← Chapters

အခန်း (၃၃+၃၄+၃၅)

Vol. 4 Ch. 33+34+35

အခန်း (၃၃+၃၄+၃၅)

Vol. 4 Ch. 33+34+35

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၃ + ၃၄ + ၃၅)

“ငါနောင်တရနေသလား...”

ကြာပန်းဓားဂိုဏ်း၏ ရင်ပြင်သည် သွေးအလိမ်းလိမ်းဖြင့် ဖုံးလွှမ်းနေလေသည်။ တခါက ခန့်ညားထည်ဝါခဲ့မည်ဖြစ်သော ကျောက်တိုင်ကြီးများသည် ပြိုကျလျက်၊ အဆောက်အအုံတို့သည် မီးလောင်ကျွမ်းနေကာ၊ အပျက်အစီးများအဖြစ်သာ မြင်တွေ့ရသည်။

ဂိုဏ်း၏အမှတ်အသားဖြစ်သော၊ ကြီးမားလှသည့် ကြာပန်းဓားဂိုဏ်း ဆိုင်းဘုတ်ကြီးမှာလည်း တစ်စစီကျိုးပဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျလျက်ရှိပြီး၊ မင်များကလည်း သွေးများဖြင့် ရောထွေးကာ စီးကျနေ၏။

ကျောက်သားကြမ်းပြင်အနှံ့တွင် အဖြူရောင်ကြာပန်းဝတ်စုံနှင့် ဂိုဏ်းတပည့်တို့၏ အသက်မဲ့သော ခန္ဓာကိုယ်များသည် ပုံစံအမျိုးမျိုးဖြင့် လဲကျလျက်ရှိသည်။ ကြည်လင်ဖြူစင်သည်ဟု ထင်ရသော ထိုဝတ်စုံတို့သည် ယခုအခါ သွေးတို့ဖြင့် ရဲရဲနီကာ၊ အချို့မှာ ပြဲစုတ်နေ၏။

သေဆုံးသူတို့၏ မျက်နှာများသည် နာကျင်မှု၊ ထိတ်လန့်မှုတို့ဖြင့် ပုံပျက်နေသည်။ အချို့မှာ ဓားချက်တစ်ချက်တည်းဖြင့် လည်မျိုပြတ်ကာ သေဆုံးနေပြီး၊ အချို့မှာမူ ဓားဒဏ်ရာ၊ လှံဒဏ်ရာ အများအပြားဖြင့် သွေးအိုင်ထဲတွင် လဲကျနေသည်။

လက်ပြတ်ခြေပြတ် အလောင်းများလည်း မြင်တွေ့ရပြီး၊ တချို့မှာ မျက်လုံးများပွင့်လျက် ညိုမှိုင်းနေသော ကောင်းကင်ယံကြီးကို ကြည့်နေကြဆဲဖြစ်၏။

ပတ်ပတ်လည်တွင် ကျိုးပဲ့နေသော ဓားများ၊ လှံများနှင့် မြှားများကလည်း ပြန့်ကျဲနေသည်။ သွေးစွန်းနေသော ဓားအိမ်များ၊ လှံတံအပိုင်းအစများကလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲနေချေသည်။

ထိုသေဆုံးသူတို့အလယ်တွင် မိန်းမလှလေးတစ်ယောက်သည် သွေးအိုင်ထဲ၌ လဲကျနေသည်။ သူမ၏ ကြာပန်းဖြူဝတ်စုံသည် ပတ်ဝန်းကျင်မှ သွေးစွန်းပေကျံနေသော ကြာပန်းဝတ်စုံရှင်များနည်းတူ သွေးများဖြင့် ရဲနေ၏။

သူမ၏ ချောမောလှပသော မျက်နှာသည် ဖြူဖျော့လျက်ရှိနေကာ နှုတ်ခမ်းတို့သည်လည်း ခြောက်ကပ်နေချေပြီ။

သူမ၏လှပသော ပန်းရောင်မျက်ဝန်းတို့တွင် အသက်၏ အရိပ်အယောင် ကင်းမဲ့လုနီးပါးဖြစ်ကာ၊ နာကျင်မှုနှင့် ပင်ပန်းနွမ်းနယ်မှုတို့သာ ကြီးစိုးနေသည်။

