← Chapters

အခန်း (၃၈+၃၉+၄၀)

Vol. 4 Ch. 38+39+40

အခန်း (၃၈+၃၉+၄၀)

Vol. 4 Ch. 38+39+40

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၈ + ၃၉ + ၄၀)

ထျန်ရှင်းလုကတော့ ဓားသခင်ဇျန်ပြောသည်ကို ဂရုမစိုက်နိုင်ပဲ သိုလှောင်လက်စွပ်ထဲမှ ရေဘူးထုတ်ကာ သူ၏မျက်လုံးပေါ်သို့ လောင်းချနေလေသည်။

သူ၏မျက်လုံးတို့ဟာ နာကျင်နေပြီး၊ မီးဖြင့်အကင်ခံ ရသကဲ့သို့ ခံစားနေရသော်လည်း ထျန်ရှင်းလု၏မျက်နှာ အမူအရာကတော့ ပြောင်းလဲမှုမရှိချေ။

အခြားသော သာမန်ကျင့်ကြံသူများသာဆိုလျှင် မြေပေါ်တွင်လဲ၍ ဝက်တစ်ကောင်အော်သလို နာကျင်စွာ အော်ဟစ်နေလောက်ပြီဖြစ်သည်။

ဓားသခင်ဇျန်ကတော့ ထျန်ရှင်းလု၏ အနာခံနိုင်စွမ်းကြောင့် မျက်ခုံးပင့်လိုက်၏။

“စိတ်ပူစရာမလိုဘူး။ အဆင့်မြင့်ကျင့်ကြံသူတွေ တိုက်ခိုက်ကြရင် လေးနက်တဲ့တာအိုပါဝင်တယ်။ မင်းရဲ့နိမ့်ပါးတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ တိုက်ရိုက်သွားကြည့်မိလို့ဖြစ်တာ။”

ဓားသခင်ဇျန်ကပြောလိုက်ပြီးနောက် ထျန်ရှင်းလု၏မျက်ဝန်းတို့ဆီ စွမ်းအင်အနည်းငယ်ပို့လွှတ်လိုက်သည်။

ချက်ချင်းပဲ နာကျင်မှုများပျောက်ကွယ်သွားသောအခါ ထျန်ရှင်းလုကလည်း ရပ်တန့်လိုက်ပြီး ဓားသခင်ဇျန်အား အရိုအသေပေးလိုက်သည်။

“အကူအညီအတွက် ကျေးဇူးတင်ပါတယ် စီနီယာ”

“အင်း ကောင်းပြီ”

ဓားသခင်ဇျန်က ခေါင်းညိတ်လိုက်သည်။ ပြီးနောက်တွင် သူ၏အစွမ်းထက်သော မျက်ဝန်းတို့က အတိတ်ကိုလွမ်းဆွတ်ဟန်ဖြင့် ငေးမောသွားလေသည်။

“နတ်ဆိုးနန်းတော်ဆိုတာ အထွတ်အထိပ်ပြိုင်စံရှား သိုင်းသခင်တစ်ယောက်ရှိတဲ့ ကောင်းကင်အဆင့်အင်အားစုကြီးတစ်ခုပဲ”

“အစောပိုင်း၊ အလယ်အလတ်၊ အဆင့်မြင့် ပြိုင်စံရှားသိုင်းသခင်တွေလည်း တစ်ဒါဇင်ခန့်မနည်းရှိတယ်”

“ငါရဲ့ ဓားနဲ့ဆေဘာဂိုဏ်းလေးကတော့ မြေကမ္ဘာအဆင့်ဂိုဏ်းသာသာဖြစ်ပြီး ပြိုင်စံရှားသိုင်းသခင်ဆိုလို့ ငါတစ်ယောက်တည်းရှိတယ်လေ”

“နတ်ဆိုးနန်းတော်သခင်က ယွမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ချင်တဲ့အတွက် ငါတို့ကိုတိုက်ခိုက်ခဲ့တယ်”

