← Chapters

အခန်း (၉၁+၉၂+၉၃)

Vol. 10 Ch. 91+92+93

အခန်း (၉၁+၉၂+၉၃)

Vol. 10 Ch. 91+92+93

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၉၁ + ၉၂ + ၉၃)

“ဂျိန်းးးးး”

ကမ္ဘာကြီးကို ၂ ပိုင်းခြမ်းတော့မတတ် ကျယ်လောင်သော မိုးခြိမ်းသံကြီးနှင့်အတူ ဧရာမကောင်းကင်ကြီးတစ်ခုလုံးသည် လတ်ဆတ်သောသွေးများဖြင့် ဆေးခြယ်လိုက်သကဲ့သို့ သွေးနီကာရဲတောက်သွားရသည်။

ထို ဧရာမသွေးရောင်ကောင်းကင်အောက်တွင် မြင်တွေ့ရသမျှအရာအားလုံးသည် အနီရောင်အလင်းဖြင့် ဖုံးလွှမ်းသွားပြီး၊ ကမ္ဘာမြေကြီးတစ်ခုလုံးကို မမြင်နိုင်သော တောင်ကြီးတစ်လုံးက ဖိညှပ်ထားသလို လေးလံဖိစီးသော စွမ်းအင်တစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

မြေပြင်ပေါ်မှ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲများပင် ထိုဖိအားကြောင့် တုန်ခါကာ အပေါ်သို့ မြောက်တက်လာကြသည်။

ထိုသွေးရောင်လျပ်စီးအလင်းတန်းများကြားတွင် ထျန်ရှင်းလု၏ စိတ်ဖောက်ပြန်နေသကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြီးသည် ပဲ့တင်ထပ်နေရကာ ကြားရသူတိုင်း၏ ဝိညာဉ်ကို ရေခဲရိုက်လိုက်သလိုမျိုး အေးစက်ကာတောင့်တင်းသွားစေသည်။

ညီမ ၅ သည် ဤနေရာတွင် အင်အားအနည်းဆုံးဖြစ်သလို၊ ထိုသွေးဆာနေသော နတ်ဆိုးနှင့်လည်း အနီးကပ်ဆုံးနေရာတွင် ရှိနေခဲ့သည်။

သူမသည် ထျန်ရှင်းလု၏ ခန္ဓာကိုယ်မှ ထုတ်လွှတ်နေသော အဆုံးမဲ့အမုန်းတရားနှင့် ရက်စက်မှုတို့ဖြင့် ပြည့်နှက်နေသည့် ကြောက်မက်ဖွယ်စွမ်းအင်ကို အနီးကပ်ဆုံးနှင့် အထင်ရှားဆုံး ခံစားနေရသူဖြစ်သည်။

ထိုစွမ်းအင်သည် သူမ၏ သွေးကြောထဲမှ သွေးများကိုပင် ခဲသွားစေမတတ် အေးစက်ပြီး ကြမ်းကြုတ်လှသည်။

သူမ၏ နှလုံးသားသည် ရင်ဘတ်ထဲမှ ခုန်ထွက်တော့မည့်အလား ဒိန်းတပ်ဒိန်းတပ်မြည်ဟည်းနေသည်။ ‘ထွက်ပြေးရမလား။ ဒါမှမဟုတ် ဒီနေရာမှာပဲ ဆက်နေပြီး အခြေအနေကို စောင့်ကြည့်သင့်သလား’ သူမ၏စိတ်ထဲတွင် အတွေးနှစ်ခုက လွန်ဆွဲနေသည်။

အကယ်၍ ထွက်ပြေးပြီး ပြန်မိသွားပါက သူမ၏အဖြစ်သည် စကားလုံးများဖြင့် ဖော်ပြနိုင်မည်မဟုတ်သော ကြောက်မက်ဖွယ်အဆုံးသတ်တစ်ခု ဖြစ်သွားလိမ့်မည်။

ထို့ကြောင့်ပင် သူမသည် သတ္တိမမွေးနိုင်ကာ မည်သည့်ဆုံးဖြတ်ချက်ကိုမှ မချနိုင်ဘဲ ရပ်နေသောနေရာတွင် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းနေမိသည်။

