← Chapters

အခန်း (၅၃+၅၄)

Vol. 6 Ch. 53+54

အခန်း (၅၃+၅၄)

Vol. 6 Ch. 53+54

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၃ + ၅၄)

“သောက်ဆင့်မရှိတဲ့ ကလေကချေလေး၊ ငါက မင်းလူ ၈၀ ကိုသတ်တယ်ဆိုရင် သတ်တာပေါ့။ မင်းလိုကောင်အတွက် သက်သေမလိုဘူး”

အရာရှိဟုန်က အထက်စီးဆန်စွာ ခက်ထန်ပြတ်သားစွာ ပြောဆိုလိုက်သည်။ သူ့မျက်နှာထက်တွင် အနည်းငယ်မျှပင် စိတ်ခံစားချက် အရိပ်အယောင် မရှိဘဲ၊ ရှောင်ယွမ်အား စက်ဆုပ်ရွံရှာသော အကြည့်ဖြင့် မာန်ပါပါပြောလိုက်သည်။

ပုံမှန်တည်ငြိမ်သည့် ထျန်ရှင်းလုပင် အတော်လေး အံ့ဩသွားရ၏။ ‘ဒီဘဲ ဘာလဲဟ’ ဟူ၍ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ထို့နောက် ဣန္ဒြေမပျက် ပြန်လည်ထိန်းချုပ်လိုက်ပြီး ချောင်းဟန့်ကာ မေးလိုက်သည်မှာ “အဟွတ်၊ အရာရှိအနေနဲ့ ဖမ်းဝရမ်း ပါလား” ဟူ၍ ဖြစ်သည်။

ရွှေနဂါးနိုင်ငံ၏ ဥပဒေအရ ဖမ်းဝရမ်းမပါဘဲ တစ်စုံတစ်ယောက်အား လူသတ်မှုဖြင့် ခေါင်းစဉ်တပ်ကာ ဖမ်းဆီး၍မရချေ။ ပြည်သူ့ဆုတောင်းအဖွဲ့အား ဖျက်ဆီးခဲ့တုန်းက မည်သည့်သဲလွန်စမှ မကျန်ခဲ့ကြောင်းကို ထျန်ရှင်းလုက အသေအချာသိနေသည့်အတွက် ယုံကြည်ချက်ရှိနေသည်။

အရာရှိဟုန်က စကားဆက်ပြောချင်ပုံမရချေ။ သူ့မျက်နှာပေါ်တွင် လျစ်လျူရှုသည့် အမူအရာတစ်ခုသာ ပေါ်ပေါက်လာသည်။ ရုတ်တရက်ဆိုသလိုပင် ခြေအားမြှောက်၍ ရှောင်ယွမ်အား အားပါးတရ ကန်ချလိုက်တော့သည်။

အရာရှိဟုန်၏ ခြေကန်ချက်မှာ အလွန်လျင်မြန်ပြီး ခြေထောက်နှင့်လေတို့ ပွတ်တိုက်သွားသံက ဆိုင်အတွင်းတွင် သိမ့်ခနဲ မြည်ဟည်းသွား၏။ ထျန်ရှင်းလုတစ်ယောက် ထိုခြေကန်ချက်ကို ဝိုးတဝါးမျှသာ မြင်လိုက်ရသည်။

ချက်ချင်းပင် ရှောင်ယွမ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အလိုအလျောက် တုံ့ပြန်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အရေပြားများ၊ ကြွက်သားများနှင့် အရိုးများသည် သတ္တုသံမဏိများအဖြစ်သို့ ပြောင်းလဲသွားချေသည်။

‘ဖျစ်...ဖျစ်...’ ဟူသော သတ္တုပြောင်းလဲသံက ခဏတာမျှ ထွက်ပေါ်လာသည်။

ထျန်ကလန်မှသူများသာ ရှောင်ယွမ်၏ သံမဏိခန္ဓာကိုယ်အပေါ် ကျွမ်းကျင်မှုကို မြင်လိုက်ကြလျှင် အတော်လေးအံ့ဩသွားလောက်ပေမည်။