“ငါနဲ့ငါ့အမျိုးသမီးတို့ ၂ ယောက်တည်း လွတ်မြောက်ခဲ့ပေမဲ့ သူမက ဒဏ်ရာအပြင်းအထန်ရခဲ့တာမို့ သေဆုံးသွားခဲ့ရတယ်”

“ငါကလည်း အသက်စတေးခြင်းနည်းစနစ်ကိုအသုံးပြုပြီး ထွက်ပြေးလာခဲ့ရတာဆိုတော့ ဒီအမွေအနှစ်နယ်မြေကိုတည်ဆောက်ပြီး မကြာခင်မှာပဲ သေဆုံးခြင်းကို မရှောင်လွဲနိုင်ခဲ့ပါဘူးလေ”

ဓားသခင်ဇျန်တစ်ယောက်က သူ၏ဘဝဇာတ်ကြောင်းအား မာန်ပါပါဖြင့် ဝမ်းနည်းစွာပြောပြနေလေ၏။ ထျန်ရှင်းလုကလည်း အတွေးထဲတွင် လွင့်မျောနေသည်။

‘အင်း...ငါ အရသာရှိတဲ့ အစားအသောက်တွေမစားရတာ ကြာပြီ။ ဒီသောက်အဘိုးကြီး အရစ်ရှည်တာပြီးရင် တစ်ခုခုသွားစားရမယ်။’

ထျန်ရှင်းလုက တွေးတောလိုက်သည်။

ဓားသခင်ဇျန်တစ်ယောက်သာ ထျန်ရှင်းလု၏ အတွေးများအားသိရှိလိုက်လျှင် ဒေါသကြောင့် သွေးအန်မိနေလိမ့်မည်။

ဓားသခင်ဇျန်က နောက်ထပ် ၅ မိနစ်ခန့် အရစ်ရှည်ပြီးနောက်တွင် ချောင်းဟန့်လိုက်သည်။

“ကောင်လေး မဆိုးဘူး။ မင်းရဲ့အဖေက ကံကြမ္မာဓားခန္ဓာကိုယ်ရှိသလို မင်းကလည်း ဆေဘာနဲ့ပတ်သက်တဲ့ ခန္ဓာကိုယ်ရှိတယ်”

“ဒါကြောင့်လည်း မင်းအဖေက မင်းကိုဒီနေရာကို လွှတ်လိုက်တာဖြစ်မယ်”

ဓားသခင်ဇျန်က ပြုံးလိုက်သည်။ “ကောင်လေး မင်းငါ့မိန်းမရဲ့အမွေအနှစ်ကို ဆက်ခံချင်သလား”

“သူမက ဆေဘာအသုံးပြုတဲ့ ဆေဘာပညာရှင်ဖြစ်ခဲ့ပြီး အဆင့်တူတွေထဲမှာတောင် တကယ်ထိပ်သီးပဲ”

ဓားသခင်ဇျန်က ပြုံးကာ ကြွားဝါလိုက်သည်။

ထျန်ရှင်းလုကတော့ အပြင်ဘက်တွင် အပြုံးတစ်ခုရှိနေသော်လည်း စိတ်ထဲတွင်တော့ နှာခေါင်းရှုံ့လိုက်၏။

‘ဆေဘာအသုံးပြုပြီဆိုမှတော့ သာမန်သိုင်းပညာရှင်တွေနဲ့ယှဉ်ရင် ထိပ်သီးဖြစ်တာ သာမန်ပဲလေ။ ထိပ်သီးမဖြစ်မှပဲ ထူးဆန်းနေမယ်။ ဒီသောက်အဘိုးကြီးက ငါ့ကိုဂျင်းလာထည့်ချင်နေတာလား။’

ထျန်ရှင်းလုက ထိုသို့တွေးနေသော်လည်း ပြုံးလျက် ဓားသခင်ဇျန်အားပြောလိုက်သည်။

“ဒါနဲ့ စီနီယာ ကျွန်တော့်ကို ကျင့်ကြံခြင်းအဆင့်တွေအကြောင်းရှင်းပြပါဦး” ထျန်ရှင်းလုက တောင်းဆိုလိုက်သည်။