အခြားတစ်ဖက်တွင်မူ ရှောင်ဘိုးဘေး၏ မျက်နှာသည် သံမဏိဖြင့် ထုလုပ်ထားသကဲ့သို့ မာကျောတင်းမာနေသည်။

သူမ၏ နက်ရှိုင်းသော မျက်ဝန်းများထဲတွင်တော့ ဒေါသမီးများသည် မီးတောင်တစ်ခု ပေါက်ကွဲထွက်တော့မည့်အလား ဟုန်းဟုန်းတောက်လောင်နေ၏။

သူမ၏ မျက်စိရှေ့မှောက်၊ သူမ ကာကွယ်စောင့်ရှောက်ခဲ့သော မြေပြင်ပေါ်တွင် သွေးစုပ်ခံရကာ ခြောက်ကပ်နေသော သူမ၏ မျိုးနွယ်စုဝင်များ၏ ခန္ဓာကိုယ်များကို ကြည့်ရင်း သူမ၏ နှလုံးသားသည် မီးစနှင့် အထိုးခံရသလို၊ ဓားဖြင့် အချက်ပေါင်းများစွာ မွှန်းခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေသည်။

ထိုနာကျင်မှုသည် အေးစက်၍ လောင်မြိုက်နေသော ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်။

“မျိုးရိုးနာမည် ထျန် နဲ့ ကောင်စုတ် ငါ့ရှောင်မျိုးနွယ်ရဲ့ ဂုဏ်သိက္ခာနဲ့တိုင်တည်ပြီး ကျိန်ဆိုတယ်။ ဒီနေ့ ဒီနေရာဟာ နင့်ရဲ့ သေဆုံးရာမြေ ဖြစ်စေရမယ်” သူမ၏ အသံသည် ရေခဲတမျှ အေးစက်နေပြီး စကားလုံးတိုင်းတွင် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ထျန်ရှင်းလုက ခေါင်းကိုမော့ကာ ကမ္ဘာပေါ်တွင် အရယ်ရဆုံး ပျက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

“ဟားဟားဟား... အဘွားကြီး၊ ကိုယ့်အခြေအနေကိုယ် ပြန်ကြည့်စမ်းပါဦး။ ပယ်လာဟောကို အနိုင်ယူခဲ့တာ မှန်ပေမဲ့ နင်ကိုယ်တိုင်လည်း မြားကုန်နေတဲ့ လေးတစ်လက်လို ဖြစ်နေပြီမဟုတ်လား။ ကိုယ်တွင်းဒဏ်ရာတွေနဲ့ ချည့်နဲ့နေတဲ့ နင့်မှာ ငါ့ကို တားနိုင်တဲ့ အရည်အချင်းရော ရှိသေးရဲ့လား”

သူ၏စကားက အမှန်တရားပင်ဖြစ်သည်။ ရှောင်ဘိုးဘေးသည် ပယ်လာဟောနှင့် တိုက်ခိုက်ခဲ့စဉ်က သူမ၏ အသက်စွမ်းအင်အများအပြားကို သုံးစွဲခဲ့ရပြီး အတွင်းဒဏ်ရာများလည်း ပြင်းထန်စွာ ရရှိထားသည်။

သို့သော် သူမ၏ မျက်ဝန်းထဲမှ အားကောင်းသော တိုက်ခိုက်လိုစိတ်ကတော့ အနည်းငယ်မျှပင် လျော့ကျမသွားခဲ့ပေ။

ထိုစဉ် ရှောင်မာန်သည် သူ၏ အတွင်းဒဏ်ရာကို အံကြိတ်ကာ ထိန်းချုပ်ရင်း ဒယိမ်းဒယိုင်ဖြင့် ရှောင်ဘိုးဘေး၏ ဘေးသို့ တိတ်ဆိတ်စွာ လျှောက်လာသည်။

သူ၏ မျက်နှာသည် စက္ကူဖြူတစ်ရွက်ကဲ့သို့ ဖြူဖျော့နေသော်လည်း၊ ဓားကို ဆုပ်ကိုင်ထားသော သူ၏လက်ကတော့ နှစ်တစ်သိန်းကျောက်တောင်တစ်လုံးကဲ့သို့ တည်ငြိမ်နေဆဲပင်။

