အခန်း (၇၁+၇၂+၇၃)
Vol. 8 Ch. 71+72+73
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၁ + ၇၂ + ၇၃)
ဒေါသတကြီးဖြင့် ရှောင်ဘိုးဘေးက သူမလက်ထဲရှိ အပြာရောင်သလင်းဓားအား ပယ်လာဟောရှိရာသို့ လှစ်ကနဲ ပစ်လွှတ်လိုက်သည်။
ထိုဓားမှာ လေထဲတွင်ပင် ရုတ်ချည်းကြီးထွားလာကာ အရှိန်အဟုန်ပြင်းထန်သော ရေနဂါးကြီးအဖြစ်သို့ ပြောင်းလဲသွားချေသည်။
အရှည်ပေ ၃၀ ခန့်ရှိသော ထိုရေနဂါးကြီးက ပယ်လာဟောထံသို့ တဟုန်ထိုး တိုက်ခိုက်ရန် ပြေးဝင်လာသည်။
ရေနဂါးကြီး ၏မျက်လုံးများမှာ အေးစက်နေပြီး၊ ခန္ဓာကိုယ်တစ်ခုလုံးမှ ရေခိုးရေငွေ့များ တထောင်းထောင်းထွက်ပေါ်နေသည်။
သူ၏အရှိန်ကြောင့် ပတ်ဝန်းကျင်ရှိ လေထုပင် တုန်ခါသွားသလို ခံစားရသည်။ ပယ်လာဟောက ထိုအရာကို မြင်သောအခါ ကျေနပ်စွာ ရယ်မောလိုက်၏။
သို့သော် သူ၏မျက်လုံးများက တင်းမာနေပြီး ရေနဂါး၏ ရေစွမ်းအင်က သူ၏ မီးမှော်ထက် အဆမတန် သာလွန်နေကြောင်းကို ချက်ချင်းပင် သိလိုက်သည်။
ပယ်လာဟောသည် တိုက်ခိုက်ခြင်းကို ရပ်တန့်လိုက်ပြီး သူ၏ကြီးမားသော ကိုယ်ခန္ဓာကို မီးတောက်မီးလျှံများဖြင့် ဖုံးအုပ်ကာကွယ်လိုက်သည်။
ပယ်လာဟော၏ မီးလျှံအကာအကွယ်က မာကျောသော မီးကျောက်ကဲ့သို့ ဖြစ်နေပြီး၊ ထိုအကာအကွယ်ကို ထိမိသောအခါ ရေနဂါး၏ ခန္ဓာကိုယ်မှ ရေနွေးငွေ့များ ထွက်ပေါ်လာသည်။
သို့သော် ရေနဂါး၏ ခွန်အားက မီးလျှံအကာအကွယ်ကို ဖြည်းဖြည်းချင်း ဖောက်ထွင်းဝင်ရောက်လာသည်။
“ရှဲးးးး”
ဆူပွက်သွားသော ရေများ၏အသံများနှင့်အတူ ပယ်လာဟော၏ ခန္ဓာကိုယ်ကို ရေနဂါးကြီးက ဖိအားပေးနေလေသည်။
ပယ်လာဟော၏ အားကောင်းလှပါသည်ဆိုသော ကြီးမားသည့် ခန္ဓာကိုယ်ကြီးမှာပင် အနောက်သို့ အနည်းငယ်ဆုတ်သွားလိုက်ရသည်။
ပယ်လာဟော၏ အခြေအနေကိုမြင်သောအခါ ရှောင်ဘိုးဘေးက “မင်းရဲ့ မီးစွမ်းအင်က ငါ့ရဲ့ရေစွမ်းအင်ကို ဘယ်လိုမှ မယှဉ်နိုင်ဘူး” ဟု ပြုံး၍ ပြောလိုက်သည်။
သူမ၏မျက်နှာတွင် အောင်နိုင်သူတစ်ယောက်၏ အပြုံးကို တွေ့မြင်နေရသည်။
ပယ်လာဟောက ရေနဂါး၏ ဖိအားကို ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း၊ တစ်ချိန်တည်းမှာပင် အနီးကပ်တိုက်ပွဲအတွက် အခွင့်အရေးကို ရှာဖွေနေသည်။
