← Chapters

ကျန်းပိုင်လီ

Vol. 1 Ch. 115

ကျန်းပိုင်လီ

Vol. 1 Ch. 115

ရှန်ဝူနိုင်ငံတော် အနောက်ပိုင်း၏ နံပါတ်(၁) မြို့တော် ... ကျန်းရိမြို့တော် ...

လက်ထောက် စစ်သူကြီး ကျန်းကျွင်းသည် ဒုက္ခလှလှ တွေ့တော့သည်။ အနောက်ဘက် မြို့စောင့်တပ်၏ လက်ထောက် စစ်သူကြီး ဆယ်ယောက်မှ တစ်ယောက် ဖြစ်သည်နှင့်အညီ သူ့တွင်လည်း မြင့်မားသော အဆင့်အတန်း ရှိပေသည်။ သူသည် ကျန်းရိလျှိုနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် ထားနိုင်သဖြင့် လက်ရှိတွင် သူ့ အဆင့်အတန်းမှာ မြို့စောင့်တပ်၏ စစ်သူကြီး သုံးယောက် နှင့်တောင် ယှဉ်၍ ရနေပေပြီ ...

ကောင်းကင် တောင်ပံမြို့တွင် ကျန်းယွင်ဟိုင်သည် သူ့ကို ခရမ်းရောင်ရွှေ ငါးသောင်း ပေးခဲ့သဖြင့် သူသည် သက်သောင့်သက်သာ ဖြစ်နေလေသည်။ ကျန်းရိမြို့သို့ ပြန်ရောက်သည်နှင့် သူသည် မြို့ရှိ အကြီးဆုံး ဆောင်ကြာမြိုင်ဆီမှ အကျော်ကြားဆုံးသော အပျော်မယ် တစ်ယောက်ကို ဝယ်ယူ၍ ကိုယ်လုပ်တော် အဖြစ် ထားခဲ့သည်။ အချုပ်အားဖြင့် ဆိုသော် ပြီးခဲ့သည့်ရက် များတွင် သူသည် နတ်စည်းစိမ်ကို ခံစား နေသည်ဟု ဆို၍ ရလေသည်။

"တင်ပြပါတယ်"

အပြင်မှ ထွက်ပေါ်လာသော သတင်းပေး၏ အသံသည် ကိုယ်လုပ်တော်၏ အခန်းတွင် လက်ဖက်ရည် သောက်နေသော ကျန်းကျွင်းကို လှုံ့ဆော်လိုက်သည်။ သူသည် အလှလေး၏ ဝတ်ရုံထဲမှ လက်များကို ဆွဲထုတ်ကာ ပခုံးအား ပုတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။

စစ်သားတစ်ယောက်သည် အပြင်တွင် ဒူးထောက်ထိုင်၍ လက်နှစ်ဖက်ကို မြှောက်ထားခဲ့သည်။ လက်ထဲတွင် စာလွှာတစ်ခု ရှိနေခဲ့သည်။ ကျန်းကျွင်းသည် စာကို တစ်ချက်ကြည့် လိုက်ပြီး လက်တစ်ဖက်နှင့် ယူလိုက်သည်။ ထိုလျှို့ဝှက် သတင်းပေးစာသည် အနောက်ဘက် မြို့စောင့်တပ်မှ မြို့ထဲသို့ စေလွှတ်ထားသော သူလျှိုထံမှ လာခြင်းဖြစ်သည်။ စာတွင် ကျန်းယွင်ဟိုင်သည် ကျန်းစွန်းဝူကျိကို တိုက်ခိုက်သော ညက အကြောင်းအရာများ ပါဝင်သည်။