အသက်ရှူသံက တိမ်ဝင်နေကာ၊ ရင်ဘတ်က အသက်ထွက်သက် ရောက်နေသကဲ့သို့ နိမ့်လိုက်မြင့်လိုက် ဖြစ်နေသည်။

သူမ၏ လှပသော လက်ချောင်းသွယ်လေးများသည် သွေးစွန်းနေသော ကျောက်ကြမ်းပြင်ကို အားအင်မရှိစွာ ဆုပ်ကိုင်ထား၏။

နောက်ဆုံးထွက်သက်ကို ရင်ဆိုင်နေရသော သူမ၏ ကိုယ်ပေါ်တွင် နက်ရှိုင်းလှသော ဓားဒဏ်ရာများက ထင်ရှားနေသည်။ ဂိုဏ်း၏ ကြာပန်းအမှတ်တံဆိပ်သည် သူမ၏ဝတ်စုံပေါ်၌ သွေးစွန်းထင်းလျက်သား မှေးမှိန်နေ၏။

“ငါနောင်တရနေသလား...” ပြိုင်စံရှားဓားသခင်မ က နောက်ထပ်တစ်ကြိမ်ထပ်ပြောလိုက်သည်။

သူမဟာ သူမ၏တစ်ဘဝလုံးကို ဂိုဏ်း၏အကျိုးအမြတ် နှင့် ကျင့်ကြံခြင်းတို့ကိုသာ အာရုံစိုက်ခဲ့သည်။ သူမဟာ အသက် ၂၇ နှစ်ကတည်းကပင် အဆင့် ၁ တန်ခိုးရှင်ဖြစ်လာခဲ့ပြီး ဓားကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင်ပင် နံပါတ် ၁ လူငယ်မျိုးဆက်ဖြစ်ခဲ့သည်။

အခြားသူများမှာ ကျင့်ကြံခြင်းအဆင့်၏နောက်ပိုင်းသို့ရောက်လာလေလေ အဆင့်တက်ရခြင်းပိုမိုခက်ခဲလာသော်လည်း သူမကတော့ နောက်ပိုင်းရောက်လေပိုပြီးတော့ လွယ်ကူလာကာ အသက် ၄၂ နှစ်တည်းဖြင့် အဆင့် ၇ တန်ခိုးရှင်အဆင့်သို့ ချိုးဖြတ်ခဲ့သည်။

အသက် ၄၆ နှစ်တွင် ကြာပန်းဓားဘုရင်မ တစ်ယောက်ဖြစ်လာပြီး အသက် ၅၂ နှစ်တွင် ပြိုင်စံရှားဓားသခင်မ တစ်ယောက်ဖြစ်ခဲ့၏။

သူမ၏အဆင့်တက်သည့်အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ အခြားသူများနှင့်နှိုင်းယှဥ်လျှင် ဓားကုန်း​မြေတိုက်ကြီးတွင် အသက်အငယ်ဆုံးဖြင့် အဆင့် ၁ တန်ခိုးရှင်အဆင့်သို့ ချိုးဖောက်နိုင်ခဲ့သူမှာ အသက် ၄၅ နှစ်တွင်ဖြစ်သည်။

သိုင်းဘုရင်အဆင့်သို့ တက်ရောက်ခဲ့သော အသက်အငယ်ဆုံးသူမှာတော့ သက်တော် ၇၅၃ တွင်ဖြစ်သည်။ ပြိုင်စံရှားသိုင်းသခင်အဆင့်ဆိုလျှင် ပို၍ပင်ဆိုးရွားကာ အငယ်ဆုံးစံချိန်က သက်တော် ၄၉၄၅ နှစ်တွင်ဖြစ်သည်။

ထို့အတွက်ကြောင့် သူမသက်တော် ၅၂ နှစ်တည်းဖြင့် ပြိုင်စံရှားဓားသခင်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်မှာ အလွန်မြန်ဆန်သည်ဟုပြောရပေမည်။

သူမ၏ကျင့်ကြံခြင်းအဆင့်အား အတတ်နိုင်ဆုံးဖုံးကွယ်ထားရန်ကြိုးစားခဲ့သော်လည်း အခြေအနေက သူမအားမျက်နှာသာမပေးခဲ့ချေ။