သူ၏ ရည်ရွယ်ချက်မှာ ရေနဂါးကို တတ်နိုင်သမျှ ခုခံကာကွယ်ရင်း၊ ရှောင်ဘိုးဘေးနှင့် အနီးကပ်တိုက်ခိုက်ရန်ပင် ဖြစ်သည်။
ရေနဂါးသည် ပယ်လာဟော၏ မီးအကာအကွယ်ကို အစိပ်စိပ်အမြွှာမြွှာ ဖြစ်သွားအောင် ပြုလုပ်လိုက်ပြီး၊ ပယ်လာဟော၏ ကိုယ်ခန္ဓာကို ရေများဖြင့် ရိုက်ခတ်ပစ်လိုက်သည်။
ပယ်လာဟော၏ အစွယ်ကြီးများဖြင့် ရုပ်ဆိုးလှသော မျက်နှာတွင် နာကျင်မှုအရိပ်အယောင် ပေါ်လာသည်။
သို့သော် အော့ခ်မျိုးနွယ်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားကြောင့် ထိုရေများကို ဒါဏ်ရာကြီးကြီးမားမားမရပဲတောင့်ခံနိုင်ခဲသည်။ ထို့အပြင်သူ၏ချပ်ဝတ်ကလည်း စွမ်းအင်အများစုအား စုပ်ယူသွားပေးခဲ့လေသည်။
ရှောင်ဘိုးဘေးက ပယ်လာဟော၏ အားကောင်းသော ခံနိုင်ရည်ကို မြင်သောအခါ သူမ၏ ရေစွမ်းအင်ကို ပို၍ တိုးမြှင့်လိုက်သည်။
သူမ၏လက်များမှ ထက်မြက်သော ရေလှံများ ထွက်ပေါ်လာပြီး ပယ်လာဟောကို ဝိုင်းရံပစ်ခတ်စေသည်။ ရေလှံများသည် မြားများကဲ့သို့ လျင်မြန်စွာ တိုးဝင်လာပြီး ပယ်လာဟော၏ ကိုယ်ခန္ဓာကို ထိုးဖောက်ရန် ကြိုးစားနေကြသည်။
ပယ်လာဟောက မီးတောက်များဖြင့် ရေလှံများကို လောင်ကျွမ်းစေသည်။ သို့သော် ရေလှံများ၏ ရေစွမ်းအင်က အားကောင်းလွန်းသောကြောင့် မီးတောက်များမှာ အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း မှိန်ဖျော့လာသည်။
ပယ်လာဟောသည် အနီးကပ်တိုက်ပွဲ အား လိုချင်သလောက် ရှောင်ဘိုးဘေးကမူ သူမ၏ ရေစွမ်းအင်အားသာချက်ကို အသုံးချကာ အဝေးမှ တိုက်ပွဲကိုသာ ဆွဲခေါ်နေသည်။
သူတို့နှစ်ဦး တိုက်ခိုက်နေကြစဉ်တွင် အဆောက်အအုံ။
များဟာ ပြိုကျပျက်စီးကုန်ပြီး သူတို့ ၂ ယောက်ကတစ်ဖြေးဖြေးဖြင့် အဝေးသို့ရောက်ရှိသွားကြသည်။
ပယ်လာဟာ၏ အရေးနိမ့်နေမှုကြောင့် ထျန်ရှင်းလုက မျက်မှောင်ကြုတ်သွားလေ၏။ ပြီးနောက် ကောင်းကင်အထက်ရှိ နေမင်းကိုတစ်ချက်ကြည့်ကာ အမိန့်ပေးလိုက်သည်။
“ချိုးလေး နဲ့ ဖန်းလေး။ မင်းတို့ ၂ ယောက် မြို့ထဲကိုသွားပြီး အရိပ်အဖွဲ့ခေါင်းဆောင်ကိုသွားရှာ။ သူမဒုက္ခရောက်နေတာဆိုရင် ကူညီခဲ့လိုက်”
“နံပါတ် ၃ နဲ့ ၄ က သူတို့နဲ့လိုက်သွားလိုက်”
ချက်ချင်းပဲ အရိပ်လုပ်ကြံသူ ၁၂ ယောက်တည်းမှ ၂ ယောက်ဟာ ထျန်ရှင်းလုအား အရိုအသေပေးလျက် မြို့ထဲသို့ထွက်ခွာသွားလေသည်။
အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ကလည်း ထျန်ရှင်းလု၏ အမိန့်အားမဖီဆန်ရဲကြချေ။ သူတို့ ၂ ယောက်က ချက်ချင်းပဲ ခေါင်းညိတ်လိုက်ကြသည်။
“ဟုတ်ကဲ့ပါ သခင်လေးထျန်” သူတို့ ၂ ယောက်ထွက်ခွာသွားသည့်အခါတွင် ထျန်ရှင်းလုက ဒါဏ်ရာများဖြင့် ရှောင်ကလန်ဝင်များကိုကြည့်ကာ ပြုံးလိုက်သည်။
“ကဲကောင်းပြီ ကျုပ်တို့ ဂိမ်းလေးတစ်ခုလောက် ဆော့ကြမလား” ထျန်ရှင်းလု၏ရုပ်ရည်မှာ ချောမောလွန်းသောကြောင့် သူ၏အပြုံးမှာ သိပ်ကိုကြည့်ကောင်းလှသည်။
သို့သော် ရှောင်ကလန်ဝင်များအတွက်တော့ သူ၏အပြုံးမှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ဖြစ်စေကာ သူတို့အား ကြက်သီးထသွားစေသည်။
ရှောင်ကလန်ဝင်များက ဘာမှပြန်မပြောပဲ သူ့အား ဒီတိုင်းသာစိုက်ကြည့်နေကြသောအခါ ထျန်ရှင်းလု မှုန်ကုပ်ကုပ်ဖြစ်သွား၏။
“ဟိတ်ကောင် ရှောင်မျိုးရိုး။ ငါ့ကို ဂိမ်းအကြောင်းမေးလေ” ထျန်ရှင်းလု ရှောင်လန်အား လက်ညိုးထိုးလိုက်သည်။ ရှောင်လန်၏အမည်အား မခေါ်ရသည့်အကြောင်းအရင်းမှာ သူ မမှတ်မိလို့ဖြစ်သည်။
သာမန် ပုရွဲဆိတ်တစ်ကောင်၏ အမည်အား မည်သည့် တောဘုရင်ကျားက မှတ်ထားမည်နည်း။ ရှောင်လန်က ဇဝေဇဝါဖြစ်နေဆဲမှာပင် ရှောင်ထျန်းက မျက်မှောင်ကြီးကြုတ်လျက် မေးလိုက်၏။
“ဘယ်လို ဂိမ်းမျိုးလဲ”
ထိုအခါမှ ထျန်ရှင်းလုက ပြုံးသွားကာ သူတို့ထံသို့တစ်လှမ်းချင်းလျောက်လှမ်းလာသည်။
“အခုကစပြီးတော့ မင်းတို့ငါကိုသတ်ရမယ်။ ငါမင်းတို့ကိုပြန်မတိုက်ဘူး။ ငါအသက်ရှင်နေတာ တစ်မိနစ်ကြာတိုင်းမှာ မင်းတို့ရှောင်ကလန်က မျိုးဆက်သစ်တွေကို ခေါင်းဖြတ်ပြီးတော့ သတ်ပြစ်မယ်” ထျန်ရှင်းလုက မိစ္ဆာတစ်ကောင်ကဲ့သို့ ပက်ပက်စက်စက်ပြုံးကာ ပြောလိုက်သည်။
ရှောင်ကလန်ဝင်များကလည်း ကျောချမ်းသွားကြကာ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
“နံပါတ် ၅ နဲ့ ၁၀ အထိ မင်းတို့ ၅ ယောက် မျိုးဆက်သစ်ရှောင်ကလန်ဝင်တွေကို သွားဖမ်းခေါ်ခဲ့” ထျန်ရှင်းလုက အရိပ်လုပ်ကြံသူ ၅ ယောက်အား အမိန့်ပေးလိုက်၏။
ချက်ချင်းပဲ သူတို့ ၅ ယောက်က ထျန်ရှင်းလုအား အရိုအသေပေးလိုက်ကြကာ ရှောင်ကလန်အိမ်တော်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
