← Chapters

အခန်း (၃၆)

Vol. 4 Ch. 36

အခန်း (၃၆)

Vol. 4 Ch. 36

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၆)

မြေပြင်ပြင်သည်ကား သွေးညှီနံ့တို့ဖြင့် လွှမ်းခြုံလျက်ရှိ၏။ နေရာအနှံ့ ပျံ့ကျဲနေသော မြားကျိုးတံများ၊ သံချပ်ကာအပိုင်းအစများ၊ လှံကျိုးများသည် တိုက်ပွဲ၏ပြင်းထန်မှုအား ပြသနေသည်။

မြေပြင်တွင်ကား သွေးချင်းချင်းနီသော သွေးကွက်ကြီးများအား ထင်ရှားစွာ မြင်နေရသည်။

အနီးနားရှိ သစ်ပင်ကြီးများသည်လည်း ၂ ပိုင်းကျိုးကျနေ၏။ အချို့သစ်ပင်များသည် မီးလောင်ထားသောကြောင့် အပိုင်းအစများအဖြစ်သာ ကျန်ရစ်တော့သည်။

ကောင်းကင်ယံသို့ တလူလူတက်နေသော မီးခိုးငွေ့များသည်လည်း စစ်ပွဲ၏ အနိဋ္ဌာရုံကို ဖော်ပြနေ၏။ လေပြည်ညှင်းတိုက်ခတ်လာတိုင်း သစ်ရွက်ခြောက်များ ကြွေကျသံ နှင့် မီးလောင်နေသောအသံ မှလွဲ၍ အခြားမည်သည့် အသံမျှ မကြားရချေ။

တိတ်ဆိတ်မှုသည်ကား အသက်မဲ့သော စစ်မြေပြင်ကို လွှမ်းမိုးထား၏။ တိုက်ပွဲအတွင်း ကျဆုံးသွားသော ရဲမက်တို့၏ အလောင်းများသည် မလှုပ်မယှက် ငြိမ်သက်စွာ လဲလျောင်းလျက်ရှိ၏။

သူတို့၏ သေဆုံးသွားသည့်မျက်နှာများသည် နာကျင်မှုတို့ဖြင့် ပြည့်နှက်နေသည်ကို ထင်ရှားစွာ မြင်ရချေ၏။ သူတို့၏ခန္ဓာကိုယ်များဟာ သံတူကြီးနှင့်အရိုက်ခံထားရသလိုမျိုး ပုံပျက်နေကြကာ အလောင်းအများစုက ကိုယ်လက်အင်္ဂါမဆုံချေ။

အချို့အလောင်းများဆိုလျှင် ခေါင်းကြီးတစ်ခုလုံးပျောက်ဆုံးနေ၏။ သူတို့နှင့်တိုက်ခိုက်ခဲ့သော ရန်သူမှာ အလွန်ကြမ်းတမ်းမည်မှန်းသိရှိနိုင်သည်။

စစ်မြေပြင်တစ်ခုလုံးသည် သေခြင်းတရားနှင့် ဝမ်းနည်းကြေကွဲမှုတို့၏ အရိပ်အာဝါသတို့ဖြင့် လွှမ်းခြုံလျက်ရှိ၏။

တိုက်ပွဲ၏အလယ်တွင်တော့ တစ်ကိုယ်လုံးကို သံမဏိဖြင့်ပြုလုပ်ထားသော လုလင်ပျိုလေးတစ်ယောက်ရှိနေသည်။ သူဟာ အလောင်းတွေကြားထဲတွင် ခပ်ပါးပါးအပြုံးဖြင့်ရပ်တန့်နေလျက်ရှိသည်။

လူငယ်လေး၏သံမဏိလက် ၂ ဖက်လုံးဟာ အနီရောင်သွေးများက စိုရွဲနေကာ မြေပြင်ပေါ်သို့ တစ်စက်စက်ဖြင့်ကျဆင်းနေသည်။

သူ၏တစ်ကိုယ်လုံးတွင်လည်း သွေးများဖြင့်စိုရွဲနေကာ သူ၏ချောမောသော မျက်နှာတွင်ပင် သွေးများပေကြံနေလေ၏။

ဤလုလင်ပျိုဟာတော့ အခြားသူမဟုတ်၊ ထျန်ရှင်းလုသာဖြစ်ပေသည်။ “ဒါက စမ်းသပ်မှုရဲ့နောက်ဆုံးအဆင့်ပဲမလား”

ထျန်ရှင်းလုက ပြောလိုက်သောအခါ လောကကြီးတစ်ခုလုံးကပြိုကွဲသွားလေပြီး သူဟာလည်း မြေအောက်ဂူတစ်ခုထဲတွင်ပြန်ပေါ်လာလေသည်။

မြေအောက်ဂူကြီး၏ အမိုးတွင်တော့ ညပုလဲမီး ၃ လုံးတိတိရှိကာ မြေအောက်ဂူကြီးတစ်ခုလုံးအား မှိန်ပြပြအလင်းရောင်ပေးစွမ်းထားသည်။

မြေအောက်ဂူဟာ အတော်လေးကြီးမားသော်လည်း နေရာလွတ်ကြီးသာဖြစ်ပြီး အရိုးစုအလောင်း ၂ ခုသာရှိ၏။

