အခန်း (၉၄+၉၅+၉၆+၉၇+၉၈+၉၉+၁၀၀)
Vol. 10 Ch. 94+95+96+97+98+99+100
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၉၄ - ၁၀၀)
ရွမ်းဟွမ်မြို့၏ သာယာပါသည်ဆိုသော မနက်ခင်းမှာ ၃ နာရီဆိုသော အချိန်တိုကလေးအတွင်း တစ်စစီပျက်စီးသွားလေသည်။
ကောင်းကင်ပြာကြီးဟာလည်း မရှိတော့ချေ။ ထိုနေရာတွင်အဆောက်အအုံပျက်များနှင့် မီးလောင်နေသောယာဉ်များမှ ထွက်ပေါ်လာသည့် ဧရာမမီးခိုးလုံးမည်းကြီးများက အစားထိုးဝင်ရောက်လာသည်။
ထို ဧရာမမီးခိုးလုံးတို့သည် နေရောင်ကို အလွှာလိုက်ဖုံးကွယ်ကာ နေ့ခင်းကြောင်တောင်ကို မီးခိုးရောင် ညခင်းတစ်ခုအဖြစ်သို့ အဓမ္မပြောင်းလဲထား၏။
လေထုထဲတွင် မီးလောင်နေသော တာယာနံ့၊ ယမ်းငွေ့နံ့နှင့်အတူ သွေးညှီနံ့တို့ ရောနှောနေပြီး၊ ရှူရှိုက်မိသူတိုင်း၏ လည်ချောင်းအား စို့နင့်စေသည်။
ယနေ့နံနက်ခင်းကပင် နိုးထလာခဲ့သော မျှော်လင့်ချက်ဟူသမျှသည် လမ်းမများပေါ်တွင် သွေးအိုင်များဖြင့် အဆုံးသတ်ခဲ့သည်။
ကလေး ၁ ယောက် အမေ ဈေးသည်အန်တီတစ်ဦး၏ လက်ထဲမှ အသီးအရွက်များသည် သူ၏သွေးများဖြင့် ရောယှက်နေပြီး၊ ကလေးငယ်တစ်ဦး၏ ကစားစရာအရုပ်လေးမှာမူ ပိုင်ရှင်မဲ့စွာ လဲလျောင်းနေကာ သေးငယ်သော ခန္ဓာကိုယ်လေးဘေးတွင် ဖုန်မှုန့်များဖြင့် လူးကပ်၍ သွေးများပေကာ လဲကြနေသည်။
ကလေးငယ်တို့၏ ရယ်သံအစား ကျည်ဆန်တို့၏ သေမင်းခေါ်သံ၊ ဈေးသည်တို့၏ စျေးရောင်းသည့် အော်ဟစ်သံအစား သေလုမျောပါးနာကျင်မှုကြောင့် အာ်ဟစ်ညည်းတွားသံများက အစားထိုးလာသည်။
တစ်ချိန်က သက်ဝင်လှုပ်ရှားခဲ့သော လမ်းမကြီးများပေါ်တွင် ယခုမူ သေမင်းက လက်သီးပုန်းတစ်ချက် ရုတ်တရက်ထိုးနှက်လိုက်သည့် ထိတ်လန့်ဖွယ် တိတ်ဆိတ်ခြင်းက အရာအားလုံးကို အသက်ရှင်လျက်နှင့် မြှုပ်နှံထားလေသည်။
သို့သော် ထိုတိတ်ဆိတ်ခြင်းသည် လုံးဝဥဿုံ ငြိမ်သက်ခြင်းမျိုးမဟုတ်။ ထိုတိတ်ဆိတ်ခြင်းကို မကြာခဏဆိုသလို ရက်စက်စွာ ဖြိုခွင်းဖျက်ဆီးသွားသည့် စစ်ပွဲ၏ ကြောက်မက်ဖွယ်အသံများလည်း ရှိနေသည်။
မြေပြင်ကို ငလျင်ငယ်တစ်ခုနှယ် တုန်ခါသွားစေသည့် သံချပ်ကာတင့်ကားများ၏ သံကြိုးသံ...။ ကျိုးပဲ့နေသော ကွန်ကရစ်လမ်းမကို ကြိတ်ချေသွားသည့် ထိုအသံသည် မြို့တော်ရှိ ပြည်သူများ၏ နှလုံးသားများအား နင်းချေသွားသည့်အသံနှယ် ကြားရသူတိုင်း၏ ရင်ကို တဒုန်းဒုန်းထုနှက်နေသည်။
ထို့နောက်တွင်မူ တိုက်ပွဲနေရာသို့ ဦးတည်နေသည့် စစ်သားတို့၏ သံချောင်းရိုက်ဘွတ်ဖိနပ်သံများ...။ ထိုအသံသည် မြေပြင်ပေါ်ရှိ ဖန်ကွဲစများ၊ လူ့ခန္ဓာကိုယ် အစိတ်အပိုင်း အစအနများကို စည်းချက်ကျကျ နင်းချေသွားသည့် “ကြွပ်... ကြွပ်...” ဟူသော အသံဖြစ်ပြီး၊ လွန်ခဲ့သော နာရီပိုင်းက လူတို့၏ အနာဂတ်ဟူသမျှကို နင်းခြေဖျက်ဆီးနေသည့်အလား ကြားနေရသည်။
ကောင်းကင်ယံတွင် သံမဏိသိမ်းငှက်များနှယ် ပျံဝဲနေသော တိုက်လေယာဉ်များက မြေပြင်ပေါ်ရှိ ပြစ်မှတ်ကို အသံလှိုင်းဖြင့် ဖိအားပေးနေသည်။
သူတို့၏ ဂျက်အင်ဂျင်သံသည် ကောင်းကင်တစ်ခုလုံးကို စုတ်ဖြဲပစ်တော့မည့်အလား စူးရှကျယ်လောင်လှသည်။
လမ်းမများပေါ်တွင်မူ စစ်သားများ အပြည့်တင်ဆောင်ထားသော သံချပ်ကာယာဉ်တန်းများက အပျက်အစီးများကို ကျော်လွှားကာ သွားလာနေကြသည်။
ထိုစစ်သားတို့၏ မျက်နှာများသည် ခံစားချက်ကို ဖယ်ရှားထားသည့် သတ္တုမျက်နှာဖုံးများကဲ့သို့ ဖြစ်နေသော်လည်း မျက်ဝန်းထဲမှ စိုးရိမ်ပူပန်မှုများကိုတော့ ဘယ်လိုမှဖုန်းကွယ်ထား၍ မရချေ။
မြို့ထဲတွင် စစ်သားများက အသက်စွန့်၍ တိုက်ခိုက်ရန် စစ်မြေပြင်သို့ သွားနေကြသလို ပြည်သူများကလည်း အလုံးစုံဘေးကင်းနေသည်တော့ မဟုတ်ချေ။