ရှောင်ကလန်ဝင်များက မလှုပ်ရှားသေးသောကြောင့် ထျန်ရှင်းလုက တွန်းအားဆက်ပေးလိုက်သည်။
သူက စိတ်ကျေနပ်နေသော အပြုံးလေးဖြင့် “ ၅ စက္ကန့်ကုန်သွားပြီနော်” ပြောလိုက်သည်။
ချက်ချင်းပဲ အကုန်လုံးက ဝိညာဉ်သခင်အဆင့်များဖြစ်ကြသောကြောင့် သူတို့၏လက်ကောင်ဝတ်များတွင် အဖြူရောင်ဝိညာဉ်ကွင်းများက ထွက်ပေါ်လာသည်။
လေထုထဲရှိ ဝိညာဉ်စွမ်းအင်များက တတ်ကြွလာပြီး လေထုကို လေးလံသွားစေလေသည်။
အားလုံးထဲတွင် အရွယ်ကောင်းဖြစ်သလို အသန်မာဆုံးလည်း ဖြစ်သည့် ရှောင်ထျန်းက စတင်၍လှုပ်ရှားလိုက်သည်။
ရှောင်ထျန်းဟာ အဆင့် ၂ ဝိညာဉ်သခင်ဖြစ်သောကြောင့် အမြန်နှုန်းဝိညာဉ်ကွင်းရှိလေကာ ထျန်ရှင်းလုတစ်ယောက် ဝေဝေဝါးဝါးသာမြင်လိုက်ရပြီး မျက်နှာသို့အထိုးခံလိုက်ရသည်။
“ဘန်းးး”
ချက်ချင်းပဲ ကျယ်လောင်သော အသံကြီးထွက်ပေါ်လာကာ ထျန်ရှင်းလုနှာရိုးကျိုးသွားလေပြီး သွေးများစွာထွက်ပေါ်လာသည်။
ရှောင်ထျန်းဟာလည်း အတော်လေးအံဩသွားသည်။ အဆင့် ၄ ဝိညာဉ်သခင်တစ်ယောက်ဖြစ်သော အကြီးအကဲဖန်းပင် အနိုင်ရရှိရန်ယုံကြည်ချက်မရှိလေသော သူအား သူထိအောင်ထိုးမိလိုက်သည်လော။
သို့သော် သူဟာ အတွေ့အကြုံရင့်ကျက်နေပြီဖြစ်သော သိုင်းပညာရှင်ဖြစ်သောကြောင့် ရလာသော အခွင့်အရေးအား ချက်ချင်းပဲ အသုံးချလိုက်သည်။
ချက်ချင်းပဲ သူ၏လက်သည်းထိပ်များတွင် အဖြူရောင်ဝိညာဉ်စွမ်းအင်များဖြင့် သိပ်သည်းလာကာ ထျန်ရှင်းလု၏လည်မြိုသို့ လှံတစ်ချောင်းလို ထိုးချလိုက်သည်။
“ရှီးးး”
ရှောင်ထျန်း၏ လက်သည်းထိုးချက်မှာ အမြန်နှုန်းဝိညာဉ်ကွင်းကြောင့် အလွန်မြန်ဆန်ပြီး ဖြတ်ကတည်းအတွင်းမှာပဲ ထျန်ရှင်းလု၏လည်မြို့သို့ ရောက်သွားလေသည်။
ရုတ်တရက် ထိုအလွန်တိုတောင်းလှသော အချိန်လေးမှာပင် ထျန်ရှင်းလု၏လည်မြိုမှာ သံမဏိအရောင်အဖြစ်သို့ ပြောင်းလဲသွားလေ၏။
“ထန်းးး”
“ဂျစ်..ခရက်”
“အားးး”
ချက်ချင်းပဲ ရှောင်ထျန်း၏လက်ချောင်းထိပ်များမှာ ထျန်ရှင်းလု၏သံမဏိလည်မျိုအား မထိုးဖောက်နိုင်လေပဲ ကွေးကောက်ကာထက်ပိုင်းကျိုးသွားရသည်။
