အခန်း (၈၈+၈၉+၉၀)
Vol. 9 Ch. 88+89+90
လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၈ + ၈၉ + ၉၀)
လေထုတစ်ခုလုံးက သွေးညှီနံ့တို့ဖြင့် လေးလံကာ တင်းမာနေသည်။ ညီမ ၅ ၏ နှလုံးခုန်သံက ကျယ်လောင်စွာဖြင့် သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေသည်။
သူမသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ မလှုပ်မယှက် ရပ်နေရင်း အသက်ကို ခပ်ဖြည်းဖြည်းရှူသွင်းကာ မျက်လုံးအစုံကိုသာ လှုပ်ရှားလျက် လက်ရှိအခြေအနေကို အကဲခတ်နေသည်။
သူမ၏ အတွေးထဲတွင်တော့ အော်ဟစ်သံပေါင်းများစွာက ဆူညံနေ၏။
‘ငါ ဒီနေရာမှာ မသေချင်ဘူး… ငါ့ဘဝမှာ အချစ်ဆိုတာကိုတောင် မခံစားဖူးသေးဘူး… ငယ်ငယ်ရွယ်ရွယ်နဲ့ မသေချင်သေးဘူး… ငြိမ်ငြိမ်နေ… သူ့ကို စိတ်မဆိုးအောင် ငြိမ်ငြိမ်လေးပဲ နေရမယ်။’
ထိုသို့တွေးတောရင်း သူမသည် ထျန်ရှင်းလု၏ သန်မာသော လက်မောင်းအောက်တွင် ပုစွန်တစ်ကောင်လို ကွေးညွတ်ရင်း လိမ္မာစွာဖြင့် ငြိမ်သက်နေပေးလိုက်သည်။
သူမ၏ နူးညံ့သော ခါးသိမ်သိမ်လေးကို ရစ်ပတ်ထားသည့် ထိုလက်တစ်ဖက်က သံမဏိကဲ့သို့ မာကျောပြီး အေးစက်နေကာ သူမ၏ အရေပြားကို ထိုးဖောက်မတတ် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။
ရှောင်ကလန်ဝင်အားလုံး၏ အမြင်တွင်တော့ ထျန်ရှင်းလုသည် လူ့အရေခွံခြုံထားသည့် နတ်ဆိုးတစ်ကောင်ပင်။
သူ၏ မျက်နှာထက်တွင် ရက်စက်ကြမ်းကြုတ်မှုတို့က ထင်ဟပ်နေပြီး၊ ရူးသွပ်နေသည့် မျက်ဝန်းအစုံက ရှောင်ကလန်ဝင်တစ်ဦးချင်းစီကို စူးရှစွာ စိုက်ကြည့်နေသည်။
ထိုအကြည့်များအောက်တွင် ရှောင်ကလန်မှ သိုင်းပညာရှင်များပင် ကြက်သီးမွှေးညှင်းများ ထောင်ထလာကာ အကြည့်လွဲသွားကြရသည်။
ကြောက်ရွံမှု၊ ဒေါသနှင့် အားမတန်၍ မာန်လျှော့နေရခြင်းတို့က သူတို့၏ မျက်နှာများတွင် ရောယှက်နေသည်။
တစ်မိနစ်ခန့်ကြာအောင် ထိုကြောက်မက်ဖွယ် တိတ်ဆိတ်မှုကို ထျန်ရှင်းလုက နှစ်ခြိုက်စွာ ခံစားနေပြီးနောက်၊ သူ၏အကြည့်များက အဝေးတစ်နေရာသို့ ရောက်သွားသည်။
ထိုနေရာတွင် ပြင်းထန်သော စွမ်းအင်လှိုင်းများ တလိမ့်လိမ့်တက်လာကာ ပေါက်ကွဲသံများက မရပ်မနား ထွက်ပေါ်နေသည်။ ပယ်လာဟောနှင့် ရှောင်ဘိုးဘေးတို့၏ တိုက်ပွဲပင်ဖြစ်သည်။
တိုက်ပွဲ၏ အခြေအနေက အဝေးမှ ကြည့်လျှင်ပင် သိသာထင်ရှားနေသည်။ ပယ်လာဟော၏ အရှိန်အဝါက မီးခိုးငွေ့ငွေ့သာ ကျန်တော့သည့် မီးပုံကဲ့သို့ အားနည်းနေပြီး၊ ရှောင်ဘိုးဘေး၏ တိုက်ခိုက်မှုများအား အသည်းအသန် ခုခံကာကွယ်နေရသည့်ပုံ ပေါက်နေသည်။
သို့သော် ရှောင်ဘိုးဘေးသည်လည်း အထိအခိုက်မရှိတော့မဟုတ်။ သူမ၏ အစွမ်းထက်သော အရှိန်အဝါတွင် ဖရိုဖရဲဖြစ်နေသည့် လက္ခဏာများ တွေ့နေရပြီး၊ သူမ၏ ဝတ်ရုံတွင်လည်း သွေးစအချို့ စွန်းထင်းနေသည်ကို ထျန်ရှင်းလု လှမ်းမြင်နေရသည်။
ထျန်ရှင်းလုက သူတို့၏တိုက်ပွဲကို စိတ်ဝင်စားမှုမရှိတော့သည့်ဟန်ဖြင့် တစ်ချက်သာကြည့်ပြီးနောက်၊ ကြောက်ရွံ့တုန်လှုပ်နေသော ရှောင်ကလန်ဝင်များထံသို့ အကြည့်ပြန်ပို့လိုက်သည်။
ထိုအချိန်မှာပင် တစ်စုံတစ်ခု လွဲချော်နေသည်ကို သတိထားမိလိုက်သည်။ သူ၏ အရိပ်တပ်ဖွဲ့ဝင်များထဲမှ တစ်ယောက်၏ ပျောက်နေသည်။
သို့သော် ထျန်ရှင်းလုက ထိုအချက်ကို မျက်ခုံးတစ်ချက်ပင့်ကာ လျစ်လျူရှုလိုက်သည်။
သူ၏အေးစက်သော လက်ညှိုးတစ်ချောင်းက ရှေ့သို့ဖြည်းညှင်းစွာ ထွက်လာပြီး တုန်ယင်နေသော ရှောင်ဟွာထံသို့ ညွှန်ပြလိုက်သည်။
“သူမ...”
