အခန်း (၁၅၇၅+၁၅၇၆)
Vol. 113 Ch. 1575+1576
အခန်း(၁၅၇၅)
သွေးနီရောင်ကွန်ရက် ဆင်းသက်လာသည့်အခါ တာအိုချိုးဖြတ်ခြင်းအဆင့်မှ ဓားကိုင်အကြီးအကဲတချို့မှလွဲလျှင် တာအိုဝင်ရောက်ခြင်းအဆင့်နှင့် တာအိုရှာဖွေခြင်းအဆင့်မှ တခြားတပည့်အားလုံးက ဖိနှိပ်ခံလိုက်ကြရသည်။
လက်တစ်ဖက် ဒဏ်ရာရထားသော ဝမ်ချန်းလုံက သွေးကွန်ရက်ငါးခုဖြင့် လွှမ်းခြုံခံလိုက်ရလေရာ အနောက်သို့ ဒယိမ်းဒယိုင် ဆုတ်သွားသည်။
ဤအခိုက်အတန့်မှာ သူက လှုပ်ရှားရန်ပင် ခွန်အားမရှိတော့လေရာ သူ၏ ကျင့်ကြံခြင်းစွမ်းအားကို မည်သို့ထုတ်ဖော်နိုင်လိမ့်မည်နည်း။
မီရှင်းတောင်ထွတ်မှ အကြီးအကဲယောင်ဟဲချန်းက ဓားကို မြှောက်လိုက်ပြီး သူ့အရှေ့မှ သွေးကွန်ရက်ကို ဖြတ်တောက်လိုက်သည်။ ထို့နောက် သူက ဝမ်ချန်းလုံဆီသို့ မြန်ဆန်စွာ ပြေးသွားသည်။ သို့သော်လည်း ဝမ်ချန်းလုံဆီသို့ ရောက်ရန် ဆယ့်ငါးပေအလိုတွင် ပုံရိပ်နှစ်ခုက သူ့အရှေ့မှာ ထွက်ပေါ်လာကြပြီး လမ်းပိတ်လိုက်ကြသည်။
“ စွန်းလင်… စွန်းဟိုင် ”
ယောင်ဟဲချန်း၏ အမူအရာက တည်ကြည်သွားသည်။ သူက နောက်ထပ် တုံ့ဆိုင်းမနေဘဲ ဓားကို အရှေ့သို့ ထိုးလွှတ်လိုက်သည်။
သူ့ကို တားဆီးထားသူမှာ ထျန်မင်ဂိုဏ်း၏ အကြီးအကဲနှစ်ယောက်ဖြစ်သော စွန်းလင်နှင့် စွန်းဟိုင် ဖြစ်ကြသည်။ ထူးခြားချက်တစ်ခုမှာ သူတို့နှစ်ယောက်က အမွှာညီအကိုများ ဖြစ်ကြသည်။
အမွှာဖြစ်သည်နှင့်အညီ သူတို့နှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုက တာအိုချိုးဖြတ်ခြင်းအဆင့် ကျွမ်းကျင်ပညာရှင်များကို ဖိနှိပ်နိုင်သည်။
ယောင်ဟဲချန်းက သူတို့ထဲမှ တစ်ယောက်ကို ရင်ဆိုင်နိုင်သော်လည်း နှစ်ယောက်စလုံးကို တစ်ပြိုင်နက် ရင်ဆိုင်ရမည်ဆိုလျှင် သူ့မှာ တန်ပြန်တိုက်ခိုက်ရန် လုံးဝ အခွင့်အရေးရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခုက အနိုင်အရှုံးကို စဉ်းစားနေရမည့်အချိန် မဟုတ်ပေ။ ယခုက သေခြင်းရှင်ခြင်းအခြေအနေ ဖြစ်သည်။
ယောင်ဟဲချန်းက တိုးညင်းစွာ ကြုံးဝါးလိုက်ပြီး လက်ထဲမှ ဓားဖြင့် အရှေ့သို့ ထိုးလွှတ်လိုက်သည်။ ပုံရိပ်ယောင်ရေနဂါးတစ်ကောင်က သူ၏ ဓားသွားပေါ်မှာ ထွက်ပေါ်လာပြီး စွန်းလင်နှင့် စွန်းဟိုင်ဆီသို့ ပျံသန်းသွားသည်။ တစ်ချိန်တည်းမှာ သူက အရှေ့သို့ ခုန်လိုက်သည်။
“ သေချင်နေတာပဲ ”
ညီအကိုနှစ်ယောက်ထဲမှ တစ်ယောက်က ကျယ်လောင်စွာ အော်ပြောလိုက်ပြီး လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။
တခြားတစ်ယောက်က အရှေ့သို့ ခုန်လိုက်ပြီး လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်သည်။
လက်သီးက ရေနဂါးနှင့် ထိတွေ့သွားသည့်အခါ ရေနဂါးက အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။
ထိုအခါ ယောင်ဟဲချန်း၏ ပုံရိပ်က ရေနဂါး၏ အနောက်မှာ ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာ လက်ဝါးရိုက်ချက်က ယောင်ဟဲချန်းဆီသို့ တိုးဝင်သွားသည်။
ယောင်ဟဲချန်းက စိုးရိမ်ထိတ်လန့်သွားပြီး သူ၏ ဓားကို ရင်ဘက်အရှေ့မှာ အလျားလိုက်ထား၍ လက်ဝါးရိုက်ချက်ကို ခုခံလိုက်သည်။
“ ခရက် ”
သုံးပေရှည်လျားသော ဓားက အက်ကွဲသွားပြီး သူ၏ နံရိုးက အထဲသို့ ချိုင့်ဝင်သွားသည်။ နောက်အခိုက်အတန့်မှာ ယောင်ဟဲချန်းက ပေသုံးဆယ်အကွာအဝေးသို့ လွင့်စင်သွားပြီး အကြမ်းပတမ်း ပြုတ်ကျသွားသည်။ ထို့နောက် သူက သတိမေ့သွားသည်။
ယောင်ဟဲချန်း၏ ဆိုးဝါးလှသော အခြေအနေကို မြင်တွေ့သွားသောအခါ တခြားအကြီးအကဲများက ဝမ်ချန်းလုံကို ကယ်တင်မည့် သူတို့၏ အတွေးကို ချက်ချင်း ဖယ်ရှားလိုက်ကြသည်။
သူတို့က ထိုအတားအဆီးကို လုံးဝ မချိုးဖြတ်နိုင်ပေ။
“ ဝီး ”
နောက်ထပ် သွေးကွန်ရက်သုံးခုက ဝမ်ချန်းလုံကို လွှမ်းခြုံသွားသည်။
ကြိုးအဆုံးသို့ ရောက်ရှိနေသော ဝမ်ချန်းလုံသည် သွေးကွန်ရက်ရှစ်ခုထံမှ ဖိအားကို နောက်ထပ် မတောင့်ခံနိုင်တော့ပေ။ သူက မြေကြီးပေါ်မှာ ဒူးထောက်ကျသွားသည်။
