အခန်း (၄၄+၄၅+၄၆+၄၇+၄၈+၄၉)
Vol. 5 Ch. 44+45+46+47+48+49
လောက၏အထွတ်အထိပ်သို့ အပိုင်း (၄၄ + ၄၅ + ၄၆ + ၄၇ + ၄၈ + ၄၉)
ရွမ်ဟွမ်မြို့ရှိ စစ်အခြေစိုက်စခန်း၏ မနက်ခင်းသည် ငြိမ်သက်ခြင်းနှင့် လန်းဆန်းခြင်းတို့ ရောထွေးနေသည်။ နေထွက်လာသည်မှာ အချိန်ကြာမြင့်ခြင်း မရှိသေးပဲ ယခုမှ နံနက် ၉ နာရီခွဲခန့်သာ ရှိသေး၏။ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ၏ အစောပိုင်း မနက်ခင်းဖြစ်၍ ကောင်းကင်သည် မီးခိုးရောင်သန်းနေပြီး၊ တိမ်စိုင်များက ခပ်နိမ့်နိမ့် ဝဲပျံနေသည်။
ပတ်ဝန်းကျင်တစ်ခုလုံးကို ညိုမှိုင်းစေသည့် မိုးဖွဲဖွဲလေးသည် မြေပြင်ပေါ်သို့ ညင်သာစွာ ကျဆင်းလျက်ရှိသည်။ သစ်ပင်ကြီးများ၏ သစ်ရွက်စိမ်းတို့ပေါ်တွင် ကြည်လင်နေသော မိုးရေစက်တို့က တွဲလွဲခိုနေပြီး၊ လေအေးနှင့်အတူ တလွင့်လွင့် ကခုန်နေကြသည်။
စခန်းတွင်းရှိ သံမဏိစစ်သုံးအဆောက်အအုံများ၏ ခေါင်မိုးပေါ်မှ မိုးရေစက်တို့ စီးကျသံက တိုးတိုးလေးပင် ကြားနေရ၏။ လေပြည်ညှင်းသည် မြေကြီးနံ့၊ သစ်ရွက်နံ့များနှင့် မိုးစိုနံ့တို့ကို သယ်ဆောင်လာပြီး လေထုတစ်ခုလုံးကို လန်းဆန်းစေသည်။
အခြေစိုက်စခန်း၏ ပင်မလမ်းမကြီးသည် မိုးရည်ဖြင့်စိုစွတ်နေပြီး၊ ကတ္တရာလမ်းမပေါ်တွင် မိုးရေများအိုင်နေသည်။ လမ်းဘေးဝဲယာရှိ သစ်ပင်ကြီးများသည် မိုးရည်စိုရွှဲလျက်၊ ပုံမှန်ထက် ပိုမို၍စိမ်းစိုနေကာ လှပနေသည်။
ခြံစည်းရိုးတစ်လျှောက် ကာရံထားသော သံဆူးကြိုးများပေါ်တွင်လည်း မိုးစက်ကလေးများက ပုလဲလုံးပမာ တွဲခိုနေ၏။ ကင်းစခန်းငယ်လေးများမှ ထွန်းညှိထားသည့် မီးအလင်းရောင်များက မနက်ခင်း၏ မီးခိုးရောင်အောက်တွင် မှိန်ပျပျ တည်ရှိနေသည်။
ငှက်ငယ်များ၏ သီချင်းဆိုသံတို့သည် သစ်ပင်များကြားမှ ခပ်တိုးတိုးညင်သာစွာ ပျံ့လွင့်လာပြီး နံနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြိုခွဲနေ၏။
ထိုစဉ်၊ ထိုတိတ်ဆိတ်သော နံနက်ခင်း၌ပင် ထူးခြားသည့် ပုံရိပ်တစ်ခု ပေါ်လာချေသည်။ ငွေရောင်ဆံပင်ရှည်တို့က လေနှင့် မိုးစက်များကြားတွင် ဝဲလွင့်လျက်၊ တစ်ကိုယ်လုံး အပြာရင့်ရောင် စစ်အရာရှိဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသော စစ်သည်မလေးတစ်ဦးသည် စခန်း၏ လမ်းမကြီးအတိုင်း ဖြည်းညင်းစွာ လျောက်လှမ်းလာနေ၏။
သူမ၏ ပခုံးပေါ်တွင် ဗိုလ်ကြီးအဆင့်ကို ပြသသည့် ရွှေရောင် ကြယ်သုံးပွင့် အပွင့်တံဆိပ်များက မိုးစက်များအောက်တွင် မှိန်ပျပျ တောက်ပနေချေသည်။ သူမဝတ်စုံ၏ ရင်ဘတ်တွင်တော့ အလံပုံသဏ္ဌာန် ပြောက်ကျားအမှတ်အသားလေးတစ်ခုနှင့် သူမ၏ လီရှီ ဟု ရေးထွင်းထားသော အမည်ကတ်ပြားလေးတစ်ခုအား တပ်ဆင်ထားသည်ကို မြင်ရ၏။
သူမ၏ ဖြူလွလွမျက်နှာသည် မနက်ခင်းအလင်းရောင်နှင့် မိုးရေစက်များအောက်တွင် ပိုမို၍ ကြည်လင်နေပြီး၊ ငွေရောင်မျက်ဝန်းအစုံကမူ ကြည်လင်တောက်ပလျက်ရှိသည်။
မျက်တောင်ရှည်ကြီးများပေါ်တွင် မိုးစက်ကလေးများ တွဲလွဲခိုနေသည်ကိုပင် ထင်ရှားစွာ မြင်ရ၏။ သူမ၏ ခြေလှမ်းတိုင်းသည် တည်ငြိမ်ပြီး အေးချမ်းလှသည်။ လက်နှစ်ဖက်ကို ခန္ဓာကိုယ်ဘေး၌ သတိအနေအထားဖြင့် ထားရှိပြီး၊ ကျောပြင်မှ ကျောပိုးအိတ်ငယ်လေးတစ်ခုက သူမ၏ ကိုယ်ပေါ်တွင် မြဲမြံစွာ ရှိနေ၏။
ထိုနံနက်ခင်းတွင် ကင်းလှည့်နေကြသော အခြားစစ်သည်များကမူ အစိမ်းရောင်ပြောက်ကျား အစောင့်စစ်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး၊ ပခုံးပေါ်တွင် ဒုတပ်ကြပ်အဆင့်ကို ပြသသည့် အနက်ရောင် ကြိုးနှစ်ချောင်း အပွင့်တံဆိပ်များကို တပ်ဆင်ထားကြသည်ကို တွေ့ရ၏။
သူတို့၏ လက်ထဲတွင် AK-47 ရိုင်ဖယ်များကို တောင့်တင်းစွာ ကိုင်ဆောင်ထားလျက်ရှိပြီး၊ မိုးရေစက်များကြောင့် ပြောက်ကျားဝတ်စုံများမှာ အနည်းငယ် စိုစွတ်နေကြသည်။ စစ်ဖိနပ်ကြမ်းကြီးများ မြေပြင်ကိုထိမိသံ ဖတ်ဖတ်ဖတ် က မိုးဖွဲဖွဲကြားတွင် တိုးတိုးလေးပင် ကြားနေရ၏။
စစ်သားသုံးဦးပါဝင်သော ကင်းလှည့်အဖွဲ့တစ်ဖွဲ့သည် ထိုငွေရောင်ဆံပင်ပိုင်ရှင် စစ်သည်မလေးအား လှမ်းတွေ့လိုက်ရသည့်အခါ ခြေလှမ်းများ ရပ်တန့်သွားကြသည်။ ညင်သာစွာကျဆင်းနေသော မိုးစက်များက သူတို့၏ မျက်နှာပေါ်သို့ ကျရောက်နေသော်လည်း ဂရုမစိုက်နိုင်ကြချေ။
သူတို့၏ မျက်နှာများတွင် အံ့ဩခြင်း၊ စိတ်ဝင်စားခြင်းနှင့် တအံ့တဩဖြစ်ခြင်းတို့က ထင်ဟပ်နေသည်။
“ဟေ့ အဲဒါ ဘယ်သူလဲကွ။ ငါတို့စခန်းမှာ ဒီလို မိန်းမလှလေးတစ်ယောက် ဘယ်တုန်းက ရောက်လာတာလဲ”
ပထမစစ်သားက အံ့ဩစွာဖြင့် တီးတိုးရေရွတ်လိုက်၏။ သူ၏မျက်လုံးတို့ဟာလည်း အမျိုးသမီးဗိုလ်ကြီး၏ ဖွံ့ဖြိုးသော ခန္ဓာကိုယ်အား အားရပါးရ စိုက်ကြည့်နေသည်။
“ဗိုလ်ကြီးအပွင့်နဲ့ပါလား။ ငါတို့ မသိဘဲ ဘယ်တုန်းက ရောက်လာတာလဲ မသိဘူး”
ဒုတိယစစ်သားက လည်ပင်းအား ဆန့်တန်းကာ ငေးကြည့်ရင်း ဆိုသည်။ သူ၏ မျက်ဝန်းများက ထိုစစ်သည်မလေးထံမှ မခွာနိုင်အောင်ပင်။
“အားပါးပါး၊ သောက်ရမ်းချောလွန်းတယ်ဟ၊ တီဗွီထဲက အိုင်ဒေါတွေတောင် သူမလောက် မချော... ပြီးတော့ သူမရဲ့ ရင်သားက ဘယ်ဆိုဒ်လဲဟ ဘောလုံးထက်တောင် ကြီးသေး...”
