← Chapters

အခန်း (၁၅၆၉+၁၅၇၀)

Vol. 113 Ch. 1569+1570

အခန်း (၁၅၆၉+၁၅၇၀)

Vol. 113 Ch. 1569+1570

အခန်း(၁၅၆၉)

ဆယ်ရက်ကြာပြီးနောက်… ။

တင်ပျဉ်ခွေထိုင်နေသော ဟန်မူယဲ့က ရုတ်တရက် ဓားဆွဲထုတ်လိုက်သည်။

“ ထန် ”

ဓားအလင်းတစ်ခုက သူ့လက်ထဲမှ ဓားဖြင့် ထိမှန်သွားပြီး အက်ကွဲသွားသည်။

သူ၏ အရှေ့မှ လူနှစ်ယောက်က သူ့အား တုန်လှုပ်ချောက်ချားသော မျက်နှာဖြင့် ကြည့်နေကြသည်။

“ လုယွဲ့ဓားက ဘယ်လိုလုပ် မင်းရဲ့ လက်ထဲကို ရောက်သွားတာလဲ ”

“ တောင်ထွတ်အရှင်သခင်ကော့ဟွားက ဘယ်မှာလဲ ”

စကားပြောလိုက်သော လူနှစ်ယောက်က အသက်လေးဆယ်ခန့်ရှိပြီး ခန္ဓာကိုယ်ထွားကြိုင်းသန်မာသည်။ သူတို့က လက်ထဲမှ ဓားကို တင်းကျပ်စွာ ဆုပ်ထားရင် ဟန်မူယဲ့ကို စူးစိုက်ကြည့်နေကြသည်။

လှိုဏ်ဂူအပြင်ဘက်တွင် ဆူညံသံများ ထွက်ပေါ်လာသည်။ ထို့နောက် ပုံရိပ်အများအပြားက လှိုဏ်ဂူထဲသို့ ပြေးလာကြသည်။

“ အဲ့ဒါ ငါတို့ဆရာရဲ့ လုယွဲ့ဓားပဲ ”

“ ငါတို့ဆရာရဲ့ ဓားက ဒီနေရာမှာဆိုတော့ အပြင်ဘက်က အဲ့ဒီအုတ်ဂူက… ”

“ မင်းဘယ်သူလဲ… ဘာလို့ မင်းရဲ့ လက်ထဲမှာ ငါတို့ဆရာရဲ့ဓား ရှိနေတာလဲ ”

ပုံရိပ်တချို့က ဟန်မူယဲ့၏ အရှေ့ဆီသို့ အပြေးရောက်လာကြသည်။ အံ့ဩမှုက သူတို့၏ မျက်နှာပေါ်မှာ ပေါ်လွင်နေသည်။

တချို့က ဝမ်းနည်းနေပြီး တချို့က ကြောက်လန့်နေသည်။

“ ဒီလူက တောင်ထွတ်အရှင်သခင်ကော့ဟွားကို သတ်လိုက်တာဖြစ်မယ်… ငါတို့တွေ လက်စားပြန်ချေရမယ် ”

အစောနက ဟန်မူယဲ့ကို တိုက်ခိုက်ခဲ့ကြသော လူနှစ်ယောက်က အကြည့်ချင်းဖလှယ်လိုက်ကြသည်။ သူတို့က ဟန်မူယဲ့ထံသို့ နောက်တစ်ကြိမ် ဓားထိုးသွင်းလိုက်သည်။

သို့သော်လည်း သူတို့၏ ဓားများက ဟန်မူယဲ့ထံသို့ မရောက်သွားမီ အသစ်ရောက်လာသော အုပ်စုထဲမှ လူတစ်ယောက်က အရှေ့သို့ ခုန်လိုက်သည်။ သူက လက်ထဲမှ ဓားဖြင့် ထိုဓားနှစ်ချောင်းကို ကန်ထုတ်လိုက်သည်။

“ ဒီဟာက ငါတို့လစန္ဒာတောင်ထွတ်ရဲ့ ကိစ္စပဲ… မင်းတို့ဝင်ပါစရာမလိုဘူး ”

တိမ်မြူအလင်းက ထိုသူ၏ ဓားပေါ်မှာ လင်းလက်သွားသည်။ ဤသည်မှာ ဓားက အစွန်းရောက်အအေးဓာတ်ကို ပိုင်ဆိုင်ထားသည့်အလားပင်။

ထိုလူငယ်က အသက်သုံးဆယ်ခန့်သာ ရှိသေးသော်လည်း အရပ်ရှည်ပြီး စူးရှသော မျက်လုံးတစ်စုံကို ပိုင်ဆိုင်ထားသည်။

သူ၏ ခန္ဓာကိုယ်ပေါ်မှာ မှိန်ဖျော့သော ဓားချီတစ်ခု ရှိသည်။ သို့ဖြစ်၍ သူ၏ အရှိန်အဝါကို ဘေးပတ်ဝန်းကျင်မှ လူများကြားတွင် ထင်းခနဲ မြင်နိုင်သည်။

သူ့စကားကို ကြားသောအခါ တခြားလူများက ဟန်မူယဲ့ကို အကာအကွယ်ပေးလိုက်ကြသည်။

လူထွားကြီးနှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့က ဆန္ဒမရှိသော်လည်း အနောက်လှည့်၍ ထွက်သွားကြသည်။

သူတို့ထွက်သွားသည်နှင့် လှိုဏ်ဂူထဲမှ လူအားလုံးက ဟန်မူယဲ့ကို လှည့်ကြည့်လိုက်ကြသည်။

ဟန်မူယဲ့၏ အရှေ့မှာ မတ်တတ်ရပ်နေသော လူငယ်က အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး လေးနက်စွာ ပြောသည်။

“ အဲ့ဒီဓားက… ”

သူ၏ စကားမဆုံးခင်မှာ ဟန်မူယဲ့က ကြားဖြတ်ပြောသည်။

“ ကျန်းမင်ယွင်… ငါ့မှာ တောင်ထွတ်အရှင်သခင်ကော့ဟွားပြောခဲ့တဲ့ နောက်ဆုံးစကားရှိတယ်… အဲ့ဒါကို မင်းကြားချင်လား ”

ဟန်မူယဲ့၏ စကားက လှိုဏ်ဂူတစ်ခုလုံးကို လုံးဝ တိတ်ဆိတ်သွားစေသည်။

ဓားကိုင်ထားသော လူအားလုံးက နေရာမှာတင် ကျောက်ရုပ်ဖြစ်သွားကြသည်။

အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော လူငယ်က တစ်ကိုယ်လုံး တုန်ယင်သွားသည်။

သူက ဓားကို ဖြည်းဖြည်းချင်း မြှောက်လိုက်ပြီး ဟန်မူယဲ့၏ မျက်နှာထံသို့ ညွှန်လိုက်သည်။ သူက အံတင်းတင်းကြိတ်လိုက်ပြီး ပြောသည်။

“ မင်း ထပ်ပြောစမ်း ”

“ ကျောက်မင်ယွင်… ငါ့ဆီမှာ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ နောက်ဆုံးစကား ရှိတယ် ”

ဟန်မူယဲ့က ထပ်မံ ပြောသည်။

နောက်ဆုံးစကား… ။

ဒါဆို တောင်ထွတ်အရှင်သခင်ကော့ဟွားက တကယ် သေသွားပြီပေါ့… ။

ဟန်မူယဲ့၏ စကားကို ကြားသောအခါ လှိုဏ်ဂူထဲမှ လူတိုင်း၏ မျက်နှာက ဝမ်းနည်းကြေကွဲသွားသည်။