ထျန်မင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းခေါင်းဆောင်ဖြစ်သော ဝူတန်ယုက လက်နောက်ပို့ထားလျက် အရှေ့သို့ လျှောက်သွားသည်။ သူစကားပြောလိုက်သည့်အခါ သူ၏ သွေးနှင့်ချီက ခြင်္သေ့ဟိန်းသံအဖြစ် ပြောင်းလဲသွားသည်။
“ အညံ့ခံပါ… ငါမင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမယ် ”
“ မဟုတ်ရင်… မင်းရဲ့ ဓားအရိုးကို ထျန်မင်းဂိုဏ်းဆီ သယ်သွားပြီး ကျောက်တိုင်အဖြစ် ဆောက်လုပ်ပစ်မယ် ”
ဝူတန်ယုက ခေါင်းငုံ့လိုက်ပြီး သူ့အရှေ့မှ ဝမ်ချန်းလုံကို ကြည့်လိုက်သည်။
ဝမ်ချန်းလုံက တုန်ယင်သွားသည်။ သို့သော်လည်း သူက မည်သည့်စကားမှမပြောဘဲ ဆက်လက် ဒူးထောက်နေသည်။
ဝူတန်ယု၏ ဘေးမှ အကြီးအကဲတစ်ယောက်က နှာခေါင်းရှုံ့လိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး သူ၏ လက်ဝါးစောင်းဖြင့် အောက်သို့ ခုတ်ချလိုက်သည်။
“ ဝှစ် ”
ဓားအလင်းတန်းတစ်ခုက ပဲ့တင်သံနှင့်အတူ ရုတ်တရက် ပျံသန်းလာပြီး ထိုအကြီးအကဲ၏ လက်ဝါးစောင်းကို တားဆီးလိုက်သည်။
လူတိုင်းက ခေါင်းမော့လိုက်လေရာ အံ့ဩသော အမူအရာက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဓားအလင်းက ဟန်မူယဲ့၏ လက်ထဲမှ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
မည်သူမှမသိလိုက်ခင်မှာ ဟန်မူယဲ့က သူတို့၏ တိုက်ပွဲဧရိယာအတွင်းသို့ ချဉ်းကပ်ရောက်ရှိလာသည်။
ဝူတန်ယုက မျက်မှောင်ကြုတ်လိုက်လေရာ အေးစက်စက် အကြည့်က သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ သူတို့က မင်းကို သတ်ချင်တယ်… ဒါကို မင်းက ဘာလို့ သူ့ကို ကယ်ရတာလဲ ”
သူက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်သည်။ သူ၏ ကျောနောက်မှ လက်နှစ်ဖက်ကို တင်းကျပ်စွာ လက်သီးဆုပ်လိုက်လေရာ ရွှေရောင်အလင်းက သူ၏ လက်ချောင်းများနှင့် လက်ဆစ်များပေါ်မှာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့က မြေပြင်ပေါ်မှာ ဒူးထောက်နေသော ဝမ်ချန်းလုံကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ပထမတစ်ချက်အနေနဲ့… ငါတို့ရဲ့ လစန္ဒာတောင်ထွတ်က ဂိုဏ်းပြင်ပက ဘယ်အင်အားစုနဲ့မှ မပူးပေါင်းခဲ့ဘူး ”
မပူးပေါင်းဘူးလား… ။
သူ၏ စကားကို ကြားသောအခါ သွေးကွန်ရက်ဖြင့် ဖိနှိပ်ခံထားရသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲများက ဇဝေဇဝါဖြစ်သွားကြသည်။
ယခုအချိန်မှာ ထိုသို့ပြောခြင်းက မည်သို့အသုံးဝင်မည်နည်း။
ဝမ်ချန်းလုံက ခက်ခက်ခဲခဲ ခေါင်းမော့လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးသောအကြည့် ထွက်ပေါ်လာသည်။
ဟန်မူယဲ့က သူ၏ လက်ထဲမှ ဓားကို မြှောက်လိုက်ပြီး ဝူတန်ယုကို ချိန်ရွယ်လိုက်သည်။
“ ခင်ဗျားက လစန္ဒာတောင်ထွတ်နဲ့ ကောင်းကင်အသင်္ချေတောင်ထွတ်ကြားက ပဋိပက္ခကို အသုံးပြုပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းကို အနိုင်ယူချင်တယ်… ပြီးတော့ ခင်ဗျားက လစန္ဒာတောင်ထွတ်ရဲ့ ဂုဏ်သတင်းကို အပုပ်ချချင်တယ်… ကျုပ်တို့ရဲ့ လစန္ဒာတောင်ထွတ်က နာမည်ပျက်မခံဘူး ”
နာမည်ပျက်မခံချင်ရုံပဲလား… ။
မှန်ပေသည်။ အကယ်၍ ဟန်မူယဲ့သာ ဝမ်ချန်းလုံကို အနိုင်မယူခဲ့ဘူးဆိုလျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ ထိုလူများက ကြောက်လန့်ပြီး ထွက်ပြေးသွားကြလိမ့်မည် မဟုတ်ချေ။ ယင်းက သူတို့ကို ထျန်မင်ဂိုဏ်းဆင်ထားသော ထောင်ချောက်ထဲသို့ တန်းမတ်စွာ ကျရောက်သွားစေသည်။
ထို့ပြင် အကယ်၍ လစန္ဒာတောင်ထွတ်ကြောင့်မဟုတ်လျှင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်အများစုက ဤနေရာသို့ ရောက်လာကြလိမ့်မည် မဟုတ်ချေ။ သို့မဟုတ်လျှင် ထျန်မင်ဂိုဏ်းက ဤသို့ပြီးပြည့်စုံသော ချုံခိုတိုက်ခိုက်မှုကို လုပ်ဆောင်နိုင်လိမ့်မည် မဟုတ်ချေ။
