← Chapters

အခန်း (၁၅၇၁+၁၅၇၂)

Vol. 113 Ch. 1571+1572

အခန်း (၁၅၇၁+၁၅၇၂)

Vol. 113 Ch. 1571+1572

အခန်း(၁၅၇၁)

လစန္ဒာတောင်ထွတ်မှ တပည့်များ ပြန်ရောက်လာတော့မည်ကို ယခုအချိန်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံး သိရှိသွားသည်။

ကြွေလွင့်သွားပြီဖြစ်သော လစန္ဒာတောင်ထွတ်အရှင်သခင်ကော့ဟွား၏ ဓားအရိုးကို လစန္ဒာတောင်ထွတ်မှ တပည့်များက ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ပို့ဆောင်ပေးရန် ဆန္ဒရှိကြသည်ကို လူတိုင်းက သိရှိသွားကြသည်။

ကော့ဟွားက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ထိပ်တန်းဓားတာအိုပညာရှင်တစ်ဦး ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းစွမ်းအားက ခြေလှမ်းဝက် တာအိုငြိမ်းသတ်ခြင်းအဆင့်မှာ ဖြစ်သည်။

အကယ်၍ ကော့ဟွားသာ ဂိုဏ်းအပေါ် သစ္စာမဖောက်ခဲ့လျှင် ယခုအချိန်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကော့ဟွား၏ ဓားအရိုးကို တခမ်းတနား ကြိုဆိုနေလိမ့်မည်။ သူတို့က ပိတ်စဖြူဖြင့် ဓားအရိုးကို ဖုံးအုပ်၍ ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ယူဆောင်သွားကြလိမ့်မည်။

သို့သော်လည်း လက်ရှိအခြေအနေအရ အကယ်၍ ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ သိမ်းဆည်းလိုက်မည်ဆိုလျှင် ကော့ဟွားအပေါ် ယခင်စွပ်စွဲချက်အားလုံးက ပျောက်ကွယ်သွားလိမ့်မည်။ တစ်နည်းဆိုရသော် ကော့ဟွား၏ သစ္စာဖောက်မှုက အလိမ်အညာဖြစ်လာလိမ့်မည်။

သို့ဆိုလျှင် ယင်းက ကော့ဟွားကို လိုက်လံသတ်ဖြတ်ရန် ဂိုဏ်းမှ စီစဉ်ထားသော လုပ်ကြံဇာတ်တစ်ခုဖြစ်ကြောင်း ကြေညာလိုက်ခြင်းနှင့် မခြားတော့ပေ။

အကယ်၍ ဓားအရိုးက ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ဝင်ရောက်သွားမည်ဆိုလျှင် ဂိုဏ်းထဲမှ တစ်စုံတစ်ယောက်က ကော့ဟွားကို တောင်းပန်ရလိမ့်မည်။

ကော့ဟွားက ဓားပျိုးထောင်ခြင်းတဲအိမ်မှ အကြီးအကဲ၏ လက်ချက်ကြောင့် ဒဏ်ရာအပြင်းအထန်ရပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

ထိုကိစ္စကို ဂိုဏ်းက မည်သို့ဖြေရှင်းမည်နည်း။

ဤအခိုက်အတန့်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးက မည်သို့တုံ့ပြန်သင့်ကြောင်း မစဉ်းစားနိုင်တော့ချေ။

လူတိုင်းက ပင်မတောင်ထွတ်ဖြစ်သော ကောင်းကင်အသင်္ချေတောင်ထွတ်၏ လုပ်ဆောင်မှုများကို စောင့်ဆိုင်းနေကြသည်။

“ ဒီနေ့ ငါ့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းက စတင်ပြိုကွဲသွားတော့မှာလား ”

တစ်စုံတစ်ယောက်က အဝေးမှ တောင်တန်းများကို ကြည့်နေရင်း စိတ်မကောင်းဖြစ်စွာ တီးတိုးရေရွတ်လိုက်သည်။

“ ဒီနေ့ပြီးသွားရင် ကောင်းကင်အသင်္ချေတောင်ထွတ် တောင်းပန်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ် အဆုံးသတ်သွားတာပဲဖြစ်ဖြစ်… ”

မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ခေါင်းခါလိုက်ပြီး နောင်တရစွာ ပြောသည်။

“ ဘာပဲဖြစ်လာဖြစ်လာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးသွားလိမ့်မယ် ”

ဤအခိုက်အတန့်ကို ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ လူများသာ စောင့်ကြည့်နေကြခြင်း မဟုတ်ပေ။ တခြားအင်အားစုများမှ ကျင့်ကြံသူအများအပြားသည်လည်း အခြေအနေကို စောင့်ကြည့်နေကြသည်။

အကယ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ယနေ့ ကျဆုံးသွားမည်ဆိုလျှင် ဘေးပတ်ဝန်းကျင်မှ အင်အားစုများက သူတို့၏ နယ်မြေများကို ခွဲဝေယူကြလိမ့်မည်။

“ ဒေါင် ”

“ ဒေါင် ”

“ ဒေါင် ”

ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်တွင် အကြီးအကဲဆင့်ခေါ် ခေါင်းလောင်းသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။

ဒီလိုအချိန်မှာ အကြီးအကဲတွေကို ဘာလို့ စုဝေးတာလဲ… ။

ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တပည့်အားလုံးက ပင်မတောင်ထွတ်၏ ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

တောက်ပသော ဓားအလင်းများက ကောင်းကင်ပေါ်မှာ ပျံဝဲသွားကြသည်။

ဂိုဏ်း၏ အကြီးအကဲတစ်ယောက်ဖြစ်ရန် တစ်စုံတစ်ယောက်က အနည်းဆုံး တာအိုဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်မှာ ရှိရမည်။ တချို့အကြီးအကဲများက တာအိုချိုးဖြတ်ခြင်းအဆင့်မှာ ဖြစ်ကြသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲတွင် ထိုသို့အစွမ်းထက်ကျင့်ကြံသူများက အယောက်သုံးဆယ်ကျော်ရှိသည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ အလုံးစုံအင်အားက အချင်းမိုင်တစ်သောင်းအတွင်းရှိ အင်အားစုများကြားတွင် ထိပ်ဆုံးငါးနေရာထဲမှာ ရှိသည်။

အချိန်တစ်ခဏကြာပြီးနောက် ဓားအလင်းတန်းနှစ်ဆယ်ကျော်၏ ဦးဆောင်မှုအောက်မှာ ဓားပျံစီးနင်းထားကြသော ပုံရိပ်တစ်ရာကျော်က အဝေးသို့ ဦးတည်သွားကြသည်။

“ အဲ့ဒီဦးတည်ရာက လစန္ဒာတောင်ထွတ်မဟုတ်လား ”