ထိုသို့ဖြင့် သူမထံတွင်အလွန်အစွမ်းထက်သော ရတနာရှိသည်ဟူ၍ ဓားကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် သတင်းများ ပြန့်နှံ့သွားခဲ့လေ၏။

ထိုသည်ကနေစ၍ သူမ၏ဂိုဏ်းထံသို့ ပြိုင်စံရှားသိုင်းဘုရင်များစွာရောက်လာပြီး ဖျက်ဆီးကာ အကုန်လုံးကိုလုယူသွားကြသည်။

အလွန်အစွမ်းထက်သောရတနာဆိုသည်မှာတော့ မတည်ရှိလေချေ။ ဤအတိုင်း၊ သူမ၏ပါရမီက အလွန်အမင်းအားကောင်းနေခဲ့ခြင်း​သာဖြစ်သည်။

“ဟင်း...” ပြိုင်စံရှားဓားသခင်မ ဖြစ်သည့် ကြာပန်းဓားသခင်မဟာ ညိုမှိုင်းနေသော ကောင်းကင်ယံကြီးအားကြည့်နေပြီး သူမ၏မျ​က်ဝန်းတို့ကတော့ နောင်တတရားများဖြင့် ပြည့်နှက်နေ၏။

သူမ၏အသက်ဟာ ၆၀ နီးပါးကပ်နေပြီဖြစ်သော်ငြား အစွမ်းထက်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့်အညီ ငယ်ရွယ်သော အသွင်အပြင်ရှိသည်။

သူမဟာ အသက် ၂၀ ခန့်ဝန်းကျင်အသွင်အပြင်ရှိလေပြီး အဖြူဖျော့ရောင်ဆံပင်ရှည်တို့ဖြင့် အလွန်ချောမောလှပလွန်းလှသည်။

သူမ၏ချောမောလှပမှုမှာ လွန်ကဲပြီး စာရေးသူအနေဖြင့် အပိုင်း ၃ ပိုင်းလောက်အချိန်ယူစိတ်နှစ်ပြီး အထူးရေးသားကာ အသေးစိတ်ရှင်းပြချင်သော်လည်း အဆဲခံရမည်ကို စိုးရိမ်သောကြောင့် မရှင်းပြတော့ချေ။

သူမဟာ တစ်ဘဝလုံးတွင် ကျင့်ကြံခြင်းကိုသာအာရုံစိုက်ခဲ့ပြီး ယောက်ျားမရှိပဲ၊ ယခုထက်ထိ လူဖြစ်ရခြင်းအကျိုးမနပ်သေးချေ။

“အဲဒါက... ဘယ်လိုခံစားချက်လေးဖြစ်မလဲ...” သူမက ယူကြုံးမရစွာဖြင့် ရေရွတ်လိုက်သည်။ အကယ်၍ သူမသာ သေခါနီးဖြစ်နေပြီး အားမနည်းနေပါက စိတ်တိုလွန်း၍ ခြေစောင့်ပြီး ငိုယို​နေမိမှာ သေချာ၏။

ကမ္ဘာကြီးတစ်လုံးတွင်ပင် အဆင့်အတန်းတစ်ခုရှိကာ ဂုဏ်သိက္ခာမြင့်မြင့်ဖြင့် သူမ၏နောက်ဆုံးနောင်တမှာ အပျိုစင်ဘဝဖြင့်သေဆုံးသွားရခြင်းပင် ဖြစ်လေတော့သည်။

“နောက်ဘဝဆိုတာ တကယ်ရှိရင် ငါကောင်းကောင်းကြီးကိုပျော်ဖြစ်မယ်” ကြာပန်းဓားသခင်မ ကအားနည်းစွာဖြင့် ရေရွတ်လိုက်၏။ ပြီးသည်နှင့် သူမ၏အသိစိတ်တို့က ပျောက်ကွယ်သွားကာ အဆုံးမဲ့အမှောင်ထုထဲသို့ တိုးဝင်သွားသည်။

အမှောင်ထုထဲ၌ ကြာပန်းဓားသခင်မသည် အချိန်မည်မျှကြာကြာ လွင့်မျောနေသည်ကို မသိလိုက်ချေ။ သူမ၏အသိစိတ်သည် အေးစက်ပြီး လေဟာနယ်ကဲ့သို့သော နေရာတစ်ခုတွင် ရှိနေသည်ဟုသာ ခံစားရသည်။

