အခန်း (၇၄+၇၅+၇၆)
Vol. 8 Ch. 74+75+76
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၄ + ၇၅ + ၇၆)
မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည့် မိမိ၏မြေးဖြစ်သူ၏ ခေါင်းပြတ်ကြီးကို အကြီးအကဲက ရူးသွပ်နေသော မျက်လုံးများဖြင့် ကြည့်ကာ ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
အခြားသော ရှောင်ကလန်ဝင်များ၏ မျက်နှာများသည်လည်း ဒေါသ၊ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုတို့ဖြင့် ပြည့်နှက်နေကြသည်။
“သတ်... သတ်ပြစ်စမ်း၊ အဲဒီလူမဆန်တဲ့ မိစ္ဆာကောင်ကိုသတ်ပြစ်”
ဒေါသထွက်နေသော လူအုပ်ကြီးထဲမှ တစ်ယောက်က အော်ဟစ်လိုက်ပြီး၊ သူတို့အားလုံးသည် အကြောက်တရားကို ဖယ်ရှားကာ ထျန်ရှင်းလုထံသို့ ရက်ရက်စက်စက် တိုက်ခိုက်ရန် ပြေးဝင်လာကြသည်။
ပတ်ပတ်လည်ရှိ လေထုတစ်ခုလုံးသည် ရုတ်တရက် တင်းမာလာပြီး သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။
ရှောင်ကလန်ဝင်များ၏ မျက်လုံးများသည် နီရဲနေကြပြီး၊ သူတို့၏ လက်များနှင့် ခြေထောက်များကို အသုံးပြု၍ ထျန်ရှင်းလုကို တိုက်ခိုက်နေကြသည်။
သူတို့၏ ရည်ရွယ်ချက်မှာ ထိုနတ်ဆိုးကောင်ကို ရက်စက်စွာဖြင့် သတ်ဖြတ်လိုချင်းပင်ဖြစ်ပေတော့သည်။
တစ်စုံတစ်ဦးက ထျန်ရှင်းလု၏ မျက်လုံးကို ချိန်ရွယ်တိုက်ခိုက်လိုက်သည်။ သို့သော် ထျန်ရှင်းလုသည် ပြန်မတိုက်ခိုက်ဘဲ ရှောင်ထွက်လိုက်သည်။
“၆၀ စက္ကန့်ပြည့်ပြီ…” ထျန်ရှင်းလု ပြောလိုက်သည်နှင့်အတူ၊ အနီးအနားရှိ အရိပ်လုပ်ကြံသူတစ်ဦး၏ လက်ထဲမှ ဓားတစ်ချောင်းသည် အရိပ်ထဲသို့ ပျောက်ကွယ်သွားကာ၊ မကြာမီတွင် အခြားသော ရှောင်ကလန်ဝင်တစ်ဦး၏ ဦးခေါင်းကို ဖြတ်တောက်လိုက်သည်။
“အားးးး”
အော်ဟစ်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး၊ အကြီးအကဲများ၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။
ထိုသို့ဖြစ်နေစဥ် အိမ်တော်ထဲသို့ ဝင်ရောက်သွားသည့် အရိပ်လုပ်ကြံသူများသည် ရုန်းကန်နေသည့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ခေါင်းမှ ဆွဲခေါ်လာကြသည်။
