အခန်း (၁၀၁+၁၀၂)
Vol. 11 Ch. 101+102
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း ( ၁၀၁ + ၁၀၂)
ရှောင်ကလန်၏ ပင်မခန်းမဆောင်ကြီးသည် စစ်မြေပြင်တစ်ခုကဲ့သို့ ပျက်စီးယိုယွင်းနေသည်။ ပြန့်လွင့်နေသော ဖုန်မှုန်များကြားတွင် ပြင်းထန်သော စွမ်းအင်များ၏ လက်ကျန်ရနံ့နှင့် သွေးညှီနံ့တို့က ရောထွေးနေသည်။
ကျိုးပဲ့နေသော ကျောက်တိုင်များ၊ အက်ကွဲနေသော ကြမ်းပြင်များနှင့် နေရာအနှံ့တွင် ပြန့်ကျဲနေသော လက်နက်အပိုင်းအစများက ယခုလေးတင် ဖြစ်ပွားခဲ့သော တိုက်ပွဲ၏ ပြင်းထန်မှုကို သက်သေခံနေသည်။
ထိုပျက်စီးမှုများ၏ အလယ်ဗဟိုသို့ လီနာ၊ အကြီးအကဲနှစ်ဦးနှင့် အရိပ်လုပ်ကြံသတ်ဖြတ်သူနှစ်ယောက်တို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက်၊ နက်ရှိုင်းပြီး ကျောချမ်းဖွယ်ကောင်းသော အောင်နိုင်သူတစ်ဦး၏ လှောင်ရယ်သံကြီးက သူတို့ကို ကြိုဆိုလိုက်သည်။
“ဟားဟားဟား... တကယ်ကို အံ့ဩစရာပဲ။ ငါ့ရဲ့အကြီးမားဆုံးအားနည်းချက်က ဝိညာဉ်တိုက်ခိုက်မှုလို့ မင်းတို့က တကယ်တမ်းယုံကြည်နေခဲ့တာလား။ ဘယ်လောက်တောင် တုံးအတဲ့ အတွေးအခေါ်လဲ။ တကယ်ကိုဟာသပဲ အားဟားဟားဟား”
ထျန်ရှင်းလု၏ အထင်သေးမှုနှင့် လှောင်ပြောင်မှုတို့ ရောယှက်နေသော ရယ်သံကြီးသည် အသက်ရှုသံများပင် ရောယှက်နေကာ၊ ခန်းမဆောင်တစ်ခုလုံးကို ထွင်းဖောက်လွှမ်းခြုံသွားပြီး ကြားရသူတိုင်း၏ နားစည်ကိုပင် တုန်ခါသွားစေသည်။
ခန်းမဆောင်၏ အလယ်တွင်၊ တစ်ချိန်က ရှောင်ကလန်၏ ဂုဏ်ယူဖွယ်ရာ ဘိုးဘေးသည် ဒူးထောက်လျက်သား ပြိုလဲနေသည်။
သူမ၏ ကိုယ်ကျပ်ဝတ်စုံလေးမှာ စုတ်ပြတ်နေပြီး၊ မျက်နှာသည် သွေးဆုတ်ဖြူရော်ကာ အားနည်းနေလျက်ရှိသည်။
သူမ၏ မာနသည်သည် ဆူနာမီလှိုင်းလုံးကြီးများဖြင့်ရိုက်ခတ်ခံလိုက်ရသကဲ့သို့ တစစီကြေမွသွားခဲ့ပြီး、အားကောင်းခဲ့သော မျက်ဝန်းများသည် ယခုအခါ အသက်မဲ့သည့်အရိပ်များသာ ထင်ဟပ်နေသည်။
တုန်ယင်နေသော အသံဖြင့် သူမက မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။
“ဘယ်... ဘယ်လိုလုပ်ပြီး... မင်းရဲ့အသက်အရွယ်နဲ့ ဒီလောက်တုန်လှုပ်ဖွယ်ကောင်းတဲ့ ဝိညာဉ်စွမ်းအင်မျိုးကို ပိုင်ဆိုင်ထားနိုင်ရတာလဲ။”
“ဒါ... ဒါက ဖြစ်နိုင်ခြေမရှိဘူးလေ။ မင်းက မွေးကတည်းက သေမလောက် ရက်စက်တဲ့ ငရဲခန်းသဖွယ် လေ့ကျင့်မှုတွေကို မခံယူခဲ့ရင် ဒီလိုဝိညာဉ်အင်အားမျိုးကို ပိုင်ဆိုင်နိုင်စရာ အကြောင်းလုံးဝမရှိဘူး... ဒါ... မဖြစ်နိုင်ဘူး...”