နံနက်ခင်းကပင် ဈေးသွားရန် ပြင်ဆင်နေသော အဖွားအိုတစ်ဦးသည် သူမ၏ ဈေးတောင်းလေးကို ရင်မှာပိုက်ထားလျက် ပြိုကျနေသော တိုက်နံရံတစ်ခုကို ကျောမှီကာ မလှုပ်မယှက် ထိုင်နေသည်။
သူမ၏ မျက်လုံးများက အိမ်အပြန်လမ်းကို ရှာမတွေ့တော့သည့် ကလေးငယ်တစ်ဦးကဲ့သို့ တည်ငြိမ်ရာမရဖြစ်နေသည်။
လမ်းထောင့်တစ်နေရာတွင်မူ ရုံးဝတ်စုံပြည့်နှင့် လူငယ်တစ်ဦးသည် မှန်ကွဲနေသော ဖုန်းတစ်လုံးကို သွေးစွန်းနေသည့် လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး “မိန်းမ... သမီးလေး... ဖုန်းကိုင်ပါဦးကွာ....” ဟု တုန်ယင်စွာ တိုးတိုးလေး ရေရွတ်နေသည်။
လူသားတို့၏ ကြောက်ရွံ့မှုနှင့်အတူ တိရစ္ဆာန်တို့၏ နားမလည်နိုင်သည့် အမူအရာဖြင့် ထိတ်လန့်မှုများက လေထုထဲတွင် ပဲ့တင်သံထပ်နေသည်။
တစ်ချိန်က နေပူစာလှုံရင်း အပျင်းကြောဆန့်နေကျ ကြောင်ဝါကြီးများမှာမူ ယခုအခါ အထိတ်တလန့်ဖြင့် ပြိုကျနေသော အုတ်ပုံများကြားထဲသို့ မြားတစ်စင်းကဲ့သို့ ပြေးဝင်ပျောက်ကွယ်သွားကြသည်။
သူတို့၏ နားရွက်များမှာ နောက်သို့လန်နေပြီး၊ အမွှေးများမှာ ကြောက်ရွံ့မှုကြောင့် ထောင်ထနေသည်။ အချို့မှာ မီးလောင်နေသော ကားတစ်စီးအောက်တွင် ပုန်းခိုရင်း၊ သားရဲတစ်ကောင်၏ မျက်လုံးများကဲ့သို့ စိမ်းလဲ့လဲ့တောက်နေသော မျက်လုံးများဖြင့် အပြင်လောကကို ချောင်းမြောင်းကြည့်ရှုနေကြသည်။
အုတ်ပုံများအောက်တွင် ပိနေသော ကြောင်သေတစ်ကောင်၏ ခန္ဓာကိုယ်ကမူ သူတို့၏ ကြောက်ရွံ့မှုကို ပိုမိုသက်သေပြနေကြသည်။
မြို့၏ အစွန်အဖျားနေရာများတွင် ကြီးစိုးခဲ့သော လမ်းဘေးခွေးအုပ်စုမှာလည်း သူတို့၏ ရဲစွမ်းသတ္တိများ ပျောက်ဆုံးနေကြသည်။
သူတို့သည် ခေါင်းဆောင်မရှိတော့သည့် တပ်ပျက်တစ်ခုကဲ့သို့ ဂျောင်တစ်နေရာတွင် စုပြုံကာ၊ ပေါက်ကွဲသံများကြားတိုင်း နားရွက်များကို အောက်သို့ချပြီး တအီအီဖြင့် ညည်းတွားနေကြလေသည်။
အုပ်စုထဲမှ ဒဏ်ရာရနေသော ခွေးတစ်ကောင်၏ ညည်းသံနှင့်အတူ၊ အသက်မဲ့နေသော အပေါင်းအဖော်တစ်ကောင်၏ ခန္ဓာကိုယ်ကို အနံ့ခံရင်း ကျန်ခွေးများက တုန်ယင်နေကြသည်။
သူတို့၏ သခင်များမှာလည်း သွေးအိုင်ထဲတွင် လဲလျောင်းနေသည်ကို သူတို့ မသိရှာပေ။
ပိုင်ရှင်နှင့် ကွဲကွာသွားသော အမွှေးဖွာဖွာ ခွေးလေးတစ်ကောင်သည် ပြိုကျနေသော အုတ်ပုံများကြားထဲတွင် သူ့သခင်၏ အနံ့ကို အသည်းအသန် လိုက်လံရှာဖွေနေ၏။
ပေါက်ကွဲသံတစ်ခု ကြားလိုက်တိုင်း သူ၏သေးငယ်သော ခန္ဓာကိုယ်လေးက ဆတ်ခနဲတုန်ကာ အားအင်မရှိသော ညည်းသံလေးများ ထွက်ပေါ်လာသည်။
သူ၏ မျက်ဝန်းများထဲတွင် “ဘာတွေဖြစ်နေတာလဲ” ဟူသော နားမလည်နိုင်သည့် မေးခွန်းများဖြင့် ပြည့်နှက်နေသည်။
ဤပျက်စီးမှုများ၏ ဗဟိုချက်မှ မလှမ်းမကမ်းရှိ တိုက်ခန်းငယ်လေးတစ်ခုထဲတွင်မူ မိခင်တစ်ဦး၏ ရင်ကွဲမတတ်သော စိုးရိမ်ပူပန်မှုများဖြင့် အချိန်ကို ဖြတ်သန်းနေရသည်။
ချန်လီသည် သူမ၏ ငါးနှစ်အရွယ် အမြွှာသမီးငယ်နှစ်ဦးနှင့် သုံးနှစ်အရွယ် သားငယ်လေးကို ကြမ်းပြင်ပေါ်တွင် စုဝေးကာ သူမ၏ ကိုယ်လုံးသေးသေးလေးဖြင့် အတတ်နိုင်ဆုံး ကာကွယ်ပွေ့ဖက်ထားသည်။
သို့သော် သူမ၏ ပွေ့ဖက်ထားမှုသည် အပြင်ဘက်မှ သေမင်း၏ တံခါးခေါက်သံကို မတားဆီးနိုင်ခဲ့။
အပြင်ဘက်မှ “ဒုန်း” ခနဲ မြည်ဟည်းသွားသော ပေါက်ကွဲသံကြောင့် တိုက်ခန်းတစ်ခုလုံး တုန်ခါသွားပြီး မျက်နှာကျက်မှ အင်္ဂတေမှုန်များက နှင်းများကြွေကျသကဲ့သို့ ပုခုံးပေါ်သို့ ကြွေကျလာသည်။
ကလေးငယ်များမှာ ကြောက်လန့်တကြား အော်ဟစ်ကာငိုယိုလိုက်ကြသည်။
“မေမေ... ကြောက်တယ်... ကိုကို နဲ့ ဖေဖေရော ဘယ်မှာလဲဟင်...”