သို့သော် ရုတ်တရက်ဆိုသလို အဆုံးမဲ့အမှောင်ထုထဲတွင် အလင်းရောင်လေးတစ်ခုက ထွန်းလင်းလာ၏။ ပြီးနောက်တွင် နွေးထွေးမှုတစ်ခုက သူမအား ရစ်ပတ်လာသည်။

နူးညံ့ပြီး နှစ်လိုဖွယ်ကောင်းသော ထိုနွေးထွေးမှုသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး၊ ထို့နောက် သူမ၏အသိစိတ်သည် ဖြည်းညှင်းစွာဖြင့် သက်ရှိလောကသို့ပြန်လည်ရောက်ရှိလာသည်။

“ဟမ်...” သူမ၏ အာမေဋိတ်အသံထွက်ပေါ်လာ၏။ သို့သော် ပြဿနာမှာ သူမ၏အသံသည် ယောက်ျားအသံကြီးဖြစ်လေသည်။

ကြာပန်းဓားသခင်မ၏ အမည်အရင်းမှာ ချင်းလိန်ဟွာဖြစ်ပြီး သူမက မိဘမဲ့တစ်ယောက်ဖြစ်သည်။ ချင်းလိန်ဟွာဆိုသော အမည်၏အဓိပ္ပါယ်မှာ သန့်စင်သောကြာပန်း ဖြစ်သည်။

လက်ရှိအချိန် တွင်တော့ ချင်းလိန်ဟွာက ဇဝေဇဝါဖြစ်နေကာ သူမရောက်ရှိနေသည့် ပတ်ဝန်း​ကျင်အား ကြည့်နေ၏။

“ဘာလဲဟ” နောက်ထပ်တစ်ကြိမ် ယောက်ျားအသံကြီးက သူမ၏လည်ချောင်းမှထွက်ပေါ်လာသည်။

ရုတ်တရက် သူမ၏ခေါင်းထဲသို့ မှတ်ဉာဏ်များတိုးဝင်လာသည်။ ချက်ချင်းပဲ သူမက နာကျင်စွာဖြင့် ခေါင်းအားအုပ်ကိုင်လိုက်ရကာ အိပ်ယာပေါ်သို့လှဲချလိုက်သည်။

၅ မိနစ်ခန့်ကြာသွားသောအခါ နာကျင်မှုများက ပျောက်ကွယ်သွားလေသည်။

ချင်းလိန်ဟွာက မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်သည်။

“မိုးပြာနဂါးကုန်းမြေတိုက်ကြီး...ရွှေနဂါးနိုင်ငံ၊ ရှောင်မိသားစု၊ ရှောင်မာန်”

တိုက်ဆိုင်လှစွာပင် ပြိုင်စံရှားဓားသခင်မတစ်ပါးဖြစ်သော ကြာပန်းဓားသခင်မဟာ ရှောင်မိသားစု၏ရှောင်မာန်၏ခန္ဓာကိုယ်ထဲသို့ ဝိညာဉ်ကူးပြောင်းလာသည်။

“ဘဝအသစ်ပေးလို့ မိုးကောင်းကင်ကြီးကို ကျေးဇူးအများကြီးတင်ပါတယ် ဒါပေမဲ့ ဘာလို့ ယောက်ျားခန္ဓာကိုယ်ကြီးလဲ” ချင်းလိန်ဟွာက ဒူးထောက်ချလိုက်ပြီး မျက်ရည်များပင် ကျလာကာ ကြေကွဲစွာဖြင့် အော်ဟစ်လိုက်သည်။

လင်းနို့ဧကရာဇ်သည် နှစ်ပေါင်းလေးထောင်တိတိ ကံကြမ္မာအင်းကွက်များဖြင့် ချိတ်ပိတ်ထားခြင်းခံရသည့် အုတ်ဂူနက်ကြီးအတွင်း၌ တိတ်ဆိတ်စွာ အိပ်စက်နေခဲ့၏။