ရှောင်ဟွာ၏ တစ်ကိုယ်လုံး တောင့်ခနဲဖြစ်သွားပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။
ထို့နောက် သူ၏လက်ညှိုးက ဘေးရှိ သတ္တိကောင်းဟန်ဆောင်ကာ ရင်ကော့ထားသော်လည်း လက်ချောင်းများတုန်နေသည့် ရှောင်လန်ထံသို့ ရောက်သွားပြန်သည်။
“သူ...”
နောက်ဆုံးတွင်တော့ သူ၏လက်ညှိုးက ရှောင်လန်၏ နောက်တွင် ပုန်းအောင်းနေသည့် သူနာပြုဝတ်စုံနှင့် နူးညံ့သိမ်မွေ့ပုံရသော ရှောင်ယွဲ့ထံသို့ ညွှန်လိုက်သည်။
“ပြီးတော့... သူမ။”
သူမမှာ ရှောင်လန် တစ်ဖက်သတ် သဘောကျနေသည့် အမျိုးသမီးဖြစ်ကြောင်း ထျန်ရှင်းလု သိထားပုံမရသော်လည်း၊ ကံကြမ္မာက သူမကို ရွေးချယ်ခဲ့သည်။
စကားသံဆုံးသည်နှင့် ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တွင် မထီမဲ့မြင်ပြုံးတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏ အေးစက်သော အမိန့်သံက သေမင်းတမန်၏ ခေါင်းလောင်းသံကဲ့သို့ ထွက်ပေါ်လာသည်။
“သူတို့သုံးယောက်ကလွဲရင်... အကုန်လုံးကို သတ်ပစ်လိုက်။”
ထိုစကားလုံးများ လေထဲသို့ ပျံ့လွင့်သွားသည်နှင့် တစ်ပြိုင်နက်၊ အချိန်က ရပ်တန့်သွားသလိုပင်။ ပြီးနောက်တွင်တော့ ငရဲတံခါးပွင့်သွားသည့်အလား...။
အရိပ်များက လှုပ်ရှားလာသည်။ မလှုပ်မယှက် ရပ်နေခဲ့သော အရိပ်တပ်ဖွဲ့ဝင်များသည် တစ္ဆေများကဲ့သို့ ရှောင်ကလန်ဝင်များကြားထဲသို့ လျှပ်စီးအလျင်ဖြင့် တိုးဝင်သွားကြသည်။
လေထုထဲတွင် စူးရှသော ဓားသွားများ လေကိုခွင်းသွားသည့် အသံများနှင့်အတူ အနက်ရောင်ဓားအလင်းများက ပင့်ကူအိမ်ကွန်ယက်တစ်ခုကဲ့သို့ ယှက်ဖြာသွားသည်။
“အား”
“မလုပ်... ကျေးဇူးပြုပြီး...”
