← Chapters

ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းသော

Vol. 1 Ch. 116

ပန်းတစ်ပွင့်ကဲ့သို့ လှပလွန်းသော

Vol. 1 Ch. 116

ကျန်းပိုင်လီ သူ့သရုပ်မှန်ကို သိသွားပြီ ဖြစ်ကြောင်း ကျန်းရီ မသိပေ။ စစ်သည်တစ်သောင်း ပါသော စစ်တပ်တစ်ခုသည် ကောင်းကင် ဧကရာဇ်၏ ဂူသင်္ချိုင်း ရှိရာ နဂါးတစ်သောင်း တောင်ကြားသို့ အလျင်အမြန် ချီတက်လာပြီ ဖြစ်ကြောင်းလည်း သူမသိပေ။ သူသိသည်ကား သူယခု ဒုက္ခရောက်နေပြီ ဖြစ်ကြောင်းသာ

သူသည် အနက်ရောင် အတွင်းအား အသုံးချ ထားသော အကြား အာရုံနှင့် ခြေသံ တစ်ရာကျော်ကို ကြားလိုက်ရသည်။ သူသည် စုလောရွှယ်ကို ချက်ချင်းဆွဲကာ ဆန့်ကျင်ဘက်သို့ ထွက်ပြေး လာခဲ့သော်လည်း ထိုအုပ်စုသည် သူတို့ပြေးသည့် ဘက်သို့သာ လိုက်လာခဲ့သည်။

တစ်ခဏမျှ ပြေးပြီးသည့်နောက် စုလောရွှယ်သည် ခြေသံများကို မကြားရတော့ သော်လည်း အနောက်ဘက်မှ ထွက်ပေါ်နေသော အမျိုးအမည် မသိသည့် အရှိန်အဝါ တစ်မျိုးကို ခံစားနေရသည်။ သူမသည် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

"ငါမင်းကို ခေါ်သွားမယ် ... မင်းရဲ့အရှိန်က နှေးလွန်းတယ်"

စကားဆုံးသည်နှင့် စုလောရွှယ်သည် ကျန်းရီ၏ လက်မောင်းကို ဆွဲကာ အားကုန်ပြေးတော့သည်။ သူမသည် ခရမ်းနန်းတော်ရှင် ပဉ္စမအဆင့် ဖြစ်သည်။ သူမ၏ အင်အား အမှန်ကို အသုံးချ လိုက်သည်နှင့် အမြန်နှုန်းသည် ချက်ချင်းတိုးတက် သွားတော့သည်။ သူမသည် ကျန်းရီ၏ ညွှန်ကြားချက် အတိုင်း ဟိုကွေ့သည်ကွေ့ ကွေ့၍ ပြောခဲ့သည်။ ဆယ်မိုင်ခန့် မရပ်မနား ပြေးလာပြီးနောက်တွင် သူမသည် မောပန်းစွာ မေးလိုက်သည်။

"သူတို့ လိုက်နေတုန်းပဲလား"

"လိုက်နေတုန်းပဲ"

ကျန်းရီသည် တွေဝေစွာ ရေရွတ်လိုက်သည်။

"ဒီလူတွေက ဘယ်သူတွေလဲ ... သူတို့က ဘာလို့ ငါတို့နောက်ကို ဆက်လိုက် နေရတာလဲ ... ငါတို့ပြေးမယ့် လမ်းကြောင်းကို သူတို့ ဘယ်လိုသိတာလဲ ... ငါတို့လမ်းကြောင်း ပြောင်းရင် သူတို့လည်း ဘာလို့ လိုက်ပြောင်းနေတာလဲ ... ငါတို့ရဲ့ လှုပ်ရှားမှုတိုင်းကို သူတို့ သိနေသလိုပဲ"

"အမ်"

