← Chapters

အခန်း (၅၁+၅၂)

Vol. 6 Ch. 51+52

အခန်း (၅၁+၅၂)

Vol. 6 Ch. 51+52

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၁ + ၅၂)

ကတ္တရာလမ်းမထက်ပေါ်သို့ မိုးဖွဲဖွဲလေးများက တဖွားဖွားကျဆင်းနေပြီး မနက်ခင်းလေအေးတစ်ချက်က လူသွားလမ်းများပေါ်ရှိ သစ်ရွက်ခြောက်များကို တရွတ်တိုက် ဆွဲယူသွားသည်။

မိုးရေစက်များကြောင့် စိုစွတ်အေးမြနေသည့် လမ်းမများသည် မနက်ခင်းနေရောင်ခြည်၏ အလင်းရောင်ကို တောက်ပစွာ ပြန်ဟပ်နေသည်။

လမ်းဘေးဝဲယာရှိ သစ်ပင်များမှ အစိမ်းရောင်အရွက်များပေါ်တွင် တွဲလောင်းကျနေသော မိုးရေစက်ကလေးများက ရွှေရောင်ပုလဲစေ့များနှယ် တလက်လက် တောက်ပနေ၏။

မိုး၏အေးစိမ့်မှုက ကော်ဖီဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များမှ ထွက်ပေါ်လာသော နွေးထွေးသည့်အငွေ့အသက်များနှင့် ရောယှက်ကာ မြို့တော်၏ မနက်ခင်းကို ထူးခြားသော ရနံ့များဖြင့် ပြည့်နှက်စေသည်။

ထိုလမ်းမပေါ်တွင်ပင် ရွမ်းဟွမ်မြို့ခံများ ကောင်းစွာသိကြသည့် တရုတ်ခေါက်ဆွဲဆိုင်လေးတစ်ဆိုင် တည်ရှိသည်။ အနီရောင်ဖျော့ဖျော့ အမိုးအကာကြီးက ဆိုင်၏ မျက်နှာစာကို ကာကွယ်ပေးထားပြီး ဆိုင်အဝင်ဝတွင် ချိတ်ဆွဲထားသည့် မီးအိမ်နီလုံးလေးနှစ်လုံးက မိုးအုံ့နေသော မနက်ခင်း၌ အဝါရောင်အလင်းကို မှိန်ပြပြ ဖြန့်ကျက်ပေးနေသည်။

ဆိုင်၏ နံရံများကို ရိုးရှင်းစွာ အုတ်စီထားပြီး အချို့နေရာများတွင် ပန်းချီကားဟောင်းများ ချိတ်ဆွဲထားသည်ကို တွေ့ရသည်။ ပြတင်းပေါက်ကျယ်ကြီးများက ဆိုင်အတွင်းပိုင်းကို ပြင်ပမှ လှမ်းမြင်နိုင်စေပြီး အတွင်းဘက်မှ လူများကလည်း မိုးဖွဲဖွဲကျနေသည့် လမ်းမကို ငေးမောကြည့်ရှုနိုင်ကြသည်။

ဆိုင်ပတ်ပတ်လည်တွင် ခေါက်ဆွဲပြုတ်ရည်၏ မွှေးပျံ့သောရနံ့၊ အသားနှင့် ဟင်းခတ်အမွှေးအကြိုင်တို့၏ သင်းပျံ့သောရနံ့များ လေထဲတွင် ဝဲပျံနေသည်။ မနက်ခင်းတွင် မြို့တော်၏ ရှုပ်ထွေးဆူညံမှုများ မစတင်မီပင် ဤဆိုင်လေးသည် နွေးထွေးသော ခိုနားရာတစ်ခုသဖွယ် ဖြစ်တည်နေသည်။

