အခန်း (၁၀၃+၁၀၄)
Vol. 11 Ch. 103+104
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၃ + ၁၀၄)
ရှောင်ဘိုးဘေး၏ လှောင်ရယ်သံများသည် ပျက်စီးနေသော ခန်းမဆောင်ထဲတွင် တစ္ဆေတစ်ကောင်၏ အော်ဟစ်သံကဲ့သို့ ပဲ့တင်ထပ်နေသည်။
စကားလုံးတိုင်းသည် ထျန်ရှင်းလု၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူ၏စိတ်အနက်ရှိုင်းဆုံးတွင် မြှုပ်နှံထားခဲ့သော အတိတ်က ဒဏ်ရာဟောင်းတစ်ခုကို ဆွဲဆုတ်လိုက်သကဲ့သို့ပင်။
သူ၏ မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များ တဖြည်းဖြည်း မှေးမှိန်သွားပြီး၊ အေးစက်နေသော အမှောင်ထုသည် နေရာယူလာသည်။
သူ့ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် ဝေဝါးသွားပြီး၊ အကြီးအကဲများ၏ ကြောက်ရွံ့တုန်လှုပ်နေသော မျက်နှာများနှင့် ရှောင်ဘိုးဘေး၏ အောင်နိုင်သူအပြုံးတို့သည် အဝေးသို့လွင့်ပါးသွားတော့သည်။
သူ၏အမြင်အာရုံထဲတွင် ထင်ဟပ်လာသည်မှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက၊ ထျန်ကလန်၏ နေရောင်ခြည်အောက်တွင် လင်းလက်နေသော လေ့ကျင့်ရေးကွင်းပြင်ကြီးပင် ဖြစ်သည်။
အတိတ်ကာလ
ထိုအချိန်က ထျန်ရှင်းလုသည် ခုနစ်နှစ်အရွယ်သာ ရှိသေးသည်။ သူ၏ခန္ဓာကိုယ်လေးသည် သေးသွယ်ပြီး၊ သူ၏အသက်အရွယ်တူ ကလေးများနှင့်ယှဉ်လျှင်ပင် အနည်းငယ်သေးကွေးနေသည်။
သို့သော် သူ၏မျက်ဝန်းများထဲတွင်မူ မည်သူ့ကိုမှ အရှုံးမပေးလိုသော ခေါင်းမာသည့် မီးစတစ်ပွင့်က တောက်လောင်နေသည်။
လေ့ကျင့်ရေးကွင်းပြင်ကြီး၏ အလယ်တွင် သူသည် ‘မြင်းထိုင်’ အခြေခံသိုင်းကွက်ကို လေ့ကျင့်နေသည်။ သူ၏ဒူးများသည် တုန်ယင်နေပြီး၊ နဖူးပြင်မှ ချွေးစက်များသည် မြေကြီးပေါ်သို့ တစက်ချင်း ကျဆင်းနေသည်။
သူ၏သွားများသည် နာကျင်မှုကို ကြိတ်မှိတ်ခံရင်း စေ့ထားသည်။
ပတ်ဝန်းကျင်တွင်မူ၊ သူနှင့်သက်တူရွယ်တူ ကလန်မျိုးနွယ်ဝင် ကလေးငယ်များစွာသည် အခြေခံသိုင်းကွက်များကို လွယ်ကူစွာ လေ့ကျင့်နေကြသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းသည် ပေါ့ပါးသွက်လက်ပြီး၊ သူတို့၏ ခန္ဓာကိုယ်ထဲမှ အတွင်းအားစီးကြောင်းများသည် နူးညံ့စွာ လည်ပတ်နေကြသည်။
သို့သော် ထျန်ရှင်းလုမှာမူ ထိုသို့မဟုတ်ပေ။
“ထျန်ရှင်းလု မင်းရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို တည်ငြိမ်အောင်လုပ်ထား မင်းရဲ့အတွင်းအားစွမ်းအင်တွေကို မင်းရဲ့ခြေထောက်ထဲကို စီးဆင်းစေ စိတ်ကိုငြိမ်ငြိမ်ထား”
လေ့ကျင့်ရေးသိုင်းဆရာကြီး၏ ဒေါသတကြီး အော်ဟစ်သံက ကွင်းပြင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏မျက်နှာသည် ထျန်ရှင်းလုကြောင့် နီရဲနေပြီး၊ စိတ်ပျက်အားငယ်မှုများက သူ၏မျက်ဝန်းထဲတွင် အထင်းသားပေါ်နေသည်။
