← Chapters

အခန်း (၁၀၈+၁၀၉+၁၁၀)

Vol. 11 Ch. 108+109+110

အခန်း (၁၀၈+၁၀၉+၁၁၀)

Vol. 11 Ch. 108+109+110

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၈ + ၁၀၉ + ၁၁၀)

“သန့်စင်သောကြာပန်းလား...” ထျန်ရှင်းလုက မိန်းကလေးနာမည် နှင့် မိန်းကလေးလိုပြင်ဆင်ထားသော သကောင့်သားအား သေချာကြည့်လိုက်သည်။

ကျင့်ကြံခြင်းလောကတွင် လိင်တူစိတ်ဝင်စားသူများက နည်းပါးကြပြီး ရှိလျင်တောင် သူတို့က သူတို့ကို သူတို့မဖော်ပြကြချေ။

သို့သော် သာမန်ပြည်သူလူထုထဲတွင်တော့ အများအပြားရှိပြီး ထျန်ရှင်းလုလည်း ယခင်က အများကြီးမြင်ဖူးသောကြောင့် ထိုကိစ္စအား စိတ်ထဲမထားတော့ချေ။

“ကောင်းပြီ ချင်းလိန်ဟွာ၊ မင်းငါ့အတွက် ၁၀ နှစ်.... မဟုတ်ဘူး။ ငါ့အတွက် ၅ နှစ်အလုပ်လုပ်ပေး။”

“ငါ့ရဲ့နောက်လိုက်ငယ်သားမဟုတ်ပဲ ငါ့အတွက်ကိုယ်ရံတော်အဖြစ်အလုပ်လုပ်ပေးရမယ်။”

“အလုပ်ခကတော့ လောလောဆယ် မင်းရဲ့အသက် နဲ့ မင်းအဆင့် ၁ သေမျိုးပြောင်းလဲခြင်းအဆင့်ရောက်တဲ့အထိ ကျင့်ကြံခြင်းအရင်းအမြစ်တွေထောက်ပံပေးမယ်။”

“၅ နှစ်ပြည့်တာနဲ့ မင်းထွက်သွားချင်ရင် ထွက်သွားလို့ရပြီ”

“ဘယ်လိုလဲ သဘောတူလား။”

ထျန်ရှင်းလုက တောက်ပနေသော မျက်လုံးတို့ဖြင့် ချင်လိန်ဟွာအား ကြည့်၍ ပြောလိုက်သည်။ လိန်ဟွာတစ်ယောက်ကတော့ ဇဝေဇဝါဖြစ်သွားမိသည်။

“ဘာလို့လဲ” သူမက နားမလည်နိုင်စွာမေးလိုက်၏။

ထျန်ရှင်းလု၏ မျက်နှာအထက်တွင် စိတ်မရှည်မှုများ ထွက်ပေါ်လာသောအခါ သူမက အလျင်အမြန်ပြောလိုက်သည်။

“ကောင်ပြီ ငါလက်ခံတယ်”

ထျန်ရှင်းလုက သူမထံမှ အကြည့်လွဲလိုက်ပြီး လီနာအားကြည့်၍ပြောလိုက်သည်။ “ရှောင်ဘိုးဘေးကိုခေါ်ခဲ့။ ငါတို့ထွက်ခွာကြမယ်။”

ထျန်ရှင်းလုက သတိလစ်နေဆဲဖြစ်သည့် သူနာပြုမလေး ရှောင်ယွဲ့အားကြည့်ကာ ပြောလိုက်သည်။

“သူ့မကိုပါ ခေါ်ခဲ့လိုက်”

သတိရနေပြီဖြစ်သည့် ရှောင်လန်က တားစီးရန်ကြိုးစား​​သော်လည်း လီနာ၏ကန်ချက်ကိုခံလိုက်ရကာ သွေးအန်လိုက်ရလေသည်။

“အားးးးးး ဠီးပဲ ကောင်းကင်ကြီးကိုဠီးးပဲကွာ” ရှောင်လန်က မုန်းတီးခြင်းအပြည့်ဖြင့်​ အော်ဟစ်လိုက်သည်။

ထျန်ရှင်းလု၏ နှုတ်ခမ်းထောင့်တို့က ကွေးတတ်သွားကာ ရှောင်လန်အား လှောင်ပြောင်လိုက်သည်။

“ငါမင်းကို ၅ နှစ်အချိန်ပေးမယ်။ မင်း ၅ နှစ်အတွင်း အဆင့် ၄ ဝိညာဉ်သခင်ကို ရောက်ခဲ့ရင်၊ သူမကိုပြန်ပေးမယ်။ စိတ်မပူနဲ့ ဒီအတောအတွင်း ငါသူ့မကို လက်ဖြားနဲ့တောင် ထိမာမဟုတ်ပါဘူးကွာ။ ဟားဟားဟား”

ရွမ်းဟွမ်မြို့ကြီးသည် ၃ နာရီအတောအတွင်း​ ထောင်နှင့်ချီသောပြည်သူများသေဆုံးကာ၊ သောင်းနှင့်ချီသော ပြည်သူများက ဒါဏ်ရာရရှိခဲ့ကြသည်။

လီနာက တမင်သက်သက် အပျက်အစီးပမာဏပိုမိုများပြားအောင် ဉာဏ်ဆင်ခဲ့သောကြောင့် ယခုကဲ့သို့ သေဆုံးသူ ပမာဏအလွန်များပြားနေခြင်းပင်ဖြစ်သည်။

အပျက်အစီးတန်ဖိုးများဆိုလျှင် ဒေါ်လာဘီလီလျံရာချီသည်ဟူ၍ မြို့တွင်းပညာရှင်များက ခန့်မှန်းမိကြ၏။

တစ်ချိန်တည်းမှာပဲ တော်ဝင်မြို့တော်၏ နန်းတွင်းထဲတွင် အခြေအနေများက အပြောင်းအလဲဖြစ်နေကြသည်။

တော်ဝင်နန်းတော်၏ အနောက်ဥယျာဉ်တော်အတွင်း၊ သလွန်ညောင်စောင်းပင်ကြီး၏ အရိပ်အောက်တွင် ဘုရင်မင်းမြတ်သည် သူ၏ သားတော်အငယ်ဆုံးဖြစ်သူ ရှစ်နှစ်အရွယ် မင်းသားလေးနှင့်အတူ ကစားနေသည်။