အရာရှိဟုန်၏ ခြေဖဝါးသည် သံမဏိအဖြစ်ပြောင်းသွားသော ရှောင်ယွမ်၏ ရင်ဘတ်ကို အသံကျယ်ကြီးမြည်အောင် ရိုက်ခတ်မိသွားသည်။

“အုန်းးး”

ရှောင်ယွမ်သည် ဧရာမသံတူကြီးဖြင့် ရင်ဘတ်ကို ထုလိုက်သလို ခံစားလိုက်ရပြီး အနောက်သို့လွင့်ထွက်သွားတော့သည်။ လွင့်ထွက်သွားသည့် ရှောင်ယွမ်၏ မျက်နှာတွင် နာကျင်မှုအရိပ်အယောင်တစ်ခု ခေတ္တမျှ ဖြတ်ပြေးသွားသော်လည်း ဒေါသအရိပ်အယောင်တော့ မရှိချေ။

ထိုအစား မာန်ပါသောအကြည့်နှင့် စိန်ခေါ်လိုက်သည့်အကြည့်ကသာ အရာရှိဟုန်၏မျက်နှာကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။

ထိုပြင်းထန်သော ကန်ချက်ကြောင့် ၎င်းတို့ထိုင်နေသည့် သစ်သားစားပွဲခုံသည် ပြောင်းပြန်လှန်သွားကာ စားပွဲပေါ်မှ ခွက်များနှင့် ပန်းကန်များမှာလည်း ‘ချွင်ခနဲ’ မြည်ကာ မြေပြင်ပေါ်သို့ ပြုတ်ကျ ကွဲကြေသွားကြသည်။

ထိုင်ခုံများမှာလည်း ဟိုတစ်စ ဒီတစ်စ လွင့်စင်ကုန်ကြသည်။ ဆိုင်အတွင်းရှိ လူများသည် ထိုမြင်ကွင်းကြောင့် အလွန်အမင်း ထိတ်လန့်သွားကြပြီး ‘ဝုန်းဒိုင်းကြဲ’ မြည်အောင် ပြေးထွက်သွားကြသည်။

ရှောင်ယွမ်၏ သံမဏိခန္ဓာကိုယ်သည် အပြင်ပန်းအားဖြင့် မည်သည့်ထိခိုက်ဒဏ်ရာမှ မရှိသော်လည်း၊ ထိုကန်ချက်၏ ပြင်းအားကြောင့် အတွင်းပိုင်းရှိ အင်္ဂါအစိတ်အပိုင်းများမှာတော့ သိမ့်ခနဲ တုန်ခါသွားရ၏။

သူ့ရင်ဘတ်ထဲတွင် လေးလံသော ခံစားချက်တစ်ခု ရှိနေပြီး၊ နာကျင်မှုထက် ပို၍ ဒေါသနှင့် မာနထန်တက်လာသည်ကို ခံစားလိုက်ရသည်။ အရာရှိဟုန်က အသက်ကိုသတ်လိုသည့် ရည်ရွယ်ချက်မရှိဘဲ ခပ်ပြင်းပြင်း သတိပေးလိုက်ခြင်းသာ ဖြစ်သည်ကို သူနားလည်လိုက်သည်။

ရှောင်ယွမ်က သွေးတစ်လုတ်အား ထွေးထုတ်၍ ထလာလိုက်သည်။ အရာရှိဟုန်၏ မျက်နှာသေကြီးပင် ထိန်းချုပ်နိုင်စွမ်းမရှိဘဲ မျက်ခုံးအားပင့်လိုက်မိ၏။

“အိုး...”

သူ့၏ကန်ချက်အား အဆင့် ၁ ဝိညာဉ်သခင်များပင် ဒဏ်ရာကြီးကြီးမားမားရသွားလောက်သည်အထိ ခွန်အားထည့်ထားမှန်း သူကောင်းကောင်းသိသည်။

သို့သော် ယခုအခါတွင် သိုင်းထိပ်သီးအဆင့်ပင် မရောက်သေးသည့် ကောင်လေးက ဒဏ်ရာအနည်းငယ်ဖြင့် ပြန်ထလာသည်ကို မြင်လိုက်ရသောအခါ သူအနည်းငယ်တော့ အံ့ဩသွားမိ၏။