အမြွှာထဲမှ တစ်ယောက်၏ တုန်ယင်နေသော အသံလေးက ချန်လီ၏ နှလုံးသားကို သံချွန်ဖြင့် မွှေနှောက်လိုက်သကဲ့သို့ တစ်ဆစ်ဆစ်နာကျင်သွားစေသည်။
သူမ၏ စိုးရိမ်မှုမှာ ၃ ပိုင်းကွဲနေသည်။ တစ်ပိုင်းမှာ ရင်ခွင်ထဲမှ တုန်လှုပ်ငိုယိုနေသော ကလေးငယ်သုံးဦးအတွက်ဖြစ်ပြီး၊ ကျန်တစ်ပိုင်းမှာမူ... စာသင်ခန်းထဲတွင် ရှိနေနိုင်မလား၊ ဒါမှမဟုတ် လမ်းပေါ်မှာပဲ...။ ထို အတွေးစကို သူမဆက်ပြီး မတွေးရဲချေ။
ဒီမနက်ကပင် ကျောင်းဝတ်စုံလေးဖြင့် “မေမေ သားသွားပြီ” ဟု လက်ပြနှုတ်ဆက်သွားသော သူမ၏ ရှစ်နှစ်အရွယ် သားဦးလေး၏ ပုံရိပ်က သူမ၏မျက်လုံးထဲတွင် အထပ်ထပ်အခါခါ ပြန်လည်မြင်ယောင်လာနေမိသည်။
သားလေးရဲ့ကျောင်းရော လုံခြုံရဲ့လား။ အဆောက်အအုံတွေ ပြိုကျကုန်ပြီလား။ ဆရာမတွေရော သားလေးကို ကာကွယ်ပေးနိုင်ပါ့မလား။ ထိုကဲ့သို့အတွေးများက သူမ၏ဦးနှောက်ကို သံရည်ပူများဖြင့် လောင်းချနေသကဲ့သို့ ပူလောင်လှသည်။
သူမ၏ မျက်ဝန်းအစုံသည် စိုစွတ်လာပြီး အခန်းနံရံပေါ်တွင် ချိတ်ဆွဲထားသော ဓာတ်ပုံတစ်ပုံဆီသို့ အလိုလို ရောက်ရှိသွားသည်။
ထိုဓာတ်ပုံထဲတွင် ရိုးရိုးစစ်သားတစ်ဦး၏ သံလွင်ရောင် ယူနီဖောင်းကို ဝတ်ဆင်ထားသော ယောက်ျားတစ်ဦးက ကလေးလေးယောက်ကို သူ၏ ပခုံးပေါ်၊ လက်ပေါ်တင်ကာ ပင်ပန်းသောအပြုံးဖြင့် ပြုံးနေသည်။
သူ၏ မျက်လုံးများက မိသားစုအပေါ်ထားသော ချစ်ခြင်းမေတ္တာများဖြင့် တောက်ပနေသည်။
ဟုတ်သည်။ ထိုသူမှာ သူ၏ချစ်လှစွာသော ခင်ပွန်း၊ သားသမီးလေးယောက်၏ ဖခင် ‘တပ်သား လီမင်း’ ပင် ဖြစ်သည်။
အဆင့်အတန်းမရှိ၊ ဂုဏ်ပြုလွှာများမရှိသည့် သာမန်စစ်သားလေးတစ်ဦး။ ယခုအချိန်တွင် သူသည်လည်း ထိုပေါက်ကွဲသံများ၊ သေနတ်သံများကြားထဲတွင် တာဝန်ထမ်းဆောင်နေပေလိမ့်မည်။
ချန်လီသည် ခင်ပွန်းအတွက်တစ်မျိုး၊ အိမ်ပြင်ရောက်နေသော သားကြီးအတွက်တစ်ဖုံ စိုးရိမ်စိတ်များဖြင့် ရင်တစ်ခြမ်းစီ ကွဲထွက်နေသည်။
ထိုအခါ ရုတ်တရက်.....
“ဝုန်း... ဂျိန်း”
ယခုတစ်ကြိမ် ပေါက်ကွဲသံမှာ အလွန်နီးကပ်ပြီး အဆောက်အအုံတစ်ခုလုံးပင် အောက်ခြေမှ ပင့်မြှောက်ခံလိုက်ရသလို ပြင်းထန်စွာ တုန်ခါသွားသည်။
ကလေးငယ်များ၏ အော်ဟစ်ငိုရှိုက်သံက နားစည်ကွဲမတတ် ပိုကျယ်လောင်လာသည်။ ချန်လီသည် ကလေးသုံးယောက်ကို သူမ၏ကိုယ်လုံးဖြင့် အစွမ်းကုန်ဖိ၍ ကာကွယ်ရင်း မျက်လုံးများကို စုံမှိတ်ထားလိုက်သည်။
ပါးပြင်ပေါ်သို့ ပူနွေးသော မျက်ရည်များ တိတ်တဆိတ် စီးကျလာသည်။ ဤစစ်ပွဲကြီး ဘယ်တော့များမှ ပြီးဆုံးမည်နည်း။
သူမ၏ မိသားစုလေး နှစ်ခြမ်းကွဲနေရာမှ ပြန်လည်ဆုံစည်းရမည့်နေ့ကို မျှော်လင့်ရင်း ကြောက်မက်ဖွယ်ကောင်းသော နေ့လယ်ခင်းတစ်ခုကို ဖြတ်သန်းရန် အားတင်းနေရချေသည်။
ရွမ်းဟွမ်မြို့၏ ငြိမ်းချမ်းမှုသည် ရောဂါတစ်ခုလို တဖြည်းဖြည်း တိုက်စားခံရခြင်းမဟုတ်၊ ကျန်းမာသန်စွမ်းသော လူတစ်ယောက် နှလုံးရပ်သွားသလို နာရီပိုင်းအတွင်းမှာပင် တစ်စစီ ကြေမွသွားခဲ့ခြင်း ဖြစ်သည်။
ထိုကြေမွသွားသော အစများကြားတွင် လူသားများ၊ တိရစ္ဆာန်များနှင့် မိသားစုများ၏ မျှော်လင့်ချက်များစွာတို့ သွေးစိမ်းရှင်ရှင်ဖြင့် နစ်မြုပ်နေခဲ့လေပြီတည်း။
ရွမ်းဟွမ်မြို့၏ အပျက်အစီးများကြားမှ ထွက်ပေါ်နေသော အော်ဟစ်ညည်းတွားသံများသည် မြို့ပြ၏ နာကျင်မှုကို သက်သေပြနေသကဲ့သို့ ရှိနေချေသည်။
ယာယီစစ်ဌာနချုပ်အတွင်းတွင် ဗိုလ်မှူးကြီးကျန်း၏ မျက်နှာမှာ သံမဏိကဲ့သို့ မာကျောနေ၏။
“သောက်ပဲ မြို့ရဲ့ကာကွယ်သူဖြစ်တဲ့ ကလန် ၄ ခု နဲ့ ကျင့်ကြံသူတွေက သောက်ရမ်းကိုအသုံးကျတာပဲ” သူက အပြင်းအထန် ကျိန်ဆဲလိုက်မိသည်။
မြို့၏ကျင့်ကြံသူများအားလုံးမှာ တိုက်ပွဲစသည်နှင့် မိနစ်ပိုင်းလေးအတွင်း ငှက်ပျောအူများကဲ့သို့ ပိုင်းဖြတ်ခံလိုက်ရကာ သေဆုံးသွားကြသည်။
ကလန်ကြီး ၄ ခုတွင် ရှောင်ကလန်က ယခုထက်ထိမပေါ်လာသေးပဲ ကျန်သောကလန် ၃ ခုကလည်း အသုံးမကျချေ။
“သောက်ပဲ ဒီနှစ်တွေအတွင်းပေးထားတဲ့ ပိုက်ဆံတွေက သဲထဲရေသွန်လိုက်ရသလိုပဲ” သူ၏မျက်နှာမှာ ဒေါသကြောင့် နီရဲနေကာ ကတုံးပြောင်ပြောင်ကြီးတွင် အငွေ့ဖြူများပင် ထွက်လာနေသည်။
သူ၏ရှေ့မှ စခရင်များပေါ်တွင် သူ၏တပ်သားများ၏ တည်နေရာကိုပြသော အပြာရောင်အချက်ပြမီးများသည် အနီရောင်အစက် ၅ စက်၏ လှုပ်ရှားမှုအောက်တွင် တစ်ခုပြီးတစ်ခု မှိတ်တုတ်မှိတ်တုတ် ဖြစ်ကာ ပျောက်ကွယ်သွားနေသည်။
“သူတို့၅ ယောက်တည်း နဲ့ ငါ့တပ်ရင်းတစ်ခုလုံးကို ချေမှုန်းနေတာပဲ” သူက သက်ပျင်းပူတစ်လုံးအား ချလိုက်ကာ မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်သည်။
“အမိန့်ပေးပါ ဗိုလ်မှူးကြီး... မြေပြင်တပ်တွေ အကုန်လုံး အသတ်ခံရတော့မှာပါ” ဆက်သွယ်ရေးအရာရှိက တုန်ယင်စွာဖြင့် အစီရင်ခံလိုက်သည်။
ဗိုလ်မှူးကြီးကျန်းသည် အံကိုကြိတ်လိုက်သည်။ သူ၏ မျက်လုံးများက အနီးဆုံးလေတပ်စခန်း၏ မြေပုံဆီသို့ ရောက်ရှိသွား၏။
“လေတပ်ကို ဆက်သွယ်... ‘တစ္ဆေသိမ်းငှက်’ ကို အမြင့်ဆုံးဦးစားပေးအဆင့်နဲ့ စေလွှတ်ခိုင်း... ပစ်မှတ်က စက်မှုဇုန်ဟောင်း... ‘ငရဲမီး’ ဗုံးကို အသုံးပြုပြီး အဲ့ဒီနေရာတစ်ခုလုံးကို ပြာကျသွားအောင်လုပ်ခိုင်းလိုက်...”