ကျန်းစွန်းဝူကျိသည် အသတ်ခံ ရလုနီးပါး ဖြစ်သွားပြီး ကျန်းစွန်းဂိုဏ်းမှ စိတ်ဝိညာဉ် မျောလွင့် ခရီးသည်အဆင့် လူတစ်ယောက် သေဆုံးခဲ့သည်ဟု ဆိုသည်။ ဤကိစ္စ အကြီးကြီးအား ဖုံးကွယ်ထား၍ မရနိုင်ပေ။ ထို့ပြင် ကျန်းယွင်ဟိုင်အား ကျန်းစွန်းဂိုဏ်းမှ လူများ လိုက်လံ ဖမ်းဆီးနေသော သတင်းများလည်း ထွက်ပေါ်နေခဲ့သည်။

"ဘာလို့ ကျန်းယွင်ဟိုင်က ကျန်းစွန်းဝူကျိကို တိုက်ခိုက်တာလဲ ... သူအသက် မရှင်ချင် တော့တာလား"

ကျန်းကျွင်းသည် သံသယနှင့် ရေရွတ်လိုက်သည်။ ထို့နောက် သူ့မျက်လုံး များသည် ရုတ်တရက် ကျဉ်းမြောင်း သွားခဲ့ပြီး အော်ပြောလိုက်သည်။

"ဒီနှစ် ဝိညာဉ်သားရဲ သင်တန်းကျောင်းကို ဝင်ခွင့်ရတဲ့ ကျောင်းသားတွေရဲ့ စာရင်း အခုချက်ချင်း သွားယူလာခဲ့ချေ"

စစ်သားသည် အမြန်ပြေးထွက် သွားခဲ့ပြီး တစ်နာရီခန့် ကြာပြီးနောက် ပြန်ရောက်လာခဲ့သည်။ သူသည် အမြန်ဖွင့်လိုက်ပြီး ဖတ်လိုက်သည်။ 'ကျန်းရီ' ဟူသော အမည်ကို မြင်လိုက်သောအခါ ကျန်းကျွင်း၏ မျက်နှာသည် ဖြူဖျော့သွားခဲ့သည်။

သူ့စိတ်သည် လျင်မြန်စွာ တွေးတော နေခဲ့ပြီး သူ့မျက်နှာသည် ပို၍သာ ဖြူရော်လာခဲ့ပြီး ကိုယ်ပါ တဆတ်ဆတ် တုန်ယင်လာခဲ့သည်။ ထို့နောက် သူသည် ထပ်မံ အော်ဟစ်လိုက်သည်။

"အရှင့်သား လိုချင်တဲ့ သွေးနီစစ်သား ခြောက်ရာ ဘယ်မှာလဲ"

စစ်သားသည် သူ့ဟာသူ တိုးတိုးရေရွတ်လိုက်ပြီး ပြန်ဖြေ လာခဲ့သည်။

"စစ်သူကြီး ... သွေးနီစစ်သား ခြောက်ရာစလုံး ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းကို သွားကြပါပြီ"

"ငါတော့သွားပြီ"

ကျန်းကျွင်းသည် တံတွေးတစ်ချက် မျိုချလိုက်သည်။ သူသည် စစ်သားကို လည်ပင်းမှ ဆွဲမလိုက်၍ အော်ဟစ်လိုက်သည်။

"လော့ကဲအရှင် ဘယ်မှာလဲ ... လော့ကဲအရှင် ပြန်မရောက် သေးဘူးလား"

"ကျွန်တော် မသိပါဘူး"

စစ်သား၏ မျက်နှာသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေခဲ့သည်။ သူ့စစ်သူကြီးသည် အဘယ့်ကြောင့် ဤမျှ ဒေါသထွက် သွားရသည်ကို သူမသိပေ။

"ဘန်း"