အမှောင်ထုကသာ ကြီးစိုးသည့် ထိုအုတ်ဂူသည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော မြေအောက်နက်ထဲတွင် လျှို့ဝှက်စွာ တည်ရှိနေခြင်းဖြစ်သည်။

ဂူ၏နံရံများတွင် ထွင်းထုထားသည့် ဆန်းကြယ်သော အင်းကွက်များသည် ခရမ်းရောင်အလင်းတန်းများကို မှိတ်တုတ်မှိတ်တုတ် ထုတ်လွှတ်နေပြီး၊ ထိုအလင်းတို့ကပင် နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့သော ချုပ်နှောင်မှုကို သက်သေခံနေချေသည်။

လင်းနို့်ဧကရာဇ်၏ခန္ဓာကိုယ်ကြီးသည် ကျောက်စိုင်ကျောက်သားများဖြင့် ထုလုပ်ထားသည့် ကိန္နရီရုပ်ထုကြီးနှယ် ငြိမ်သက်စွာ လဲလျောင်းနေသည်။

သူ၏ ခွန်အားကြီးမားသော ကိုယ်ခန္ဓာကြီးပေါ်တွင် အသားအရေတို့သည် ခြောက်ကပ်ပြီး မည်းညစ်နေသော်လည်း၊ မူလက သူ့တွင်ရှိခဲ့သည့် သန်မာမှုနှင့် ကြောက်မက်ဖွယ်ကောင်းသော အရိပ်အယောင်များက ပျောက်ကွယ်မသွားသေးချေ။

ချွန်မြသော ဦးချိုကြီးများက မှောင်မိုက်သည့် အမှောင်ထုထဲတွင် နတ်ဆိုးဆန်စွာ ထောင်မတ်နေပြီး၊ သူ၏မျက်လုံးတို့သည်လည်း ပိတ်လျက်သား အနက်ရောင် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။

သို့သော်လည်း၊ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်ခဲ့ရသည့် သူ၏လက်အောက်ခံများကြောင့် ထိုတိတ်ဆိတ်ခြင်းသည် ပြိုလဲစပြုလာနေသည်။

အုတ်ဂူကြီး၏ အပြင်ဘက်တွင် မှော်အစွမ်းနှင့် ပြည့်စုံသော လင်းနို့သွေးသခင်များနှင့် ဝိညာဉ်မှူးများ စုရုံးနေကြသည်။ သူတို့သည် ရှေးဟောင်းကျမ်းများကို ရွတ်ဖတ်ရင်း၊ သွေးမှော်ပညာများကို သုံးကာ၊ ကြောက်မက်ဖွယ်ကောင်းသော စတေးမှုများဖြင့် ချုပ်နှောင်ထားသည့် အင်းကွက်တို့ကို တစ်စစီ ဖြိုခွဲနေကြလေသည်။

ပြင်းထန်သော မြေငလျင်များက လှုပ်ခတ်လာလေပြီး အုတ်ဂူပတ်လည်ရှိ လေထုသည်လည်း စိမ်းမှောင်သော မှော်စွမ်းအင်များဖြင့် ပြည့်နှက်လာ၏။

နောက်ဆုံးတွင်၊ အလယ်ဗဟိုရှိ အကြီးဆုံးသော အင်းကွက်ကြီးသည် “ခွမ်း!” ဟူသော အသံနှင့်အတူ စတင် ကွဲအက်သွားတော့သည်။

ထိုစဉ်မှာပင် အုတ်ဂူအတွင်းမှ ထွက်ပေါ်လာသော အနက်ရောင်စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက ပတ်ဝန်းကျင်ကို ဝါးမြိုပစ်လိုက်သကဲ့သို့ ဖြစ်သွားသည်။

လင်းနို့ဧကရာဇ်၏ မျက်လုံးများက တဖြည်းဖြည်း ပွင့်လာပြီး၊ ပုံမှန်မဟုတ်သော ခရမ်းရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့သည်။ သူ၏နှုတ်ခမ်းထောင့်များက ရက်စက်ကြမ်း​ကြုတ်သော အပြုံးတစ်ခုအဖြစ်သို့ ကွေးညွတ်သွားပြီး၊ နှစ်ပေါင်းလေးထောင်ကြာ မြိုသိပ်ထားခဲ့ရသည့် ဒေါသနှင့် ခွန်အားတို့က အုတ်ဂူတစ်ခုလုံးကို တုန်ခါစေတော့သည်။