သူတို့သည် ထိုအခြေအနေကို မျက်မြင်ကိုယ်တွေ့မြင်နေကြရသော်လည်း တိုက်ခိုက်နေကြသော အကြီးအကဲများသည် ဒေါသကြောင့် မမြင်နိုင်သေးချေ။
“၁၀ စက္ကန့်…” ထျန်ရှင်းလုက အေးဆေးတည်ငြိမ်စွာ ဆက်ပြောနေပြီး၊ သူ၏ မျက်နှာပေါ်တွင် နတ်ဆိုးအပြုံးတစ်ခု ဖြစ်ပေါ်လာသည်။
ရှောင်ကလန်ဝင်များသည် ဒေါသကြောင့် သွေးဆူလာကြပြီး၊ တိုက်ခိုက်မှုများမှာလည်း ယခင်ထက် ပိုမို ရက်စက်လာသည်။ သူတို့သည် ထျန်ရှင်းလု၏ မျက်နှာ၊ မျက်လုံးနှင့် ရင်ဘတ်တို့ကို ဦးတည်တိုက်ခိုက်နေကြသည်။
သို့သော် ထျန်ရှင်းလုသည် လုံးဝ ပြန်မတိုက်ခိုက်ဘဲ သူတို့၏ တိုက်ခိုက်မှုများကို ရှောင်ရှားနေသည် သို့မဟုတ် ခံယူနေသည်။
သူ၏ ခန္ဓာကိုယ်သည် အစပိုင်းတွင် နာကျင်မှုကြောင့် တုန်ယင်နေသော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း လှံတစ်ချောင်းကဲ့သို့ဖြောင့်တန်းစွာရပ်နေနိုင်လာသည်။
“၂၀ စက္ကန့်…”
ထျန်ရှင်းလု၏ မျက်နှာပေါ်ရှိ ဒဏ်ရာများသည် အလိုလို ပျောက်ကင်းသွားပြီး၊ သွေးများပင် ရပ်တန့်သွားသည်။ သူ၏ ရုပ်ရည်သည် ယခင်ကထက် ပိုမို ကြည့်ကောင်းလာပြီး၊ သူ၏အသွင်အပြင်သည် နတ်ဆိုးကဲ့သို့ ဖြစ်လာသည်။
“မဖြစ်နိုင်တာ”
ရှောင်ထျန်းသည် ထိုမြင်ကွင်းကို မြင်သောအခါ အော်ဟစ်လိုက်သည်။ ထျန်ရှင်းလုသည် အထိုးကြိတ်ခံရတိုင်း နာကျင်မှုကြောင့် ပို၍သန်မာလာသည့် မိစ္ဆာတစ်ကောင်နှင့်တူနေသည်။
ရှောင်ကလန်ဝင်များ၏ တိုက်ခိုက်မှုများသည် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာပင် မချန်နိုင်ထားတော့ချေ။
သူတို့၏ လက်သီးချက်များသည် သံမဏိနံရံကို ထိုးသကဲ့သို့ ခံစားရပြီး၊ လက်ချောင်းများပင် ကျိုးပဲ့သွားနိုင်သည်။
သူတို့၏အားအင်များဟာ ဒုံးကျည်မှဒါဏ်ရာနှင့်ပင်ပန်းမှုကြောင့် လျော့ကျလာသည်နှင့်အမျှ ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် မှော်ဆန်စွာဖြင့် တဖြည်းဖြည်း ပိုမိုအားကောင်းလာသည်။
“၃၀ စက္ကန့်…”
ထျန်ရှင်းလု၏ ရယ်သံများ ပို၍ ကျယ်လာသည်။
သူ၏ စက္ကန့်များအား ရေတွက်နေသည့် အသံသည် လေထုထဲတွင် ပဲ့တင်ထပ်သွားပြီး၊ ရှောင်ကလန်ဝင်များ၏ စိတ်ဓာတ်ကို လုံးဝ ဖျက်ဆီးပစ်လိုက်သည်။