“ သူတို့က မင်းရဲ့ ရန်သူတွေဖြစ်သလို ငါတို့ရဲ့ ရန်သူတွေလည်း ဟုတ်တယ်… ကောင်လေး… တကယ်တော့ ငါတို့က တစ်လှေတည်း… ”
ဝူတန်ယု၏ စကားမဆုံးခင်မှာ ဟန်မူယဲ့၏ ဓားက တုန်ယင်သွားပြီး သူ့ကို ကြားဖြတ်နှောင့်ယှက်လိုက်သည်။
“ ခင်ဗျားက ထျန်မင်ဂိုဏ်းက… ကျုပ်တို့က ကောင်းကင်အသင်္ချေဓားဂိုဏ်းက ”
ဟန်မူယဲ့က တည်ငြိမ်သော အမူအရာဖြင့် သူ၏ ဓားကို ဝူတန်ယုဆီသို့ ညွှန်လိုက်သည်။
“ ကျုပ်တို့က တစ်လှေတည်းစီးလို့ ဘယ်သူပြောလဲ ”
သူ၏ စကားက ဝူတန်ယု၏ မျက်နှာကို မည်းမှောင်သွားစေသည်။
သွေးကွန်ရက်ဖြင့် ဖိနှိပ်ခံထားရသော ဓားကိုင်အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များက စိတ်ရှုပ်ထွေးသွားကြသည်။
သူတို့က လစန္ဒာတောင်ထွတ်မှ တပည့်များကို ဖမ်းဆီးသတ်ဖြတ်ရန် ဤနေရာသို့ ရောက်လာကြခြင်း ဖြစ်သည်။
သို့သော် ဤအခိုက်အတန့်မှာ လစန္ဒာတောင်ထွတ်မှ တပည့်များက သူတို့ကို ကယ်ဆယ်ရန် ကြိုးစားနေသည်။
“ ကောင်လေး… မင်းက သူရဲကောင်းလုပ်ချင်ရင်တောင် မင်းဆီမှာ လုံလောက်တဲ့ ခွန်အားရှိလားဆိုတာ ထည့်စဉ်းစားရမယ် ”
ထျန်မင်ဂိုဏ်း၏ ပြင်ပရေးရာခန်းမသခင်ဖြစ်သော အကြီးအကဲကျောက်ချန်းလန်က ပြောသည်။ သူက လက်ထဲမှ ဓားမော့ရှည်ကို ကိုင်မြှောက်လိုက်လေရာ ပြင်းထန်သော သတ်ဖြတ်ခြင်းစိတ်ဆန္ဒက တစ်ဟုန်ထိုး မြှောက်တတ်သွားသည်။
“ မင်းရဲ့ ခွန်အားက မဆိုးဘူးဆိုပေမဲ့ အဲ့ဒါတွေအားလုံးက ဓားဆီကနေ လာတာပဲ ”
“ မင်းကိုယ်တိုင်ကတော့ တာအိုအဆင့်ကို မဝင်ရောက်ရသေးသလို တာအိုသစ်သီးကိုလည်း မဖွဲ့စည်းရသေးဘူး ”
တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပညာရှင်တစ်ယောက်ဖြစ်သော ကျောက်ချန်းလန်က အစောနက ဝမ်ချန်းလုံနှင့် ဟန်မူယဲ့ကြားမှ တိုက်ပွဲကို လေ့လာကြည့်ရှုခဲ့လေရာ ဟန်မူယဲ့၏ အစစ်အမှန်စွမ်းရည်ကို ထွင်းဖောက်မြင်နိုင်ခဲ့သည်။
သူ၏ မျက်လုံးထဲမှာ ဟန်မူယဲ့၏ ကိုယ်ပေါ်တွင် မည်သည့်တာအိုစိတ်ဆန္ဒမှ မရှိပေ။
ဟန်မူယဲ့၏ လှုပ်ရှားမှုတိုင်းက ဓားထံမှ စွမ်းအားကို မှီခိုအားထားနေခြင်းသာ ဖြစ်သည်။
သူပြောသွားသည်မှာ အမှန်ဖြစ်သည်။
သူ၏ လက်ထဲမှ ဓားဖြစ်စေ သို့မဟုတ် သူ၏ ရုပ်ခန္ဓာကိုယ်ဖြစ်စေ ယင်းတို့နှစ်ခုစလုံးက ဟန်မူယဲ့၏ အစစ်အမှန်အသွင်သဏ္ဍာန် ဖြစ်သည်။
သူတိုက်ခိုက်သည့်အခါတိုင်း သူ့ရန်သူ၏ စွမ်းအားက သူ၏ ဓားခန္ဓာကိုယ်ထက် နိမ့်ကျသည်ဆိုလျှင် ဟန်မူယဲ့က သူ့ကိုယ်ပိုင်ရုပ်ခွန်အားကို ထုတ်သုံးလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် သူက ဓားထံမှ စွမ်းအားကို ချေးငှားသုံးစွဲနေသည်ဟု ကျောက်ချန်းလန်က အထင်မှားသွားခြင်း ဖြစ်သည်။
ကျောက်ချန်းလန်၏ စကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ ထျန်မင်ဂိုဏ်းသားများက မျက်လုံးဝင်းလက်သွားကြသည်။
ဓားတစ်လက်က ဉာဏ်အလင်းရအဆင့် ကျင့်ကြံသူတစ်ယောက်ကို တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်အား အနိုင်ယူနိုင်စေသည်လော။
ထိုဓားက သေချာပေါက် အစွမ်းထက်ရတနာတစ်ခု ဖြစ်ရမည်။
အကယ်၍ ထိုဓားသာ သူတို့၏ လက်ထဲသို့ ကျရောက်လာမည်ဆိုလျှင် သူတို့က တာအိုငြိမ်းသတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်နှင့် ရင်ဆိုင်နိုင်သွားလိမ့်မည် မဟုတ်ပေဘူးလား။
ဟန်မူယဲ့က မတ်တတ်ရပ်နေလျက် ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက လက်ထဲမှ ဓားကို မြေကြီးပေါ်သို့ ထိုးစိုက်လိုက်သည်။
“ ခင်ဗျားပြောတာ မှန်တယ်… တာအိုသစ်သီးကို ကျုပ်မဖွဲ့စည်းရသေးဘူး ”
“ ဒီတော့ တာအိုသစ်သီးကို ကျုပ်အရင်ဖွဲ့စည်းလိုက်မယ်… ပြီးသွားမှ တိုက်ခိုက်ကြမယ် ”
သူက ယုံကြည်ချက်ရှိစွာ ပြောသည်။
သူစကားပြောလိုက်သည့်အခါ သွေးချီစွမ်းအားက သူ၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ်မြှောက်တတ်လာသည်။
သူ၏ ဦးခေါင်းပေါ်တွင် ရွှေရောင်သစ်သီးတစ်လုံးက စတင်ဖွဲ့စည်းသွားသည်။