စုလောရွှယ်သည် ကျန်းရီဘက် လှည့်ကြည့်ကာ နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ သူမသည် ချက်ချင်း မျက်နှာပျက်သွားပြီး ခပ်တိုးတိုး ပြောလိုက်သည်။

"ဘာလို့လဲဆိုတာ ငါသိပြီထင်တယ် ... မင်းကိုယ်က အနံ့တစ်မျိုး ထွက်နေတယ် ... အစက ငါဒါကို ထူးဆန်းတယ်လို့ပဲ ထင်ခဲ့တာ ... အခုတော့ ငါနားလည်သွားပြီ ... ဒါက လိမ္မော်ရောင် ရိုးတံနဲ့ စံပယ်ပန်းနံ့ပဲ ... ဒါက ခြေရာခံတဲ့ အခါမှာ သုံးတဲ့ ရေမွှေးတစ်မျိုးပဲ ... ဒီအနံ့က သုံးရက်ကြာတဲ့ အထိ မပျောက်ဘူး ... ကျန်းရီ ... မင်းက ငတုံးပဲ ... တစ်ယောက်ယောက်က မင်းကို ချောက်ချ လိုက်တာတောင် မင်းမသိဘူး"

"လိမ္မော်ရောင် ရိုးတံနဲ့ စံပယ်ပန်း ... ချောက်ချတယ်"

ကျန်းရီသည် ကြောင်တောင်တောင်နှင့် ကြည့်နေလိုက်ပြီး ဂူသင်္ချိုင်း အတွင်းသို့ မဝင်ရောက်မီ အချိန်ကို ပြန်တွေးလိုက်သည်။ ကျီထင်ယွီသည် သူ့ကို လာရှာခဲ့သည် မဟုတ်ပါလော ... သူမသည် သူ့ကို ခဏတောင် ဖက်လိုက်သေးသည် ... သူသတိ မထားမိသော အချိန်တွင် လှုပ်ရှားခဲ့သူမှာ သူမသာ ဖြစ်နိုင်လေသည်။

"ကျီထင်ယွီ"

ကျန်းရီသည် ရေရွတ်လိုက်သော်လည်း အံ့အားသင့်စရာ ကောင်းလောက်အောင် တည်ငြိမ် နေလေသည်။ သူသည် သစ္စာဖောက် ခံရသောကြောင့် ဒေါသ မထွက်မိဘဲ မဖော်ပြနိုင်သော ဝမ်းနည်းမှု တစ်မျိုးကိုသာ ခံစားလိုက်ရသည်။ သူနှင့် ကျီထင်ယွီသည် အလှမ်း ကွာလှကြောင်း သူသိသော်လည်း သူမသည် ကျန်းရိလျှိုထံ သူမကိုယ်သူမ ပုံအပ်ထားမည်ဟု သူတစ်ခါမှ မမျှော်ထားခဲ့ပေ။ သူမသည် သူ့ယုံကြည်မှုကို အသုံးချ၍တောင် သူ့ကို ထောင်ချောက်ဆင် ခဲ့သေးသည်။

ဘယ်ဘက်နှင့် ညာဘက်မှ ခြေသံများ အသီးသီး ထွက်ပေါ်လာခဲ့သည်။ တစ်ဖက်မှ အင်အားစုများသည် ရောက်ရှိလာကြပြီး သူ့တို့ကို ပိတ်ဆို့လိုက်ပြီ ဖြစ်ကြောင်း ထင်ရှားသည်။

"လာစမ်းပါ ... မင်းတို့က ကျန်းရီရဲ့ အသက်ကို လိုချင်ရင် သွေးနဲ့ ပြန်ပေးဆပ်ရမယ်"

ကျန်းရီ၏ စိတ်သည် ရက်စက်မှုများ ဖုံးလွှမ်းလာခဲ့သည်။ အစက သူသည် အနက်ရောင် အတွင်းအားကို ဝှက်ဖဲအဖြစ် သုံး၍ အလွယ်တကူ အသက်ရှင် နိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် ရန်သူ၏ ဝှက်ဖဲသည် သူ့ထက် ခြေတစ်လှမ်းသာ နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ယခုမူ သူ့တွင် ပြေးစရာ နေရာ မရှိတော့ပေ။