“ဒါပေမဲ့... ဗိုလ်မှူးကြီး... အဲ့ဒီမှာ ငါတို့လူတွေ...”
“ဒါ အမိန့်ပဲကွ” ဗိုလ်မှူးကြီးကျန်း၏ အသံက အခန်းတစ်ခုလုံးကို ဟိန်းထွက်သွားသည်။ “ဒီစတေးမှုက မြို့တော်ကြီးတစ်ခုလုံးကို ကယ်တင်ဖို့ပဲ... အခုချက်ချင်း အမိန့်ပေးလိုက်”
ဆက်သွယ်ရေးအရာရှိကလည်း နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်လိုက်မိပြီး အမိန့်အားနာခံလိုက်သည်။
“တစ္ဆေသိမ်းငှက်... ဌာနချုပ်မှ ခေါ်သည်... ပစ်မှတ်ကို အတည်ပြုပြီး... သင်၏တာဝန်မှာ ‘ငရဲမီး’ ဗုံးကို အသုံးပြု၍ ပစ်မှတ်ဧရိယာတစ်ခုလုံးကို ချေမှုန်းရန်ဖြစ်သည်... ကြားလား”
ဂျက်တိုက်လေယာဉ်မှူး ‘လင်းယွီ’ ၏ နားကြပ်ထဲသို့ အေးစက်သော အမိန့်ပေးသံ ဝင်ရောက်လာသည်။ သူ၏ ရှေ့မှန်ပေါ်ရှိဖန်သားပြင်ပေါ်တွင် အနီရောင်ဘောင်ခတ်ထားသော ပစ်မှတ်နေရာကို ရှင်းလင်းစွာ မြင်နေရသည်။
ထိုအနီရောင်ဘောင်အတွင်း၌ ရန်သူကိုညွှန်ပြသော အနီရောင်အစက်သုံးစက်နှင့်အတူ သူ၏ရဲဘော်ရဲဘက်များကို ညွှန်ပြသော အပြာရောင်အစက်များစွာ ရောယှက်နေသည်ကို သူတွေ့လိုက်ရသည်။
‘ငရဲမီး’ ၏ ပေါက်ကွဲမှုအချင်းဝက်ကို သူ၏ ဦးနှောက်က အလိုလို တွက်ချက်လိုက်သည်။ ထိုနေရာရှိ လူအားလုံး... တစ်ယောက်မကျန်... ပြာကျသွားလိမ့်မည်။
“တစ္ဆေသိမ်းငှက်မှ လက်ခံရရှိကြောင်း...” သူက လည်ချောင်းထဲတွင် တစ်စုံတစ်ခု ဆို့နင့်နေသလို ခံစားရရင်း ပြန်ပြောလိုက်သည်။
သူ၏ အနက်ရောင်ကျီးကန်း (Black Raven) ဂျက်လေယာဉ်သည် အသံထက်မြန်သော အရှိန်ဖြင့် ပစ်မှတ်ဆီသို့ ဒုံးပျံတစ်စင်းကဲ့သို့ တိုးဝင်သွားလေသည်။
ပစ်မှတ်အပေါ်သို့ တည့်တည့်မတ်မတ် ရောက်ရှိသွားချိန်တွင် သူ၏ လက်ညှိုးသည် ဗုံးကြဲချမည့် ခလုတ်ပေါ်သို့ ရောက်ရှိသွားသည်။
သူ၏ လက်ချောင်းများ တုန်ယင်နေသည်။ အောက်ဘက်မှ သူ၏ ရဲဘော်များ၏ အော်ဟစ်သံများ၊ သေနတ်သံများကို သူ မကြားရသော်လည်း မြင်ယောင်နေမိသည်။
သူ မလုပ်နိုင်။ သူ၏ လက်ညှိုးသည် ခလုတ်ကို မနှိပ်နိုင်ဘဲ လေယာဉ်ကို အပေါ်သို့ ပြန်ဆွဲတက်လိုက်သည်။
“တစ္ဆေသိမ်းငှက် ဘာလုပ်နေတာလဲ အမိန့်ကို ဘာလို့မနာခံတာလဲ” ဌာနချုပ်မှ ဗိုလ်ကြီးကျန်း၏ ဒေါသတကြီး အော်ဟစ်သံက နားကြပ်ထဲသို့ ထိုးဖောက်ဝင်ရောက်လာသည်။
“အဲ့ဒီမှာ... အဲ့ဒီမှာ ကျွန်တော်တို့လူတွေ ရှိနေသေးတယ်လေ” လင်းယွီက အော်ဟစ်ကာ ပြန်ပြောလိုက်သည်။
“ဒါ စစ်ပွဲပဲ တပ်မှူးလင်းယွီ သူတို့က တိုင်းပြည်အတွက် အသက်စတေးသွားကြလိမ့်မယ်။ မင်းရဲ့ တုံ့ဆိုင်းမှုကြောင့် နောက်ထပ်ပြည်သူဘယ်လောက်သေရဦးမလဲဆိုတာကို စဥ်းစား”
“နောက်တစ်ကြိမ် ပြန်လှည့်ပြီး တာဝန်ကို ပြီးအောင်လုပ် ဒါ... အာဏာကုန်လွှဲအပ်ထားတဲ့ အမိန့်ပဲ”
လင်းယွီ၏ မျက်လုံးများထဲမှ မျက်ရည်များ ပေါက်ခနဲ ကျလာသည်။ သူ၏ရင်ထဲတွင် အပြစ်ရှိစိတ်က နှလုံးသားကိုသံရည်ပူဖြင့် လောင်းကျလိုက်သလိုပင် ပူလောင်ကာ နာကျင်နေမိသည်။
စစ်သားကောင်းတစ်ယောက်၏ တာဝန်နှင့် လူသားတစ်ယောက်၏ ကိုယ်ကျင့်တရားကြားမှာ သူ၏ဝိညာဉ် စုတ်ပြတ်သတ်သွားသည်။
သူသည် လေယာဉ်ကို တစ်ပတ်ပြန်လှည့်လိုက်သည်။ မျက်ရည်များက သူ၏ အမြင်အာရုံကို ဝေဝါးစေသော်လည်း ဖန်သားပြင် ပေါ်မှ အနီရောင်ဘောင်ကိုတော့ သူ စိုက်ကြည့်နေမိသည်။
“ခွင့်လွှတ်ကြပါ... ငါရဲ့ညီကိုတို့ရာ...” သူက တုန်ယင်စွာ ရေရွတ်လိုက်ပြီး မျက်လုံးများကို စုံမှိတ်ကာ ခလုတ်ကို ဖိနှိပ်ချလိုက်သည်။
ကြီးမားသော အနက်ရောင် ‘ငရဲမီး’ ဗုံးသည် လေယာဉ်၏ ဝမ်းဗိုက်အောက်မှ ခွဲထွက်ကာ မြေပြင်ပေါ်ရှိ သူ၏ရဲဘော်များပါရှိသော နေရာသို့ ထိုးဆင်းသွားလေတော့သည်။
မြေပြင်ပေါ်တွင် တိုက်ပွဲက အကြိတ်အနယ် ရှိနေသည်။ စစ်သားများသည် အစပိုင်းတွင် ထိတ်လန့်ခဲ့သော်လည်း ယခုအခါတွင်မူ သေမင်းနှင့် ရင်ဆိုင်ရတော့မည်ကို သိနေသည့်အတွက် ရူးသွပ်မတတ် ပြန်လည်ပြီး ခုခံနေကြသည်။