ဆိုင်အတွင်းသို့ ဝင်လိုက်သည်နှင့် မျှော်လင့်ထားသည်ထက် ပိုမို၍ သန့်ရှင်းသပ်ရပ်မှုက မျက်စိထဲသို့ ဝင်ရောက်လာသည်။ စားပွဲခုံများကို တောက်ပြောင်နေအောင် သုတ်သင်ထားပြီး ထိုင်ခုံများကလည်း တစ်လုံးချင်းစီ စနစ်တကျ ခင်းကျင်းထားသည်။

ဆိုင်၏ ကြမ်းပြင်သည်လည်း သန့်ရှင်းနေပြီး မိုးရွာနေသော်လည်း ရွှံ့ညွန်များပေကျံနေခြင်းမရှိပေ။ ဆိုင်၏ ထောင့်တစ်နေရာရှိ မီးဖိုချောင်မှ ဟင်းချက်စားဖိုမှူးဆရာကြီး၏ လှုပ်ရှားသံများ၊ ဒယ်အိုးချင်းရိုက်ခတ်သံများနှင့် ရေနွေးငွေ့များ ထွက်ပေါ်နေသည်ကို တွေ့ရသည်။

လက်ရှိအချိန်တွင် လူဆယ်ဂဏန်းကျော်ခန့် ဆိုင်အတွင်းတွင် ရှိနေကြပြီး အများစုမှာ တိုးတိုးတိတ်တိတ် စကားပြောဆိုနေကြသည်။ ဖုန်းသံအကျယ်ကြီးဖြင့် ပတ်ဝန်းကျင်အား မနက်စောစောစီးစီး စိတ်ဒုက္ခပေးနေသည့် ကမကလ များလည်းရှိ၏။

နံရံ၏ အလယ်ဗဟိုနားတွင် ဈေးနှုန်းစာရင်းကြီးတစ်ခုကို သစ်သားဘုတ်ပေါ်တွင် တရုတ်စာလုံးကြီးများဖြင့် ရေးသားကာ ချိတ်ဆွဲထားသည်။ ဈေးနှုန်းများသည် အများအားဖြင့် သင့်တင့်မျှတပြီး ဒေသခံများအတွက် လက်လှမ်းမီသော ဈေးနှုန်းများဖြစ်သည်။ ထိုဈေးနှုန်းစာရင်း၏ အပေါ်ဘက်တွင် ဂဏန်းများ ရှင်းလင်းစွာ ဖော်ပြထားသည့် နံရံကပ်နာရီကြီးတစ်လုံးက ၈ နာရီခွဲပြီဖြစ်ကြောင်း တိကျစွာ ဖော်ပြနေသည်။

ရှောင်ယွမ်နှင့် ပယ်လာဟောတို့နှစ်ဦးသည် ပြတင်းပေါက်ဘေးရှိ စားပွဲထောင့်လေးတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသည်။

သူတို့နှစ်ဦးစလုံး စကားမပြောဆိုကြသော်လည်း သူတို့၏မျက်လုံးများက တစ်ခါတစ်ရံ မိုးရေများ တဖြောက်ဖြောက်ကျနေသည့် ပြတင်းပေါက်ဘက်သို့ သို့မဟုတ် နာရီဘက်သို့ ငဲ့ကြည့်တတ်သည်။

နွေးထွေးသော လက်ဖက်ရည်နံ့နှင့် ခေါက်ဆွဲနံ့များက ဆိုင်အတွင်း၌ ဝဲပျံနေပြီး မနက်ခင်း၏ တိတ်ဆိတ်မှုကို ဖြည့်ဆည်းပေးသည်။

ထျန်ရှင်းလုဟာတော့ အစီအစဥ်များရှိသေးသည်မို့ ယခုလောလောဆယ်တွင် ရှောင်ယွမ်၏အသွင်သို့ပြန်ပြောင်းထားလေသည်။ ပယ်လာဟောဟာလည်း ထပ်မံ၍အသွင်​​ပြောင်းထားလေ၏။