တောင်းပန်သံများ၊ ကျိန်ဆဲသံများ၊ အော်ဟစ်ငိုယိုသံများ ရောထွေးသွားသော်လည်း ၎င်းတို့မှာ တစ်ခဏသာ ကြာမြင့်သည်။
ဓားအလင်းများ ဖြတ်သန်းသွားတိုင်း လည်ပင်းမှ သွေးများပန်းထွက်ကာ မြေပြင်ပေါ်သို့ လိမ့်ကျသွားသော ဦးခေါင်းများ၊ အသက်မဲ့စွာ ပုံပုံလဲကျသွားသော ခန္ဓာကိုယ်များ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ရှောင်ကလန်၏ မြေပြင်သည် သွေးချောင်းစီးသွားသော သတ်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ထိုသွေးများက အသက်ရှိသကဲ့သို့ သွေးသောက်သူထံသို့စီးဝင်လာကာ ဝိညာဉ်များလည်း တစ္ဆေအဖြစ်သို့သန့်စင်ခြင်းကို ခံလိုက်ရသည်။
အချို့က နောက်လှည့်ကာ ထွက်ပြေးရန် ကြိုးစားကြသော်လည်း သူတို့ မည်မျှပင် မြန်မြန်ဆန်ဆန်ပြေးလွားနိုင်စေကာမူ အဆင့် ၁ ဝိညာဉ်သခင်များ၏ သတ်ဖြတ်ခြင်းမှ မည်သို့မျှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။
သူတို့၏ ကျောပြင်များတွင် ဓားဒဏ်ရာများဖြင့် နာကျင်စွာအော်ဟစ်ရင်း လဲကျသွားကြသည်။
ရှင်ကျန်ရစ်သူသုံးဦးဖြစ်သည့် ရှောင်ဟွာ၊ ရှောင်လန်နှင့် ရှောင်ယွဲ့တို့သည် မျက်စိရှေ့မှ မြင်ကွင်းကို မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
သူတို့၏ မျက်လုံးများ ပြူးကျယ်နေပြီး၊ တစ်ကိုယ်လုံးက ထိန်းချုပ်မရအောင် တုန်ယင်နေသည်။ တစ်ခုခုလုပ်ချင်သည်၊ မိမိတို့၏ ကလန်သားများကို ကယ်တင်ချင်သည်၊ ထိုနတ်ဆိုးကို အပိုင်းပိုင်းဆွဲဖြဲပစ်ချင်သည်။
သို့သော် ထိုဆန္ဒများအတွက် သူတို့ထံတွင် ခွန်အားမရှိ။ အကူအညီမဲ့စွာဖြင့် မိမိတို့၏ မိသားစုဝင်များ፣ မိတ်ဆွေများ သွေးအိုင်ထဲတွင် လဲကျသေဆုံးသွားသည်ကို ကြည့်နေရုံမှတစ်ပါး အခြားမရှိတော့ပေ။ သူတို့၏ ရင်ထဲတွင်တော့ ကမ္ဘာပျက်သွားသကဲ့သို့ ခံစားနေရလေတော့သည်။
“အဖေ၊ အမေ” မြေပေါ်သို့လှဲချခံရကာ တတ်ဖိထားခံရသည့် ရှောင်လန် နှင့် ရှောင်ဟွာတို့က မျက်ရည်လည်ရွဲဖြင့် အော်ဟစ်နေကြသည်။
ရှောင်ယွဲ့ကတော့ ဖြစ်ပျက်နေသည်များအား ဆက်မကြည့်လိုဟန်ဖြင့် သူမ၏မျက်လုံးတို့အား မှိတ်ထားလေသည်။ သူမ၏အဘိုးဖြစ်သူမာ သေဆုံးသွားပြီဖြစ်လေ၏။
သူမ၏ခန္ဓာကိုယ်က တစ်ဆက်ဆက်တုန်ယင်နေပြီး မျက်ခွံများကို တင်းတင်းကြပ်ကြပ်ပိတ်ထားသော်လည်း မျက်ရည်များကတော့ စိမ့်ထွက်နေဆဲပင်ဖြစ်သည်။
ရှောင်ထျန်းက ထျန်ရှင်းလု၏ ကျေနပ်နေသော မျက်နှာအား စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီး သက်ပျင်းချကာ ရှောင်လန်အား ကြည့်လိုက်သည်။
“ငါ့သား မင်းလုံးဝ အရှုံးပေးလို့မဖြစ်ဘူး။ ငါ့သမီး မင်းလည်း လုံးဝအရှံးပေးလို့မဖြစ်ဘူး။ အဖေ မင်းတို့ကိုယုံတယ်။ မင်းတို့...” သူ၏စကားပြောလို့ မဆုံးသေးခင်မှာပင် နေရောင်အောက်တွင် ဓားအလင်းတစ်ချက်လက်သွားသည်။