သူမ၏ အသံသည် တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားပြီး၊ နောက်ဆုံး လက်ကျန်မျှော်လင့်ချက်များ ကြေမွသွားသည့်အလား ခေါင်းငိုက်စိုက်ကျသွားတော့သည်။
ထျန်ရှင်းလုသည် သူမကို တစ်ချက်သာ အေးစက်စက် ကြည့်လိုက်ပြီးနောက် လုံးဝအာရုံမစိုက်တော့ပေ။ သူ၏အမြင်တွင် ရှုံးနိမ့်သွားသော ရန်သူသည် စကားပြောဆိုရန်ပင် မထိုက်တန်တော့ပေ။
သူ၏အကြည့်သည် အနားသို့ တလေးတစားချဉ်းကပ်လာသော လီနာထံသို့ ရောက်သွားချိန်တွင်မူ သူ၏တင်းမာနေသော မျက်နှာထားသည် ချက်ချင်းပျော့ပြောင်းသွားကာ ရှားရှားပါးပါး နူးညံ့သောအပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။
ထိုအပြုံးသည် ရေခဲတောင်ထိပ်တွင် ပွင့်ဖူးသော နှင်းကြာပန်းတစ်ပွင့်ကဲ့သို့ ရှားပါးပြီး အဖိုးတန်လှသည်။
သူက လီနာ၏ ပခုံးပေါ်မှ ဖုန်မှုန်အနည်းငယ်ကို ဖွဖွလေးခါပေးရင်း ချီးကျူးလိုက်သည်။
“ကောင်းတယ်၊ တကယ်ကို တော်တယ်။ နောက်ကျရင် မင်းတို့ ၃ ယောက်လုံးကို ဆုချမယ်။”
ထိုချီးကျူးစကားနှင့် နူးညံ့သော အထိအတွေ့ကြောင့် လီနာ၏ နှလုံးသားထဲတွင် နေခြည်နွေးနွေးလေးတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရသော်လည်း သူမ၏ မျက်နှာအမူအရာမှာ တစ်စက်ကလေးမှ မပြောင်းလဲပေ။
သူမသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ တည်ငြိမ်စွာဖြင့် ခေါင်းငုံ့ အရိုအသေပေးလိုက်သည်။
“သခင်စိတ်တိုင်းကျတဲ့အတွက်၊ ကျွန်တော်မျိုးမ ဝမ်းသာမိပါတယ်”
ထျန်ရှင်းလုက ခေါင်းတစ်ချက်ညိတ်လိုက်ပြီး သူ၏အသံသည် ယခင်က နူးညံ့မှုများ ပျောက်ကွယ်ကာ မူလအတိုင်း အေးစက်တင်းမာသွားသည်။
“ကောင်းပြီ။ တာဝန်ပြီးဆုံးသွားပြီဆိုတော့ နောက်ဆုံးအလုပ်တစ်ခုကို ရှင်းရအောင်။ တိုက်ပွဲမှာ ကျဆုံးသွားတဲ့ မင်းရဲ့ ညီအမတွေရဲ့ ရုပ်အလောင်းတွေကို သေသေချာချာ သယ်ဆောင်ခဲ့ပါ။ သူတို့ရဲ့စွန့်လွှတ်မှုက အလဟဿမဖြစ်ရဘူး။ သူတို့ကို ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးရမယ်။”
သူက ခေတ္တရပ်လိုက်ပြီး သူ၏ မျက်ဝန်းများမှာ ပိုမိုအေးစက်သွားသည်။ “...တစ်ကယ်လို့ အသက်ရှင်ကျန်ရစ်သူ ရှိနေသေးရင်တော့... သူတို့ရဲ့တာဝန်ကျေပွန်မှုကို အဆုံးသတ်ပေးလိုက်။ ငါတို့အဖွဲ့မှာ အသုံးမဝင်တဲ့လူ မလိုအပ်ဘူး။”