ထိုအခါ ဓားသခင်ဇျန်ကပြုံးသွားသည်။ ‘အော် ဒီကောင်လေးက ကျင့်ကြံခြင်းအဆင့်တွေကို မသိဘူးကိုး။ ဒါကြောင့် ငါသိုင်းဘုရင် နဲ့ ပြိုင်စံရှားသိုင်းသခင်အဆင့်တို့ကိုပြောတဲ့အခါမှာ မတုန်လှုပ်တာကိုး။’

ဓားသခင်ဇျန်က ဟန်ထုတ်ရန်အခွင့်အရေးရလာသောအခါ တက်ကြွသွားလေသည်။ သူက ထျန်ရှင်းလုအား ဟိတ်ဟန်အပြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။

“အစောပိုင်းကျင့်ကြံခြင်းအဆင့်တွေမှာ ဘယ်လောက်ပဲ ကွဲပြားနေပါစေ ကျင့်ကြံခြင်းစနစ်တွေအကုန်လုံးက တာအိုကိုကျင့်ကြံကြတယ်”

“သိုင်းကျင့်ကြံသူတွေက တာအိုလို့ခေါ်တယ်၊ ဗုဒ္ဓကျင့်ကြံသူတွေက ဓမ္မလို့ခေါ်တယ်၊ မှော်ကျင့်ကြံသူတွေက တေဇလို့ခေါ်တယ်၊ ဒါပေမဲ့ သူတို့တွေအားလုံးပြောနေတဲ့အရာက တစ်ခုတည်းပဲ”

“ဒါကြောင့်မလို့ အစောပိုင်းကျင့်ကြံခြင်းအဆင့်တွေမှာ ဘယ်လိုပဲ မတူညီကွဲပြားပါစေ၊ အဆင့်မြင့်အဆင့်ကိုရောက်လာရင် အားလုံးက တူညီတဲ့လမ်းကြောင်းကိုရောက်လာကြတယ်”

“မြစ်အသေးလေးတွေစုပေါင်းပြီး၊ မြစ်ကြီးတစ်ခုဖြစ်လာရင် ပင်လယ်ထဲကိုစီးဆင်းသွားသလိုပဲပေါ့”

“တန်ခိုးရှင်အဆင့်မှာ ၇ ဆင့်ရှိတယ်၊ အဲဒါက မင်းတို့ရဲ့ သေမျိုးဆင့်ကဲပြောင်းလဲခြင်း ၇ ဆင့်နဲ့ညီမျှတယ်”

“တန်ခိုးရှင်အဆင့်ပြီးတော့ သိုင်းဘုရင်အဆင့်လာတယ်၊ အဲဒါက ငါရဲ့အမျိုးသမီးရဲ့အဆင့်ပဲ”

“သိုင်းဘုရင်အဆင့်ကိုရောက်တာက သာမန်ကျင့်ကြံသူတွေအတွက်တော့ လောကရဲ့အထွတ်အထိပ်ကိုရောက်သွားသလိုပဲ၊ ဘယ်နေရာကိုပဲ သွားနေပါစေ လေးစားမှု နဲ့ ကြည်ညိုမှုကို ရနိုင်လိမ့်မယ်။”

“သိုင်းဘုရင်အဆင့်ရဲ့အထက်မှာတော့ ငါရဲ့ကျင့်ကြံခြင်းအဆင့် ပြိုင်စံရှားသိုင်းသခင်အဆင့်ရှိတယ်။ ဒီအဆင့်ကိုရောက်ရင် နာမည်အတိုင်းပဲ တကယ်ကိုပြိုင်ဘက်ရှားသွားပြီ”

“ဒီအဆင့်ကိုရောက်ဖို့ဆိုတာ ပါရမီသက်သက်တင်မဟုတ်ဘူး၊ ကြိုးစားအားထုတ်မှုအပြင် ကံကောင်းမှုကိုလည်းလိုအပ်တယ်။”