“ယောင်္ကျားး” ဘေးနားမှ ရူလန်က ငိုကျွေးလိုက်သော်လည်းပဲ သူမကလည်း တူညီသော ကံကြမ္မာအားရင်ဆိုင်လိုက်ရလေသည်။
“ထျန်ရှင်းလု..... ငါမင်းကိုသတ်ပြစ်မယ် အားးးးး အားးးးးး” ရှောင်လန်က နီရဲနေသော မျက်လုံးတို့ဖြင့် အော်ဟစ်နေကာ သွေးတစ်လုပ်အန်ထွက်သွားလေပြီး သတိလစ်သွားတော့သည်။
ရှောင်ဟွာ နှင့် ရှောင်ယွဲ့တို့ မိန်းကလေး ၂ ယောက်လုံးသည်လည်း ရှော့ခ်ရမှုကြောင့် သတိလစ်သွားကြသည်။
ထျန်ရှင်းလုက ညီမ ၅ ကိုတင်းကြပ်စွာဖတ်ထားနေရင်း အရိပ်တပ်ဖွဲ့ဝင်များအား အမိန့်ပေးလိုက်သည်။
“မင်းတို့ရဲ့ ညီအစ်မတစ်ယောက် ပျောက်နေတယ်။ သွားရှာ။”
ထျန်ရှင်းလု၏ အမိန့်ကို ရရှိသောအခါ၊ ကျန်ရှိနေသော အရိပ်တပ်ဖွဲ့ဝင် ကိုးယောက်သည် ချက်ချင်းပဲ သူ့ကို အရိုအသေပေးလိုက်ကြပြီးနောက် ကိုယ်ယောင်ဖျောက်ကာ နေရာအသီးသီးသို့ အလွန်လျင်မြန်စွာ ပျောက်ကွယ်သွားကြသည်။
သူတို့၏ အလျင်နှုန်းကြောင့် ညီမ ၅ ၏ မျက်လုံးများတွင် အံ့အားသင့်နေသည့်ဟန်က အတိုင်းသားထွက်ပေါ်လာသည်။
ထိုအရိပ်တပ်ဖွဲ့ဝင်များမှာ အလွန်ထူးဆန်းလှ၏။ ‘အဆင့် ၁ ဝိညာဉ်သခင်ပဲဆိုပေမဲ့ အဆင့် ၂ ဝိညာဉ်သခင်တစ်ယောက်ရဲ့ အမြန်နှုန်းဝိညာဉ်ကွင်း ရှိသလိုကို မြန်ကြတယ်’ ညီမ ၅ က တိတ်တဆိတ် တွေးတောမိလိုက်သည်။
ထျန်ရှင်းလု သူ့မကိုသတ်ဖို့ စိတ်ကူးမရှိကြောင်းသိလိုက်ရသောအခါ သူမအတော်လေးစိတ်အေးသွားပြီဖြစ်သည်။
ရှောင်ကလန်၏ အဆောက်အအုံများကြားတွင် အရိပ်မည်းများကဲ့သို့ လျင်မြန်စွာ သွားလာနေသော အရိပ်တပ်ဖွဲ့ဝင်တစ်ဦးသည် လေ့ကျင့်ရေးကွင်းပြင်တစ်ခုအနီးသို့ ရောက်သောအခါ ရုတ်တရက် ရပ်တန့်လိုက်သည်။
ကွင်းပြင်၏ အလယ်ဗဟိုတွင် ကြာပန်းအဖြူရောင်များ လေထဲ၌ လွင့်မျောနေသကဲ့သို့ ထူးဆန်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ထိုအရာသည် အမှန်စင်စစ် ကြာပန်းများမဟုတ်ဘဲ၊ ဓားသွားရာမှ ထွက်ပေါ်လာသော ဓားစွမ်းအင်တို့က ပုံဖော်ထားသည့် ကြာပွင့်ဖတ်များ ဖြစ်ချေသည်။
ဓားချက်တိုင်းသည် နူးညံ့သိမ်မွေ့သော်လည်း သေစေနိုင်သော အရှိန်အဝါများ ကိန်းအောင်းနေ၏။
သိုင်းလေ့ကျင့်ရေးခန်းမထောင့်မှ သွေးအိုင်ထဲတွင် လဲကျနေသော အရိပ်တပ်ဖွဲ့တစ်ယောက်အား မြင်လိုက်ရသောအခါ သူမ၏မျက်မှာက အေးစက်သွားသည်။
အရိပ်တပ်ဖွဲ့ဝင်က အေးစက်စွာ ပြောလိုက်သည်။
“ကိုယ်ထင်ပြစမ်း”
ထိုအခါ ကြာပန်းဖြူများကြားမှ အမျိုးသမီးတစ်ဦး ထွက်ပေါ်လာသည်။ မဟုတ်သေးချေ။ မျက်နှာဟာ မိတ်ကပ်ကြောင့်ဖြူဖွေးနေသော်လည်း ယောင်္ကျားကြီးတစ်ယောက်ဖြစ်မှန်း သိသာ၏။
“ဟမ်..” အရိပ်တပ်ဖွဲ့ဝင်က မျက်မှောင်ကြုတ်သွားသော်လည်း မည်သည်ကိုမှမဆိုပဲ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။
ကြာပန်းပွင့်ဖတ်များကြားမှ ရှောင်မာန်၏ မျက်နှာထားသည် တည်ငြိမ်အေးဆေးနေသော်လည်း မျက်ဝန်းများကမူ ဓားသွားကဲ့သို့ ထက်ရှနေသည်။
