်။
မဟုတ်လျှင် ဘုရင် ကျိုးဖြောင်၏ အာဏာအပေါ် ရူးသွပ်မှုဖြင့်ဆိုလျှင် သန်းနှင့်ချီသော အပြစ်မဲ့အမျိုးသမီးပေါင်းများစွာက တိရစ္ဆာန်များ နှင့် လိင်ဆက်ဆံ၍ သားဖောက်နေရမည်ဖြစ်သည်။
ဘုရင် ကျိုးဖြောင်၏ လက်အောက်တွင် လျှို့ဝှက်စမ်းသပ်မှုများစွာ ရှိခဲ့သလို လျှို့ဝှက်နယ်မြေများလည်း ရှိခဲ့၏။
ထိုလျှို့ဝှက်နယ်မြေများထဲမှ တစ်ခုဟာ ဤသစ်တောအုပ်ထဲတွင် ရှိလေ၏။ လျှို့ဝှက်နယ်မြေဟာ အားကောင်းလွန်းသောကြောင့် သစ်တောအုပ်၏အမည်ပင် နတ်သစ်တောအုပ်ဟူ၍ အမည်တွင်သွားရသည်။
ဖရိုဖရဲခေတ်အခါတုန်းက အခြေအနေက ဗြောင်းဆန်ခဲ့သည်။ ထိုအချိန်တွင် ထျန်မိသားစု၏ လက်ရှိခေါင်းဆောင်ဖြစ်သူ ထျန်ကျန်းမင်က ဝင်ပါလာပြီး နတ်သစ်တောအား အပိုင်စီးခဲ့သည်။
ထိုသို့နှင့် လျှို့ဝှက်နယ်မြေဝင်ပေါက်၏ လျှို့ဝှက်ချက်မှာ ထျန်မိသားစု၏ လက်ထဲရောက်သွားပြီး အခြား ဘယ်သူမှ မသိတော့ချေ။
ရွှေနဂါးနိုင်ငံ၏ လက်ရှိရှင်ဘုရင်ဖြစ်သူ ဓမ္မရာဇာဟာလည်း အခြေအနေအား ကောင်းစွာထိန်းချုပ်နိုင်ခဲ့ပြီးနောက်တွင် နတ်သစ်တောအုပ်အား မြေပါလှန်ပြီးတော့ လျှို့ဝှက်နယ်မြေအား ရှာဖွေခဲ့သည်။
သို့သော် လုံးဝမတွေ့ခဲ့ချေ။ ထျန်မိသားစုအား သွား၍ တောင်းရမည်လား။ ထျန်မိသားစုဟာ မိုးပြာနဂါးကုန်းမြေတိုက်ကြီး၏ ထိပ်ဆုံးတွင်ရပ်တည်နေသော မိသားစုကြီးတစ်ခုဖြစ်သည်။
သူတို့၏အင်အားဟာ အလွန်အားကောင်းပြီး မည်သူမှ အတိအကျမသိချေ။ ထို့အတွက်ကြောင့် ဓမ္မရာဇာဟာလည်း လက်လျော့ခဲ့ရသည်။
လက်ရှိအချိန်တွင်တော့ ထျန်ကျန်းမင်၏ အငယ်ဆုံးသားဖြစ်သူ ထျန်ရှင်းလုက နတ်သစ်တောအုပ်ထဲသို့ ရောက်ရှိနေပြီ ဖြစ်လေ၏။
သူဟာ ဤနေရာသို့ မလာခင်ကတည်းက သူ၏ဖခင်ဖြစ်သူနှင့် သေချာစကားပြောခဲ့၏။ ဤသစ်တောအုပ်သို့ တကူးတက လာခဲ့ရခြင်းမှာ ထိုလျှို့ဝှက်နယ်မြေအား သွားရန်အတွက် ဖခင်ဖြစ်သူက အမိန့်ပေးထားသောကြောင့်ပင် ဖြစ်လေတော့သည်။
နတ်သစ်တောအုပ်ကြီးမှာ သိပ်ပြီးကြီးမားလှခြင်းမရှိချေ။ ထျန်ရှင်းလုက ပျင်းရိစွာ လမ်းလျှောက်နေပြီး သူ၏အနောက်တွင်တော့ ကြီးမားတုတ်ခိုင်လှသော ခန္ဓာကိုယ်ကြီးဖြင့် ပယ်လာဟောက လိုက်ပါလာနေ၏။