တတိယစစ်သားက စကားဆုံးအောင်ပင် မပြောနိုင်ဘဲ တအံ့တဩ မှင်တက်နေတော့သည်။
ထိုစစ်သည်မလေးကမူ ထိုအသံများကို မကြားသယောင်၊ မသိသယောင်ဖြင့် ဟန်ဆောင်ကာ ဆက်လက်၍ လျှောက်လှမ်းနေ၏။ သူမ၏ ငွေရောင်ဆံပင်ရှည်များက မနက်ခင်းလေနှင့် မိုးစက်များကြားတွင် ဖြည်းညင်းစွာ ယိမ်းနွဲ့နေပြီး ညအမှောင်ထုထဲမှ ထွက်ပေါ်လာသည့် နတ်သမီးတစ်ပါးနှယ် ထူးဆန်းနက်နဲသော အလှကို ပေါ်လွင်စေတော့သည်။ သူမ၏ ပတ်ဝန်းကျင်အပေါ် မတုံ့ပြန်မှုက သူမ၏ မူမမှန်သော သဘာဝကို ပို၍ အားဖြည့်ပေးချေသည်။
မိုးဖွဲဖွဲကျနေသော နံနက် ၉ နာရီခွဲအချိန်တွင် ရွမ်ဟွမ်မြို့ရှိ စစ်အခြေစိုက်စခန်း၏ လက်နက်သိုလှောင်ရုံရှေ့၌ တာဝန်ကျနေသော ဒုတပ်ကြပ် ကျန်းဝေ နှင့် တပ်သား လီမင်း တို့သည် သူတို့၏ AK-47 ရိုင်ဖယ်များကို ပိုက်လျက်၊ တိတ်ဆိတ်မှုကို ဖြိုခွဲကာ စကားစမြည် ပြောဆိုနေကြ၏။
သိုလှောင်ရုံ၏ သံမဏိတံခါးကြီးသည် ညိုမှိုင်းနေသော မီးခိုးရောင် တိမ်များအောက်တွင် ကြီးမားခိုင်မာစွာ တည်ရှိနေပြီး၊ အပေါ်မှ ရေစစ်ပိုက်များတစ်လျှောက် မိုးရေများက တသွင်သွင် စီးကျနေသည်။
ကတ္တရာလမ်းမပေါ်တွင် မိုးစက်များ စိုရွှဲနေပြီး၊ လေပြည်နှင့်အတူ မြေကြီးစိုနံ့က သင်းပျံ့လျက်ရှိ၏။ သူတို့နှစ်ဦးစလုံးသည် စစ်ဖိနပ်ကြမ်းကြီးများကို ဝတ်ဆင်ထားပြီး၊ အစိမ်းရောင်ပြောက်ကျား စစ်ဝတ်စုံများသည် ပခုံးနှင့် ရင်ဘတ်တို့တွင် မိုးရေစက်များကြောင့် အနည်းငယ် ရင့်မှောင်နေသည်။
သူတို့၏ ပခုံးပေါ်ရှိ ဒုတပ်ကြပ်အဆင့်နှင့် တပ်သားအဆင့်ကို ပြသသည့် အပွင့်တံဆိပ်များက အေးစက်စက် အလင်းရောင်အောက်တွင် မှိန်ပျပျ တည်ရှိနေကြသည်။
“မိုးကလဲ တကုတ်ကုတ်နဲ့ ရွာနေတာပဲနော်။ ဒီလိုမိုးနဲ့ဆို အိမ်ကကလေးတွေ အအေးမိမှာပဲ စိုးရတယ်” တပ်သား လီမင်းက လက်ထဲမှ AK-47 ရိုင်ဖယ်၏ သေနတ်ပြောင်းကို မိုးရေစက်များမှ ကာကွယ်ရန် သူ၏ ရင်ဘတ်နှင့် ပို၍ကပ်လျက် ကိုင်ရင်း ပြောလိုက်သည်။
သူ၏ အသံတွင် သားသမီးများအပေါ် စိုးရိမ်စိတ်တို့ ထင်ဟပ်နေသည်။ သူ၏ မျက်နှာပေါ်တွင် ညတာဝန်ထမ်းဆောင်ရသည့် ပင်ပန်းမှုနှင့် မိသားစုအပေါ် စိတ်ပူပန်မှုတို့က ပြန့်နှံ့နေ၏။
ဒုတပ်ကြပ် ကျန်းဝေက မိုးစက်များ တဖွဲဖွဲကျနေသည့် ကောင်းကင်ကို တစ်ချက်မော့ကြည့်လိုက်သည်။ သူ၏ မျက်နှာတွင် ညတာဝန်၏ အိပ်ရေးပျက်မှုနှင့် စိတ်ဖိစီးမှုတို့က အထင်အရှားရှိသည်။
သူ၏ လက်ထဲမှ AK-47 ကိုလည်း မချဘဲ တောင့်တင်းစွာ ဆုပ်ကိုင်ထား၏။ “ငါလဲ ဒီအတိုင်းပဲ လီမင်းရာ။ ငါလဲ အိမ်ကအမေ ကျန်းမာရေးမကောင်းတော့ စိတ်ပူနေတာ။ လခကလဲ နည်းတော့ ဆေးဖိုးအတွက် ခေါင်းခြောက်ရတာပဲ” သူက သက်ပြင်းချရင်း ပြောလိုက်သည်။ မျက်ဝန်းများက မှိုင်းတိုက်နေပြီး ဝမ်းနည်းမှုအရိပ်အယောင်များ ပေါ်လွင်နေသည်။
ဒုတပ်ကြပ်ကျန်းဝေဟာ အဖြူရောင်ဆံပင်တို့ဖြင့် မျက်နှာအား အုပ်ထားသော်လည်း ကြည့်ကောင်းသော မျက်လုံးတို့ကြောင့် ချောမောခန့်ညားကြောင်း သိရှိနိုင်၏။ သူဟာယခုနှစ်တွင် အသက်၂၅ ရှိပြီဖြစ်ကာ လူလွတ်တစ်ယောက်ဖြစ်ပြီး အမေအိုကြီးတစ်ယောက်သာရှိ၏။
တပ်သားလီမင်းဟာတော့ အသက် ၃၂ နှစ်ဖြစ်ကာ အလုပ်ပြုတ်သွားသောကြောင့် တပ်ထဲဝင်လာသည်မှာ ၃ လသာရှိသေး၏။ သူဟာ အိမ်ထောင်ရှိပြီး ကလေး ၄ ယောက်ရှိလေသည်။ လီမင်းဟာ လူကောင်ထွားပြီး ဗလတောင့်တောင့်ဖြစ်ကာ ၆ ပေ ၃ လက်မလောက် အရပ်ရှည်လေသည်။
ထိုသို့ မိသားစုအရေး၊ ငွေကြေးအရေးတို့ကို ရင်ဖွင့်ပြောဆိုနေကြစဉ်၊ လမ်းမအဝိုင်းတစ်ခုမှ ပေါ်လာသည့် ငွေရောင်ပုံရိပ်လေးတစ်ခုကြောင့် သူတို့၏ စကားသံများ ရုတ်တရက် တိတ်ဆိတ်သွားကြ၏။
မနက်ခင်း၏ မီးခိုးရောင်နှင့် မိုးဖွဲဖွဲတို့ကြားမှ ငွေရောင်ဆံပင်ရှည်တို့က လေနှင့်အတူ ယိမ်းနွဲ့ကာ ပေါ်လာချေသည်။ ဗိုလ်ကြီးအဆင့်ကို ပြသသည့် ရွှေရောင် ကြယ်သုံးပွင့် အပွင့်တံဆိပ်များ တပ်ဆင်ထားသော အပြာရင့်ရောင် စစ်အရာရှိဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားသည့် စစ်သည်မလေးတစ်ဦးသည် သူတို့ထံ တည့်တည့်လျှောက်လှမ်းလာနေသည်ကို တွေ့လိုက်ရ၏။