အရိပ်တပ်ဖွဲ့ဝင်သည် စကားရှည်နေရန် စိတ်ကူးမရှိချေ။ သူမ၏ ကိုယ်သည် အရိပ်တစ်ခုအလား ရှေ့သို့တိုးဝင်သွားပြီး လက်ထဲမှ ဓားမြှောင်က မြွေတစ်ကောင်၏ အစွယ်ကဲ့သို့ ရှောင်မာန်၏ လည်ပင်းဆီသို့ ဦးတည်သွားသည်။
ရှောင်မာန်က နေရာမှမခွာဘဲ သူ၏ ဓားကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ဓားချက်က ရိုးစင်းသော်လည်း အရိပ်တပ်ဖွဲ့ဝင်၏ ဓားမြှောင်သွားရာလမ်းကြောင်းကို တိကျစွာ ပိတ်ဆို့ထားနိုင်ခဲ့သည်။
လက်နက်နှစ်ခု ထိခတ်သံနှင့်အတူ မီးပွားများ ထွက်ပေါ်လာသည်။ အရိပ်တပ်ဖွဲ့ဝင်၏ မျက်လုံးများတွင် တုန်လှုပ်မှုများထွက်ပေါ်လာသည်။
သူမ၏ တိုက်ခိုက်မှုသည် အလွန်မြန်ဆန်ပြီး သေစေနိုင်လောက်သော်လည်း ရှောင်မာန်က အေးဆေးတည်ငြိမ်စွာ ခုခံနိုင်ခဲ့သည်။
ရှောင်မာန်သည် ခုခံရုံသာမကဘဲ တန်ပြန်တိုက်ခိုက်မှုကို ချက်ချင်းပြုလုပ်သည်။ သူမ၏ ဓားသည် လေထဲတွင် ကြာပွင့်တစ်ပွင့် ပွင့်လာသကဲ့သို့ လှပစွာ လှုပ်ရှားသွားပြီး ဓားသွားအလင်းများက ကြာပွင့်ဖတ်များအဖြစ်သို့ ပြောင်းလဲကာ အရိပ်တပ်ဖွဲ့ဝင်အား ဦးတည်တိုက်ခိုက်သည်။
ထိုကြာပွင့်ဖတ်များသည် လှပသလောက် အန္တရာယ်များလှသည်။ တစ်ချက်ထိမိရုံဖြင့် သူမ၏ခံစစ်အား အလွယ်တကူဖောက်ဝင်သွားကာ တစ်ကိုယ်လုံး ဇကာပေါက်ဖြစ်သွားနိုင်သည်ကို အရိပ်တပ်ဖွဲ့ဝင်က အလိုလိုသိနေသည်။
သူမသည် နောက်သို့ လျင်မြန်စွာ ခုန်ဆုတ်လိုက်သော်လည်း ကြာပွင့်ဖတ်တစ်ခုက သူမ၏ လက်မောင်းကို ရှပ်ထိသွားရာ သွေးများ ပန်းထွက်လာသည်။
“အား...”
ထိုအချိန်တွင်ပင် အခြားအရိပ်တပ်ဖွဲ့ဝင် ၉ ဦးသည်လည်း ထိုနေရာသို့ ရောက်ရှိလာကြပြီး သူတို့၏ ညီအမ ဒဏ်ရာရနေသည်ကို မြင်သောအခါ မျက်နှာများ မည်းမှောင်သွားကြသည်။
သူတို့သည် စကားတစ်ခွန်းမျှမဆိုဘဲ ရှောင်မာန်အား ရောက်သည့်နေရာမှ တစ်ပြိုင်နက်တည်း ဝိုင်းဝန်းတိုက်ခိုက်ကြတော့သည်။
ရှောင်မာန်၏ မျက်နှာတွင် အနည်းငယ် တည်ကြည်သွားသော်လည်း ကြောက်ရွံ့မှုအရိပ်အယောင် မတွေ့ရချေ။
သူမ၏ ခန္ဓာကိုယ်သည် လေထဲတွင် လိပ်ပြာတစ်ကောင်ကဲ့သို့ လှပစွာ လှုပ်ရှားသွားပြီး ဓားကိုးချောင်း၏ တိုက်ခိုက်မှုကို ကျွမ်းကျင်စွာ ရှောင်တိမ်းလိုက်သည်။
သူမ၏ ဓားချက်များသည် ပို၍မြန်ဆန်လာပြီး ကြာပန်းဖြူများက လေထဲတွင် အဆက်မပြတ် ပွင့်လန်းနေကာ အရိပ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကို ဟန့်တားနေသည်။
တိုက်ပွဲသည် အလွန်ပြင်းထန်လာ၏။ အရိပ်တပ်ဖွဲ့ဝင်များ၏ ပူးပေါင်းတိုက်ခိုက်မှုသည် အပြစ်ပြောစရာမရှိအောင် ကောင်းမွန်သော်လည်း ရှောင်မာန်၏ ဓားသိုင်းပညာက ပို၍နက်နဲသလို ပိုလည်းအားကောင်းလှသည်။
သူမသည် တစ်ချက်တိုက်ခိုက်တိုင်း ရန်သူ၏ အားနည်းချက်ကို ရှာဖွေပြီး တန်ပြန်တိုက်ခိုက်နေသည်။