ကျောက်မင်ယွင်အမည်ရသော လူငယ်၏ လက်ထဲမှ ဓားက တုန်ယင်သွားသည်။ သူ၏ အသက်ရှူမှုက မတည်မငြိမ်ဖြစ်နေစဉ် သူက တိုးညင်းစွာ ရေရွတ်လိုက်သည်။

“ မဖြစ်နိုင်တာ… မဖြစ်နိုင်တာ… ”

သူက ဓားကို မြှောက်လိုက်ပြီး ဟန်မူယဲ့ထံသို့ ခုတ်လိုက်သည်။

“ ထန် ”

ဓားနှစ်လက် ထိပ်တိုက် တွေ့ဆုံသွားသည့်အခါ ကျောက်မင်ယွင်က အဝေးသို့ လွင့်စင်သွားသည်။

ထိုမြင်ကွင်းက ဘေးပတ်ဝန်းကျင်မှ တခြားလူများကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

ကျောက်မင်ယွင်က တောင်ထွတ်အရှင်သခင်ကော့ဟွား၏ ဂုဏ်ယူရသော တပည့်ဖြစ်သည်။ သူ၏ ဓားကျင့်ကြံခြင်းက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ လူငယ်မျိုးဆက်ထဲမှာ ထိပ်ဆုံးငါးနေရာတွင် ရှိသည်။

သို့သော်လည်း သူတို့နှင့် ရွယ်တူဖြစ်ဟန်ရသော ဟန်မူယဲ့က မည်သို့ကြောင့် ကျောက်မင်ယွင်ကို ဓားတစ်ချက်ဖြင့် အဝေးလွင့်စင်သွားစေခဲ့သနည်း။

“ မင်းက ဘယ်သူလဲ… ဘယ်လိုလုပ် မင်းဆီမှာ ငါ့ဆရာရဲ့ဓား ရှိနေတာလဲ… ပြီးတော့ မင်းငါ့ကို ဘယ်လိုလုပ် သိနေတာလဲ ”

ကျောက်မင်ယွင်က ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ သူက ထုံကျင်နေသော လက်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်။

တခြားလူများသည်လည်း ဇဝေဇဝါဖြစ်သွားကြသည်။

သူတို့အရှေ့မှ အမျိုးသားက ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်တစ်ယောက်လား… ။

သို့မဟုတ်လျှင် သူက မည်သို့ကြောင့် ကျောက်မင်ယွင်ကို သိလိမ့်မည်နည်း။

“ ငါက တောင်ထွတ်အရှင်သခင်ကော့ဟွား သူမသေဆုံးခင် နောက်ဆုံးလက်ခံခဲ့တဲ့ တပည့်ပဲ ”

ဟန်မူယဲ့က ဆက်ပြီး ပြောသည်။

“ သူက ငါ့ကို လုယွဲ့ဓား အပ်နှင်းပေးသွားခဲ့တယ်… ပြီးတော့ လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်ကို ဆက်လက် တိုးတတ်အောင်လုပ်ဖို့ ညွှန်ကြားသွားခဲ့တယ် ”

ဟန်မူယဲ့က ဓားကို သူ၏ ရင်ဘက်အရှေ့မှာ ဒေါင်လိုက်ထောင်လိုက်ပြီး မထူးမခြားနား ပြောသည်။

တပည့်အသစ်လား… ။

လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်ကို တိုးချဲ့ဖို့လား… ။

အဲ့ဒါက အဓိပ္ပာယ်ရှိရဲ့လား… ။

“ တပည့်အသစ်လား… မင်းငါ့ကို ဘယ်လိုသိတာလဲ ”

ထုံးစံအားဖြင့် ကျောက်မင်ယွင်က ယင်းကို မယုံကြည်ပေ။ အခြေအမြစ်မရှိသော ထိုစကားကို မည်သူမှ ယုံကြည်ကြလိမ့်မည် မဟုတ်ချေ။

“ မင်းက ကျောက်မင်ယွင်… တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ တပည့်ကြီး… အပြင်လူတွေ သိထားတာက မင်းက ဉာဏ်အလင်းရအဆင့်ရဲ့ အထွတ်အထိပ်မှာ… ဒါပေမဲ့ တကယ်တော့ မင်းက တာအိုဝင်ရောက်ခြင်းအဆင့်ကို ရောက်နှင့်ပြီးနေပြီ ”

ဟန်မူယဲ့၏ စကားက ကျောက်မင်ယွင်၏ အမူအရာကို နောက်တစ်ကြိမ် ပြောင်းလဲသွားစေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်ကို တောင်ထွတ်အရှင်သခင်ကော့ဟွားက ဖုံးကွယ်ထားခဲ့သည်။ တောင်ထွတ်အရှင်သခင်ကော့ဟွားသာလျှင် ထိုအကြောင်းကို သိသည်။

“ ပြီးတော့ မင်း… မင်းက ဆရာရဲ့ ဒုတိယမြောက်တပည့် ယုရှောက်ကုန်း… မင်းက ဉာဏ်အလင်းရအဆင့်ရဲ့ အထွတ်အထိပ်မှာ… မင်းရဲ့ ဓားပညာမှာ ကိုယ်ပိုင်နိယာမတွေ ပါဝင်နေပြီ… ပြီးတော့ မင်းက တာအိုရှာဖွေခြင်းအဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တာ ”

“ မင်းက ဆရာရဲ့ ပဉ္စမမြောက်တပည့် ဝမ်ယု… မင်းက သက်တံ့စုစည်းခြင်းဓားသိုင်းနဲ့ တိမ်လွှာသုံးဆင့်ဓားသိုင်းကို ကျင့်ကြံတယ် ”

…..

ဟန်မူယဲ့က လှိုဏ်ဂူထဲမှ လူတိုင်း၏ နာမည်နှင့် သူတို့၏ ကျင့်ကြံခြင်းအကြောင်းကို ပြောသည်။

သူက ကော့ဟွားအသုံးပြုခဲ့သော လုယွဲ့ဓား၏ ကိုယ်ပွားတစ်ခုဖြစ်လေရာ လစန္ဒာတောင်ထွတ်မှ လူတိုင်းကို သူရင်းနှီးကျွမ်းဝင်သည်။

ထို့ပြင် သူက သာမန်ကာလျှံကာ ပြောသွားခြင်းမဟုတ်ဘဲ ခရေစေ့တွင်းကျ ပြောသွားခြင်း ဖြစ်သည်။

“ တောင်ထွတ်အရှင်သခင်ကော့ဟွားက သူမသေခင် မင်းတို့အားလုံးကို ဂရုစိုက်ပေးဖို့ ငါ့ကို မှာသွားခဲ့တယ် ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

မဟာပန်သွန်ဘုံတွင် ကျင့်ကြံခြင်း၏ အခြေခံအဆင့်က ဉာဏ်အလင်းရအဆင့် ဖြစ်သည်။ နောက်တစ်ဆင့်က တာအိုအဆင့် ဖြစ်သည်။