သူဟာ ကတုံးပြောင်ပြောင်၊ ဗလတောင့်တောင့်ဖြင့်ရှိနေဆဲဖြစ်သော်လည်း အရပ်ကတော့ ၆ ပေ ၅ လက်မလောက်ဖြစ်သွားသည်။ ရှောင်ယွမ်က တစ်ခါတစ်ရံတွင် ဖုန်းကိုထုတ်ကြည့်ကာ၊ စစ်ဆေးတတ်သည်။

ပယ်လာဟောကတော့ ဟိုကြည့်ဒီကြည့်ဖြင့် လူသားများ၏ထူးဆန်းမှုအား လေ့လာနေသည်။

ခဏအကြာတွင် ရှောင်ယွမ်နှင့် ပယ်လာဟောတို့၏ ခေါက်ဆွဲပန်းကန်များ ရောက်ရှိလာသည်။ ပန်းကန်များထဲတွင် မွှေးကြိုင်သော ခေါက်ဆွဲပြုတ်ရည်၊ ဆူဆူဖြိုးဖြိုး ခေါက်ဆွဲဖတ်များ၊ ပါးပါးလှီးထားသော အသားပြားများနှင့် ကြက်သွန်မြိတ်စိမ်းစိမ်းလေးများက အစီအရီ တင်ထားသည်။ ပူနွေးသော ရေနွေးငွေ့များက ပန်းကန်များမှ လှိုင်လှိုင်ထွက်ပေါ်နေပြီး အနံ့အရသာကို ပိုမိုပြည့်စုံစေသည်။

သူတို့နှစ်ဦးစလုံး စကားတစ်ခွန်းမှ မပြောကြဘဲ ခေါက်ဆွဲများကို တူဖြင့်ညှပ်၍ စတင်စားသုံးကြသည်။ တူသံနှင့် ခေါက်ဆွဲစုပ်သံဖျစ်ဖျစ်များကသာ ဆိတ်ငြိမ်သော ဆိုင်ထဲတွင် ထင်ရှားစွာ ကြားနေရသည်။ ရှောင်ယွမ်သည် ခေါက်ဆွဲဖတ်များကို ညှပ်ယူပြီး ပါးစပ်ထဲသို့ သွင်းလိုက်တိုင်း မျက်လုံးများကို မှိတ်၍ အရသာကို ခံစားနေသည်။

“အင်း.....”

ပယ်လာဟောဟာတော့ တူသုံးရသည်မှာ အဆင်မပြေသောကြောင့် ခပ်တည်တည်ပဲ ကြမ်းပြင်ပေါ်သို့လွင့်ပြစ်လိုက်ကာ လက်ကြီးဖြင့်နှိုက်စားလိုက်သည်။

ဆိုင်ရှင်က မကျေနပ်ဖြစ်သွားသော်လည်း ပယ်လာဟော၏ ကြမ်းကြုတ်မည့် လူမိုက်အသွင်အပြင်ကြောင့် သွားမပြောရဲချေ။ သို့သော် စိတ်ထဲတွင်တော့ ပယ်ပယ်နှယ်နှယ်ကျိန်ဆဲနေ၏။

ပယ်လာဟောကလည်း သူ့ခေါက်ဆွဲပန်းကန်ထဲမှ အသားများကို သေသေချာချာ စားသုံးနေပြီး ခေါက်ဆွဲပြုတ်ရည်ကို တစ်ကျိုက်ချင်း အရသာခံကာ သောက်နေသည်။ ပြင်ပမှ မိုးဖွဲဖွဲသံနှင့် ဆိုင်အတွင်းမှ နွေးထွေးသော အငွေ့အသက်များက သူတို့၏ မနက်စာကို ပိုမို၍ အရသာရှိစေသည်။

စားပြီးသွားသောအခါ ပယ်လာဟောက စိတ်ကျေနပ်စွာဖြင့် လေချင်တတ်လိုက်သည်။

ရှောင်ယွမ်က အပြုံးကလေးဖြင့်မေးမြန်းလိုက်၏။

“ကောင်းလား”

ပယ်လာဟောက ခေါင်းတစ်ဆက်ဆက်ဖြင့် ညိတ်လိုက်သည်။ “ကောင်းတယ်”