မိနစ်အနည်းငယ်အတွင်းမှာပင် အရိပ်တပ်ဖွဲ့ဝင်များ တစ်ဦးပြီးတစ်ဦး ရှောင်မာန်၏ ဓားချက်အောက်တွင် လဲကျသွားကြသည်။
နောက်ဆုံးတွင် အရိပ်တပ်ဖွဲ့ဝင်အားလုံး မြေပြင်ပေါ်တွင် သွေးအိုင်ထဲ၌ လဲကျသွားသောအခါ ရှောင်မာန်သည် အသက်ကို ပုံမှန်ရှူသွင်းရင်း မတ်တပ်ရပ်နေသည်။
သူ၏ နဖူးတွင် ချွေးအနည်းငယ် စို့နေသော်လည်း အောင်နိုင်သူ၏ အရှိန်အဝါက တောက်ပနေသည်။
“သခင်က...ငါတို့အတွက်..လက်စားချေပေးလိမ့်မယ်” အရိပ်တပ်ဖွဲ့တစ်ယောက်က အားနည်းစွာပြောလိုက်ရင်း နောက်ဆုံးထွက်သက်အားရှုလိုက်ရသည်။
“ဟမ့်” ရှောင်မာန်က မိန်းကလေးတစ်ယောက်ကဲ့သို့ နှာမှုတ်လိုက်ပြီး အလျင်အမြန်ထွက်ခွာသွားရန်လုပ်လိုက်သည်။
“မင်းက မင်းရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ မလိုက် တော်တော်လေး အားကောင်းတာပဲ။ ငါ့ရဲ့ အရိပ်တပ်ဖွဲ့ဝင်တွေက အဆင့်တူနေထဲမာကို လက်ရွေးစင်တွေ။ သူတို့ထက်အဆင့်နိမ့်တဲ့သူကို အခုလိုရှုံးတာ ပထမဦးဆုံးမြင်ဖူးတာပဲ”
အေးစက်ပြီး မာနကြီးသော အသံတစ်ခုနှင့်အတူ ထျန်ရှင်းလုသည် ညီမ ၅ ကို ဆွဲခေါ်လာရင်း အမှောင်ထဲမှ ထွက်ပေါ်လာသည်။
နောက်ထပ် လူထပ်ရောက်လာသောအခါ ရှောင်မာန်အော်ဟစ်၍ ဆဲဆိုချင်သွားသည်။ သူအတော်လေးပင်ပန်းနေပြီဖြစ်လေသည်။
ထျန်ရှင်းလု၏ မျက်လုံးများက ရှောင်မာန်ကို စိတ်ဝင်တစား စိုက်ကြည့်နေပြီး သူ၏ မျက်နှာထက်တွင်မူ ရက်စက်သော အပြုံးတစ်ခုက နေရာယူထားသည်။
ရှောင်မာန်၏ မျက်လုံးများက ထျန်ရှင်းလုထံသို့ ရောက်သွားသောအခါ အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“မင်းက သူတို့ရဲ့ သခင်ပေါ့။”
“ဟုတ်တယ်။ ငါက သူတို့ရဲ့ သခင်ပဲ။ မင်းရဲ့ ထူးဆန်းတဲ့ ကြာပန်းပွင့်သိုင်းပညာက မဆိုးဘူး။ ငါ့ရဲ့ ကျွန်ဖြစ်ချင်လား။ မင်းကို အသက်ချမ်းသာပေးမယ်။” ထျန်ရှင်းလုက မထီမဲ့မြင် ဆိုလိုက်သည်။
ရှောင်မာန်က အေးစက်စွာ ပြုံးလိုက်သည်။ “သေတာက ငါမဟုတ်ပဲ မင်းဖြစ်ဖို့များတယ်။”
ရှောင်မာန်က အပေါ်ယံတွင် မာနတစ်ခဲသားဖြစ်နေသော်လည်း သူ၏လက်များကတော့ တုန်ယင်နေပြီဖြစ်သည်။
သူမ၏ အရင်ဘဝတွင် ဘယ်လောက်ပဲ အဆင့်မြင့်ခဲ့ပါစေ လောလောဆယ်တွင်တော့ သူဟာ အလွန်အားနည်းနေသည်။
ထို့အပြင် သူ ဤခန္ဓာကိုယ်ထဲသို့ရောက်သည်မှာ တစ်ရက်သာရှိသေးသည်။ သို့သော် သူမတွင်ရွေးချယ်စရာမရှိချေ။
ကျိန်းသေပေါက်ပင် ယခင်ဘဝတွင် အလွန်အစွမ်းထက်သော ကြာပန်းဓားသခင်မက ထျန်ရှင်းလုအား ညှာတာရန် တောင်းဆိုလိမ့်မည် မဟုတ်ချေ။
သူတို့၏ စကားဆုံးသည်နှင့် သူမ၏ ဓားသည် လျှပ်စီးကဲ့သို့ ထျန်ရှင်းလုထံသို့ တိုးဝင်သွားသည်။ သို့သော် ထျန်ရှင်းလုက မလှုပ်မယှက် ရပ်နေဆဲပင်။
ဓားသွားသည် သူ၏ ရင်ဘတ်ကို ထိုးမိခါနီးတွင် “ထန်း” ဟူသော သတ္တုသံတစ်ခု ထွက်ပေါ်လာပြီး ရှောင်မာန်၏ ဓားသည် ရှေ့သို့ဆက်မတိုးနိုင်တော့ချေ။