သူမ၏ ဖြူလွလွမျက်နှာနှင့် ငွေရောင်မျက်ဝန်းအစုံက မိုးစက်များကြားတွင် ထူးခြားစွာ တောက်ပနေပြီး မျက်တောင်ရှည်ကြီးများပေါ်တွင် ကြည်လင်နေသောမိုးစက်တို့ကတို့က တွဲခိုနေသည်။ သူမ၏ ခြေလှမ်းတိုင်းသည် ညင်သာသော်လည်း တည်ကြည်ခန့်ညားလျက်ရှိ၏။ သူမဟာ မိုးဖွဲဖွဲကြားမှ နတ်သမီးတစ်ပါးနှယ် ပေါ်ထွက်လာခြင်းပင်။
ဒုတပ်ကြပ် ကျန်းဝေနှင့် တပ်သား လီမင်းတို့သည် သူတို့၏ စကားဝိုင်းကို ရပ်တန့်ကာ ချက်ချင်းပင် သတိအနေအထားဖြင့် မတ်တပ်ရပ်လိုက်ကြ၏။ သူတို့၏ မျက်နှာများတွင် အံ့ဩမှု၊ နားမလည်မှုနှင့် တအံ့တဩဖြစ်မှုတို့က ထင်ဟပ်နေသည်။
သူတို့နှစ်ဦးစလုံးသည် စခန်းအတွင်း၌ ဤကဲ့သို့သော ထူးခြားသည့် အသွင်အပြင်နှင့် ဗိုလ်ကြီးအဆင့် အရာရှိမလေးတစ်ဦး ရှိကြောင်း တစ်ခါမျှ မကြားဖူး၊ မမြင်ဖူးကြချေ။
သူတို့ ၂ ယောက်ဟာ သူမ၏ ရှားရှားပါးပါး နတ်ဘုရားမလေး တစ်ယောက်လို အလှကြောင့် အမှတ်မထင် စိုက်ကြည့်နေမိကြသည်။ သူမက သူတို့ထံသို့ လျှောက်လာသည်ကို သတိထားမိသောအခါ သူတို့ ၂ ယောက်လုံးက ချက်ချင်းပဲ အလေးပြုလိုက်၏။
“လေးစားလျက်ပါ ဗိုလ်ကြီး”
သူမက ခေါင်းညိတ်လိုက်ကာ ပြောလိုက်သည်။ “တံခါးဖွင့်”
လက်နက်သိုလှောင်ရုံဟာ အတော်လေးကြီးမားပြီး သံမဏိတံခါးဖြင့် အသေအချာ ပိတ်ထားခြင်းဖြစ်သည်။ ထို့အပြင် တစ်ရက်ကို ၂ ကြိမ် လျှို့ဝှက်နံပါတ် ပြောင်းလဲလေသည်။ မနက်ပိုင်းတစ်ဖွဲ့အတွက် လျှို့ဝှက်နံပါတ်က တစ်မျိုးဖြစ်ကာ ညပိုင်းတစ်ဖွဲ့အတွက် လျှို့ဝှက်နံပါတ်က နောက်ထပ်တစ်မျိုးဖြစ်သည်။
လီမင်းက တပ်သားအဆင့်သာဖြစ်သောကြောင့် ဇဝေဇဝါဖြင့် ဒုတပ်ကြပ်အဆင့် ကျန်းဝေအား လှည့်ကြည့်လိုက်သည်။ ရာသီဥတုက ခပ်အေးအေးဖြစ်သော်လည်း ဒုတပ်ကြပ်ကျန်းဝေ၏ နဖူးအထက်တွင် ချွေးစများ ထွက်လာသည်။ ဗိုလ်ကြီးအဆင့်ဆိုသည်မှာ သူ၏ဒုတပ်ကြပ်ဆိုသော ရာထူးထက် ၆ ဆင့် မြင့်လေ၏။
သို့သော် စည်းမျဉ်းစည်းကမ်းများကို လျစ်လျူရှု၍ မရသောကြောင့် ကျန်းဝေက အရဲစွန့်ကာ ပြောလိုက်သည်။
“ဒါပေမဲ့..... ကျွန်တော်တို့ အထက်ကနေပြီးတော့ ဒီကိစ္စအကြောင်း သတင်းမရထားပါဘူး ဗိုလ်ကြီးခင်ဗျ”
စစ်စခန်း၏သိုလှောင်ရုံတွင် လက်နက်ကြီးဗုံးဆံများစွာ သိုလှောင်ထားသောကြောင့် ဝင်ခွင့်ရရန် အထက်မှ ခွင့်ပြုချက်ပါမစ် လိုအပ်သည်။
ဗိုလ်ကြီးအမျိုးသမီးက မျက်ခုံးပင့်လိုက်ပြီး သူမက ကျန်းဝေ၏ရင်ဘတ်ရှိ နာမည်ကတ်အားကြည့်လိုက်သည်။ ပြီးနောက်တွင် ကျန်းဝေ၏အနားသို့ ကပ်လာကာ လက်ညိုးဖြင့် ရင်ဘတ်အား အားပါပါထိုး၍ ခက်ထန်စွာပြောလိုက်သည်။
“ဒုတပ်ကြပ်ကျန်းဝေ၊ ငါက အထက်ကပဲ၊ ငါ့လို အဆင့်တစ်ယောက်အနေနဲ့ လက်နက်သိုလှောင်ရုံထဲကို ဝင်ဖို့ သူများရဲ့ ခွင့်ပြုချက်လိုမယ် ထင်နေလား”
ဤအမျိုးသမီးဗိုလ်ကြီး၏ အရပ်ဟာ ၅ ပေ ၈ လက်မသာရှိ၏။ ကျန်းဝေဟာ ၅ ပေ ၁၁ လက်မရှိကာ၊ စစ်ဖိနပ်ကြောင့် ၆ ပေလောက်ရှိသည်။ သို့သော် ဤသေးငယ်သောအမျိုးသမီး၏ လက်ချောင်းဟာ အလွန်အားပါပြီး သူအတော်လေးနာကျင်သွားရသည်။ ကျန်းဝေက သူမကိုပင် စိုက်မကြည့်ရဲတော့ပဲ မြေပြင်ကို ကြည့်လျက် ပြန်ပြောလိုက်သည်။
“တောင်းပန်ပါတယ် ဗိုလ်ကြီးခင်ဗျ။ ဒါပေမဲ့ ဒီနေရာကို ဗိုလ်ချုပ်ကြီးကိုယ်တိုင် ရောက်လာရင်တောင် ကျွန်တော်အနေဖြင့် စည်းမျဉ်းစည်းကမ်းအတိုင်း လုပ်ဆောင်ရပါလိမ့်မယ်” ကျန်းဝေက ခေါင်းမာနေလျက်ရှိသည်။
ဘေးမှ လီမင်းဟာလည်း ဗိုလ်ကြီး၏အရှိန်အဝါကြောင့် ချွေးတွေရွဲနေပြီဖြစ်သည်။
“ဟူးး” အမျိုးသမီးဗိုလ်ကြီးက သက်ပြင်းချလိုက်ပြီး ကျန်းဝေအား ဒေါသတကြီးပြောလိုက်သည်။
“သောက်ကောင်ရဲ့၊ ငါအခု ဒီနေရာကို ဘုရင်မင်းမြတ်ရဲ့အမိန့်အရ လျှို့ဝှက်ပြီး ရောက်လာတာ။ ဘာလဲ မင်းက ဘုရင်ရဲ့အမိန့်ကို မနာခံချင်တာလား”
ကျန်းဝေက သူမ၏မူမမှန်မှုကို ချက်ချင်းသတိထားမိ၍ အနည်းငယ်မျက်မှောင်ကြုတ်သွားပြီး အနောက်သို့ ခြေ ၂ လှမ်းဆုတ်သွားလိုက်သည်။ ပြီးနောက် လီမင်းကိုလည်း မသိမသာ အချက်ပြလိုက်လေသည်။ ချက်ချင်းပဲ လီမင်းကလည်း သတိအပြည့်ဖြစ်သွားကာ သေနတ်၏လော့ခ်အား မသိမသာ ဖယ်လိုက်သည်။
“ဗိုလ်ကြီးအနေနဲ့ ခွင့်ပြုချက်ပါမစ်ပါမှ ရပါမယ်။” ကျန်းဝေကလည်း သူ၏ခါးမှပစ္စတိုအား စမ်းလိုက်ပြီး ပြောလိုက်သည်။