တာအိုအဆင့်တွင် တာအိုရှာဖွေခြင်းအဆင့်၊ တာအိုဝင်ရောက်ခြင်းအဆင့်၊ တာအိုချိုးဖြတ်ခြင်းအဆင့်နှင့် တာအိုငြိမ်းသတ်ခြင်းအဆင့်ဟူ၍ ခွဲခြားထားသည်။ တာအိုအဆင့် ကျင့်ကြံသူများသည် တာအိုအဆင့်၏ အထွတ်အထိပ်သို့ ရောက်သည်အထိ အဆင့်တစ်ဆင့် ချိုးဖြတ်ပြီးသွားတိုင်း ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

တာအိုအဆင့်၏ အထက်တွင် မူလအဆင့်၊ စကြာဝဠာအဆင့်၊ ယင်ယန်အဆင့်၊ သေခြင်းရှင်ခြင်းအဆင့်ဟူ၍ ထပ်ရှိသေးသည်။ ထိုအဆင့်များတွင် တစ်စုံတစ်ယောက်က သူတို့ကိုယ်ပိုင် သဘာဝလွန်စွမ်းအားများကို အသုံးပြုနိုင်ကြလိမ့်မည်။

သေခြင်းရှင်ခြင်းအဆင့်၏ အထက်တွင် ကောင်းကင်လျှို့ဝှက်ချက်၊ ကမ္မဆင်ခြင်ခြင်း၊ သံသရာစက်ဝန်းနှင့် အာဏာရှင်ဟူ၍ ထပ်ရှိသေးသည်။

ဟန်မူယဲ့၏ ဤကိုယ်ပွားက ခြေလှမ်းဝက် အာဏာရှင်အဆင့်မှာ ဖြစ်သည်။

တောင်အရှင်သခင်ကော့ဟွားက အသင်္ချေကောင်းကင်ဓားဂိုဏ်းတွင် ပြိုင်ဘက်ကင်းသော ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားသောကြောင့် နာမည်ကျော်ကြားသည်။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်းအဆင့်က တာအိုချိုးဖြတ်ခြင်းအဆင့်၏ အထွတ်အထိပ်မှာသာ ဖြစ်သည်။ သူက တာအိုငြိမ်းသတ်ခြင်းအဆင့်သို့ ရောက်ရန် ခြေလှမ်းဝက် ဝေးကွာနေသည်။

အကယ်၍ သူသာ တာအိုငြိမ်းသတ်ခြင်းအဆင့်သို့ ရောက်နေမည်ဆိုလျှင် တိုက်ပွဲမှာ ထိုမျှအလွယ်တကူ အသတ်ခံရလိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့၏ အမြင်မှာ မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းလမ်းစဉ်က တခြားဘုံများနှင့် အများကြီး မကွာခြားပေ။ အဓိကကွာခြားချက်မှာ ဤနေရာမှ မူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာသည်။ သို့ဖြစ်၍ တစ်စုံတစ်ယောက်က မိုးမြေစွမ်းအားကို လှုံ့ဆော်ချင်သည်ဆိုလျှင် သို့မဟုတ် နတ်ဘုရားစွမ်းအားများကို ဖွဲ့စည်းချင်သည်ဆိုလျှင် မြင့်မားသော ကျင့်ကြံခြင်းအဆင့်မှာ ရှိရမည်။

တစ်စုံတစ်ယောက်က နတ်ဘုရားစွမ်းအားကို ပိုင်ဆိုင်ထားသည်ဆိုလျှင် သူတို့၏ ပိုင်နက်အတွင်းမှာ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အဖြစ် သတ်မှတ်ခံရလိမ့်မည်။

ဤအခိုက်အတန့်မှာ လှိုဏ်ဂူတစ်ခုလုံးက နောက်တစ်ကြိမ် တိတ်ဆိတ်သွားသည်။

တောင်ထွတ်အရှင်သခင်ကော့ဟွား၏ လက်အောက်မှ တပည့်များက ယင်းကို ယုံကြည်ရန် ခဲယဉ်းနေကြသော်လည်း သူတို့က မယုံကြည်ဘဲ မနေနိုင်ကြပေ။

ဟန်မူယဲ့ပြောသွားခဲ့သော အရာများက သူတို့၏ လျှို့ဝှက်ချက်များ ဖြစ်သည်။ ကော့ဟွားကိုယ်တိုင် ပြောသွားခဲ့ခြင်းမဟုတ်လျှင် အပြင်လူတစ်ယောက်က ယင်းတို့ကို လုံးဝ သိနိုင်လိမ့်မည် မဟုတ်ချေ။

အထူးသဖြင့် ကော့ဟွားဂုဏ်ယူရသော တပည့်များ၏ ကျင့်ကြံခြင်းစွမ်းရည် ဖြစ်သည်။ ယင်းတို့ကို ကော့ဟွားနှင့် သူ့တပည့်များကိုယ်တိုင်က ဖုံးကွယ်ထားကြခြင်း ဖြစ်သည်။

“ တာအိုအဆင့်ရဲ့ အထက်မှာ သေခြင်းရှင်ခြင်းကို ပြောင်းပြန်လှန်နိုင်တဲ့ နည်းလမ်းတွေ၊ ပြန်လည်ရှင်သန်ဖို့ ခန္ဓာကိုယ်သိမ်းပိုက်တဲ့ နည်းလမ်းတွေရှိတယ်လို့ ငါကြားဖူးတယ် ”

အနောက်ဆုံးမှာ ရပ်နေသော တပည့်တစ်ယောက်က ရုတ်တရက် တီးတိုးပြောသည်။

သူ့စကားက လူတိုင်းကို အံ့ဩသွားစေသည်။ သူတို့က ဟန်မူယဲ့ကို သေချာအကဲခတ်ကြည့်လိုက်ကြသည်။

ဖြစ်နိုင်တာက သူတို့အရှေ့က လူက ပြန်လည်ရှင်သန်လာတဲ့ သူတို့ဆရာလား… ။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်းနည်းလမ်းများကို ကောလဟာလအဖြစ်သာ ကြားဖူးကြသော်လည်း ယင်းတို့က အဆင့်မြင့် ကျင့်ကြံသူများဆီတွင် အမှန်တကယ် ရှိသည်။ သူတို့ဆရာ၏ ကျင့်ကြံခြင်းက တာအိုအဆင့်၏ အထွတ်အထိပ်သို့ မရောက်ရှိသေးသော်လည်း သူက ထိုသို့အခွင့်အရေးတစ်ခုနှင့် မတွေ့ကြုံနိုင်ကြောင်း သေချာပြောမရပေ။

သူတို့အားလုံးက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ သူတို့က ဆုံးဖြတ်ချက်ချရန် ခက်ခဲနေကြသည်။

“ ဘာလဲ… အသင်္ချေကောင်းကင်ဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရာထူးကို ပင်မတောင်ထွတ်က သိမ်းပိုက်သွားမှာကို မင်းတို့က ထိုင်ကြည့်ချင်နေတာလား… လစန္ဒာတောင်ထွတ် ဖိနှိပ်ခံရမှာကို မင်းတို့က မြင်ချင်ကြတာလား ”

“ လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုအမွေအနှစ် ဒီနေရာမှာ အဆုံးသတ်သွားတာကို မင်းတို့က လိုလားကြတာလား ”

လစန္ဒာတောင်ထွတ်၏ အမွေအနှစ် အဆုံးသတ်သွားခြင်းသည် ကော့ဟွား၏ အကြီးမားဆုံးနောင်တ ဖြစ်သည်။