“သူ့ရဲ့ခန္ဓာကိုယ်က သံမဏိလို မာကျောတယ်ဆိုပေမဲ့ သူ့ဝိညာဉ်ကတော့ အားနည်းချက် ဖြစ်နိုင်တယ်။ ခင်ဗျားသာ ကျွန်တော့်အတွက် အခွင့်အရေးတစ်ခု ရှာပေးနိုင်မယ်ဆိုရင်... သူ့ကို ဝိညာဉ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုသုံးပြီး အနိုင်ယူဖို့ ကြိုးစားကြည့်လို့ရတယ်။”

သူ၏အသံက တိုးလွန်းသော်လည်း စကားလုံးတိုင်းတွင် ခိုင်မာသော ဆုံးဖြတ်ချက်များ ပါဝင်နေသည်။

ရှောင်ဘိုးဘေးက ရှောင်မာန်ကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။ ဤမိတ်ကပ်များဖြင့် လူငယ်လေးကို မည်သူမည်ဝါမှန်း သူမ မသိသော်လည်း၊ သူ၏ မျက်ဝန်းထဲမှ မယိမ်းမယိုင်သော သန္နိဋ္ဌာန်ကို မြင်သောအခါ အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းတစ်ချက်ကို လေးနက်စွာ ညိတ်ပြလိုက်သည်။

ထျန်ရှင်းလု၏ အကြည့်က သူတို့နှစ်ဦးထံသို့ ကျရောက်လာပြီး သူ၏ မျက်နှာထက်မှ အပြုံးက ပို၍ ရက်စက်ကြမ်းကြုတ်လာသည်။

“ကောင်းတယ်... သိပ်ကောင်းတာပေါ့။ ဒဏ်ရာရနေတဲ့ ကျားအိုမတစ်ကောင်နဲ့ သေခါနီး ကြောင်တစ်ကောင်... “

“မင်းတို့ ၂ ယောက်လုံးက အတော်လေးလိုက်ဖက်တာမလို့ မင်းတို့နှစ်ယောက်လုံးကို ငရဲပြည်ကို တစ်ခါတည်းပို့ပေးလိုက်မယ်”

စကားသံဆုံးသည်နှင့် ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် အနီရောင်သွေးများဖြင့် ဖွဲ့စည်းထားသော လျှပ်စီးကြောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရှောင်ဘိုးဘေးထံသို့ မျက်စိတစ်မှိတ်အတွင်း တိုးဝင်သွားသည်။ သူ၏အရှိန်သည် မြန်ဆန်လွန်းသောကြောင့် လေကိုပင် ဆုတ်ပြတ်သွားစေသည်။

ရှောင်ဘိုးဘေးသည် ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ သူမ၏ အပြာရောင်သလင်းဓားကို ဝှေ့ယမ်းကာ ထျန်ရှင်းလု၏ တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

“ခွမ်းးးး”

သံမဏိလက်သီး နှင့် သလင်းဓားတို့ ထိခတ်မိသောအခါ နားကွဲလုမတတ် ကျယ်လောင်သော ဟိန်းသံကြီး ထွက်ပေါ်လာပြီး မီးပွားများ ပွင့်ထွက်သွားသည်။

ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက သူတို့နှစ်ဦးကြားမှ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ မြေပြင်များ အက်ကွဲကာ အနီးအနားရှိ အဆောက်အဦးအပျက်အစီးများမှာ ထိုစွမ်းအင်လှိုင်းဒဏ်ကြောင့် အစိတ်အပိုင်းများစွာအဖြစ်သို့ ကြေမွသွားပြီး လေထဲသို့ လွင့်ပါသွားသည်။

ရှောင်ဘိုးဘေး၏ ခန္ဓာကိုယ်သည် ထိုရိုက်ခတ်မှုကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားလိုက်ရပြီး သူမ၏ သွေးစုတ်နေသော မျက်နှာသည် ပို၍ပင် ဖြူဖျော့သွားသည်။