သူ မလွတ်မြောက် နိုင်မှတော့ တိုက်ခိုက်ရင်းဖြင့်သာ သေမည်။ သို့သော် တိုက်ပွဲတွင် သူမသေခင် အရာရာကို ကောင်းကောင်းစီစဉ် ခဲ့ရပေမည်။

"ဆရာမစု ... ဘယ်ဘက်ကို သွား ... အဲဒီမှာ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်တဲ့ နေရာရှိတယ်"

ကျန်းရီသည် အော်ပြောလိုက်သည်။ စုလောရွှယ်သည် ကျန်းရီ၏ ညွှန်ကြားချက် အတိုင်း ထိုနေရာသို့ ချက်ချင်း ဦးတည်လိုက်သည်။ မကြာခင်တွင် ကျန်းရီ အမှတ်အသား ထားခဲ့သော တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်သည့် နေရာကို မြင်လိုက် ကြရသည်။

"ဝှစ် ... ဝှစ်"

သူတို့နှစ်ယောက် ထိုနေရာသို့ ရောက်သည်နှင့် လိုက်လာ နေသူများသည် ထွက်ပေါ်လာကြပြီ ဖြစ်သည်။ အဖွဲ့သုံးခုသည် သုံးဖက်သုံးတန်မှ ပြေးလာ နေကြသည်။ သူတို့၏ အရေအတွက်သည် အယောက်သုံးရာ၊ လေးရာလောက်ပင် ရှိသည်။ အားလုံးသည် အနက်ရောင် စစ်ဝတ်စုံကို ဝတ်ဆင်ထားကြသည်။ ထိုသူတို့သည် တည်ကြည်သော မျက်နှာထားနှင့် အစီအစဉ် တကျ ညီညီညာညာ လှုပ်ရှားနိုင် ကြသည်။ သူတို့အားလုံးသည် စနစ်တကျ လေ့ကျင့် ပေးထားခံရသော စစ်သည်များ ဖြစ်သည်မှာ ထင်ရှားသည်။

စုလောရွှယ်နှင့် ကျန်းရီသည် လှောင်ပြုံး ပြုံးလိုက်ကာ အုပ်စုသုံးခုကို ဝေ့ဝိုက် ကြည့်လိုက်သည်။ သူတို့သည် လူအုပ်ထဲတွင် ရင်းနှီးနေသော မျက်နှာတစ်ခုကို တွေ့လိုက် ရလေသည်။ ကူရှန်းဟယ်

ကူရှန်းဟယ်သည် ကျန်းရိလျှို၏ နောက်လိုက်ခွေးသာ ဖြစ်လေသည်။ သို့ဆိုလျှင် ဤလူများသည် အနောက်ဘက် မြို့စောင့်တပ်၏ သွေးနီစစ်သားများ ဖြစ်ရပေမည်။

"ဆရာမဟု အရင်သွားနှင့်ပါ ... ကျွန်တော် ခဏလောက် အချိန်ဆွဲ ထားလိုက်မယ် ... မဟုတ်ရင် သူတို့ပါ ကျွန်တော်တို့နဲ့ အတူ လိုက်လာလိမ့်မယ်"

ကျန်းရီသည် ကိုယ်ကိုယိမ်းလိုက်ကာ စုလောရွှယ်၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်လိုက်သည်။ သူသည် ရှေ့သို့ နှစ်လှမ်းခန့် တိုးသွားကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။ သူသည် ဖိအား ပေးခံရ၍ အစွမ်းကုန် တိုက်ခိုက်တော့မည့် သင်းကွဲဝံပုလွေ တစ်ကောင်နှယ် ...