ထျန်ရှင်းလု ဒေါသပေါက်ကွဲသွားကာ သူ၏မြေကမ္ဘာအဆင့်မျက်နှာဖုံးအား ဆွဲခွာလိုက်သည်။ ချက်ချင်းပဲ သူ၏ခန္ဓာကိုယ်ဟာ ၆ ပေ ၇ လက်မအထိ ရှည်ထွက်လာပြီး သူ၏ရုပ်ရည်ဟာလည်း သာမန်မှ အလွန်ချောမောခန့်ညားလွန်းသည့် ရုပ်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။

သူ၏ဘောင်းဘီဟာတော့ ရုတ်တရက် ကြီးထွားလာမှုကို ခံနိုင်ရည်ရှိသော်လည်း အပေါ်အင်္ကျီကတော့ တစ်စစီ ပြဲထွက်သွားလေ၏။

အရာရှိဟုန်ကတော့ မျက်နှာသေကြီးဖြင့် ကြည့်နေဆဲဖြစ်သည်။ ထျန်ရှင်းလု ထိုမျက်နှာဖုံးအား ဝတ်ထားသည်ကို သူနဂိုကတည်းက ဖောက်မြင်ပြီးသားဖြစ်လေသည်။

ထျန်ရှင်းလုက နှုတ်ခမ်း၌ ပေနေသောသွေးများကို လက်ခုံဖြင့်သုတ်လိုက်လေပြီး အရာရှိဟုန်အား အစိမ်းလိုက်ဝါးစားတော့မတတ် စိုက်ကြည့်လိုက်သည်။

“ကောင်းတယ်။ ကောင်းတယ်။ မင်း ငါ့ကို ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ။ ငါမင်းရဲ့တစ်ကိုယ်လုံးမှာ ရှိတဲ့အရိုးတွေကို ရိုက်ချိုးပစ်မယ်”

အရာရှိဟုန်ကလည်း ထျန်ရှင်းလုအား လှောင်ရယ်လိုက်သည်။ “မင်းရဲ့ ဘိုးဘေးတွေကိုယ်တိုင် ရောက်လာရင်တောင် ငါ့ရဲ့ခန္ဓာကိုယ်က ဆံပင်တစ်ပင်ကိုတောင် ရအောင် ထိနိုင်မှာမဟုတ်သေးဘူး” အရာရှိဟုန်၏ မျက်လုံးသေကြီးတို့မှာ ယုံကြည်ချက်တို့ဖြင့် ပြည့်ဝနေလေပြီး အလွန်အားကောင်းလှသည်။

“ခွေးမသား” ထျန်ရှင်းလု၏ နဖူးအထက်တွင် အကြောစိမ်းကြီးများ ထလာပြီး အရာရှိဟုန်ထံသို့ ထိုင်ခုံတစ်လုံး ပစ်ပေါက်လိုက်၏။

အရာရှိဟုန်က သူ၏ခြေတံရှည်ကြီးကို မြှောက်လိုက်ပြီး ထိုင်ခုံအား အလွန်လျင်မြန်လှသည့် ကန်ချက်ဖြင့် ကန်ချလိုက်၏။ “ခွမ်း” ချက်ချင်းပဲ သစ်သားထိုင်ခုံဟာ တစ်စစီ ဖြစ်သွားလေသည်။

တစ်ပြိုင်နက်တည်းတွင် ထျန်ရှင်းလုကလည်း ခုန်လိုက်ပြီး အရာရှိဟုန်ကို ထိုးချလိုက်သည်။ အရာရှိဟုန်ကတော့ ထျန်ရှင်းလုအား မျက်နှာသေကြီးဖြင့်သာ ကြည့်နေလျက် တစ်ပတ်လှည့်လိုက်ကာ ရင်ဘတ်သို့ အားပါသည့် ကန်ချက်တစ်ချက် ပစ်လွှတ်လိုက်သည်။

“ဘန်းးး”

ချက်ချင်းပဲ ထျန်ရှင်းလုသည် သူ့ကို အရှိန်ကုန်မောင်းလာသည့် မီးသတ်ကားကြီး ဝင်တိုက်သွားသလိုမျိုး ခံစားလိုက်ရကာ လွင့်ထွက်သွားလေသည်။

“ဝုန်းး”

