အခန်း (၆၁+၆၂+၆၃)
Vol. 7 Ch. 61+62+63
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၁ + ၆၂ + ၆၃)
လက်ရှိအချိန်ဟာ ၉ နာရီ မိနစ် ၅၀ ဝန်းကျင်ဖြစ်ကာ ရွမ်းဟွမ်မြို့အပြင်နားရှိစစ်ခြေစိုက်စခန်းတွင် ပြဿနာများစွာဖြစ်နေလေသည်။
သိုလှောင်ရုံ A ၏ အပြင်ဘက်၌ လီနာ လျင်မြန်စွာထွက်သွားပြီးနောက် မကြာမီမှာပင် အားလုံးကဆွံအသွားကြကာ သူမ၏အနောက်သို့လိုက်ရန်လုပ်လိုက်ကြသည်။
အထူးတပ်ဖွဲ့ဝင်များကလည်း သူတို့ အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်ကာ အံ့အားသင့်နေကြသည်။ ထိုမိန်းမ၏ အရှိန်အဟုန်သည် သာမန်လူတစ်ယောက်၏ အရည်အချင်းဖြင့် မဖြစ်နိုင်လောက်အောင် လျင်မြန်လွန်းလှသည်။
လီနာဟာ ဝိညာဉ်သခင်တစ်ယောက်ဖြစ်ရမည်ဟု သူတို့တွေးတောလိုက်ကြမိသည်။ သူတို့၏ စိတ်ထဲတွင် အတွေးများဖြင့် လှုပ်ရှားနေချိန်မှာပင် သိုလှောင်ရုံ A အတွင်းမှ တဖြည်းဖြည်း မြည်လာသော ခပ်တိုးတိုး တုန်ခါမှုသံကို သတိထားမိလိုက်ကြသည်။
အနီးနားရှိ ဗိုလ်ကြီး ဖန်ဝမ်၏ မျက်နှာသည် ရုတ်တရက် ထိတ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်သွားသည်။
“ဒါ... ဒါ မဟုတ်သေးဘူး အကုန်လုံး အမြန်ဆုတ်...”
သူ၏စကားသံမဆုံးခင်မှာပင်၊ သူ့မျက်လုံးအရှေ့တွင် သိုလှောင်ရုံ A သည် ရုတ်တရက် အလင်းတန်းတစ်ခုဖြင့် တောက်ပလာပြီးနောက် နားကွဲလုမတတ် ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ “ဒုန်းးးး”
ထိုအသံသည် မိုးခြိမ်းသံထက် ပိုမိုကျယ်လောင်ပြီး မြေပြင်တစ်ခုလုံးကိုပါ ဆတ်ခနဲတုန်ခါသွားစေသည်။ သိုလှောင်ရုံ၏ သံမဏိနံရံများ၊ ခေါင်မိုးများနှင့် လက်နက်များအားလုံးသည် လေထဲသို့ အစိတ်စိတ်အမြွှာမြွှာ ကြေမွ ပျံတက်သွားကြသည်။
မိုးဖွဲဖွဲလေးများဟာလည်း ပေါက်ကွဲမှုနှင့်မထိတွေ့ခင်မှာပင် ပူပြင်းလှသောအပူရှိန်များကြောင့် အငွေ့ပျံသွားရသည်။
ပေါက်ကွဲမှု၏ဗဟိုချက်မှ အနီရောင်၊ လိမ္မော်ရောင်နှင့် အဝါရောင်မီးလျှံများက မိုးကောင်းကင်ကို ဖောက်ထွက်လုမတတ် မြင့်တက်လာသည်။