သူတို့၏ ရှေ့တွင် ရောင်စုံရွှံ့စေးများကို တင်ထားသော ကျောက်စားပွဲပုလေးတစ်လုံးရှိနေ၏။ ကြီးကျယ်ခမ်းနားသော နဂါးရုပ်ဝတ်ရုံတော်အစား သက်သောင့်သက်သာရှိသော အနက်ရောင်ပိုးသားဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် ဘုရင်မင်းမြတ်၏ မျက်နှာတော်ထက်တွင် တိုင်းရေးပြည်ရာများ၏ အပူအပင်ကင်းစင်နေပြီး နူးညံ့သောဖခင်တစ်ဦး၏ အပြုံးကနေရာယူထားသည်။

“ခမည်းတော်၊ ကြည့်ပါဦး... သားတော် နဂါးတစ်ကောင်လုပ်နေတာ။”

မင်းသားလေးကျိုးက သူ၏လက်ထဲမှ အစိမ်းရောင်ရွှံ့စေးခဲကို ဂုဏ်ယူစွာဖြင့် မြှောက်ပြလိုက်သည်။ နဂါးဟုဆိုသော်လည်း ဦးချိုတိုတိုလေးများနှင့် ကိုယ်လုံးတုတ်တုတ်လေးသာဖြစ်နေသေးပြီး ချစ်စရာကောင်းသော ပုံသဏ္ဍာန်လေးသာ ရှိသေးသည်။

ဘုရင်မင်းမြတ်က ပြုံးတော်မူလိုက်ပြီး သူ၏လက်ထဲမှ အဝါရောင်ရွှံ့စေးကို ပုံသွင်းရင်း “ကောင်းလိုက်တာ သားတော်ရဲ့ နဂါးက။ ခမည်းတော်ရဲ့ ဖီးနစ်ငှက်ထက်တောင် ပိုခန့်ညားနေသလိုပဲ။” ဟု မိန့်တော်မူလိုက်သည်။

သူ၏ လက်ထဲတွင်တော့ အတောင်ပံဖြန့်ကျက်ထားသော ဖီးနစ်ငှက်ရုပ်လေးတစ်ခုက အသေးစိတ်တဖြည်းဖြည်းပုံပေါ်လာနေသည်။

“ဖီးနစ်ငှက်က နဂါးလောက် အားမကြီးဘူးလေ ခမည်းတော်ရဲ့။” မင်းသားလေးက နှုတ်ခမ်းလေးစူကာ ပြောလိုက်သည်။

“အဲ့ဒါတော့မှန်တယ်။ ဒါပေမဲ့ ဖီးနစ်ငှက်က ပြာပုံထဲကနေ ပြန်လည်မွေးဖွားနိုင်တဲ့စွမ်းအားရှိတယ်။ ဘယ်လောက်ပဲ ကျရှုံးသွားပါစေ၊ အသစ်တဖန်ပြန်စနိုင်တဲ့ သတ္တိရှိတယ်ကွဲ့။ အင်အားကြီးတာတစ်ခုတည်းက အရာရာမဟုတ်ဘူး သားတော်။ ဉာဏ်ပညာနဲ့ ဇွဲလုံ့လကလည်း အရေးကြီးတယ်” ဘုရင်မင်းမြတ်က သူ၏ ရွှံ့စေးရုပ်လေးကို သေချာပုံဖော်ရင်း ညင်သာစွာရှင်းပြတော်မူသည်။

မင်းသားလေးက နားလည်သကဲ့သို့ ခေါင်းလေးတညိတ်ညိတ်လုပ်ကာ သူ၏ရုပ်ဆိုးပန်းဆိုးနဂါးရုပ်လေးကို ဆက်လက်အာရုံစိုက်နေသည်။

ခမည်းတော်၏ စကားအလုံးစုံကို နားမလည်သေးသော်လည်း၊ သူနှင့်အတူအချိန်ဖြုန်းပေးနေသည်ကိုတော့ သူပျော်ရွှင်နေမိသည်။

ဘုရင်မင်းမြတ်က သားတော်လေး၏ အပြစ်ကင်းစင်သော မျက်နှာလေးကို ငေးကြည့်ရင်း စိတ်ထဲတွင်တော့ တိုင်းပြည်၏အရေးအရာများက တဝဲလည်လည်ဖြစ်နေသည်။

“ခမည်းတော်၊ သားတော်ရဲ့နဂါးကို မျက်လုံးထည့်ပေးပါဦး။”

သားတော်၏ အသံကြောင့် ဘုရင်မင်းမြတ် အတွေးစပြတ်သွားပြီး ပြုံးလိုက်သည်။ သူသည် အနက်ရောင်ရွှံ့စေးစ နှစ်စကိုယူကာ နဂါးရုပ်လေးတွင် မျက်လုံးများအဖြစ် သေချာစွာကပ်ပေးလိုက်သည်။

ထိုအခါမှ နဂါးရုပ်လေးက အသက်ဝင်လာသကဲ့သို့ ဖြစ်သွားသည်။

“ဝိုး... ကျေးဇူးတင်ပါတယ် ခမည်းတော်။” မင်းသားလေးက ဝမ်းသာအားရအော်ဟစ်လိုက်ပြီး သူ၏ နဂါးရုပ်လေးကို ဘုရင်မင်းမြတ်၏ ဖီးနစ်ငှက်ရုပ်လေးဘေးတွင် ယှဉ်တွဲချထားလိုက်သည်။

“ကြည့်စမ်းပါဦး။ နဂါးနဲ့ ဖီးနစ်ငှက်... ဘယ်လောက်တောင်လိုက်ဖက်လိုက်သလဲ။ တစ်ကောင်က အင်အားကိုကိုယ်စားပြုပြီး တစ်ကောင်က ဉာဏ်ပညာကို ကိုယ်စားပြုတယ်။ ငါ့သားတော်လေး အနာဂတ်မှာ အင်အားရော ဉာဏ်ပညာပါပြည့်စုံတဲ့ သူရဲကောင်းဖြစ်လာမှာ သေချာတယ်။”

ဘုရင်မင်းမြတ်က မင်းသားလေး၏ ဆံပင်ကို ဖွဖွလေးပွတ်သပ်ပေးရင်း ချစ်ခင်စွာမိန့်တော်မူလိုက်သည်။