ထျန်ရှင်းလုသည် အသက်ကို ပြင်းပြင်းရှူကာ ထပ်မံကြိုးစားသည်။ သို့သော် သူ၏ခန္ဓာကိုယ်ထဲရှိ အတွင်းအားစွမ်းအင်များသည် သူ၏ထိန်းချုပ်မှုကို လုံးဝမလိုက်နာဘဲ၊ လမ်းပျောက်နေသော မြစ်ရေများကဲ့သို့ သူ့ခန္ဓာကိုယ်အတွင်း၌ ပြန့်ကျဲသွားသည်။
သူ၏ခြေထောက်များသည် ပို၍တုန်ယင်လာပြီး နောက်ဆုံးတွင် ဟန်ချက်ပျက်ကာ မြေကြီးပေါ်သို့ “ဖုန်း” ခနဲ လဲကျသွားတော့သည်။
ပတ်ဝန်းကျင်မှ တီးတိုးရယ်သံများနှင့် လှောင်ပြောင်သံများက ချက်ချင်းထွက်ပေါ်လာသည်။
“ဟား... ကြည့်စမ်းပါဦး၊ ကလန်ခေါင်းဆောင်ရဲ့ အငယ်ဆုံးသားတော်လေးက အခြေခံမြင်းထိုင်ကိုတောင် ၅ မိနစ်ထက်ပိုကြာအောင် မလုပ်နိုင်ဘူး။”
“တကယ်ကို ရှက်စရာပဲ။ သူ့ရဲ့အစ်ကိုကြီး ထျန်ရှီမင်က အသက် ဆယ်နှစ်နဲ့ ထျန်ကောင်းကင်ဘုံဓားသိုင်းအခြေခံကို ကျွမ်းကျင်နေပြီ။ သူ့အစ်မကြီး ထျန်ယဲ့ယဲ့ဆိုရင် အသက် ကိုးနှစ်နဲ့ သိုင်းထိပ်သီးအဆင့် ကို ရောက်နေပြီလေ။”
“သူက တကယ်ပဲ ကလန်ခေါင်းဆောင်ရဲ့ သား ဟုတ်ရဲ့လား။ ဘာလို့ဒီလောက်တောင် ပါရမီညံ့ဖျင်းနေရတာလဲ။”
ထိုစကားလုံးများသည် ချွန်ထက်သော ဓားသွားများကဲ့သို့ ခုနစ်နှစ်အရွယ် ကလေးငယ်၏ နှလုံးသားကို ထိုးနှက်နေသည်။
သူသည် မြေကြီးပေါ်တွင် လဲကျနေရာမှ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကာ တုန်ယင်နေသော လက်များကို အားပြုပြီး ပြန်ထလိုက်သည်။
သူ၏မျက်နှာသည် ညစ်ပတ်နေသော်လည်း၊ မျက်ရည်တစ်စက်မှ ကျမလာပေ။
ထိုအချိန်တွင် ကွင်းပြင်၏ အခြားတစ်ဖက်မှ အားလုံး၏ အာရုံကို ဖမ်းစားနိုင်သော ဟစ်ကြွေးသံတစ်ခု ထွက်ပေါ်လာသည်။
“ထျန်ကောင်းကင်ဘုံနဂါး ဓားသိုင်း - ပထမပုံစံ”
လူတိုင်း၏ အကြည့်သည် ထိုနေရာသို့ ရောက်သွားသည်။ အသက် ဆယ်နှစ်အရွယ် ထျန်ရှိမင်သည် လက်ထဲတွင် သစ်သားဓားတစ်ချောင်းကို ကိုင်ဆောင်ကာ လေထဲသို့ ခုန်တက်လိုက်သည်။
သူ၏လှုပ်ရှားမှုသည် နဂါးတစ်ကောင်ကဲ့သို့ လှပပြီး အားမာန်အပြည့်ပါသည်။ သစ်သားဓားမှ ထွက်ပေါ်လာသော လေစီးကြောင်းသည် မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များကို လေထဲသို့ ဝေ့ဝဲသွားစေသည်။
“တော်လိုက်တာ”
“အစ်ကိုကြီး ထျန်ရှီမင်က တကယ့်ကို ပါရမီရှင်ပဲ”
ချီးကျူးသံများ ထွက်ပေါ်လာသည်။ ကွင်းပြင်၏ဘေးတွင် ရပ်ကြည့်နေသော အကြီးအကဲများကလည်း ကျေနပ်စွာဖြင့် ခေါင်းညိတ်နေကြသည်။ သူတို့၏အကြည့်များထဲတွင် ထျန်ရှီမင်အတွက် ဂုဏ်ယူမှုများ ပြည့်နှက်နေသည်။
ထို့နောက် သူတို့၏အကြည့်များသည် မြေကြီးပေါ်တွင် ဖုန်များပေကျံနေသော ထျန်ရှင်းလုထံသို့ ရောက်သွားသောအခါ၊ ထိုဂုဏ်ယူမှုများသည် သက်ပြင်းချသံများနှင့် စိတ်ပျက်မှုများအဖြစ်သို့ ပြောင်းလဲသွားသည်။