မီးလျှံများ၏အောက်၌ အနက်ရောင်မီးခိုးလုံးကြီးသည် အမှောင်နဂါးကြီးတစ်ကောင်ပမာ ကောင်းကင်ယံထက်သို့ လူးလွန့်တက်သွားပြီး၊ ဧရာမထီးတစ်လက်ကိုဖွင့်လိုက်သလို ပျံ့နှံ့သွားသည်။ ပေါက်ကွဲမှု၏ အပူလှိုင်းသည် အထူးတပ်ဖွဲ့ဝင်များ၏ ကိုယ်ကို ဖုံးလွှမ်းသွားကာ လေထဲသို့ မြေမှုန့်နှင့်အတူ လွင့်စင်သွားစေသည်။
အနီးအနားရှိ စစ်သားများသည် ကြောက်မက်ဖွယ်အော်ဟစ်သံများဖြင့် လဲကျကုန်ကြသည်။ ပေါက်ကွဲမှု၏ ပြင်းအားကြောင့် လူအချို့၏ကိုယ်ခန္ဓာများသည် လေထဲတွင် အရုပ်ကလေးများလို ပျံဝဲသွားကြပြီး၊ နီးကပ်သောအချို့မှာမူ မီးလျှံများ၏အပူဒဏ်ကြောင့် ချက်ချင်းဆိုသလို ပြာကျသွားကြသည်။
အနည်ငယ်ဝေးကွာသောသူများဟာလည်း ဒါဏ်ရာမရလျှင်တောင် ကျယ်လောင်သောပေါက်ကွဲသံကြီးကြောင့် နားစည်များအက်ကွဲထုတ်ကုန်ကာ နားမှသွေးများယိုစီးလာကြသည်။
စစ်စခန်းတစ်ခုလုံးသည်လည်း ငလျင်လှုပ်သလို တုန်ခါနေပြီး၊ အဆောက်အအုံများ၏ ပြတင်းပေါက်မှန်များ အက်ကွဲထွက်ကုန်ကာ ပျံသန်းသွားကြပြီး အန္တရာယ်များသော လက်နက်များအဖြစ်သို့ အသွင်ပြောင်းကုန်ကြသည်။
မီးခိုးလုံးကြီးများက ကောင်းကင်ယံသို့ အဆက်မပြတ် ပျံ့လွင့်သွားသည့် မြင်ကွင်းက ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။ လွန်ခဲ့သော မိနစ်ပိုင်းကမှ အခိုင်အမာတည်ရှိနေခဲ့သော လက်နက်သိုလှောင်ရုံသည် ယခုအခါ မီးတောက်များ တလူလူတောက်လောင်နေသည့် အကြီးစားမြေကျင်းကြီးတစ်ခုသာ ကျန်ရှိတော့သည်။
စခန်းတစ်ဝက်နီးပါးကို ထိုပေါက်ကွဲမှု၏အရှိန်က လွှမ်းခြုံသွားပြီး၊ လူ့အသက်ပေါင်းများစွာကို အုတ်နံရံများအောက်၌ မြှုပ်နှံပစ်ခဲ့သည်။
ပေါက်ကွဲမှု၏အပူလှိုင်းကြောင့် သေဆုံးသူများမှာ ရာနှင့်ချီရှိနိုင်ပြီး၊ ဒဏ်ရာရသူများ၏ အော်ဟစ်သံများက စခန်းတစ်ခွင်လုံး ပဲ့တင်ထပ်နေသည်။
ဤသည်မှာ သာမန်တိုက်ခိုက်မှုမဟုတ်ဘဲ၊ မဟာဗျူဟာမြောက် ထိုးဖောက်တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ဗိုလ်မှူး လီဝေသည် စစ်စခန်း၏ အပျက်အစီးများကို ကြည့်ရင်း နားလည်လိုက်သည်။ သူ၏မျက်နှာတွင် ဒေါသ၊ ကြောက်ရွံ့မှုနှင့် လက်စားချေလိုစိတ်တို့ ရောယှက်နေသည်။