နေခြည်နွေးနွေးအောက်တွင် ခမည်းတော်နှင့် သားတော်တို့၏ ရယ်မောသံများနှင့်အတူ ရွှံ့စေးရုပ်လေးများသည် သူတို့၏ ပျော်ရွှင်ဖွယ်အချိန်လေးကို သက်သေအဖြစ် တည်ရှိနေတော့သည်။

လောကကြီးတွင် စစ်မှန်သောချမ်းသာမှုဆိုသည်မှာ ဖြုန်းမကုန်သော ပိုက်ဆံများမဟုတ်ချေ။ စစ်မှန်သောချမ်းသာမှုဆိုသည်မှာ ပျော်ရွင်စဖွယ်ကောင်းမွန်သော မိသားစုလေးတစ်ခုကို ပိုင်ဆိုင်ထားခြင်းပင်ဖြစ်သည်။

ဘုရင်းမင်းမြတ်ဓမ္မရာဇာက နူးညံသောအပြုံးဖြင့် ရှိနေသော်လည်း ဥယျာဥ်အထဲသို့ဝင်လာသော အိမ်ရှေ့စံမင်းသားကိုတွေ့သောအခါ မျက်နှာက တည်တန့်သွားလေသည်။

သူက မင်းသားငယ်လေး၏ ဦးခေါင်းသေးသေးလေးအား ပုတ်ပေးလိုက်ပြီး ပြောလိုက်၏။ “ကောင်းပြီ ဖခမည်းတော် လုပ်စရာရှိသေးတယ်။ နောက်မှပြန်လာမယ်နော်။”

“ဟုတ်ကဲ့ပါ ဖခမည်းတော်” သူက သိပ်စိတ်မဝင်စားပဲ ကောင်းသာခပ်မြန်မြန်ညိတ်၍ ရွံစေးများ ဆက်လက်၍ ဆော့ကစားနေသည်။

ဥယျာဥ်ကြီး၏ အပြင်ဘက်နားတွင် ဘုရင်ဓမ္မရာဇာက ဒေါသထွက်နေသော မျက်နှာဖြင့်ရပ်တန့်နေသည်။

“ဘာ သတင်းတွေဆက်ရသေးလဲ” သူ၏အသံမှာ ဩဇာအာဏာအပြည့်ဖြင့် ခန့်ညားကာ ကြားရသူတိုင်းကို ရိုသေစိတ်များဖြစ်ပေါ်လာစေလိမ့်မည်။

အိမ်ရှေ့စံမင်းသား၏ စံပြပုဂ္ဂိုလ်မှာ သူ၏ဖခင်ပင်ဖြစ်သည်။ ထိုအတွက်ကြောင့် သူက သူ၏ဖခင်အား အလွန်ချစ်ခင်ပြီး ရိုသေလေသည်။

အိမ်ရှေ့စံမင်းသားက ဦးညွတ်၍ အရိုအသေပေးကာ ပြောလိုက်သည်။ “နောက်ဆုံးကသတင်းအရတော့ ကျူးကျော်လာသူတွေ လွတ်မြောက်သွားပါတယ်။ အဲဒီနေရာကို အနီးဆုံး ကျင့်ကြံသူတွေကို လွတ်ထားပြီးတော့ ကျိုးဇျန်ပြည်နယ်က ဘုရင်ခံတပ်ဖွဲ့က နောက် နာရီဝက် အတွင်းရောက်ပါလိမ့်မယ်”

အိမ်ရှေ့စံမင်းသားက ချောမွေ့စွာ အစီအရင်ခံလိုက်သည်။

ဘုရင်မင်းမြတ်က ခေါင်းညိတ်၍ ဆက်လက်မေးမြန်းလိုက်သည်။ “အင်း...တရားခံကကော”

အိမ်ရှေ့စံမင်းသားက သက်ပျင်းချ၍ ပြန်ဖြေလိုက်သည်။ “အစက ခန့်မှန်းချက်တွေဖြစ်တဲ့ ပင်လယ်ခြားက မကောင်းဆိုးဝါးတွေကျူးကျော်လာတယ်ဆိုတာ လုံးဝမှားပါတယ်။”

“ပြည်သူ့စစ်တပ်က ပို့လာတဲ့ ဗွီဒီယိုတွေအရတော့ ထျန်ကလန်က အရိပ်လုပ်ကြံသူတွေ နဲ့ နဂါးလေးကောင်နတ်ဆိုးဂိုဏ်းက အကြီးအကဲ ၂ ယောက်ကိုတွေ့ရပါတယ်။”

ဘုရင်မင်းမြတ်က ထိုသည်ကို နားထောင်နေရင်း ဒေါသထွက်လာ၏။ သူ၏ပုံရိပ်ထံမှ ထွက်ပေါ်လာသော ဖိအားသည် နန်းတော်တစ်ခုလုံးကို လွှမ်းခြုံထားသကဲ့သို့ လေးလံလွန်းလှသည်။

လေထုသည် ခဲရည်ကဲ့သို့ပျစ်ချွဲနေပြီး အစောင့်စစ်သည်တို့သည် သူတို့၏ဓားများကိုပင် မမြှောက်နိုင်ဘဲ ဒူးထောက်ကျမိမတတ် ခံစားနေကြရသည်။

ထိုဖိအားတို့၏ ဗဟိုချက်မတွင်တော့ ဧကရာဇ်မင်းမြတ်ရှိနေသည်။

သူ၏ မျက်လုံးတော်များက သာမန်မျက်လုံးများမဟုတ်ပေ။ အတွင်းမှ လျှပ်စီးကြောင်းများ ဖြတ်ပြေးနေသကဲ့သို့ စူးရှတောက်ပြောင်သော အဖြူရောင်အလင်းတို့ဖြင့် ပြည့်နှက်နေသည်။

ထိုအကြည့်တစ်ချက်ကပင် လူတစ်ယောက်၏ ဝိညာဉ်ကို ထွင်းဖောက်ကာ အတွင်းအနက်ရှိုင်းဆုံးတွင် ဝှက်ထားသော လျှို့ဝှက်ချက်များကို ဖော်ထုတ်နိုင်စွမ်းရှိဟန်တူသည်။