“ကောင်းရင် တူကိုပြန်ကောက်ပြီး စားပွဲပေါ်တင်၊ ပြီးရင် မင်းလက်သွားဆေး” ရှောင်ယွမ်၏ တစ်ကိုယ်လုံး ပုရွဲဆိတ်များတတ်လာသလိုမျိုး ခံစားနေရကာ သက်တောင့်သက်သာ မရှိလှချေ။

သူ့လို အသန့်ကြိုက်လွန်းသော ပုဂ္ဂိုလ်တစ်​ယောက်နေဖြင့် ပယ်လာဟော၏ ညစ်ပေနေသော လက်များက မျက်စိစူးစရာပင်။

“အော် ကောင်းပြီ” ပယ်လာဟောက ခပ်တည်တည်ပဲ ရှောင်ယွမ်၏ အမိန့်အတိုင်းလုပ်လိုက်ပြီး သန့်စင်ခန်းထဲသို့ဝင်သွားလိုက်သည်။

“အင်း... ဒီအချိန်လောက်ဆိုရင် လီနာ ငါရဲ့အမိန့်ကိုစတင်ပြီး အကောက်အထည်ဖောက်နေလောက်ပြီ” ရှောင်ယွမ်က နာရီအားတစ်ချက်ကြည့်လိုက်သည်။

ယခုအချိန်မှာ နံနက် ၈ နာရီ ၄၀ မိနစ်ခန့်ရှိနေပြီဖြစ်လေသည်။

“ဒါတွေအားလုံးပြီးသွားရင် ငါသက်တမ်းဘယ်လောက်လောက် ရမလဲဆိုတာ အတော်စိတ်ဝင်စားနေပြီ”

ရှောင်ယွမ်ပြုံးကာ ဖန်သားပြင်အားဖွင့်၍ သူ၏လက်ရှိသက်တမ်းအားကြည့်လိုက်သည်။

[လက်ကျန်သက်တမ်း - နှစ် ၄၅၄၂၊ ၁၁ လ၊ ၂၃ ရက်၊ ၇ နာရီ၊ ၃၂ မိနစ်၊ ၄၃ စက္ကန့်]

သက်တမ်းများ တစ်စ တစ်စတိုးလာသည်ကိုမြင်သောအခါ ရှောင်ယွမ်နှစ်ချိုက်စွာဖြင့်ပြုံးလိုက်မိသည်။ သူ၏အပြုံးမှာ အနည်းငယ် ကြည့်ရဆိုးလွန်းနေ၏။ အဘယ်ကြောင့်ဆိုသော် သူ၏နဂိုကတည်းက မှေးသောမျက်လုံးများက မမြင်ရတော့သည့်အထိ မှေးသွားသောကြောင့်ပင်ဖြစ်သည်။

မနက်သို့ရောက်လာသောအခါ သူလုပ်ခဲ့သည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းက အင်တာနက်ပေါ်သို့ရောက်ရှိနေပြီဖြစ်သည်။ လူ ၁၀၀ နီးပါးသေဆုံးသွားသည့် ကိစ္စက ခေတ်မှီတိုးတတ်နေသော ရွှေနဂါးနိုင်ငံတွင် ကိစ္စကြီးတစ်ခုဖြစ်လေသည်။

ထို့အတွက်ကြောင့် ညတွင်းချင်းပဲ သတင်းမီဒီညာများက အစုလိုက်အပြုံလိုက်ကြော်ငြာရာကနေ ဘီလီယံနှင့်ချီသောပြည်သူများထံသို့ သတင်းရောက်သွားကြလေ၏။

သူတို့တွေထံမှ ဝမ်းနည်း၊ ကြောက်ရွံ၊ သနား၊ ဒေါသ၊ စသည့်မကောင်းသော ခံစားချက်များက ထျန်ရှင်းလုအား တစ်ယောက်ကို ပျမ်းပျှ ၁ မိနစ်လောက်ရရှိလေသည်။