သူတို့သည် မရှံးနိမ့်နိုင်သော နတ်ဆိုးနဂါးတစ်ကောင်ကို တိုက်ခိုက်နေရသကဲ့သို့ ခံစားလာရသည်။ သူတို့၏ တိုက်ခိုက်မှုများမှာ အာနိသင်မရှိတော့သလို သူတို့၏ ခွန်အားများသည်လည်း လျော့ကျလာကြသည်။
“၄၀ စက္ကန့်…”
တစ်ချိန်တည်းမှာပင်၊ မြေပြင်ပေါ်တွင် ထိုင်နေသည့် ဖမ်းဆီးခံရသော မျိုးဆက်သစ်များသည် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေကြသည်။
သူတို့၏ မျက်လုံးများသည် သူတို့၏ အကြီးအကဲများအား မော့ကြည့်နေကြပြီး ကယ်တင်ရှင်ကို မျှော်လင့်နေကြသည်။
သို့သော် ရှောင်ကလန်ဝင်များ၏ မျက်နှာများသည် အားအင်ကုန်ခမ်းနေပြီး၊ ထိုနတ်ဆိုးကြီးကို တိုက်ခိုက်ရန် သတ္တိမရှိတော့သလို ဖြစ်နေကြသည်။
“၅၀ စက္ကန့်…”
ထျန်ရှင်းလုသည် သူတို့၏ မျက်နှာပေါ်တွင် ဖြစ်ပေါ်နေသည့် စိတ်ပျက်အားငယ်မှုများကို ကြည့်ကာ ကျေနပ်စွာ ပြုံးလိုက်သည်။
“ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင် မင်းတို့ရဲ့ရှောင်ကလန်ကြီးတစ်ခုလုံး သတ်စရာလူမကျန်တော့ရင်တောင် ငါကိုတော့ လှဲချနိုင်ဦးမာမဟုတ်ဘူးပဲ”
သူ၏ အသံသည် သူတို့၏ စိတ်ကိုထိခိုက်သွားစေသည်။ အဘိုးအိုတစ်ဦးသည် ဒေါသကြောင့် အရူးတစ်ပိုင်းဖြစ်သွားပြီး ထျန်ရှင်းလု၏ မျက်နှာကို တိုက်ခိုက်လိုက်သည်။
“ဘန်းးး”
ထိုတိုက်ခိုက်မှုသည် အာနိသင်မရှိတော့ချေ။ ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် သံမဏိခန္ဓာကိုယ်အားအသုံးမပြုထားသော်လည်း အသုံးပြုထားသကဲသို့ မာကျောနေသည်။
ရှောင်ကလန်ဝင်များသည် မျှော်လင့်ချက်မဲ့စွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်။ သူတို့၏ ခွန်အားများ လုံးဝကုန်ခမ်းသွားချိန်တွင် ထျန်ရှင်းလု၏ ရယ်သံများသာ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“စက္ကန့် ၆၀ တစ်မိနစ်ပြည့်သွားပြန်ပြီနော်” ထျန်ရှင်းလု၏စကားအသံနှင့်အတူ နေရောင်အောက်တွင် ဓားအလင်းတစ်ချက် သက်ကြီးရွယ်အိုတစ်ယောက်၏ ဦးခေါင်းက မြေပြင်ပေါ်သို့ပြတ်ကျသွားလေသည်။
“ဒုတ်” ဟူသောအသံနှင့်အတူ သူတို့၏နှလုံးသားများဟာလည်း အတူကြေကွဲသွားသလိုခံစားလိုက်ရကာ ရှောင်ကလန်ဝင်များ မျက်ရည်ဝဲလာကြ၏။