ထျန်ရှင်းလု၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားသည် သူမထင်ထားသည်ထက် များစွာ ကြောက်မက်ဖွယ်ကောင်းနေသည်။

“ကြာပန်းမိုး”

ထိုအခိုက်အတန့်တွင် ရှောင်မာန်သည် လေထဲသို့ ခုန်တက်လိုက်ပြီး သူ၏ ဓားကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

ဓားသွားအလင်းတန်းပေါင်းများစွာသည် မရေမတွက်နိုင်သော ကြာပွင့်ဖတ်များအဖြစ်သို့ ပြောင်းလဲကာ ထျန်ရှင်းလု၏ ကျောပြင်ကို မိုးရွာသကဲ့သို့ အဆက်မပြတ် ဦးတည်တိုက်ခိုက်သွားသည်။

ထျန်ရှင်းလုသည် ရှောင်ဘိုးဘေးကို လက်တစ်ဖက်ဖြင့် ဖိအားပေးတိုက်ခိုက်နေရင်း နောက်သို့ လှည့်မကြည့်ဘဲ အေးစက်စွာ နှာမှုတ်လိုက်သည်။

“ပုရွက်ဆိတ်”

သူ၏ ခန္ဓာကိုယ်မှ အနီရောင်စွမ်းအင်လှိုင်းလုံးတစ်ခုက ပူပေါင်းပေါက်သလို ပေါက်ကွဲထွက်သွားပြီး ရှောင်မာန်၏ ကြာပွင့်ဖတ်များကို လေထဲတွင်ပင် ကြေမွပျက်စီးသွားစေသည်။

ရှောင်မာန်သည် ထိုစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုကြောင့် လေထဲမှ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး သွေးတစ်လုပ် ထပ်မံအန်ထုတ်လိုက်ရသည်။

သူ၏ အတွင်းအင်္ဂါများပင် နေရာရွှေ့ပြောင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထျန်ရှင်းလုသည် ရှောင်မာန်ကို လှောင်ပြောင်သလို တစ်ချက်ကြည့်ကာ ရှောင်ဘိုးဘေးအား ပိုမိုပြင်းထန်စွာ ဖိတိုက်လေသည်။

သူ၏ တိုက်ခိုက်ချက်တိုင်းသည် သွေးနီရောင်လျှပ်စီးများအဖြစ်သို့ ပြောင်းလဲကာ ရှောင်ဘိုးဘေး၏ ခန္ဓာကိုယ်ရှိ အရေးကြီးသောနေရာတိုင်းကို ဦးတည်တိုက်ခိုက်သည်။ တိုက်ခိုက်ချက်တိုင်းသည် မုန်တိုင်းတစ်ခုကဲ့သို့ လေးလံပြီး ကြမ်းတမ်းလှ၏။

ရှောင်ဘိုးဘေးသည် သူမ၏ အပြာရောင်သလင်းဓားဖြင့် အစွမ်းကုန်ခုခံနေရသော်လည်း သူမ၏ ဒဏ်ရာများကြောင့် လှုပ်ရှားမှုများသည် တဖြည်းဖြည်း နှေးကွေးလာသည်။

ဓား နှင့် လက်သီး ထိခတ်မိတိုင်း သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်စွာ တုန်ခါသွားပြီး အနောက်သို့ ခြေတစ်လှမ်းဆုတ်နေရသည်။

ခဏအကြာတွင် သူမ၏ ဓားကိုင်ထားသော လက်မှ သွေးများပင် စီးကျလာလေသည်။

ဤအတိုင်းသာဆက်သွားပါက သူတို့အားလုံး အသေဆိုးဖြင့် သေကြရလိမ့်မည်။ ရှောင်ဘိုးဘေး၏ မျက်ဝန်းထဲတွင် ဆုံးဖြတ်ချက်ခိုင်မာသောအရောင်တစ်ခု လက်ခနဲဖြတ်ပြေးသွားသည်။

သူမသည် ရုတ်တရက် လျှာကိုကိုက်လိုက်ပြီး သူမ၏ အသက်သွေးအနှစ်တစ်လုတ်ကို အပြာရောင်သလင်းဓားပေါ်သို့ ထွေးထုတ်လိုက်သည်။

တစ်ပြိုင်နက်တည်းမှာပင် သူမ၏အသက်အရှိန်အဝါမှာ သိသိသာသာ အားနည်းသွားပြီး နက်မှောင်နေသော ဆံပင်များသည် ချက်ချင်းပင် နှင်းကဲ့သို့ ဖြူဖွေးသွားသည်။

“ရှဲ...ရှဲ...”