ထိုသွေးအေးပြီးရက်စက်သော အမိန့်စကားအဆုံးတွင် လီနာနှင့် အရိပ်သတ်ဖြတ်သမားနှစ်ဦးတို့သည် တစ်စက္ကန့်လေးမှ တုံ့ဆိုင်းခြင်းမရှိ။
သူတို့၏ မျက်နှာများတွင် မည်သည့် စိတ်ခံစားမှုမှ မရှိဘဲ စက်ရုပ်များကဲ့သို့ ညီညာစွာ အရိုအသေပေးလိုက်ပြီးနောက် အမိန့်ကို အကောင်အထည်ဖော်ရန် ချက်ချင်းလှည့်ထွက်သွားကြတော့သည်။
သို့သော် သူမတို့၏ စိတ်ကို မည်သို့ပင်ထိန်းချုပ်ထားပါစေ၊ သူတို့၏မျက်ဝန်းအစုံ၌ ခဏတာမျှ လျှပ်ပြက်သွားသော ဝမ်းနည်းခြင်းအရိပ်အယောင်ကိုတော့ မဖုံးကွယ်ထားနိုင်ကြချေ။
သူတို့သည် မိသားစုသဖွယ် ရင်းနှီးခဲ့သော ညီအမများဖြစ်ပြီး ယခုအခါ အချို့မှာ အသက်ရှင်လျက်ပင် သေမိန့်ကျခံရခြင်း ဖြစ်သည်။
တစ်ချိန်တည်းတွင် စုတ်ပြတ်နေသော အကြီးအကဲ ဖန်း နှင့် အကြီးအကဲချိုးတို့က တိုက်ပွဲအကြွင်းအကြန်များကိုကြည့်နေရင်း တစ်ကိုယ်လုံး တုန်လှုပ်နေကြသည်။
သူတို့သည် သေမျိုးကမ္ဘာတွင် သေမျိုးလက်နက်ကြီးများနှင့်ယှဥ်ပြိုင်တိုက်ခိုက်နိုင်ကြပြီး သေမျိုးများအတွက်တော့ စစ်ဘုရင်တစ်ပါးကဲ့သို့ သန်မာကြသည်။
သို့သော်လည်း ထျန်ရှင်းလု၏ အရှေ့တွင်တော့ သူတို့ဟာ စကားပင်ကျယ်ကျယ် မပြောရဲကြချေ။ အဘယ်ကြောင့်ဆိုသော် ထျန်ရှင်းလုအား ဤအတိုင်းကြောက်ရွံနေသောကြောင့် မဟုတ်လေပေ။
ဂိုဏ်းထဲတွင် ထျန်ရှင်းလု၏ နာမည်ပြောင်ဟာ ‘ရယ်မောနေသောနတ်ဆိုး’ ပင် ဖြစ်၏။ သူ၏ရယ်သံနောက်တွင် သွေးပင်လယ်နှင့် အရိုးတောင်ပုံများ အမြဲကပ်ပါလာတတ်သည်။
သူသာ စိတ်မထင်လျှင် ဘေးလူများကို ရိုက်နှက်ရုံသာမက တစ်ခါတည်း နှလုံးကိုပါဖောက်ကာ ဘေးနားမှ လူများကို အတင်းအကျပ် ကျွေးတတ်သည်ဟုပင် ဒဏ္ဍာရီဆန်ဆန် ပြောစမှတ်ပြုကြသည်။
ထို့ကြောင့် သူတို့နှစ်ယောက်က ထျန်ရှင်းလု၏ တိုက်ခိုက်နိုင်စွမ်းအား တွေ့သောအခါ တိတ်ဆိတ်သွားကြ၏။ ထိုသကောင့်သားအား စိတ်ခုအောင် လုပ်မိသွားပါက သူတို့အတွက် ပျော်ရွှင်စရာဇာတ်သိမ်းရှိတော့မည် မဟုတ်ချေ။
သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ငိုချင်စိတ်ပေါက်နေသည့် မျက်လုံးတို့ဖြင့် ကြည့်နေသည့် အချိန်မှာပင် ထျန်ရှင်းလုက သူတို့နှစ်ယောက်ထံသို့ လှည့်ကြည့်လာ၏။
“မင်းတို့နှစ်ယောက်...”