တင်းတင်းစေ့ထားသော နှုတ်ခမ်းတော်များ၊ မာန်တင်းနေသော မျက်မှောင်ကြုတ်ကြီးနှင့်အတူ သူ၏ မျက်နှာတော်တစ်ခုလုံးက မကြာမီ ပေါက်ကွဲတော့မည့် မီးတောင်တစ်ခုနှယ် တိတ်ဆိတ်စွာ အမျက်ဒေါသမီးတောက်နေသည်။

သူ၏ မင်ကဲ့သို့နက်မှောင်သော ဆံနွယ်ရှည်များက မမြင်ရသော စွမ်းအင်လေလှိုင်းများကြားတွင် အသက်ဝင်နေသည့် မြွေနက်များကဲ့သို့ တလွင့်လွင့်လူးလွန်နေသည်။

နားထင်စပ်မှ ငွေဖြူရောင်ဆံပင်နှစ်စုကတော့ သူဖြတ်သန်းခဲ့ရသော ခေတ်ကာလများ၏ အတွေ့အကြုံနှင့် သူထမ်းပိုးထားသော တိုင်းပြည်၏ အပူပင်တို့ကို သက်သေပြနေသယောင်။

သူသည် သားတော်လေးရှေ့တွင် ရွှံ့စေးရုပ်လေးများ ကစားနေသည့် နူးညံ့သောဖခင်မဟုတ်တော့။

သူသည် တိုင်းနိုင်ငံတစ်ခုလုံး၏ အရှင်သခင်၊ တောင်တန်းများကို ပြားပြားဝပ်စေနိုင်ပြီး မြစ်ချောင်းများကို လမ်းကြောင်းပြောင်းစေနိုင်သည့် စွမ်းအားပိုင်ရှင်၊ ကောင်းကင်အောက်တွင် အတုမရှိသော ဧကရာဇ်မင်းမြတ် ဖြစ်တော်မူသည်။

သူ၏ အမျက်ဒေါသသည် တပြည်လုံးကို ပြာကျစေနိုင်ပြီး သူ၏ အမိန့်တစ်ခွန်းသည် သန်းပေါင်းများစွာသော သူတို့၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်စွမ်းပေသည်။

“နဂါးလေးကောင်ဂိုဏ်းကို သွားဖို့ ခရီးပြင်ထားလိုက်” ဘုရင်မင်းမြတ်က သာမန်အသံဖြင့် မိန့်တော်မူလိုက်သည်။ သို့သော် အားလုံးက ဘုရင်မင်းမြတ်၏ ငရဲမီးလိုလောင်ကျွမ်းနေသော ဒေါသကိုခံစားမိကြသည်။

ရုတ်တရက် ဘုရင်မင်းမြတ်က တောင်ဘက်အရပ်၊ ရွမ်းဟွမ်မြို့တည်ရှိရာသို့ လှည့်ကြည့်၍ မျက်မှောင်ကြုတ်လိုက်၏။

“ကုန်းမြေတိုက်ကြီးရဲ့ ကောင်းချီးလား....” သူက ဇဝေဇဝါဖြင့်ရေရွတ်လိုက်သည်။

တစ်ချိန်တည်းတွင် မိုးပြာနဂါးကုန်းမြေတိုက်ကြီး၏ အန္တရာယ်အများဆုံးနေရာဖြစ်သည့် လဝန်းဆန္ဒနယ်မြေတွင်လည်း ပြောင်းလဲမှုများ ဖြစ်ပျက်နေသည်။

လဝန်းဆန္ဒာနယ်မြေ၏ အတွင်းအကျဆုံးနေရာထဲတွင် အလွန်ကြီးမားသော မိုးထိတောင်ကြီးတစ်တောင်ရှိသည်။ ထိုမိုးထိတောင်ကြီး၏အထက် ၂ မိုင်တိမ်များကြားတွင် ကျောက်စိမ်းဂူကြီးတစ်ဂူတည်ရှိ၏။

ကျောက်စိမ်းဂူကြီးတစ်ခုလုံးသည် နံရံများမှ သဘာဝအလျောက်ထုတ်လွှတ်နေသော နူးညံ့စိမ်းမြသည့် အလင်းရောင်ဖြင့် ထိန်လင်းနေသည်။

လေထုသည် အပြင်လောကနှင့်လုံးဝမတူဘဲ၊ အသက်တစ်ရှိုက်ရှူလိုက်ရုံဖြင့်ပင် သာမန်ကျင့်ကြံသူတစ်ယောက်၏ သက်တမ်းကို ဆယ်နှစ်ခန့်တိုးစေနိုင်လောက်သည့် သိပ်သည်းလွန်းသော ကောင်းကင်မြေကြီးစွမ်းအင်များ ဖြင့် ပြည့်နှက်နေသည်။

ထူးဆန်းသည့်အချက်မှာတော့ မိုးပြာနဂါးတိုက်ကြီးလို အားနည်းသည့် ကုန်းမြေတိုက်ကြီးဟာ ကောင်းကင် နှင့် မြေကြီးစွမ်းအင်များကို သဘာဝအတိုင်း ထုတ်လုပ်နိုင်စွမ်းမရှိချေ။

ထို့အတွက်ကြောင့် စွမ်းအားကြီးပုဂ္ဂိုလ်တစ်ဦးက ဤကောင်းကင်နှင့်မြေကြီးစွမ်းအင်များအား ထုတ်လွင့်ထားသည့် ရတနာ သို့မဟုတ် အစီအရင်တစ်ခုကို တည်ဆောက်ထားကြောင်း မှန်းဆနိုင်သည်။

ဂူ၏အလယ်တွင်တော့ လူသုံးယောက်ခန့်သက်တောင့်သက်သာ ဝင်ထိုင်နိုင်လောက်သည့် ဧရာမ ဆေးဖော်စပ်အိုးကြီးတစ်ခုက တည်ရှိနေသည်။

ထိုအိုးကြီး၏ ခြေတိုင်သုံးချောင်းကို နဂါးလက်သည်းပုံစံထွင်းထုထားပြီး အိုး၏ကိုယ်ထည်ပေါ်တွင် ရှေးဟောင်းအစီအရင်စာလုံးများက တဖျပ်ဖျပ်တောက်နေကြသည်။

“ဘွမ်းဘွမ်းဘွမ်း”

“ဗွက် ဗွက် ဗွက်”

