အခန်း (၁၅၈၁+၁၅၈၂)
Vol. 113 Ch. 1581+1582
အခန်း(၁၅၈၁)
ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင် ဖြစ်လာမှာလား… ။
လစန္ဒာတောင်ထွတ်၏ ယခင်တောင်ထွတ်အရှင်သခင်ကော့ဟွားသည် လစန္ဒာတောင်ထွတ်၏ အမွေအနှစ်များကို ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ရန် စိတ်နှစ်ထားခဲ့ပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ဖြစ်လာရန် စိတ်ဆုံးဖြတ်ထားခဲ့သည်။
သို့မဟုတ်ဘဲ အကယ်၍ သူသာ လစန္ဒာတောင်ထွတ်ပေါ်မှာ အေးချမ်းစွာ ကျင့်ကြံနေမည်ဆိုလျှင် အကြောင်းအရင်းမရှိဘဲ မည်သို့လုပ်ကြံခံရမည်နည်း။
ကော့ဟွား၏ သေဆုံးမှုကြောင့် လစန္ဒာတောင်ထွတ်၏ အမွေအနှစ်က ဖြတ်တောက်ခံရလုနီးပါးဖြစ်ခဲ့သည်။
ကံကောင်းစွာဖြင့် ဟန်မူယဲ့၏ ဓားကျင့်ကြံခြင်းနှင့် ပါရမီက ကော့ဟွားထက် အများကြီး ပိုသန်မာသည်။
အကယ်၍ လစန္ဒာတောင်ထွတ်သာ ပြင်ပကိစ္စများကို အရေးမထားဘဲ တိတ်တိတ်ဆိတ်ဆိတ် ဆက်ပြီး ကျင့်ကြံမည်ဆိုလျှင် သူတို့က အနာဂတ်မှာ လူတိုင်းကို သေချာပေါက် အံ့ဩသွားစေလိမ့်မည်။
သို့သော် ယနေ့မှာ ကောင်းကင်အသင်္ချေတောင်ထွတ်အရှင်သခင် ရှယွင်ရှန်း၏ သား ရှလန်က ဂိုဏ်းခေါင်းဆောင်ရှမင်တန်၏ ကတိကို ကိုယ်တိုင်လာရောက် အကြောင်းကြားသည်။
အကယ်၍ ဟန်မူယဲ့သာ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဤတစ်ကြိမ် ကပ်ဘေးကို ဖြေရှင်းပေးနိုင်မည်ဆိုလျှင် သူက နောင်တတ်မည့် ဂိုဏ်းခေါင်းဆောင် ဖြစ်လာလိမ့်မည်။
ဟန်မူယဲ့က ဂိုဏ်းခေါင်းဆောင်ရာထူးကို စိတ်မဝင်စားနိုင်သော်လည်း လစန္ဒာတောင်ထွတ်မှ လူတိုင်းသည်တော့ ယင်းကို လျစ်လျူရှုနိုင်ကြလိမ့်မည် မဟုတ်ချေ။
သူတို့က ကော့ဟွား၏ မသေခင်ဆန္ဒကို မဖြည့်ဆည်းပေးတော့ဘူးလား… ။
ခန်းဆောင်၏ အရှေ့တွင် လူတိုင်းက တိတ်ဆိတ်သွားကြသည်။
ယောင်ဟဲချန်းက ဟန်မူယဲ့ကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။
ရှလန်က စကားဆုံးအောင် ပြောပြီးနောက် နေရာမှာ မတ်တတ်ရပ်နေသည်။ သူက နောက်ထပ် မည်သည့်စကားမှ မပြောတော့ပေ။
ဤသည်မှာ သူက သတင်းစကားပို့ပေးရန်သက်သက် ရောက်လာသည့်အလားပင်။
သူ့အရှေ့မှ ပုဂ္ဂိုလ်က သူ့အဖေ ရှယွင်ရှန်းကို အပြစ်ပေးဓားနယ်မြေဆီသို့ ပို့ဆောင်ခဲ့သူဖြစ်ကြောင်း သူမသိသည့်အလားပင်။
“ ကောင်းပြီ… ကျုပ်ရဲ့ လစန္ဒာတောင်ထွတ်က ဂိုဏ်းအတွက် အင်အားစိုက်ထုတ်ပေးဖို့ ဆန္ဒရှိပါတယ် ”
နောက်ဆုံးမှာတော့ ဟန်မူယဲ့က ပြောသည်။
ထိုစကားကို ကြားသောအခါ ဘေးပတ်ဝန်းကျင်မှ လူများက မတူညီသော အမူအရာများကို ထုတ်ဖော်လိုက်ကြသည်။ သို့တိုင် သူတို့ထဲမှ မည်သူမှ စကားမပြောကြချေ။
သူတို့က ဟန်မူယဲ့၏ ဆုံးဖြတ်ချက်အပေါ် ဝင်မစွက်ဖက်နိုင်ပေ။ လစန္ဒာတောင်ထွတ်မှ လူများသည် ဟန်မူယဲ့၏ ဆုံးဖြတ်ချက်အတိုင်းသာ လိုက်နာကြလိမ့်မည်။
“ ဂိုဏ်းရဲ့ ဒီတစ်ခေါက်ကပ်ဘေး ပြီးဆုံးသွားရင် ကော့ဟွားရဲ့ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီ ကျုပ်ပို့ဆောင်ချင်တယ် ”
ဟန်မူယဲ့က ထပ်မံ ပြောသည်။
ကော့ဟွား၏ ဓားအရိုးကို ဓားပျိုးထောင်ခြင်းတဲအိမ်ဆီသို့ ပို့ဆောင်ပေးမည်ဟု ကျောက်မင်ယွင်ကို သူကတိပေးခဲ့သည်။ ယခု ဂိုဏ်းက တိုက်ပွဲများကို ဆက်တိုက် ဆင်နွှဲနေရသောကြောင့် ထိုကိစ္စကို မေ့လျော့သွားကြဟန် ရသည်။
“ အဲ့ဒါ ဖြစ်သင့်တဲ့ကိစ္စပါ ”
ရှလန်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ထို့နောက် သူက လက်နှစ်ဖက်ဆုပ်၍ ဟန်မူယဲ့ကို ဂါရဝပြုလိုက်သည်။
“ တောင်ထွတ်အရှင်သခင်ဟန်က တည်ကြည်ဖြောင့်မတ်တဲ့ ပုဂ္ဂိုလ်ပဲ… ကျုပ်ရှလန်က ခင်ဗျားကို ရိုသေလေးစားပါတယ် ”