အသက်သွေးအနှစ်များနှင့် ထိတွေ့လိုက်သည့်အခါ အပြာရောင်သလင်းဓားသည် စူးရှစွာအော်မြည်ကာ ပြင်းထန်စွာတုန်ခါလာသည်။

ဓားကိုယ်ထည်မှ အပြာရောင်အလင်းတန်းများသည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုတောက်ပလာပြီး ဓား၏စွမ်းအင်သည် ချက်ချင်းပင် အထွတ်အထိပ်သို့ ရောက်ရှိသွား၏။

“သွေးစတေးခြင်း - မိုးပြာရောင်နဂါးရဲ့ဒေါသ”

ရှောင်ဘိုးဘေး၏ ဒေါသတကြီးအော်ဟစ်သံသည် လောကကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသကဲ့သို့ ပဲ့တင်သံထွက်ပေါ်လာသည်။

သူမ၏ ဓားကို ဝှေ့ယမ်းလိုက်သောအခါ ကောင်းကင်ကိုပင် ဝါးမြိုပြစ်နိုင်မည့် အပြာရောင်ရေနဂါးကြီးတစ်ကောင်သည် ဓားထဲမှ ထွက်ပေါ်လာပြီး ထျန်ရှင်းလုထံသို့ ဟိန်းဟောက်ကာ အရှိန်အဟုန်ပြင်းစွာဖြင့် ပြေးဝင်လာသည်။

ထိုအပြာရောင်ရေနဂါးကြီး၏ စွမ်းအင်ကြောင့် ထျန်ရှင်းလု၏ မျက်နှာထက်မှ အထင်သေးသောအပြုံးသည် ပထမဆုံးအကြိမ်အဖြစ် ပျောက်ကွယ်သွားပြီး အလေးအနက်ထားသော အမူအရာတစ်ခု နေရာယူလာသည်။

“သွေးလျှပ်စီး”

သူသည် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကာလိုက်သောအခါ သူ့ခန္ဓာကိုယ်မှ သွေးနီရောင်စွမ်းအင်များသည် လှိုင်းလုံးကြီးများကဲ့သို့ ထွက်ပေါ်လာပြီး သူ၏ရှေ့မှောက်တွင် သွေးရောင်လျှပ်စီးများဖြင့် ရက်စက်စွာ လည်ပတ်နေသော ဧရာမလျှပ်စီးလုံးကြီးတစ်ခု ဖြစ်ပေါ်လာသည်။

“ဂျိန်းးးးးးးးးး”

အပြာရောင်နဂါးနှင့် ဧရာမလျှပ်စီးလုံးတို့ ထိပ်တိုက်ထိတွေ့သည့်အခါ ကမ္ဘာပျက်သကဲ့သို့ ပြင်းထန်စွာ ပေါက်ကွဲသွားသည်။

အပြာရောင်ရေစွမ်းအင်နှင့် အနီရောင်လျှပ်စီးစွမ်းအင်တို့သည် ကောင်းကင်တွင် ရောယှက်သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်ဆီးပစ်သည်။

အလယ်ဗဟိုမှ စွမ်းအင်လှိုင်းလုံးကြီးသည် လေထဲသို့ ပျံ့နှံ့သွားပြီး အဝေးမှ ညီမ ၅ ကိုပင် မီတာပေါင်းများစွာ လွင့်စင်သွားစေသည်။

သူမသာ နောက်ဆုံးစက္ကန့်လေးတွင် ဝိညာဉ်စွမ်းအင်ဒိုင်းကာဖြင့် မကာကွယ်လိုက်ပါက ထိုနေရာတွင်ပင် အသားတခြားအရိုးတခြား ဖြစ်သွားနိုင်လေသည်။