‘ထူးဆန်းနေပြီ။ ဒီအမျိုးသမီးဗိုလ်ကြီးကို အရင်ကတစ်ခါမှမတွေ့ဖူးသလို၊ ပါမစ်လည်းမရှိဘူး။ ဒါ့အပြင် ဘုရင်မင်းမြတ်ကိုပါ စကားထဲ ထည့်ပြောတယ်။’
‘အမှန်တကယ် ဘုရင်မင်းမြတ်ရဲ့အမိန့်အတိုင်းဆိုရင် ဘယ်လိုပဲ လျှို့ဝှက်ကိစ္စဖြစ်နေပါစေ ခွင့်ပြုချက်ပါမစ်တော့ ရှိရမှာပေါ့။’ ဉာဏ်ကောင်းသော ကျန်းဝေက ဦးနှောက်အား အလုပ်လုပ်ပေးလိုက်သည်။
“ကောင်းပြီ ကောင်းပြီ သောက်အကောင်တွေရဲ့ ငါခွင့်ပြုချက်ပါမစ်သွားယူလာမယ်” အမျိုးသမီးဗိုလ်ကြီးက နှာမှုတ်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်ပြောကာ အနောက်သို့ လှည့်ထွက်သွားလိုက်သည်။
ထိုအခါမှာ ကျန်းဝေတို့ကလည်း သက်ပျင်းချလိုက်၏။ လီမင်းကလည်း သတိအားလျော့ချလိုက်သည်။ ရုတ်တရက် ဗိုလ်ကြီးအမျိုးသမီး၏ လက်ထဲတွင် ဘယ်ကမှန်းမသိသည့် စကြာနှစ်ခု ပေါ်လာသည်။
သူမက လူမဆန်သော အရှိန်ဖြင့် အနောက်သို့လှည့်ကာ ကျန်းဝေ၏ လည်ပင်းသို့ စကြာအား အားပါပါ ပစ်ထည့်လိုက်သည်။ ပြီးနောက်တွင် နည်းနည်းလေးမှ မတုန့်ဆိုင်းလေပဲ နောက်ထပ် စကြာအား လီမင်း၏သေနတ်ကိုင်ထားသော လက်သို့ပစ်လိုက်၏။
စကြာ၏အရှိန်ဟာ သေနတ်နီးပါးမြန်လေကာ သာမန်လူသာဖြစ်သော ကျန်းဝေ နှင့် လီမင်းတို့ ၂ ယောက်က နည်းနည်းလေးမှ မတုန့်ပြန်နိုင်လိုက်ချေ။ ချက်ချင်းပဲ ကျန်းဝေ၏လည်ပင်းတစ်ဝက်လောက်ထိ စကြာက စိုက်ဝင်သွားလေပြီး သွေးများ ဖျတ်ခနဲ ပန်းထွက်လာသည်။
ပူနွေးသော သွေးနံ့ သင်းသင်းက လေထဲတွင် ချက်ချင်းပျံ့နှံ့သွား၏။ သူက လည်ပင်းကိုလက်ဖြင့် အတင်းဖိလိုက်မိသည်။ လည်ပြွန်ကြီးပါ ပြတ်သွားသောကြောင့် ကျန်းဝေ အသက်ရှူရန်ကြိုးစားသော်လည်း လေရှိုက်သံလိုလို၊ သွေးပွက်သံလိုလို ဆွဲဆွဲငင်ငင် အသံများသာ ထွက်ပေါ်လာပြီး ဒူးထောက်ကျသွားကာ လဲကျသွားတော့သည်။
သူ၏နောက်ဆုံးအတွေးမှာတော့ သူသေဆုံးသွားပြီးနောက်တွင် သူ၏မကျန်းမာသော အမေအိုကြီးကို မည်သူက စောင့်ရှောက်မည်နည်းပင်ဖြစ်သည်။ အရည်အချင်းရှိသလို၊ ဉာဏ်ကောင်းပြီး တောက်ပသောအနာဂါတ်ဖြင့် ကျန်းဝေဟာ ဤလိုနေရာတွင် သေပွဲဝင်ခဲ့ရပြီဖြစ်လေသည်။
သေနတ်မောင်းခလုတ်အားကိုင်ထားသည့် လီမင်း၏ညာလက်ချောင်းများဟာလည်း စကြာကြောင့် ပြွတ်ခနဲ ပြတ်ထွက်သွားလေသည်။
နာကျင်မှုကြောင့် သူ အော်ဟစ်ရန် ဟန်ပြင်လိုက်၏။ သို့သော် သူမအော်နိုင်ခင်မှာပဲ အမျိုးသမီးဗိုလ်ကြီးက လူမဆန်သော အရှိန်အမြန်နှုန်းဖြင့် အနားသို့ကပ်လာကာ သူ၏လည်ချောင်းသို့ လက်ချောင်းဖြင့် နှိပ်လိုက်သည်။
ချက်ချင်းပဲ လီမင်း စကားမပြောနိုင်တော့လေချေ။ အမျိုးသမီးဗိုလ်ကြီး၏ လက်ထဲတွင် လျှပ်တစ်ပြက် အလင်းရောင်တစ်ချက်ဖြင့် ကူနိုင်းဓားမြောင်တစ်ချောင်း ထွက်ပေါ်လာလေပြီး လီမင်း၏လည်ပင်းအားဖိကပ်လိုက်သည်။
“မင်း...မင်း အသက်ရှင်ချင်ရင် လျှို့ဝှက်နံပါတ်ပြောစမ်း”
“မင်းမပြောရင် မင်းကို သတ်ပြစ်မဲ့အပြင်၊ မင်းရဲ့မိသားစုကို နောက်ကြောင်းလိုက်ပြီး တစ်မျိုးလုံးကို သတ်ပြစ်မယ်”
အမျိုးသမီးဗိုလ်ကြီးက ခက်ထန်သောအမူအရာဖြင့် လီမင်းကို ခြိမ်းခြောက်လိုက်သည်။ သူမဟာ နတ်ဘုရားမလေးတစ်ယောက်ကဲ့သို့ လှပသော်လည်း သူမ၏အကျင့်စရိုက်ဟာတော့ နတ်ဆိုးမတစ်ပါးကဲ့သို့ဖြစ်နေသည်။
သူမ၏ ငွေရောင်မျက်ဝန်းအစုံက ကြည်လင်တောက်ပနေဆဲဖြစ်သော်လည်း၊ ထိုအကြည့်များက လီမင်း၏ ဝိညာဉ်ကို စုပ်ယူသွားမည့် နတ်ဆိုးမလေးတစ်ယောက်လို အေးစက်စက်နှင့် ရက်စက်လှသည်။
လီမင်း၏ မျက်နှာဟာလည်း ကြောက်ရွံ့မှုကြောင့် ဖျော့တော့သွားကာ ကျန်းဝေ၏ အသက်မရှိတော့သည့် အလောင်းအားကြည့်လိုက်သည်။ သူဟာ သေရမှာ မကြောက်သော်လည်း နိုင်ငံတော်အား သစ္စာဖောက်ရန် အကြံအစည်မရှိချေ။
သို့သော် သူ၏မိသားစုကိုတော့ စိတ်ပူလေသည်။ သူ၏မိန်းမဟာ အသက် ၃၀ သာရှိသေးပြီး အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သည်။
ကလေး ၄ ယောက်ဟာလည်း အငယ်ဆုံး ၃ နှစ်ကနေ၊ အကြီးဆုံး ၉ နှစ်အထိရှိသည်။ ထို့အပြင် သူ၏မိန်းမဟာလည်း ကိုယ်ဝန် ၅ လအား လွယ်ထားရသေးသည်။ သူသာသေသွားလျှင် သူမတို့၏မိသားစုမှာ အလွန်ခက်ခဲသွားမည်ဖြစ်သောကြောင့် လီမင်းက ကြောက်လန့်တကြား ခေါင်းညိတ်ကာ သဘောတူလိုက်သည်။