“ အစွမ်းထက်ရန်သူတွေကို ဘယ်လိုတားဆီးကြမလဲဆိုတာ ဆွေးနွေးရအောင် တောင်ထွတ်အရှင်သခင်ဟန်က ကျေးဇူးပြုပြီး ဂိုဏ်းရဲ့ အစည်းအဝေးဆီ တတ်ရောက်ပေးပါ ”
ထိုသို့ပြောပြီးနောက် သူက ဘေးပတ်ဝန်းကျင်မှ လူများကို နှုတ်ဆိတ်လိုက်ပြီး အနောက်လှည့်၍ ထွက်သွားသည်။
ယောင်ဟဲချန်းက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ ထို့နောက် သူက ကျောက်မင်ယွင်နှင့် တခြားလူများကို ကြည့်လိုက်ပြီး တီးတိုးပြောသည်။
“ ဂရုစိုက်ကြပါ ”
ထို့နောက် သူသည်လည်း ထွက်သွားသည်။
ထိုနှစ်ယောက် ထွက်သွားသည့်အခါ လစန္ဒာတောင်ထွတ်မှ လေထုက အချိန်တစ်ခဏကြာ တင်းကျပ်သွားသည်။
ရက်အနည်းငယ်ကြာပြီးမှသာ လစန္ဒာတောင်ထွတ်က ပုံမှန်အတိုင်း ပြန်လည်ပတ်သွားသည်။ တစ်နေ့ကျလျှင် ဂိုဏ်းက သူတို့၏ လစန္ဒာတောင်ထွတ်ကို တိုက်ပွဲအတွင်းသို့ အတင်းအကျပ် ဆွဲခေါ်လိမ့်မည်ဖြစ်ကြောင်း လူတိုင်းက သိထားပြီးကြသည်။
အကယ်၍ သူတို့က ထိုတာဝန်ကို လက်ခံလိုက်မည်ဆိုလျှင် လစန္ဒာတောင်ထွတ်မှ တပည့်အားလုံးက သေခြင်းရှင်ခြင်းတိုက်ပွဲများကို ရင်ဆိုင်ကြရလိမ့်မည်။
မည်သို့ဖြစ်ပါစေ သူတို့က နှစ်ဝက်ကြာအောင် ငြိမ်သက်နေခဲ့ပြီးပြီ မဟုတ်ပါလော။ ယင်းကို အကြောင်းပြချက်မရှိဘဲ မငြင်းဆန်နိုင်ပေ။
“ တောင်ထွတ်အရှင်သခင် အရှေ့က ဦးဆောင်ပါ… ကျုပ်တို့ရဲ့ လစန္ဒာတောင်ထွတ်က တောင်ထွတ်အရှင်သခင်ကို အပြည့်အဝ ထောက်ပံ့ပေးပါ့မယ် ”
“ ဟုတ်ပါတယ် တောင်ထွတ်အရှင်သခင်… ကျုပ်တို့ရဲ့ လစန္ဒာတောင်ထွတ်က တစ်စိတ်တစ်ဝမ်းတည်း ဖြစ်ပြီးသားပါ… ကျုပ်တို့က တောင်ထွတ်အရှင်သခင်အတွက် ဝန်ထုပ်ဝန်ပိုး မဖြစ်စေရပါဘူး ”
မြေကွက်လပ်ထဲတွင် လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြပြီး အော်ပြောလိုက်ကြသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ရှားလိုက်လေရာ အလင်းတန်းအဖြစ် ပြောင်းလဲသွားသည်။
“ ဒီဟာက ငါတို့လစန္ဒာတောင်ထွတ်အတွက် ကံကောင်းခြင်းလား ကပ်ဘေးလားဆိုတာ ကြည့်ကြည့်ရအောင် ”
အကြီးအကဲတုချန်းက ခန်းဆောင်အရှေ့မှ တပည့်များကို ကြည့်လိုက်သည့်အခါ တောက်ပသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
သူက လစန္ဒာတောင်ထွတ်၏ နောက်ဆုံးရှင်ကျန်ခဲ့သော အကြီးအကဲနှစ်ယောက်အနက် တစ်ယောက်ဖြစ်လေရာ လစန္ဒာတောင်ထွတ်၏ အောင်မြင်မှုများနှင့် ကျရှုံးမှုများကို မြင်တွေ့ခဲ့ပြီးပြီ ဖြစ်၏။ ထို့ပြင် ဤခြောက်လအတွင်းမှာ သူတို့၏ တပည့်များက အပတ်တကုတ် ကျင့်ကြံခဲ့ကြပြီး သူတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ တိုးတတ်လာကြောင်းကိုလည်း သူမြင်တွေ့ခဲ့သည်။
ဖြစ်နိုင်သည်မှာ ယင်းက လစန္ဒာတောင်ထွတ် မြင့်တတ်နိုင်မည့် အခွင့်အရေးတစ်ခုဖြစ်သည်။
“ စီနီယာအကိုတု… တကယ်လို့ ကျုပ်တို့သာ တောင်ထွတ်အရှင်သခင်ဟန်ကို ကောင်းကင်အသင်္ချေဓားဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်ဖြစ်လာဖို့ ကူညီပေးနိုင်မယ်ဆိုရင် ကျုပ်တို့အားလုံး သေသွားမယ်ဆိုရင်တောင် ထိုက်တန်ပါတယ် ”
တုချန်း၏ ဘေးမှာ မတ်တတ်ရပ်နေသော မိန့်ယုချန်က ဝင်ပြောသည်။ စိတ်လှုပ်ရှားသော အရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထင်ရှားစွာ ထွက်ပေါ်နေသည်။
အကယ်၍ ယခင်တစ်ခေါက်တိုက်ပွဲမှာ ဟန်မူယဲ့သာ မကူညီခဲ့လျှင် သူတို့အားလုံးက သေဆုံးသွားလောက်ပြီ ဖြစ်၏။ လစန္ဒာတောင်ထွတ်သည်လည်း ယခုကဲ့သို့ ဆက်လက် တည်ရှိနိုင်လိမ့်မည် မဟုတ်ချေ။ ယခု သူတို့က နောက်ထပ် ကပ်ဘေးတစ်ခုနှင့် တွေ့ဆုံရလာသည့်အခါ သေဆုံးရမည်ကို မကြောက်ကြတော့ချေ။
လစန္ဒာတောင်ထွတ်ပေါ်မှ မြေကွက်လပ်ပေါ်တွင် တိုက်ပွဲစိတ်ဆန္ဒက အလွန်အားကောင်းစွာ ပေါ်လျှိုးလာသည်။
…..