“အခုချက်ချင်း ရှောင်ကလန်၊ ရူကလန်၊ နင်ကလန် နဲ့ ဝမ်ကလန်တို့ကိုဆက်သွယ်လိုက် အဲဒီမိန်းမကို ဒရုန်းတွေနဲ့အနောက်ကနေလိုက်ထားပါ။ မျက်ခြေမပြတ်စေနဲ့။ ငါတို့မသတ်နိုင်ရင်တောင် ကလန်ကြီး ၄ ခုကသတ်နိုင်လိမ့်မယ်” ဗိုလ်မှူးလီဝေက ဒေါသအကြီးဖြင့် အံကြိတ်ထာရင်း ပြောလိုက်သည်။
လက်ရှိအချိန်သည် မနက် ၁၀ နာရီနီးပါး ရှိပြီဖြစ်သောကြောင့် ရွမ်းဟွမ်မြို့သည် ပုံမှန်အတိုင်း စည်ကားနေသင့်သော်လည်း ယခုမူ ပရမ်းပတာအခြေအနေသို့ ရောက်ရှိနေသည်။
မြို့လယ်ရှိ ယာဉ်ကြောပိတ်ဆို့နေသည့် လမ်းမကြီးတစ်ခုပေါ်တွင် ဇိမ်ခံကားကြီးတစ်စီး ရပ်ထားသည်။ ကားအတွင်း၌ အသက်ငါးဆယ်ဝန်းကျင်ရှိ သူဌေးကြီးတစ်ဦးသည် သူ၏ဖုန်းကိုကြည့်ရင်း မျက်မှောင်ကြုတ်နေသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင်
“ညတွင်းချင်း လူ ၈၀ သေဆုံး” ဟူသော သတင်းခေါင်းစဉ်ကြီးသည် ထင်းထင်းကြီးပေါ်နေသည်။
“ဒီလူတွေက ဘယ်သူတွေလဲ အတော်ကိုအတင့်ရဲကြတာပဲ” သူဌေးကြီးက စိတ်ထဲမှ တွေးတောနေသည်။ သူဌေးကြီး၏ အတွေးများ မဆုံးခင်မှာပင် နားစည်ကွဲလုမတတ် ပေါက်ကွဲသံကြီးတစ်ခုသည် မြို့အနှံ့ ပဲ့တင်ထပ်သွားသည်။
“ဒုန်း”
ထိုအသံသည် မိုးခြိမ်းသံနှင့် ငလျင်လှုပ်သံ ပေါင်းစပ်ထားသကဲ့သို့ ပြင်းထန်ပြီး၊ မြေပြင်တစ်ခုလုံးကိုပါ သိသိသာသာ တုန်ခါသွားစေသည်။
ထိုစဉ်မှာပင် မြို့၏မတူညီသော နေရာများဖြစ်သည့် လမ်းဆုံလမ်းခွများနှင့် စျေးဆိုင်အချို့မှနေ၍ အသေးစားပေါက်ကွဲသံများလည်း ဆက်တိုက်ထွက်ပေါ်လာသည်။
“ဒိုင်း ဒိုင်း” ဟူသော အသံများသည် ပေါက်ကွဲမှုအကြီးစားနှင့်မတူဘဲ ပို၍ပြန့်ကျဲနေပြီး လူအများ၏ စိတ်ထဲတွင် ကြောက်ရွံ့မှုကို ပိုမိုကြီးထွားစေသည်။ ပေါက်ကွဲမှုများက အလွန်ပင်များပြားကာ တစ်မြို့လုံးအနှံတွင် ထောင်ကျော်လောက်ပေမည်။
ချက်ချင်းဆိုသလို သူဌေးကြီး၏ကားအား ဘေးမှ အရှိန်လွန်လာသော အခြားကားတစ်စီးက လာရောက်တိုက်မိသောကြောင့် ဟန်ချက်ပျက်ကာ လမ်းဘေးရှိ စားသောက်ဆိုင်တစ်ဆိုင်ထဲသို့ ဝင်တိုက်မိသွားသည်။