အမျိုးသမီးဗိုလ်ကြီးကလည်း သူ၏လည်ပင်းမှ အကြောပိတ်သည်ကို ပြန်ဖြေပေးလိုက်သည်။ လီမင်းက ဖြူလျော်နေသော မျက်နှာဖြင့် အလျင်အမြန်ပြောလိုက်သည်။ လက်ချောင်းပြတ်များမှ နာကျင်မှာကြောင့်လော၊ ကြောက်ရွံ့မှုကြောင့်လောမသိ သူ၏ခန္ဓာကိုယ်ဟာ တစ်ဆက်ဆက် တုန်ယင်နေသည်။
“လျှို့ဝှက်နံပါတ်က ၅၂၇၆၄၆၉ ပါ။” လီမင်း၏အသံဟာလည်း တုန်ယင်နေလေသည်။
အမျိုးသမီးဗိုလ်ကြီးက အလျင်အမြန်ပဲ လျှို့ဝှက်နံပါတ်အား ရိုက်ထည့်လိုက်သည်။ သို့သော် တံခါးက မပွင့်လိုက်သောကြောင့် သူမ မျက်မှောင်ကြုတ်ကာ လီမင်းအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
လီမင်းဟာတော့ ကြောက်ရွံ့မှုကြောင့် အနောက်သို့ခြေတစ်လှမ်းဆုတ်သွားလေပြီး အလျင်အမြန်ပြောလိုက်သည်။
“တံခါးဖွင့်လိုက်ရင် အထက်ကို အသိပေးချက်တစ်ခု ရောက်သွားလိမ့်မှာ။ အဲအခါ အထက်ကနေ အတည်ပြုလိုက်မှ သိုလှောင်ရုံတံခါးက ပွင့်လာလိမ့်မယ်။”
လီမင်းဟာ နဂိုကတည်းက ထက်မြက်ခြင်းမရှိချေ။ ယခုလို ကြောက်ရွံ့နေသောအခါ သူ၏ဉာဏ်ရည်ဟာ ထပ်မံနိမ့်ကျသွားလေ၏။ သူဟာ ထိုသို့မပြောဘဲ မသိဘူး ဖင်ပိတ်ငြင်းဆိုကာ အချိန်ဆွဲလျှင် လွတ်မြောက်နိုင်ဦးမည်ဖြစ်လေသည်။ သို့သော် ယခုကဲ့သို့ သွားပြောလိုက်သောအခါ သူ၏သေတွင်းကို သူကိုယ်တိုင်တူးသကဲ့သို့ ဖြစ်သွားရသည်။
သိသာစွာပင် ချက်ချင်းပဲ အမျိုးသမီးဗိုလ်ကြီးက ဒေါသတကြီးဖြစ်သွားကာ လက်ထဲမှ ကူနိုင်းဓားမြောင်ဖြင့် လီမင်း၏လည်ပင်းအား ထိုးချလိုက်သည်။
“မဟုတ်....” ချက်ချင်းပဲ လီမင်း၏မျက်လုံးထဲတွင် နာကျည်းမှုများစွာဖြင့် လည်ပင်းအားလက်ဖြင့်အုပ်ကာ လဲကျသွားရသည်။ လီမင်း၏ နောက်ဆုံးမြင်ကွင်းမှာ မိသားစု၏ ပြုံးရယ်နေကြသော မျက်နှာများပင် ဖြစ်တော့သည်။
အမျိုးသမီးဗိုလ်ကြီးကလည်း မဲမှောင်နေသောမျက်နှာကြီးဖြင့် သံတံခါးကြီးပေါ်တွင် အဝါရောင်စာရွက် ၃ ရွက် ကပ်လိုက်သည်။ ဤစာရွက်များအား မင်နီဖြင့်ရေးသားထားကာ “ပေါက်ကွဲမှု” ဟု အဓိပ္ပါယ်ရလေသည်။
ထိုအချိန်တွင် ရွမ်ဟွမ်မြို့ စစ်အခြေစိုက်စခန်း၏ ကွန်ပျူတာထိန်းချုပ်ရေးစခန်းသည် တိတ်ဆိတ်ငြိမ်သက်နေချေသည်။
နံနက် ၉ နာရီခွဲခန့်သာ ရှိသေး၍ တာဝန်ကျအရာရှိ ဗိုလ်မှူး လီဝေ နှင့် တပ်သား သုံးဦးသာ စားပွဲများတွင် အသီးသီး ထိုင်နေကြ၏။
ကြီးမားသော နံရံတစ်ခုလုံးကို ဖုံးအုပ်ထားသည့် မော်နီတာများပေါ်တွင် စခန်းတွင်း လှုပ်ရှားမှုများနှင့် လုံခြုံရေးအခြေအနေများကို ပြသနေသည်။
ထိုမော်နီတာများရှေ့တွင် တာဝန်ကျ ကွန်ပျူတာဗိုလ်မှူး တစ်ဦးဖြစ်သည့် ဗိုလ်မှူး လီဝေသည် သူ၏ ကော်ဖီခွက်ကို ကိုင်လျက်၊ မျက်မှန်အောက်မှ မျက်လုံးများဖြင့် ဖန်သားပြင်များကို အစီအစဉ်တကျ စစ်ဆေးနေ၏။
သူ၏ဘေးတွင်မူ တပ်သား ဝမ်လုံ အပါအဝင် ကျန်တပ်သားနှစ်ဦးက မိမိတို့၏ ကွန်ပျူတာများရှေ့တွင် ငိုက်မျဉ်းချင်ယောင်ဆောင်ကာ အချင်းချင်း စကားတိုးတိုး ပြောနေကြ၏။
ကီးဘုတ်မှ တောက်တောက်တောက်ဟု ခပ်တိုးတိုး ထွက်ပေါ်လာသော အသံများက တိတ်ဆိတ်မှုကို ဖြိုခွဲနေသည်။
ရုတ်တရက်ဆိုသလို ကွန်ပျူတာစနစ်မှ သတိပေးသံ တိုးတိုးလေး ထွက်ပေါ်လာချေသည်။ ထိုသည်မှာ လက်နက်သိုလှောင်ရုံ A ၏ ဝင်ပေါက်ဖွင့်ရန် ခွင့်ပြုချက်တောင်းခံမှုဖြစ်ကြောင်း ဖန်သားပြင်ပေါ်တွင် ပေါ်လာသည်ကို ဗိုလ်မှူး လီဝေ တွေ့လိုက်ရ၏။
သူ၏ မျက်ခုံးများ အနည်းငယ် တွန့်ချိုးသွားသည်။ လက်နက်သိုလှောင်ရုံ A သည် စခန်း၏ အရေးအကြီးဆုံးသော သိုလှောင်ရုံများထဲမှ တစ်ခုဖြစ်ပြီး၊ အလွန်တင်းကျပ်သည့် လုံခြုံရေးစနစ်များဖြင့် ကာကွယ်ထားသည်။
ထို့အပြင် မနက်ခင်း ဤမျှစောစောပိုင်းတွင် ဝင်ရောက်ခွင့်တောင်းခံခြင်းသည် ပုံမှန်မဟုတ်သော ကိစ္စတစ်ရပ်ပင် ဖြစ်ချေသည်။
“လက်နက်သိုလှောင်ရုံ A မှာ ဘယ်သူ ဝင်ချင်လို့လဲ” ဟု ဗိုလ်မှူး လီဝေက သူ၏လက်အောက်ခံ ကွန်ပျူတာ တပ်သား ဝမ်လုံကို လှည့်မေးလိုက်၏။ သူ့အသံတွင် အနည်းငယ်သော စိတ်ရှုပ်ထွေးမှုနှင့် မေးခွန်းထုတ်မှုတို့ ပါဝင်နေသည်။