သူတို့တွေ၏မျက်လုံးများဟာလည်း ဒေါသ၊ ဝမ်းနည်းမှု၊ ကြောက်ရွံမှု၊ မိမိ၏ခွန်အားကြောင့် ယူကြုံးမရဖြစ်ခြင်း စသည်တို့ကြောင့် နီရဲလာကြလေသည်။
ထိုအခိုက်မှာပင် ရှောင်ထျန်းအပါအဝင် အခြားသူများဟာ ဝိညာဉ်သခင်အဆင့်သို့မရောက်သေးသော လူငယ်လေးတစ်ယောက်အား အဆင့် ၄ ဝိညာဉ်သခင်တစ်ယောက်က အဘယ်ကြောင့် မတိုက်ခိုက်ရဲသနည်းကို နားလည်သွားကြသည်။
အကြီးအကဲဖန်းဟာ ထျန်ကလန်အားကြောက်ရွံသည်သာမက ဤနတ်ဆိုးကိုလည်း ကြောက်ရွံမှန်းသိသာလေသည်။
ထိုအချိန်မှာပင် ကလန်ဝန်းထဲသို့ဝင်သွားသည့် အရိပ်တပ်ဖွဲ့ဝင် ၅ ယောက်ထဲမှ ၄ ယောက်ပြန်လာကာ ရှောင်ကလန်ဝင် ၈ ယောက်ပြန်ပါလာလေ၏။
ထိုထဲမှ တစ်ယောက်ဟာ အခြားသူမဟုတ်ပဲ ရှောင်ထျန် နှင့် ရူလန်တို့ ၂ ယောက်၏ သမီးဖြစ်သူ ရှောင်ကလန်၏ပါရမီရှင် ရှောင်ဟွာပင်ဖြစ်ပေတော့၏။
သူမက မျက်ရည်လည်ရွဲဖြင့်ရုန်းကန်ရန်ကြိုးစားသော်လည်း ဝိညာဉ်သခင် ၁ ယောက်ဖြစ်သည့် အရိပ်လုပ်ကြံသူလက်ထဲကနေ မလွတ်နိုင်ဖြစ်နေ၏။
သူမတို့ မြေကွပ်လပ်နေရာကိုရောက်သည်နှင့် ချက်ချင်းပဲ ကြိုးတုပ်ခံလိုက်ရကာ ထွက်ပြေးနိုင်စွမ်းမရှိတော့လေချေ။
“ညီမလေးးး (သမီးးး)” ချက်ချင်းပဲ မိသားစုဝင် ၃ ယောက်၏ အော်သံများထွက်ပေါ်လာ၏။
“ညီမလေး... သမီးလေး...”
ရှောင်ထျန်း၏အသံသည် နာကျင်မှုနှင့် စိတ်ပျက်အားငယ်မှုကြောင့် တုန်ယင်နေသည်။ အရိပ်လုပ်ကြံသူလက်ထဲတွင် ရုန်းကန်နေရသည့် မိမိ၏သမီးလေးကို မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားအား ဓားဖြင့်ထိုးလိုက်သကဲ့သို့ နာကျင်မှုဝေဒနာကို ခံစားလိုက်ရသည်။
နဂိုကတည်းက ဒဏ်ရာများပြည့်နေကာ ပင်ပန်းနေသော သူ့၏ခန္ဓာကိုယ်သည် အားအင်ကုန်ခမ်းနေသဖြင့် ရှေ့သို့ အပြေးသွားရန် ကြိုးစားသော်လည်း ခြေလှမ်းတစ်လှမ်းပင် မလှမ်းနိုင်ဘဲ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားသည်။
သူ၏မျက်လုံးများသည် ဒေါသ၊ ဝမ်းနည်းမှုနှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နေကာ၊ ထျန်ရှင်းလုကို သတ်ပစ်လိုစိတ်တစ်ခုတည်းသာ ကျန်ရှိတော့သည်။