လစန္ဒာတောင်ထွတ်၏ အမွေအနှစ်များ ဆက်လက် တိုးတတ်ကြီးပွားရန် သေချာစေခြင်းသည် လစန္ဒာတောင်ထွတ်မှ လူတိုင်း၏ ရည်မှန်းချက်ဖြစ်သည်။

ကျောက်မင်ယွင်က အံကြိတ်လိုက်ပြီး ဟန်မူယဲ့ကို စိုက်ကြည့်လိုက်သည်။

“ ငါတို့လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုအမွေအနှစ် တိုးတတ်ကြီးပွားလာအောင် မင်းလုပ်ပေးနိုင်တာ တကယ်သေချာလား ”

ဟန်မူယဲ့က ဖြည်းဖြည်းချင်း မတ်တတ်ရပ်လိုက်သည်။ သူက လက်မြှောက်လိုက်ပြီး ဓားသွားကို ဖွဖွလေး ပွတ်လိုက်သည်။ နောက်အခိုက်အတန့်မှာ ဓားချီတစ်မျှင်က မြေပြင်ပေါ်မှာ ပြုတ်ကျနေသော ကျောက်မင်ယွင်၏ ဓားဆီသို့ ပျံသန်းသွားကာ ကန်ထုတ်လိုက်သည်။ ထိုအခါ ဓားက ကျောက်မင်ယွင်ဆီသို့ ဦးတည်သွားသည်။

ကျောက်မင်ယွင်က လက်ဆန့်ထုတ်လိုက်ပြီး ဓားကို ဖမ်းဆုပ်လိုက်သည်။ သူက ဟန်မူယဲ့ကို သေချာကြည့်လိုက်သည်။

“ မင်းက တောင်ထွတ်အရှင်သခင်ကော့ဟွား ဆင်ခြင်နားလည်ထားတဲ့ ကျောက်စိမ်းလေဟာပြင်ဓားသိုင်းကို ကျင့်ကြံထားတယ်… ကျောက်စိမ်းလေဟာပြင်ဓားသိုင်းမှာ စုစုပေါင်း အပြောင်းအလဲဓားကွက် (၆၃)ကွက်ရှိတယ်… လက်ရှိ မင်းက (၃၆)ကွက်ကိုပဲ တတ်ကျွမ်းထားတယ် ”

“ အဲ့ဒါက မင်းဂုဏ်ယူရတဲ့ ဓားသိုင်းပဲ ”

ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားရှည်ကို အရှေ့သို့ ညွှန်လိုက်ပြီး တည်ငြိမ်စွာ ပြောသည်။

ထိုအခိုက်အတန့်မှာ ဓားကိုင်ထားသော ကျောက်မင်ယွင်က ဘာမှပြန်မပြောနိုင်ပေ။

ဟန်မူယဲ့ ပြောသမျှအားလုံးက အမှန်ဖြစ်သည်။

“ တကယ်တော့ ကျောက်စိမ်းလေဟာပြင်ဓားသိုင်းမှာ စုစုပေါင်းဓားကွက်က (၆၃)ကွက်ထက် ပိုတယ်… အဲ့ဒီဓားသိုင်းထဲမှာ ပါဝင်တဲ့ သဘောတရားက ဗလာနတ္ထိကို လွှမ်းမိုးဖိနှိပ်ခြင်းပဲ မဟုတ်ဘူး ”

“ မင်းနဲ့ တောင်ထွတ်အရှင်သခင်ကော့ဟွားက လမ်းမှားကနေ ချဉ်းကပ်နေကြတယ်… အဲ့ဒီလိုဓားသိုင်းက တာအိုရဲ့ အထက်အဆင့်ကို ဘယ်တော့မှ ရောက်နိုင်မှာ မဟုတ်ဘူး ”

ဟန်မူယဲ့၏ စကားကို ကြားသောအခါ ကျောက်မင်ယွင်၏ မျက်နှာက မည်းမှောင်သွားသည်။ သို့သော်လည်း သူစကားပြန်မပြောနိုင်မီ ဟန်မူယဲ့၏ ဓားက သူ့ဆီသို့ ဦးတည်လာသည်။

ထိုဓားကွက်က ကျောက်မင်ယွင်လေ့ကျင့်ထားသော ကျောက်စိမ်းလေဟာပြင်ဓားသိုင်းထဲမှ တစ်ကွက်ဖြစ်သည့် တိမ်ဖြန့်လေလှိမ့်ဖြစ်သည်။

ကျောက်မင်ယွင်က အလျှင်အမြန် ဓားမြှောက်လိုက်ပြီး တားဆီးလိုက်သည်။ သို့သော်လည်း သူ၏ ဓားက လေကိုသာ ထိမှန်သွားသည်။

ဟန်မူယဲ့၏ ဓားက ဗလာနတ္ထိမှ ထွက်ပေါ်လာသည့်အလား သူ၏ ဓားရှိနေသော လေဟာနယ်ကို ဖြတ်ကျော်သွားပြီး သူ၏ ပခုံးထံသို့ တိုးဝင်လာသည်။

သူ၏ ပခုံးကို ဓားထိမှန်သွားပြီး သိပ်မကြာမီ ဟန်မူယဲ့၏ ပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားသည်။

“ လင်းရှဓားထိန်းချုပ်ခြင်း ”

ကျောက်မင်ယွင်က တိုးညင်းစွာ အော်လိုက်ပြီး သူ၏ ဓားကို အလျားလိုက် ဝှေ့ယမ်းလိုက်သည်။

သို့တိုင် သူ၏ ဓားက လေကိုသာ ဖြတ်တောက်သွားသည်။

နောက်အခိုက်အတန့်မှာ သူမြင်လိုက်ရသည်က ဟန်မူယဲ့၏ ဓားထိပ်ဖျားက သူ၏ နဖူးနှင့် သုံးလက်မအကွာမှာ ရပ်တန့်နေခြင်း ဖြစ်သည်။

ဟန်မူယဲ့က လေထဲမှ ဆင်းသက်လာပြီး ခေါင်းယမ်းလိုက်သည်။

“ မင်းရဲ့ ဓားတာအိုပါရမီက မဆိုးဘူးဆိုပေမဲ့ ဓားနိယာမအပေါ် မင်းရဲ့ အသုံးပြုပုံက အရမ်းပဲ ဆိုးဝါးလွန်းတယ် ”

ကျောက်မင်ယွင်၏ မျက်နှာပေါ်မှာ စိတ်ခံစားမှုအရိပ်အယောင် ထွက်ပေါ်လာသည်။

အစောနက ဟန်မူယဲ့ အသုံးပြုသွားခဲ့သော ဓားကွက်နှစ်ကွက်က ကျောက်စိမ်းလေဟာပြင်ဓားသိုင်းမှ ဖြစ်သည်။ သို့သော်လည်း သူက မည်သည့်ဓားကွက်ကိုမှ မကာကွယ်နိုင်ခဲ့ပေ။

တစ်ခါက သူ့ဆရာပြောခဲ့ဖူးသည်မှာ အကယ်၍ တစ်စုံတစ်ယောက်က လစန္ဒာတောင်ထွတ်၏ ဓားသိုင်းအားလုံးကို နက်နက်နဲနဲ နားလည်ထားမည်ဆိုလျှင် ထိုသူက အရပ်မျက်နှာတစ်ခွင်မှာ အောင်မြင်ကျော်ကြားနိုင်လိမ့်မည်။