သွေးနှင့်ချီက တာအိုသစ်သီးအဖြစ် သိပ်သည်းသွားခြင်း… ။
ဟန်မူယဲ့၏ တာအိုသစ်သီးဖွဲ့စည်းမှုက ဘေးပတ်ဝန်းကျင်မှ လူတိုင်းကို ဆွံ့အသွားစေသည်။
ဟန်မူယဲ့က လစန္ဒာတောင်ထွတ်မှ တပည့်တစ်ယောက်ဖြစ်ပြီး ဓားကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ မည်သို့ကြောင့် သူက သွေးချီတာအိုသစ်သီးကို ဖွဲ့စည်းနိုင်ရသနည်း။
သွေးချီတာအိုသစ်သီးကို ခန္ဓာကိုယ်ကျင့်ကြံသူများသာ ဖွဲ့စည်းနိုင်ခြင်း မဟုတ်ပါလော။
သို့သော်လည်း နောက်အခိုက်အတန့်မှာ လူတိုင်း၏ အမူအရာက မယုံကြည်နိုင်မှုအဖြစ် ပြောင်းလဲသွားသည်။
ဟန်မူယဲ့၏ ဦးခေါင်းပေါ်၌ ယခုလေးတင် ဖွဲ့စည်းသွားသော သွေးချီတာအိုသစ်သီးက ကွဲထွက်သွားပြီး နောက်ထပ် တာအိုသစ်သီးတစ်လုံးက ထွက်ပေါ်လာသည်။ စူးရှတောက်ပသော ဓားချီအလင်းက ထိုတာအိုသစ်သီးထဲမှ ပေါ်လျှိုးလာသည်။
“ ဓားတာအိုသစ်သီးလား ”
“ မဟုတ်ဘူး… အဲ့ဒါက ဓားနဲ့ ခန္ဓာကိုယ် ဒွန်တွဲကျင့်ကြံခြင်း ”
“ မဟုတ်ဘူး… အဲ့ဒီတာအိုသစ်သီးက ထူးခြားတယ်… ပိုင်ရှင်ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းပေါ် မူတည်ပြီး တာအိုသစ်သီးရဲ့ စွမ်းအားက ပြောင်းလဲသွားနိုင်တယ် ”
အာမေဋိတ်သံများက ထွက်ပေါ်လာသည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ ဟန်မူယဲ့၏ တာအိုသစ်သီးအကြောင်း ဆွေးနွေးနေရန် သူတို့မှာ အချိန်မရှိပေ။
ရက်စက်ကြမ်းကြတ်သော စိတ်ဆန္ဒက ဝူတန်ယု၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။ သူ၏ အနောက်မှ ခေါင်းဖြူအကြီးအကဲနှစ်ယောက်က အရှေ့သို့ အမြန်ပြေးသွားကြသည်။ အကြီးအကဲတစ်ယောက်က မြေကြီးပေါ်မှာ စိုက်ထားသော ဓားဆီသို့ ပြေးသွားစဉ် အခြားတစ်ယောက်က ဟန်မူယဲ့ထံသို့ လက်သီးတစ်လုံး ထိုးလွှတ်လိုက်သည်။
ထိုဓားက ဟန်မူယဲ့၏ အဓိကအားကိုးရာ ဖြစ်သည်။ အကယ်၍ သူတို့သာ ထိုဓားကို လုယက်နိုင်မည်ဆိုလျှင် ဟန်မူယဲ့၏ စွမ်းအားက ကြီးကြီးမားမား ဆုတ်ယုတ်သွားလိမ့်မည်။
ယခုလေးမှ တာအိုသစ်သီးကို ဖွဲ့စည်းရသေးသော ဟန်မူယဲ့က တာအိုဝင်ရောက်ခြင်းအဆင့် ခေါင်းဖြူအကြီးအကဲ၏ ယှဉ်ပြိုင်ဘက် မဖြစ်နိုင်ပေ။ သူက အကြီးအကဲ၏ လက်သီးကို တိမ်းရှောင်နိုင်လိမ့်မည် မဟုတ်သလို ခုခံတားဆီးနိုင်လိမ့်မည် မဟုတ်ချေ။
ယင်းက ဤအခိုက်အတန့်မှာ လူတိုင်းစဉ်းစားမိကြသော အတွေးဖြစ်သည်။
သွေးကွန်ရက်ဖြင့် ဖိနှိပ်ခံထားရသော ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက စိတ်ရှုပ်ထွေးသွားကြသည်။
ဟန်မူယဲ့က ကြီးမားသော အလားအလာကို ထုတ်ဖော်ပြခဲ့သည်။ သို့သော်လည်း သူ့မှာ ကြီးထွားရန် အချိန်အလုံအလောက် မရှိပေ။
ယခုအချိန်က ထိုသို့ပုဂ္ဂိုလ်တစ်ယောက် ကျဆုံးသွားသင့်သောအချိန် မဟုတ်ပေ။
“ ငါတို့… မှားခဲ့ကြတာလား ”
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲတစ်ယောက်က တီးတိုးရေရွတ်လိုက်ရင်း ဖြည်းဖြည်းချင်း မျက်လုံးမှိတ်လိုက်သည်။
ဟန်မူယဲ့က တစ်ချက်တည်းဖြင့် သေဆုံးသွားမည်ကို သူမကြည့်ရက်ပေ။
အခန်း(၁၅၇၆)
“ ဝီး ”
ထျန်မင်ဂိုဏ်းမှ အကြီးအကဲ၏ လက်ဝါးက မြေကြီးပေါ်မှာ ထိုးစိုက်ထားသော ဓားကို မထိနိုင်မီ ဓားက ရုတ်တရက် တုန်ယင်သွားသည်။
မုတ်ဆိတ်ဖြူအကြီးအကဲ၏ အမူအရာက ပြောင်းလဲသွားသည်။ သူ၏ လက်က အရှေ့သို့ ဆက်လက် မတိုးသွားနိုင်တော့ပေ။
သူက ခန္ဓာကိုယ်ထဲမှ သွေးချီစွမ်းအားကို လှုံ့ဆော်လိုက်ပြီး သူ၏ ရုပ်ခွန်အားကို သုံးဆမြှင့်တင်လိုက်သည်။ သို့တိုင်အောင် သူက အရှေ့သို့ တစ်လက်မပင် မတိုးနိုင်ပေ။
ဤအခိုက်အတန့်မှာ ကြောက်ရွံ့မှုက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
ထိုဓားက သူမျှော်လင့်ထားသည်ထက် အများကြီး ပိုသန်မာနေသည်။
အခြားတစ်ဖက်မှာတော့ တခြားအကြီးအကဲ၏ လက်ဝါးက ဟန်မူယဲ့၏ ဦးခေါင်းပေါ်သို့ ကျရောက်လာသည်။
ဤအခိုက်အတန့်မှာ သူ၏ လက်ဝါးက အရှေ့သို့ ဆက်လက် မတိုးသွားနိုင်တော့ပေ။