“ သူတို့က လစန္ဒာတောင်ထွတ်ဆီ သွားနေကြတာပဲ ”

အံ့ဩသော အာမေဋိတ်သံများက ထွက်ပေါ်လာသည်။

သူတို့က လစန္ဒာတောင်ထွတ်ဆီ ဘာဖြစ်လို့ သွားကြတာလဲ… ။

အဖြေက မကြာခင်မှာ ထွက်ပေါ်လာသည်။

လစန္ဒာတောင်ထွတ်ပေါ်တွင် ဓားချင်းထိခတ်သံများ စတင်ထွက်ပေါ်လာသည်။

ရေနွေးတစ်အိုးဆူချိန်ခန့် ကြာမြင့်ပြီးနောက် လစန္ဒာတောင်ထွတ်ပေါ်မှာ ကျန်ရှိနေသော တာအိုဝင်ရောက်ခြင်းအဆင့် အကြီးအကဲနှစ်ယောက်က ဖမ်းဆီးခံလိုက်ကြရသည်။ ထို့အတူ ဉာဏ်အလင်းရအဆင့် တပည့်များနှင့် တာအိုရှာဖွေခြင်းအဆင့် တပည့်အများအပြားက ချုပ်နှောင်ဖမ်းဆီးခံလိုက်ကြရသည်။

လစန္ဒာတောင်ထွတ်မှ တပည့်များက ဂိုဏ်း၏ အမိန့်တော်ကို လွန်ဆန်ဝံ့မှတော့ လစန္ဒာတောင်ထွတ်တစ်ခုလုံး ဖမ်းဆီးခံရလိမ့်မည်။

လစန္ဒာတောင်ထွတ်မှ အကြီးအကဲများနှင့် တပည့်များကို ဖမ်းဆီးပြီးနောက် အကြီးအကဲနှစ်ဆယ်ကျော်က လူတိုင်းကို ဦးဆောင်၍ တောင်အောက်သို့ ဆင်းသွားကြသည်။ သူတို့က မိုင်ငါးရာအဝေးမှ ချဉ်းကပ်လာနေကြသော ကျောက်မင်ယွင်နှင့် တခြားလူများကို တွေ့ဆုံရန် အသင့်ပြင်ဆင်လိုက်ကြသည်။

“ ဂိုဏ်းခေါင်းဆောင်က အမိန့်ထုတ်ပြန်လိုက်တယ်… လစန္ဒာတောင်ထွတ်က သစ္စာဖောက်တပည့်အားလုံးကို ဖမ်းဆီးရမယ်… ကော့ဟွားရဲ့ ဓားအရိုးကို ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီ လုံးဝ အဝင်မခံရဘူး ”

“ ဂိုဏ်းခေါင်းဆောင်က အမိန့်ထုတ်ပြန်လိုက်တယ်… အဲ့ဒီသစ္စာဖောက်တပည့်တွေကို အသေရရ အရှင်ရရ ဖမ်းဆီးပေးနိုင်တဲ့ ဘယ်သူမဆို အဆင့်နိမ့်ပန်သွန်ကျောက်တုံးတစ်ထောင် ဆုချီးမြှင့်ခံရမယ် ”

“ ဂိုဏ်းခေါင်းဆောင်က အမိန့်ထုတ်ပြန်လိုက်တယ်… ”

အမိန့်တော်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လိုက်သည်။

ကောင်းကင်အသင်္ချေဓားဂိုဏ်းက လစန္ဒာတောင်ထွတ်ကို အဆုံးထိ ဆန့်ကျင်သွားရန် ဆုံးဖြတ်လိုက်သည်။

သူတို့က တုံ့ဆိုင်းမှုအလျင်းမရှိသလို နှောင့်နှေးကြန့်ကြာခြင်းမရှိဘဲ လစန္ဒာတောင်ထွတ်မှ တပည့်အားလုံးကို ဖမ်းဆီးလိုက်သည်။

“ ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ရှမင်တန်က အခုထိ မသေသေးဘူးပဲ ”

အဝေးမှ တောင်တန်းများကြားတွင် ခရမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ပေါ့ပါးစွာ ရယ်လိုက်သည်။

“ ဒီလိုကိစ္စကြီးကို ရှမင်တန်တစ်ယောက်ပဲ ဆုံးဖြတ်ချက်ချနိုင်တယ်… ရှယွင်ရှန်းက အဲ့ဒီလို မလုပ်ဆောင်နိုင်ဘူး ”

ဓားသယ်ဆောင်ထားသော လူထွားကြီးတစ်ယောက်က အထင်သေးရှုံ့ချသော မျက်နှာဖြင့် ပြောသည်။

ရှမင်တန်က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်သည်။ သို့သော်လည်း သူက တာအိုငြိမ်းသတ်ခြင်းအဆင့်သို့ ဝင်ရောက်ပြီးနောက် နောက်ထပ် အဆင့်မတတ်နိုင်တော့ပေ။ ထို့ပြင် သူ၏ ဘဝသက်တမ်းက ကုန်ဆုံးလုနီးပါး ရှိသည်။ သူက မကြာခင် သေဆုံးသွားတော့မည့် လူအိုတစ်ယောက် ဖြစ်သည်။

ရှမင်တန်၏ သားဖြစ်သော ရှယွင်ရှန်းက တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်ထားသူဖြစ်ပြီး ကောင်းကင်အသင်္ချေတောင်ထွတ်ကို ထိန်းချုပ်ထားသည်။ သို့သော်လည်း သူက ရှမင်တန်ကဲ့သို့ အစွမ်းမထက်သလို ကိစ္စကြီးများကိုလည်း ကိုယ့်ဘာသာ မဆုံးဖြတ်နိုင်ပေ။

“ မဆိုးဘူး… လစန္ဒာတောင်ထွတ်ရဲ့ ပြဿနာကို ဒီလိုပုံစံနဲ့ ဖြေရှင်းလိုက်တယ်… အဲ့ဒါက ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အင်အားကို သိသိသာသာ ဆုတ်ယုတ်သွားစေမယ်ဆိုပေမဲ့ အနည်းဆုံးတော့ ဂိုဏ်းက ဖရိုဖရဲမဖြစ်တော့ဘူး ”

ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်များထဲမှ တောင်ထွတ်တစ်ခုပေါ်တွင် တစ်စုံတစ်ယောက်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။

“ အမှန်ပဲ… တကယ်လို့ လစန္ဒာတောင်ထွတ်က တပည့်တွေက ဂိုဏ်းရဲ့ ဂိတ်တံခါးကို ဖျက်ဆီးပစ်မယ်ဆိုရင် ကောင်းကင်အသင်္ချေဓားဂိုဏ်းတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာက မြောင်းထဲရောက်သွားလိမ့်မယ် ”