အလင်းတန်းအသွင် ပြောင်းလဲထားသော ဟန်မူယဲ့က လွတ်လပ်စွာ ရွေ့လျားသွားနေသည်။ သူက လေထဲမှာ ကြယ်ပျံတစ်စင်းနှယ် ဖြတ်သန်းသွားပြီး ပျောက်ကွယ်သွားသည်။
နာရီဝက်ကြာပြီးနောက် သူက ကောင်းကင်အသင်္ချေတောင်ထွတ်၏ အောက်ဘက်မှာ ထွက်ပေါ်လာသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ စည်းမျဉ်းများအရ သူက တောင်ထွတ်ပေါ်သို့ လမ်းလျှောက်တတ်ရလိမ့်မည်။
သို့သော်လည်း ဟန်မူယဲ့က ထိုစည်းမျဉ်းကို ဂရုမစိုက်ပေ။ သူက ဓားအလင်းအဖြစ် ပြောင်းလဲလိုက်ပြီး ကောင်းကင်အသင်္ချေတောင်ထွတ်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။
“ သူက ဘယ်သူလဲ ”
“ ကောင်းကင်အသင်္ချေတောင်ထွတ်ရဲ့ စည်းမျဉ်းတွေကိုတောင် လျစ်လျူရှုရဲတဲ့အထိ မောက်မာထောင်လွှားလှချည်လား ”
တောင်ခြေမှာ စောင့်ကြပ်နေကြသော အစောင့်များက တီးတိုးရေရွတ်လိုက်ကြသည်။ သူတို့က အရှေ့သို့ ပြေးသွားကြသည့်အခါ ဒေါသက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
သို့သော်လည်း ဟန်မူယဲ့အနားသို့ မရောက်သွားမီ ဓားအလင်းကြောင့် သူတို့အားလုံးက အနောက်သို့ လွင့်စင်သွားကြသည်။
“ မင်းတို့သေချင်နေတာလား… အဲ့ဒီလူက လစန္ဒာတောင်ထွတ်ရဲ့ တောင်ထွတ်အရှင်သခင် ”
ကျယ်လောင်သော အော်သံ ထွက်ပေါ်လာသည့်အခါ အရှေ့သို့ ချီတတ်သွားကြသော တပည့်အားလုံးက တုန်ယင်သွားကြသည်။
ကောင်းကင်အသင်္ချေတောင်ထွတ်ကို ကြီးကြီးမားမား ထိခိုက်ဆုံးရှုံးစေခဲ့ပြီး တောင်ထွတ်အရှင်သခင်ရှယွင်ရှန်းကို အပြစ်ပေးဓားနယ်မြေဆီသို့ ပို့ဆောင်ခဲ့သော လစန္ဒာတောင်ထွတ်အရှင်သခင်လား။ ထိုလူက အကြီးအကဲအများအပြား၏ ဝိုင်းရံတိုက်ခိုက်မှုကို ဓားတစ်လက်တည်းဖြင့် အနိုင်ယူခဲ့သည့်သူလား။
ကောင်းကင်အသင်္ချေတောင်ထွတ်မှ တပည့်များက ကြောက်လန့်တကြား အနောက်ဆုတ်သွားကြသည်။ ထို့နောက် သူတို့က အစောနက အော်ပြောခဲ့သော သင်ကြားရေးဆရာဆီသို့ လှမ်းကြည့်လိုက်ကြသည်။
“ ဂိုဏ်းတူဦးလေး… ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေတောင်ထွတ်က လစန္ဒာတောင်ထွတ်အရှင်သခင်ရဲ့ လွှမ်းမိုးဗိုလ်ကျတာကို ဒီအတိုင်းပဲ ငြိမ်ခံနေရမှာလား ”
တပည့်တစ်ယောက်က ယင်းကို လက်မခံနိုင်သောကြောင့် အံကြိတ်လိုက်ပြီး မေးသည်။
တခြားလူများ၏ မျက်နှာပေါ်မှာလည်း ဒေါသအရိပ်အယောင် ထွက်ပေါ်လာသည်။
ထိုတပည့်များက ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ကောင်းကင်အသင်္ချေတောင်ထွတ်အပေါ် သစ္စာရှိသူများ ဖြစ်ကြသည်။
“ ဟွန့်… သူက ကောင်းကင်အသင်္ချေတောင်ထွတ်ဆီ ကိုယ်တိုင်ရောက်လာပြီဆိုမှတော့… ”
သင်ကြားရေးဆရာက ခေါင်းခါလိုက်သည်။ သရော်လှောင်ပြောင်သော အပြုံးက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
…..