ကားရှေ့မှန်များ ကွဲကြေကုန်ပြီး၊ ဆိုင်ထဲရှိ စားပွဲများ၊ ခုံများအားလုံး ကြေမွသွားသည်။ အရှိန်အဟုန်ပြင်းထန်မှုကြောင့် ဆိုင်အတွင်းရှိ လူအချို့သည် ကြောက်လန့်စွာ အော်ဟစ်ကာ ရှောင်တိမ်းကုန်ကြပြီး အချို့မှာမူ မရှောင်နိုင်ဘဲ အသားပြားဖြစ်သွားကြကာ အော်ဂလီဆန်စရာမြင်ကွင်းကြီးတစ်ခုဖြစ်သွားသည်။
သူဌေးကြီးသည်လည်း ဒဏ်ရာများရကာ သတိလစ်သွားတော့သည်။ တစ်ချိန်တည်းမှာပင် ပေါက်ကွဲမှုကြီးအပြီးတွင် မြို့ပြင်ဘက် ကောင်းကင်ယံမှ အနက်ရောင်နဂါးကြီးတစ်ကောင်နှင့်တူသော မီးခိုးလုံးကြီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် တက်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။
မီးခိုးလုံးကြီးသည် ကောင်းကင်ယံတွင် ဧရာမထီးတစ်လက်သဖွယ် ပျံ့နှံ့သွားသည်။ ထိုမြင်ကွင်းသည် မယုံနိုင်လောက်အောင် ကြောက်စရာကောင်းပြီး၊ တစ်ချိန်တည်းမှာပင် စိတ်ဝင်စားစရာကောင်းနေသည်။
အချို့လူများကတော့ ထိတ်လန့်တုန်လှုပ်ပြီး အော်ဟစ်နေကြသည်။ ကလေးငယ်များကလည်း ကြောက်လန့်ပြီး ငိုယိုနေကြကာ၊ အချို့မိန်းကလေးငယ်များသည်လည်း မူးလဲကျသွားကြသည်။
သို့သော်လည်း စိတ်လှုပ်ရှားနေသော လူငယ်အချို့ကမူ ပေါက်ကွဲမှုဖြစ်ပွားရာဘက်သို့ လက်ညှိုးထိုးပြကာ
“ဟေ့ရောင် ကြည့်စမ်း ပေါက်ကွဲမှုကြီးက မင်းအမေအီးပေါက်တာထက်တောင် ကျယ်သေးတယ်” သူတို့က အော်ပြောရင်း ဖုန်းများထုတ်၍ ဗီဒီယိုရိုက်ကူးနေကြသည်။ တစ်ချိန်တည်းမှာပင် မြို့တွင်းရှိ ရဲစခန်းများမှ ရဲသားများ၏ ရေဒီယိုများသည်လည်း တပြိုင်နက်တည်း အဆက်မပြတ် မြည်ဟည်းလာသည်။
“အရေးပေါ် အရေးပေါ် စစ်စခန်းနားက လက်နက်သိုလှောင်ရုံမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။ ကြီးမားတဲ့ ပေါက်ကွဲမှုဖြစ်ပြီး ထိခိုက်မှုတွေ အများအပြားရှိတယ်လို့ သတင်းရရှိပါတယ်”
“အစီရင်ခံစာတင်ပါတယ် ဆရာ လမ်းဆုံလမ်းခွတွေနဲ့ စျေးဆိုင်တချို့မှာလည်း အသေးစားပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ် မြို့တော်တစ်ခုလုံးက ရှုပ်ယှက်ခတ်နေပါပြီ”