တခြားအကြီးအကဲတစ်ယောက်က သဘောတူညီစွာ ပြောသည်။

“ ဒါပေမဲ့ တစ်ခုရှိတာက… ဒီနေ့ပြီးသွားရင် ပင်မတောင်ထွတ်နဲ့ တခြားတောင်ထွတ်တွေကြားက ဆက်ဆံရေးက အရင်လို ပြန်မဖြစ်နိုင်တော့ဘူး… ဓားပျိုးထောင်ခြင်းတဲအိမ်တောင်မှပဲ… ”

တောင်ထွတ်အရှင်သခင်တစ်ယောက်က လုပ်ကြံသတ်ဖြတ်ခံလိုက်ရပြီး လစန္ဒာတောင်ထွတ်တစ်ခုလုံးမှ အကြီးအကဲများနှင့် တပည့်များက ဖမ်းဆီးခံလိုက်ရလေရာ မည်သည့်တောင်ထွတ်က ကောင်းကင်အသင်္ချေတောင်ထွတ်၏ လွှမ်းမိုးဗိုလ်ကျမှုကို မကြောက်ရွံ့ဘဲ နေမည်နည်း။

ဂိုဏ်းမှာ ဩဇာအာဏာရှိသင့်သည်။ သို့သော်လည်း ခေါင်းဆောင်ဆီမှာ သူတော်ကောင်းတရားမရှိလျှင် နောက်လိုက်များက ထိုခေါင်းဆောင်ကို မည်သို့ယုံကြည်ကြလိမ့်မည်နည်း။

ယခုအချိန်မှစ၍ တခြားတောင်ထွတ်များမှ အကြီးအကဲများနှင့် တောင်ထွတ်အရှင်သခင်များသည် ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ သွားဝံ့ကြတော့မည် မဟုတ်ချေ။

“ တကယ်လို့ မင်းသာ ကျောက်မင်ယွင်ဆိုရင် အခုချိန်မှာ ဘယ်လိုရွေးချယ်မှုကို ပြုလုပ်မလဲ ”

ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တစ်စုံတစ်ယောက်က တီးတိုးပြောသည်။

ငါမသိဘူး… ။

ထိုအခိုက်အတန့်မှာ ဟန်မူယဲ့ဦးဆောင်လာသော လစန္ဒာတောင်ထွတ်မှ တပည့်များ၏ အရှေ့တွင် ပုံရိပ်သုံးခုက ထွက်ပေါ်လာပြီး လမ်းပိတ်လိုက်ကြသည်။

ထိုသုံးယောက်က နက်ပြာရောင်သိုင်းဝတ်စုံကို ဝတ်ဆင်ထားကြပြီး ခန္ဓာကိုယ်ထွားကြိုင်းသန်မာသည်။

“ ကျောက်မင်ယွင်… ကောင်းကင်အသင်္ချေဓားဂိုဏ်းက လစန္ဒာတောင်ထွတ်က တပည့်အားလုံးကို ဖမ်းဆီးထားပြီးပြီ… ပြီးတော့ အခု မင်းက ဂိုဏ်းကို ဆန့်ကျင်တဲ့ အလုပ်ကို လုပ်တော့မှာ ”

သူတို့က ပြောသည်။

“ ဒီတော့… မင်းဘာဖြစ်လို့ ငါတို့ရဲ့ ဟောင်တိုင်းတာအိုဂိုဏ်းဆီ မပြောင်းလာတာလဲ ”

စကားပြောသူ၏ မျက်နှာပေါ်မှာ ကြီးမားသော အမာရွတ်တစ်ခုရှိပြီး သူ၏ မျက်လုံးထဲမှာ မောက်မာထောင်လွှားမှုဖြင့် ပြည့်နှက်နေသည်။

သူ၏ ဘေးမှ လူနှစ်ယောက်သည်လည်း ခပ်ရေးရေး ပြုံးလိုက်ကြသည်။

ကျောက်မင်ယွင်နှင့် သူ့အဖွဲ့သားများဆီမှာ တခြားရွေးချယ်စရာ ရှိသေးသလော။

သူတို့ကို ဂိုဏ်းအား သစ္စာဖောက်ရန် လာရောက်ဆွဲဆောင်နေသည်ကို ကြားသောအခါ ကျောက်မင်ယွင်ဖြစ်စေ သူ့အနောက်မှ တခြားလူများဖြစ်စေ သူတို့အားလုံးက ဒေါသထွက်သွားကြသည်။ တစ်ချိန်တည်းမှာ စိတ်ပျက်မှုက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ထိုသို့အခြေအနေမှာ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ရောက်ရန်ပင် လွယ်ကူတော့မည့် မဟုတ်ချေ။

သူတို့က သူတို့ဆရာ၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ အမှန်တကယ် ပို့ဆောင်ပေးနိုင်မည်လော။

သူတို့အားလုံး၏ အကြည့်က အရှေ့ဆုံးမှာ မတ်တတ်ရပ်နေသော ဟန်မူယဲ့ဆီသို့ ကျရောက်သွားသည်။

ဟန်မူယဲ့က မထူးမခြား အမူအရာဖြင့် အော်ပြောလိုက်သည်။

“ ငါ့အရှေ့ကနေ ထွက်သွားစမ်း ”

ထိုစကားက သူ၏ သဘောထားကို ဖော်ပြလိုက်ခြင်းပင်။

ဟောင်တိုင်းတာအိုဂိုဏ်းမှ လူသုံးယောက်က အစတွင် အံ့ဩသွားကြသည်။ ထို့နောက် သူတို့က ဒေါသထွက်သွားကြသည်။ နောက်ဆုံးမှာ သူတို့၏ ဒေါသက လှောင်ပြောင်ရယ်မောမှုအဖြစ် ပြောင်းလဲသွားသည်။

သွေးချီအနှစ်သာရက ပေါ်လျှိုးလာပြီး တာအိုရှာဖွေခြင်းစွမ်းအားက ဒီရေသဖွယ် မြှောက်တတ်လာသည်။

“ မင်းတို့ကို ငါတို့နဲ့အတူ အပါမခေါ်နိုင်ဘူးဆိုမှတော့ ကောင်းကင်အသင်္ချေဓားဂိုဏ်း အင်အားဆုတ်ယုတ်သွားအောင် လုပ်ပစ်မယ် ”

“ တကယ်လို့ မင်းတို့က သွားဖို့ ဆန္ဒမရှိဘူးဆိုရင် မင်းတို့ကို ငါတို့သတ်ပစ်မယ်… ပြီးသွားရင် မင်းတို့ရဲ့ ခန္ဓာကိုယ်ကို အဆင့်နိမ့်ပန်သွန်ကျောက်တုံးတစ်ထောင်နဲ့ လဲလှယ်ပစ်မယ် ”