ဟန်မူယဲ့၏ ဦးခေါင်းထက်မှ ပုံရိပ်ယောင်တာအိုသစ်သီးက ရွှေရောင်အလင်းလွှာများကို ထုတ်လွှတ်လိုက်ပြီး မုတ်ဆိတ်ဖြူအကြီးအကဲ၏ လက်ဝါးကို တားဆီးလိုက်သည်။
ဤနေရာမှာ ရှိနေကြသော လူတိုင်း၏ အမြင်တွင် ထျန်မင်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်၏ လှုပ်ရှားမှုများက နှေးကွေးသွားသည်။ ဤသည်မှာ သူတို့က ကြီးမားသော အင်အားတစ်ခုဖြင့် တားဆီးခံလိုက်ရသည့်အလားပင်။
“ မဟာတာအိုစွမ်းအားလား ”
ဝူတန်ယုက မျက်မှောင်ကြုတ်လိုက်သည်။
မဟာတာအိုစွမ်းအားက တာအိုအဆင့်တွင် ကျင့်ကြံနိုင်သော အကြီးမားဆုံးစွမ်းအား ဖြစ်သည်။ တာအိုရှာဖွေခြင်းဖြစ်စေ၊ တာအိုဝင်ရောက်ခြင်းဖြစ်စေ၊ တာအိုချိုးဖြတ်ခြင်းဖြစ်စေ သို့မဟုတ် တာအိုငြိမ်းသတ်ခြင်းဖြစ်စေ ယင်းတို့ကြားမှ ခြားနားမှုကို မဟာတာအိုစွမ်းအား၏ ပမာဏဖြင့် တိုင်းတာသည်။
အဆင့်တစ်ခုစီတိုင်းတွင် မဟာတာအိုစွမ်းအား၏ သက်ရောက်မှုအတိုင်းအတာနှင့် ပမာဏက ကြီးကြီးမားမား ကွာခြားသည်။
တာအိုရှာဖွေခြင်းနှင့် တာအိုဝင်ရောက်ခြင်းအဆင့်၏ မဟာတာအိုစွမ်းအားက တာအိုချိုးဖြတ်ခြင်းနှင့် တာအိုငြိမ်းသတ်ခြင်းအဆင့်ကို မနှိုင်းယှဉ်နိုင်ပေ။
သို့တိုင် ဤအခိုက်အတန့်မှာ အစောနကမှ တာအိုသစ်သီးကို ဖွဲ့စည်းခဲ့သော ဟန်မူယဲ့က တာအိုရှာဖွေခြင်းအဆင့်မှာသာ ရှိသေးသော်လည်း တာအိုဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်မှာရှိသော အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်ကို တားဆီးနိုင်ခဲ့သည်။
ယင်းက မယုံကြည်နိုင်စရာကောင်းသော အဖြစ်အပျက်ဖြစ်သည်။
တာအိုဝင်ရောက်ခြင်းအဆင့်၏ အထွတ်အထိပ်မှာရှိသော ထျန်မင်ဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်နှစ်ယောက်က တာအိုရှာဖွေခြင်းအဆင့်မှာသာ ရှိသေးသော လူတစ်ယောက်၏ အရှေ့မှာ တားဆီးခံလိုက်ကြရသည်။
“ မ… မဖြစ်နိုင်တာ… ”
ထျန်မင်ဂိုဏ်းမှ တာအိုချိုးဖြတ်ခြင်းအဆင့် အကြီးအကဲတစ်ယောက်က မျက်လုံးပြူးကျယ်သွားပြီး အံ့ဩစွာ တီးတိုးရေရွတ်လိုက်သည်။
တာအိုရှာဖွေခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်က မည်သို့ကြောင့် အထွတ်အထိပ်တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်ကို ဖိနှိပ်နိုင်ရသနည်း။
“ သူက တာအိုရှာဖွေခြင်းအဆင့်မှာ မဟုတ်ဘူး ”
ဝူတန်ယုက အော်ပြောလိုက်သည်။ ဤအခိုက်အတန့်မှာ သူ၏ အမူအရာက သိသာစွာ ပျက်ယွင်းသွားသည်။
“ ဒီလောကမှာ မဟာတာအိုကို စောစီးစွာ ဆင်ခြင်နားလည်ထားပေမဲ့ တာအိုသစ်သီးကို မဖွဲ့စည်းရသေးတဲ့ ထူးဆန်းတဲ့ အစွမ်းထက်ပုဂ္ဂိုလ်တချို့ ရှိတယ်… အဲ့ဒီပုဂ္ဂိုလ်တွေ တာအိုအဆင့်ကို ဝင်ရောက်တဲ့အခါ အဆင့်သုံးဆင့်ကို ဆက်တိုက် ချိုးဖြတ်သွားကြလိမ့်မယ်… သူတို့က တာအိုငြိမ်းသတ်ခြင်းအဆင့်ကို ဝင်ရောက်စရာမလိုဘဲ မဟာတာအိုစွမ်းအားကို ထိန်းချုပ်နိုင်ကြတယ် ”
သူက ဟန်မူယဲ့ကို စူးစိုက်ကြည့်လိုက်လေရာ သူ၏ မျက်လုံးက အရောင်တောက်ပလာသည်။ သူက လေးနက်စွာ ဆက်ပြောသည်။
“ အဲ့ဒီပုဂ္ဂိုလ်တွေကို တာအိုထိန်းချုပ်သူတွေလို့ ခေါ်တယ် ”
တာအိုထိန်းချုပ်သူတွေ… ။
တာအိုသစ်သီးဖွဲ့စည်းခြင်း၊ တာအိုဝင်ရောက်ခြင်းနှင့် တာအိုချိုးဖြတ်ခြင်းကို ဖြတ်ကျော်ရန်သည် တာအိုထိန်းချုပ်သူများအတွက် အချိန်တစ်ခုသာ လိုအပ်သည်။ သူတို့မှာ တာအိုငြိမ်းသတ်ခြင်းကျင့်ကြံခြင်းအဆင့် မရှိသော်လည်း သူတို့က တာအိုငြိမ်းသတ်ခြင်းအဆင့် တိုက်ပွဲစွမ်းအားကို ထုတ်လွှတ်နိုင်ကြသည်။
ထိုသို့ပုဂ္ဂိုလ်များသည် ထုံးစံအားဖြင့် မဟာတာအို၏ မျက်နှာသာပေးခြင်းခံကြရသည်။
ယခုအချိန်ထိ မျက်လုံးမှိတ်ထားသော ဟန်မူယဲ့က ရုတ်တရက် မျက်လုံးပြန်ဖွင့်လိုက်သည်။
မရေမတွက်နိုင်သော ကြယ်များက သူ၏ မျက်လုံးထဲမှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည့်အလား အဆုံးမဲ့သော နတ်ဘုရားအလင်းက သူ၏ မျက်ဝန်းထဲမှာ ထွက်ပေါ်လာသည်။