“ချက်ချင်းပဲ မြို့တွင်းဝင်ပေါက်နဲ့ ထွက်ပေါက်အားလုံးကို ပိတ်လိုက် စစ်တပ်က ကူညီဖို့လာပါလိမ့်မယ်။ အခုချက်ချင်း ဆေးရုံကားတွေ၊ မီးသတ်ကားတွေနဲ့ ရဲကားတွေကို မြို့ပြင်ဘက် စစ်စခန်းဆီကို အမြန်ဆုံး စေလွှတ်လိုက်ကြ ကျန်တဲ့သူတွေက မြို့တွင်းမှာ အခြေအနေထိန်းဖို့ လုပ်ကြ” ရဲမှူးကြီး ကျန်းထောင်က မျက်နှာတွင် စိုးရိမ်မှုများနှင့်အတူ အမိန့်ပေးလိုက်သည်။
လမ်းမကြီးများပေါ်၌ ပေါက်ကွဲမှုကြောင့် ကြောက်လန့်ပြီး ပြေးလွှားနေကြသော လူများ၊ လဲကျနေသော ကားများ၊ အော်ဟစ်ငိုယိုနေသော ကလေးများ၊ အားလုံးသည် တစ်ယောက်ကိုတစ်ယောက် တိုက်မိ၊ တွန်းမိနေကြပြီး ရုတ်ရုတ်သဲသဲဖြစ်နေသည်။
မနက် ၁၀ နာရီ၏ အေးစက်သောမိုးသည် ပူပြင်းသော မီးလျှံများ၏အရှိန်ကြောင့် အနည်းငယ်နွေးထွေးနေသလို ခံစားရသည်။
မီးသတ်ကားများနှင့် ရဲကားများ၏ တရိပ်ရိပ်မြည်ဟည်းနေသော ဥဩသံများကလည်း ပရမ်းပတာအခြေအနေကို ပို၍ဆိုးရွားစေသည်။
ထိုအခြေအနေသည် ရိုးရိုးပေါက်ကွဲမှုတစ်ခုမဟုတ်ဘဲ မြို့တော်ကို တိုက်ခိုက်ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ကျန်းထောင်နှင့် အခြားတာဝန်ရှိသူများက နားလည်လာကြသည်။
ထိုတိုက်ခိုက်မှုသည် ဤမျှစစ်အင်အားကြီးမားသော စစ်စခန်းတစ်ခုကိုပင် ဖျက်ဆီးပစ်နိုင်သည်ဆိုသော အသိက သူတို့၏ စိတ်ကို ပို၍ ထိတ်လန့်စေသည်။ ရွမ်းဟွမ်မြို့တော်၏လုံခြုံရေးသည်လည်း အကြီးအကျယ် ခြိမ်းခြောက်ခံနေရပြီ ဖြစ်သည်။
လက်ရှိအချိန်သည် မနက် ၉ နာရီ ၅၀ ဝန်းကျင်ဖြစ်ကာ ရှောင်ကလန်၏ ခေါင်းဆောင်နှင့် အကြီးအကဲများ စုဝေးရာ အစည်းအဝေးခန်းမကြီးသည် တိတ်ဆိတ်တည်ငြိမ်လျက်ရှိသည်။
စားပွဲဝိုင်း၏ထိပ်တွင် ကလန်ခေါင်းဆောင် ရှောင်ထျန်းသည် မျက်မှောင်ကြုတ်လျက် ထိုင်နေပြီး နီးကပ်လာနေသော နှစ်စဥ် မိသားစုကြီး ၄ ခု သိုင်းပြိုင်ပွဲ အကြောင်းကို အကြီးအကဲများနှင့် ဆွေးနွေးနေကြသည်။
“ရှောင်ယွမ်က အသက် ၁၉ နှစ်နဲ့ သိုင်းထိပ်သီးအဆင့်ကို ရောက်နေပြီဆိုတာ အားလုံးသိကြပြီနော်” ရှောင်ထျန်းက အေးဆေးတည်ငြိမ်စွာဖြင့် စကားစလိုက်သည်။