အရာရှိဟုန်၏ ကန်ချက်မှာ အားကောင်းလွန်းလှပြီး ဆိုင်ခန်း၏ အုတ်နံရံကြီးပင် ကွဲထွက်သွားကာ ထျန်ရှင်းလုတစ်ယောက် လမ်းမပေါ် ရောက်သွားလေ၏။

ကံကောင်းသွားသည်မှာ ဤလမ်းအား နဂိုကတည်းက ယာဉ်ထိန်းရဲများ၏အကူအညီဖြင့် ပိတ်ဆို့ထားခြင်းဖြစ်သည်။ သို့မဟုတ်ပါက ထျန်ရှင်းလုကြောင့် ယာဉ်တိုက်မှုများစွာ ဖြစ်ပွားနိုင်သည်။

“အော့.. အဟွတ်အဟွတ်” ထျန်ရှင်းလု ချက်ချင်းပဲ သွေးများစွာအား အန်ထုတ်လိုက်ရကာ ခွန်အားကို စုစည်း၍မရတော့လေချေ။

သူ၏အဆုတ်ဟာလည်း အတွင်းဒဏ်ရာရသွားပုံရကာ ထျန်ရှင်းလုတစ်ယောက် အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ချေ။

သူ၏သံမဏိခန္ဓာကိုယ်ဟာ အားကောင်းသော်လည်း ပြိုင်ဘက်ကင်းနေသည်တော့ မဟုတ်ချေ။

အရာရှိဟုန်၏ ကန်ချက်စွမ်းအင်အများစုကို သံမဏိခန္ဓာကိုယ်က စုပ်ယူသွားသော်လည်း ကျန်သည့်အနည်းစုက ခန္ဓာကိုယ်အတွင်းပိုင်းသို့ ရောက်သွားစေကာ သူ့အား အတွင်းဒဏ်ရာရသွားစေ၏။

“အော့..” ထျန်ရှင်းလု သွေးများအား ဆက်တိုက်ဆိုသလို အန်ထုတ်လိုက်ရကာ ထရပ်ရန် ကြိုးစားလိုက်၏။ သို့သော် အပြင်ဘက်တွင် သိုင်းထိပ်သီးအဆင့်အထူးရဲများက ကြိုစောင့်နေကာ ချက်ချင်းပဲ ထျန်ရှင်းလုကို ချုပ်တည်းခြင်းလက်ထိပ် ခတ်ရန် ကြိုးစားလိုက်၏။

ဤချုပ်တည်းခြင်းလက်ထိပ်နှင့်သာ အခတ်ခံလိုက်ရပါက အလွန်အားနည်းသည့် အခြေအနေအထိ ရောက်သွားလိမ့်မည်ဖြစ်သည်။

အထူးရဲအရာရှိများက ထျန်ရှင်းလု၏လက်ကို ကိုင်လိုက်သည်ဆိုရုံရှိသေး၊ ချက်ချင်းပဲ ဆွဲယူခံလိုက်ရကာ မြေပေါ်သို့ ကိုင်ပစ်လိုက်ခံရ၏။

“ဟမ်...” အထူးရဲအရာရှိက ကြောင်အသွားလေကာ အသိပြန်ဝင်လာသည့်အချိန်တွင် သူ မြေပေါ်သို့ အကိုင်ပေါက်ခံလိုက်ရပြီဖြစ်သည်။

“ဝုန်းးး” ပါဝင်သည့်ခွန်အားမှာ အားကောင်းလွန်းလှသောကြောင့် အနားတစ်ဝိုက်မှ ကတ္တရာလမ်းမကြီးတွင် အက်ကွဲကြောင်းများစွာ ထလာသလို သူဟာလည်း သွေးအန်ထုတ်လိုက်ရသည်။

ချက်ချင်းပဲ အခြားသောအထူးရဲများက လျှပ်စစ်သေနတ်အား ထုတ်ယူကာ ထျန်ရှင်းလုကို ပစ်ခတ်လိုက်သည်။

“ဖြတ် ဖြတ် ဖြတ်” ချက်ချင်းပဲ လျှပ်စီးမြည်သံများ ထွက်ပေါ်လာပြီး ထျန်ရှင်းလု၏တစ်ကိုယ်လုံးဟာ တောင့်တင်းသွားကာ မြေပေါ်သို့ လဲကျသွားလေ၏။