အိုးထဲမှ ဆူပွက်နေသော ဆေးရည်များက သက်တံရောင်အငွေ့များကို ထုတ်လွှတ်နေပြီး အနံ့လေးတစ်ချက်ရှူရှိုက်လိုက်ရုံဖြင့် မိမိ၏စိတ်ဝိညာဉ်ကို လန်းဆန်းတက်ကြွစေသည်။

ထိုဆေးရည်ထဲတွင်တော့ ကြယ်တာရာများကဲ့သို့ လှပသော ကြာပန်းတစ်ပွင့်က ဖြည်းညင်းစွာလည်ပတ်နေသလို၊ လူသူငယ်လေးပုံသဏ္ဍာန်ရှိသော နှစ်တစ်သောင်းသွေးသန်စွမ်းမြစ်တစ်ပင်က ဟိုဟိုဒီဒီကူးခတ်နေသည်။

ရွှေရောင်အငွေ့များထုတ်လွှတ်နေသည့် နဂါးဝင်သက်သစ်သီးများ၊ မီးလျှံငှက်ဖီးနစ်၏ အမွှေးတောင်များကဲ့သို့သော ဆေးရွက်များက ဆေးရည်ထဲတွင် ပျော်ဝင်လိုက်၊ ပုံပေါ်လာလိုက်ဖြင့် အလွန်တရာမှ မြူးကြွသက်ဝင်နေ၏။

ထိုတန်ဖိုးမဖြတ်နိုင်သော ဆေးရည်များ၏ အလယ်တွင်တော့ အသက်ရှစ်နှစ်အရွယ် ကောင်လေးတစ်ယောက်က မျက်လုံးစုံမှိတ်ကာ ထိုင်နေသည်။

သူ၏ နှင်းကဲ့သို့ ဖြူဆွတ်နေသောဆံပင်များက ရေနွေးငွေ့များကြားတွင် လှပစွာလွင့်မျောနေပြီး သူ၏နုနယ်သောမျက်နှာလေးပေါ်တွင်တော့ ချွေးစက်ချွေးပေါက်များက ရွှဲနစ်နေသည်။

သူသည် သွားများကို တင်းတင်းကြိတ်ထားပြီး သူ၏လက်သီးဆုပ်သေးသေးလေးများက တဆတ်ဆတ်တုန်ခါလျက်ရှိသည်။

ထိုကောင်လေးမှာ ဟောင်ရှောင်လုံပင်ဖြစ်သည်။

သူ၏ ချွေးပေါက်တိုင်းမှ အနက်ရောင်အညစ်အကြေးများက ညှစ်ထုတ်ခံနေရပြီး ဆေးရည်ထဲသို့ ပျော်ဝင်သွားကာ ချက်ချင်းပင် သန့်စင်ခြင်းခံလိုက်ရသည်။

သူ၏ အရိုးများက ရွှေရောင်အလင်းဖြင့် တောက်နေပြီး ကြွက်သားနှင့်သွေးကြောများကလည်း အသစ်တဖန် ပြန်လည်တည်ဆောက်နေသည့်အလား တဖျပ်ဖျပ်လက်နေသည်။

“ရှောင်လုံ၊ အာရုံစိုက်ထား စိတ်ကိုတည်ငြိမ်အောင်ထိန်းပြီး နတ်ဆေးစွမ်းအင်တွေကို မင်းရဲ့သွေးကြောမျှင်တိုင်းထဲ စီးဝင်ခွင့်ပြုလိုက်”

ကြည်လင်ပြတ်သားသော အမိန့်ပေးသံတစ်ခုက ဂူထဲတွင် ပဲ့တင်ထပ်သွားသည်။

ဆေးအိုးကြီး၏ဘေးတွင်တော့ အလွန်တရာလှပသော အမျိုးသမီးတစ်ဦးက လက်ပိုက်ကာ ရပ်ကြည့်နေသည်။

သူမ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဖြူစင်ဝင်းပနေပြီး၊ နှုတ်ခမ်းပါးလေးများက နီရဲတောက်ပနေသည်။

သူမ၏မျက်နှာတွင် သာမန်လူသားများ မပိုင်ဆိုင်နိုင်သော နတ်မိမယ်တစ်ပါး၏ အလှတရားမျိုး ကိန်းအောင်းနေ၏။ သူမမှာ ဧကရီထန်ပင်ဖြစ်သည်။

သူမ၏ မျက်နှာက တည်ငြိမ်နေသော်လည်း မျက်ဝန်းများထဲတွင်တော့ ကျေနပ်မှုအရိပ်အယောင်များ ဖြတ်ပြေးနေသည်။

သူမက လက်ညှိုးသွယ်သွယ်လေးကို ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပုလင်းလေးတစ်လုံးက ပျံဝဲလာပြီး အထဲမှ ဖီးနစ်ငှက်သွေးမျက်ရည်တစ်စက်က ဆေးအိုးထဲသို့ တည့်တည့်မတ်မတ်ကျဆင်းသွားသည်။

“ရှဲ..ရှဲ..”

ဖီးနစ်သွေးမျက်ရည်တစ်စက် ဆေးရည်နှင့်ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက် အိုးကြီးတစ်ခုလုံးက အရှိန်ဖြင့်တုန်ခါသွားပြီး ရွှေနီရောင်အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။

ဆေးရည်များက မုန်တိုင်းထန်သကဲ့သို့ လှိုင်းထန်လာပြီး ဟောင်ရှောင်လုံ၏ ခန္ဓာကိုယ်ထဲသို့ အရိုင်းဆန်စွာ တိုးဝင်သွားသည်။

“အားးးးးး”

ဒီတစ်ကြိမ်တွင်တော့ ဟောင်ရှောင်လုံတစ်ယောက် နာကျင်မှုကြောင့်မဟုတ်ဘဲ၊ သူ၏ခန္ဓာကိုယ်ထဲသို့ အဆမတန်စီးဝင်လာသော စွမ်းအင်များကြောင့် အားရကျေနပ်စွာ ဟိန်းဟောက်လိုက်သည်။

သူ၏အသံမှာ နဂါးငယ်လေးတစ်ကောင်၏ ဟိန်းသံကဲ့သို့ပင် စွမ်းအားအပြည့်နှင့်။

ထိုဟိန်းဟောက်သံနှင့်အတူ စွမ်းအင်လှိုင်းလုံးကြီးတစ်ခုက ဂူတစ်ခုလုံးကို ရိုက်ခတ်သွားပြီး ကျောက်စိမ်းနံရံများပင် အနည်းငယ်တုန်ခါသွားရသည်။