“ပြီးရင် ပြိုင်စံရှားသိုင်းဘုရင်လာတယ်။ ဒီအဆင့်က အတော်လေးကိုရှားပါးပြီးတော့ ငါတောင်တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှမမြင်ခဲ့ဖူးဘူး”

ဓားသခင်ဇျန်၏ မျက်ဝန်းထဲတွင် လေးစားမှုများဖြင့်ပြည့်နှက်နေလေသည်။

“အဲဒီအထက်မှာတော့ ပြိုင်ဘက်ကင်းသိုင်းပညာရှင်အဆင့်ဆိုတာ လာတယ်။”

“နာမည်အတိုင်းပဲ သိုင်းပညာရှင်တွေကြားမှာ တကယ်ကို ပြိုင်ဘက်ကင်းသွားပြီ။ သေမျိုးလောကရဲ့ထိပ်ဆုံးမှာ ရပ်တည်နိုင်တဲ့ ပုဂ္ဂိုလ်တွေပဲ”

“နောက်ဆုံးအဆင့်ကတော့ ဧကရာဇ်၊ ဧကရီ၊ တာအိုအရှင်၊ ဓမ္မအရှင်၊ တေဇအရှင်၊ ဝိဇ္ဇာအရှင် ဘယ်လိုပဲခေါ်နေပါစေ သူတို့က သေမျိုးမဟုတ်ဘူး၊ သိုင်းပညာရှင်သာသာမဟုတ်တော့ဘူး။ သူတို့က နတ်ဘုရားတွေဖြစ်သွားပြီ။”

“သူတို့က သိပ်ကိုအစွမ်းထက်လွန်းပြီး သေမျိုးလောကရဲ့ကံကြမ္မာက သူတို့လက်ထဲမှာရှိတယ်။ သူတို့ရဲ့တိုက်ခိုက်ချက်တိုင်းက အရမ်းကိုအစွမ်းထက်လွန်းတာကြောင့် ကုန်းမြေတိုက်ကြီးတွေ ပျက်စီးပြီး မြေအောက်မြုပ်သွားတဲ့ ဥပမာတွေ သမိုင်းတစ်လျှောက်မှာ အများကြီးရှိခဲ့တယ်”

ပြိုင်စံရှားဓားသခင်ဇျန်က လေးစားမှု၊ အားကျမှုတို့ အပြည့်ဖြင့်ပြောလိုက်လေသည်။

ထျန်ရှင်းလုကတော့ ဓားသခင်ဇျန်အား အထင်သေးသလိုကြည့်လိုက်၏။ ‘ဟမ့် အရမ်းပဲအစွမ်းထက်သလိုလို ဟန်ဆောင်ပြီးတော့ အဲလောက်လည်းမသန်မာပါဘူး’

ဓားသခင်ဇျန်က နှာမှုတ်လိုက်သည်။ “ကောင်စုတ်လေး ငါ့ကိုအထင်လာသေးနေတာလား။ ပြိုင်စံရှားသိုင်းသခင်အဆင့်ဆိုတာက တစ်ယောက်တည်းနဲ့ စစ်တပ်ကြီးတစ်ခုလုံးကိုတောင် ရှင်းပစ်နိုင်တဲ့ တည်ရှိမှုမျိုးကွ”

“မင်းလိုပါရမီရှင်ကို အရင်းအမြစ်တွေပုံပေးရင်တောင် ပြိုင်စံရှားသိုင်းသခင်အဆင့်ကိုရောက်ဖို့က ၁ ရာခိုင်နှုန်းတောင်မရှိဘူးကွ”

ဓားသခင်ဇျန်က ခက်ထန်စွာပြောလိုက်၏။ ထျန်ရှင်းလုက ပြုံးဖြီးလိုက်လေပြီး မေးလိုက်သည်။

“ဒါနဲ့ လက်ရှိ စီနီယာရဲ့ခွန်အားက ဘယ်လောက်အားကောင်းလဲ”