သူမ၏ မျက်လုံးများတွင် မယုံကြည်နိုင်မှုတို့ဖြင့် ပြည့်နှက်သွားသည်။ သူမ၏ အစွမ်းကုန်ထိုးချက်က ထိုသူ၏ ခန္ဓာကိုယ်ကို သံမဏိကဲ့သို့ မထိုးဖောက်နိုင်ခဲ့ပေ။
ထျန်ရှင်းလုက ရက်စက်စွာ ရယ်မောလိုက်ပြီး သူ၏ လက်သီးတစ်ချက်က ရှောင်မာန်၏ ဝမ်းဗိုက်ဆီသို့ အရှိန်ပြင်းစွာ ကျရောက်လာသည်။ ရှောင်မာန်သည် ဓားဖြင့် ခုခံရန် ကြိုးစားသော်လည်း အချိန်မမီတော့ချေ။
“ဘုန်း”
အားပြင်းသော ထိုးချက်ကြောင့် ရှောင်မာန်၏ ခန္ဓာကိုယ်သည် စွန်တစ်ကောင်ကဲ့သို့ နောက်သို့ လွင့်စဉ်သွားပြီး သွေးတစ်လုပ်အန်ထွက်လာသည်။ သူမသည် သူမ၏ ဓားကို မြေပြင်၌ ထောက်ကာ အားယူပြီး မတ်တပ်ရပ်ရန် ကြိုးစားသည်။
“မင်းရဲ့ နိမ့်ကျတဲ့ကျင့်ကြံခြင်းအဆင့်ကြောင့် ခွန်အားက သိုင်းပညာနဲ့ မညီဘူး။ ဒါပေမဲ့ မင်းရဲ့ တိုက်ခိုက်ရေးအသိဉာဏ်ကတော့ ချီးကျူးစရာပဲ။” ထျန်ရှင်းလုက လက်ခုပ်တီးကာ ပြောလိုက်သည်။
ရှောင်မာန်သည် သူ၏ စကားကို ဂရုမစိုက်ဘဲ အသက်ကို မှန်မှန်ရှူရင်း သူ၏ လှုပ်ရှားမှုတိုင်းကို အကဲခတ်နေသည်။ သူမသည် ထျန်ရှင်းလု၏ တိုက်ခိုက်မှုပုံစံမှ အားနည်းချက်ကို ရှာဖွေနေသည်။
သူတို့နှစ်ဦးကြား တိုက်ပွဲသည် ပြန်လည်စတင်သည်။ ထျန်ရှင်းလု၏ တိုက်ခိုက်မှုတိုင်းသည် ရိုးစင်းသော်လည်း အလွန်အမင်း အားပါလှ၏။
ရှောင်မာန်သည် သူမ၏ ကျွမ်းကျင်သော ဓားသိုင်းပညာနှင့် မြန်ဆန်သော လှုပ်ရှားမှုတို့ကို အသုံးချကာ ရှောင်တိမ်းရင်း တန်ပြန်တိုက်ခိုက်နေရသည်။
တိုက်ပွဲကြာလာသောအခါ ထျန်ရှင်းလု၏ မျက်လုံးများ နီရဲလာပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ အနီရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူ၏ အရှိန်အဝါသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်လာသည်။
သူသည် ရှောင်မာန်အား အဆုံးသတ်တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
သူ၏ လက်ထဲတွင် အနီရောင် လျှပ်စီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်များ ပါဝင်နေသည်။
ရှောင်မာန်သည် သူမ၏ ဒဏ်ရာကြောင့်နှင့် စွမ်းအင်အများအပြား သုံးစွဲထားမှုကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထိုတိုက်ခိုက်မှုကို သူမ မည်သို့မျှ ခုခံနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ မျက်လုံးများကို တင်းတင်းမှိတ်ချလိုက်တော့သည်။
ထျန်ရှင်းလု၏ လက်ထဲမှ အနီရောင်လျှပ်စီးလုံးကြီးသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်သော စွမ်းအင်များဖြင့် တဖျပ်ဖျပ် တောက်လောင်နေချေပြီ။
ရှောင်မာန်သည် သူမ၏ ဒဏ်ရာကြောင့်နှင့် စွမ်းအင်အများအပြား သုံးစွဲထားမှုကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သည်။ ထိုတိုက်ခိုက်မှုကို သူမ မည်သို့မျှ ခုခံနိုင်မည်မဟုတ်ကြောင်း သိလိုက်ရသောအခါ မျက်လုံးများကို တင်းတင်းမှိတ်ချလိုက်တော့သည်။