ကျောက်မင်ယွင်သည် သူ၏ ဓားသိုင်းကျင့်ကြံခြင်းက ထူးချွန်သည်ဟု အမြဲတမ်း တွေးထင်ခဲ့သည်။ သို့သော်လည်း ယခု ကြည့်ရသည်မှာ သူ၏ ဓားသိုင်းက အမှန်တကယ် စုတ်ပြတ်လွန်းသည်။

“ ကျောက်မင်ယွင်က ဓားထိန်းဂျူနီယာညီလေးကို ဂါရဝပြုပါတယ် ”

အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီးနောက် ကျောက်မင်ယွင်က ရိုသေလေးစားစွာ ဂါရဝပြုလိုက်သည်။

တခြားလူများက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ ထို့နောက် သူတို့က ကျောက်မင်ယွင်ကဲ့သို့ အရိုအသေပေးလိုက်ကြသည်။

“ ကျုပ်တို့တွေ ဓားထိန်းဂျူနီယာညီလေးကို ဂါရဝပြုပါတယ် ”

ဟန်မူယဲ့၏ ဓားတာအိုအစွမ်းနှင့် သူတို့၏ လျှို့ဝှက်ချက်များအား အသေးစိတ် နားလည်ထားမှုကြောင့် ထိုလူက တောင်ထွတ်အရှင်သခင်ကော့ဟွား အသိအမှတ်ပြုခဲ့သော လစန္ဒာတောင်ထွတ်၏ ဓားထိန်းဖြစ်ရမည်ဟု သူတို့ယုံကြည်သွားကြသည်။

ထို့ပြင် ယခု လစန္ဒာတောင်ထွတ်ကို ထိန်းသိမ်းစောင့်ရှောက်ရန် အစွမ်းထက်ပညာရှင်တစ်ဦး အမှန်တကယ် လိုအပ်နေသည်။

ဟန်မူယဲ့က လက်ဝှေ့ယမ်းလိုက်ပြီး သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်သည်။ သူက မထူးမခြားနား အမူအရာဖြင့် လှိုဏ်ဂူအပြင်သို့ လျှောက်သွားသည်။

“ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုးကို နေရာမှန်ဆီ ပြန်ပို့ဆောင်ဖို့ ငါ့နောက်ကနေ လိုက်ခဲ့ကြပါ ”

ကျောက်မင်ယွင်နှင့် တခြားလူများက သူ့အနောက်မှ လိုက်သွားကြသည်။ သူတို့အားလုံးက ဝမ်းနည်းကြေကွဲသော အမူအရာဖြင့် လှိုဏ်ဂူထဲမှ ထွက်သွားကြသည်။

နေ့တစ်ဝက်ကြာပြီးနောက် ဓားအလင်းတစ်ခုက အဝေးဆီသို့ ပျံသန်းသွားသည်။

ဓားအလင်း၏ ဦးတည်ရာက အသင်္ချေကောင်းကင်ဓားဂိုဏ်း ဖြစ်သည်။

အခန်း(၁၅၇၀)

မဟာပန်သွန်ဘုံ၏ မိုးမြေမူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာပြီး ပြီးပြည့်စုံသည်။ တစ်စုံတစ်ယောက်က တာအိုအဆင့်သို့ မဝင်ရောက်ရသေးလျှင် ဓားပျံစီးနင်းခြင်းနှင့် ကိုယ်ပိုင်တာအိုသစ်သီး ဒြပ်ထည်ဖွဲ့စည်းခြင်းကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့၏ ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းက ဉာဏ်အလင်းရအဆင့်၏ အထွတ်အထိပ်မှာသာ ရှိသေးသည်။ အဘယ့်ကြောင့်ဆိုသော် သူက မဟာပန်သွန်ဘုံနှင့် သက်ဆိုင်သော တာအိုသစ်သီးကို မဖွဲ့စည်းရသေးသောကြောင့် ဖြစ်သည်။

အမှန်မှာ ကြိမ်ဖန်များစွာ စွမ်းအင်သန့်စင်ခြင်းကို လုပ်ဆောင်ပြီးနောက် သူ၏ စွမ်းအားက သေခြင်းရှင်ခြင်း၏ အတားအဆီးများကို ကျော်ဖြတ်သွားကာ သံသရာစက်ဝန်း၏ အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။ လက်ရှိ သူက သံသရာစက်ဝန်းကို ချိုးဖြတ်ပြီး အာဏာရှင်အဆင့်သို့ တတ်လှမ်းနိုင်ရန် သိပ်မလိုတော့ပေ။

သို့သော်လည်း မဟာပန်သွန်ဘုံမှာ မူလစွမ်းအားအချုပ်အနှောင်များ ရှိသည်။ ထို့ပြင် အတိတ်မှာ သူက သူ၏ စွမ်းအင်အလုံးစုံကို မူလဝိညာဉ်ဓားဆီမှာ ထည့်သွင်းခဲ့သည်။ သို့ဖြစ်၍ သူ၏ ရုပ်ခန္ဓာကိုယ် အထွတ်အထိပ်သို့ ပြန်ရောက်သွားရန် အချိန်ကာလတစ်ခု လိုအပ်သည်။

အကယ်၍ သူ့ကိုယ်ပိုင်စွမ်းအားက သူ၏ လက်ထဲမှ မူလဝိညာဉ်ဓားနှင့် ပြန်ပေါင်းစည်းသွားပြီး ဓားနှင့်လူ တစ်သားတည်းဖြစ်သွားမည်ဆိုလျှင် သူက အာဏာရှင်အဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားလိမ့်မည်။

ဟန်မူယဲ့နောက်သို့ လိုက်ပါလာကြသော လစန္ဒာတောင်ထွတ်မှ တပည့်ရှစ်ယောက်သည် သူတို့၏ လက်ထဲမှ ဓားများကို အသုံးပြု၍ မြေပြင်နှင့် သုံးပေအကွာမှာ ပျံသန်းနေကြသည်။

ခန္ဓာကိုယ်ကျင့်ကြံသူများသည်တော့ သူတို့က မြေပြင်ပေါ်မှာ ပြင်းထန်ကြမ်းတမ်းစွာ ပြေးလွှားနေကြသည်။ သူတို့တစ်ချက်ခုန်လိုက်တိုင်း ဆယ်ပေအကွာအဝေးကို ဖြတ်ကျော်သွားသည်။

မိုင်ရှစ်ရာခန့် ခရီးဆက်ပြီးနောက် သူတို့ထဲမှ ကိုးယောက်က တောင်ကုန်းတစ်ခုပေါ်မှာ ရပ်လိုက်ကြသည်။

ထိုတောင်ကုန်းနှင့် အရှေ့ဘက် မိုင်တစ်ရာအဝေးတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ပင်မတောင်ထွတ်တည်ရှိသည်။

အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လျှင် ဓားချီတစ်ခုက ကောင်းကင်ကို ဖုံးလွှမ်းထားကြောင်း မြင်ရလိမ့်မည်။

ကျောက်မင်ယွင်က ဟန်မူယဲ့၏ အနောက်မှာ မတ်တတ်ရပ်နေပြီး သူ၏ လက်ထဲမှာ သုံးပေရှည်လျားသော သစ်သားသေတ္တာရှည်တစ်လုံးကို သယ်ဆောင်ထားသည်။ သူ၏ အမူအရာက တည်ကြည်လေးနက်နေသည်။