“အိုးး ဆိုတော့ကာ အော့ခ်မျိုးနွယ်မှာ တော်ဝင်မိသားစု ၅ စုရှိတယ်။ မင်းက ဂရင်းတော်ဝင်မျိုးနွယ်စုရဲ့ တတိယမင်းသား” ထျန်ရှင်းလုက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
ပယ်လာဟောက သူ၏ခေါင်းကြီးအား လေးပင်စွာညိတ်လိုက်၏။ “ဟုတ်ပါတယ် သခင်”
ပယ်လာဟော၏ ဘာသာစကားနှင့် ထျန်ရှင်းလု၏ ဘာသာစကားမှာ မတူညီသော်လည်း ကဒ်၏အကူအညီကြောင့် တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေချောမွေ့စွာဖြင့် ဆက်သွယ်နေကြသည်။
“အင်း ကောင်းပြီ ကောင်းပြီ ဒါနဲ့ မင်းတို့ ဘယ်လို ကျင့်ကြံကြလဲ” ထျန်ရှင်းလုက ကောင်းကင်ယံရှိ ကြယ်များအားကြည့်ကာ တည်နေရာအား တွက်ချက်နေရင်း မေးကြည့်လိုက်သည်။
“ကျွန်တော်တို့ အော့ခ်မျိုးနွယ်တွေမှာ အမျိုးသားတွေက သွေးမျိုးဆက်ကို ကျင့်ကြံကြတာပါ။ အမျိုးသမီးတွေကတော့ မှော်စွမ်းအင်ကို ကျင့်ကြံကြပါတယ်” ပယ်လာဟောက ပြောလိုက်၏။
“မှော်စွမ်းအင်လား... မင်းရော သုံးတတ်လား” ထျန်ရှင်းလုက စိတ်ဝင်စားသွားသည်။
ပယ်လာဟောကလည်း ခေါင်းညိတ်၍ သူ၏လက်အား ဆန့်တန်းလိုက်၏။ “ပူပြင်းသောမီးလျှံ၊ ငါ၏အမိန့်ဖြင့် နိုးထစေ”
“အဆင့် ၁ မီးလုံး” မန္တန်အား ရွတ်ဆိုပြီးနောက်တွင် ပယ်လာဟော၏ ခန္ဓာကိုယ်ထဲရှိ မီးအရင်းအမြစ်လေးက တောက်လောင်လာ၏။
ပြီးနောက်တွင် ပတ်ဝန်းကျင်မှ မီးစွမ်းအင်များအား ဆွဲယူလိုက်ကာ စွမ်းအင်စုစည်းလိုက်သည်။ ချက်ချင်းပဲ ပယ်လာဟော၏ လက်ထဲတွင် ဂေါ်လီလုံးတစ်လုံးလောက်ရှိမည့် မီးလုံးအသေးလေး ထွက်ပေါ်လာသည်။
မီးလုံးလေးဟာ အတော်လေးသေးငယ်သော်လည်း ထျန်ရှင်းလုက အတော်လေး အံ့ဩသွားရသည်။ သူတို့၏ ဝိညာဉ်ကျင့်ကြံခြင်းနည်းလမ်းမှာ အဆင့် ၄ ဝိညာဉ်သခင်အဆင့်သို့ ရောက်မှသာလျှင် ဓာတ်သဘာဝများအား အသုံးပြုနိုင်ခြင်းဖြစ်သည်။
ပထမဝိညာဉ်ကွင်းဟာ ခွန်အားကို ကိုယ်စားပြုသည်။ ဒုတိယဝိညာဉ်ကွင်းဟာတော့ အလျင်နှုန်းကို ကိုယ်စားပြုပြီး တတိယဝိညာဉ်ကွင်းဟာ ခံနိုင်ရည်ကို ကိုယ်စားပြုလေသည်။