တပ်သား ဝမ်လုံသည် ကီးဘုတ်ကို တောက်တောက်တောက်ဟု လျင်မြန်စွာ ခေါက်လိုက်ပြီး ဖန်သားပြင်ပေါ်မှ အချက်အလက်များကို လျင်မြန်စွာ စစ်ဆေးလိုက်၏။ “စနစ်ကတော့ ဗိုလ်ကြီး လီရှီ ဆိုတဲ့ နာမည်နဲ့ ခွင့်ပြုချက်တောင်းတာပါ ဗိုလ်မှူး” ဟု သူက အခြေအနေကို ရှင်းပြလိုက်သည်။
“လီရှီ လား၊ ဘယ်က လီရှီလဲ” ဗိုလ်မှူး လီဝေက မျက်မှောင်ကြုတ်လျက် ပြန်မေးလိုက်သည်။ သူသည် စခန်းရှိ ရာထူးမြင့်သောအရာရှိအားလုံး၏ အမည်များကို မှတ်မိသလောက်ရှိပြီး၊ ဤ “ဗိုလ်ကြီး လီရှီ” ဆိုသည့် နာမည်ကို တစ်ခါမျှ မကြားဖူးပေ။ ထို့အပြင် လက်နက်သိုလှောင်ရုံသို့ ဝင်ရောက်ရန် အထက်အရာရှိများထံမှ မည်သည့် အမိန့်မှလည်း ရထားခြင်းမရှိသေးချေ။
သူဟာ ဉာဏ်ကြီးရှင်တစ်ဦး၏ အလျှင်အမြန်တွေးခေါ်နိုင်သည့် စွမ်းရည်ဖြင့် အခြေအနေကို အကဲဖြတ်နေသည်။ “ဝမ်လုံ၊ မင်း လက်နက်သိုလှောင်ရုံ A နားက လုံခြုံရေးကင်မရာဖိုင်တွေကို အခုချက်ချင်း ဆွဲတင်လိုက်” ဟု ဗိုလ်မှူး လီဝေက အမိန့်ပေးလိုက်၏။
သူ၏အသံသည် ရုတ်တရက် တည်ကြည်သွားပြီး အနည်းငယ် တင်းမာလာချေသည်။ ပုံမှန်မဟုတ်သည့် အခြေအနေတစ်ခုခု ဖြစ်နေနိုင်သည်ဟု သူ ရိပ်မိလိုက်ပြီ ဖြစ်၏။
တပ်သား ဝမ်လုံသည် ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ တောက်တောက်တောက်ဟု လက်ချောင်းများ ရိုက်နှိပ်လိုက်သည်။ လက်နက်သိုလှောင်ရုံ A အနီးရှိ လုံခြုံရေးကင်မရာများမှ ရရှိသော ရုပ်ပုံများသည် မော်နီတာပေါ်တွင် ချက်ချင်း ပေါ်လာသည်။
မိုးဖွဲဖွဲကျနေသည့် လမ်းမပေါ်တွင် တည်ငြိမ်စွာ ရပ်နေသည့် ဒုတပ်ကြပ် ကျန်းဝေ နှင့် တပ်သား လီမင်း တို့၏ ပုံရိပ်ကို သူ တွေ့လိုက်ရ၏။ ထို့နောက် သူတို့ရှေ့တွင် မီးခိုးရောင် မနက်ခင်းအောက်၌ ငွေရောင်ဆံပင်နှင့် အပြာရင့်ရောင် ဗိုလ်ကြီးဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး ပေါ်လာသည်ကို မြင်လိုက်ရသည်။ သူမ၏ ခြေလှမ်းများသည် ညင်သာသော်လည်း တည်ကြည်ခန့်ညားလျက်ရှိသည်ကို တွေ့ရ၏။
ရုပ်ပုံများသည် ရှင်းလင်းပြတ်သားပြီး၊ ထိုအမျိုးသမီးဗိုလ်ကြီးသည် အလွန်လှပကြောင်းကိုပင် ဖန်သားပြင်ပေါ်မှ တွေ့မြင်နေရသည်။ သို့သော် သူမ၏ လုပ်ရပ်များသည် သာမန်မဟုတ်ပေ။
ဗိုလ်မှူး လီဝေသည် မျက်မှန်ကို တိုး၍ တပ်လိုက်ပြီး ဖန်သားပြင်ကို သေချာစွာ စိုက်ကြည့်နေသည်။ ထိုအမျိုးသမီး ဗိုလ်ကြီးက ကျန်းဝေ၏ ရင်ဘတ်ကို လက်ညှိုးဖြင့် ထိုး၍ ခက်ထန်စွာ ပြောဆိုနေသည်ကို သူ တွေ့လိုက်ရ၏။ ကျန်းဝေကမူ ခေါင်းမာစွာ ငြင်းဆန်နေဟန်ဖြင့် လက်နောက်ပြန် ဆုတ်သွားသည်ကိုလည်း မြင်လိုက်ရချေသည်။
ထိုစဉ် ဗိုလ်ကြီး လီရှီ ဟု အမည်တပ်ထားသူ အမျိုးသမီးသည် ရုတ်တရက်ပင် နောက်ပြန်လှည့်လိုက်သည်ကို ကင်မရာမှတစ်ဆင့် မြင်လိုက်ရသည်။
ထို့နောက် သူမ၏ လက်ထဲတွင် ဘယ်ကမှန်းမသိသော စကြာနှစ်ခု ပေါ်လာပြီး၊ ကျန်းဝေနှင့် လီမင်းတို့ထံသို့ မယုံကြည်နိုင်လောက်အောင် လျင်မြန်သည့် အရှိန်အဟုန်ဖြင့် ပစ်လွှတ်လိုက်သည်ကို တွေ့မြင်လိုက်ကြရ၏။
မြင်ကွင်းသည် အလွန်လျင်မြန်လွန်းသဖြင့် ဗိုလ်မှူး လီဝေနှင့် တပ်သား ဝမ်လုံတို့ပင် အမိအရ မမြင်လိုက်သောကြောင့် ဘာဖြစ်သွားမှန်းမသိလိုက်ရချေ။
“ဗိုလ်မှူး ဟိုမှာ ကြည့်ပါဦး” ဟု တပ်သား ဝမ်လုံက ထိတ်လန့်တကြား အော်လိုက်သည်။
သူတို့ မြင်လိုက်ရသည်ကတော့ သွေးများ ပန်းထွက်နေသည့် ကျန်းဝေ၏ လည်ပင်းဖြစ်၏။ သူသည် လည်ပင်းကို ဖိထားရင်း ဒူးထောက်လဲကျသွားပြီး၊ လေပြွန်ပြတ်သွားသောကြောင့် လေရှိုက်သံလိုလို၊ သွေးပွက်သံလိုလို ဆွဲဆွဲငင်ငင် အသံများသာ ထွက်ပေါ်လာသည်ကို ကင်မရာဖိုင်တွင် တွေ့ရသည်။
လီမင်း၏ လက်ချောင်းများမှာလည်း ပြတ်ထွက်နေသည်ကို တွေ့ရပြီး၊ ထိုအမျိုးသမီးဗိုလ်ကြီးက သူ့ထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားကာ လည်ပင်းကို ဖိလိုက်သည်ကိုပါ မြင်လိုက်ရချေသည်။ ထို့နောက် ကူနိုင်းဓားမြောင်တစ်ချောင်း ပေါ်လာပြီး လီမင်း၏ လည်ပင်းကို ထောက်ထားသည်ကို မြင်လိုက်ရ၏။