ကောင်းကင်အသင်္ချေတောင်ထွတ်၏ အဓိကခန်းဆောင်က အလွန်ရိုးရှင်းသည်။ သို့သော်လည်း ခန်းဆောင်က ရှေးဟောင်းအငွေ့အသက်တချို့ကို ထုတ်လွှတ်နေသည်။
ကျင့်ကြံသူများသည် အပြင်ပန်းအလှအပများကို စိတ်မဝင်စားကြချေ။ သို့ဖြစ်၍ ခမ်းနားထည်ဝါသော ခန်းဆောင်က သူတို့အတွက်တော့ ပကာသနသာ ဖြစ်သည်။
ဟန်မူယဲ့က အဓိကခန်းဆောင်ဆီသို့ ဦးတည်သွားသည့်အခါ ဓားချီနှင့် တိုက်ပွဲစိတ်ဆန္ဒက ခန်းဆောင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
“ တိုက်ကြရအောင် ”
“ ဟုတ်တယ်… ထျန်မင်ဂိုဏ်းက အရမ်းတရားလွန်သွားပြီ ”
“ ဂိုဏ်းခေါင်းဆောင်… ဘာမဟုတ်တဲ့ ဟောင်တိုင်းတာအိုဂိုဏ်းကတောင် ကျုပ်တို့ရဲ့ ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဆန့်ကျင်ရဲတယ် ”
“ ကျုပ်တို့ရဲ့ ဂိုဏ်းက အလွယ်တကူ ရန်ပြုလို့ရတယ်လို့ သူတို့ထင်နေတာလား ”
အဓိကခန်းဆောင်ထဲမှာ အော်ဟစ်သံများဖြင့် ဆူညံနေလေရာ ယင်းက သေမျိုးလောကမှ ဈေးလမ်းအတိုင်းပင်။
သို့သော်လည်း ဟန်မူယဲ့၏ ဓားအလင်း ဆင်းသက်လာသည့်အခါ မီးကို ရေဖြင့် ငြိမ်းလိုက်သည့်အလား ခန်းဆောင်တစ်ခုလုံးက ချက်ချင်း တိတ်ဆိတ်သွားသည်။
အကြည့်များက ဟန်မူယဲ့အပေါ် ကျရောက်လာသည်။
ဟန်မူယဲ့က ထိုလူများထဲမှ အများစုကို မှတ်မိသည်။
သူတို့က ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တောင်ထွတ်အသီးသီးမှ အရှင်သခင်များနှင့် အကြီးအကဲများ ဖြစ်ကြသည်။
ဝတ်စုံဖြူဝတ်ဆင်ထားသော အကြီးအကဲတစ်ယောက်က ကြည်လင်သော မျက်လုံးနှင့်အတူ ခန်းဆောင်၏ အပေါ်ဆုံးနေရာမှာ ထိုင်နေသည်။ ဓားချီအရှိန်အဝါက သူ၏ ဘေးပတ်ဝန်းကျင်မှာ မသဲမကွဲ လွင့်မျောနေသည်။
ထိုအကြီးအကဲက ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ဂိုဏ်းခေါင်းဆောင်ရှမင်တန် ဖြစ်သည်။
ဟန်မူယဲ့က ခန်းဆောင်ထဲသို့ ဖြည်းဖြည်းချင်း လျှောက်သွားလေရာ သူ၏ အကြည့်က ရှမင်တန်၏ မျက်လုံးထဲမှ ဓားချီနှင့် တွေ့ဆုံသွားသည်။
သူတို့နှစ်ယောက်ကြားမှာ လေဟာနယ် မရှိသည့်အလားပင်။ အပြင်လူမသိနိုင်သော အလင်းစီးကြောင်းများက လေထဲမှာ ပွတ်တိုက်သွားကြသည်။ ဤသည်မှာ သူတို့နှစ်ယောက်၏ ဓားဆန္ဒများက အပြန်အလှန် တွန်းလှန်နေကြသည့်အလားပင်။
သို့သော်လည်း ထိုတိုက်ပွဲက မျက်စိတစ်မှိတ်အတွင်းမှာ ပြီးဆုံးသွားသည်။
အဓိကခန်းဆောင်က ထပ်မံ တိတ်ဆိတ်ငြိမ်သက်သွားသည်။
“ လစန္ဒာတောင်ထွတ်က ဟန်မူယဲ့က ဂိုဏ်းခေါင်းဆောင်နဲ့ အကြီးအကဲများကို နှုတ်ဆက်ပါတယ် ”
ဟန်မူယဲ့၏ အသံက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
တိုးညင်းသော တုံ့ပြန်သံတချို့က ခန်းဆောင်ထဲမှာ မသဲမကွဲ ထွက်ပေါ်လာသည်။ သို့သော်လည်း အသံက အလွန်တိုးညင်းသည်။ ဂိုဏ်းခေါင်းဆောင်၏ အရှေ့မှာ မည်သူမှ ဟန်မူယဲ့ကို ပေါ်ပေါ်ထင်ထင် မနှုတ်ဆက်ဝံ့ကြချေ။
အမြင့်ဆုံးနေရာမှာ ထိုင်နေသော ရှမင်တန်က ညင်သာစွာ ပြုံးလိုက်သည်။
“ တောင်ထွတ်အရှင်သခင်ဟန်… ကောင်းကင်အသင်္ချေဓားဂိုဏ်း အခုလို အခက်ကြုံနေတဲ့အချိန်မှာ လစန္ဒာတောင်ထွတ်က အရှေ့ထွက်ဖို့ ဆန္ဒရှိတယ်… အဲ့ဒီအတွက် တစ်ဂိုဏ်းလုံးရဲ့ ကိုယ်စား ကျုပ်က ခင်ဗျားကို ကျေးဇူးတင်ပါတယ် ”
ရှမင်တန်က မတ်တတ်ရပ်လိုက်ပြီး ဟန်မူယဲ့ကို ကြည့်လိုက်သည်။
တိုက်ပွဲစိတ်ဆန္ဒပါဝင်သော သွေးအနှစ်သာရက သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသည်။
ထိုတိုက်ပွဲစိတ်ဆန္ဒက ဟန်မူယဲ့ကြောင့် ထွက်ပေါ်လာခြင်း မဟုတ်ပေ။ ယင်းအစား အဝေးမှ သွေးချီအလင်းတန်းများကြောင့် ဖြစ်သည်။
“ ဒေါင် ”
“ ဒေါင် ”
ယင်းက အစွမ်းထက်ရန်သူများ တိုက်ခိုက်လာပြီဟုသော ခေါင်းလောင်းအချက်ပေးသံ ဖြစ်သည်။
ရှမင်တန်က လက်သီးဆုပ်လိုက်ပြီး ပြောသည်။
“ တောင်ထွတ်အရှင်သခင်ဟန်… ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် ခင်ဗျားရဲ့ လစန္ဒာတောင်ထွတ်ကို တိုက်ပွဲဆီ ဦးဆောင်သွားဖို့ ခင်ဗျားဆန္ဒရှိလား ”