ထိုအချိန်တွင်ပင် အစည်းအဝေးခန်းမတစ်ခုလုံးသည် ပြင်းထန်စွာ တုန်ခါသွားသည်။ မျက်နှာကျက်မှ အမှုန်အမွှားများ ပြိုကျလာပြီး အလှဆင်ထားသော မီးအိမ်များပါ လှုပ်ခါနေသောကြောင့် အကြီးအကဲများအားလုံး အံ့အားသင့်သွားကြသည်။
“ဒုန်းးးး”
နားကွဲလုမတတ် ပေါက်ကွဲသံကြီးသည် ကလန်ဝင်းတစ်ခုလုံးကိုပါ ဆတ်ခနဲလှုပ်ခါသွားစေသည်။ ရှောင်ထျန်းသည် အလွန်အမင်းပင် တုန်လှုပ်ခြောက်ခြားသွားပြီး အစည်းအဝေးကို ချက်ချင်းရပ်တန့်စေလိုက်သည်။
“အားလုံး သတိထားကြ” သူ၏အသံသည် ပြင်းထန်ပြီး အကြီးအကဲများလည်း ကြောက်ရွံ့စွာဖြင့် ငြိမ်သက်သွားကြသည်။ ပြတင်းပေါက်မှန်များ အက်ကွဲကာ ကြမ်းပြင်ပေါ်သို့ ပြန့်ကျဲကုန်ကြသည်။
ရှောင်ထျန်း၏ ခန္ဓာကိုယ်ပတ်လည်တွင် အဆင့် ၂ ဝိညာဉ်သခင်၏ စွမ်းအင်များ စိမ့်ထွက်လာသောကြောင့် လေထုတစ်ခုလုံး လေးလံလာသည်။
ထိုစဥ်မှာပင် ရှောင်ကလန်၏ အစောင့်အရှောက်တစ်ဦးသည် စိုးရိမ်နေသော မျက်နှာဖြင့် အစည်းအဝေးခန်းမတံခါးကို ဖွင့်ကာ အသက်ရှူသံပြင်းပြင်းဖြင့် အထဲသို့ ပြေးဝင်လာသည်။
“ကလန်ခေါင်းဆောင် မဟာကလန် ၄ ခုလုံး အရေးပေါ်အစည်းအဝေး ဆင့်ခေါ်လိုက်ပါပြီ။ စစ်တပ်ကနေ သတင်းရရှိတာကတော့အမျိုးသမီးတစ်ဦးဟာ ရွမ်းဟွမ်မြို့အနီးက စစ်စခန်းရဲ့ လက်နက်သိုလှောင်ရုံ A ကို ဖောက်ခွဲလိုက်တာပါ”
ထိုစကားများက အစည်းအဝေးခန်းမအတွင်းရှိ လူတိုင်းကို ချက်ချင်းဆိုသလို တိတ်ဆိတ်သွားစေသည်။
“လက်နက်သိုလှောင်ရုံ A” ဟူသော စကားစုက သူတို့၏သွေးကို အေးခဲသွားစေသည်။ စစ်တပ်၏ လက်နက်သိုလှောင်ရုံသည် ရွှေနဂါးနိုင်ငံ၏ အင်အားအကြီးဆုံး စစ်လက်နက်များကို သိမ်းဆည်းထားရာ နေရာဖြစ်သည်။
ထိုနေရာကို ဖောက်ခွဲလိုက်သော အင်အားသည် အလွန်အမင်းပင် ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။ ထိုအချိန်တွင် အားပျော့သောပေါက်ကွဲသံများစွာသည် မြို့အနှံ့ ပဲ့တင်ထပ်လာပြန်သည်။
“ဒုန်း”
“ဒုန်း”
“ဒုန်း”
မြို့တော်တစ်ခွင်လုံးရှိ ထိုပေါက်ကွဲသံများသည် ရှောင် ကလန်ဝင်များ၏ စိတ်ကိုပါ ထိတ်လန့်သွားစေသည်။