ချက်ချင်းပဲ အကြီးအကဲနှစ်ယောက်က ပုရွက်ဆိတ်အကိုက်ခံရသလို တစ်ကိုယ်လုံးတုန်ယင်သွားကြသည်။ သူတို့နှစ်ယောက်လုံးက ထျန်ရှင်းလုအား အလျင်အမြန်အရိုအသေ ပေးလိုက်ကြ၏။
“အမိန့်ရှိပါ သခင်လေးထျန်” သူတို့တွေ ဤနေရာတွင် သေ၍မဖြစ်သေးချေ။ သူတို့၏ကလန်များမှာ သူတို့အား မှီခို၍တည်ရှိနေခြင်းဖြစ်သည်။
အကယ်၍ သူတို့သာ ဤနေရာတွင် သေသွားပါက၊ ဂိုဏ်းထဲမှ အခြားပြိုင်ဘက်ကလန်များက သူတို့၏ပိုင်ဆိုင်မှုများအား အရသာရှိသော ကိတ်မုန့်ပိုင်းကြီးကဲ့သို့ အပိုင်းပိုင်းဝါးမြိုသွားလိမ့်မည်ဖြစ်သည်။
ထျန်ရှင်းလုက ယခုမှ ကြောက်ရွံ့ပြနေသည့် အကြီးအကဲနှစ်ယောက်အား အမြင်မကြည်သလို ကြည့်လိုက်၏။
“မင်းတို့မှာ ဂိုဏ်းရဲ့ ‘သေမျိုးတန်ခိုးရှင်ကြော့ကွင်း’ ရှိတယ်မလား။ သူ့ကိုသွားချည်ထားလိုက်။” ထျန်ရှင်းလုက တုန်လှုပ်နေဆဲဖြစ်သည့် ရှောင်ဘိုးဘေးအား မေးငေါ့ပြကာ ပြောလိုက်သည်။
“အ... အာ ဟုတ်ကဲ့” အကြီးအကဲဖန်းက သူ၏သိုလှောင်လက်စွပ်ထဲမှ ရှေးဟောင်းအက္ခရာများ ထွင်းထုထားသော သတ္တုကြိုးကွင်းတစ်ခုအား ထုတ်လိုက်သည်။
သေမျိုးတန်ခိုးရှင်ကြော့ကွင်းသည် အဆင့် ၇ ဆင့်ရှိပြီး၊ သေမျိုးတန်ခိုးရှင်အဆင့် ကျင့်ကြံသူများကို ဓားစာခံဖမ်းဆီးရာတွင် အသုံးပြုကြသည်။
ရှောင်ဘိုးဘေးသည် အဆင့် ၁ သေမျိုးတန်ခိုးရှင်ဖြစ်ပြီး အကြီးအကဲဖန်း၏ သေမျိုးတန်ခိုးရှင်ကြော့ကွင်းသည်လည်း အဆင့် ၁ ဖြစ်ကာ အဆင့်ချင်းကိုက်ညီလေသည်။
သေမျိုးတန်ခိုးရှင်ကြော့ကွင်းသည် ရွှေရောင်အလင်းတန်းတစ်ခုသဖွယ် ရှောင်ဘိုးဘေးထံသို့ ပျံသန်းသွားပြီး သူမ၏ ခန္ဓာကိုယ်ကို စတင်ပတ်ရစ်လာတော့သည်။
“အဟင့်... ဟင့်... အား”
သေမျိုးတန်ခိုးရှင်ကြော့ကွင်းသည် ရှောင်ဘိုးဘေး၏ ခန္ဓာကိုယ်ကို ပတ်ရစ်လိုက်သည်နှင့်တစ်ပြိုင်နက်၊ သူမ၏ တန်ခိုးစွမ်းအားများအားလုံးသည် အကြောလိုက် ဆွဲနှုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