လစန္ဒာတောင်ထွတ်ကို တိုက်ပွဲဆီသို့ ခေါ်ဆောင်သွားနိုင်မလား။
ရှမင်တန်က တဲ့တိုးပြောသည်။
ခန်းဆောင်ထဲမှ လူတိုင်းက ဟန်မူယဲ့ကို ကြည့်လိုက်ကြသည်။
လွန်ခဲ့သော ခြောက်လအတွင်းမှာ လစန္ဒာတောင်ထွတ်က မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ပေ။ အခြားတစ်ဖက်မှာတော့ တခြားတောင်ထွတ်များက ကြီးမားသော ဆုံးရှုံးမှုများကို တွေ့ကြုံခဲ့ကြရသည်။
ဤတစ်ကြိမ်က လစန္ဒာတောင်ထွတ် သွေးထွက်ရမည့်အလှည့် ဖြစ်သည်။
ဟန်မူယဲ့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက ရှမင်တန်ကို မော့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြောသည်။
“ ဂိုဏ်းခေါင်းဆောင်က လစန္ဒာတောင်ထွတ်ကို တိုက်ပွဲဆီ ခေါ်ဆောင်သွားစေချင်တယ်ဆိုမှတော့ ကျုပ်တစ်ခုလောက် မေးချင်ပါတယ်… တိုက်ပွဲအကျိုးဆောင်မှုအတွက် ဂိုဏ်းက ကျုပ်တို့ကို စည်းမျဉ်းအတိုင်း ဆုလာဘ်ချီးမြှင့်ပေးမှာလား ”
အခန်း(၁၅၈၂)
တိုက်ပွဲအကျိုးဆောင်မှုအတွက် ဆုလာဘ်… ။
ဒီလိုအချိန်မှာလား… ။
ခန်းဆောင်ထဲမှ လူတိုင်းက အံ့ဩသွားကြသည်။
ရှမင်တန်၏ မျက်လုံးထဲမှာပင် အံ့ဩသော အရိပ်အမြွက် ထွက်ပေါ်လာသည်။ ထို့နောက် သူက ခေါင်းညိတ်လိုက်သည်။
“ တောင်ထွတ်အရှင်သခင်ဟန်… ခင်ဗျားစိတ်ချပါ… ဒီတိုက်ပွဲမှာ ခင်ဗျားရဲ့ လစန္ဒာတောင်ထွတ်က ကိုယ်ပိုင်အကျိုးအမြတ်ကို ရှာဖွေနိုင်ရုံတင်မကဘူး ကောင်းကင်အသင်္ချေဓားဂိုဏ်းကလည်း ခင်ဗျားကို ဂိုဏ်းစည်းမျဉ်းတွေအတိုင်း ဆုလာဘ်နှစ်ဆချီးမြှင့်ပေးမယ် ”
ဂိုဏ်းက လက်ရှိအခြေအနေမှာ ကပ်ဘေးကြီးနှင့် ရင်ဆိုင်နေရလေရာ ဆုလာဘ်များကို နှစ်ဆချီးမြှင့်ပေးခြင်းက လွန်ကျူးသည်ဟု မဆိုနိုင်ပေ။
သို့သော်လည်း လူမည်မျှက ထိုသို့ဆုလာဘ်များကို အသက်ရှင်လျက် ရရှိနိုင်ကြမည်နည်း။
ဆုလာဘ်အတွက် ရောက်လာသူများထဲတွင် အများစုက တိုက်ပွဲအတွင်းမှာ သေဆုံးသွားကြလိမ့်မည်။
“ ကောင်းတယ် ”
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး အလင်းတန်းအဖြစ် ပြောင်းလဲလိုက်ကာ ခန်းဆောင်အပြင်သို့ ပြန်ထွက်သွားသည်။
ခန်းဆောင်ထဲတွင် တခြားလူများက တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာက မတူညီကြချေ။ တချို့က စိုးရိမ်ကြောင့်ကြနေကြပြီး တချို့က စိတ်သက်သာရာရသွားကြသည်။ တချို့သည်တော့ စိတ်ရှုပ်ထွေးနေကြသည်။
ရှမင်တန်၏ အမူအရာက မပြောင်းလဲသွားပေ။ သို့သော်လည်း အေးစက်စက်အလင်းက သူ၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။
“ အားလုံးပဲ… လစန္ဒာတောင်ထွတ်က အားမနည်းဘူးဆိုပေမဲ့ အစွမ်းထက်ရန်သူတွေကို တားဆီးဖို့ သူတို့ချည်းပဲ အားကိုးနေလို့မဖြစ်ဘူး… နောက်ထပ် အရံအစီအစဉ်တွေ ဘယ်လိုလုပ်ရမလဲဆိုတာ ကျုပ်တို့ဆက်ဆွေးနွေးကြမယ် ”
ရှမင်တန်က တည်ကြည်လေးနက်စွာ ပြောရင်း ခန်းဆောင်ထဲမှ လူများကို ဝေ့ဝိုက်ကြည့်လိုက်သည်။
“ တကယ်လို့ မဖြစ်မနေ လိုအပ်လာမယ်ဆိုရင် ကျုပ်တို့တွေ ဂိုဏ်းကို စွန့်ခွာကြရမယ် ”
လူကို ကယ်ဆယ်ရန် ဂိုဏ်းကို စွန့်လွှတ်မည်။
ခန်းဆောင်ထဲမှ မည်သူမှ ထိုအဆိုပြုချက်ကို မဆန့်ကျင်ကြပေ။
သို့သော်လည်း အကယ်၍ ဂိုဏ်းခေါင်းဆောင်က ဂိုဏ်းကို စွန့်လွှတ်ရန် ကြံစည်နေသည်ဆိုလျှင် မည်သို့ကြောင့် သူက ဟန်မူယဲ့နှင့် လစန္ဒာတောင်ထွတ်ကို တိုက်ပွဲဆီသို့ စေလွှတ်ရသနည်း။
မှန်ပေသည်။ ယင်းက လူတိုင်း၏ စိတ်ထဲမှ အတွေးသာ ဖြစ်သည်။ မည်သူမှ ယင်းကို အပြင်မှာ ထုတ်မပြောဝံ့ကြချေ။
လစန္ဒာတောင်ထွတ်နှင့် ကောင်းကင်အသင်္ချေတောင်ထွတ်ကြားမှ ရန်ငြိုးကြောင့် လစန္ဒာတောင်ထွတ်ကို စတေးလိုက်ခြင်းက ယုတ္တိမရှိသောအရာ မဟုတ်ပေ။
အလင်းတန်းအဖြစ် ပြောင်းလဲထားသော ဟန်မူယဲ့က စက္ကန့်ပိုင်းလေးအတွင်းမှာ လစန္ဒာတောင်ထွတ်ဆီသို့ ပြန်ရောက်လာသည်။