ဗိုလ်မှူး လီဝေ၏ မျက်နှာသည် ရုတ်တရက် ပြာနှမ်းသွားသည်။ ဤသည်မှာ သာမန် လုံခြုံရေးချိုးဖောက်မှု မဟုတ်တော့ပေ။ ၎င်းသည် စခန်းအတွင်း ကျူးကျော်ဝင်ရောက်ခြင်းနှင့် စစ်သားများကို သတ်ဖြတ်ခြင်းပင် ဖြစ်ချေသည်။ ချက်ချင်းပင် သူ၏လက်ကို ကွန်ပျူတာခလုတ်ပေါ် တင်လိုက်ပြီး အရေးပေါ် အခြေအနေ ကြေညာရန် ပြင်လိုက်၏။
သို့သော် ထိုစဉ်မှာပင် ဖန်သားပြင်ပေါ်မှ ရုပ်ပုံများ ရုတ်တရက် ဆတ်ခနဲ လှုပ်ရှားသွားပြီး၊ အလိုအလျောက် ရွေ့လျားနေသည့် အဝါရောင် စာရွက်သုံးရွက်ကို တွေ့လိုက်ရသည်။ ထိုစာရွက်များသည် လက်နက်သိုလှောင်ရုံ၏ သံမဏိတံခါးကြီးပေါ်သို့ ကပ်သွားသည်ကို သူ မြင်လိုက်ရ၏။ ထိုစာရွက်များပေါ်တွင် မင်နီရောင်ဖြင့် “ပေါက်ကွဲမှု” ဟူသော စကားလုံးကို ရေးသားထားသည်ကို သူ သတိထားမိလိုက်သည်။
ဗိုလ်မှူး လီဝေ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူ မတုံ့ပြန်နိုင်မီမှာပင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။ ပေါက်ကွဲမှု၏ အရှိန်ကြောင့် လက်နက်သိုလှောင်ရုံ၏ သံတံခါးကြီးသည် ကျယ်လောင်သော သံချပ်သံဖြင့် အနည်းငယ် ပွင့်သွားပြီး၊ ထူထဲသော မီးခိုးလုံးများ စခန်းဝန်းကျင်သို့ ပျံ့လွင့်တက်လာသည်ကို ဗိုလ်မှူး လီဝေ မြင်လိုက်ရ၏။ သူ၏ မျက်နှာတွင် မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ ထင်ဟပ်နေတော့သည်။
ကွန်ပျူတာထိန်းချုပ်ရေးစခန်း၌ ဗိုလ်မှူး လီဝေ၏မျက်နှာသည် ပြာနှမ်းနေသည်။ လက်နက်သိုလှောင်ရုံ A မှ ပေါက်ကွဲသံနှင့် မီးခိုးလုံးများ ထွက်ပေါ်လာသည်ကို မော်နီတာမှတစ်ဆင့် သူ အထင်အရှား မြင်နေရ၏။
ဤသည်မှာ သာမန်ရန်သူမဟုတ်၊ အလွန်အန္တရာယ်ရှိသော ကျူးကျော်သူဖြစ်သည်ဟု သူ ချက်ချင်းပင် သိလိုက်သည်။ သူ၏ဦးနှောက်အား လျင်မြန်စွာ အလုပ်လုပ်လိုက်ပြီး၊ အကောင်းဆုံးတုံ့ပြန်မှုတစ်ရပ်ကို ရှာဖွေနေသည်။
“အရေးပေါ်အခြေအနေ” ဟု ဗိုလ်မှူး လီဝေက ခပ်ပြတ်ပြတ် ပြောလိုက်သည်။ သူ၏လက်ချောင်းများသည် ကီးဘုတ်ပေါ်သို့ တုန်ရီစွာ ရောက်ရှိသွားပြီး၊ လျှို့ဝှက်နံပါတ်များကို လျင်မြန်စွာ ရိုက်ထည့်လိုက်၏။ စနစ်တစ်ခုလုံးသည် ချက်ချင်းနိုးထသွားပြီး အရေးပေါ် သတိပေးခေါင်းလောင်းသံများ စခန်းတစ်ခွင်လုံး ပျံ့နှံ့သွားသည်။
“တပ်သား ဝမ်လုံ၊ အထူးတပ်ဖွဲ့ကို အခုချက်ချင်း ဆက်သွယ်လိုက်။ လက်နက်သိုလှောင်ရုံ A ကို အမြန်ဆုံး သွားရောက်ပိတ်ဆို့ဖို့ အမိန့်ပေးလိုက်” ဟု သူ၏အသံက တင်းမာပြတ်သားစွာ ထွက်ပေါ်လာသည်။
သူ၏မျက်လုံးများက ဖန်သားပြင်ပေါ်မှ မီးခိုးလုံးများကို စူးစူးစိုက်စိုက် ကြည့်နေဆဲပင်။ “ကျန်တဲ့ လုံခြုံရေးတပ်ဖွဲ့တွေအားလုံးကိုလည်း လက်နက်အပြည့်အစုံနဲ့ စခန်းထဲက နေရာအားလုံးကို စောင့်ကြပ်ဖို့ ပြောလိုက်။ လီရှီဆိုတဲ့ မိန်းမကို အသေ သို့မဟုတ် အရှင် ဖမ်းမိရမယ်” ဟု သူက နောက်ထပ် အမိန့်များ ဆက်တိုက်ပေးလိုက်သည်။ အခြေအနေသည် အလွန်အရေးကြီးနေပြီဖြစ်ကြောင်း သူ ကောင်းစွာ သဘောပေါက်လိုက်သည်။
လက်နက်သိုလှောင်ရုံ A ၏ သံမဏိတံခါးကြီးသည် ပေါက်ကွဲမှုဒဏ်ကြောင့် အနည်းငယ် ပွင့်ဟသွားသည်။ ထိုအက်ကွဲကြောင်းမှတစ်ဆင့် မီးခိုးလုံးများ အပြင်သို့ အူအူလည်လည် ထွက်လာ၏။ ဗိုလ်ကြီး လီရှီသည် ပေါက်ကွဲမှု၏ အရှိန်ကြောင့် အနည်းငယ် နောက်သို့ ယိုင်သွားသော်လည်း သူမ၏ ခြေထောက်များက ချက်ချင်းပင် ဟန်ချက်ပြန်ထိန်းလိုက်သည်။ သူမ၏ မျက်ဝန်းများတွင် မီးခိုးများကြားမှ တောက်ပနေသည့် စစ်ဆင်ရေး၏ ပြင်းပြသော ရည်ရွယ်ချက်များ ထင်ဟပ်နေသည်။
တံခါးဝမှ မီးခိုးများ စတင်ရှင်းလင်းစ ပြုသည်နှင့် တစ်ပြိုင်နက် သူမသည် သားကောင်ကို ပေါက်လိုက်သည့် မြွေတစ်ကောင်နှယ် လျင်မြန်သော အရှိန်ဖြင့် သိုလှောင်ရုံအတွင်းသို့ ပြေးဝင်သွားသည်။
သူမ၏ ခြေသံတို့သည် စိုစွတ်သော ကတ္တရာပြင်ပေါ်၌ ဖျတ်ခနဲ ဖျတ်ခနဲ မြည်ဟည်းနေပြီး၊ သိုလှောင်ရုံ၏ မှောင်မှောင်မည်းမည်း အခန်းတွင်းသို့ ချက်ချင်းပင် ရောက်ရှိသွားတော့သည်။
အခန်းအတွင်းရှိ လေထုက မိုးရေစိုစွတ်နံ့နှင့် သံအေးနံ့များဖြင့် ပြည့်နှက်နေသည်။ ပတ်ပတ်လည်တွင် ခဲရောင်သေတ္တာကြီးများ၊ လက်နက်ခဲယမ်းများ ထည့်ထားသော စင်များက အစီအရီ တည်ရှိနေကြသည်ကို သူမ တွေ့လိုက်ရ၏။