"ခစ်ခစ် ... ကျန်းရီ ... ငါ့ကို သုံးနှစ်ကလေးလို့ ထင်နေတာလား?"

စုလောရွှယ်သည် ရုတ်တရက် လက်ကို ဆန့်ထုတ်ကာ ကျန်းရီ၏ လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။ သူမသည် သူ့ကိုပါ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်သော အစီအရင် အတွင်းသို့ ဆွဲခေါ် သွားခဲ့လေသည်။

မူလက ဘာမှမရှိဘဲ လွင်ပြင်သာ ဖြစ်နေသော နေရာသည် အဖြူရောင် အလင်း ဖျတ်ခနဲ လက်သွားခဲ့လေသည်။ ကျန်းရီနှင့် စုလောရွှယ်သည် အဖြူရောင် အလင်းထဲတွင် ပျောက်ကွယ် သွားခဲ့ပြီး အခြားနေရာသို့ ပို့ဆောင် ခံလိုက်ရပြီ ဖြစ်သည်။

"တည်နေရာ ရွှေ့ပြောင်းပို့ဆောင်တဲ့ အစီအရင် ... သူတို့နောက်လိုက်"

ကူရှန်းဟယ်သည် ကျန်းရီတွင် ထွက်ပြေးစရာ နေရာ မရှိတော့သည်ကို မြင်သောအခါ သူ့နှုတ်ခမ်းထက်တွင် ရက်စက်သော အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။ သို့သော် ထိုနှစ်ယောက်သည် ကံကောင်းထောက်မ၍ တည်နေရာရွှေ့ပြောင်း ပို့ဆောင်သည့် အစီအရင် ရှိရာ ရောက်သွားခဲ့သည်။ သူသည် ချက်ချင်း အော်ဟစ်လိုက်ကာ လူများကို ဦးဆောင်၍ အစီအရင် ထဲသို့ ချက်ချင်း လိုက်ဝင်လိုက်သည်။

"ဆရာမစု ... ဘာလုပ်နေတာလဲ ... ကျွန်တော့်ကိုပါ ခေါ်လာရင် ဘယ်တော့မှ လွတ်မှာ မဟုတ်တော့ဘူး"

ကျန်းရီသည် အလင်းတန်း ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရပြီး သူ့ရှေ့မှ မြင်ကွင်းသည် ပြောင်းလဲ သွားခဲ့သည်။ သူသည် အလောတကြီး အပြစ်တင်လိုက်သည်။

စုလောရွှယ်သည် ဘာမှမပြောဘဲ ကျန်းရီ၏ လက်မောင်းကို ဆွဲ၍သာ အသက်လု ပြေးတော့သည်။ ခဏကြာအောင် ပြေးလွှားပြီးနောက် သူမသည် ကျန်းရီကို ဒေါသတကြီး ကြည့်ကာ ပြောလိုက်သည်။

"အရေးမပါ တာတွေကို မပြောနဲ့ ... ငါတို့ သေရင်တောင် အတူသေမယ် ... ဘာအတွက် အချိန်တွေ ဖြုန်းနေတာလဲ ... မြန်မြန်နောက်ထပ် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်တဲ့ အစီအရင် ရှာလေ ... ငါတို့တွေသာ ဆက်တိုက် နေရာရွှေ့ပြောင်း နေရင် သူတို့ကို မျက်ခြည်ဖြတ် သွားနိုင်လိမ့်မယ်"

အလှလေးသည် ဒေါသတကြီး ပြောလိုက်လျှင် ကျန်းရီသည် ထပ်မံစကား မများရဲတော့ပေ။ သူသည် ချက်ချင်း မျက်စိရှင်ရှင် ထားကာ နောက်ထပ် တည်နေရာ ရွှေ့ပြောင်း ပို့ဆောင်ရေး အစီအရင်ကို ရှာလိုက်သည်။