သို့သော်ငြားလည်း သူမထင်မှတ်ထားသလို နာကျင်မှုက ကျရောက်မလာခဲ့ချေ။
“ဝုန်းးးးး”
သူမ၏ရှေ့တွင် လေထုထဲမှ ရေငွေ့များက ရုတ်တရက်ရေထုကြီးဖြစ်လာကာ၊ ကြည်လင်တောက်ပနေသော ဧရာမ ရေနံရံကြီးတစ်ခုသည် လျှပ်စီးအလျင်ဖြင့် ဖြစ်ပေါ်လာကာ ထျန်ရှင်းလု၏ အနီရောင်လျှပ်စီးလုံးကြီးကို တိုက်ရိုက်ကာဆီးလိုက်သည်။
အနီရောင်လျှပ်စီးနှင့် ရေခဲနံရံတို့ ထိခတ်မိသောအခါ ကောင်းကင်ယံတစ်ခုလုံးကိုပင် အက်ကွဲသွားစေမတတ် ကျယ်လောင်လှသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။
ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးနှင့်အတူ ရေနွေးငွေ့များက လေထဲသို့ ပျံ့နှံ့သွားကာ ပတ်ဝန်းကျင်ရှိ အပျက်အစီးများနှင့် ဖုန်မှုန့်များကို လေထဲသို့ ဝေ့ဝဲသွားစေသည်။
ရေနွေးငွေ့များ တဖြည်းဖြည်း ပြန်လည်ပျောက်ကွယ်သွားသောအခါ ရှောင်မာန်၏ ရှေ့တွင် အရပ်ငါးပေခန့်သာရှိပြီး နူးညံ့သိမ်မွေ့ပုံရသော မိန်းကလေးတစ်ဦး ရပ်နေသည်ကို အားလုံးက တွေ့လိုက်ကြရသည်။
သူမသည် တောက်ပသော အစိမ်းရောင်ကိုယ်ကျပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး၊ သူမ၏ မျက်နှာလေးမှာ အလွန်လှပကာ ချစ်စရာကောင်းနေသော်လည်း မျက်လုံးများကမူ ရေခဲတမျှ အေးစက်နေသည်။
သူမ၏ မျက်လုံးတစ်ဝိုက်တွင် ရေခဲပွင့်များကဲ့သို့ ဖြူလွှသော အကြေးခွံလေးများက သဘာဝအတိုင်း ဖုံးလွှမ်းနေသည်မှာ ထူးခြားလှ၏။
သူမ၏အရှိန်အဝါမှာ ဖရိုဖရဲဖြစ်နေပြီး ဝတ်ရုံအစွန်းစနားတွင် သွေးများလည်းစွန်းထက်နေသောကြောင့် သူမက ဒါဏ်ရာရထားကြောင်းသိသာလေသည်။
သို့သော် သူမ၏မျက်ဝန်းများက အားကောင်းစွာတောက်ပနေဆဲဖြစ်ကာ အပြာရောင်သလင်းဓားတစ်ချောင်းအား ကိုင်ဆောင်ထားလေသည်။
ရှောင်မာန်က ရှောင်ဘိုးဘေးအား မသိသောကြောင့် ဇဝေဇဝါဖြင့်ရပ်လာသော်လည်း ဓားကိုတော့ ကောက်ကိုင်လိုက်ကာ ထျန်ရှင်းလုထံသို့ ချိန်လိုက်သည်။
“မင်း ဒီကိုရောက်လာပြီဆိုတော့ ပယ်လာဟောကျသွားပြီ ထင်တယ်” ထျန်ရှင်းလုက ၂ ယောက် ၁ ယောက်ဖြစ်သွားသော်လည်း စိုးရိမ်ပူပန်သည့်ပုံ မပေါ်လေပဲ သူ၏မျက်ထက်ရှိ အပြုံးက ပိုမို၍ ကြီးထွားလာသည်။
ရှောင်ဘိုးဘေးကတော့ ရှောင်ကလန်ဝင်များ၏အလောင်းများအား ကြည့်နေကာ သူမ၏မျက်နှာက မည်းမှောင်နေသည်။
သူမဟာ ဒေါသထွက်လွန်းသောကြောင့် စကားပင်မပြောနိုင်တော့ကာ ထျန်ရှင်လုအား ဤအတိုင်းသာ စူးစူးဝါးဝါးစိုက်ကြည့်နေလေသည်။
ထျန်ရှင်းလုက နတ်ဆိုးတစ်ကောင်လို ရူးသွပ်နေသည့်အပြုံးတစ်ပွင့်အား ထုတ်ဖော်လိုက်ကာ လောကကြီးဟာလည်း တစ်ပြိုင်နက်ထဲတွင် အနီရောင်တောက်ပသွားကာ မိုးခြိမ်းသံကြီးလည်း ထွက်ပေါ်လာသည်။
“ဂျိန်းးး”
လောကရဲ့အထွတ်အထိပ်သို့ အခန်း (၈၈ + ၈၉ + ၉၀) ပြီး