တင့်ကားအမြောက်ကြည်များစွာ၊ လက်ပစ်ဗုံးများစွာ၊ လက်နက်ကြီးဗုံးများစွာလည်း ဤနေရာတွင်ရှိနေ၏။
သူမ၏ ကျောပိုးအိတ်ငယ်လေးကို ပခုံးမှဆွဲချကာ ကြမ်းပြင်ပေါ်သို့ ဒုန်းခနဲ ချလိုက်သည်။ ဇစ်ကို ဆွဲဖွင့်လိုက်သည်နှင့် အတွင်းမှ အဝါရောင်စာရွက်များ အထပ်လိုက်အများကြီး ပေါ်ထွက်လာသည်။
ထိုစာရွက်များသည် ပုံမှန်စာရွက်များမဟုတ်ဘဲ ထူးဆန်းသော အမှတ်အသားများနှင့် စာလုံးများ ရေးထိုးထားသည်ကို တွေ့ရသည်။
သူမ၏ လက်များသည် လျှပ်စီးပမာ မြန်ဆန်နေပြီး၊ စာရွက်များကို အထပ်လိုက် ဆွဲထုတ်ကာ သိုလှောင်ရုံတစ်ခန်းလုံးသို့ အားရပါးရ ပစ်ဖြန့်ကျဲလိုက်သည်။
စာရွက်များသည် လေထဲတွင် ဝဲလွင့်ကာ ကြမ်းပြင်ပေါ်၊ သေတ္တာများပေါ်၊ လက်နက်စင်များပေါ်သို့ ပျံ့ကျဲသွား၏။ ပေါက်ကွဲမှုအရှိန်ကြောင့် လေဟာနယ်ဖြစ်နေသည့် သိုလှောင်ရုံအတွင်း၌ ထိုစာရွက်တို့သည် ဖျတ်ခနဲ ဖျတ်ခနဲ လွင့်ပျံသွားကြသည်။
စာရွက်များ ဖြန့်ကျဲပြီးသည်နှင့် သူမသည် နောက်လှည့်ကာ ထွက်ပြေးရန် ပြင်ဆင်လိုက်သည်။ သူမ၏ မျက်နှာတွင် မီးမွှေးပြီးသော လောင်စာများကဲ့သို့ ကျေနပ်မှုတစ်စုံတစ်ရာ ပေါ်လွင်နေသည်။
“ဟူး အန္တရာယ်များလိုက်တာ၊ ဒီသောက်စစ်တပ်က လှုံခြုံရေးတင်ကြပ်လွန်းတယ်” လီနာက ကျိန်ဆဲလိုက်သည်။ ဟုတ်ပေသည် ငွေရောင်ဆံပင်ရှည်၊ ငွေရောင်မျက်ဝန်းတို့ဖြင့် သူမဟာ ထျန်ရှင်းလု၏ လူယုံ လီနာပင်ဖြစ်၏။
ထိုအချိန်တွင် အရေးပေါ်သတိပေးခေါင်းလောင်းသံများ ဆူညံစွာ မြည်ဟည်းနေပြီး၊ စစ်စခန်းတစ်ခုလုံး အသက်ဝင်လာချေသည်။
ဗိုလ်မှူး လီဝေ၏ အမိန့်အရ လက်နက်အပြည့်အစုံ တပ်ဆင်ထားသည့် အထူးတပ်ဖွဲ့ဝင်များသည် သံမဏိစစ်ဖိနပ်သံများ ဖတ်ဖတ်ဖတ်ဖြင့် ပြေးလာနေကြသည်။
သူတို့၏ မျက်နှာများတွင် တင်းမာမှု၊ တာဝန်သိမှုတို့ ထင်ဟပ်နေပြီး၊ လက်ထဲတွင် AK-47 ရိုင်ဖယ်များကို တောင့်တင်းစွာ ဆုပ်ကိုင်ထားကြသည်။ စခန်းအဝိုင်းလမ်းမတစ်လျှောက် ပြေးလာကြပြီးနောက် လက်နက်သိုလှောင်ရုံ A သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြသည်။
သူတို့ ရောက်ရှိလာချိန်တွင် လီရှီသည် သိုလှောင်ရုံထဲမှ ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေပြီဖြစ်၏။ မီးခိုးများသည် သိုလှောင်ရုံတံခါးဝမှ တလူလူ ထွက်နေဆဲပင်။ အထူးတပ်ဖွဲ့ဝင်များ၏ ခေါင်းဆောင် ဗိုလ်ကြီး ဖန်ဝမ်သည် လီရှီ၏ပုံရိပ်ကို မြင်သည်နှင့် တစ်ပြိုင်နက် လက်ကို မြှောက်ကာ အမိန့်ပေးလိုက်သည်။
“ပစ်”
ဒိုင်းခနဲ ဒိုင်းခနဲ ဒိုင်းခနဲဟူသော ကျယ်လောင်သည့် သေနတ်သံများ ထွက်ပေါ်လာသည်။ ကျည်ဆန်များသည် မိုးစက်များကြားမှ လီရှီထံသို့ လျှပ်စီးပမာ ထိုးဖောက်ဝင်ရောက်လာကြသည်။ သံလိုက်ဆွဲအားဖြင့် ရောက်လာသည့်အလား မြင်မကောင်းအောင်ပင် လျင်မြန်လှသည်။
သို့သော် လီရှီသည် သာမန်လူမဟုတ်ပေ။ သူမ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် လျင်မြန်ဖျတ်လတ်စွာ ရွေ့လျားသွား၏။ ကျည်ဆန်များ သူမထံ မရောက်မီ တစ်စက္ကန့်အလိုတွင် သူမသည် ဘေးသို့ လျှောထွက်သွားသည်။ သူမ၏ ငွေရောင်ဆံပင်ရှည်များသည် လေထဲတွင် ဝဲလွင့်နေပြီး၊ သူမ၏ အပြာရင့်ရောင်ဝတ်စုံသည် လေနှင့်အတူ ကခုန်နေတော့သည်။
သူမသည် လူမဆန်သော အရှိန်ဖြင့် လမ်းမတစ်လျှောက် ထွက်ပြေးသွားသည်။ တပ်ဖွဲ့ဝင်များ၏ ကျည်ဆန်များသည် သူမ၏နောက်ကျောကို တစ်ချက်တစ်ချက် ဖျတ်ခနဲ ထိမိသယောင် ရှိသော်လည်း သူမ၏ ခန္ဓာကိုယ်သည် မယိမ်းမယိုင်ဘဲ ဆက်လက် လျင်မြန်စွာ ပြေးလွှားနေ၏။
သူမ၏ ခြေလှမ်းတိုင်းသည် မြေပြင်ကိုပင် အနည်းငယ် အက်ကွဲစေနိုင်မလားဟု ထင်ရလောက်အောင် အားပါလျင်မြန်လှသည်။ အထူးတပ်ဖွဲ့ဝင်များ၏ နောက်ထပ် ကျည်ဆန်များကလည်း သူမ၏နောက်မှ တရစပ် ဒိုင်းဒိုင်းဒိုင်းဟု လိုက်ပါလာသည်။
သို့သော် သူမသည် လေထဲတွင် ကခုန်နေသော အရိပ်တစ်ခုပမာ၊ မြင်ကွင်းမှ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
လောက၏အထွတ်အထိပ်သို့ အပိုင်း (၄၄ + ၄၅ + ၄၆ + ၄၇ + ၄၈ + ၄၉) ပြီး