ကျန်းကျွင်းသည် စစ်သားကို လွှတ်ပစ်လိုက်ပြီး ခြံဝန်းထဲမှ ခြေလှမ်းကျဲကျဲဖြင့် ထွက်လာခဲ့သည်။ သူ့စိတ်သည် စိုးရိမ်မှုများ ဖုံးလွှမ်းလျက် ရှိသည်။ သူသည် ကျန်းရီ၏ သရုပ်မှန်ကို အတိအကျ မသိသော်လည်း သူခန့်မှန်း ထားသည်နှင့် မလွဲနိုင်ပေ။ ကျန်းယွင်ဟိုင်သည် သူ့ကို မမေးရန်နှင့် ဝင်မစွက်ဖက်ရန် ပြောခဲ့သည်။ သူသည်လည်း အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင်၏ မိသားစု အရေးတွင် ဝင်မစွက်ဖက် လိုရာ ကျန်းရိမြို့သို့ ပြန်ရောက်သည်နှင့် မေ့မေ့ပျောက်ပျောက် ဖြစ်သွားခဲ့သည်။

မကြာခင်က ကျန်းရိလျှိုသည် သူ့ထံမှ သွေးနီစစ်သား အယောက်သုံးရာ လွှဲပြောင်း ပေးခိုင်းခဲ့သည်။ ကျန်းရိလျှိုသည် လူငယ်တစ်ယောက် သာဖြစ်ရာ ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်းသို့ သွား၍ စွန့်စားကာ ရတနာများကို ရှာဖွေချင်သည်က သဘာဝသာ ဖြစ်သည်။ သူသည်လည်း အများကြီး တွေးမနေခဲ့ပေ။ ထို့ကြောင့် သူသည် ခွင့်ပြုချက် မရဘဲ စစ်သားများ လွှဲပြောင်း ပေးလိုက်သော်လည်း ကြောက်လန့် မနေခဲ့ပေ။ ထိုအကြောင်းကို လော့ကဲအရှင် သိသွားလျှင်တောင် အလွန်ဆုံးရှိမှ သူကြိမ်းမောင်းပြစ်တင် ခံရရုံသာ ...

ကျန်းရိလျှိုသည် သွေးနီစစ်သား နောက်ထပ် အယောက်သုံးရာ စေလွှတ်ရန် အမိန့်ပေး လာချိန်တွင် သူသည် အံ့အားသင့် သွားခဲ့သည်။ သွေးနီစစ်သား အယောက်သုံးရာ နှင့်ပင် ကျန်းရိလျှိုသည် လုံခြုံသည်ထက် ပိုနေခဲ့လေပြီ ... သို့သော်လည်း သူသည် ကျန်းရိလျှို၏ အမိန့်ကို မဆန့်ကျင်ရဲပေ။

ကျန်းယွင်ဟိုင်သည် ကျန်းစွန်းဝူကျိကို တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသော အခါတွင်မှ သူသဘောပေါက် သွားခဲ့သည်။ ကျန်းရိလျှိုသည် သွေးနီစစ်သား ခြောက်ရာကို တောင်းဆိုခဲ့ခြင်းမှာ သူ့ကိုယ်သူ ကာကွယ်ရန်လည်း မဟုတ် ... ရတနာများ ရှာဖွေရန်လည်း မဟုတ်ဘဲ ကျန်းရီကို သတ်ရန်ဖြစ်ကြောင်း ယခုမှသာ သူနားလည် သွားခဲ့သည်။

မင်းသားနှစ်ယောက် ကြားရှိ တိုက်ပွဲသည် ကျန်းကျွင်း ဝင်ပါချင်စိတ်လည်း မရှိသလို ဝင်ပါဝံ့သော အရာလည်း မဟုတ်ပေ။ သူသည် ကျန်းရိလျှိုထံ သွေးနီစစ်သား ခြောက်ရာ လွှဲပေးခဲ့သည်။ ကျန်းရီ သေသွားခဲ့ပြီး လော့ကဲ အရှင်လည်း သိသွားခဲ့ပါလျှင် သူ့ခေါင်းသည် အဖြတ်ခံ ရပေတော့မည်။

"ဝှစ်"