“မရပ်နဲ့ ဆက်တိုက် ပစ်ဟ။ ပစ်ထားးး”
စက်သေနတ်ကြီးများ၏ ကျည်ဆန်မိုးသည် ဗိုလ်ကြီးလီနာထံသို့ မိုးဖွားများကဲ့သို့ ရွာသွန်းသွားသည်။ သူမသည် အရင်ကကဲ့သို့ လွယ်ကူစွာ ရှောင်တိမ်းမနေတော့ဘဲ၊ သူမ၏ ခန္ဓာကိုယ်မှ အဖြူရောင်ဝိညာဉ်စွမ်းအင် အလွှာပါးတစ်ခု ထွက်ပေါ်လာပြီး ကျည်ဆန်များကို တားဆီးထားသည်။
ကျည်ဆန်များက ထိုအလွှာကို တဖျပ်ဖျပ်ရိုက်ခတ်နေသဖြင့် မီးပွင့်များ စဉ်ထွက်နေပြီး၊ ထိုအလွှာမှာလည်း မတည်ငြိမ်စွာ တုန်ခါနေသည်။
“သူမရဲ့စွမ်းအင်ကို ကုန်သွားအောင်လုပ်” တပ်ကြပ်ကြီးတစ်ဦးက အော်လိုက်သည်။
ထိုအချိန်တွင် ကောင်းကင်ယံမှ စူးရှသော အသံတစ်ခုနှင့်အတူ အရိပ်မည်းကြီးတစ်ခု ထိုးကျလာသည်။
“အားလုံးပဲ... သတိထား”
အကြီးအကဲဖန်းသည် မော့ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “အားပြင်းလွန်းတယ်”
သူသည် လက်နှစ်ဖက်ကို ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး လေထုဒိုင်းကာကို ဖန်တီးလိုက်သည်။ အကြီးအကဲချိုးကလည်း သူ၏ ဘေးတွင် ရပ်ကာ စွမ်းအင်ဖြင့် ကူညီထောက်ပံ့ပေးထားသည်။
…..
…..
…..
“အုန်းးးးးးးးးးး”
ငရဲမီးဗုံးသည် ပေါက်ကွဲသွားပြီး မီးတောက်ငရဲတစ်ခုကို ဖန်တီးလိုက်သည်။ ဖိအားလှိုင်းများက လေထုဒိုင်းကာကို အားကုန်ဖိညှပ်လိုက်သောအခါ အကြီးအကဲဖန်း၏ မျက်နှာတွင် သွေးစို့တက်လာပြီး သူ၏ နဖူးတွင် ချွေးများ စို့လာသည်။
လေထုဒိုင်းကာသည် ပြင်းထန်စွာ တုန်ခါလာပြီး အက်ကွဲသံများပင် ထွက်ပေါ်လာသည်။
“ထိန်းထားဦး လူအိုကြီးဖန်း”
မီးတောက်များ၏ အစွန်းအဖျားသည် လေထုဒိုင်းကာကို ကျော်လွန်ကာ သူတို့ထံသို့ ရောက်ရှိလာသည်။
အကြီးအကဲဖန်း၏ ရှည်လျားသော ဆံပင်ဖြူအချို့နှင့် မုတ်ဆိတ်မွှေးများ မီးလောင်သွားပြီး တတောက်တောက်မြည်သံ ထွက်ပေါ်လာသည်။ သူ၏ ဝတ်ရုံစများပင် မီးစွဲကာ လောင်သွား၏။
ပေါက်ကွဲမှုအရှိန်ကုန်သွားသောအခါ အကြီးအကဲဖန်းသည် နောက်သို့ ဒယိမ်းဒယိုင်ဖြစ်ကာ ဒူးတစ်ဖက်ပင် ထောက်ကျသွားသည်။
သူ၏ မျက်နှာမှာ ဖြူဖျော့နေပြီး အသက်ကို မောဟိုက်စွာ ရှူနေရသည်။
“ဒီခေတ်ရဲ့ လက်နက်တွေက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းတာပဲ” သူက မကျေမနပ်ပြောလိုက်သည်။
“ကောင်းကင်က ငှက်ကလေးကို အရင်ရှင်းပစ်ရမယ်” အကြီးအကဲချိုးက ဒေါသထွက်နေသော မျက်လုံးတို့ဖြင့် အေးစက်စွာ ပြောလိုက်သည်။
သူသည် လေထဲမှ ရေခိုးရေငွေ့များကို အားကုန်စုစည်းလိုက်ရာ သူ၏ လက်ချောင်းထိပ်များတွင် စူးရှတောက်ပသော ရေခဲချွန်ငါးချောင်း ဖြစ်ပေါ်လာသည်။
“သွားစမ်း”
ကောင်းကင်ယံတွင် လင်းယွီသည် သူ၏ လုပ်ရပ်အတွက် ကိုယ့်ကိုယ်ကိုယ် မုန်းတီးနေစဉ်မှာပင် အာရုံခံစနစ်က အချက်ပေးလာသည်။
“သတိပေးချက်... သတိပေးချက်... ဒုံးကျည် ၅ စင်း အရှိန်ပြင်းစွာ ဝင်ရောက်လာနေသည်။”
သူသည် အပြာရောင်အလင်းတန်းငါးခုကို မြင်သောအခါ အသိစိတ်ပြန်ဝင်လာပြီး လေယာဉ်ကို အစွမ်းကုန် ရှောင်တိမ်းတော့သည်။
ပထမလေးချောင်းကို သူ ကျွမ်းကျင်စွာ ရှောင်တိမ်းနိုင်ခဲ့သော်လည်း ပဉ္စမမြောက် ရေခဲချွန်သည် သူ၏ ရှောင်တိမ်းမည့် လမ်းကြောင်းကို ကြိုတင်တွက်ချက်ထားသည့်အလား ထောင့်ချိုးပြောင်းကာ ဝင်လာနေသည်။
‘ရှောင်လို့မရတော့ဘူး’
အချိန်သည် ရပ်တန့်သွားသကဲ့သို့...။ သူ၏ ရင်ထဲတွင် အပြစ်ရှိစိတ်များအစား သူချစ်သော မိသားစု၏ ပုံရိပ်များသာ ပြည့်နှက်လာသည်။
သူ့စိတ်ထဲတွင် ဇနီးသည်ကို နောက်ဆုံးပြောခဲ့သော စကားကို ကြားယောင်မိသည်။ “ကိုယ်ဒီည အိမ်ပြန်လာခဲ့မယ်... သမီးလေးအတွက် အရုပ်ဝယ်ခဲ့မယ်နော်”။ သမီးလေး၏ ရယ်သံ...။
“ခွင့်လွှတ်ပါ... မိန်း...... သမီးလေး...”