အစောင့်အရှောက်၏မျက်နှာသည် ပိုမိုဖြူဖျော့သွားပြီး စကားကို ဆက်လက်ပြောလိုက်သည်။
“မြို့ထဲမှာလည်း အခြေအနေက ပရမ်းပတာဖြစ်နေပါတယ်။ ရဲမှူးချုပ် ကျန်းထောင်က မြို့တွင်းဝင်ပေါက်၊ ထွက်ပေါက်အားလုံးကို ပိတ်ပြီး အရေးပေါ်အခြေအနေအဖြစ် သတ်မှတ်လိုက်ပါပြီ။”
“စစ်တပ်အခြေစိုက်စခန်းမှာတော့ လူအများအပြား ထိခိုက်သေဆုံးခဲ့ပြီး စခန်းတစ်ဝက်နီးပါး ပျက်စီးသွားပြီလို့ သိရပါတယ်။ တပ်မှူး လီဝေက ကျွန်တော်တို့ ကလန် ၄ ခုကို ဒီကိစ္စရဲ့တရားခံဖြစ်တဲ့ အမျိုးသမီးကိုဖမ်းပေးဖို့ အကူအညီတောင်းထားပါတယ်”
ရှောင်ထျန်းသည် သူ၏လက်ထဲတွင် အစိတ်စိတ်အမြွှာမြွှာဖြစ်သွားသော ဘောပင်ကို ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် စိတ်ထဲမှ ရေရွတ်လိုက်သည်။
‘ဒီလိုလုပ်ရပ်မျိုးက သာမန်ရန်သူတွေရဲ့ လုပ်ရပ်မဟုတ်ဘူး။ ငါတို့နိုင်ငံတော်ကို ဖျက်ဆီးပစ်ချင်တဲ့သူတွေဖြစ်နိုင်တယ်။ ပင်လယ်ခြားက ခွေးသတောင်းစားတွေရဲ့ လက်ချက်ပဲ ဖြစ်ရမယ်။’
“အစည်းအဝေးကို ဒီမှာပဲရပ်လိုက်ကြ။ အကြီးအကဲအချို့က ကလန်ရဲ့အစောင့်အရှောက်တွေကို ဦးဆောင်ပြီး မြို့ထဲက ကလန်ဝင်တွေအားလုံးကို လုံခြုံတဲ့နေရာကို ခေါ်သွားကြ။ ကျန်တဲ့အကြီးအကဲတွေကတော့ ငါနဲ့အတူ မြို့တွင်းလုံခြုံရေးအခြေအနေကို ဆွေးနွေးကြမယ်”
ရှောင်ထျန်းသည် ခိုင်မာပြတ်သားစွာဖြင့် အမိန့်ပေးလိုက်သည်။ သူ၏မျက်လုံးများသည် စူးရှစွာ တောက်ပလာပြီး နှစ်စဥ်သိုင်းပြိုင်ပွဲသည် လုံးဝအရေးမပါတော့ကြောင်း နားလည်လိုက်သည်။ ယခုလောလောဆယ်တွင်မူ ရွမ်းဟွမ်မြို့တော်နှင့် ရှောင်ကလန်၏လုံခြုံရေးကို ကာကွယ်ရန်သာ အရေးအကြီးဆုံးဖြစ်သည်။
ဗုံးမပေါက်ကွဲမှီအချိန်ကလေးတွင် ရှောင်မာန်သည် ဓားကို လှုပ်ရှားလိုက်သောအခါ လေထဲတွင် ကြာပန်းဖြူများ ပွင့်လန်းလာချေသည်။ ဓား၏ လှုပ်ရှားမှုတိုင်းသည် ပွင့်ချပ်များ ကြွေကျလာသကဲ့သို့ နူးညံ့သိမ်မွေ့၏။
ရှောင်ကလန်ဝင်များကလည်း ပါးစပ်အဟောင်းသားဖြင့်ကြည့်နေကြသည်။ ထိုအချိန်မှာပဲ အားကောင်းလွန်းသော ဗုံးသံကျယ်ကြီးကြောင့် သူတို့၏ သိုင်းလေ့ကျင့်ရေး အဆောက်အအုံကြီးပင်တုန်ခါလာသွား၏။