သူ၏ကိုယ်ခန္ဓာမှ သွေးကြောကြီးများက အပြင်သို့ ဖောင်းကြွထွက်လာပြီး၊ ဖြည်းညှင်းစွာပင် ကောင်းကင်သို့ပျံတက်လာသည့် မည်းနက်သော တောင်ပံကြီးနှစ်ခုက ကျယ်ပြန့်စွာ ဖြန့်ကားလိုက်သည်။

တောင်ပံများ၏ လှုပ်ရှားမှုကြောင့် အုတ်ဂူ၏မျက်နှာကြက်များပင် ပြိုကျလုနီးပါး ဖြစ်သွား၏။

လင်းနို့ဧကရာဇ်သည် တဖြည်းဖြည်း အားအင်များ ပြန်လည်ပြည့်ဝလာပြီး၊ မြေပြင်မှ လှံစွပ်များ၊ ဓားများ၊ နှင့် သွေးတို့ဖြင့် စွန်းထင်းနေသော အရာများကို လက်ဖြင့် ပွတ်သပ်ကြည့်လိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းသော ဟစ်အော်သံတစ်ခုက မြေအောက်ဂူကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။ သူ၏မျက်နှာပေါ်တွင် ပြန်လည်နိုးထလာခြင်း၏ ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ပွင့်သာ ထင်ရှားစွာ ရှိနေသည်။

အလွန်အစွမ်းထက်သော အရှိန်အဝါများဖြင့် လူသားအသွင်ဖြင့် လင်းနို့ ၁၀၀ ကျော်ကလည်း ဒူးထောက်လိုက်ကာ အော်ဟစ်လိုက်ကြသည်။

“ပြိုင်ဘက်ကင်းတဲ့ လင်းနို့ဧကရာဇ်ကိုပြန်လည်ကြိုဆိုပါတယ်”

လင်းနို့ဧကရာဇ်ကလည်း ရက်စက်စွာ အော်ဟစ်ကာ ရယ်မောလိုက်လေသည်။

“ဟားဟားဟား ဟားဟားဟား”

“သောက် ဧကရာဇ်အိုကြီးတွေ ငါ့ကို အသေသတ်ဖို့ကြိုးစားပေမဲ့ အင်းကွက်လောက်နဲ့ပဲ ချုပ်နှောင်ထားနိုင်ခဲ့တယ်”

“မင်းတို့ရဲ့ လူသားခန္ဓာကိုယ်တွေက အားနည်းလွန်းလို့ အခုထက်ထိကို ငါပေးထားတဲ့ ဒဏ်ရာတွေကိုပြန်မကောင်းလောက်သေးဘူး”

“လူအိုကြီး ကျန် အခုလက်ရှိခေတ်ရဲ့ အသန်မာဆုံးသော ဧကရာဇ်က ဘယ်သူလဲ”

“အခုချက်ချင်း သူ့ကိုသွားသတ်ကြမယ်” လင်းနို့ဧကရာဇ်က ကြမ်းတမ်းစွာပြုံးလိုက်ပြီး ပြောလိုက်သည်။

လူသားအသွင်ဖြင့်လင်းနို့များထဲမှ သက်ကြီးရွယ်အိုတစ်ယောက်က လေးစားစွာဖြင့်ပြောလိုက်၏။

“အခုလက်ရှိခေတ်ရဲ့ အသန်မာဆုံးသော ဧကရာဇ်က ဟွမ်ရှီထျန်းပါ”

“သူက အရမ်းသန်မာလွန်းတဲ့အတွက် ကျင့်ကြံခြင်းလောကကြီးတစ်ခုလုံးက အင်ပါယာဟွမ်ရှီဆိုပြီးတော့ကို ဘွဲ့ပေးထားကြပါတယ်”

လင်းနို့ဧကရာဇ်က မျက်ခုံးပင့်လိုက်ကာ သူ၏မျက်နှာအထက်တွင် စိတ်ဝင်စားမှုများထွက်ပေါ်လာသည်။