“ဂျိန်း...”
ရေခဲချွန်သည် လေယာဉ်၏ ညာဘက်တောင်ပံကို တိုက်ရိုက်ထိမှန်သွားသည်။ ကြီးမားသော ပေါက်ကွဲမှုနှင့်အတူ လေယာဉ်သည် ထိန်းချုပ်မှု လုံးဝကင်းမဲ့သွားပြီး မြေပြင်ဆီသို့ ထိုးကျသွားလေတော့သည်။
မြေပြင်ပေါ်ရှိ စစ်သားများသည် ကောင်းကင်မှ မီးလောင်ပျက်ကျလာသော သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်ကို မော့ကြည့်ရင်း လုံးဝကြီးစိတ်ပျက် အားငယ်သွားကြသည်။
သူတို့၏ အသက်ကို စတေးဖို့ဦးတည်ထားသည့် ထိုတိုက်ခိုက်မှုသည်ပင် ရန်သူကို မသတ်နိုင်ခဲ့ပေ။
“ဟား... ဟား... ဟား...”
ရယ်သံနှင့်အတူ မီးလောင်ထားသော အဝတ်စများဖြင့် ဗိုလ်ကြီးလီနာသည် သူတို့ရှေ့သို့ ပြန်ရောက်လာသည်။ သူမ၏ မျက်နှာတွင် ဒေါသရိပ်များ ထင်ဟပ်နေသည်။
“မင်းတို့... ငါ့ကို တော်တော်စိတ်အနှောင့်အယှက်ပေးကြတာပဲ”
သူမသည် တင့်ကားတစ်စီး၏ ရှေ့တွင် ရပ်လိုက်သည်။
“ပစ်စမ်း... အဲ့ဒီကောင်မကို ပြာကျသွားအောင်ပစ်”
တင့်ကားမှူးက အာခေါင်ခြစ်အော်လိုက်သည်။
တင့်ကား၏ အမြောက်ပြောင်းသည် လီနာထံသို့ ချိန်ရွယ်လိုက်ပြီး၊ “ဒိုင်း...” ခနဲ ပစ်ခတ်လိုက်သည်။
လီနာသည် ဓားရှည်နှစ်လက်ကို ကန့်လန့်ဖြတ်ကာလိုက်သည်။ “ချွမ်း... “အမြောက်ဆန်သည် သူမ၏ဓားများနှင့် ထိတွေ့မိသည့်အခါ မီးပွင့်သွားပြီး နှစ်ခြမ်းကွဲကာ သူမ၏ ဘေးတစ်ဖက်တစ်ချက်စီသို့ လွဲချော်ထွက်သွားသည်။
ထိုတိုက်ခိုက်မှုကြောင့် သူမသည် နောက်သို့ ခြေတစ်လှမ်းမျှ ဆုတ်သွားရသည်။
ထိုမြင်ကွင်းက တင့်ကားထဲမှ စစ်သားများကို အံ့အားသင့်စေခဲ့သော်လည်း၊ လီနာ၏ မျက်လုံးထဲတွင်မူ သတ်ဖြတ်လိုစိတ်များက တောက်လောင်နေသည်။
သူမသည် မြေပြင်ကို အားကုန်ကန်ထလိုက်ပြီး တင့်ကား၏ အပေါ်သို့ လိပ်ပြာတစ်ကောင်နှယ် ပျံတက်သွားသည်။ သူမ၏ ဓားနှစ်လက်ကို ပေါင်းစပ်ကိုင်လိုက်ပြီး အပေါ်မှအောက်သို့ အားကုန်ဆွဲခုတ်ချလိုက်သည်။
“စွပ်...”
စူးရှထက်မြက်သော သတ္တုဖြတ်သံတစ်ခု ထွက်ပေါ်လာသည်။ တန်ပေါင်းများစွာလေးသော သံချပ်ကာတင့်ကားကြီးသည် ညီညာသော ဖြတ်ကြောင်းတစ်ခုနှင့်အတူ အလယ်တည့်တည့်မှနေ၍ နှစ်ခြမ်း ကွဲထွက်သွားလေသည်။
အတွင်းမှ စက်ပစ္စည်းများနှင့်အတူ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာပြီး မီးများ တောက်လောင်လာသည်။
ထိုမြင်ကွင်းကို ကြည့်နေသော ကျန်ရှိသည့် စစ်သားများ၏ လက်ထဲမှ သေနတ်များ မြေပြင်ပေါ်သို့ အလိုလို လွတ်ကျသွားသည်။
သူတို့၏ စိတ်ဓာတ်များ လုံးဝဥဿုံ ကျိုးကြေသွားခဲ့ပြီဖြစ်သည်။ သူတို့ ရင်ဆိုင်နေရသည်မှာ သာမာန်ကျင့်ကြံသူတစ်ဦးမဟုတ်၊ သေမင်းတမန်တစ်ပါး ဖြစ်သည်ကို သူတို့ နားလည်သဘောပေါက်သွားကြလေပြီတည်း။
သူမ၏အနားတွင်လည်း အရိပ်လုပ်ကြံသူ ၂ ယောက်ရှိနေကာ သူမတို့ကလည်း လီနာလောက်မသန်မာလျှင်တောင် အစွမ်းကုန်တိုက်ခိုက်နေကြနေလေသည်။
အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ နှစ်ယောက်လုံးက တစ်ပြိုင်နက်ထဲ တွေးလိုက်မိကြသည်။
‘အဲကောင်မလေးကို ရန်သွားစလို့ မဖြစ်ဘူး...’
လီနာဟာ ကျင့်ကြံခြင်းအဆင့်နိမ့်နေသေးသော်လည်း သူမ၏တိုက်ခိုက်ရေးစွမ်းရည်များကတော့ သူတို့လို အဆင့်မြင့်သူများပင် သတိမထားမိလျှင် ခေါင်းဖြတ်ခံရလောက်သည်အထိ အန္တရာယ်ရှိလေသည်။
တစ်ချိန်တည်းတွင် ဌာနချုပ်တွင်လည်း ဖာတန်းမီးလောင်သကဲ့သို့ ပြဿနာတတ်နေ၏။
ယာယီစစ်ဌာနချုပ်၏ ပင်မစခရင်ကြီးပေါ်တွင် ‘တစ္ဆေသိမ်းငှက်’ ၏ အချက်ပြမီးသည် အနီရောင်သို့ ပြောင်းသွားပြီးနောက် လုံးဝ မှောင်မည်းပျောက်ကွယ်သွားသည်။
ဆက်သွယ်ရေးစနစ်တစ်ခုလုံးတွင် တိတ်ဆိတ်ခြင်းက စက္ကန့်အနည်းငယ်ကြာ ကြီးစိုးသွားသည်။ ထိုတိတ်ဆိတ်ခြင်းကို ဆက်သွယ်ရေးအရာရှိ၏ တုန်ယင်နေသော အသံက ဖြိုခွင်းလိုက်သည်။
“ဗိုလ်မှူးကြီး... ‘တစ္ဆေသိမ်းငှက်’... ဆက်သွယ်ရေး... ဆက်သွယ်ရေး ပြတ်တောက်သွားပါပြီ... လေယာဉ်မှူး လင်းယွီ... ကျဆုံး... ကျဆုံးသွားပါပြီ...”