အခြေခံသင်္ချာရသော သူများက နှစ်ပေါင်း ၃၅၀၀ ဟာ ထျန်ရှင်းလု ပြည်သူပေါင်း ၁.၈ ဘီလီယံထံမှ ရရှိလာကြောင်းတွက်ချက်နိုင်လေသည်။

သက်တမ်းနှစ် ၁၂၀၀ ကိုတော့ ဓားသခင်ဇျန်မှ ရက်ရက်ရောရောလျှူသွားခဲ့သည်ဖြစ်ပြီး၊ ကျန်သည့်သက်တမ်းများဟာတော့ ရှောင်ကလန်ထံမှ ရရှိလာခြင်းဖြစ်သည်။

ထျန်ရှင်လုတစ်ယောက် ရှောင်ကလန်ကိစ္စပြီးလျှင် နောက်ထပ်ဘာဆက်လုပ်ရမည်နည်းကို စဥ်းစားနေလေ၏။

ထိုအချိန်တွင် ဆိုင်ခန်းအတွင်းထဲသို့ အနက်ရောင်ရဲယူနီဖောင်း၊ အရာရှိခေါင်းစောင်း၊ မျက်မှန်အပါးတစ်လက်ဖြင့် ခန့်ညားချောမောသည့် အရာရှိတစ်ယောက် ဆိုင်ထဲသို့ဝင်လာသည်။

ဤလူဟာ ပခုံးကျယ်ကျယ်ဖြင့်၊ အရပ်အမောင်းက ၆ ပေ ၅ လက်မပင်ရှိရာ သူ၏တည်ရှိမှုက အားကောင်း၍ လျစ်လှူရှု၍မရနိုင်ချေ။ ချက်ချင်းပဲ တစ်ဆိုင်လုံးနီးပါးက သူ့အားလှည့်ကြည့်လာကြသည်။

ပြုံးဖြီးနေသည့် ရှောင်ယွမ်ပင် တံခါးဝမှ အနက်ရောင်ရဲအရာရှိယူနီဖောင်းဖြင့် ပုဂ္ဂိုလ်အားလှည့်ကြည့်လာမိသည်။

သူ၏အေးစက်ကာ အားကောင်းသော အရှိန်အဝါကြောင့် ဆိုင်ကြီးတစ်ခုလုံးက တိတ်ဆိတ်သွားလေပြီး၊ ပွက်ပွက်ဆူနေသော ရေနွေးအသံနှင့်၊ မိုးဖွားဖွားအသံတို့သာ ကျန်ရစ်ခဲ့သည်။ သူဝင်လာသည်နှင့် လေထုဟာလည်း လေးလံသွားကာ အားလုံးက အကြောင်းအရင်းမရှိ ကြောက်လန့်လာကြသည်။

ထိုရဲအရာရှိက ဘာမှမပြောပဲ ဆေးလိပ်တစ်လိပ်အားထုတ်လိုက်သည်။ ပြီးနောက်တွင် ပါးစပ်၌တေ့လိုက်ပြီး ဇစ်မီးခြစ်အားထုတ်၍ စတိုင်ကျကျလက်ကိုခါရမ်းကာ မီးညှိလိုက်သည်။

ပြီးနောက်တွင် ​ဆေးလိပ်ကို အားရပါးရရှိုက်လိုက်ပြီး မီးခိုးငွေ့များအား မှုတ်ထုတ်လိုက်သည်။ ဆိုင်ရှင်ဟာတော့ ဆေးလိပ်မသောက်ရဟူ၍ပြောချင်နေသော်လည်း ပြောမထွက်ဖြစ်နေ၏။

ဆေးလိပ်ဟာ အဖြူသက်သက်ပလိန်းကြီးဖြစ်ကာ အတော်လေးသေးသွယ်ပြီး ဒရာဂိုဟူ၍ဖင်နားလေးတွင် အမှတ်အသားရှိ၏။ အရာရှိက ဆေးလိပ်အား ဇိမ်ကျကျသောက်နေပြီး ရှောင်ယွမ်ထံသို့တစ်ချက်ကြည့်လိုက်သည်။