“အဟားဟားဟား” ထျန်ရှင်းလုမှာတော့ သက်ရောက်မှုကြောင့် အနောက်သို့ ခြေ ၂ လှမ်းခန့်ဆုတ်သွားရသော်လည်းပဲ အကောင်းအတိုင်းပဲရှိနေကာ နတ်ဆိုးတစ်ကောင်ကဲ့သို့ရယ်မောနေလျက်ရှိသည်။
ရှောင်ထျန်း၏ လက်သည်းထိုးချက်မှာ ထက်ရှလွန်းပြီး သန့်စင်သောစတီးပင်လျှင် ထောပတ်တစ်တုံးကဲ့သို့ အလှီးခံရလိမ့်ပေမည်။
သို့သော် ထျန်ရှင်းလု၏သံမဏိခန္ဓာကိုယ်ဟာတော့ ထူးဆန်းလွန်းနေပြီး ရှောင်ထျန်၏ထက်ရှလှပါသည်ဆိုသော လက်သည်းချက်က ထိုလည်မြိုတွင် ခြစ်ရာလေးတစ်ခုပင် ထင်အောင်မလုပ်ထားနိုင်ခဲ့ချေ။
ရှောင်ထျန်း၏ တိုက်ခိုက်မှုပြီးသွားနောက်တွင် သစ်ပင်အခေါက်များလို အတွန့်များဖြင့် အိုမင်းနေပြီဖြစ်သော်လည်း သွက်လက်နေဆဲဖြစ်သည့် ဘိုးဘေး ၂ ယောက်က တိုက်ခိုက်လာသည်။
တစ်ယောက်က အရှေ့ကနေ သေမျိုးအဆင့်သံမဏိဓားဖြင့် သူ၏ရင်ဘတ်သို့ခုတ်ချလိုက်ကာ ထျန်ရှင်းလု၏ အာရုံအားဆွဲယူလိုက်သည်။
နောက်တစ်ယောက်မှာတော့ ထျန်ရှင်းလု၏အနောက်ကနေ ထွက်ပေါ်လာပြီး သေမျိုးအဆင့်သံမဏိဆေဘာဖြင့် လည်ပင်းသို့ပါးကွပ်သားတစ်ယောက် ခေါင်းဖြတ်သလိုမျိုး အားရပါးရခုတ်ချပြစ်လိုက်သည်။
သူတို့တွေဟာ ဝိညာဉ်စွမ်းအင်များကိုအသုံးပြထားသောကြောင့် သူတို့၏လက်များနှင့်ဓားသွားများဟာ အဖြူရောင်အလင်းများဖြင့်တောက်ပနေလေသည်။
သူတို့၏ရည်ရွယ်ချက်မှာ ထျန်ရှင်းလုက အရှေ့မှဓားချက်အား အာရုံစိုက်နေသည့်အချိန်တွင် အနောက်ရှိ ဆေဘာဖြင့် ပွဲသိမ်းပြစ်ရန်ဖြစ်သည်။
သူတို့ ၂ ယောက်ဟာ အတူတူပူးပေါင်း၍တိုက်ခိုက်လာသည်မှာ နှစ်ပေါင်း ၁၀၀ ကျော်နေပြီဖြစ်ကာ သူတို့ထက်အဆင့်ပိုမြင့်သော အဆင့် ၃ ဝိညာဉ်သခင်မျာကိုပင် ဤအကွက်ဖြင့်ခေါင်းဖြတ်ခဲ့ဖူးသည်။
သေချာပေါက်အလုပ်ဖြစ်ပြီဟုတွေးထားသောကြောင့် သူတို့ ၂ ယောက်လုံး၏ သစ်ခေါက်လိုမျက်နှာများရှိ အပြုံးများဟာ ပိုမိုတောက်ပလာကြသည်။
ထိုကဲ့သို့သော အန္တရာယ်များလှသော အချိန်မျိုးမှာပင် ထျန်ရှင်းလုက ရှောင်ရန်စိတ်ကူးမရှိလေပဲ ပြုံးလိုက်ကာ အိုင်ကီဒိုစတန်းပုံစံယူလိုက်သည်။
သူ၏ တစ်ကိုယ်လုံးဟာလည်း ၁ မီလီစက္ကန့်ထက်ပင် မိုပိုတိုတောင်းသော အချိန်ကလေးအတွင်းတွင် သံမဏိအဖြစ်သို့ပြောင်းလဲသွားလေသည်။
“ထန်းးး”
ချက်ချင်းပဲ လက်နက် ၂ ခု၏ သက်ရောက်မှုကြောင့် ထျန်ရှင်းလု ယိမ်းယိုင်သွားသည်။ ဘိုးဘေး ၂ ယောက်၏ သစ်ခေါက်မျက်နှာများဟာလည်း ပြောင်းလဲသွားကြသည်။
ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာလေးတစ်ခုပင်မထွက်ပေါ်လာသော်လည်း သူတို့၏လက်နက်များတွင်တော့ သေးငယ်သော အက်ရာများထွက်ပေါ်လာကာအပိုင်းအစအချို့က ကြွေကျသွားလေသည်။
သူတို့ ၂ ယောက်၏မျက်နှာများဟာ အံဩမှုကြောင့် ပါးစပ်အဟောင်းသားဖြစ်သွားကာ ဖြစ်ပျက်နေသည်များကို မယုံကြည်နိုင်ဖြစ်သွားကြ၏။
သေမျိုးအဆင့်သံမဏိများဟာ ပုံမှန်ထက် ပိုမိုသန်မာအောင် ဝိညာဉ်စွမ်းအင်များဖြင့်သန့်စင်ထားသော သံမဏိများဖြစ်ကြကာ သာမန်သံမဏိများထက် အဆ ၂ ဒါဇင်ခန့်ပိုမိုခိုင်ခံလေသည်။
သို့သော် ထျန်ရှင်းလု၏ခန္ဓာကိုယ် နှင့် အထိတွင်တော့ ထိုသက်ရောက်မှုကြောင့် သူတို့၏လက်နက်များက အက်ကွဲထွက်သွားရသည်လော။
“စက္ကန့် ၂၀” ထျန်ရှင်းလုက အိုက်ကီဒိုစတန်းပုံစံဖြင့် ဆက်ရပ်နေလေပြီး မျက်နှာတွင် သွေးတွေဖြင့် ရယ်မောကာ ပြောလိုက်သည်။
ရှောင်ထျန်း၏မျက်လုံးများက တစ်ချက်တောက်ပသွားကာ အနားသို့အမြန်ကပ်လာပြီး ဝိညာဉ်စွမ်းအင်မသုံးပဲ ထျန်ရှင်းလု၏ ရင်ဘတ်သို့ ဖြတ်ကတည်း ကန်ချလိုက်သည်။
ချက်ချင်းပဲ ထျန်ရှင်းလု၏ သံမဏိခန္ဓာကိုယ်က ပြန်လည်ပျောက်ကွယ်သွားကာ ပုံမှန်အသားအရေပြန်ဖြစ်သွားလေသည်။
“ဘန်းးး”
ချက်ချင်းပဲ ကန်ချက်၏ သက်ရောက်မှုကြောင့် ထျန်ရှင်းလုအနောက်ဘက်သို့ လွှင့်ထွက်သွားကာ သွေးအချို့အား အန်ထုတ်လိုက်ရသည်။
“အဟားဟားဟား” ထျန်ရှင်းလုကတော့ အပြုံးမပျက်သေးလေချေ။ ရှောင်ထျန်းက အမြန်အော်ပြောလိုက်သည်။
“လက်နက် နဲ့ ဝိညာဉ်စွမ်းအင်ကို မသုံးဘူးဆိုရင် သူရဲ့သံမဏိခန္ဓာကိုယ်က အသက်မဝင်လာဘူး။ ဒီတိုင်းလက်ဗလာ နဲ့ တိုက်ခိုက်ကြမယ်”
ရှောင်ထျန်း၏ အမိန့်ပေးသံကြားသည်နှင့် ရှောင်မျိုးနွယ်ဝင်များသည် တစ်ပြိုင်တည်း တိုက်ခိုက်ရန် လှုပ်ရှားလိုက်ကြသည်။
ထျန်ရှင်းလုသည် ပြုံးနေဆဲ ပြုံးနေမြဲပင်ရှိပြီး သူတို့၏တိုက်ခိုက်မှုများကို လုံးဝပြန်လည်ခုခံခြင်းမရှိချေ။
ရှောင်မျိုးနွယ်တွင် ခွန်အားအကြီးဆုံးဖြစ်သော ဘိုးဘေးနှစ်ဦးသည် ထျန်ရှင်းလု၏ ဘယ်ဘက်ခြမ်းနှင့် ညာဘက်ခြမ်းကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ကြသည်။