ထိုအချိန်တွင် လေတိုးသံ တစ်ခုသည် မြောက်ဘက် ကောင်းကင်ပြင်မှ ထွက်ပေါ်လာခဲ့သည်။ ရွှေရောင် ရထားလုံးကြီးသည် ကောင်းကင်ယံတွင် ပေါ်ထွက်လာခဲ့သည်။ စစ်သားအားလုံးနှင့် မြို့သူမြို့သား များသည် ဒူးထောက်ကာ အော်ဟစ်လိုက်ကြသည်။

"လော့ကဲအရှင်ကို အရိုအသေ ပေးပါတယ်"

"လော့ကဲအရှင် ပြန်လာတာလား"

ကျန်းကျွင်း၏ ကိုယ်သည် တုန်လှုပ်သွားခဲ့သည်။ သူ့မျက်လုံးတွင် ကြောက်ရွံ့မှုများ ပေါ်ထွက်နေခဲ့ပြီး မြို့လယ်ရှိ အဆောက်အအုံကြီး တစ်ခုထံ ပြေးသွားခဲ့တော့သည်။

"စစ်သူကြီးကို အရိုအသေ ပေးပါတယ်"

ကျန်းကျွင်းသည် မကြာခင်တွင် လော့ကဲအရှင်၏ အိမ်တော်သို့ ရောက်ရှိသွားခဲ့သည်။ အနောက်ဘက် မြို့စောင့်တပ်၏ စစ်သားများသည် သူ့ကို မြင်သည်နှင့် ဒူးထောက်ကာ အရိုအသေ ပေးကြသည်။ ကျန်းကျွင်းသည် စကားတစ်ခွန်းမှ မပြောဘဲ ရွှေရောင် ရထားလုံးကြီး ဆင်းသက်သော နေရာဆီသို့သာ ပြေးသွားလိုက်သည်။

"အားလုံးပဲ ... ထကြပါ"

လော့ကဲအရှင်ကို အရိုအသေ ပေးကြသူများ မတ်တတ်ရပ် လိုက်ကြသည်။ ကျန်းကျွင်းသည် နတ်ဘုရား ကဲ့သို့သော လူ၏ ရှေ့သို့ ပြေးသွားကာ ဒူးထောက်ချလိုက်သည်။

"ကျန်းကျွင်းက လော့ကဲအရှင်ကို အရိုအသေ ပေးပါတယ် ...

ကျွန်တော့်မှာ တင်ပြစရာ ရှိနေပါတယ်"

အနောက်ဘက် နယ်စပ်မြို့စား လော့ကဲအရှင် ... သူသည် အသက် သုံးဆယ်၊ လေးဆယ်ခန့် ဝန်းကျင်ဟု ထင်ရသည်။ သူသည် အရပ်ရှည်ရှည်နှင့် ထွားကျိုင်းသည်။ မျက်နှာမှာလည်း ဓားတစ်လက်အလား ထက်ရှနေသည်။ သူသည် ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရင်အုပ် ကျယ်ကျယ်နှင့် ဖြစ်သည်။ သူ၏ ကျားရဲ ကဲ့သို့သော မျက်လုံးအစုံသည် ဒေါသထွက်နေသော အခါတွင်တောင် မည်သည့် ခံစားချက်မှ ပေါ်ထွက်မနေဘဲ မဖော်ပြနိုင်သော အရှိန်အဝါကို ပေးစွမ်းလေသည်။ သူသည် မည်သည့် အရှိန်အဝါမှ မထုတ်လွှင့် ထားသော်လည်း ကျန်းကျွင်းသည် ဖိအားများကို ခံစားနေရ လေသည်။

ကျန်းပိုင်လီသည် စစ်သားများကို မတ်တတ်ရပ်ရန် လက်ထောင်ပြလိုက်သည်။ ထို့နောက် သူသည် ကျန်းကျွင်းကို တည်ငြိမ်စွာ ကြည့်ကာ မေးလိုက်သည်။