နောက်ဆုံးဝိညာဉ်ကွင်းဖြစ်သည့် စတုတ္ထဝိညာဉ်ကွင်းဟာတော့ ဓာတ်သဘာဝစွမ်းအင်ကို ကိုယ်စားပြုလေ၏။
ဓာတ်သဘာဝဆိုသည်မှာ ဓာတ်ကြီး ၅ ပါးသာမဟုတ်လေပဲ ရှိသမျှဓာတ်တွေအကုန်လုံးဖြစ်လေသည်။ မီး၊ ရေ၊ မြေကြီး၊ သတ္တု၊ သစ်သား၊ လေ၊ မိုးကြိုး၊ အလင်း၊ အမှောင် စသည်တို့မှာ ဥပမာသာဖြစ်လေ၏။
ဓာတ်သဘာဝများအား အသုံးပြုနိုင်သောကြောင့်သာလျှင် အဆင့် ၄ ဝိညာဉ်သခင်များဟာ အလွန်သန်မာပြီး အဆင့် ၃ ဝိညာဉ်သခင်များအား အလွယ်တကူ အနိုင်ယူနိုင်သည်။
ဝိညာဉ်ကျင့်ကြံခြင်းစနစ်တွင် အနည်းဆုံး အဆင့် ၄ ဝိညာဉ်သခင်အဆင့်သို့ ရောက်မှသာလျှင် ဓာတ်သဘာစွမ်းအင်များအား အသုံးပြုနိုင်မည်ဖြစ်သော်လည်း ဤ အော့ခ်ကတော့ အလွယ်တကူ အသုံးပြုနေနိုင်သည်။
“အဲဒါက ဘယ်လောက်အားကောင်းသလဲ” ထျန်ရှင်းလုက မေးလိုက်သောအခါ ပယ်လာဟောက အနီးနားရှိ ကျောက်တုံးကြီးထံသို့ ပစ်လွှတ်လိုက်သည်။
ကျောက်တုံးကြီးဟာ အတော်လေးကြီးပြီး တဲအိမ်တစ်လုံးလောက်ရှိသည်။ မီးလုံးလေးဟာ အတော်လေးမြန်ဆန်ပြီး အရှိန်ကုန်သွားနေသော မြှားတစ်စင်းလောက်ကို မြန်ဆန်လှသည်။
“ဝုန်းးး”
ချက်ချင်းပဲ ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ တဲအိမ်ခန့်ရှိသော ကျောက်တုံးကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။
အသံဟာ အလွန်ကျယ်လောင်လှသောကြောင့် ပတ်ဝန်းကျင်ရှိ နားခိုနေသောငှက်များက လန့်ဖျန့်၍ ပျံသန်းသွားကြသလို အကောင်ငယ်လေးများကလည်း ပြေးထွက်သွားကြသည်။
ဤသစ်တောအုပ်နှင့် ၁ မိုင်ခွဲ အကွာတွင် ရွာငယ်လေးတစ်ရွာရှိသည်။
မနက်ခင်း အရုဏ်တက်ချိန်၊ အခြားသူများ မနိုးကြသေးခင်မှာပင် ရွာထဲက အသက် ၁၃ နှစ်အရွယ် သစ်ခုတ်သမားလေး ဝေဝေ တစ်ယောက်ကတော့ အိပ်ရာကနေ နိုးထလာ၏။
သူဟာ မိသားစုစားဝတ်နေရေးအတွက် မနက်စောစောထပြီး နတ်သစ်တောဘက်ကို သစ်ခုတ်ရန် ထွက်လာခဲ့သည်။ သူ့လက်ထဲတွင်တော့ ဟောင်းနွမ်းနေသည့် ပုဆိန်တစ်ချောင်းနှင့် ရေဘူးတစ်ဘူးအား ကိုင်ထား၏။ သူ့၏ခြေလှမ်းများမှာတော့ သစ်တောဘက်သို့ တဖြည်းဖြည်း ဦးတည်နေသည်။