သူတို့၏ လက်သီးချက်များမှာ လေထုကိုပင် တုန်ခါသွားစေလောက်အောင် ပြင်းထန်လှသည်။
“ဒုန်း”
ထိုလက်သီးချက်နှစ်ချက်သည် ထျန်ရှင်းလု၏ နံရိုးများနှင့် ဗိုက်သားကို ထိမှန်သွားပြီး အက်ကွဲသံများ ထွက်ပေါ်လာသည်။
ထိုအချိန်မှာပင် ထျန်ရှင်းလု၏ ပါးစပ်မှ သွေးများ အန်ထွက်လာချေသည်။ သို့သော် သူ၏မျက်နှာတွင် နာကျင်မှုအရိပ်အယောင် လုံးဝမရှိဘဲ ကျေနပ်စွာ ပြုံးနေဆဲဖြစ်သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကျေးဇူးတင်သည့်ဟန် ပြုလိုက်၏။
ရှောင်ထျန်းသည် ထိုအခွင့်အရေးကို လက်လွတ်မခံဘဲ ထျန်ရှင်းလု၏အနောက်ဘက်မှ လျင်မြန်စွာ ဝင်ရောက်လာပြီး သူ၏ခြေထောက်များကို အသုံးပြု၍ ဒူးခေါင်းသို့အားအကုန်သုံး၍ ကန်ချက်လိုက်သည်။
ထိုတိုက်ခိုက်မှုများ၏ အရှိန်ကြောင့် ထျန်ရှင်းလု၏ ခြေထောက်များ ကွေးသွားပြီး သူ့ခန္ဓာကိုယ်က အနည်းငယ် ယိမ်းယိုင်သွားသည်။
သို့သော် သူသည် နောက်သို့ လုံးဝဆုတ်ခွာသွားခြင်းမရှိချေ။ သူတို့တွေ ထျန်ရှင်းလုကို အားရပါးရ ထိုးကြိတ်နေသည့်အချိန်တွင် အရိပ်သတ်ဖြတ်ဝင် ၅ ယောက်က ရုန်းကန်နေသည့် ရှောင်ကလန်ဝင် ၁၀ ယောက်အား ဂုတ်မှဆွဲယူလာကြသည်။
သူတို့တွေထဲတွင် အသက် ၃ နှစ်ကနေ သက်ကြီးရွယ်အိုများပင် ပါဝင်သေးလေသည်။ ရှောင်ကလန်ဝင်များကတော့ ထိုသည်ကိုသတိမထားမိကြပဲ ထျန်ရှင်းလုအား ဆက်လက်ကြီး တိုက်ခိုက်နေကြသည်။
“စက္ကန့် ၃၀” ထျန်ရှင်းလုက အထိုးကြိတ်ခံနေရင်းပြောလိုက်၏။
ရှောင်ကလန်ဝင်အားလုံးသည် အဖွဲ့လိုက် ပူးပေါင်းတိုက်ခိုက်မှုများကို အဆက်မပြတ်ပြုလုပ်နေကြသည်။ တစ်ယောက်က အာရုံလွဲနေချိန်တွင် နောက်တစ်ယောက်က ထျန်ရှင်းလု၏ သေကွင်းသေကွက်များဖြစ်သော ဦးခေါင်းနှင့် ရင်ဘတ်ကို ချိန်ရွယ်တိုက်ခိုက်ကြသည်။
သူတို့၏ လက်သည်းများနှင့် လက်သီးချက်များသည် သံမဏိခန္ဓာကိုယ်အား အသုံးမပြုထားသည့် ထျန်ရှင်းလု၏ ခန္ဓာကိုယ်ကို ထိခိုက်စေကာ ထျန်ရှင်းလု၏ ကိုယ်ခန္ဓာမှ သွေးများစိမ့်ထွက်လာပြီး ဒါဏ်ပလပွအပြည့်ဖြင့်ဖြစ်သည်။
“ဒုန်း” “ဖောင်း”
အဆက်မပြတ်ထွက်ပေါ်လာနေသော တိုက်ခိုက်သံများက လေထုတစ်ခုလုံးကို ဖုံးလွှမ်းသွားစေသည်။
“စက္ကန့် ၄၀”