ကံတရားသည် သူတို့ဘက်တွင် ရှိမနေပေ။ လိုက်လာသူများသည် ပေအနည်းငယ် အကွာအဝေးသို့ ရောက်နေပြီ ဖြစ်သော်လည်း သူတို့သည် နောက်ထပ် နေရာရွှေ့ပြောင်း အစီအရင် တစ်ခုကို မတွေ့သေးပေ။ ထိုလူများသည် စုလောရွှယ်ထက် အဆများစွာ အားကောင်းသောကြောင့် သူတို့ကို မီလာပေတော့မည်။

"ဟား ... ဟား ... မင်းဘယ်ကို ပြေးဦးမလဲ ကြည့်ရတာပေါ့"

နောက်မှ ဒေါသတကြီး လိုက်လာနေသော ကူရှန်းဟယ်သည် လှည့်ပတ်ပြေးနေသော ထိုနှစ်ယောက်ကို မနှစ်မြို့စွာ ကြည့်နေခဲ့သည်။ ထို့နောက် သူသည် စဉ်းလဲစွာ ပြုံးလိုက်ပြီး နောက်လိုက် တစ်ယောက်ကို အမိန့်ပေးလိုက်သည်။

"အရှင့်သားကို အချက်ပြလိုက် ... ငါတို့ ပစ်မှတ်ကို တွေ့ပြီလို့"

"ရှေ့မှာ အစီအရင် နေရာ"

ကျန်းရီသည် စိတ်လှုပ်ရှား သွားခဲ့သည်။ သူသည် လက်လှမ်းမီရာ သစ်ကိုင်းတစ်ခုကို ခုတ်ချလိုက်ပြီး ရှေ့သို့ လှမ်းပစ်လိုက်သည်။

အဖြူရောင် အလင်းတစ်ချက် လက်သွားခဲ့ပြီး သစ်ကိုင်းသည် အမှုန့် ဖြစ်သွားခဲ့လေသည်။ ကျန်းရီနှင့် စုလောရွှယ်သည် တစ်ယောက်နှင့် တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လိုက်ကြသည်။ ထိုအစီအရင် နေရာသည် ထိလိုက်သည်နှင့် သေသွားနိုင်သည့် အစီအရင် ဖြစ်နေခဲ့သည်။

"ငါတို့ မလွတ်နိုင်တော့ဘူး ... တိုက်ခိုက်ကြတာပေါ့"

"ကျန်းရီ ... ငါ့ရဲ့ လျှို့ဝှက်ကျင့်စဉ်က ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံးအဆင့် လူသုံးယောက်ကိုပဲ သတ်ပေးနိုင်မယ် ... ကျန်တာက မင်းတာဝန် ဖြစ်သွားပြီ"

စုလောရွှယ်သည် ပြေးလွှားနေခြင်းကို ရပ်တန့်လိုက်ကာ သူမ၏ ဓားရှည်ကို ဆွဲထုတ်လိုက်သည်။ သူမ၏ မျက်နှာသည် ည၏ ဘုရင်ဖြစ်သော အမှောင်ထဲတွင်သာ ပွင့်သည့် ညမွှေးပန်းနှယ် ဆွတ်ပျံ့ လွမ်းဆွေးဖွယ် ကောင်းနေခဲ့သည်။

"ဝှစ် ... ဝှစ် ... ဝှစ် ..."