ဧကရီထန်၏ အနီရောင်နှုတ်ခမ်းလွှာတို့က အပေါ်သို့ ကော့တက်သွားသည်။ “ကောင်းပြီ! ဒီလောက်ဆိုရင်တော့ သူ့ရဲ့အခြေခံအုတ်မြစ်က ကောင်းကင်ဘုံတိုက်ပွဲနတ်ဘုရားတစ်ပါးအတွက် လုံလောက်သွားပြီ။”

ရုတ်တရက် သူမက တစ်စုံတစ်ခုကို အာရုံခံမိသွားလေပြီး ရွမ်းဟွမ်မြို့တည်ရှိရာငို့ လှည့်ကြည့်လိုက်သည်။

“ဟမ်...စိတ်ဝင်စားစရာပဲ မိုးပြာနဂါးကုန်းမြေတိုက်ကြီးရဲ့အမွေခံကောင်းချီးလား”

“

သူမက ပျော်မြူးစွာဖြင့် ရေရွတ်လိုက်လေသည်။

နတ်ဆိုးကျွန်း။

နာမည်နှင့်လိုက်အောင်ပင် ဤကျွန်း၏ ပတ်ဝန်းကျင်တစ်ခုလုံးသည် ကြမ်းတမ်းခက်ထန်လှသည်။

မိုးကောင်းကင်ကို ထိုးဖောက်မတတ် ထောင်တက်နေသော မည်းနက်သည့် ကျောက်ဆောင်ချွန်များ၊ ထိုကျောက်ဆောင်များကို အဆက်မပြတ်ရိုက်ခတ်နေသော သမုဒ္ဒရာ၏ အမျက်ဒေါသလှိုင်းလုံးကြီးများ၊ လေထဲတွင် အမြဲတစေတိုက်ခတ်နေသော ဆားငန်နံ့စူးစူးနှင့် ထူးဆန်းစွာလိမ်ကောက်နေသော သစ်ပင်များက ဤနေရာကို သက်ရှိတို့အတွက် ငရဲတစ်ခုအဖြစ် ပုံဖော်နေသည်။

ထိုငရဲပမာကြမ်းတမ်းသော ကျွန်း၏ အမြင့်ဆုံးကျောက်ဆောင်ထိပ်တွင်တော့ အရိပ်နှစ်ခုသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်နေကြသည်။

တစ်ဦးမှာ ထျန်မိသားစု၏ ခေါင်းဆောင်၊ ထျန်ကျန်းမင်ပင်ဖြစ်သည်။ သူ၏ ထောင်မောင်းသောကိုယ်လုံးကိုယ်ပေါက်၊ ဖြူစွတ်နေသောအသားအရေနှင့် ကြံ့ခိုင်သော ကြွက်သားများက သူ၏ခန္ဓာကိုယ်ထဲတွင် မီးတောင်တစ်ခုလို ပေါက်ကွဲထွက်ချင်နေသော စွမ်းအင်များကို ဖော်ပြနေသည်။

သူသည် ထျန်ရှင်းလုနှင့် ၇၀% ခန့်ရုပ်ချင်းဆင်တူလေပြီး အလွန်တရာချောမောခန့်ညားလှသည်။

သူ၏လက်တစ်ဖက်စီတွင် တန်ချိန် ၁၀၀၀ အလေးချိန်နှင့်ညီမျှသော လက်တစ်ကိုင် ပုဆိန်တစ်လက်စီကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်။

ပုဆိန်သွားများမှ ထွက်ပေါ်နေသော အလင်းတန်းမှိန်မှိန်က ပတ်ဝန်းကျင်လေထုကိုပင် ဖြတ်တောက်နိုင်စွမ်းရှိဟန်တူသည်။

သူ၏ရှေ့တွင်တော့ သူ၏ဇနီးသည်၊ ထျန်မိသားစု၏ အရှင်သခင်မ ယွဲ့လေအာ ရှိနေသည်။ ခင်ပွန်းဖြစ်သူ၏ ကြမ်းတမ်းသောပုံရိပ်နှင့် ဆန့်ကျင်စွာပင် သူမ၏ အလှတရားက လရောင်အောက်တွင် ပွင့်ဖတ်လွှာဖြန့်ကျက်ထားသော ညဥ့်ကြာပန်းတစ်ပွင့်လို နူးညံ့သိမ်မွေ့လှသည်။

သို့သော် သူမ၏ အေးဆေးတည်ငြိမ်သော မျက်ဝန်းများထဲတွင်တော့ မည်သူမျှ မခန့်မှန်းနိုင်သော နက်ရှိုင်းမှုတို့က ကိန်းအောင်းနေသည်။

သူမ၏ လက်ထဲတွင်တော့ သာမန်ဟုထင်ရသော ဓားရှည်တစ်ချောင်းကို ညင်သာစွာကိုင်ထား၏။ ထိုဓားသွားပေါ်တွင်တော့ ကြယ်ရောင်များက ရောင်ပြန်ဟပ်နေသည်။

သူတို့က တိတ်ဆိတ်နေကြပြီး မည်သည့်စကားကိုမှ မပြောကြချေ။

ရုတ်ချည်း ထျန်ကျန်းမင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး နောက်တစ်ခဏတွင်တော့ ယွဲ့လေအာ၏ ရှေ့တည့်တည့်သို့ ရောက်ရှိလာသည်။

သူ၏ ပုဆိန်နှစ်လက်က အပေါ်အောက် ညှပ်တိုက်သည့်အလား ဝှေ့ယမ်းတိုက်ခိုက်လာသည်။ ပုဆိန်ချက်များက လေထုကိုပင် ဖြိုခွဲလိုက်သည့်အလား ပြင်းထန်သောအသံကြီးများ ထွက်ပေါ်လာပြီး သူတို့ရပ်နေသော ကျောက်ဆောင်ကြီးတစ်ခုလုံး တုန်ခါသွားသည်။

ဤသည်မှာ မြို့ငယ်အဆင့် စစ်သည်တော်တစ်ဦး၏ တိုက်ခိုက်မှုပင်။ သာမန်မြို့ငယ်လေးတစ်မြို့ဆိုလျှင် ဤပုဆိန်ချက်များအောက်တွင် ရစရာမရှိအောင် တစ်စစီပျက်စီသွားလိမ့်ပေမည်။