တပည့်များနှင့် အကြီးအကဲများက သူ၏ ပြန်အလာကို စောင့်ဆိုင်းနေကြသည်။
လစန္ဒာတောင်ထွတ်၏ အဓိကခန်းဆောင်ထဲတွင် ဟန်မူယဲ့က ရှမင်တန်ပြောခဲ့သော ကတိကို အတိုချုံ့၍ ပြန်ပြောလိုက်သည်။
ဆုလာဘ်များက မက်မောစရာကောင်းသော်လည်း ယင်းတို့ကို သိမ်းယူရန် တစ်စုံတစ်ယောက်က အသက်ရှင်ရမည်။
ထိုသဘောတရားကို လူတိုင်းက နားလည်ကြသည်။
သို့သော်လည်း သူတို့၏ လစန္ဒာတောင်ထွတ်က အစွမ်းထက်ရန်သူများဖြင့် ရင်ဆိုင်ရတော့မည်ဖြစ်ကြောင်း ကြားလိုက်ရသောအခါ လူတိုင်းက အနည်းငယ် စိုးရိမ်လာကြသည်။
ဤတစ်ကြိမ်တွင် သူတို့က သေခြင်းရှင်ခြင်းတိုက်ပွဲကို အမှန်တကယ် ရင်ဆိုင်ကြရတော့မည်။
တာအိုအဆင့် ကျင့်ကြံသူများဖြစ်သော တုချန်း၊ မိန့်ယုချန်နှင့် တခြားလူများသည်ပင် အသက်ရှင်လျက် ပြန်လာနိုင်လိမ့်မည်ဟု အာမခံချက်မရှိပေ။
ဟန်မူယဲ့က လူတိုင်း၏ စိုးရိမ်မှုကို မြင်တွေ့သွားသည်။
“ ငါ့ရဲ့ လစန္ဒာတောင်ထွတ်က အပိုဆုလာဘ်ကို ချီးမြှင့်ပေးမယ် ”
အပိုဆုလာဘ်လား… ။
လစန္ဒာတောင်ထွတ်က မည်သည့်အရာကို ဆုလာဘ်အဖြစ် ချီးမြှင့်ပေးမည်နည်း။
မြေကွက်လပ်ထဲမှ လူတိုင်းက ဟန်မူယဲ့ထံသို့ ကြည့်လိုက်ကြသည်။
ဟန်မူယဲ့က ကျောက်မင်ယွင်နှင့် ယုရှောက်ကုန်းကို လူအုပ်ထဲမှ ခေါ်ထုတ်လိုက်ပြီး စကားလုံးတချို့ တီးတိုးပြောလိုက်သည်။
ထိုနှစ်ယောက်က အံ့ဩသွားပြီး အမြန်ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က ကျမ်းစာဆောင်ဆီသို့ တစ်ဟုန်ထိုး ပြေးသွားကြသည်။
တစ်ခဏကြာပြီးနောက် သုံးမီတာရှည်လျားသော ကျောက်ပြားဆယ်ချပ်က မြေကွက်လပ်ဆီသို့ ရွှေ့ပြောင်းခံလိုက်ရသည်။
ထို့ပြင် သေတ္တာအများအပြားလည်း ပါဝင်ကြသည်။
ထိုကျောက်ပြားများပေါ်မှာ လစန္ဒာတောင်ထွတ်၏ အမွေအနှစ်ဖြစ်သော ဓားသင်္ကေတအမှတ်အသားများကို ရေးထွင်းထားသည်။
သေတ္တာများထဲတွင်တော့ သံချပ်ကာများနှင့် ဆေးလုံးများ ရှိသည်။ ယင်းတို့က သူတို့၏ တိုက်ပွဲစွမ်းအားကို မြှင့်တင်ပေးနိုင်သည်။
ထိုသေတ္တာများကို ဖွင့်လှစ်လိုက်သည့်အခါ လူတိုင်းက ပါးစပ်အဟောင်းသားဖြစ်သွားကြသည်။
“ အဲ့ဒီကျောက်ပြားတွေပေါ်က လစန္ဒာတောင်ထွတ်ရဲ့ ဓားတာအိုအမွေအနှစ်ကို တိုက်ပွဲအကျိုးပြုမှုတုံကင်တွေနဲ့ လဲလှယ်နိုင်တယ် ”
“ သေတ္တာတွေထဲက သံချပ်ကာတွေနဲ့ ဆေးလုံးတွေကိုလည်း တိုက်ပွဲအကျိုးပြုမှုတုံကင်တွေနဲ့ လဲလှယ်နိုင်တယ် ”
ဟန်မူယဲ့က မြေကွက်လပ်ထဲမှ လူတိုင်းကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ ဒီပစ္စည်းတွေအားလုံးကို ရှေ့တန်းဆီ ငါသယ်ဆောင်သွားမယ်… ရန်သူတွေကို သတ်ဖြတ်ပြီး တိုက်ပွဲအကျိုးပြုမှုရရှိတဲ့ ဘယ်သူမဆို ဒါတွေနဲ့ ချက်ချင်း လဲလှယ်နိုင်မယ် ”
“ တိုက်ပွဲမှာ ပါဝင်ကြမယ့် လစန္ဒာတောင်ထွတ်က လူတွေက အခုချက်ချင်း အထုပ်အပိုးသွားပြင်ကြပါ… နာရီဝက်နေရင် ငါတို့ထွက်ခွာကြမယ် ”
ဟန်မူယဲ့က ရတနာပစ္စည်းများကို ရှေ့တန်းဆီသို့ တစ်ခါတည်း သယ်ယူသွားရန် စီစဉ်ထားသည်။ သို့မှသာ လစန္ဒာတောင်ထွတ်မှ တပည့်များက တိုက်ပွဲမှာ စိတ်အားထက်သန်စွာ ပါဝင်ကြလိမ့်မည်။
သူတို့က လစန္ဒာတောင်ထွတ်မှ တပည့်များဖြစ်ကြပြီး ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ တစ်စိတ်တစ်ပိုင်း ဖြစ်သော်လည်း ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် သူတို့ကြားမှ ဆက်ဆံရေးက မကောင်းမွန်ပေ။ သို့ဖြစ်၍ သူတို့ထဲမှ မည်သူမှ ကောင်းကင်အသင်္ချေဓားဂိုဏ်းအတွက် အသက်စတေး၍ တိုက်ခိုက်ပေးကြလိမ့်မည် မဟုတ်ချေ။
ဤနည်းလမ်းဖြင့်သာ ဟန်မူယဲ့က သူတို့၏ တိုက်ခိုက်ချင်စိတ်ကို လှုံ့ဆော်နိုင်လိမ့်မည်။
ဟန်မူယဲ့က သူတို့ကို သေတွင်းထဲသို့ တကယ်မပို့ချင်သလို လစန္ဒာတောင်ထွတ်မှ တပည့်များ အလုံအလောက် မသန်မာမည်ကိုလည်း စိတ်မဝင်စားပေ။ သူက လစန္ဒာတောင်ထွတ်အရှင်သခင်ဟူသော သူ၏ တာဝန်ကိုသာ ရိုးရှင်းစွာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်၏။