ချက်ချင်းပဲ ရှောင်ယွမ်၏တစ်ကိုယ်လုံးဟာ တုန်ယင်သွားလေပြီး၊ သူအား ဧရာမသားရဲကြီးတစ်ကောင်က စိုက်ကြည့်နေသကဲ့သို့ခံစားလိုက်ရသည်။

ရာသီဥတုက ခပ်အေးအေးဖြစ်သော်ငြား ချက်ချင်းပဲ ရှောင်ယွမ်၏နဖူးထက်တွင် ချွေးစများထွက်လာလေသည်။ ‘သောက်ပဲ ဒါဘယ်သူလဲဟ’ ရှောင်ယွမ် ကြောက်လန့်တကြားတွေးလိုက်မိ၏။

ကြောက်မက်ဖွယ်ကောင်းသော အရာရှိက ဆေးလိပ်အားရှိုက်နေရင်း သွားကြားထဲမှ လေသံဖြင့်ပြောလို​က်သည်။ “ငါက အရာရှိဟုန်ပဲ၊ ရှောင်ကလန်ရဲ့ ရှောင်ယွမ်ံ၊ မင်းကို လူ အယောက် ၈၀ ကျော်ကို လူသတ်မှုနဲ့ ဖမ်းလိုက်ပြီ”

ချက်ချင်းပဲ တစ်ဆိုင်လုံးက ထိန့်လန့်သွားကြပြီး ရှောင်ယွမ်အား အလန့်တကြားကြည့်လိုက်ကြသည်။ ရှောင်ယွမ်၏စားပွဲဝိုင်းအနားမှလူများဆိုလျှင် ထ၍ပင်ပြေးသွားကြသည်။

အရာရှိဟုန်ကလည်း ရှောင်ယွမ်ထံသို့လျောက်လာပြီး ဆေးလိပ်ငွေ့များအား ရှောင်ယွမ်၏မျက်နှာထံသို့မှုတ်ထုတ်လိုက်သည်။

“အဟွတ်၊ အဟွတ်”

ရှောင်ယွမ်ဟာလည်း ဣန္ဒြေပြန်ဆယ်လိုက်ပြီး ​ပြောလိုက်သည်။ “အရာရှိဘာကို ပြောနေတယ်ဆိုတာ ကျွန်တော်မသိပါဘူး။ သက်သေမရှိပဲ အခုလိုမျိုးစွတ်စွဲတာက မကောင်းပါဘူး။ အရာရှိ အာဏာကိုအလွဲသုံးစားလုပ်နေတာလား။”

အရာရှိဟုန်က မျက်နှာသေကြီးဖြင့် ရှိနေသည်။ ပြီးနောက်တွင် မျက်နှာပြောင်တိုက်နေသော ရှောင်ယွမ်၏မျက်နှာသို့ ဆေးလိပ်အား လက်ချောင်းများဖြင့်တောက်လိုက်၏။

ချက်ချင်းပဲ ဆေးလိပ်က ရှောင်ယွမ်၏မျက်နှာနှင့်တိုက်မိသွားလေပြီး ကြမ်းပြင်ပေါ်သို့ပြုတ်ကျသွားသည်။ အရာရှိဟုန်က ကြမ်းပြင်ပေါ်မှ ဆေးလိပ်အား တတ်နင်းလိုက်သည်။

ပြီးနောက်တွင် ရှောင်ယွမ်အားအထက်စီးမှကြည့်၍ ပြောလိုက်၏။

“သောက်ဆင့်မရှိတဲ့ ကလေကချေလေး၊ ငါက မင်းလူ ၈၀ ကိုသတ်တယ်ဆိုရင် သတ်တယ်ပေါ့။ မင်းလိုကောင်အတွက် သက်သေမလိုဘူး”

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၁ + ၅၂) ပြီး

All Chapters