သို့သော် ယွဲ့လေအာက ထိတ်လန့်သွားခြင်းမရှိပေ။

သူမ၏ ခန္ဓာကိုယ်လေးသည် လေပြေထဲတွင် လွင့်မျောနေသော အမွေးအတောင်လေးတစ်ခုနှယ် နောက်သို့ ညင်သာစွာဆုတ်ခွာလိုက်ပြီး သူမ၏ဓားက မြွေနက်တစ်ကောင်အလား လျင်မြန်စွာရွေ့လျားသွားသည်။

“ထန်းး ထန်းး”

ဓားနှင့် ပုဆိန်တို့ထိခတ်သံနှစ်ချက်က တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။ ယွဲ့လေအာသည် ထျန်ကျန်းမင်၏ အားအပြည့်နှင့်တိုက်ခိုက်လာသော ပုဆိန်နှစ်လက်ကို တစ်ချက်တည်းဖြင့် တိကျစွာ ဘေးသို့ပယ်ထုတ်ကာ ဘေးသို့လမ်းကြောင်းလွှဲပစ်လိုက်သည်။

ထျန်ကျန်းမင်၏ မျက်လုံးများက အရောင်လက်သွားသည်။

“ကောင်းတယ်”

သူက လမ်းလွဲသွားသော အားကိုချက်ချင်းပြန်ထိန်းကာ ခန္ဓာကိုယ်ကို ဆိုင်ကလုန်းတစ်ခုကဲ့သို့ လှည့်ပတ်လိုက်ပြီး ပုဆိန်နှစ်လက်ဖြင့် အဆက်မပြတ်ခုတ်ပိုင်းတိုက်ခိုက်တော့သည်။

သူ၏ လျင်မြန်လှသော ပုဆိန်ချက်များက ပတ်ပတ်လည်တွင် သံမဏိကာရံထားသကဲ့သို့ ဖြစ်သွားပြီး ယွဲ့လေအာအား ထွက်ပေါက်မရှိအောင် ပိတ်လှောင်ထားလိုက်သည်။

ယွဲ့လေအာ၏ မျက်နှာတွင်တော့ အေးဆေးတည်ငြိမ်မှုကသာ ရှိနေဆဲ။ သူမ၏ ခြေလှမ်းများက ရှုပ်ထွေးလှပသော အကွက်များဖြင့် ရွေ့လျားနေပြီး ထျန်ကျန်းမင်၏ အရိုင်းဆန်သော ပုဆိန်ကကွက်ကြားထဲတွင် သူမက လိပ်ပြာတစ်ကောင်လို လူးလွန့်ပျံသန်းနေသည်။

သူမ၏ဓားက တစ်ချက်တစ်ချက် ထျန်ကျန်းမင်၏ ပုဆိန်ချက်များကြားမှ အားနည်းသောနေရာကို ထိုးနှက်လိုက်တိုင်း မီးပွားများ ပွင့်ထွက်သွားသည်။

သူတို့နှစ်ဦး၏ တိုက်ပွဲကြောင့် ပတ်ဝန်းကျင်တစ်ခုလုံး ပျက်စီးနေသည်။ သူတို့၏ ခြေထောက်အောက်မှ ကျောက်ဆောင်ကြီးတွင် အက်ကွဲကြောင်းများက ပင့်ကူအိမ်လို ယှက်ဖြာနေပြီး၊ သူတို့၏ လက်နက်များမှ လွှင့်စင်ထွက်လာသော စွမ်းအင်လှိုင်းများက အနီးအနားရှိ ကျောက်တုံးများကို ကြေမွစေကာ ပင်လယ်ရေပြင်ကိုပင် နှစ်ခြမ်းခွဲမတတ် ဖြစ်နေသည်။

ရုတ်တရက် ထျန်ကျန်းမင်က နောက်သို့ခုန်ဆုတ်လိုက်ပြီး သူ၏ ညာလက်ထဲမှ ပုဆိန်ကို အားကုန်လွှဲပေါက်လိုက်သည်။

ပုဆိန်က လေထဲတွင် လည်ပတ်ရင်း အသံထက်မြန်သောနှုန်းဖြင့် ယွဲ့လေအာထံ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် ထျန်ကျန်းမင်ကိုယ်တိုင်ကလည်း ကျန်ပုဆိန်တစ်လက်ဖြင့် ဘေးတစ်ဖက်မှ တဟုန်ထိုးဝင်ရောက်တိုက်ခိုက်သည်။

ရှေ့နှင့်ဘေးမှ တစ်ပြိုင်နက်တည်းသော တိုက်ခိုက်မှု။

ယွဲ့လေအာ၏ မျက်ဝန်းများက စူးရှစွာတောက်ပသွားသည်။

သူမက နေရာမှာပင် ငြိမ်သက်စွာရပ်လိုက်ပြီး ဓားကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ်ကာထားလိုက်သည်။ သူမ၏ ခန္ဓာကိုယ်မှ စွမ်းအင်များက ဓားသွားပေါ်သို့ စီးဝင်သွားသည်။

“ကြယ်မိုးဓား”

သူမ၏အသံအဆုံးတွင် သူမ၏ဓားက အရိပ်ပေါင်းမြောက်မြားစွာအဖြစ်သို့ ပြောင်းလဲသွားပြီး ကြယ်များကြွေကျသကဲ့သို့ လှပသော်လည်း သေစေနိုင်လောက်သော ဓားချက်မိုးများက ထျန်ကျန်းမင်နှင့် သူပစ်လိုက်သော ပုဆိန်ကိုပါ တစ်ပြိုင်နက်တည်း ရင်ဆိုင်လိုက်သည်။

“ချွင် ချွင် ချွင် ချွင်”

စက္ကန့်ပိုင်းအတွင်း သံစဉ်တီးခတ်သံပေါင်းများစွာ ထွက်ပေါ်လာပြီး ထျန်ကျန်းမင်၏ ပုဆိန်က နောက်သို့လွင့်စဉ်သွားသလို သူ၏တိုးဝင်လာသော ခန္ဓာကိုယ်ကလည်း နောက်သို့ဆုတ်ခွာသွားရသည်။