ယခု သူက မဟာပန်သွန်ဘုံထဲမှာ သရုပ်တစ်ခုကို ရရှိထားမှတော့ သူ၏ သရုပ်အတိုင်း လိုက်လံလုပ်ဆောင်ရလိမ့်မည်။
နာရီဝက်ကြာပြီးနောက် လစန္ဒာတောင်ထွတ်၏ အဓိကခန်းဆောင်ရှေ့မှ မြေကွက်လပ်ထဲတွင် တပည့်ငါးရာကျော်က တည်ကြည်လေးနက်စွာ မတ်တတ်ရပ်နေကြသည်။
ထိုထဲမှာ အကြီးအကဲနှစ်ယောက်၊ သင်ကြားရေးဆရာများနှင့် လက်ရွေးစင်တပည့်များ ပါဝင်ကြသည်။
ကျန်တပည့်တစ်ရာကျော်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိသောကြောင့် သို့မဟုတ် သေရမည်ကို ကြောက်ရွံ့သောကြောင့် တိတ်တဆိတ် အနောက်ဆုတ်သွားကြသည်။
ဟန်မူယဲ့က ထိုတပည့်များကို လျစ်လျူရှုထားသည်။ ထို့နောက် သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လစန္ဒာတောင်ထွတ်မှ တပည့်ငါးရာကျော်ကို ဦးဆောင်၍ တောင်အောက်သို့ ကိန်းကြီးခန်းကြီးပုံစံဖြင့် ဆင်းသွားသည်။
ဓားအလင်းက သွေးချီအနှစ်သာရနှင့် ပေါင်းစပ်သွားသည့်အခါ သုံးပေရှည်လျားသော ဓားပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။
အဝေးတွင် တခြားတောင်ထွတ်အသီးသီးမှ တောင်ထွတ်အရှင်သခင်များနှင့် အကြီးအကဲများက ထိုမြင်ကွင်းကို မြင်သွားသောအခါ စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ကြသည်။
လစန္ဒာတောင်ထွတ်က အမှန်တကယ် လှုပ်ရှားလိုက်လေပြီ။
“ ဟား ဟား… သူတို့တွေ ဘယ်လောက်ကြာကြာ တောင့်ခံနိုင်မလဲ စောင့်ကြည့်ရအောင် ”
မုတ်ဆိတ်ဖြူအကြီးအကဲတစ်ယောက်က ညင်သာစွာ ပြောသည်။
“ တောင်ထွတ်အရှင်သခင်ဝုယွင်… ခင်ဗျားရဲ့ စကားက မှားနေတယ်… သူတို့တွေ ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်မလဲလို့ ပြောရမှာ ”
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော အကြီးအကဲက ဝင်ပြောသည်။ အေးတိအေးစက် အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်နေသည်။
“ ဂိုဏ်းကို သစ္စာဖောက်တဲ့လူတွေက သေဖို့ ထိုက်တန်တယ် ”
ဖြစ်နိုင်သည်မှာ ယင်းက ယခုအချိန်မှာ လူအများအပြား တွေးနေကြသောအရာ ဖြစ်၏။ သို့သော်လည်း သူတို့ထဲမှ မည်သူမှ ယင်းကို ထုတ်ဖော်မပြောဝံ့ကြချေ။
ယခု တစ်စုံတစ်ယောက်က သူတို့ကိုယ်စား ထုတ်ဖော်ပြောလိုက်လေရာ အပြုံးက သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။
လစန္ဒာတောင်ထွတ်က မည်မျှကြာကြာ တောင့်ခံနိုင်ပြီး လူမည်မျှ အသက်ရှင်ကျန်ရစ်မည်ကို သူတို့က စောင့်ကြည့်ချင်ကြသည်။
…..
ထျန်းလေတောင်တန်း… ။
ထိုနေရာက ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် မိုင်တစ်ထောင်အဝေးမှာ တည်ရှိသော တောင်တန်းဒေသဖြစ်သည်။ ထိုတောင်တန်းက မိုင်တစ်ရာရှည်လျားပြီး ပေတစ်ထောင်မြင့်မားသည်။
ထိုတောင်တန်းက ထျန်းလေကျောက်တုံးများနှင့် လေဝိညာဉ်သစ်သားများကို ထုတ်လုပ်ပေးနိုင်သောကြောင့် နာမည်ကျော်ကြားသည်။ သို့ဖြစ်၍ ကောင်းကင်အသင်္ချေဓားဂိုဏ်းမှ တပည့်များသည် ထျန်းလေတောင်တန်းမှာ အမြဲစခန်းချကြလေ့ ရှိသည်။
ဤအခိုက်အတန့်မှာ ယခင်စခန်းချထားကြသော တပည့်များက ထွက်ပြေးသွားကြလေရာ မြေကြီးပေါ်တွင် အစိမ်းရောင်ကျောက်တုံးအိမ်များသာ ကျန်ရှိကြတော့သည်။
လစန္ဒာတောင်ထွတ်မှ တပည့်များက လူမရှိသော ထိုကျောက်တုံးအိမ်များဆီသို့ ရောက်ရှိလာကြပြီး ယင်းတို့ကို သိမ်းပိုက်လိုက်ကြသည်။
“ တောင်ထွတ်အရှင်သခင်ကို သတင်းပို့ပါတယ်… ဒီနေရာရဲ့ အကာအကွယ်ဝင်္ကပါက အကောင်းတိုင်း ရှိနေသေးပါတယ်… ဒါပေမဲ့ မဟာပန်သွန်ကျောက်တုံး အလုံအလောက်မရှိရင် အကာအကွယ်ဝင်္ကပါကို အသက်သွင်းဖို့ ခက်ခဲပါလိမ့်မယ် ”
“ တောင်ထွတ်အရှင်သခင်… ထျန်းလေတောင်တန်းရဲ့ အတားအဆီးတွေက ပျက်ပြယ်ကုန်ပါပြီ… ဒါကြောင့် ဂိုဏ်းအသီးသီးက တပည့်တွေက တောင်ခြေမှာ စခန်းချထားကြပြီး သတ္ထုတွင်းတွေကို ရှာဖွေနေကြပါတယ် ”
သတင်းတင်ပြမှုများက တပည့်တစ်ယောက်ပြီးတစ်ယောက်ထံမှ ထွက်ပေါ်လာသည်။