ထိုပြင်းထန်လှသော ပေါက်ကွဲမှုအောက်တွင် ထျန်ရှင်းလု၏ ဧရာမသွေးလျှပ်စီးလုံးကြီးသည် အက်ကွဲကြေမွသွားပြီး သူ၏ခန္ဓာကိုယ်သည်လည်း မထိန်းနိုင်ဘဲ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

ထိုအချိန်တွင်ပင် သူ၏ခန္ဓာကိုယ်ပေါ်မှ သွေးနီရောင်အကာအကွယ်သည် တစ်စက္ကန့်မျှ အက်ကွဲသွားသည်။

ထို တစ်စက္ကန့်တာ အခိုက်အတန့်ကို ရှောင်မာန်သည် လက်လွှတ်မခံခဲ့ပေ။ သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေရာမှ သူ၏ နောက်ဆုံးအကြွင်းအကျန် စွမ်းအင်အားလုံးကို စုစည်းလိုက်သည်။

သူ၏ နဖူးမှ တတိယမျက်လုံးပွင့်လာသကဲ့သို့ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး အလွန်အားကောင်းသော ဝိညာဉ်ဖိအားတစ်ခုအား ထုတ်ဖော်လာသည်။

“ဝိညာဉ်ထိုးခွင်း အကြည့်”

သူ၏ နှုတ်မှ ထိုတိုးငယ်သော စကားသံထွက်ပေါ်လာသည်နှင့် မမြင်နိုင်သော၊ မလွတ်မြောက်နိုင်သော စိတ်စွမ်းအင်လှံသွားတစ်ခုသည် သူ၏တတိယမျက်လုံးမှ ထျန်ရှင်းလုထံသို့ လျှပ်စီးအလျင်ဖြင့် ပျံသန်းထွက်ခွာသွားလေသည်။

ထျန်ရှင်းလုသည် အပြာရောင်နဂါး၏ အားကောင်းသော တိုက်ခိုက်မှုကို ခုခံအပြီးတွင် အသက်ရှူပင် မမှန်သေးချေ။

သူ၏ ဝိညာဉ်အာရုံခံစားမှုမှ ပြင်းထန်သောအန္တရာယ်တစ်ခုကို ခံစားမိလိုက်သော်လည်း သူ၏ခန္ဓာကိုယ်မှ အကာအကွယ်သည် ပြန်လည်မဖွဲ့စည်းနိုင်သေးချေ။

“အုပ်.....”

ထူးဆန်းသည့် အသံတစ်ခုက တိုးညှင်းစွာ ထွက်ပေါ်လာပြီးနောက် ဝိညာဉ်ထိုးခွင်းအကြည့်သည် ထျန်ရှင်းလု၏ နဖူးတည့်တည့်သို့ ထိုးစိုက်ဝင်ရောက်သွားသည်။

မည်သည့်ရုပ်ပိုင်းဆိုင်ရာ ဒဏ်ရာမှ မရှိသော်လည်း ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် လျှပ်စစ်ဖြင့်အတို့ခံလိုက်ရသလို တောင့်ခနဲဖြစ်သွားပြီး သူ၏ဘဝတွင် တစ်ခါမှမခံစားဖူးသော နာကျင်မှုမျိုးကို ခံစားလိုက်ရသည်။

သူ၏ ဝိညာဉ်ကို ဓားပေါင်းထောင်သောင်းဖြင့် အစိတ်စိတ်အမွှာမွှာ ခုတ်ထစ်ခံနေရသကဲ့သို့ ခံစားလိုက်ရ၏။

“အားးးးးးးးးးးးးးးးးးးးးးးးး”

ထျန်ရှင်းလု၏ ပါးစပ်မှ ကမ္ဘာပျက်လုမတတ် ကြောက်မက်ဖွယ်ကောင်းသော အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။

သူသည် သူ၏ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားသည်။

သူ၏ခန္ဓာကိုယ်မှ သွေးနီရောင်အလင်းတန်းများသည် ထိန်းချုပ်မနိုင်သကဲ့သို့ ပေါက်ကွဲထွက်နေပြီး သူ၏မျက်လုံး၊ နှာခေါင်း၊ နားရွက်များမှ သွေးများပင် စီးကျလာလေသည်။