အခန်းထဲရှိ အရာရှိတိုင်း၏ မျက်နှာသည် ဖြူဖျော့သွားသည်။ ဗိုလ်မှူးကြီးကျန်းသည် သူ၏ လက်သီးကို စားပွဲပေါ်သို့ အားကုန်ထိုးချလိုက်သည်။
“ဒုန်း” ခနဲ မြည်သံနှင့်အတူ စားပွဲပေါ်မှ ကော်ဖီခွက်သည် လွင့်စဉ်ကျကွဲသွားသည်။ သူ၏ မျက်လုံးများက နီရဲနေပြီး အံကို တင်းတင်းကြိတ်ထားသည်။
သူ၏ အမိန့်ကြောင့် တိုင်းပြည်၏ အတော်ဆုံး လေယာဉ်မှူးတစ်ဦးနှင့် သူ၏ ရဲဘော်အချို့ အသက်စတေးခဲ့ရသော်လည်း ရန်သူကို အပြတ်အသတ် မချေမှုန်းနိုင်ခဲ့။ ထိုအသိက သူ၏ နှလုံးသားကို ဓားဖြင့်မွှေ့နေသကဲ့သို့ ခံစားရစေသည်။
“မြေပြင်က အခြေအနေကို ငါ့ကိုပြ... ဒရုန်းမြင်ကွင်းအားလုံးကို ပစ်မှတ်တွေဆီ ဦးတည်ထားစမ်း။ ငါ့လူတွေရဲ့အသက်အတွက် သူတို့ပြန်ပေးဆပ်ရမယ်။” သူက အသံဩဇာအပြည့်ဖြင့် ဒေါသတကြီး အမိန့်ပေးလိုက်သည်။
စခရင်များပေါ်တွင် မြင်ကွင်းများ ပြောင်းလဲသွားသည်။ မီးလောင်နေသော တင့်ကားပျက်များ၊ အဆောက်အအုံအပိုင်းအစများကြားထဲတွင် တိုက်ပွဲက ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။
စခရင်ပေါ်တွင် အမျိုးသမီးနှစ်ဦးသည် လျင်မြန်သော လှုပ်ရှားမှုများဖြင့် စစ်သားများ၏ နောက်ကျောမှ ပေါ်လာလိုက်၊ လည်မြိုကို ဓားမြှောင်ဖြင့် လှီးချလိုက်ဖြင့် သတ်ဖြတ်နေကြသည်။
သူမတို့က လီနာလောက် မသန်မာလျှင်တောင် သာမန်စစ်သားများအတွက်တော့ သေမင်းပင်ဖြစ်သည်။
“နောက်ထပ် လေယာဥ်တွေလွတ်ကွာ” ဗိုလ်မှူးကြီးကျန်းက ဒေါသပေါက်ကွဲကာ အောဟစ်လိုက်သည်။
အကြီးအကဲနှစ်ယောက်ကတော့ မောဟိုက်နေပုံပေါ်ကာအသစ်ရောက်လာသော တင့်ကားတန်းတစ်ခု၏ ပစ်ခတ်မှုကို အသည်းအသန် အစွမ်းကုန် ခုခံနေရသည်။
ထပ်မံ၍ အလုံးအရင်းနှင့် ရောက်လာသော စစ်သားများကိုကြည့်ကာ အကြီးအကဲချိုးက အော်ဟစ်လိုက်၏။
“အရိပ်လုပ်ကြံသူ အမျိုးသမီး... သခင်လေးထျန် စောင့်နေတယ်နော်”
ထိုအသံကိုကြားသောအခါ လီနာက လှည့်ကြည့်လိုက်ပြီး ဓားချက်ငါးချက်မျှဖြင့် တင့်ကားနှစ်စီးအား အပိုင်းပိုင်းဖြစ်အောင် ထပ်မံပိုင်းဖြတ်လိုက်ပြီးနောက် အနောက်သို့ လျင်မြန်စွာ ပြန်ဆုတ်လာသည်။
သူမတို့ဟာ အင်အားမကုန်ခမ်းနိုင်သကဲ့သို့ အားရပါးရ တိုက်ခိုက်နေသော်လည်း အမှန်တကယ်တွင်မူ အကြီးအကဲများနှင့် အရိပ်လုပ်ကြံသူများမှာ အတော်လေး ပင်ပန်းနေကြပြီဖြစ်သည်။
သူတို့၏ ဝိညာဉ်စွမ်းအင်သည်လည်း ၃၀ ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့လေပြီး ဆက်လက်ပြီးသာတိုက်ခိုက်မည်ဆိုပါက သူတို့အမှန်တကယ် အလောင်းပင်ပြန်မရတော့သည်အထိ အစိတ်စိတ် အမွှာမွှာဖြစ်သွားနိုင်သည်။
သူတို့တွေ ယခုအချိန်အထိ စစ်ဘုရင်တစ်ပါးကဲ့သို့ တိုက်ခိုက်နိုင်နေသည်မှာ ဝိညာဉ်စွမ်းအင်၏ထောက်ပံ့မှုကြောင့်ဖြစ်လေသည်။
သူတို့၏ခန္ဓာကိုယ် အင်အားသက်သက်ဖြင့်ဆိုပါက အားနည်းသည့် ပစ္စတိုကျည်ဆန်များကို ခံနိုင်ရည်ရှိသော်လည်း စက်သေနတ်များနှင့် ထိမိပါက တစ်ကိုယ်လုံး ဆန်ခါပေါက်ဖြစ်သွားလိမ့်မည်ဖြစ်သည်။
ဒုံးကျည် သို့မဟုတ် တင့်ကားအမြောက်ကျည်ဖြင့်သာ တိုက်ရိုက်ထိပါက အစိတ်အစိတ်အပိုင်းများအဖြစ်သို့ ပြောင်းလဲသွားနိုင်လေသည်။
“လူအိုကြီးချိုး ငါတို့ပြေးဖို့လိုနေပြီနော်။ မင်းအဲ့ဒီအကွက်ကို သုံးလို့အဆင်ပြေမလား” အကြီးအကဲဖန်းက ခြောက်ကပ်နေသည့် အသံဖြင့် တင့်ကားအမြောက်ကျည်တစ်တောင့်ကို လေထုဒိုင်းကာဖြင့် အသည်းအသန်တားဆီးရင်း ပြောလိုက်သည်။
“အင်း..” အကြီးအကဲချိုးက သူ၏ကျန်ရှိသော ဝိညာဉ်စွမ်းအင်တို့ကို အဆုံးစွန်အထိ ညှစ်ထုတ်လိုက်ပြီး ကောင်းကင်အထက်တွင် ကြီးမားသော နှင်းမှုန်တိုင်းတစ်ခုအား ဖန်တီးလိုက်သည်။
အကြီးအကဲဖန်းကလည်း သူ၏လေစွမ်းအင်ကို အသုံးပြုကာ လေပွေအနည်းငယ် နှင့် လေတိုက်နှုန်းအား မြှင့်တင်ပေးလိုက်လေသည်။
“ဘာ... ဘာဖြစ်တာလဲ” ဌာနချုပ်မှ ဗိုလ်မှူးကြီးကျန်းက အော်ဟစ်လိုက်သည်။