အစိမ်းရောင်ကျောက်တုံးခန်းဆောင်ထဲတွင် လေထုက အနည်းငယ် တင်းကျပ်လာသည်။
ဂိုဏ်အချင်းချင်း တိုက်ခိုက်ကြသော တိုက်ပွဲများထဲတွင် ရန်သူ၏ အသက်ကို နုတ်ယူသော တိုက်ပွဲများသာ အရေးကြီးခြင်း မဟုတ်ပေ။ ဂိုဏ်း၏ အရင်းအမြစ်များကို လုယက်ဖျက်ဆီးခြင်းကလည်း အရေးကြီးပေသည်။
ကောင်းကင်အသင်္ချေဓားဂိုဏ်းနှင့် ရန်ငြိုးရှိသော အင်အားစုများ သို့မဟုတ် ဂိုဏ်း၏ အမွေအနှစ်များကို မျက်စိကျနေကြသော အင်အားစုများသာလျှင် အသေအကြေတိုက်ပွဲကို လုပ်ဆောင်ကြလိမ့်မည်။ တခြားရန်သူများသည်တော့ သူတို့က မလိုအပ်လျှင် အသေအကြေ တိုက်ခိုက်ကြလိမ့်မည် မဟုတ်ချေ။
ထျန်မင်ဂိုဏ်းနှင့် တခြားဂိုဏ်းများက ကောင်းကင်အသင်္ချေဓားဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်လာခြင်းမှာ ကောင်းကင်အသင်္ချေဓားဂိုဏ်းက အတွင်းရေးပဋိပက္ခဖြင့် အင်အားနည်းနေသောကြောင့် ဖြစ်၏။ သူတို့က ထိုအခွင့်အရေးကို အသုံးချ၍ ကောင်းကင်အသင်္ချေဓားဂိုဏ်း၏ ပိုင်နက်များနှင့် အရင်းအမြစ်များကို လုယက်ချင်ကြသည်။
ဂိုဏ်းများကြားမှ ရန်ငြိုးက ထိုမျှမနက်ရှိုင်းပေ။
“ ထျန်လေတောင်တန်းရဲ့ အကာအကွယ်ဝင်္ကပါကို ငါအသက်သွင်းမယ်… မိုင်သုံးရာအတွင်းမှာ တိုက်ခိုက်ကြတဲ့ လစန္ဒာတောင်ထွတ်က တပည့်အားလုံးက အကာအကွယ်ဝင်္ကပါရဲ့ အထောက်အပံ့ကို ရရှိကြမယ် ”
ဟန်မူယဲ့က သူ့အရှေ့မှ လူတိုင်းကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
သူ၏ အစီအရင်တာအိုက ဤဘုံတွင် ထိပ်တန်းအဆင့်ရှိကြောင်း ဟန်မူယဲ့ သေချာသည်။
“ ရန်သူတွေကို တိုက်ခိုက်ပြီး ရလာမယ့် အကျိုးပြုမှုတုံကင်တွေကို ဂိုဏ်းက ဆုလာဘ်တွေနဲ့ လဲလှယ်နိုင်လိမ့်မယ်… ဒါ့အပြင် လစန္ဒာတောင်ထွတ်ကလည်း အပိုဆုလာဘ်တွေ ပေးလိမ့်မယ် ”
“ ကျင့်ကြံခြင်းအရင်းအမြစ်တွေ၊ ဆေးလုံးတွေ၊ သံချပ်ကာတွေကို တိုက်ပွဲအကျိုးပြုမှုတုံကင်တွေနဲ့ လဲလှယ်နိုင်တယ် ”
ဟန်မူယဲ့က တိုက်ရိုက် ကတိပေးလိုက်သည်။
သူ၏ စကားကို ကြားသောအခါ လူတိုင်းက ဝမ်းသာပျော်ရွှင်သွားကြသည်။
ယင်းက ဆုလာဘ်နှစ်ဆရမည့် ကတိဖြစ်သည်။
“ ဘာမှစိတ်မပူပါနဲ့ တောင်ထွတ်အရှင်သခင်… ကျုပ်တို့တွေ အစွမ်းကုန်သုံးပြီး ရန်သူတွေကို တိုက်ခိုက်ပါမယ် ”
“ တောင်ထွတ်အရှင်သခင်… ကျုပ်တို့တွေ အခုပဲ ထွက်ခွာပြီး သတ္ထုတွင်း လိုက်ရှာနေကြတဲ့ တခြားဂိုဏ်းတွေက တပည့်တွေကို တိုက်ခိုက်ပါမယ် ”
အော်သံများက ကျယ်လောင်စွာ ပဲ့တင်ထပ်သွားသည်။
လစန္ဒာတောင်ထွတ်မှ တပည့်များက တိုက်ခိုက်ရန် သွေးပွက်ပွက်ဆူနေကြသည်။
မည်သို့ဖြစ်ပါစေ သူတို့က ဤခြောက်လအတွင်းမှာ သိသိသာသာ အင်အားကြီးမားလာလေရာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိကြသည်။ ထို့ပြင် ဆုလာဘ်နှစ်ဆရမည့် ဟန်မူယဲ့၏ ကတိစကားကလည်း သူတို့ကို အလွန်သွေးဆောင်နေသည်။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်သည်။ သူက တုချန်းနှင့် တခြားလူများကို အဖွဲ့ဆယ်ဖွဲ့ဖွဲ့ရန် ညွှန်ကြားလိုက်သည်။ ထိုဆယ်ဖွဲ့၏ ခေါင်းဆောင်များက တာအိုအဆင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့နောက် အဖွဲ့ဆယ်ဖွဲ့က တောင်အောက်သို့ ဆင်းသွားကြသည်။
တောင်ပေါ်တွင်တော့ လက်တလောမှာ အင်အားမတိုးတတ်ခဲ့ကြသော တပည့်ဒါဇင်ခန့်က အစောင့်အကြပ်များအဖြစ် ကျန်နေခဲ့ကြသည်။ သူတို့၏ ကျင့်ကြံခြင်းက စဦးဉာဏ်အလင်းရအဆင့်နှင့် အလယ်အလတ် ဉာဏ်အလင်းရအဆင့်မှာ ဖြစ်ကြသည်။
ထိုတပည့်များ၏ တိုက်ပွဲစွမ်းအားက သာမန်ဖြစ်သော်လည်း သူတို့က တောင်လေတောင်တန်းဆီသို့ လိုက်လာရန် သတ္တိရှိကြပေသည်။
အဖွဲ့ဆယ်ဖွဲ့က တောင်အောက်သို့ ဆင်းသွားကြသည့်အခါ ဟန်မူယဲ့က လက်မြှောက်လိုက်သည်။ ထိုအခါ အလင်းစီးကြောင်းတစ်ခုက သူ၏ ဘေးပတ်ဝန်းကျင်မှာ ထွက်ပေါ်လာသည်။
ယင်းတို့က မဟာပန်သွန်ကျောက်တုံးများ ဖြစ်ကြသည်။