နဂိုကတည်းက ဝိညာဉ်တိုက်ခိုက်မှုကြောင့် အားနည်းနေခဲ့သည့် သူမသည် ထိုတန်ခိုးရှင်ကြော့ကွင်း၏ ဖိနှိပ်မှုကို လုံးဝခုခံနိုင်စွမ်းမရှိတော့ပေ။
သူမက နာတာရှည်ရောဂါသည် တစ်ယောက်၏ အခြေအနေကဲ့သို့ဖြစ်သွားကာ အလွန်အမင်းအားနည်းသွားချေသည်။
သူမက အစပိုင်းတွင် ငေးမောနေ၏။ သို့သော် ခဏအကြာတွင် သူမ၏ကံကြမ္မာအား လက်မခံနိုင်ဘဲ စတင်၍ ရယ်မောလိုက်သည်။
“ဟီးဟီးဟီး... ဟားဟား”
“ဟုတ်ပါပြီ၊ နင်က အရမ်းကိုပြီးပြည့်စုံတယ်၊ ဟုတ်ပြီလား”
“ဒါပေမဲ့... ဒါပေမဲ့ နင့်ရဲ့အားနည်းချက်ကို ငါသိသွားပြီ”
သူမ၏ အပြုံးက အားနည်းနေသော်လည်း အလွန်ပျော်ရွှင်ပုံရသည်။
“နင့်ရဲ့အားနည်းချက်က....”
အတိတ်သို့ ပြန်သွားရလျှင်၊ မိုင်ပေါင်းထောင်ချီဝေးကွာသော နေရာတစ်ခု၊ ဧကရာဇ်နန်းတော်၏ လသာဆောင်တစ်ခု၏ ထိပ်တွင်၊ လူနှစ်ယောက်သည် ကြယ်စုံသောကောင်းကင်ကို မော့ကြည့်နေကြသည်။
တစ်ယောက်မှာ အိမ်ရှေ့စံမင်းသားဖြစ်ပြီး သူ၏ရင်ဘတ်တွင် အမာရွတ်တစ်ခုက ထင်းနေသည်။
“ကျွန်တော်ဒီအမာရွတ်ကို မဖျက်ပြစ်ပဲနဲ့ ဒီအတိုင်းပဲထားခဲ့တယ်။”
“ဒီအမာရွတ်ကိုမြင်လိုက်တိုင်းမှာ သူ့ကိုပြန်အမှတ်ရပြီးတော့ သူ့ကိုပြန်အနိုင်ယူရမယ့်နေ့ကို စောင့်မျှော်နေတာပေါ့။” အိမ်ရှေ့စံမင်းသားက ထက်ရှသော မျက်လုံးတို့ဖြင့် ကောင်းကင်ယံအားစိုက်ကြည့်ကာ မာန်ပါပါဖြင့် ဩဇာအာဏာအပြည့်ဖြင့် ပြောလိုက်သည်။
သူ၏အရှိန်အဝါသည် အားကောင်းလှပြီး အနီးအနားရှိ အစောင့်များပင် အရှင်မင်းမြတ်ကိုယ်တိုင်ရောက်လာသကဲ့သို့ ဒူးထောက်ချင်စိတ် ပေါက်သွားကြသည်။
သူ၏ချောမောခန့်ညားသော မျက်နှာသည်လည်း တည်တံ့နေပြီး အပြုံးအရိပ်အယောင် မရှိချေ။
သူက ဦးရီးတော်အန်အား ကြည့်လိုက်သည်။ “ဦးရီးတော်ရဲ့ မေးခွန်းရဲ့အဖြေကတော့ ရိုးရှင်းပါတယ်။”