တစ်ဖက်တွင် ရှောင်ဘိုးဘေးသည် သူမ၏ အသက်စွမ်းအင်ကို သုံးစွဲလိုက်ရသည့်အတွက် ခန္ဓာကိုယ်မှ အားအင်များကုန်ဆုံးကာ မြေပြင်ပေါ်သို့ ပုံကျသွား၏။

ရှောင်မာန်သည်လည်း သူ၏ဝိညာဉ်စွမ်းအင်အားလုံးကို ထုတ်သုံးလိုက်ရသဖြင့် မြေပြင်ပေါ်သို့ မှောက်ကျသွားပြီး သတိလစ်သွားတော့သည်။

တစ်ခဏအတွင်းတွင် တိုက်ပွဲကွင်းပြင်တစ်ခုလုံးသည် ထျန်ရှင်းလု၏ အော်ဟစ်သံမှလွဲ၍ ကြောက်မက်ဖွယ် တိတ်ဆိတ်မှုဖြင့် လွှမ်းခြုံသွားသည်။

အဝေးမှကြည့်နေသည့် ညီမ ၅ သည်လည်း အတိုင်းမသိ ဝမ်းသာသွားသည်။ ဤနတ်ဆိုးကြီး သေဆုံးသွားပြီဟု ယူဆကာ သူမသည် ရှိသမျှ ဘုရားတိုင်းကို ကျေးဇူးတင်လိုက်မိသည်။

“အားးးး... ဟား... ဟားဟားဟား... ဟီးဟားဟား”

ထိုအချိန်မှာပင် ဒူးထောက်ကျသွားသည့် ထျန်ရှင်းလုသည် တဖြည်းဖြည်း မတ်တပ်ပြန်ရပ်လာသည်။

သူက မိစ္ဆာဆန်ဆန်ပြုံးထားပြီး သွေးများစီးကျနေဆဲဖြစ်သည့် မျက်ဝန်းများဖြင့် ရှောင်ဘိုးဘေးအား လှောင်ပြောင်လိုဟန်ဖြင့် စိုက်ကြည့်နေသည်။

သူ၏တစ်ကိုယ်လုံးမှာ သွေးများဖြင့် စိုရွှဲနေသော်လည်း သူ၏အရှိန်အဝါကတော့ အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သည်။

“ဟားဟားးဟားးဟားးး တကယ်ကြီးလား။ ငါရဲ့အားနည်းချက်က ဝိညာဉ်တိုက်ခိုက်ချက်ဆိုပြီး မင်းတို့က တစ်ကယ်ထင်နေတာလား ဟားဟားဟား” ထျန်ရှင်းလုက အသက်ရှုပင်မမှန်တော့သည်အထိ အားရပါးရရယ်မောနေလေသည်။

ရှောင်ဘိုးဘေး၏ မျက်နှာပေါ်တွင် လုံးဝလက်လွှတ်လိုက်ပြီဖြစ်သော မျှော်လင့်ချက်မဲ့ခြင်းနှင့်အတူ မယုံကြည်နိုင်မှုတို့က နေရာယူလာသည်။

“ဘယ်... ဘယ်လိုလုပ်ပြီး... နင့်အသက်အရွယ်နဲ့ ဒီလောက်အားကောင်းတဲ့ ဝိညာဉ်စွမ်းအင်မျိုး ရှိနေရတာလဲ”

“ဒါ... ဒါက မဖြစ်နိုင်ဘူးလေ။ နင်က ငယ်စဉ်ကတည်းက သေလောက်အောင် ရက်စက်တဲ့ လေ့ကျင့်ရေးကို ဆင်းခဲ့တာမျိုးမှ မဟုတ်ရင် ဒီလိုဝိညာဉ်အင်အားကို ပိုင်ဆိုင်ထားစရာ အကြောင်းမရှိဘူး... မဖြစ်နိုင်ဘူး...”

သူမက အလွန်အားနည်းစွာ ရေရွတ်နေပြီး သူမ၏မျက်လုံးများသည် လုံးဝအသက်မဲ့နေတော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အခန်း (၉၁ + ၉၂ + ၉၃) ပြီး

All Chapters