သူ၏ ဦးခေါင်းထက်မှ တာအိုသစ်သီးပေါ်တွင် တာအိုစိတ်ဆန္ဒက အလွှာအထပ်ထပ် ဒြပ်ထည်ဖွဲ့စည်းသွားသည်။ နောက်ဆုံးမှာ တာအိုသစ်သီးက မျက်စိကျိန်းစပ်လုနီးပါး ထွန်းလင်းတောက်ပသော ရွှေအမြူတေအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ရွှေအမြူတေက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး သူ၏ ဒျန်တျန်အတွင်းမှာ အခြေချသွားသည်။
“ ရွှေအမြူတေက ငါ့ရဲ့ ဝမ်းဗိုက်အတွင်းမှာ သန္ဓေတည်သွားတဲ့အခါ ငါ့ဘဝက ငါ့လက်ထဲမှာပဲ… ငါ့ကံကြမ္မာက ငါ့လက်ထဲမှာပဲ… အဲ့ဒါက ဒီလောကမှာ ငါ့ရဲ့ ကျင့်ကြံခြင်းအုတ်မြစ်ဖြစ်တယ် ”
ဟန်မူယဲ့က တီးတိုးရေရွတ်လိုက်လေရာ စိတ်ခံစားချက် အရိပ်အမြွက်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သူက အတိတ်မှာ မိုးကောင်းကင်အလိုတော်အား သွေဖယ်သော ကိစ္စများစွာကို လုပ်ဆောင်ခဲ့ဖူးသလို သူ့ကိုယ်ပိုင်ကံကြမ္မာကိုလည်း သူ၏ လက်ခုပ်ထဲမှာ အကြိမ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ဖူးသည်။
ကျင့်ကြံခြင်းအဆင့်တစ်ဆင့် မြင့်တတ်သွားတိုင်း သူက လောကကြီးအကြောင်း ပိုပြီးကျယ်ပြန့်စွာ နားလည်သွားသည်။
ဤမဟာပန်သွန်ဘုံတွင် သူ၏ လက်ရှိကျင့်ကြံခြင်းအဆင့်က နိမ့်ကျသော်လည်း သူ၏ ဘဝအတွေ့အကြုံများက သူ့အတွက် အားသာချက်တစ်ခု ဖြစ်နေဆဲပင်။
ရွှေအမြူတေက သူ၏ ဝမ်းဗိုက်ထဲမှာ သန္ဓေတည်သွားသည့်အခါ မဟာတာအိုက သူ၏ ခန္ဓာကိုယ်ထဲမှာ တည်ရှိသွားသည်။
ရွှေအမြူတေ၏ ထောက်ပံ့မှုအောက်မှာ မဟာပန်သွန်ဘုံမှ မိုးမြေစွမ်းအားက သူနှင့် အတားအဆီးမရှိဘဲ ပေါင်းစည်းသွားသည်။ သို့ဖြစ်၍ ယခု သူက မဟာပန်သွန်ဘုံ၏ ပြီးပြည့်စုံသော မူလစွမ်းအားကို ဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်နိုင်သွားသည်။
ယခုအချိန်မှစ၍ ဟန်မူယဲ့ကို မဟာပန်သွန်ဘုံမှ ကျင့်ကြံသူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သွားမည်။ မဟာပန်သွန်ဘုံမှ မိုးမြေစွမ်းအားက သူ့အပေါ် နောက်ထပ် ကန့်သတ်ချုပ်နှောင်နိုင်တော့မည် မဟုတ်ချေ။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ မြေကြီးပေါ်မှ ဓားက သူ၏ လက်ဖဝါးထဲသို့ ပျံသန်းလာသည်။
သူက ဓားတစ်ချက်ဝှေ့ယမ်းလိုက်လေရာ သူ၏ အရှေ့၌ ကျောက်ရုပ်ဖြစ်နေကြသော မုတ်ဆိတ်ဖြူအကြီးအကဲနှစ်ယောက်က လေးပိုင်းဖြတ်တောက်ခံလိုက်ကြရသည်။
အထွတ်အထိပ် တာအိုဝင်ရောက်ခြင်းအဆင့် ကျင့်ကြံသူများက ဓားတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ကြရသည်။
ဓားတစ်ချက်အောက်မှာ အသတ်ခံလိုက်ကြရသော အကြီးအကဲနှစ်ယောက်၏ ခန္ဓာကိုယ်ထဲမှ ပျံ့လွင့်လာသော မူလစွမ်းအားက ပေသုံးဆယ်ကျယ်ပြောသော ဧရိယာကို ရွှေနီရောင်အဖြစ် ပြောင်းလဲသွားစေသည်။
“ မင်း လူသတ်ရဲတယ် ”
ထျန်မင်ဂိုဏ်းမှ လက်ထောက်ဂိုဏ်းခေါင်းဆောင် ဝူတန်ယု၏ မျက်လုံးထဲမှာ ဒေါသမီးပွားများ ထွက်ပေါ်လာသည်။
သူ့ဘေးမှ ကျောက်ချန်းလန်က အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး သူ၏ လက်ဝါးကို အရှေ့သို့ ရိုက်ထုတ်လိုက်သည်။ သူ၏ သွေးချီစွမ်းအားက လေထဲမှာ အသင်္ချေရွှေရောင်အလင်းတန်းများအဖြစ် ပြောင်းလဲသွားပြီး ဟန်မူယဲ့ကို ဝိုင်းရံလိုက်ကြသည်။
ဟန်မူယဲ့က ရပ်တန့်မနေပေ။ သူက လက်ထဲမှ ဓားရှည်ကို ထပ်မံ ဝှေ့ယမ်းလိုက်သည်။
စူးရှသော ပဲ့တင်သံနှင့်အတူ ဘေးပတ်ဝန်းကျင်မှ သွေးနီရောင်ကွန်ရက်အားလုံးက အပိုင်းပိုင်းအစစ ဖြတ်တောက်ခံလိုက်ကြရသည်။
သူ၏ ဓားဖျားက နောက်တစ်ကြိမ် တုန်ယင်သွားသည့်အခါ အပြာရောင်ဓားအလင်းတစ်ခုက အောက်ဘက်သို့ ပျံသန်းသွားသည်။
ထိုဓားအလင်းက ဝမ်ချန်းလုံအပါအဝင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အကြီးအကဲများနှင့် လက်ရွေးစင်တပည့်များအား ဖိနှိပ်ထားသော သွေးကွန်ရက်အားလုံးကို တိုက်ရိုက် အက်ကွဲသွားစေသည်။