အရှေ့ဆုံးမှ လူထွားကြီးက ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူက စတင်လှုပ်ရှားလိုက်သည်။ သူက ဆယ်ပေအကွာအဝေးကို ခြေတစ်လှမ်းဖြင့် ဖြတ်ကျော်သွားပြီး ဟန်မူယဲ့ထံသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

မဟာပန်သွန်ဘုံမှ ခန္ဓာကိုယ်ကျင့်ကြံသူများထံတွင် အုတ်မြစ်ခိုင်မာသော သွေးချီအနှစ်သာရနှင့် ရက်စက်ကြမ်းကြုတ်သော တိုက်ခိုက်ရေးပညာများ ရှိသည်။

အဆင့်နိမ့်ဘုံများမှာဆိုလျှင် ထိုလက်သီးထိုးချက်က ကြယ်တစ်လုံးကို ပြိုကွဲသွားစေနိုင်သည်။

“ ချွင် ”

သာယာငြိမ့်ညောင်းသော မြည်သံနှင့်အတူ ဓားရှည်ကို ဓားအိမ်မှ ဆွဲထုတ်လိုက်သည်။

ဟန်မူယဲ့က ဖြည်းညင်းစွာ ဓားဆွဲထုတ်လိုက်ပြီး ဓားသွားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။

ထိုဓားကွက်ကို ကျောက်မင်ယွင်က ရှင်းလင်းစွာ မြင်တွေ့သွားသည်။ ယင်းက ကျောက်စိမ်းလေဟာပြင်ဓားသိုင်းထဲမှ “ တိမ်မီးခိုးလျှောက်ပြေး ”ဓားကွက် ဖြစ်သည်။

တစ်ခါက ကော့ဟွားပြောခဲ့ဖူးသည်မှာ ထိုဓားကွက်က တစ်ကြိမ်တည်းမှာ ဓားချက်(၁၂)ချက်ကို ထုတ်လွှတ်နိုင်သည်။ သို့သော်လည်း ထိုဓားချက်(၁၂)ချက်ထဲတွင် တစ်ခုသာ စစ်မှန်ပြီး ကျန်အားလုံးက အတုအယောင် ဖြစ်သည်။

ထိုဓားကွက်ဖြင့်ဆိုလျှင် ရန်သူက အတုနှင့် အစစ်ကြားထဲမှာ ဗျာများသွားနိုင်သည်။

သို့သော်လည်း ထိုဓားကွက်၏ တိုက်ခိုက်စွမ်းရည်က အားမကောင်းပေ။ ယင်းက တာအိုရှာဖွေခြင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ ချီအကာအကွယ်ကို မချိုးဖြတ်နိုင်လောက်ပေ။ သို့ဖြစ်၍ များသောအားဖြင့် “ တိမ်မီးခိုးလျှောက်ပြေး ”ဓားကွက်ကို ရန်သူအား လှည့်စားရန်သာ အသုံးပြုသည်။

ဓားဖျားက အနည်းငယ် တုန်ခါသွားစဉ် “ ကျီး ”ဟူသော မြည်သံက အနောက်မှ လိုက်ပါလာသည်။

ထို့နောက် လျှပ်တစ်ပြက်အတွင်းမှာ ကြည်လင်ထင်ရှားသော ဓားက ပုံရိပ်ဒါဇင်ခန့်အဖြစ် ခွဲထွက်သွားသည်။ ခွဲထွက်သော အလျင်က အလွန်မြန်ဆန်လေရာ စစ်မှန်သော ဓားကို ခွဲခြားရန် မလွယ်ကူပေ။

သို့သော်လည်း ဟန်မူယဲ့ထံသို့ လက်သီးထိုးလွှတ်လိုက်သော လူထွားကြီးက ထိုဓားကို အလေးအနက်မထားပေ။

ယင်းအစား သူက ရက်စက်ကြမ်းတမ်းစွာ ပြုံးလိုက်သည်။ သူက နောက်တွန့်မသွားဘဲ အရှေ့သို့ လက်သီးထိုးလွှတ်လိုက်လေရာ ရွှေရောင်အလင်းတန်းက သူ၏ လက်သီးတစ်ဝိုက်မှာ ထွက်ပေါ်လာသည်။

ထိုပုံရိပ်ယောင်ဓားက သူ၏ ချီအကာအကွယ်ကို မချိုးဖြတ်နိုင်လောက်ပေ။

မည်သို့ဖြစ်ပါစေ ဓားပုံရိပ်ဆယ်ခုတွင် ကိုးခုက အတုအယောင် မဟုတ်ပါလော။

“ ထင်… ထင်… ထင်… ”

အသားဖောက်ထွင်းသံက ဆက်တိုက် ထွက်ပေါ်လာပြီး အရိုးကျိုးကြေသံက ကျောချမ်းဖွယ်ကောင်းစွာ ပဲ့တင်ထပ်သွားသည်။

လက်သီးထိုးလွှတ်လိုက်သော လူထွားကြီးက အံ့ဩထိတ်လန့်မှုကြောင့် မျက်လုံးပြူးကျယ်သွားသည်။ သို့သော်လည်း မည်သည့်စကားမှ သူမပြောနိုင်မီ သွေးက သူ၏ ပါးစပ်ထဲမှ စီးကျလာသည်။

ဟန်မူယဲ့၏ ဓားက သူ၏ ခန္ဓာကိုယ်ပေါ်တွင် အပေါက်ဆယ့်နှစ်ပေါက်ကို ထိုးဖောက်သွားခဲ့သည်။

“ တိမ်မီးခိုးလျှောက်ပြေးရဲ့ ဓားပုံရိပ်အားလုံးက အစစ်အမှန်လား… ”

ကျောက်မင်ယွင်က မျက်လုံးပြူးကျယ်သွားပြီး သူ့ဘာသာ တီးတိုးရေရွတ်လိုက်သည်။

ဟန်မူယဲ့က သူ၏ ဓားကို ဖြည်းဖြည်းချင်း ရုပ်သိမ်းလိုက်သည်။ ယခု သူ၏ ဓားသွားပေါ်တွင် သွေးစွန်းသွားသည်။

သူက ဓားကို မြှောက်လိုက်ပြီး ဟောင်တိုင်းတာအိုဂိုဏ်းမှ ကျန်နှစ်ယောက်ထံသို့ ချိန်ရွယ်လိုက်သည်။

ထိုနှစ်ယောက်က မျက်နှာဖြူဖျော့သွားကြပြီး ကြောက်လန့်မှုကြောင့် တုန်ယင်သွားကြသည်။

“ မင်း… မင်း ဟောင်တိုင်းတာအိုဂိုဏ်းက တပည့်ကို သတ်ရဲတယ်… မင်း… မင်း ရူးသွားပြီ… ”