ကလန်ခေါင်းဆောင်၊ ထျန်ရှင်းလု၏ ဖခင်ကိုယ်တိုင်ပင်လျှင် ထိုနေရာတွင် ရှိနေသည်။ သူသည် သူ၏သားကြီး၏ ပါရမီကိုကြည့်ကာ ခေါင်းညိတ်ကျေနပ်နေခဲ့သော်လည်း၊ သူ၏အငယ်ဆုံးသားကို မြင်လိုက်ရသောအခါ သူ၏နဖူးကြောများ ရှုံ့တွသွားပြီး မျက်နှာသည် တင်းမာသွားသည်။
သူသည် စကားတစ်ခွန်းမှ မပြောဘဲ အေးစက်စွာ လှည့်ထွက်သွားတော့သည်။
ထိုအကြည့်၊ ထိုတိတ်ဆိတ်မှုသည် ထျန်ရှင်းလု၏ နှလုံးသားကို အကြိမ်တစ်ထောင် ဓားဖြင့်ထိုးခြင်းထက်ပင် ပို၍နာကျင်စေသည်။
ဖခင်၏ ကျောခိုင်းထွက်သွားသော အရိပ်ကိုကြည့်ရင်း ခုနစ်နှစ်အရွယ် ထျန်ရှင်းလုသည် သူ၏နှုတ်ခမ်းကို သွေးထွက်သည်အထိ ကိုက်လိုက်သည်။
ဘာလို့လဲ... ဘာလို့ ငါက သူတို့နဲ့မတူရတာလဲ... ငါက သူတို့ထက် အဆပေါင်းများစွာ ပိုကြိုးစားခဲ့တာပဲ...
သူသည် ညတိုင်း လူတွေအိပ်ပျော်နေချိန်တွင် လရောင်အောက်၌ တစ်ယောက်တည်း လေ့ကျင့်ခဲ့သည်။
သူ၏ခန္ဓာကိုယ်သည် ဒဏ်ရာများနှင့် ပြည့်နှက်နေသော်လည်း တစ်ခါမှ မညည်းညူခဲ့ပေ။ သို့သော် သူ၏ကြိုးစားမှုများသည် အချည်းနှီးသာ ဖြစ်ခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် သိုင်းပညာကျင့်ကြံခြင်းကို လက်မခံဘဲ ငြင်းပယ်နေသကဲ့သို့ပင်။
ထိုနေ့တွင်၊ လှောင်ပြောင်သံများ၊ စိတ်ပျက်သည့်အကြည့်များနှင့် ဖခင်၏အေးစက်သော ကျောပြင်တို့၏ အလယ်တွင်၊ ထျန်ရှင်းလုသည် တိတ်ဆိတ်စွာ ကျိန်ဆိုလိုက်သည်။
‘ငါ လောကရဲ့အထွတ်အထိပ်ကိုတတ်လှမ်းမယ်’
ထိုအချိန်တွင် ထျန်ရှင်းလုဟာ ထွက်ခွာသွားသည့် သူ၏ဖခင်ထံမှ တိတ်တဆိတ်အပြုံးအား မမြင်လိုက်ရချေ။
ထိုအပြုံးဟာ စိတ်သက်သာရာရနေသည့်အပြုံးမျိုးဖြစ်လေပြီး မျှော်လင့်ချက်တို့ဖြင့်တောက်ပနေ၏။
‘လုအာကို ငရဲနတ်ဆိုးမျှော်စင်ထဲထည့်ရမယ်’ ထျန်ကလန်၏ခေါင်းဆောင်ဖြစ်သည့် ထျန်ကျန်းမင်က ပေါ့ပေါ့ပါးပါးထွက်ခွာသွားလေသည်။
ကျယ်ပြောလှသော ကမ္ဘာကြီးတွင်၊ ဥပဒေတစ်ခုသာ ရှိ၏။ အာဏာရှိသူသည် အရာရာကို ပိုင်ဆိုင်ပြီး၊ အာဏာမဲ့သူသည် မည်သည့်အရာမှ မပိုင်ဆိုင်ပေ။
ဤဥပဒေသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်တွင်လည်း မပြောင်းလဲနိုင်ပေ။ အထူးသဖြင့် လောက၏အထွတ်အထိပ်သို့ ရောက်ရန် ကြိုးစားနေသူများအတွက် ပိုမိုမှန်ကန်၏။
တိုက်ဆိုင်စွာပင် ထိုကဲ့သို့သော ဥပဒေအောက်တွင် ထျန်ရှင်းလုသည် အသက်ရှင်နေရသူ ဖြစ်သည်။
လက်ရှိအချိန်တွင်တော့ အသက် ၁၅ နှစ်အရွယ်ထျန်ရှင်းလုဟာ အသက်ရှုကြပ်မတတ် ရယ်မောနေသည့် ရှောင်ဘိုးဘေးအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။
“ပါရမီ...” သူ၏ ရေခဲငရဲကဲ့သို့အေးစက်စက် အက်ကွဲနေသော အသံကျယ်ကြီးက ထွက်ပေါ်လာသည်။
ထျန်ရှင်းလုက သူ၏လက်သန်းအား ၂ ပိုင်းချိုးလျက် ဆက်ပြောလိုက်သည်။ “ခရက်...”