မဟာပန်သွန်ဘုံ၏ တာအိုကျင့်ကြံသူတစ်ယောက် သေဆုံးသွားလျှင် သူတို့၏ တာအိုသစ်သီးက ဖုန်မှုန့်အဖြစ် လွင့်ပြယ်သွားပြီး သူတို့၏ ရုပ်ခန္ဓာကိုယ်က မိုးမြေအတွက် အာဟာရဓာတ်ဖြစ်လာလိမ့်မည်။ နောက်ဆုံးကျန်နေခဲ့မည်မှာ သူတို့၏ အရိုးအကြွင်းအကျန်သာ ဖြစ်သည်။

ခန္ဓာကိုယ်ကျင့်ကြံသူများသည်တော့ သူတို့က ရွှေရောင်ကျောက်စိမ်းအရိုးတစ်ချောင်းကို ချန်ထားခဲ့လိမ့်မည်။ အခြားတစ်ဖက်မှာတော့ ဓားကျင့်ကြံသူများက ဓားကဲ့သို့ ဖြောင့်မတ်မာကျောသော သူတို့၏ ကျောရိုးကို ချန်ထားခဲ့လိမ့်မည်။

ထူးခြားချက်တစ်ခုမှာ ထိုအရိုးများကို ဂိုဏ်းထဲမှာ သိမ်းဆည်းထားပြီး အနာဂတ်မှာ ဂိုဏ်း၏ လက်နက်များအဖြစ် ပျိုးထောင်နိုင်သည်။

ကြည့်ရသည်မှာ မဟာပန်သွန်ဘုံက သက်ရှိများ၏ သေခြင်းရှင်ခြင်းကိုပင် အထူးအလေးထားဟန် ရ၏။

“ ဂျူနီယာညီလေး… ငါတို့ဆရာရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ တကယ်ပဲ မင်းပြန်ပို့ဆောင်ပေးနိုင်လား ”

သေတ္တာရှည်ကို သယ်ဆောင်ထားသော ကျောက်မင်ယွင်က ဟန်မူယဲ့ကို မေးသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကော့ဟွားကို သစ္စာဖောက်အဖြစ် သတ်မှတ်ခဲ့သည်။ လစန္ဒာတောင်ထွတ်မှ တပည့်များကို စီရင်ချက်မချရသေးသော်လည်း လစန္ဒာတောင်ထွတ်ဆီသို့ ဘေးကင်းလုံခြုံစွာ သူတို့ပြန်နိုင်မည်လော မသေချာပေ။

“ ကျင့်ကြံခြင်းလောကမှာ အရေးကြီးဆုံးက ခွန်အားပဲ… ခွန်အားကြီးသူက ဘယ်နေရာမှာပဲဖြစ်ဖြစ် ရိုသေလေးစားခံရတယ် ”

“ တကယ်လို့ လစန္ဒာတောင်ထွတ်က အလုံအလောက် သန်မာမယ်ဆိုရင် တောင်ထွတ်အရှင်သခင်ကော့ဟွားက သေဆုံးခဲ့မှာ မဟုတ်ဘူး ”

ဟန်မူယဲ့၏ မျက်နှာက အေးဆေးတည်ငြိမ်သည်။ သူက အဝေးမှ အရှိန်အဟုန်ပြင်းစွာ ပျံသန်းလာနေသော ဓားအလင်းတန်းကို စိုက်ကြည့်လိုက်သည်။

ထိုဓားအလင်းက မြေပြင်နှင့် သုံးပေအကွာမှာ ပျံသန်းနေလေရာ တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း ထင်ရှားသည်။

တာအိုသစ်သီးကို ဖွဲ့စည်းခြင်း… တာအိုအကန့်အသတ်ကို ရှာဖွေခြင်း… ။

“ ကျောက်မင်ယွင်… ဂိုဏ်းခေါင်းဆောင်က အမိန့်ထုတ်ပြန်လိုက်တယ်… လစန္ဒာတောင်ထွတ်က တပည့်အားလုံး ယွင်ထျန်းချောက်နက်ကို ကာကွယ်စောင့်ကြပ်ဖို့ တာဝန်ထမ်းဆောင်ရမယ်… ဘာအမှားမှ မရှိရဘူး ”

ဓားအလင်းတန်းက တောင်ကုန်းနှင့် ဆယ်ပေအကွာမှာ ရပ်တန့်သွားစဉ် တင်းမာခက်ထန်သော စကားသံက အရပ်ရှစ်မျက်နှာဆီသို့ ပျံ့လွင့်သွားသည်။

ဓားအလင်းတန်းပေါ်မှ ပုံရိပ်က အသက်ငါးဆယ်ခန့်ရှိသော အမျိုးသားတစ်ယောက်ဖြစ်ပြီး အေးစက်စက်ဓားချီအရှိန်အဝါက သူ့အား လှည့်ပတ်နေသည်။

သူက အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပေါ်တွင် အစိမ်းရောင်ဓားရှည်တစ်လက်ကို သယ်ဆောင်ထားသည်။

ကျောက်မင်ယွင်၏ လက်ထဲမှ သေတ္တာရှည်ကို မြင်သွားသောအခါ ထိုလူက အေးတိအေးစက် ပြုံးလိုက်သည်။

“ ဒီတော့… ကော့ဟွားက တကယ် သေသွားပြီပေါ့ ”

“ ကောင်းတယ်… လစန္ဒာတောင်ထွတ်က အမြဲတမ်း မောက်မာထောင်လွှားခဲ့တာ… ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ ဘယ်သူက ဘုရင်လဲဆိုတာ သူတို့မသိကြဘူး ”

ထိုစကားကို ကြားသောအခါ လစန္ဒာတောင်ထွတ်မှ ကျောက်မင်ယွင်နှင့် တခြားတပည့်များက မျက်နှာပျက်ယွင်းသွားကြသည်။

သို့သော်လည်း သူတို့ထဲမှ မည်သူမှ မဆင်မခြင် မလှုပ်ရှားဝံ့ကြချေ။

မကြာသေးခင်ကမှ တာအိုရှာဖွေခြင်းအဆင့်သို့ ဝင်ရောက်ထားသော ကျောက်မင်ယွင်သည်ပင် တိတ်ဆိတ်နေသည်။ အဘယ့်ကြောင့်ဆိုသော် သူ၏ လက်ရှိစွမ်းအားက တာအိုရှာဖွေခြင်းအဆင့်၏ စစ်မှန်သော တိုက်ပွဲစွမ်းအားနှင့် အလှမ်းဝေးနေသောကြောင့် ဖြစ်သည်။

“ ကောင်းကင်အသင်္ချေတောင်ထွတ်က လူလား ”

ထိုအခိုက်အတန့်မှာ အသံတစ်သံ ထွက်ပေါ်လာသည်။

အရှေ့ဆုံး၌ လက်နောက်ပို့ထားလျက် မတ်တတ်ရပ်နေသော ဟန်မူယဲ့က မထူးမခြားနား ပြောသည်။

“ သူက ကောင်းကင်အသင်္ချေတောင်ထွတ်ရဲ့ ပြင်ပအကြီးအကဲတစ်ယောက်ပါ… သူ့နာမည်က ရှောင်ဟဲယန်ဖြစ်ပြီး သူက ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွင်းက ကာကွယ်ရေးတာဝန်အားလုံးကို ကြီးကြပ်ရတဲ့ လူပါ ”