အခန်း(၁၅၇၂)

ဓားက တစ်လက်တည်းဖြစ်သော်လည်း ထက်ရှသော ဓားဖျားဆယ့်နှစ်ခုက တာအိုရှာဖွေခြင်းအဆင့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ယောက်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည်။

ထိုသို့ဓားသိုင်းနှင့် တိုက်ပွဲစွမ်းအားက ကျန်ရှိနေသော ဟောင်တိုင်းတာအိုဂိုဏ်းမှ တပည့်နှစ်ယောက်ကို မျက်နှာဖြူဖျော့သွားစေသည်။

ဟန်မူယဲ့က ဓားကို အရှေ့သို့ ညွှန်လိုက်ပြီး အော်ပြောလိုက်သည်။

“ ငါ့အရှေ့ကနေ ထွက်သွားစမ်း ”

ယင်းက အစောနက သူပြောခဲ့သော စကားလုံးသာ ဖြစ်သည်။

ယင်းကို ပထမအကြိမ် သူပြောခဲ့စဉ်က ဟောင်တိုင်းတာအိုဂိုဏ်းမှ တပည့်သုံးယောက်က အထင်သေးရှုံ့ချခဲ့ကြသည်။ သို့သော်လည်း ယခု သူထပ်ပြောလိုက်သည့်အခါ ကျန်ရှိသော ထိုနှစ်ယောက်က အသက်ချမ်းသာခွင့် ရရှိသွားသကဲ့သို့ ခံစားမိသွားကြသည်။

သူတို့က ရဲဘော်ရဲဘက်၏ အလောင်းကိုပင် ဂရုမစိုက်တော့ဘဲ အနောက်လှည့်၍ အမြန်ထွက်ပြေးသွားကြသည်။

ဟန်မူယဲ့က ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

ကျောက်မင်ယွင်နှင့် တခြားလူများက တုံ့ဆိုင်းခြင်း လုံးဝမရှိဘဲ သူ့အနောက်သို့ လိုက်သွားကြသည်။

ဟန်မူယဲ့၏ အစောနက ဓားချက်နှင့်ပတ်သက်၍ ကျောက်မင်ယွင်က ဖော်မပြနိုင်သော ချီးကျူးလေးစားမှုကို ခံစားမိသွားသည်။

အကယ်၍ သူသာ ထိုဓားချက်ကို တတ်ကျွမ်းမည်ဆိုလျှင် သူ၏ တိုက်ပွဲစွမ်းအားက အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းခန့် တိုးမြှင့်သွားလိမ့်မည်။

ဟန်မူယဲ့၏ ဓားကွက်က ကျောက်မင်ယွင်ကို ကြီးမားသော ယုံကြည်မှုရှိစေရုံသာမက တခြားတပည့်များကိုလည်း စိတ်သက်သာရာရစေသည်။

ဟန်မူယဲ့၏ တိုက်ပွဲစွမ်းအားက သူတို့၏ မျှော်လင့်ထားမှုထက် အများကြီး ကျော်လွန်နေသည်။

သူတို့အုပ်စုက အရှေ့သို့ ဆက်လက် ချီတတ်သွားသည်။ မကြာမီ သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း စခန်းချထားသော နေရာသို့ ရောက်ရှိသွားကြသည်။

“ လစန္ဒာတောင်ထွတ်က တပည့်တွေ… ကောင်းကင်အသင်္ချေဓားဂိုဏ်းက အမိန့်ထုတ်ပြန်လိုက်တယ်… လစန္ဒာတောင်ထွတ်က တပည့်အားလုံး ဖမ်းဆီးခံရမယ်… အသက်ရှင်ချင်တယ်ဆိုရင် မင်းတို့ ထွက်ပြေးမှ ရမယ် ”

အရှေ့မှ တောင်ကုန်းတစ်ခုပေါ်တွင် ခေါင်းဖြူအကြီးအကဲတစ်ယောက်က စိတ်မကောင်းသော မျက်နှာဖြင့် ဟန်မူယဲ့တို့အဖွဲ့၏ လမ်းကို ပိတ်ထားကာ အော်ပြောလိုက်သည်။

“ အကြီးအကဲကျူးယန်… မင်းပြောတာက ငါ့ရဲ့ လစန္ဒာတောင်ထွတ်က တပည့်အားလုံး အဖမ်းခံထားရတာလား ”

သူတို့၏ လမ်းကို ပိတ်ထားသော အကြီးအကဲကို မှတ်မိသွားသောအခါ ကျောက်မင်ယွင်က အံ့ဩသွားပြီး မျက်လုံးပြူးကျယ်သွားသည်။

အကြီးအကဲကျူးယန်က ထိုအုပ်စုကို စစ်ဆေးကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။

“ လစန္ဒာတောင်ထွတ်ရဲ့ အကြီးအကဲတွေဖြစ်တဲ့ ရှုတောင်နဲ့ ဇောင်ယုကဲလည်း အဖမ်းခံထားရတယ်… ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အင်အားစုပေါင်းပြီးတော့ တိုက်ခိုက်ခဲ့ကြတာ… ဒီကို သူတို့လာနေကြပြီ… မင်းတို့ မြန်မြန် ထွက်ပြေးသင့်တယ် ”

အကြီးအကဲနှစ်ယောက် အဖမ်းခံလိုက်ရပြီလား… ။

အဖမ်းခံလိုက်ရသော အကြီးအကဲနှစ်ယောက်က တာအိုဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်မှာ ဖြစ်ကြသည်။ ထိုအကြီးအကဲနှစ်ယောက်က သူတို့၏ နောက်ဆုံးခုခံမှု ဖြစ်သည်။

လစန္ဒာတောင်ထွတ်၏ အစွမ်းထက်ကျင့်ကြံသူများက အဖမ်းခံထားရလေရာ သူတို့၏ လစန္ဒာတောင်ထွတ်က ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှာ ခြေကုပ်တစ်နေရာ မရှိတော့ပေ။

“ သူတို့က လစန္ဒာတောင်ထွတ်ရဲ့ အမွေအနှစ်ကို တကယ် ဖြတ်တောက်ချင်နေတာပဲ ”

ကျောက်မင်ယွင်က အံတင်းတင်းကြိတ်လိုက်ပြီး အော်လိုက်သည်။ ဒေါသအခိုးအငွေ့က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။

သူတစ်ယောက်တည်း မဟုတ်ပေ။ လစန္ဒာတောင်ထွတ်မှ တခြားတပည့်များသည်လည်း အံကြိတ်လိုက်ကြသည်။

“ သွားတော့… ဒီကိစ္စတွေ အားလုံးကို မေ့လိုက်တော့… အခု မင်းတို့က လစန္ဒာတောင်ထွတ်က တပည့်တွေ မဟုတ်တော့ဘူး ”