ထိုအဖြစ်အပျက်ကို မြင်လိုက်ရသော ရူလန်သည် အားအင်ကုန်ခမ်းစွာ မြေပြင်ပေါ်သို့ လဲကျသွားကာ သူမ၏မျက်နှာသည် ဖြူဖျော့နေသည်။
သူမက အသက်ရှုရခက်ခဲစွာဖြင့် “သမီးလေး... မလုပ်ပါနဲ့... ကျေးဇူးပြုပြီး သမီးလေးကို လွှတ်ပေးပါ...” ဟု တိုးတိုးလေး ရှိုက်ရင်း ပြောနေသည်။
သူမ၏မျက်လုံးများမှ မျက်ရည်ပူများ စီးကျလာပြီး၊ ရှေ့ရှိ အဖြစ်အပျက်များကို ကြည့်ရှုနိုင်စွမ်းမရှိတော့ဘဲ သူမ၏ အမြင်အာရုံသည် မှုန်ဝါးလာသည်။
ရင်ထဲမှ အလွန်နာကျင်မှုကြောင့် သူမ၏နှလုံးသားသည် ကွဲကြေသွားပြီဟု ထင်မှတ်လိုက်ရသည်။ ရှောင်ဟွာသည် ဖခင်နှင့်မိခင်၏ နာကျင်မှုကို မမြင်နိုင်သေးဘဲ သူမ၏စိတ်ထဲတွင် ကြောက်ရွံ့မှုတစ်ခုသာ ရှိနေသည်။
ငယ်ရွယ်သော ပါရမီရှင်တစ်ဦးဖြစ်သည့်တိုင် ဝိညာဉ်သခင်တစ်ဦး၏ လက်ထဲတွင် တော့ အလွန်အားနည်းနေသေးသည်။
သူမ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါနေပြီး၊ မျက်ရည်များကြားမှ “အဖေ... အမေ...ကယ်ပါ။” ဟု အော်ဟစ်နေလေသည်။
သူမ၏အသံသည် အလွန်အားနည်းလွန်းသော်လည်း၊ ထိုအသံသည် မိဘနှစ်ပါး၏ နားထဲတွင် ကျယ်လောင်စွာ ပဲ့တင်ထပ်နေသည်။
ထျန်ရှင်းလုသည် ထိုမြင်ကွင်းကို ကြည့်နေပြီး၊ သူ၏မျက်နှာတွင် အပြုံးတစ်ခုသာ ရှိနေသည်။ သူသည် သူတို့ကို လျစ်လျူရှုထားခြင်းမဟုတ်ဘဲ၊ သူတို့၏စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို အသေးစိတ်အကဲခတ်နေခြင်းဖြစ်သည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် စိုရွှဲနေသော်လည်း၊ သူ၏မျက်လုံးများက တောက်ပနေသည်။
“ကြည့်ပါဦး...ဘယ်လောက်တောင် သနားစရာကောင်းတဲ့ မိသားစုလေးလဲ အဟားဟား”
သူသည် ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး၊ ရှောင်ထျန်းကို လှမ်းကြည့်လိုက်သည်။ ပြီးနောက်တွက် သူ၏လက်ရှိခန္ဓာကိုယ်အား ပြန်လည်ဆန်းစစ်လိုက်၏။
သူ၏လက်ရှိခန္ဓာကိုယ်ဟာ သွေးများဖုန်းလွှမ်းနေသော်လည်း ဒါဏ်ရာများက ပြန်ပိတ်နေပြီဖြစ်ကာ အကောင်းအတိုင်းပြန်ဖြစ်နေ၏။
ထျန်ရှင်းလု၏ ပျော်ရွင်နေသော မျက်ဝန်းတို့ထဲတွင် စိတ်ပျက်လက်ပျက်ဟန်များထွက်ပေါ်လာလေ၏။ လက်ရှိအခြေအနေတွင် ထျန်ရှင်းလုက သူတို့တွေအားလုံးထက် ပိုမို၍ သန်မာနေသောကြောင့် ခံစာချက်များမှ ရရှိလာသော သက်တမ်းက မဆိုစလောက်သာဖြစ်တော့သည်။