ကျောက်မင်ယွင်က ခေါင်းညိတ်လိုက်ပြီး တိုးညင်းစွာ ပြောသည်။

“ သူက ကောင်းကင်အသင်္ချေတောင်ထွတ်ရဲ့ စုမဲရုဓားသိုင်းကို ကျင့်ကြံပါတယ်… သူက လွန်ခဲ့တဲ့ဆယ်နှစ်မှာ တာအိုအဆင့်ကို ဝင်ရောက်သွားခဲ့ပါတယ် ”

“ ဟွန့်… ကျောက်မင်ယွင်… အဲ့ဒီလူက ငါတို့ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ တပည့်မဟုတ်ဘူး… ဒါတောင် မင်းက ငါတို့ဂိုဏ်းရဲ့ လျှို့ဝှက်ချက်ကို အပြင်လူဆီ ပြောပြရဲတယ်… အဲ့ဒီပြစ်မှုအတွက် တားမြစ်နယ်မြေမှာ ဆယ်နှစ်ကြာအောင် မင်းအပြစ်ပေးခံရမယ် ”

တာအိုအဆင့်ကျင့်ကြံသူ ရှောင်ဟဲယန်က အေးတိအေးစက် ပြောပြီး ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။

“ ထွက်သွားစမ်း ”

သူက လက်မြှောက်လိုက်ပြီး ပစ်လွှတ်လိုက်လေရာ ဓားချီတစ်မျှင်က ဟန်မူယဲ့ဆီသို့ တန်းမတ်စွာ ပျံသန်းသွားသည်။

အကယ်၍ ဟန်မူယဲ့က ထိုဓားချီကို မကာကွယ်နိုင်လျှင် အသက်ဆုံးရှုံးသွားလိမ့်မည်။

အကယ်၍ သူက ယင်းကို ကာကွယ်နိုင်မည်ဆိုလျှင်ပင် ရှောင်ဟဲယန်နှင့် ကောင်းကင်အသင်္ချေဓားဂိုဏ်းကို သူဆန့်ကျင်နိုင်မည်လော ထည့်သွင်းစဉ်းစားရလိမ့်မည်။

ဓားချီက သူ့ဆီသို့ ပျံသန်းလာသည်နှင့်ချက်ချင်း ဟန်မူယဲ့က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။

သူက ဓားကို မဆွဲထုတ်ပေ။ သို့သော်လည်း မြန်ဆန်လွန်းသော ရွေ့လျားမှုကြောင့် လေပေါ်သို့ သူခုန်လိုက်သည်နှင့်တစ်ပြိုင်နက် လေနှင့် မိုးကြိုးမြည်သံက သူ့အနားမှာ ပဲ့တင်ထပ်သွားပြီး သူက ပေသုံးဆယ်အမြင့်သို့ ရောက်ရှိသွားသည်။

ထိုမျှမြန်ဆန်သော အလျင်က ရှောင်ဟဲယန်ကို လုံးဝ အံ့ဩသွားစေသည်။

ဓားကို ခါးမှာ ချိတ်ဆွဲထားသော ဓားကျင့်ကြံသူတစ်ယောက်က မည်သို့ကြောင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ နည်းစနစ်များကို တတ်ကျွမ်းထားရသနည်း။ ထို့ပြင် တစ်ဖက်လူက ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်နှင့်မတူဘဲ အလွန်ပိန်ပါးသည်။

ရှောင်ဟဲယန်က နောက်ထပ် တုံ့ဆိုင်းမနေဘဲ ဓားဆွဲထုတ်လိုက်သည်။ သို့သော်လည်း သူ၏ ဓားကို ဓားအိမ်မှ တစ်ဝက်ခန့်သာ ဆွဲထုတ်ရသေးချိန် ဟန်မူယဲ့က ခြေထောက်မြှောက်လိုက်သည်။

“ ဘန်း ”

ပြင်းထန်သော ခြေကန်ချက်က ရှောင်ဟဲယန်၏ ရင်ဘက်နှင့် ဝမ်းဗိုက်ပေါ်သို့ ကျရောက်လာပြီး သူ့ကို အဝေးသို့ လွင့်စင်သွားစေသည်။

ခြေကန်ချက်ကြောင့် ရှောင်ဟဲယန်၏ နံရိုးများက ကျိုးကြေသွားပြီး သွေးက သူ၏ ပါးစပ်ထဲမှ ပန်းထွက်လာသည်။

ရှောင်ဟဲယန်က မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နောက်ထပ် မရုန်းကန်နိုင်တော့ပေ။

တစ်… တစ်ချက်တည်းလား… ။

တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်က ဓားထုတ်ရန်ပင် အခွင့်အရေးမရခဲ့ပေ။

ကျောက်မင်ယွင်နှင့် တခြားလူများက ထိုမြင်ကွင်းကို မြင်သွားသောအခါ မျက်လုံးဝင်းလက်သွားကြသည်။

ဟန်မူယဲ့၏ စွမ်းအားက သူတို့၏ နားလည်နိုင်စွမ်းထက် လုံးဝ ကျော်လွန်နေသည်။

ဖြစ်နိုင်သည်မှာ ဟန်မူယဲ့က တာအိုအဆင့်သို့ ဝင်ရောက်ပြီးပြီလား။

ဟန်မူယဲ့က ရှောင်ဟဲယန်ဆီသို့ ဆင်းသက်သွားပြီး သူ့ကို ကျောက်မင်ယွင်၏ အရှေ့သို့ ပစ်လွှတ်လိုက်သည်။

“ တောင်ထွတ်အရှင်သခင်ကော့ဟွားကို မလေးမစား ပြောဆိုတဲ့အတွက် မင်းသေသင့်တယ် ”

ဟန်မူယဲ့က အေးစက်စက် လေသံဖြင့် ပြောသည်။

“ ဒါပေမဲ့ သတင်းစကားပါးဖို့အတွက် မင်းကို လိုအပ်နေသေးတယ်ဆိုတော့ မင်းရဲ့ အသက်ကို ငါချမ်းသာပေးလိုက်မယ် ”

ဟန်မူယဲ့၏ အေးစက်စက် စကားသံကို ကြားသောအခါ အဆက်မပြတ် သွေးအန်နေသော ရှောင်ဟဲယန်က တုန်ယင်သွားသည်။

အကယ်၍ ဟန်မူယဲ့သာ သူ့ကို သတ်ချင်သည်ဆိုလျှင် အနည်းငယ် အားစိုက်ထုတ်ရုံဖြင့် လုံလောက်ကြောင်း သူနားလည်သည်။

ကျောက်မင်ယွင်၏ အနောက်မှာ မတ်တတ်ရပ်နေသော ယုရှောင်ကုန်းက အရှေ့သို့ အမြန်လျှောက်လာပြီး ရှောက်ဟဲယန်၏ ဦးခေါင်းကို ကော့ဟွား၏ ဓားအရိုးအား သိမ်းဆည်းထားသော သေတ္တာရှည်ပေါ်သို့ အတင်းအဓမ္မ ဖိချလိုက်သည်။

“ ငါ့နာမည်က ဟန်မူယဲ့… ငါက တောင်ထွတ်အရှင်သခင်ကော့ဟွား လက်ခံခဲ့တဲ့ တပည့်တစ်ယောက်ပဲ… အခုကစပြီး လစန္ဒာတောင်ထွတ်ကို ငါထိန်းချုပ်မယ် ”