အိမ်ရှေ့စံမင်းသားက သူ၏ရင်ဘတ်ရှိအမာရွတ်အား ပွတ်သပ်လိုက်ရင်း ပြောလိုက်၏။ “သူ့မှာ ထူးခြားတဲ့ ရှေးဟောင်းခန္ဓာကိုယ်တစ်ခုရှိတယ်။”
ဦးရီးတော်အန်က မျက်ခုံးပင့်ကာ သူ၏မုတ်ဆိတ်ဖြူတို့အား ဖြည်းညင်းစွာသပ်လိုက်၏။ “အင်း... ကြောက်မက်ဖွယ်ကောင်းတဲ့ တိုက်ခိုက်နိုင်စွမ်းကိုပိုင်ဆိုင်ထားတဲ့ အထူးခန္ဓာကိုယ်လား။”
“ဒါဆိုရင် အိမ်ရှေ့စံမင်းသားက ခက်ခဲတဲ့ပြိုင်ဘက်နဲ့ယှဉ်ဆိုင်နေရတာပဲ။” ဦးရီးတော်က ဖြေးညှင်းစွာဆိုလိုက်သည်။
သို့သော် အိမ်ရှေ့စံမင်းသား၏ မျက်နှာထက်ရှိ အပြုံးက ပိုမိုပြီး တောက်ပလာ၏။
“ဒါပေမဲ့ သူ့မှာ ကြီးမားတဲ့ အားနည်းချက်တစ်ခုရှိတယ်။”
ဦးရီးတော်အန်က စိတ်ဝင်စားသွားကာ ပြန်ထောက်လိုက်သည်။ “အားနည်းချက်”
အိမ်ရှေ့စံက ခေါင်းညိတ်လိုက်ပြီး သူ၏ခါးမှ ရွှေနဂါးခေါင်းပုံဖော်ထားသော ဓားအား ဓားအိမ်မှ ဖြေးညှင်းစွာဆွဲထုတ်လိုက်၏။ “ဦးရီးတော်အန်လည်း ကျင့်စဉ်တွေရဲ့အရေးပါပုံကို သိမှာပါ။”
ဦးရီးတော်အန်က ခေါင်းညိတ်၏။ “ဒါပေါ့။ သင့်တင့်တဲ့ ကျင့်စဉ်တစ်ခုကိုကျွမ်းကျင်ပိုင်နိုင်သွားရင် အဆင့်ကျော်ပြီးတော့တောင် တိုက်ခိုက်လို့ရတယ်။ အထူးသဖြင့် ဓားသိုင်းလိုမျိုးပေါ့။”
အိမ်ရှေ့စံမင်းသားက ပြုံးလိုက်ကာ သူ၏မျက်ဝန်းတို့ထဲတွင် ရွှေရောင်အလင်းတစ်ချက်တောက်ပသွားလေ၏။
တစ်ပြိုင်နက်တည်းတွင် ပတ်ဝန်းကျင်လေထုက ရုတ်တရက် လေးလံသွားပြီး၊ အိမ်ရှေ့စံမင်းသား၏ခြေထောက်မှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးကို ခွေပတ်ထားသည့် ရွှေစပါးအုံးမြွေကြီးတစ်ကောင်၏ ပုံရိပ်ယောင်ကြီး ထုတ်ပေါ်လာသည်။
ရွှေစပါးအုံးမြွေကြီးက မျက်လုံးကိုမှိတ်ထားရာကနေ ဖွင့်လိုက်သောအခါ၊ မြွေတစ်ကောင်၏ ရွှေရောင်မျက်လုံးဖြင့် ပတ်ဝန်းကျင်ကို ဘုရင်တစ်ပါး၏ ဖိအားပေးမှုမျိုးဖြင့် အားကောင်းစွာဖိနှိပ်လိုက်သည်။