“ကောင်းပြီ အရင်ခေတ်ရဲ့ အသန်မာဆုံးသော ဧကရာဇ်၊ ငါ လင်းနို့ဧကရာဇ်က အင်ပါယာဟွမ်ရှီဆိုတဲ့ကောင်ကို သတ်ပြီးတော့ ငါ့ရဲ့ဂုဏ်ပုဒ်ကိုပြန်ယူမယ်”

လဝန်းစန္ဒာနယ်မြေ၏ အလွှာ ၆ ရှိ လွင်​ပြင်ကြီးတစ်ခုတွင် တောင်ကုန်းလုံးလေးတစ်လုံးခန့်ရှိသော ခြင်္သေ့တစ်ကောင်က ဒဏ်ရာအပြည့်ဖြင့် လဲကျနေသည်။

ခြင်္သေ့ကြီး၏ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းလှသော ဓားဒဏ်ရာများစွာရှိနေပြီး အနီရောင်သွေးများကလည်း အင်းအိုင်ကြီးတစ်ကန်ကဲ့သို့ အိုင်နေလေ၏။

ထိုအလောင်းနှင့် သိပ်မဝေးသောနေရာတွင် ကျောက်တုံးကြီးတစ်တုံးရှိသည်။ ကျောက်တုံးကြီးဟာ ညီညာနေအောင် ၂ ပိုင်းဖြတ်ခံထားရပြီး အဖြူရောင်ဝတ်စုံအားဝတ်ဆင်ထားကာ နတ်သမီးကဲ့သို့သော အသွင်အ​ပြင်ဖြင့် ကောင်မလေးတစ်ယောက်က တင်ပျဉ်ခွေ၍ ထိုင်နေသည်။

သူမ၏ကိုယ်ပတ်လည်တွင် ဝိညာဉ်စွမ်းအင်များက တုန်ယင်နေလေပြီး သူမ၏ကိုယ်ထဲသို့တိုးဝင်လာနေကြသည်။

ဝိညာဉ်စွမ်းအင်ကိုကျင့်ကြံသော ကျင့်ကြံသူများသာ သူမ၏အခြေအနေအားတွေ့လိုက်လျှင် သူမဟာ ဝိညာဉ်သခင်အဆင့်သို့ တက်ရောက်ရန်ကြိုးစားနေကြောင်း သိကြမည်ဖြစ်သည်။

သူမ၏ အနားတွင် တစ်ကိုယ်လုံးတွင် သွေးများပေနေပြီး အရပ်ရှည်ရှည်ဖြင့် လှပသော အမျိုးသမီးတစ်ယောက်က သူမအားစောင့်ကြပ်ပေးနေသည်။

သူမ၏ ရီဝေဝေဖြင့် လှပသောမျက်ဝန်းတို့က အဖြူရောင်ဝတ်စုံဖြင့် ကောင်မလေးအား မနာလိုစွာဖြင့်ကြည့်နေသည်။

ခန္ဓာကိုယ်တစ်ခုထဲဖြင့် ကျင့်ကြံခြင်းစနစ် ၂ ခုအားတစ်ပြိုင်တည်း ကျင့်ကြံခြင်းဆိုသည်မှာ မဖြစ်နိုင်ချေ။ အထူးခန္ဓာကိုယ်အချို့နှင့် ကောင်းကင်ကိုဆန့်ကျင်သည်အထိ အစွမ်းထက်လွန်းသော ကျင့်စဉ်များကသာလျှင် ထိုမဖြစ်နိုင်ခြင်းဟူသော အရာအားချိုးဖြတ်နိုင်လိမ့်မည်ဖြစ်သည်။

အဖြူရောင်ဝတ်စုံဖြင့် ကောင်မလေးဟာ အလွန်အားကောင်းသော အင်အားစုမှမင်းသမီးလေးဖြစ်ပြီး သုံးမွှာဓားဝိညာဉ်ခန္ဓာကိုယ်အားပိုင်ဆိုင်ထားသည်။

သုံးမွှာဓားဝိညာဉ်ဆိုသည်မှာ သူမ၏ခန္ဓာကိုယ်အပြင်၊ နောက်ထပ်ဝိညာဉ်ခန္ဓာကိုယ် ၂ ခုရှိသည်ဟုဆိုလိုလေသည်။