ကျူးယန်က နူးညံ့စွာ သက်ပြင်းချလိုက်ပြီး လက်ဝှေ့ယမ်းလိုက်သည်။

သူ၏ အကြည့်က ဟန်မူယဲ့ပေါ်သို့ ကျရောက်သွားသည့်အခါ တစ်ဖက်လူ၏ လက်ထဲမှ ဓားကို သတိပြုမိသွားသည်။

လုယွဲ့ဓား… ။

ထိုဓားက ဓားပျိုးထောင်ခြင်းတဲအိမ်ထဲမှာ နှစ်ပေါင်းများစွာကြာအောင် ပျိုးထောင်ခံခဲ့ရသော ဓားတစ်လက် ဖြစ်သည်။ နောက်ပိုင်းမှာ လစန္ဒာတောင်ထွတ်အရှင်သခင်ကော့ဟွားက ထိုဓားကို သူ၏ လက်သုံးတော်ဓားအဖြစ် သတ်မှတ်ခဲ့သည်။ ပြောကြသည်မှာ ထိုဓားတွင် ကြီးမားသော လျှို့ဝှက်ချက်တစ်ခု ရှိသည်။

“ မိတ်ဆွေလေး… မင်းရဲ့ လက်ထဲက ဓားကို ငါ့ဆီ လွှဲပေးမယ်ဆိုရင်… ”

ကျူးယန်က နူးညံ့စွာ ပြောသည်။

“ တကယ်လို့ ကျုပ်က မပေးဘူးဆိုရင်ရော ”

ဟန်မူယဲ့က ကြားဖြတ်ပြောသည်။

ကျူးယန်၏ စကားက တစ်ဝက်မှာ ရပ်တန့်သွားသည်။ ထို့နောက် သူက ရယ်မောလိုက်ပြီး ခေါင်းခါလိုက်သည်။

“ ငါက ကော့ဟွားနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတစ်ယောက်ပဲ… သူ့ရဲ့ ဓားအရိုးနဲ့ လုယွဲ့ဓားက တခြားလူလက်ထဲ ရောက်နေတာကို ငါကြည့်မနေနိုင်ဘူး ”

ကျူးယန်၏ လေသံက ရင်းနှီးကျွမ်းဝင်ဟန်ရသော်လည်း ကြမ်းတမ်းသော ဓားအရှိန်အဝါက သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာသည်။

စိတ်မကောင်းဖြစ်နေကြသော လစန္ဒာတောင်ထွတ်မှ တပည့်များက ဇဝေဇဝါဖြစ်သွားကြသည်။

အစောနက ကျူးယန်က သူတို့ကို ကြင်နာစွာ သတိပေးခဲ့သော်လည်း ယခု တိုက်ပွဲစိတ်ဆန္ဒက သူ့ထံမှ ထွက်ပေါ်လာသည်။

ကျူးယန်က သူတို့ကို တိုက်ခိုက်တော့မှာလား… ။

ကော့ဟွား၏ ဓားအရိုးသေတ္တာကို သယ်ဆောင်ထားသော ကျောက်မင်ယွင်က ကျူးယန်ကို စူးစိုက်ကြည့်လိုက်ပြီး အော်ပြောလိုက်သည်။

“ အကြီးအကဲကျူးယန်… မင်းနဲ့ ငါ့ဆရာက သေဖော်ရှင်ဖက် မိတ်ဆွေတွေပါ ”

ထိုစကားကို ကြားသောအခါ ကျူးယန်၏ မျက်နှာပေါ်မှ ကြင်နာမှုအရိပ်အယောင်က လုံးဝ ပျောက်ကွယ်သွားပြီး ရက်စက်ကြမ်းတမ်းမှုက အစားထိုး ထွက်ပေါ်လာသည်။

သူက ကျောနောက်မှ အနက်ရောင် ဓားရှည်ကို ဆွဲထုတ်လိုက်ပြီး အရှေ့သို့ ရုတ်တရက် ထိုးသွင်းလိုက်သည်။

“ ငါက မင်းဆရာရဲ့ သေဖော်ရှင်ဖက်မိတ်ဆွေဆိုမှတော့ လုယွဲ့ဓားကို ဘာလို့ ငါ့ဆီ မပေးတာလဲ ”

ဓားအလင်းက သုံးပေအထိ ဆန့်တန်းသွားပြီး မိုးကြိုးသွားပမာ ပျံသန်းသွားသည်။

ယင်းက တာအိုရှာဖွေခြင်းအဆင့် တိုက်ပွဲစွမ်းအား မဟုတ်ပေ။

ထိုဓားချက်က သေချာပေါက် တာအိုဝင်ရောက်ခြင်းအဆင့်မှာ ဖြစ်သည်။ ထို့ပြင် သူက တာအိုဝင်ရောက်ခြင်းအဆင့်ကို လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဝင်ရောက်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏ တိုက်ပွဲစွမ်းအားက အလွန်အုတ်မြစ်ခိုင်မာသည်။

မဟာတာအို၏ စွမ်းအားက မိုးမြေအလွှာထဲမှ သီးခြားအလွှာတစ်ခု ဖြစ်သည်။

တာအိုရှာဖွေသူများက မဟာတာအို၏ အပြင်ဘက်အလွှာမှ ကျင့်ကြံသူများ ဖြစ်ကြသည်။ သူတို့က တာအိုကို အာရုံခံနိုင်ကြပြီး တာအို၏ အငွေ့အသက်ကို လှုံ့ဆော်နိုင်ကြသော်လည်း တာအိုကို အမှန်တကယ် အသုံးမပြုနိုင်ကြချေ။ သို့ဖြစ်၍ တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲစွမ်းအားက အကန့်အသတ်ရှိသည်။

တာအိုဝင်ရောက်ခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က သူတို့၏ စိတ်ဆန္ဒကို တာအိုနှင့် ပေါင်းစပ်နိုင်သည်။ ထို့ကြောင့် သူတို့က မဟာတာအို၏ စွမ်းအားကို တိုက်ခိုက်မှုများထဲမှာ ထည့်သွင်းအသုံးပြုနိုင်ကြသည်။

တာအိုစိတ်ဆန္ဒက ပိုပြီးအားကောင်းလေ သူတို့၏ တိုက်ပွဲစွမ်းအားက ပိုပြီးသန်မာလေ ဖြစ်သည်။

တစ်စုံတစ်ယောက်က တာအိုစိတ်ဆန္ဒကို ချိုးဖြတ်ပြီး တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်မည်ဆိုလျှင် မဟာတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်လိမ့်မည်။