ဝေဝေဟာ ဤ နတ်သစ်တောအကြောင်း မကောင်းသည့်ပုံပြင်များ ကြားဖူးသော်လည်း၊ သူ့မှာ ရွေးချယ်စရာမရှိချေ။ ဤတောထဲတွင်သာ အကောင်းဆုံးသစ်များ ရနိုင်သောကြောင့် သူ့အသက်အား စွန့်ပြီးတော့ လာခုတ်ရခြင်းဖြစ်သည်။ သူ့အဖေကလည်း ဖျားနေသောကြောင့် မိသားစုစားဝတ်နေရေးမှာ သူ့အပေါ်တွင်သာ ကျရောက်နေ၏။
နေရောင်ခြည်က သစ်ပင်များ၏ကြားကနေ တစွန်းတစ ဖြာကျနေချိန်တွင် ဝေဝေဟာ သစ်တောအစပ်နားသို့ ရောက်လာခဲ့ပြီ။ သူ့မျက်လုံးများက ပတ်ဝန်းကျင်အား သတိထား၍ လှမ်းကြည့်နေ၏။
ရုတ်တရက် အဝေးကနေ “ဝုန်းးး” ဆိုသည့် ပြင်းထန်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ အသံက အလွန်ကျယ်လောင်လွန်းသောကြောင့် ဝေဝေ ရပ်တန့်သွားကာ ခြေဖျားလက်ဖျားများပင် ကြောက်ရွံမှုကြောင့် အေးစက်သွား၏။
သူ့ပတ်ဝန်းကျင်တွင်ရှိသည့် သစ်ပင်ပေါ်က ငှက်များသည် ကြောက်လန့်တကြား အော်ဟစ်၍ ပျံသန်းထွက်သွားကြသလို၊ မြေပြင်ပေါ်က သေးငယ်သည့် သတ္တဝါလေးများကလည်း ရှေ့နောက်မကြည့်ဘဲ ထွက်ပြေးကုန်ကြသည်။ ဝေဝေ၏ ရင်ထဲတွင်တော့ ဖော်မပြနိုင်သည့် ကြောက်စိတ်တစ်ခု ကိန်းအောင်းလာ၏။
“ဒါ...ဒါ ဘာအသံလဲ။”
သူ့၏ လက်ထဲက ပုဆိန်အား တင်းတင်းဆုပ်ကိုင်ရင်း ပေါက်ကွဲသံလာရာဆီသို့ သတိထားပြီး လှမ်းကြည့်လိုက်သည်။ နတ်သစ်တောထဲတွင် ဤကဲ့သို့အသံမျိုး ဘယ်တုန်းကမှ မကြားဖူးချေ။
သစ်တောထဲရှိ ထျန်ရှင်းလုကလည်း တောက်ပသောမျက်လုံးတို့ဖြင့်ရှိနေသည်။ ပြီးနောက်တွင် လက်ခုပ် ၅ ချက်တီးလိုက်ပြီး ဆိုလိုက်သည်။
“ကောင်းတယ် ကောင်းတယ် ဒီမီးလုံးနဲ့သာ အဆင့် ၄ ဝိညာဉ်သခင်တွေ တိုက်ရိုက်ထိရင်တောင် ဘယ်လိုမှ ခံနိုင်မှာ မဟုတ်ဘူး” ထျန်ရှင်းလုက တောက်ပနေသောအပြုံးတို့ဖြင့် ပယ်လာဟောအား ကြည့်လိုက်သည်။
“ငါရော သင်လို့ရလား”
ပယ်လာဟောက ထျန်ရှင်းလုအား ကြည့်ကာ ခေါင်းရမ်းလိုက်၏။ “ဟင့်အင်း မှော်စွမ်းအင်သုံးဖို့အတွက် သက်ဆိုင်ရာမှော်စွမ်းအင်ရဲ့ အရင်းအမြစ်လိုအပ်ပါတယ်”