ဓားသခင်ဇျန်က တစ်ချက်စဉ်းစားလိုက်ပြီး ပြောလိုက်သည်။ “အင်း ငါရဲ့အကောင်းဆုံးအချိန်ကနဲ့ယှဉ်ရင်တော့ အပုံ ၁၀၀၀၀ ပုံမှ ၁ ပုံလောက်ပဲ အစွမ်းထက်တော့တယ်”

ပြီးနောက်တွင် ထျန်ရှင်းလုအား အထင်တသေးကြည့်လိုက်ပြီး ပြောလိုက်သည်။

“ငါက အဲလောက်ပဲ အစွမ်းထက်တော့တယ်ဆိုရင်တော့ မင်းကိုတော့ လက်ညှိုးတစ်ချောင်းနဲ့ ပုရွက်ဆိတ်ကိုဖိသတ်သလို သတ်နိုင်သေးတယ်”

“စီနီယာက အရမ်းကိုအစွမ်းထက်တာပဲ” ထျန်ရှင်းလုက အပြုံးတစ်ပွင့်ဖြင့်ပြောလိုက်သော်လည်း စိတ်ထဲတွင်တော့ ကျိန်ဆဲနေပြီဖြစ်သည်။

“ဒါပေါ့ ဒါပေါ့၊ စကားလမ်းကြောင်းလွဲကုန်ပြီ မင်းငါ့မိန်းမရဲ့ အမွေအနှစ်ကို ဆက်ခံချင်သလား” ဓားသခင်ဇျန်က ထပ်မေးလိုက်သည်။

ထျန်ရှင်းလုက လက်မခံချင်သော်လည်း ခက်ခက်ခဲခဲပြုံးပြလိုက်ပြီး လက်ခံလိုက်ရသည်။

“ကျိန်းသေပေါက်ပေါ့”

ပြီးနောက်တွင် ထျန်ရှင်းလုက ဓားဘုရင်မယီရွယ်၏ အရှေ့သို့ရောက်လာကာ အရိုအသေ ၃ ကြိမ် ၃ ခါပေးလိုက်ပြီးပြောလိုက်သည်။

“ဆရာကို တပည့်ထျန်ရှင်းလုက နှုတ်ဆက်ပါတယ်”

ဓားသခင်ဇျန်က မျက်မှောင်ကြုတ်သွားပြီး ပြောလိုက်၏။

“ဒူးထောက်”

ထျန်ရှင်းလုက ခဏတာ တွန့်ဆုတ်သွားသည်။ ပြီးနောက်တွင် အံကြိတ်လိုက်ရပြီး ခက်ခက်ခဲခဲဒူးထောက်ကာ ၃ ကြိမ် ၃ ခါအရိုအသေထပ်ပေးလိုက်၏။

“ဆရာကို တပည့်ထျန်ရှင်းလုက နှုတ်ဆက်ပါတယ်” ထျန်ရှင်းလု၏ အသံမှာအေးစက်နေလေပြီး မကျေနပ်ကြောင်းသိသာသည်။

ဓားသခင်ဇျန်ကတော့ နှာမှုတ်လိုက်သည်။ “ဟမ့် မင်းအသက်ရှည်ရှည်နေချင်သေးရင် မာနကိုနိမ့်ချပါ။”

ထျန်ရှင်းလုကတော့ ဘာမှပြန်ပြောခြင်းမရှိချေ။

“ငါ့ အမျိုးသမီးရဲ့ အမွေအနှစ်ကိုမပေးခင်၊ မင်းမှာ လုံလောက်တဲ့ အင်အားရှိပြီဆိုတာနဲ့ နတ်ဆိုးနန်းတော်ကို လက်စားချေမယ်ဆိုတဲ့အကြောင်း ကောင်းကင်တာအိုတိုင်တည်ပြီး သစ္စာဆိုပါ။” ဓားသခင်ဇျန်က ပြောလိုက်သည်။