ယခု ကျူးယန်၏ တိုက်ခိုက်မှုထဲမှာ တာအိုစိတ်ဆန္ဒက ကိန်းဝပ်နေသည်။ ထို့ကြောင့် သူ၏ ဓားချက်မှ ထုတ်လွှတ်နေသော အအေးဓာတ်က ရေခဲဆူးချွန်အဖြစ် ပြောင်းလဲသွားပြီး ပေသုံးဆယ်အတွင်းမှ လေဟာနယ်ကို ဆုတ်ဖြဲပစ်လိုက်သည်။

ထိုသို့ဓားချက်က ကျောက်မင်ယွင်နှင့် လစန္ဒာတောင်ထွတ်မှ တခြားတပည့်များကို နေရာမှာတင် သုတ်သင်ရှင်းလင်းပစ်နိုင်စွမ်း ရှိသည်။

ကော့ဟွား၏ မိတ်ဆွေဟောင်းဖြစ်သော ကျူးဟန်က လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ကို ဆက်လက် ထိန်းသိမ်းပေးရန် ဆန္ဒမရှိပေ။ သူက ကော့ဟွား၏ လုယွဲ့ဓားကို မျက်စိကျနေခြင်း ဖြစ်သည်။

“ ဝီး ”

တုန်ခါသံက ပဲ့တင်ထပ်သွားသည်။

ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေရင်း သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။

သုံးပေရှည်လျားသော အစိမ်းရောင်ဓားက တုန်ယင်သွားပြီး ဓားသွားပေါ်မှာ တောက်ပသော အလင်းစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။ ယင်းက ကောင်းကင်ပေါ်မှ ကျဆင်းလာသော ကျူးယန်၏ ဓားနှင့် ထိပ်တိုက် တွေ့ဆုံသွားသည်။

ထိုဓားချက်ထဲမှာ တာအိုစိတ်ဆန္ဒ မပါဝင်ပေ။

ဟန်မူယဲ့က မဟာပန်သွန်ဘုံ၏ တာအိုသစ်သီးကို မဖွဲ့စည်းရသေးပေ။ ထုံးစံအားဖြင့် သူက တာအိုစိတ်ဆန္ဒကို မလှုံ့ဆော်နိုင်ပေ။

သို့သော်လည်း ထိုဓားချက်က တာအိုစိတ်ဆန္ဒ ကိန်းအောင်းနေသော ရေခဲဓားနှင့် တွေ့ဆုံသွားသည့်အခါ ရေခဲဓားက ချက်ချင်း ဖြတ်တောက်ခံလိုက်ရသည်။

လုယွဲ့ဓားက တာအိုစိတ်ဆန္ဒ ကိန်းအောင်းနေသော ဓားကို အမှန်တကယ် ဖြတ်တောက်နိုင်ခဲ့သည်။

တာအိုစိတ်ဆန္ဒ ဖြတ်တောက်ခံလိုက်ရသော ကျူးယန်က အံ့ဩမသွားပေ။ ယင်းအစား သူက ဝမ်းသာပျော်ရွှင်သွားသည်။ နောက်အခိုက်အတန့်မှာ သူက ရက်စက်ကြမ်းကြုတ်စွာ ပြုံးလိုက်ပြီး ဓားကို နောက်တစ်ကြိမ် ပြန်စုစည်းလိုက်ကာ ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ပိုင်းချလိုက်သည်။

ဤတစ်ကြိမ်တွင် ဓားက ဟန်မူယဲ့တစ်ဦးတည်းအပေါ် ပစ်မှတ်ထားလိုက်သည်။

ထိုဓားချက်က မြန်ဆန်ပြီး ရက်စက်ကြမ်းကြုတ်သည်။

အစိမ်းရောင်အလင်းက ဖြတ်ခနဲ ပေါ်လျှိုးလာပြီး ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ပျံသန်းသွားသည်။

တာအိုဝင်ရောက်ခြင်းအဆင့် အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်နှင့်အညီ ကျူးယန်၏ စွမ်းအားက အလွန်အမင်း သန်မာသည်။ အထူးသဖြင့် တာအိုသစ်သီး၏ ထောက်ပံ့မှုအောက်မှာ သူ၏ တိုက်ပွဲစွမ်းအားက အဆင့်နိမ့်ကျင့်ကြံသူများ မနှိုင်းယှဉ်သာအောင် သန်မာသည်။

သူက တာအိုအဆင့်အောက်မှ သက်ရှိတိုင်းကို ဓားတစ်ချက်ဖြင့် သတ်ပစ်နိုင်သည်။

ဤအခိုက်အတန့်မှာ လစန္ဒာတောင်ထွတ်မှ ကျောက်မင်ယွင်နှင့် တခြားတပည့်များက ခိုက်ခိုက်တုန်သွားကြသည်။ သူတို့က ခန္ဓာကိုယ်ထဲမှ သွေးချီအနှစ်သာရကို နောက်ထပ် မထိန်းချုပ်နိုင်ကြတော့ဘဲ ပြင်းထန်သော အအေးဓာတ်ကို ခံစားမိသွားကြသည်။

တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်က အမှန်တကယ် သန်မာသည်။

တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်၏ အရှေ့မှာ ဉာဏ်အလင်းရအဆင့် ကျင့်ကြံသူများက ခေါင်းမော့ရန်ပင် အခွင့်အရေးရကြလိမ့်မည် မဟုတ်ချေ။

“ ဗုန်း ”

ကျယ်လောင်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာသည်။

လစန္ဒာတောင်ထွတ်မှ တပည့်ရှစ်ယောက်၏ မျက်လုံးထဲတွင် ဟန်မူယဲ့၏ လက်ထဲမှ ဓားရှည်က အရှေ့သို့ တိုးဝင်သွားပြီး ကျူးယန်၏ ဓားကို တစ်ချက်တည်း ခပ်ထုတ်လိုက်သည်။

ဓားက ကျူးယန်၏ လက်ထဲမှ လွင့်စင်သွားပြီး လေပေါ်သို့ မြှောက်တတ်သွားကာ အောက်သို့ ပြန်ပြုတ်ကျလာသည်။

ထိုအခွင့်အရေးကို အသုံးချ၍ ဟန်မူယဲ့က သူ၏ ဓားကို အရှေ့သို့ ထိုးသွင်းလိုက်သည်။

ထိုအခိုက်အတန့်မှာ ကျူးယန်က နေရာမှာ ဆွံ့အနေသည်။ သူ၏ လက်ထဲမှ ဓားက ဟန်မူယဲ့ကြောင့် အဝေးသို့ လွင့်စင်သွားသည်ကို သူမယုံကြည်နိုင်သေးပေ။