“ငါက ဝိညာဉ်သခင်အဆင့်ကိုတောင် တစ်သက်လုံးချိုးဖျက်နိုင်မာ မဟုတ်ဘူးတဲ့လား...”
“ဟမ့်...”
“ငါက ‘မလုပ်နိုင်ဘူး’ တဲ့လား..”
“အားဟား အတိတ်ကိုတောင် မှတ်မိသွားပြီ.....”
“လွန်ခဲ့တဲ့ ၈ နှစ် သူတို့ငါ့ကို အဲဒီစုတ်ပြတ်နေတဲ့ နေရာကိုပို့လိုက်တုန်းကလည်း အားလုံးက ငါ့ကို ပထမနေ့မာပဲ သေသွားမယ်ထင်ခဲ့တာ”
“ဘယ်သူကမှ ငါ့ကိုမယုံကြည်ထားခဲ့ကြဘူး”
“ဒါပေမဲ့...နောက်ဆုံးမာ ဘယ်သူထွက်လာခဲ့တယ်ထင်လဲ။ ဟားဟားဟား” ထျန်ရှင်းလုက ကောင်းကင်ကြီးကို ကြည့်ကာ လှောင်ပြောင်သကဲ့သို့ ရယ်မောလိုက်သည်။
“ငါအဲဒီနေရာစုတ်ကနေ ထွက်လာဖို့ အသက်ပေါင်းရာချီကိုသတ်ခဲ့တယ်။ ငါရဲ့အကိုအရင်း နဲ့ ဝမ်းကွဲတွေအများကြီးရဲ့ အသတ်ကိုဇီဝိန်ချွေခဲ့တယ်။ အဲနေရာကနေထွက်လာဖို့ ငါလိုအပ်တာတွေ အကုန်လုံးကို လုပ်ခဲ့တယ်။”
“အေး... ကောင်းကင်ကြီးက ငါ့ကိုပါရမီဆိုတာကို မချီးမြင့်ထားရင်။ ငါကလည်း လိုအပ်တာတွေ အကုန်လုံးကို လုပ်ပြီးတော့ လောကရဲ့အထွတ်အထိပ်ကိုတတ်ရောက်မယ်။”
“ငါ့ရဲ့အထွတ်အထိပ်ကိုတတ်တဲ့လမ်းမာ နတ်ဆိုးကလာပိတ်နေရင် နတ်ဆိုးကိုခေါင်းဖြတ်မယ်။ နတ်ဘုရားကလာပိတ်နေရင် နတ်ဘုရားတွေကို ဂုတ်ချိုးပြစ်မယ်”
“နဂါးလိုကျားလိုအားကောင်းပါတယ်ဆိုတဲ့ ပါရမီရှင်တွေရဲ့ ဂုတ်သွေးကိုသောက်ပြီး ဝမ်းဗိုက်သားကိုကင်စားပြစ််မယ်ကွ။” ထျန်ရှင်းလု၏ မာန်ပါပါဖြင့် အားကုန်အော်ဟစ်လိုက်သံဟာ ဗုန်းသံကြီးထက်ပင် ပိုမို၍ကျယ်လောင်ကာ ရွမ်းဟွမ်မြို့ကြီး တစ်ခုမြို့လုံးပင် ကောင်းကောင်းကြားရလေ၏။
“ဂျိန်းးး”
တစ်ပြိုင်နက်ထဲတွင် မိုးခြိမ်းသံကြီး တစ်ခုထွက်ပေါ်လာကာ ကောင်းကင်ထက်တွင် ရွှေရောင်တိမ်များစုဝေးလာ၏။ တစ်ချက်ချက် ရွှေရောင်လျပ်စီးများက လက်လာကာ လောကကြီးတစ်ခုလုံးကို ရွှေရောင်ဖြစ်သွားစေသည်။
တစ်ချိန်တည်းတွင် ရုတ်တရက် ရွှေရောင်တိမ်များထဲမှ မိုးကြိုးအနှစ်သာရများက စုစည်းလာကာ ထျန်ရှင်းလု ထံသိုပ ရွှေရောင်မျိုးကြိုးတစ်စင်းက ဦးတည်လာသည်။
“ရှီးးး ဂျိန်းးး”
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၃ + ၁၀၄) ပြီး