ထျန်ရှင်းလုကလည်း မတ်တပ်အမြန်ရပ်လိုက်ပြီး အဝတ်များအား ဖုန်ခါလိုက်သည်။ ပြီးနောက်တွင် တွန့်ကြေသွားသည့် နေရာမရှိအောင် အသေးစိတ်လိုက်ဖြန့်နေလေသည်။

ဓားသခင်ဇျန်ပင် မျက်နှာကြီးမဲမှောင်သွားရသည်။

“အတော် ဇီဇာကြောင်တဲ့အကောင်”

ထျန်ရှင်းလုက ချောင်းဟန့်လိုက်သည်။ “ထျန်ကျန်းမင် ရဲ့ တတိယသားဖြစ်သူ၊ ကျွန်တော် ထျန်ရှင်းလုက လုံလောက်တဲ့ခွန်အားကိုရရှိတဲ့အခါ နတ်ဆိုးနန်းတော်ကို တိုက်ခိုက်ပါမယ်။ ဤကတိသစ္စာပျက်ပါက ကောင်းကင်တာအိုက ကျုပ်ကိုသတ်ဖြတ်ပါစေ။”

ချက်ချင်းပဲ ရွှေရောင်အလင်းများကတောက်ပလာပြီး ထျန်ရှင်းလု၏ တစ်ကိုယ်လုံးအား ဖုံးလွှမ်းသွားလေသည်။ ထိုသည်မှာ ကောင်းကင်တာအိုက သစ္စာကတိအား အသိအမှတ်ပြုလိုက်ခြင်းဖြစ်သည်။

ထိုအခါမှ ဓားသခင်ဇျန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ သစ္စာဆိုသည့်အထဲတွင် ဟာကွက်အနည်းငယ်ပါသော်လည်း သူဂရုမစိုက်တော့ချေ။

ဓားသခင်ဇျန်၏ လက်ထဲတွင် သိုလှောင်လက်စွပ်လေးတစ်ကွင်းပေါ်လာကာ ထျန်ရှင်းလုထံသို့ ပစ်ပေးလိုက်သည်။

ထျန်ရှင်းလုက ဖမ်းယူလိုက်ပြီး အထဲရှိအခြေအနေအားတစ်ချက်ကြည့်လိုက်သည်။

အထဲရှိသိုလှောင်စွပ်အခန်းလေးမှာ အိပ်ခန်းတစ်ခန်းစာလောက်ကျယ်ဝန်းကြောင်း တွေ့လိုက်ရသည်။

အထဲတွင်တော့ စိတ်ဝိညာဉ်ကျောက်တုံးများ၊ စိန်၊ ရွှေ၊ ငွေ၊ ကျောက်စိမ်းရတနာများ နှင့် သိုင်းကျင့်စဉ်အနည်းငယ်အားတွေ့လိုက်ရသည်။

ထျန်ရှင်းလု၏ မျက်နှာအထက်တွင် စိတ်ကျေနပ်နေသော အပြုံးတစ်ပွင့်ထွက်လာလေသည်။

ဓားသခင်ဇျန်ကတော့ မျက်နှာ ၂ မျိုးနှင့် သကောင့်သားအား လျစ်လျူရှုထားပြီး သူမိန်းမ၏အရိုးစုအရှေ့တွင်စိုက်ထားသော ဆေဘာကြီးအား လွမ်းဆွတ်ဟန်ဖြင့် ကိုင်တွယ်နေသည်။

ပြီးနောက်တွင် သက်ပြင်းချလိုက်ပြီး ပြောလိုက်သည်။

“ဒီလက်နက် နဲ့ ပေါင်းစပ်လိုက်ပါ။ မြေကမ္ဘာအဆင့် ၉ ရတနာဆေဘာပဲ”

ထျန်ရှင်းလုကလည်း ခေါင်းညိတ်လိုက်ပြီး ဆေဘာအနားသို့သွားလိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၃၈ + ၃၉ + ၄၀) ပြီး

All Chapters