“တကယ်ကို စိတ်ပျက်စရာပဲ။ မင်းတို့တွေက တကယ်ကိုစိတ်ပျက်စရာပဲ” ထျန်ရှင်းလုက အေးစက်စက်ဖြင့် ရေရွတ်လိုက်သည်။
“ငါကိုယ်တော်ကို စိတ်ပျက်အောင်လုပ်တဲ့ အပြစ်ဒါဏ်အနေနဲ့ ငါမင်းတို့တွေအားလုံးကို သတ်ပြစ်မယ်၊ ပြီးရင်မင်းတို့ရဲ့ မျိုးဆက်တွေအကုန်လုံးကို ငါ ဟိုညက ရှောင်မျိုးရိုးကိုလုပ်ခဲ့သလိုမျိုး နာနာကျင်ကျင်နဲ့သေသွားအောင်လုပ်ပေးမယ်”
ထျန်ရှင်းလု၏ နတ်ဆိုးတစ်ကောင်လို သတ်ဖြတ်ခြင်းအရှိန်အဝါကြောင့် အားလုံးက ထိန့်လန့်သွာကာ အနောက်သို့ခြေတစ်လှမ်းဆုတ်လိုက်မိကြသည်။
“ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သတ်ဖြတ်ခြင်းအရှိန်အဝါက အရမ်းအားကောင်းနေပြီ၊ အနည်းဆုံး လူ ၁၀၀၀ လောက်ကိုသတ်ပြစ်ခဲ့တာပဲဖြစ်ရမယ်” ရှောင်ထျန်းက ထျန်ရှင်းလု၏ ရက်စက်မှုကြောင့် တုန်ယက်သွားမိသည်။
တစ်ချိန်တည်းတွင် ဒါဏ်ရာပြင်းပြင်းထန်ထန်ရနေသည့် တတိယအကြီးအကဲက ခက်ခက်ခဲခဲဖြင့် ပြန်ထလာလေပြီး ထျန်ရှင်းလုအား နီရဲနေသော မျက်လုံးတို့ဖြင့် ကြည့်လိုက်သည်။
“မင်း....ရှောင်ဟိန်းကို အဲလိုလုပ်ခဲ့တာ မင်းလား” တတိယအကြီးအကဲ၏ ထျန်ရှင်းလုကိုထိုးထားသော လက်ညိုးတို့က တစ်ဆက်ဆက်ဖြင့်တုန်ယင်နေသည်။
“သူရဲ့နာမည်က ရှောင်ဟိန်းတဲ့လား၊ နာမည်နဲ့လူလည်းလိုက်ပါ။ တကယ်ကိုသောက်အရှုံးသမားပဲ” ထျန်ရှင်းလုက လေးနက်မှုမရှိစွာဖြင့် ရွဲ့နေသော မျက်နှာလုပ်လိုက်ကာ လှောင်ပြောင်လိုက်၏။
“မင်းကိုသတ်မယ်” တတိယအကြီးအကဲ အော်ဟစ်လိုက်သော်လည်း ဝေဝေဝါးဝါးသာမြင်လိုက်ရကာ သူ၏မြင်ကွင်းများက ပြောင်းလဲသွားလေသည်။
တတိယအကြီးအကဲက မှင်သက်သွားလေ၏။ ‘ဟမ်... ကမ္ဘာကြီးက လည်နေတာလား’ ထို့နောက်တွင် သူ၏ခေါင်းပြတ်နေသော ခန္ဓာကိုယ်ကြီးကိုမြင်လိုက်ရကာ သူ၏အသိစိတ်ကလည်း ထာဝရအမှောင်ထုထဲသို့ တိုးဝင်သွားတော့လေသည်။
“တတိယအကြီးအကဲ..” အခြားသူများကလည်း ဝမ်းနည်းစွာဖြင့် အော်ဟစ်လိုက်ကြ၏။ ထျန်ရှင်းလုကတော့ ရှောင်ကလန်ဝင်များအား ပိုမို၍ပင် စိတ်ပျက်သွားလေ၏။