လိုက်လာသူများသည် သူတို့ကို မီလာကာ ဝန်းရံလိုက် ကြသည်။ သူတို့တွင် ပြေးစရာမြေ မရှိတော့ပေ။

ကူရှန်းဟယ်သည် အနီရောင် ရဲရဲတောက်နေသော ဓားတစ်ချောင်းကို ထုတ်လိုက်လေသည်။ သူသည် ကျန်းရီကို အေးစက်စွာ စိုက်ကြည့်ကာ ကျယ်လောင်စွာ ပြောလိုက်လေသည်။

"ဒီအကောင်ကို သတ်လိုက် ... ဒီမိန်းမကိုတော့ အရှင်ဖမ်း ... အရှင့်သားက ဒီမိန်းမပျက်က သေပါရစေလို့ တောင်းဆိုလာတဲ့ အထိ ဖြစ်စေချင်တယ်တဲ့"

"သေပါရစေလို့ တောင်းဆိုရမယ်"

ကျန်းရီသည် အစိမ်းရောင် ဓားကို ဆွဲထုတ်လိုက်သည်။ သူ့စိတ်သည် သတ်ချင်စိတ်တို့ ပြည့်နှက်လာပြီး မျက်လုံးအစုံ သည်လည်း နီရဲလာခဲ့သည်။ သူသည် စုလောရွှယ်ကို လှည့်ကြည့်ကာ အလေးအနက် ပြောလိုက်သည်။

"စုလောရွှယ် ... ငါတို့ ဒီတစ်ခေါက် ကံကောင်းသွားလို့ မသေခဲ့ရင် အနာဂတ်မှာ မင်းကို ထိပါးရဲတဲ့သူ မှန်သမျှ ငါအရှင်လတ်လတ် အရေခွံဆုတ် ပေးမယ် ... ဂိုဏ်းတစ်ဂိုဏ်းက မင်းကို ရန်စရင် ငါဂိုဏ်း တစ်ခုလုံးကို သတ်ပစ်ပေးမယ် ... နိုင်ငံတစ်ခုက မင်းကို ရန်စတယ်ဆိုရင် ငါ တစ်နိုင်ငံလုံးကို ဖျက်ဆီးပစ်မယ် ... ဒါက ကျန်းရီရဲ့ ကတိပဲ ... သတ်"

"ဝှစ်"

စကားဆုံး သည်နှင့် ကျန်းရီသည် ရှေ့သို့ ပြေးသွားတော့သည်။ ခြေတစ်လှမ်း တိုးသွားခဲ့တိုင်း သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ပိုတိုး လာခဲ့သလို သူ၏ မျက်လုံးအစုံ သည်လည်း ပိုမို နီရဲလာခဲ့သည်။ ခြေလှမ်း တစ်ရာခန့် ပြေးသွားပြီး နောက်တွင် သူ့မျက်လုံးသည် သွေးကဲ့သို့ ရဲရဲနီ နေလေပြီ ... သူသည် ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင် အလားပင် ... လူတိုင်း၏ စိတ်နှလုံးသည် တုန်လှုပ်လာ ရပေသည်။

ပြိုင်ဘက်ကင်း သတ်ဖြတ်ခြင်း အရှိန်အဝါသည် မိုင်ပေါင်း များစွာသို့ ပျံ့နှံ့သွားခဲ့သည်။ သွေးနီစစ်သား တို့သည် ကြောက်လန့်သဖြင့် တုန်ယင်လာ ကြပေသည်။

"ကောင်းပြီ ... ကျန်းရီ ... မင်းရဲ့ကတိကို ငါမှတ်ထားမယ် ...

ဒါကြောင့် ငါတို့နှစ်ယောက်လုံး အသက်ရှင်ရမယ်"

စုလောရွှယ် ပြုံးလိုက်သည်။ သူမ၏ မျက်လုံးမှ ခရမ်းရောင် အလင်းတန်း နှစ်ခုသည် တောက်ပလာခဲ့သည်။ ကျောချမ်းဖွယ် သတ်ဖြတ်ခြင်း အရှိန်အဝါ ကြားတွင် ရေခဲကြာပွင့်လေး ပွင့်လန်း လာခဲ့ပေပြီ။ ၎င်းသည် ပန်းပွင့်လေး တစ်ခုကဲ့သို့ လှပလွန်းနေပြီး လူတိုင်း၏ နှလုံးသားကို ဆွဲဆောင် နေလေသည်။

***

All Chapters