"ဘာကိစ္စလဲ"

"ဒီမိုက်မဲတဲ့ စစ်သူကြီးက သေသင့်ပါတယ်"

ကျန်းကျွင်းသည် ခေါင်းညွှတ်ကာ အသံတိုးတိုးနှင့် ပြောလိုက်သည်။

"မကြာခင်က အရှင့်သားက ကျွန်တော့်ကို ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆီ သွေးနီ စစ်သားခြောက်ရာ လွှတ်ပေးဖို့ အမိန့်ပေးခဲ့ပါတယ် … ဒီငမိုက်သား ကလည်း အရှင့်သားရဲ့ ဆန္ဒကို မငြင်းပယ် ရဲခဲ့ပါဘူး ... ဒီမနက်က သတင်းရလိုက်တာ အရှင့်သားက သွေးနီ စစ်သားခြောက်ရာကို စေလွှတ်ခိုင်းတာက ဝိညာဉ်သားရဲ သင်တန်းကျောင်းက ကျန်းရီလို့ခေါ်တဲ့ ကျောင်းသားကို သတ်ဖို့တဲ့"

ကျန်းပိုင်လီသည် မျက်မှောင်ကျုံ့ကာ ပဟေဠိ ဖြစ်စွာ ပြောလိုက်သည်။

"ဒီကျန်းရီက ဘယ်သူမို့လဲ ... ရိအာက ဘာလို့ သူ့ကို သေစေချင်တာလဲ"

ကျန်းကျွင်းသည် ခေါင်းမော့ကာ ကျန်းပိုင်လီအား ကြည့်လိုက်သည်။ သူသည် အံကိုကြိတ်ကာ ပြန်ပြောလိုက်သည်။

"ဒီနောက်လိုက်က အသေးစိတ်ကို မသိပါဘူး ... ဒါပေမဲ့ တစ်ယောက်ယောက်က ဒီကျန်းရီကို အရှင်ငယ်လို့ ခေါ်ကြောင်း သိရပါတယ် ... ပြီးတော့ အဲတစ်ယောက်က ... ကျန်းယွင်ဟိုင်ပါ"

"ကျန်းယွင်ဟိုင်"

လော့ကဲအရှင်၏ မျက်လုံးအစုံသည် စူးရဲလာခဲ့သည်။ သူ့ကိုယ်မှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် အရှိန်အဝါသည် အိမ်တော် တစ်ခုလုံးသို့ ဖုံးလွှမ်းသွားခဲ့သည်။ မရေမတွက် နိုင်သော လူများသည် ကောင်းကင်တွင် အလောင်းများ ထပ်တော့မည်ဟု ခံစားလိုက်ရသည်။ ကျန်းပိုင်လီ၏ ရှေ့တွင် ရှိနေသော ကျန်းကျွင်းဆိုလျှင် အသက်ရှူ ရပ်မတတ်ပင် ဖြစ်နေခဲ့သည်။

"အရှင်ငယ်"

ကျန်းပိုင်လီသည် ခပ်တိုးတိုး ရေရွတ်လိုက်ပြီးနောက် အော်ပြောလိုက်သည်။

"ကျန်းရမ်ထူ"

"ဝှစ်"

ထောင့်တစ်နေရာမှ အရိပ်တစ်ခုသည် ပေါ်ထွက်လာခဲ့သည်။ ထိုသူသည် အေးစက်စက် အရှိန်အဝါများဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူသည် လက်သီးဆုပ်ကာ ခပ်ကျယ်ကျယ် ပြန်ဖြေလာခဲ့သည်။

"လော့ကဲအရှင်"

ကျန်းပိုင်လီသည် အော်ပြောလာခဲ့သည်။

"ကျန်းယွင်ဟိုင်နဲ့ ကျန်းရီရဲ့ သတင်း မှန်သမျှကို သွားစုံစမ်း လာခဲ့ချေ ... တစ်နာရီအတွင်း ငါကျန်းရီရဲ့ သရုပ်မှန်ကို သိချင်တယ်"