ဟန်မူယဲ့၏ ဓားက သူ့ဆီသို့ တိုးဝင်လာသည့်အခါမှသာ သူက သတိပြန်ဝင်လာပြီး သူ၏ လက်ဝါးကို အရှေ့သို့ ရိုက်ထုတ်လိုက်သည်။ အဖြူရောင်အလင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။

သူက တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ တာအိုစိတ်ဆန္ဒကို လက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် ထိန်းချုပ်နိုင်သည်။

သူ၏ လက်ဝါးထဲမှာ ကိန်းအောင်းနေသော အအေးဓာတ်က အစောနက သူ၏ ဓားထဲမှာ ကိန်းအောင်းနေသော အအေးဓာတ်ထက် အားမနည်းချေ။

“ ကျီး ”

အဖြူရောင်အလင်းက ဓားသွားနှင့် တွေ့ဆုံသွားသည့်အခါ ဓားက တိုဟူးကို လှီးဖြတ်သွားသည့်အလား အဖြူရောင်အလင်းကို ဖြတ်တောက်သွားသည်။

ကြည်လင်တောက်ပသော ဓားသွားက ကျူးယန်၏ လက်ဝါးကို ထိုးဖောက်သွားသည်။

သွေးက ပြန့်ကျဲသွားသည်။

ကျူးယန်က နာကျင်စွာ အော်ဟစ်လိုက်သည်။ သူက သွေးထွက်နေသော လက်ကို အခြားလက်တစ်ဖက်ဖြင့် ဖိလိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ အမြန်ထွက်ပြေးသည်။

ယခု သူ၏ စိတ်ထဲမှာ ထွက်ပြေးရန်သာ စဉ်းစားမိတော့သည်။ သို့သော်လည်း ဟန်မူယဲ့က ဓားဆွဲထုတ်ပြီးလေရာ မည်သို့ကြောင့် တစ်ဖက်လူကို လွှတ်ပေးနိုင်မည်နည်း။

သူက ဓားကို ဆန့်ထုတ်၍ မြန်ဆန်စွာ ရွေ့လျားလိုက်သည်။ လေထဲမှာ သူ၏ ပုံရိပ်က ရွှေရောင်သက်တံ့အဖြစ် ပြောင်းလဲသွားသည်။

သက်တံ့က လေထဲမှာ မြန်ဆန်စွာ ပျံသန်းသွားနေစဉ် ဓားအလင်းက ဆယ်ပေအကွာအဝေးသို့ တန်းမတ်စွာ ဦးတည်သွားသည်။

အနောက်သို့ လှည့်၍ အသည်းအသန် ထွက်ပြေးနေသော ကျူးယန်က ရုတ်တရက် တုန်ယင်သွားပြီး နေရာမှာ ကျောက်ရုပ်ဖြစ်သွားသည်။

ဟန်မူယဲ့၏ ပုံရိပ်က ကျူးယန်နှင့် ဆယ်ပေအကွာမှာ ပြန်ပေါ်လာသည်။

“ အဲ့ဒါ သက်တံ့စုဝေးခြင်းဓားသိုင်းထဲက လျှပ်တစ်ပြက်သက်တံ့ဓားကွက်ပဲ ”

ကျောက်မင်ယွင်၏ အနောက်၌ တောင်ထွတ်အရှင်သခင်ကော့ဟွား၏ ပဉ္စမမြောက်တပည့်ဖြစ်သော ဝမ်ယုက သူ၏ ဓားကို တင်းကျပ်စွာ ဆုပ်လိုက်ပြီး မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ဆယ်နှစ်ကြာအောင် သူကျင့်ကြံခဲ့သော သက်တံ့စုဝေးခြင်းဓားသိုင်းက ထိုမျှအစွမ်းထက်ကြောင်း တစ်ခါမှ သူမသိခဲ့ပေ။

ယင်းက တာအိုအဆင့် ကျင့်ကြံသူတစ်ယောက်ကို အဝေးမှ သတ်ဖြတ်နိုင်ခဲ့သည်။

အဲ့ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ… ။

“ အဲ့ဒါ တာအိုချိုးဖြတ်ခြင်းလား ”

ကျူးယန်က သူ၏ ရင်ဘက်ကို လက်ဖြင့် ဖိလိုက်ပြီး ဟန်မူယဲ့ထံသို့ ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။

“ အဲ့ဒါ တာအိုချိုးဖြတ်ခြင်းစွမ်းအားလား ”

ဟန်မူယဲ့က သူ၏ ဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်သွင်းလိုက်ပြီး မထူးမခြားနား ပြောသည်။

“ ဘာလို့ အဲ့ဒါက တာအိုချိုးဖြတ်ခြင်းစွမ်းအား ဖြစ်ရမှာလဲ ”

“ တာအိုဆိုတာ တစ်စုံတစ်ယောက်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းပဲ… တာအိုက အမြဲတမ်း ကိုယ့်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိတယ်… ဘာလို့ တာအိုကို ချိုးဖြတ်ရမှာလဲ ”

တာအိုကို ချိုးဖြတ်ဖို့ မလိုဘူးလား… ။

ကျူးယန်က တုန်ယင်သွားပြီး သူ၏ သွေးချီအနှစ်သာရက တစ်ဟုန်ထိုး မြင့်တတ်သွားသည်။ နောက်အခိုက်အတန့်မှာ အစိမ်းရောင်ဓားအလင်းတစ်ခုက သူ၏ ဦးခေါင်းထက်မှာ ထွက်ပေါ်လာပြီး အောက်သို့ ပိုင်းချလိုက်သည်။

“ တာအိုချိုးဖြတ်ခြင်း… တာအိုချိုးဖြတ်ခြင်း… ဒီဘဝမှာ ငါကျူးယန်က အဲ့ဒီအဆင့်ကို ဝင်ရောက်နိုင်ခဲ့ပြီ ”

“ ဒီတော့ ငါသေရတာ ထိုက်တန်ပါတယ်… ”

သူ၏ စကားသံ ဆုံးသွားသည်နှင့် သူက မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏ အသက်ဓာတ်က မြန်ဆန်စွာ ခမ်းခြောက်သွားသည်။

သူက သေခါနီးအချိန်မှ တာအိုချိုးဖြတ်ခြင်းအဆင့်သို့ ဝင်ရောက်နိုင်သွားခဲ့သည်။

ယင်းက သူ့အတွက် လုံလောက်ပေသည်။

“ သွားကြစို့ ”

ဟန်မူယဲ့က ဓားဆုပ်ကိုင်လျက် အရှေ့သို့ ဆက်လျှောက်သွားသည်။ သူလမ်းလျှောက်လိုက်သည့်အခါ မှိန်ဖျော့သော ဓားအလင်းက ဘေးပတ်ဝန်းကျင်ဆီသို့ ပျံ့နှံ့သွားသည်။

“ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ပြန်ပို့ရအောင် ”

All Chapters