ထိုအခါမှသာ ကျောက်မင်ယွင်နှင့် တခြားလူများက ဟန်မူယဲ့အနားသို့ ရောက်လာကြသည်။
“ သတ် ”
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက ကြုံးဝါးအော်လိုက်ကြပြီး လေပေါ်သို့ ခုန်လိုက်ကြသည်။
ဟန်မူယဲ့က သူ၏ ဓားကို တစ်ချက်ဝှေ့ယမ်းလိုက်ပြီး ကျောက်ချန်းလန်၏ လက်ဝါးပုံရိပ်ကို ဖျက်ဆီးလိုက်သည်။
သူ၏ ခြေထောက်က တစ်နေရာတည်းမှာ မရပ်တန့်နေသလို သူ၏ ဓားလှုပ်ရှားမှုသည်လည်း မရပ်တန့်နေပေ။ လျှပ်တစ်ပြက်အတွင်းမှာ ဓားအလင်းတစ်ထောင်က ဘေးပတ်ဝန်းကျင်ဆီသို့ ပြန့်ကျဲသွားပြီး ထျန်မင်ဂိုဏ်းမှ လက်ရွေးစင်ကျင့်ကြံသူများပေါ်သို့ ကျဆင်းသွားသည်။
ဝူတန်ယုက လက်ဝါးဖြန့်လိုက်လေရာ လှံရှည်တစ်ချောင်းက သူ၏ လက်ဖဝါးပေါ်မှာ ထွက်ပေါ်လာသည်။ သူက လှံရှည်ကို ဟန်မူယဲ့၏ ဦးခေါင်းထံသို့ ထိုးလွှတ်လိုက်သည်။
“ ထန် ”
လှံရှည်က ဟန်မူယဲ့၏ ဓားနှင့် တွေ့ဆုံသွားသည့်အခါ ဝူတန်ယု၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး သူက အနောက်သို့ လွင့်စင်သွားသည်။
“ သူက တကယ် တာအိုထိန်းချုပ်သူပဲ ”
ဝူတန်ယုက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။ ထို့နောက် သူက အနောက်လှည့်၍ ထွက်ပြေးသည်။
သူ၏ ဘေးတွင် ကျောက်ချန်းလန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ပြန်ဆုတ်ကြမယ် ”
ကျောက်ချန်းလန်က အမိန့်ပေးပြီးသော်လည်း ထွက်မပြေးပေ။ ယင်းအစား သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်လျှိုးလာပြီး သူ၏ ကိုယ်တွင်းထဲမှ သွေးချီအနှစ်သာရနှင့် ပေါင်းစည်းသွားသည်။ နောက်အခိုက်အတန့်မှာ သူက ပေသုံးဆယ်ရှည်လျားသော စစ်ဝက်ဝံတစ်ကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်။ သွေးဆာနေသော စစ်ဝက်ဝံက ဟန်မူယဲ့ထံသို့ ခုန်အုပ်လိုက်သည်။
ဟန်မူယဲ့က ဓားအလင်းတစ်ခုကို ဖွဲ့စည်းလိုက်ပြီး သူ၏ ဓားရှည်ကို အရှေ့သို့ ထိုးသွင်းလိုက်သည်။ စူးရှတောက်ပသော ဓားအလင်းက စစ်ဝက်ဝံ၏ ဧရာမခန္ဓာကိုယ်ဆီသို့ တန်းတန်းမတ်မတ် ပျံသန်းသွားသည်။
ထိုဓားထိုးသွင်းမှုက ရိုးရှင်းပုံပေါ်သော်လည်း အမှန်မှာ ယင်းက အဆုံးစွန်သော အလျင်ကို ထုတ်လွှတ်လိုက်ခြင်း ဖြစ်သည်။
ဓားအလင်းက စစ်ဝက်ဝံ၏ ခန္ဓာကိုယ်ကို ဖောက်ထွင်းသွားသည့်အခါ ကျောက်ချန်းလန်၏ တစ်ကိုယ်လုံးက တုန်ယင်သွားသည်။ သူက နေရာမှာ ကျောက်ရုပ်ဖြစ်သွားသည်။
သူ၏ ခန္ဓာကိုယ်က တစ်လက်မချင်းစီ ပြိုကွဲသွားသည့်အခါ သူ၏ မဟာတာအိုစွမ်းအားက မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားပြီး ဘေးပတ်ဝန်းကျင်သို့ ပြန့်ကျဲသွားသည်။
ဓားတစ်ချက်က အထွတ်အထိပ် တာအိုချိုးဖြတ်ခြင်းအဆင့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို ကျရှုံးသွားစေသည်။
ထွက်ပြေးနိုင်ကြသော ထျန်မင်ဂိုဏ်းသားများက အမြန်အနောက်ဆုတ်သွားကြသည်။ ကျန်လူများသည်တော့ သူတို့က တခြားလူများအတွက် အချိန်ဆွဲပေးရန် အသက်စတေး၍ တိုက်ခိုက်လိုက်ကြသည်။
ဟန်မူယဲ့က သူတို့နောက်သို့ လိုက်မဖမ်းပေ။ ယင်းအစား သူက ဓားကို ဝှေ့ယမ်းလိုက်ပြီး ကျန်ရှိနေသော ထျန်မင်ဂိုဏ်းမှ ကျင့်ကြံသူများကို တစ်ယောက်ပြီးတစ်ယောက် သုတ်သင်လိုက်သည်။
နောက်ဆုံးမှာတော့ ထျန်မင်ဂိုဏ်း၏ လက်ထောက်ဂိုဏ်းခေါင်းဆောင် ဝူတန်ယုနှင့် လက်ရွေးစင်ဆယ်ယောက်ကျော်သာ အသက်ရှင်လျက် ထွက်ပြေးလွတ်မြောက်သွားကြသည်။ သို့သော်လည်း သူတို့က ဒဏ်ရာအပြင်းအထန် ရရှိသွားကြသည်။ ကျန်ရှိသော ထျန်မင်ဂိုဏ်းသားအားလုံးသည်တော့ အသတ်ခံလိုက်ကြရသည်။
ဤတိုက်ပွဲက ထျန်မင်ဂိုဏ်း၏ အလုံးစုံအင်အားကို အနည်းဆုံး လေးဆယ်ရာခိုင်နှုန်းခန့် လျော့နည်းသွားစေလိမ့်မည်။
တိုက်ပွဲပြီးနောက် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များက တိုက်ပွဲမြေပြင်ကို ရှင်းလင်းလိုက်ကြပြီး တိတ်တဆိတ် ထွက်သွားကြသည်။