ထို့အတွက်ကြောင့် သူမဟာ ကျင့်ကြံခြင်းစနစ် ၃ ခုအားတစ်ပြိုင်တည်းမှာ ပြဿနာမရှိပဲ ကျင့်ကြံနိုင်လေသည်။

မိန်မိန်းဟု အမည်ရသော ကောင်မလေး၏ ကျောက်စိမ်းလိုအသားအရေဖြင့် သွယ်လှသော လက်ကောက်ဝတ်ကလေးတွင် အဖြူရောင်ဝိညာဉ်ကွင်းလေး တစ်ကွင်းထွက်ပေါ်လာသည်။

သူမက အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်နေရာမှ ထလာလိုက်သည်။ ပြီးနောက်တွင် မျက်လုံးတို့အား အသာမှိတ်လိုက်ပြီး သိုင်းကွက်ပြင်လိုက်သည်။

“နတ်ဆိုးသတ်ဖြတ်ခြင်းလက်ဝါး” သူမက ကြုံးဝါးလိုက်ပြီး ကောင်းကင်ပေါ်သို့လက်ဝါးကြီးရိုက်ချလိုက်သည်။

“ဝုန်းးး” ချက်ချင်းပဲ ကြီးမားလှသော အနက်ရောင်လက်ဝါးကြီးထွက်ပေါ်လာပြီး ကောင်းကင်အထက်တွင် ပေါက်ကွဲသွားလေသည်။

ယွဲ့ဟွာဟုအမည်ရသည့် အစိမ်းရောင်ဝတ်စုံဖြင့် ကောင်မလေးမှာတော့ အတော်လေးအံဩသွားမိသည်။

“အရင်ကထက်ကို ၅ ဆလောက်ပိုပြီးသန်မာလာတာပဲ၊ အင်ပါယာဟွမ်ရှီ ကိုယ်တိုင်ထောက်ခံပေးထားတဲ့ ကျင့်ကြံခြင်းစနစ်ဆိုတဲ့အတိုင်းပဲ တကယ်ကိုသန်မာပါပေတယ်”

“ငါမကျင့်ကြံနိုင်တာတော့ အတော်လေး ဝမ်းနည်းစရာပဲ” ယွဲ့ဟွာက သက်ပျင်းချ၍ပြောလိုက်သည်။

မိန်မိန်းကတော့ လှပစွာပြုံးလိုက်ရင်း သူမ၏ဆံနွယ်များအား အနောက်သို့ပို့လိုက်သည်။

“အစ်မ ယွဲ့ဟွာရဲ့ သွေးဓားခန္ဓာကိုယ်ကလည်း အတော်အားကောင်းတာပဲကို၊ ကျွန်မရဲ့ခန္ဓာကိုယ်ကိုလည်း လိုချင်သေးတာလား” မိန်မိန်းက လျှာထုတ်ပြလိုက်သည်။

ယွဲ့ဟွာကတော့ သူမ၏အနားသို့တိုးလာပြီး ခါးသိမ်သိမ်လေးအားဖက်လိုက်ကာ “အင်း...မိန်းရဲ့ခန္ဓာကိုယ်လေးကို လိုချင်တယ်” ဟူ၍ စွဲမက်စွာ ပြောလိုက်သည်။

“သွားမယ် နောက်ထပ် ဝိညာဉ်ကွင်း ၃ ကွင်းကျန်သေးတယ်” မိန်မိန်းက သူမအားရှက်ရွံစွာတွန်းထုတ်လိုက်ပြီး ထွက်ခွာသွားလိုက်သည်။

ယွဲ့ဟွာကလည်း သူမ၏အနောက်သို့ တက်ကြွစွာလိုက်သွားလေသည်။

သူမတို့ဟာ အမှန်တကယ်ပင်ချမ်းသာသောသူများဖြစ်ကြပေလိမ့်မည်။ အဆင့် ၁ တန်ခိုးရှင်နှင့်ညီမျှသော ခြင်္သေ့ကြီး၏အလောင်းမှာ ဒေါ်လာဘီလီယံရာချီလေ၏။

သို့သော် သူမတို့ ၂ ယောက်ကတော့ စိတ်ဝင်စားသည့်ပုံမပေါ်လေချေ။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၃ + ၃၄ + ၃၅) ပြီး

All Chapters