အားလုံးက ချက်ချင်းပဲထိန့်လန့်သွားကြသည်။
လက်နက်သိုလှောင်ရုံ A ၏ ပေါက်ကွဲမှုသည် ရွမ်းဟွမ်မြို့ကို တုန်လှုပ်ခြောက်ခြားစေခဲ့သည်။ ထိုအချိန်တွင် မြို့မှ မိုင် ၃၀၀ ခန့်ဝေးသော ကောင်းကင်ယံ၌ အလင်းတန်းတစ်ခုသည် လျင်မြန်စွာ ရွေ့လျားနေသည်။
ထိုအလင်းတန်းသည် ငှက်တစ်ကောင်၏ ပုံသဏ္ဍာန်ဖြစ်သော်လည်း သတ္တုဖြင့် ပြုလုပ်ထားသော နတ်ဘုရား ငှက်တစ်ကောင်ဖြစ်သည်။ ၎င်းသည် ရွမ်းဟွမ်မြို့သို့ ဦးတည်ပျံသန်းနေသော အင်မော်တယ် ယာဉ်ပျံငယ်တစ်စီး ဖြစ်၏။
ထိုယာဉ်ပျံအတွင်း၌ အသက် ၁၈ နှစ်မှ ၂၅ နှစ်ခန့်ရှိသော လူငယ် ၁၂ ဦးတို့သည် အေးဆေးတည်ငြိမ်စွာဖြင့် ထိုင်နေကြသည်။
သူတို့သည် ဝိညာဉ်သခင်များဖြစ်ကြပြီး၊ အားလုံးသည် တတိယအဆင့် ဝိညာဉ်သခင်များ ဖြစ်ကြသည်။ သူတို့၏ အနက်ရောင်ဝတ်စုံများတွင် ထူးခြားသော နန်းတော်နက် အမှတ်အသားများ ရှိနေသည်။
သူတို့သည် မြို့တော်၏ စစ်ပွဲနှင့် ပြဿနာများကို စိတ်ဝင်စားဟန်မပြကြချေ။ သူတို့၏ မျက်လုံးများတွင် ကြောက်ရွံ့ခြင်းထက် စိတ်ဝင်တစားရှိဟန်များသာ ပေါ်လွင်နေသည်။
လူငယ်များအနက်မှ တစ်ဦးဖြစ်သော အမျိုးသားသည် သူ၏ ရွှေရောင်ဆံပင်များကို သပ်တင်ရင်း ပြတင်းပေါက်မှ အပြင်ဘက်ကို ငေးကြည့်နေသည်။ သူ၏ မျက်နှာတွင် လှောင်ပြောင်ဟန်များရှိပြီး၊ သူ၏ ညာဘက်လက်တွင် ထူးခြားသော နဂါးအစွယ်ပုံစံ လက်စွပ်ကို ဝတ်ဆင်ထားသည်။
“ဒီပေါက်ကွဲမှုတွေက တော်တော်ကောင်းသားပဲ။ ငါတို့ရောက်သွားရင် ဒီထက်ပိုပြီး ပျော်စရာတွေ ရှိလာမှာပါ”
ရွှေရောင်ဆံပင်တို့ဖြင့် အနည်းငယ်ချောမောခန့်ညားသော လူငယ်က ကောင်းကင်အထက်သို့ အရှိန်အဟုန်ဖြင့်တတ်လာသည့် မီးခိုးလုံးကြီးအား ကြည့်ကာ အပြုံးခပ်ပါးပါးဖြင့် ရေရွတ်လိုက်လေ၏။
အခြားသူ လူငယ် ၁၁ ယောက်လည်း ပြုံးလိုက်ကြသည်။
သူတို့၏ယာဥ်ပျံကြီးမှာ အလွန်မြန်ဆန်လှပြီး အသံ၏အမြန်နှုန်းဖြင့်သွားလာနေသောကြောင့် မကြာမှီအချိန်အတွင်း ရွမ်းဟွမ်မြို့သို့ရောက်ရှိလာလိမ့်မည်ဖြစ်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၆၁ + ၆၂ + ၆၃) ပြီး