သူက ကြေညာသည်။

“ ကော့ဟွားရဲ့ ဓားအရိုးကို ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ငါပို့ဆောင်မယ်… တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုး ပြန်ရောက်လာတာကို ကြိုဆိုဖို့ ဂိုဏ်းက ပွဲအခမ်းအနားကို စီစဉ်ပေးရမယ် ”

“ ငါတို့ပြန်မလာခင် လစန္ဒာတောင်ထွတ်နဲ့ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ပြစ်မှုအားလုံးကို ရှင်းလင်းပေးရမယ် ”

သူက ဆက်ပြောသည်။

“ ဓားပျိုးထောင်ခြင်းတဲအိမ်က အကြီးအကဲ… ”

ဟန်မူယဲ့၏ လေသံထဲမှာ တင်းမာမှုတချို့ ကိန်းအောင်းနေသည်။

“ သူက လန္ဓာတောင်ထွတ်ဆီ သွားပြီး ဒူးထောက်စောင့်ရမယ် ”

ရှောင်ဟဲယန်က ဟန်မူယဲ့ပြောသော စကားအားလုံးကို သေချာမှတ်သားလိုက်သည်။ ထို့နောက် သူက ရင်ဘက်ကို လက်နှစ်ဖက်ဖြင့် ဖိ၍ အဝေးသို့ ဒယိမ်းဒယိုင် ပြေးသွားသည်။ သူက မြေပြင်ပေါ်မှာ ပြုတ်ကျနေသော သူ၏ လက်သုံးတော်ဓားကိုပင် ပြန်မကောက်ဝံ့ချေ။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်လေရာ ဓားက သူ့ဆီသို့ ပျံသန်းလာသည်။

ဓားက သုံးပေရှည်လျားပြီး ဓားသွားက အေးစက်စက်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ ဓားကို သွန်းလုပ်ထားသော ပန်းပဲပညာက သာမန်ဖြစ်သော်လည်း ယင်းထဲမှာ ပါဝင်သည့် ဝိညာဉ်သတ္ထုများနှင့် ပြီးပြည့်စုံသော မူလစွမ်းအားကြောင့် ဓားက တန်ဖိုးကြီးမားသည်။

ယင်းက အထက်ဘုံများ၏ အားသာချက်ဖြစ်သည်။ ဤနေရာမှ သာမန်လက်နက်တစ်ခုက အဆင့်နိမ့်ဘုံများတွင် ဖော်မပြနိုင်အောင် တန်ဖိုးကြီးမားပြီး အစွမ်းကြီးမားသည်။

သွေးချီအနှစ်သာရက ဓားကိုယ်ထည်ပေါ်မှာ စီးဆင်းသွားသည့်အခါ ဓားရှည်က အနည်းငယ် တုန်ယင်သွားသည်။

မှတ်ဉာဏ်များက ဟန်မူယဲ့၏ စိတ်ထဲမှာ ထွက်ပေါ်လာသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ကျင့်ကြံခြင်းနှင့် ကောင်းကင်အသင်္ချေတောင်ထွတ်၏ ဓားတာအိုအမွေအနှစ်က စုမဲရုဓားသိုင်းဖြစ်သည်။

အဆင့်နိမ့်ဘုံမှာ ဟန်မူယဲ့သင်ယူခဲ့သော ဓားတာအိုများနှင့် နှိုင်းယှဉ်လျှင် မဟာပန်သွန်ဘုံမှ ဓားတာအိုက အလွန်ကြမ်းတမ်းသည်။

နာမည်ကျော်ကြားသော စုမဲရုဓားသိုင်းသည် လျှင်မြန်သွက်လက်ပြီး မှန်းဆမရအောင် နက်နဲသိမ်မွေ့သည်။ သို့သော်လည်း ဟန်မူယဲ့၏ အမြင်တွင် စုမဲရုဓားသိုင်းက အံ့ဖွယ်ကိုးပါးတောင်၏ အခြေခံအကျဆုံး ဓားသိုင်းကိုပင် မယှဉ်နိုင်ပေ။

ယင်းမှာ မဟာပန်သွန်ဘုံ၏ ကျင့်ကြံခြင်းအမွေအနှစ်များက အလွန်နိမ့်ကျနေခြင်းကြောင့် မဟုတ်ပေ။ ယင်းအစား စုမဲရုဓားသိုင်းထဲမှာ ပါဝင်သော နိယာမများက အလွန်နက်နဲသည်။ အကယ်၍ တစ်စုံတစ်ယောက်က မိုးမြေစွမ်းအားကို လှုံ့ဆော်နိုင်မည်ဆိုလျှင် ဓားသိုင်းက သဏ္ဍာန်မဲ့လာပြီး အမြဲတမ်း ပြောင်းလဲသွားလိမ့်မည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ကျင့်ကြံခြင်းနည်းစနစ်အားလုံးက ကြမ်းတမ်းနေရခြင်းမှာ အထက်ဘုံ၏ မူလစွမ်းအားကြောင့် ဖြစ်သည်။ အထက်ဘုံ၏ မူလစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာလေရာ ယင်းကို လှုံ့ဆော်ရန် မလွယ်ကူပေ။

ထို့ပြင် မိုးမြေ၏ ဖိနှိပ်မှုက အလွန်ကြီးမားလေရာ သူတို့က စိတ်တိုင်းကျ မလှုပ်ရှားနိုင်ကြသလို မူလစွမ်းအားကို ဆန္ဒရှိသည့်အတိုင်း အာရုံမခံနိုင်ကြချေ။

ဓားနည်းစနစ်များအပေါ် ကော့ဟွား၏ စူးစမ်းလေ့လာမှုနည်းလမ်းက မှန်ကန်သည်။ သူက သိမ်မွေ့နက်နဲမှုနှင့် အသေးစိတ်လှုပ်ရှားမှုများအပေါ် အဓိက အလေးထားခဲ့သည်။

သို့သော်လည်း စိတ်မကောင်းစရာမှာ သူက တာအိုငြိမ်းသတ်ခြင်းအဆင့်သို့ မတတ်လှမ်းနိုင်ခဲ့ပေ။ သို့ဖြစ်၍ သူက မဟာတာအို၏ ဖိနှိပ်ချုပ်ချယ်မှုမှ မရုန်းထွက်နိုင်ခဲ့လေရာ ဓားတာအိုကျင့်ကြံခြင်း၏ လမ်းမှန်ကို မရှာဖွေနိုင်ခဲ့ပေ။

“ သွားကြစို့… ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ ပြန်ကြမယ် ”

ဟန်မူယဲ့က နူးညံ့စွာ ပြောပြီး အရှေ့သို့ လျှောက်သွားသည်။

ကျောက်မင်ယွင်နှင့် တခြားလူများက သူ့အနောက်မှ နီးနီးကပ်ကပ် လိုက်သွားကြသည်။

အဝေးတွင် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တည်နေရာ၌ ဓားအလင်းက ပေါ်လျှိုးလာနေသည်။ ဤသည်မှာ ဓားဂိုဏ်းက ဟန်မူယဲ့နှင့် သူ့အဖွဲ့ ရောက်ရှိလာသည်ကို အာရုံခံမိသွားသည့်အလားပင်။

တည်ကြည်လေးနက်သော လေထုက စတင်ပျံ့နှံ့သွားသည်။

All Chapters