ထျန်ရှင်းလုသည် လုံးဝတိုက်ခိုက်ခြင်းမရှိဘဲ သူ၏ခန္ဓာကိုယ်ဖြင့်သာ တိုက်ခိုက်ချက်တိုင်းအား ပြုံးပြုံးကြီး ခံယူနေသည်။
သူ၏ ခန့်ညားလှသော မျက်နှာထက်တွင်မူ ဝမ်းသာကြည်နူးမှုများ ပြည့်နှက်နေပြီး ရှောင်ကလန်ဝင်များ၏ အားထုတ်မှုများကို ပျော်ရွှင်စွာခံစားနေရပုံရသည်။
“စက္ကန့် ၅၀”
ရှောင်မျိုးနွယ်ဝင်များသည် ထျန်ရှင်းလု၏ မျက်နှာကိုကြည့်ကာ စိတ်ဓာတ်များကျဆင်းလာကြပြီး သူတို့၏အားအင်များ ကုန်ခမ်းလာချေသည်။
ရှောင်ထျန်းက အံကြိတ်လိုက်ပြီး အော်ဟစ်လိုက်ကာ ထျန်ရှင်းလု၏ သွေးတွေဖြင့်စုတ်ပြတ်နေသော မျက်နှာအား အားအကုန်သုံးကာ ထိုးချလိုက်သည်။
သို့သော် ထျန်ရှင်းလုက ရုတ်တရက် သူ၏လက်အားဆွဲယူကာ လှည်လိုက်ပြီး လေထဲသို့လွှင့်ထွက်သွားစေသည်။
“အိုက်ကီဒို” ချက်ချင်းပဲ အားလုံးက ထျန်ကလန်၏
ဒဏ္ဍာရီလာသိုင်းပညာအား မျက်မြင်တွေ့လိုက်ကြရကာ ထိန့်လန့်သွားကြသည်။
ထျန်ရှင်းလုက သူ၏အရိုးအက်နေသော ခြေထောက်အားမကာ လေပေါ်တွင်ဟန်ချက်ပျက်နေသည့် ရှောင်ထျန်းအားဖြတ်ကတည်းကန်ချပြစ်လိုက်သည်။
ရှောင်ထျန်းကလည်း သူ၏ခန္ဓာကိုယ်အား ဝိညာဉ်စွမ်းအင်ဖြင့် အားဖြည့်လိုက်ပြီး ထျန်ရှင်းလု၏ကန်ချက်အား အလျင်အမြန်ကာလိုက်ရလေသည်။
“ဘန်းးး”
ရှောင်ထျန်းက လွှင့်ထွက်သွားသော်လည်း ကံကောင်းစွာဖြင့် ဒါဏ်ရာတော့မရလိုက်ချေ။
“အို့စ် ငါပြန်တိုက်ခိုက်မိလိုက်တယ်။ ဘာပဲဖြစ်ဖြစ် စက္ကန့် ၆၀ ပြည့်သွားပြီ” ထျန်ရှင်းလုပြောလိုက်သည် နှင့် ဓားအလင်းတစ်ချက်လက်သွားကာ ခေါင်းတစ်လုံးက မြေပြင်ပေါ်သို့ပြုတ်ကျလာသည်။
ထိုသူမှာ အသက် ၁၂ နှစ်သာရှိသေးသော ကောင်လေးတစ်ယောက်ဖြစ်ကာ တိုက်ခိုက်နေသော အကြီးအကဲများထဲမှ တစ်ယောက်၏ မြေးဖြစ်၏။
အကြီးအကဲက ရူးသွပ်သွားသကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် အော်ဟစ်လိုက်သည်။
“မင်း..မင်းး လူမဆန်တဲ့အကောင် မင်းကွာ”
တစ်ကိုယ်လုံးတွင် သွေးများဆိုရွဲနေသည့် ထျန်ရှင်းလုကတော့ ရယ်မောလိုက်လေသည်။ “အဟားဟားဟား”
ထျန်ရှင်းလု၏တစ်ကိုယ်လုံးဟာ ဒါဏ်ရာဒါဏ်ချက်အပြည့်ဖြင့် ဖြစ်ပြီး၊ သူ၏ဆံပင်ရှည်များကလည်း လေပြေလေးနှင့်အတူ လွှင့်မြောနေ၏။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၁ + ၇၂ + ၇၃) ပြီး