ထျန်ကျန်းမင်က ကျေနပ်စွာရယ်မောလိုက်ပြီး သူ၏ပုဆိန်ကို ပြန်လည်ဖမ်းယူလိုက်သည်။

သူက ပုဆိန်နှစ်လက်ကို ကောင်းကင်သို့မြှောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများက နဂါးတစ်ကောင်လို ထိုးထွက်လာသည်။

သူ၏အထက်မှ တိမ်တိုက်များကွဲအက်သွားပြီး ပုဆိန်နှစ်လက်ပေါ်တွင် နဂါးခေါင်းပုံရိပ်နှစ်ခု ပေါ်ပေါက်လာသည်။

ထို့နောက် သူက ယွဲ့လေအာထံသို့ ဒေါင်လိုက်ထိုးဆင်းလာသည်။ ဤတိုက်ကွက်က ကျောက်ဆောင်ကိုသာမက ကျွန်းတစ်ခြမ်လုံးကိုပင် နှစ်ခြမ်းခွဲနိုင်စွမ်းရှိဟန်တူသည်။

ယွဲ့လေအာက မော့ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် လေးနက်သောအရိပ်အယောင်များ ထင်ဟပ်လာသည်။

သူမက ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူမ၏ စွမ်းအင်အားလုံးကို ဓားထိပ်ဖျားလေးတစ်ခုတည်းတွင် စုစည်းလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်ငြိမ်သက်သွားသလိုပင်။

“လမင်းဓားချက်”

သူမက ညင်သာစွာရေရွတ်လိုက်ပြီး ထိုအရာအားလုံးကို ဖျက်ဆီးပစ်နိုင်သည့် နဂါးနှစ်ကောင်၏ အားအရှိန်ကို သူမ၏ ဓားထိပ်ဖျားဖြင့် တည့်တည့်မတ်မတ် ထိုးနှက်လိုက်သည်။

အချိန်ခေတ္တမျှ ရပ်တန့်သွားသကဲ့သို့။

ထို့နောက်...

“ဘုန်းးးးးးး”

မျက်စိကျိန်းလောက်အောင်ဖြူလွှသော အလင်းတန်းကြီးတစ်ခုနှင့်အတူ နားကွဲမတတ် ပြင်းထန်သောပေါက်ကွဲသံကြီးက နတ်ဆိုးကျွန်းတစ်ခုလုံးတုန်ခါသွားစေသည်။

သူတို့ရပ်နေသော ကျောက်ဆောင်ထိပ်ကြီးသည် လုံးဝကြေမွပျက်စီးသွားပြီး ပင်လယ်ရေပြင်တွင် မီတာရာချီမြင့်သော လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသည်။

ဖုန်မှုန့်များနှင့် ရေငွေ့များ ပြန်လည်ကျဆင်းသွားသောအခါ...

ထျန်ကျန်းမင်နှင့် ယွဲ့လေအာတို့သည် မူလနေရာမှ မီတာအနည်းငယ်အကွာတွင် ရပ်နေကြသည်။ ထျန်ကျန်းမင်၏ ပုဆိန်ထိပ်တွင် သေးငယ်သောအက်ရာတစ်ခုထင်နေပြီး၊ ယွဲ့လေအာ၏ လက်ထဲမှ ဓားမှာတော့ အနည်းငယ်တုန်ခါနေသည်။

နှစ်ဦးစလုံး အသက်ကို ပုံမှန်ရှူသွင်းရှူထုတ်လုပ်နေကြပြီး တစ်ဦးကိုတစ်ဦး စိုက်ကြည့်နေကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထျန်ကျန်းမင်က စတင်၍ ကျယ်လောင်စွာရယ်မောလိုက်သည်။

“ဟားဟားဟား အံ့ဩဖို့ကောင်းလိုက်တာ လေအာ။ မင်းရဲ့ ‘လမင်းဓားချက်’ က ပိုပြီး တော့အားကောင်းလာတာပဲ။ ငါ့ပုဆိန်တောင် အက်သွားတယ်။”

ယွဲ့လေအာကလည်း ပြုံးလိုက်ကာ ဓားကိုသိမ်းလိုက်သည်။ “ရှင့်ရဲ့ ‘ပုဆိန်’ ကလည်း အရင်လို အားကောင်းနေတုန်းပဲ။ ဒီထက်ပိုပြင်းရင် ကျွန်းတစ်ခုလုံး နစ်သွားတော့မယ်။”

သူတို့၏ အကြည့်များတွင် ပြိုင်ဆိုင်လိုစိတ်များ ပျောက်ကွယ်သွားပြီး ချစ်ခင်နွေးထွေးသော အကြည့်များက အစားထိုးနေရာယူသွားသည်။

အခြားသော ထျန်ကလန်ဝင်များသာ ရေခဲတောင်လိုအေးစက်သည့် သူတို့ ၂ ယောက်၏ ချစ်ကြည်နူးတစ်တီနူးနေသည့် အခြေအနေအား မြင်လိုက်ရလျှင် အံဩလွန်းသောကြောင့် အိမ်မက်မက်နေသည်လားဟူ၍ပင် ထင်သွားကြလောက်ပေမည်။

“ကဲ... လေ့ကျင့်တာ ဒီလောက်ဆိုရပြီ။ ပြန်ကြစို့။” ယွဲ့လေအာက ဆိုလိုက်၏။ ထျန်ကျန်းမင်ကလည်း ခေါင်းညိတ်လိုက်သည်။

ရုတ်တရက် သူက ရပ်တန့်သွားလေပြီး အရှေ့အရပ် ရွမ်းဟွမ်မြို့ တည်ရှိရာသို့ကြည့်လိုက်သည်။ “ဟမ်...”

ယွဲ့လေအာကတော့ မည်သည်ကိုမှ အာရုံခံမိခြင်းမရှိလေပဲ သူမ၏ယောင်္ကျားဖြစ်သူကို ဇဝေဇဝါဖြင့်ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ ကိုကို” သူမ၏အသံက ချွဲပြစ်နေကာ ထျန်ကျန်းမင်၏နှလုံးသားအား အရည်ပျော်သွားစေသည်။

ထျန်းကျန်းမင်က “ဘာမှမဟုတ်ပါဘူး သွားမယ်လေ” ခေါင်းရမ်း၍ ပြန်ပြောလိုက်၏။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၈ + ၁၀၉ + ၁၁၀) ပြီး

All Chapters