လက်မှာ ပတ်တီးစည်းထားသော ဝမ်ချန်းလုံဖြစ်စေ သို့မဟုတ် သတိပြန်ရလာပြီး ထမ်းစင်ဖြင့် သယ်ဆောင်ခံထားရသော ယောင်ဟဲချန်းဖြစ်စေ သူတို့နှစ်ယောက်စလုံးက နှုတ်ဆိတ်နေကြသည်။
လစန္ဒာတောင်ထွတ်မှ တပည့်များက သူတို့အနောက်သို့ တိတ်တဆိတ် လိုက်သွားကြသည်။
လူတစ်ရာကျော်ပါဝင်သော ထိုအုပ်စုက ကောင်းကင်အသင်္ချေဓားဂိုဏ်းဆီသို့ တိတ်တဆိတ် ရွေ့လျားသွားကြသည်။
လမ်းတစ်လျှောက်တွင် ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်အများအပြားက ထိုအဖွဲ့နောက်မှာ တိတ်တဆိတ် လိုက်ပါလာကြသည်။ အကြောင်းအရင်းကိုတော့ မသိရပေ။
ယင်းက လစန္ဒာတောင်ထွတ်မှ တပည့်များကို လိုက်လံပို့ဆောင်ခြင်းလော။
တဖြည်းဖြည်း လူအရေအတွက်က ပိုမိုများပြားလာပြီး တစ်ထောင်နီးပါး ရှိလာသည်။ လူတိုင်းက နှုတ်ဆိတ်နေလျက် ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးဆီသို့ ဦးတည်သွားနေကြသည်။
ဂိတ်တံခါးရှေ့တွင် ပုံရိပ်တချို့က စောင့်ဆိုင်းနေကြသည်။
အရှေ့ဆုံးမှ မတ်တတ်ရပ်နေသူက အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်ဖြစ်ပြီး အသက်ငါးဆယ်ခန့် ရှိသည်။ သူက လက်နှစ်ဖက်ကို အနောက်ပို့ထားပြီး သူ၏ မျက်နှာက တင်းမာခက်ထန်နေသည်။
ထိုသူက ရှယွင်ရှန်းဖြစ်ပြီး ကောင်းကင်အသင်္ချေတောင်ထွတ်၏ အရှင်သခင်ဖြစ်သည်။ သူက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင် ရှမင်တန်၏ သားလည်း ဖြစ်သည်။
သူက အနာဂတ်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်လာမည့်လူဟုလည်း ကောလဟာလများ ထွက်ရှိခဲ့သည်။
သို့သော်လည်း ဂိုဏ်းခေါင်းဆောင်ရွေးချယ်ပွဲတွင် သားအဖဆက်ဆံရေးက အဓိကမဟုတ်ပေ။ အဓိကအရေးကြီးသည်မှာ တောင်ထွတ်များကြားမှ စွမ်းအားယှဉ်ပြိုင်မှု ဖြစ်သည်။
လစန္ဒာတောင်ထွတ်၏ အရှင်သခင်ကော့ဟွားက ဂိုဏ်းထဲမှ အစွမ်းထက်ပုဂ္ဂိုလ်အများအပြား၏ အသိအမှတ်ပြုမှုကို ရရှိထားသော ပညာရှင်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ယခု ကော့ဟွားက သေဆုံးသွားပြီ ဖြစ်သည်။
“ ဒီတစ်ကြိမ် ဂိုဏ်းခေါင်းဆောင်က အမှားလုပ်ခဲ့တာ ဖြစ်နိုင်တယ်… ”
ဂိတ်တံခါးနားမှ တစ်စုံတစ်ယောက်က အဝေးမှ ချဉ်းကပ်လာနေကြသော လူအုပ်ကြီးကို ကြည့်လိုက်ရင်း တီးတိုးရေရွတ်လိုက်သည်။
အကယ်၍ ကော့ဟွားနှင့် ရှယွင်ရှန်းက ဂိုဏ်းခေါင်းဆောင်၏ ကြားဝင်နှောင့်ယှက်မှုမရှိဘဲ တရားမျှတစွာ ယှဉ်ပြိုင်ကြမည်ဆိုလျှင် နောက်ဆုံးမှာ မည်သည့်ရလဒ်ထွက်ပေါ်လာပါစေ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ကြီးပွားတိုးတတ်သွားလိမ့်မည်။
သို့သော်လည်း လက်ရှိအခြေအနေတွင် ကော့ဟွားက အသက်ဆုံးရှုံးသွားပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်းထဲမှ တပည့်အများစုက စိတ်ဓာတ်ပျက်ပြားသွားကြသည်။ ယင်းက ဂိုဏ်းအတွက် ကြီးမားသော ဆုံးရှုံးနစ်နာမှု ဖြစ်သည်။
“ သူတို့ရောက်လာကြပြီ ”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။
အရှေ့တွင် လူတစ်ထောင်ကျော်ပါဝင်သော အဖွဲ့ကို ဦးဆောင်လာသည့် ဝမ်ချန်းလုံက ကျောက်တုံးလှေကားပေါ်သို့ တတ်လှမ်းသွားသည်။
ထို့နောက် လူတိုင်း၏ အကြည့်အောက်မှာ ဝမ်ချန်းလုံက ရုတ်တရက် ဘေးသို့ လျှောက်သွားပြီး ရိုသေလေးစားစွာ ရပ်လိုက်သည်။
“ ကောင်းကင်အသင်္ချေဓားဂိုဏ်းက ဝမ်ချန်းလုံက အကိုတော်ကော့ဟွားရဲ့ ဓားအရိုး ပြန်ရောက်လာတာကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်”
“ တောင်ထွတ်အရှင်သခင်ကော့ဟွားရဲ့ ဓားအရိုး ပြန်ရောက်တာကို ကြိုဆိုပါတယ် ”
ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ အစွမ်းထက်ပုဂ္ဂိုလ်အများအပြားက ဝမ်ချန်းလုံ၏ ဘေးမှာ မတ်တတ်ရပ်လိုက်ကြပြီး ကျယ်လောင်စွာ အော်ပြောလိုက်ကြသည်။
ဤအခိုက်အတန့်မှာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိတ်တံခါးအရှေ့၌ စောင့်ဆိုင်းနေကြသော လူအများအပြားက အံ့ဩသွားကြသည်။