“အင်း... ငါရဲ့ သွေးမိုးကြိုးဆေဘာခန္ဓာကိုယ် ကိုအသက်သွင်းဖို့ မလုံလောက်သေးဘူး” ထျန်ရှင်းလုက ရေရွတ်လိုက်ပြီးနောက် လက်တွငပေနေသော တတိယအကြီးအကဲ၏သွေးများအား ဘောင်းဘီဖြင့်သုတ်လိုက်သည်။
ပြီးနောက်တွင် အဝေးမှာ တိုက်ခိုက်နေသည့် ပယ်လာဟော နှင့် ရှောင်ဘိုးဘေးမြွေမလေးတို့ ၂ ယောက်အားကြည့်လိုက်သည်။
ပယ်လာဟောဟာ အရေးနိမ့်နေပုံရပြီး ချပ်ဝတ်က အရောင်များမှိန်ဖျော့နေကာ ခန္ဓာကိုယ်တွင်လည်း အစိမ်းရောင်သွေးများဖြင့် စိုရွဲနေလေ၏။
“ငါသွားကူရမယ်ထင်တယ်” ထျန်ရှင်းလုက ရေရွတ်လိုက်၏။ ရှောင်ကလန်ဝင်များကိုတော့ သူ၏လက်ဖြင့်ပင် ကိုယ်တိုင် သတ်ရန်မထိုက်တန်ဟု ခံစားနေရသည်။
တစ်ချိန်တည်းတွင် တိမ်မျာကြားမှ ကောင်းကင်ကြီးပေါ်တွင် ငှက်သဏ္ဌာန်အင်မော်တယ် ယဥ်ပျံကြီးက တစ်နေရာထဲတွင် ရဟက်ယာဥ်ကဲ့သို့ အသံတိတ် ရပ်တန့်နေလေ၏။
“အင်း ဒီလောက်ဆိုရင် ငါတို့ဝင်ကယ်ပြီး သူရဲကောင်းလုပ်လို့ရပြီပဲ၊ ငါတို့ရဲ့အစီအစဥ်ကိုပိုပြီးချောမွေ့အောင်လုပ်ပေးလို့ သောက်ရမ်းကိုကျေးဇူးတင်သွားပြီလေ အမည်မသိ ကောင်လေးရေ ဟားဟား” ရွှေရောင်ဆံပင်ဖြင့် လူငယ်လေးက သဘောတကျရယ်မောလိုက်လေ၏။
အခြားသူများကလည်း သူ့အားမြောက်ပင့်ကြလေသည်။
“ကောင်းပြီ ကောင်းပြီ လေဆာနဲ့ပြစ်လိုက်တော့ ပြီးရင် ဝင်ကယ်မယ်။ အဲကြရင် ရှောင်မိသားစုရဲ့ယုံကြည်မှုကို ရပြီးတော့ ငါတို့ရဲ့အစီအစဥ်ကိုအကောင်အထည်ဖော်ကြမယ်”
“ပြီးတော့ အဲဒီကောင်မလေးက မဆိုးဘူး၊ ငါရဲ့ ကိုယ်လုပ်တော်အဖြစ်တော်ကောက်ရမယ်” ရွှေရောင်ဆံပင်လူငယ်က ယနေ့တွင် သူအတော်လေး ကံကောင်းနေသောကြောင့် သူအတော်လေးပျော်ရွင်နေမိသည်။
သူဟာ ရှောင်ဟွာကိုပင်မျက်စိကျနေကာ စတင်၍ ချိန်နေလေပြီဖြစ်သည်။
သူ၏အမိန့်ကိုရသောအခါ ယာဥ်ပျံကိုထိန်းချုပ်နေသော သူက ခလုတ်တစ်ခုအားနှိပ်လိုက်၏။ ချက်ချင်းပဲ ယာဥ်ပျံ၏ငှက်အတောင်ပံပေါ်တွင် စတားဝါးပုံစံအမြောက်ကြီးတစ်ခုထွက်ပေါ်သည်။
ပြီးနောက်တွင် ပြစ်မှတ်အားသတ်မှတ်ပြီးနောက်တွင် အလွန်မြန်ဆန်သော လေဆာအတန်းကြီးတစ်ခုက အမြောက်မှထွက်ခွာသွားကာ ထျန်ရှင်းလုထံသို့ဦးတည်လာလေသည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၇၄ + ၇၅ + ၇၆) ပြီး