“ကျွန်တော် အခုလို မီးဂါထာကို အသုံးပြုနိုင်ခဲ့တာက မီးစွမ်းအင်အရင်းအမြစ်ရှိလို့ပါ”
“ဒီလိုအရင်းအမြစ်တွေက မွေးကတည်းက ပါလာတာဖြစ်ပြီးတော့ များသောအားဖြင့် နတ်ဘုရားကုန်းမြေရဲ့ သက်ရှိတွေမှာပဲ ပါကြတာပါ”
“အခြားသော ကုန်းမြေရဲ့သက်ရှိတွေမှာ ပါလာတယ်ဆိုတာက အရမ်းကိုရှားပါးလွန်းပြီး ဖြစ်တန်ချေက သုညနားကိုကပ်ပါတယ်”
“ပြီးတော့ သခင်မှာသာ မီးစွမ်းအင်အရင်းအမြစ်ရှိမယ်ဆိုရင် ကျွန်တော်အစောက မီးလုံးကို အသုံးပြုလိုက်တုန်းက သခင်ရဲ့ကိုယ်ထဲက မီးစွမ်းအင်ရင်းအမြစ်က တုံ့ပြန်ပြီးတော့ အသက်ဝင်လာပါလိမ့်မယ်”
ပယ်လာဟောက ထျန်ရှင်းလုအား မှော်စွမ်းအင်အကြောင်း ရှင်းပြလိုက်၏။
ထျန်ရှင်းလုကလည်း ခေါင်းညိတ်လိုက်သည်။ “အော် အဲလိုကိုး... “
ပြီးနောက်တွင် ကောင်းကင်ကြီးကို တစ်ချက်ကြည့်လိုက်ရင်း ပြုံးလိုက်၏။ သူတို့လက်ရှိရောက်နေသည့်နေရာမှာ စမ်းရေအိုင်အသေးလေးတစ်ခု၏ အရှေ့တွင်ဖြစ်၏။
“ရောက်လာပြီ” ထျန်ရှင်းလုက ပြုံးလိုက်ပြီးနောက် သူ၏သိုလှောင်လက်စွပ်ထဲမှ ကျောက်တုံးလေးတစ်တုံးအား ထုတ်လိုက်သည်။ ကျောက်တုံးလေးဟာ သာမန်ကျောက်တုံးသာဖြစ်ပြီး အရွယ်အစားမှာ အရက်ဖန်ခွက်အသေးလေးလောက်သာရှိသည်။
ထျန်ရှင်းလုက ကျောက်တုံးလေးအား စမ်းရေအိုင်အသေးလေးထဲသို့ ပစ်ချလိုက်၏။
“ပလုံ...” ချက်ချင်းပဲ ကျောက်တုံးလေးက နစ်မြုပ်သွားလေ၏။ တစ်ပြိုင်နက်ထဲတွင် စမ်းရေများကာ ဆူပွက်လာပြီး လှည့်ပတ်လိုက်ကာ ရေဝဲကြီးတစ်ခု ဖြစ်တည်လာ၏။
“အင်း ဓမ္မရာဇာ နဲ့ သူရဲ့လက်အောက်ခံတွေ ရှာမတွေ့တာလည်း မပြောနဲ့လေ။ ဒီလျှို့ဝှက်နယ်မြေထဲကို ဝင်လို့ရမယ့် သော့မှမရှိတာ” ထျန်ရှင်းလုက လှောင်ပြောင်လိုက်ပြီး ရေဝဲထဲသို့ ခုန်ဆင်းသွားလိုက်သည်။
ပယ်လာဟောကလည်း တုံ့ဆိုင်းခြင်းမရှိ သခင်နောက် လိုက်ပါသွား၏။ သူတို့ ၂ ယောက်လုံး ဝင်သွားပြီးနောက်တွင် ရေဝဲအရှိန်က ပြန်လည်အားနည်းသွားလေပြီး အချိန်တစ်ခု ကြာသွားသောအခါ ရပ်တန့်သွားလေ၏။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၁ + ၃၂) ပြီး