သူ၏ခန္ဓာကိုယ်မှပေကြန့်နေသော သွေးများမရှိတော့သည်ကို သတိထားမိလိုက်သောအခါ ထျန်ရှင်းလုက သိုလှောင်လက်စွပ်ထဲမှ အဖြူရောင်ဝတ်စုံအားထုတ်ကာ ဝတ်ဆင်လိုက်သည်။

ထျန်ရှင်းလုက ဂူနံရံများပေါ်တွင်ရေးသားထားသော ကျောက်စာများကိုစိတ်ဝင်စားသွားကာ အနားသို့တိုးကြည့်လိုက်သည်။

သို့သော် ထိုဂူကြီး၏ နံရံများတွင် ရေးထွင်းထားသော ကျောက်စာများသည် အခြားသောယဥ်ကျေးမှုတစ်ခုခုမှ ဘာသာစကားဖြစ်ပုံရပြီး ထျန်ရှင်းလု မဖတ်တတ်ချေ။

ထို့အတွက်ကြောင့် အရိုးစု ၂ စုအားကြည့်လိုက်၏။

ပထမအရိုးစုဟာ ယခုထက်ထိ အကောင်းအတိုင်းဖြစ်နေသေးသည့် အဖြူရောင် အမျိုးသားအဝတ်အစား အားဝတ်ဆင်ထားလေသည်။ ထိုအရိုးစု၏အရှေ့တွင် နက်ရှိုင်းသောကျောက်သားအရာရှိနေပြီး ယခင်က ဓားတစ်ချောင်းထိုးစိုက်ခဲ့ခြင်းဖြစ်ပေလိမ့်မည်။

ဒုတိယအလောင်းမှာလည်း ယခုထက်ထိအကောင်းအတိုင်းဖြစ်နေသေးသည့် အပန်းရောင်အမျိုးသမီးအဝတ်အစားအား ဝတ်ဆင်ထားလေသည်။ သူမ၏အ​ရှေ့တွင်တော့ သံကွင်း ၉ ကွင်းဖြင့်ဆေဘာကြီးကို စိုက်ထားလေသည်။

ရုတ်တရက် အလင်းတန်းတစ်ခု ဖြာထွက်လာသည်။ ထိုအလင်းသည် ဖြည်းဖြည်းချင်း လွင့်ပျံလာပြီး စွဲမက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုအဖြစ် ပေါ်ထွက်လာသည်။

ထိုပုံရိပ်သည် အသက် ၃၀ ခန့်ရှိသော လူငယ်တစ်ဦး၏ ပုံသဏ္ဌာန်ဖြစ်သည်။ သူ၏မျက်နှာသည် ချောမောပြေပြစ်ပြီး ကြည်လင်သော မျက်ဝန်းများသည် စကြဝဠာ၏ လျှို့ဝှက်ချက်များကို သိရှိနေသကဲ့သို့ အားကောင်းသည်။

သူ၏ဆံပင်များသည် ရွှေရောင်တောက်ပပြီး လေထဲတွင် ဖြည်းညင်းစွာ လွင့်မျောနေသည်။ သူ၏ကိုယ်ခန္ဓာမှ ထွက်ပေါ်လာသော အလင်းရောင်သည် ကြောက်မက်ဖွယ်ကောင်းသော မှိန်ပြပြဂူကြီးကို လင်းထိန်သွားစေ၏။

သူ၏အဝတ်အစားများသည် စက္ကူကဲ့သို့ ပါးလွှာသော်လည်း တောက်ပသည့်အလင်းဖြင့် ပြုလုပ်ထားပြီး လှုပ်ရှားတိုင်း အလင်းရောင်များ ဖြာထွက်နေသည်။ သူ၏ခြေလှမ်းများသည် မြေပြင်ကို မထိဘဲ လေထဲတွင် ပေါလောမျောနေသည်။

ထိုသည်မှာ လူသားတို့၏ ကန့်သတ်ချက်များကို ကျော်လွန်နေသော အင်မော်တယ်တစ်ပါး၏ အသွင်အပြင်ဖြစ်သည် ဟု ထင်ရသည်။ အင်မော်တယ်ဟာ အတော်လေးချောမောခန့်ညားသော်လည်း အေးစက်နေသောမျက်နှာထားကြောင့် အနည်းငယ်ကြောက်စရာကောင်းနေလေသည်။

အင်မော်တယ်က ထျန်ရှင်းလုအား တစ်ချက်ကြည့်ကာပြောလိုက်သည်။ “မင်းက နောက်ဆုံးတစ်ခေါက်ဒီလျို့ဝှက်နယ်မြေထဲကို ဝင်လာတဲ့ ကောင်ကလေးရဲ့မျိုးဆက်ဖြစ်မယ်။”

ထျန်ရှင်းလုကတော့ အရိုအသေပေးမည့်အစီအစဥ်မရှိပဲ ခေါင်းသာညိတ်ပြလိုက်သည်။ “ဟုတ်တယ်။ သူက ငါရဲ့အဖေပဲ”

အင်မော်တယ်ကတော့ ထျန်ရှင်းလု၏ ရိုင်းစိုင်းမှုကြောင့် နှာရှုံလိုက်သည်။ “ဟမ့် မင်းက အတော်လေးကိုရိုင်းတဲ့ကောင်စုတ်ပဲ၊ မင်းရဲ့အဖေတောင် ငါ့ကို အတော်လေးရိုးကျိုးခဲ့သေးတယ်”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၆) ပြီး

All Chapters