အထူးရဲများက ထျန်ရှင်းလုကို ချက်ချင်း ချုပ်တည်းခြင်းလက်ထိပ်ဖြင့် ခတ်လိုက်ကြလေသည်။ ထိုအခါ ထျန်ရှင်းလု၏ ခွန်အားများ ပျောက်ဆုံးသွားလေပြီး သူ၏သံမဏိခန္ဓာကိုယ်ဟာလည်း အလိုအလျောက် ပျက်ပယ်သွားရသည်။

အထူးရဲများက တစ်ယောက်ကိုတစ်ယောက် ဂနာမငြိမ်​သော မျက်လုံးများဖြင့် ကြည့်ရင်း ပြောလိုက်ကြသည်။

“အဲတာ... သံမဏိခန္ဓာကိုယ် နဲ့ အိုက်ကီဒို မလား”

ချက်ချင်းပဲ အားလုံးက တိတ်ဆိတ်သွားကြလေသည်။

ဆိုင်အတွင်းထဲမှ ရဲအရာရှိဟုန်ကတော့ သူ၏ဘောင်းဘီအိတ်ကပ်ထဲသို့ လက် ၂ ဖက်ထည့်လိုက်ပြီး ဆရာကြီးတစ်ယောက်လို ရပ်လိုက်သည်။ သူ၏အရှိန်အဝါနှင့် ခန္ဓာကိုယ်၊ ရုပ်ရည်တို့ကိုပေါင်းစပ်လိုက်သောအခါ သူ့ပုံစံသည် အမှန်တကယ်ပင် ဆရာကြီးတစ်ယောက်နှင့်တူနေလေသည်။

ရဲအရာရှိဟုန်က ဆိုင်ခန်းအတွင်းမှ ကြောက်လန့်နေသော သာမန်လူများကို လျစ်လျူရှုထားလျက် သန့်စင်ခန်းရှိရာသို့ ကြည့်လိုက်ကာ ပြောလိုက်သည်။

“မင်းကိုယ်တိုင် ထွက်လာပြီး အညံ့ခံမလား.... ဒါမှမဟုတ် ငါကိုယ်တိုင် ဝင်လာပြီးတော့ မင်းကို သင်ခန်းစာပေးရမလား” ရဲအရာရှိဟုန်၏ အသံမှာ ယောက်ျားပီသပြီး အေးစက်စက်ဖြစ်၏။

အရာရှိဟုန် ပြောပြီးသည်နှင့် ပယ်လာဟောက ချက်ချင်း ထွက်လာလေသည်။ သူ၏စိတ်ထဲတွင်လည်း ကျိန်ဆဲနေလေသည်။

‘သောက်ကျိုးနည်းပဲ လန်ဒန်မြို့၊ ဥပဒေရေးရာအဖွဲ့ရဲ့ အရာရှိက ဒီလိုနေရာမှာ ဘာလာလုပ်နေတာလဲ’

ပယ်လာဟောမျက်နှာက ချေးစားထားရသလို မဲမှောင်နေလေသည်။ အခြားတစ်ဖက်မှ အရာရှိဟုန်ကတော့ ပယ်လာဟောအား စိတ်ဝင်တစားဖြင့် ကြည့်နေသည်။

“မင်းရဲ့မွေးရပ်မြေအဓိကကုန်းမြေတိုက်ကြီးနဲ့ ကမ္ဘာတစ်ဝက်လောက်ဝေးတဲ့ ဒီလိုအဆင့်နိမ့် ကုန်းမြေတိုက်ကြီးမှာ မင်းလို အော့ခ်တစ်ကောင်က ဘာလာလုပ်နေတာလဲ”

သိသာလှစွာပင် ပယ်လာဟော၏ အဆင့်နိမ့်သည့် အသွင်ပြောင်းလဲသည့် နည်းစနစ်အား အရာရှိဟုန်လို အဆင့်မြင့်သော ကျင့်ကြံခြင်းအဆင့်ရှိသည့် သူတစ်ယောက်ကတော့ အလွယ်တကူ ဖောက်မြင်နိုင်လေ၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၅၃ + ၅၄) ပြီး

All Chapters