"ဝှစ်"

ကျန်းရမ်ထူသည် ပြန်မဖြေတော့ပဲ ထွက်ခွာသွားခဲ့သည်။ ကျန်းပိုင်လီသည် သူ၏ အရှိန်အဝါ တို့ကို ပြန်ထိန်းလိုက်ပြီး မည်သည့် စကားမှ မဆိုဘဲ ခြံဝန်း အပြင်ဘက်သို့သာ ကြည့်နေခဲ့သည်။ ကျန်းကျွင်းသည်မူ တစ်လက်မလေးတောင် မရွှေ့ရဲပေ။

တစ်နာရီ ကြာပြီးနောက်

ကျန်းရမ်ထူသည် ပြန်ရောက် လာခဲ့သည်။ သူ့ အမူအရာသည် လေးနက် နေခဲ့ပြီး တင်ပြတော့သည်။

"လော့ကဲအရှင် ... သတင်းတွေအရ ကျန်းယွင်ဟိုင်က အရှင့်အိမ်တော် ကနေ မိန်းကလေးရီနဲ့ အတူ ထွက်သွားခဲ့တယ် ... သုံးနှစ်ကြာပြီးတဲ့ အချိန်မှာ ကျန်းယွင်ဟိုင်က ရုတ်တရက် ကလေးနှစ်ယောက်ကို မွေးစားလိုက်ပြီး ကောင်းကင် တောင်ပံမြို့ကို ခေါ်လာခဲ့တယ် ... ကလေးနှစ်ယောက် ထဲက တစ်ယောက်က ကျန်းရီပဲ ... ကျန်းယွင်ဟိုင်က ကျန်းရီကို အရှင်ငယ်လို့ ခေါ်တယ်ဆိုတော့ သူက အရှင်နဲ့ မိန်းကလေးရီရဲ့ ကလေး ဖြစ်နိုင်ပါတယ်"

"ဗုန်း"

ကျန်းပိုင်လီသည် ကျန်းကျွင်းကို ရိုက်ချလိုက်သည်။ ကျန်းကျွင်းသည် ပေတစ်ရာခန့် လွင့်ထွက်သွားခဲ့ပြီး မြေပေါ်သို့ ကျဆင်းသွားခဲ့သည်။ သူသေသလား၊ ရှင်သလားကို မည်သူမှ မသိပေ။

ကျန်းပိုင်လီသည် ကျန်းကျွင်းကို တစ်ချက်တောင် မကြည့်ခဲ့ပေ။ သူသည် ကျန်းရမ်ထူ ဘက်သို့ လှည့်ကာ အော်ပြောလိုက်သည်။

"အဆင့်မြင့် ကောင်းကင်အစောင့် အယောက် တစ်သောင်းကို ဦးဆောင်ပြီး ကောင်းကင် ဧကရာဇ်ရဲ့ ဂူသင်္ချိုင်းဆီ ချက်ချင်းသွား ... ကျန်းရီ မသေသေးရင် သူ့ကို ပြန်ခေါ်လာခဲ့ ... သူသေသွားပြီ ဆိုရင် အလောင်းကို ပြန်သယ်လာ ... ပြီးတော့ ကျန်းရိလျှိုရဲ့ ခြေထောက် နှစ်ဖက်လုံးကို ချိုးပြီး သူ့အမေဆီ ခေါ်သွားလိုက်ကြ ... သူမသားကို ဆုံးမခိုင်းလိုက် ... သူ့ကို အသိတရား ရအောင် သင်ပေးနိုင်မယ့် နည်းလမ်း မရှိဘူးဆိုရင် အမေရော သားရော နှစ်ယောက်လုံးကို ကျန်းရိမြို့ ကနေ ထွက်သွားခိုင်းလိုက်"

***

All Chapters