“ဗိုလ်မှူးကြီး... တိုက်ပွဲဖြစ်ပွားရာနေရာမှာ ရုတ်တရက် ရာသီဥတုဖောက်ပြန်မှု ဖြစ်ပေါ်နေပါတယ်! အပူချိန်က တစ်မိနစ်အတွင်း ရေခဲမှတ်အောက်ကို ထိုးကျသွားပြီး... ဘုရား... ဘုရားရေ... နှင်းမုန်တိုင်း... နှင်းမုန်တိုင်းတောင် ကျနေပါတယ်”
စခရင်အားလုံးပေါ်ရှိ ဒရုန်းမြင်ကွင်းများသည် ဖြူဖွေးသော နှင်းမှုန်များကြောင့် ဝေဝါးသွားပြီး နောက်ဆုံးတွင် လုံးဝ အဖြူရောင်ချည်းသာ ဖြစ်သွားသည်။
အပူလှိုင်းအာရုံခံစနစ်သို့ ပြောင်းလိုက်သောအခါတွင်လည်း ပြင်းထန်သော အအေးဓာတ်ကြောင့် အာရုံခံကိရိယာများ အလုပ်မလုပ်တော့ဘဲ ပုံရိပ်များမှာ ကစဉ့်ကလျား ဖြစ်ကုန်သည်။
“အာရုံခံကိရိယာအားလုံးကို ပိတ်ဆို့ထားပါတယ်... ဗိုလ်မှူးကြီး ငါတို့ ဘာမှမမြင်ရတော့ဘူး”
“ဆက်ပစ်ခတ်နေခိုင်း အဲ့ဒီနေရာကို လက်နက်ကြီးတွေနဲ့ မရပ်မနား ပစ်ခတ်နေခိုင်း” ဗိုလ်မှူးကြီးကျန်းက ဒေါသတကြီး အမိန့်ပေးသည်။
သို့သော် ထိုအမိန့်မှာ အသုံးမဝင်တော့ချေ။
နှင်းမုန်တိုင်းကြားထဲတွင် လီနာက မောပန်းစွာပြောလိုက်သည်။
“အဲ့ကောင်တွေရဲ့ ဒရုန်းတွေက ပုရွဲဆိတ်တွေလိုပဲ ဘယ်လိုဖျက်စီးဖျက်စီး အဆုံးမရှိဘူး။ ငါတို့ ၅ မိနစ်အတွင်း ရှောင်ကလန်ကို အရောက်ပြန်သွားရမယ်။”
သူမ၏စကားအဆုံးတွင် ကိုယ်ယောင်ကို အတတ်နိုင်ဆုံးဖျောက်ကာ နှင်းမှုန်များကြားထဲသို့ အရည်ပျော်ဝင်ရောက်သွားသကဲ့သို့ ပြေးထွက်သွားလေသည်။
ကျန်သည့် သူများကလည်း သူမ၏အနောက်သို့ အသီးသီး လိုက်ပါသွားကြလေ၏။ သူတို့တွေဟာ အသည်းအသန်ဖြစ်နေသောကြောင့် အူယားဖားယားဖြင့် ပြေးလွှားနေကြကာ အဝတ်အစားများကလည်း စုတ်ပြတ်သတ်နေသောကြောင့် ဂုဏ်သိက္ခာကြီးမားသော ကျင့်ကြံသူတစ်ယောက်ပုံမပေါက်တော့ချေ။
ငါးမိနစ်တိတိအကြာတွင်။
“ဗိုလ်မှူးကြီး... နှင်းမုန်တိုင်း... နှင်းမုန်တိုင်း ရပ်သွားပါပြီ”
ဌာနချုပ်ရှိ လူတိုင်း အသက်အောင့်ကာ စခရင်များကို စိုက်ကြည့်နေကြသည်။ နှင်းမှုန်များ တဖြည်းဖြည်း ကြည်လင်သွားသောအခါ မြင်ကွင်းက ထင်ရှားလာသည်။
စစ်မြေပြင်တစ်ခုလုံးတွင် သူတို့၏ စစ်သားများ၏ အလောင်းများ၊ မီးလောင်နေသော ယာဉ်များနှင့်အတူ ပျက်စီးမှုများသာ ကျန်ရစ်ခဲ့သည်။
“ရန်သူတွေရော... ရန်သူတွေ ဘယ်ရောက်သွားလဲ”
“ရှာ... ရှာမတွေ့တော့ပါဘူး... ဗိုလ်မှူးကြီး... အပူလှိုင်းအာရုံခံစနစ်မှာလည်း ဘာအရိပ်အယောင်မှ မရှိတော့ပါဘူး... မြေပြင်ပေါ်မှာလည်း ခြေရာတွေက နှင်းတွေကြောင့် ပျောက်ကုန်ပါပြီ... သူတို့... လုံးဝ ပျောက်ကွယ်သွားတာပါ...”
ဗိုလ်မှူးကြီးကျန်းသည် သူ၏ ထိုင်ခုံတွင် အရုပ်ကြိုးပြတ်သွားသကဲ့သို့ စိတ်ပျက်လက်ပျက် ပြန်ထိုင်ချလိုက်သည်။ သူ၏ မျက်နှာထက်တွင် ဒေါသများအစား နားမလည်နိုင်သော ကြောက်ရွံ့မှုနှင့် ရှုံးနိမ့်မှုအရိပ်အယောင်များ ထင်ဟပ်နေသည်။
သူတို့သည် အဆင့်မြင့်နည်းပညာများကို အသုံးပြုကာအင်အားအလုံးအရင်းနှင့် တိုက်ခိုက်ခဲ့သည်။ သူတို့၏ အကောင်းဆုံး လေယာဉ်မှူးကိုပင် စတေးခဲ့သည်။
သို့သော် ရန်သူငါးယောက်သည် သူတို့၏ မျက်စိရှေ့မှောက်မာပင် သဘာဝတရားကို ပြောင်းကာ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
“ဒီကနေ့တိုက်ပွဲရဲ့ မှတ်တမ်းအားလုံးကို သိမ်းထား... အထူးသဖြင့် အဲ့ဒီ နှင်းမုန်တိုင်းရဲ့ အချက်အလက်တွေကို... ငါတို့ ရင်ဆိုင်နေရတာက သာမန်ရန်သူတွေ မဟုတ်ဘူး... ဒီတော့ အထူးစစ်တပ်ကို ကိုင်တွယ်ဖို့ပေးရမယ်”
“အထူးစစ်တပ်မှာ ကျင့်ကြံသူတွေကိုသတ်ဖြတ်ဖို့လုပ်ထားတဲ့ လက်နက်ပေါင်းအမျိုးသောင်းချီပြီးတော့ တပ်သားတစ်ယောက်ချင်းစီကလည်း စစ်သားဘုရင်တွေပဲ”
“သူတို့ကတော့ ငါတို့ရဲ့ရဲဘော်တွေအတွက် လက်စားချေပေးနိုင်လိမ့်မယ်”
သူ၏ အံကြိတ်ကာပြောလိုက်သာ အသံသည် တိုးလျသော်လည်း အခန်းထဲရှိ လူတိုင်း၏ ရင်ထဲတွင်တော့ မိုးခြိမ်းသံတစ်ခုကဲ့သို့ ဆူညံစွာ ပဲ့တင်ထပ်သွားလေတော့သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၉၄ + ၉၅ + ၉၆ + ၉၇ + ၉၈ + ၉၉ + ၁၀၀) ပြီး