ဦးရီးတော်အန် နှင့် အခြားအစောင့်များကလည်း အံ့ဩသွားကြသည်။
“ရွှေနဂါးခန္ဓာကိုယ်ကျင့်စဉ်” ဦးရီးတော်အန်က ရေရွတ်လိုက်၏။
အိမ်ရှေ့စံမင်းသားက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏စွမ်းအင်များအား စုဆောင်း၍ ကောင်းကင်အထက်သို့ ဓားချက်တစ်ချက်လွှတ်လိုက်သည်။
“ရွှေနဂါးဓားသိုင်း”
‘ဝှစ်”
ရွှေရောင်ဓားအလင်းတန်းကြီးတစ်ခုသည် နဂါးဟိန်းသံကဲ့သို့ အသံပေးကာ ကောင်းကင်ယံသို့ ထိုးတက်သွားပြီး လမင်းကြီးကိုပင် ခေတ္တမျှ မှေးမှိန်သွားစေသည်။
ချက်ချင်းပဲ အဆင့် ၃ သေမျိုးတန်ခိုးရှင်ဖြစ်သည့် ဦးရီးတော်အန်ပင်လျှင် သူအစွမ်းကုန်ထုတ်သုံးလျှင်တောင် ထိုဓားချက်အား မကာကွယ်နိုင်လောက်ဘူး ဟူသော ခံစားချက်အားရရှိလိုက်သည်။
အိမ်ရှေ့စံမင်းသားက ဓားကိုပြန်သိမ်းရင်း ပြုံးလျက်ပြောလိုက်သည်။ “သူ့ရဲ့အားနည်းချက်က....”
“...နင့်ရဲ့အားနည်းချက်က နင့်ရဲ့ပါရမီပဲဖြစ်ရမယ်။ ဟားဟားဟား”
ရှောင်ဘိုးဘေးက အလွန်သဘောကျနေသည့် မျက်နှာဖြင့်ပြောလိုက်သည်။
“နင့်ရဲ့ပါရမီအရဆိုရင် နင် ဒီအချိန်လောက်ဆိုရင် အနည်းဆုံး အဆင့် ၄ ဝိညာဉ်သခင်ကိုရောက်သင့်နေပြီ။ ဒါပေမဲ့ အခုမှ သိုင်းထိပ်သီးအဆင့်တောင် မရောက်သေးသလို၊ တိုက်ခိုက်တဲ့အချိန်မှာလဲ နင့်ရဲ့ ထူးဆန်းတဲ့သံမဏိခန္ဓာကိုယ်ကျင့်စဉ်ကလွဲရင် တခြားဘာမှ မသုံးသွားဘူး။”
“မဟုတ်ဘူး၊ မဟုတ်ဘူး။ မသုံးတာ မဟုတ်ပဲ။ မသုံးတတ်တာ ဖြစ်ရမယ်နော်။” ရှောင်ဘိုးဘေးက ထျန်ရှင်းလုအား ဆက်တိုက်လှောင်ပြောင်နေသည်။
“နင်က အရမ်းကိုအားကောင်းတဲ့ ခန္ဓာကိုယ်နဲ့ ကောင်းချီးပေးထားခံရပေမဲ့၊ ကျင့်ကြံခြင်းလမ်းစဉ်မှာတော့ နင့်ရဲ့ပါရမီက သာမန်ပဲဖြစ်ရမယ်။ ဒါကြောင့် နင် ဝိညာဉ်သခင်အဆင့်ကိုတောင် ကျော်ဖြတ်နိုင်ပါ့မလားတောင် မသိဘူးနော်။”
“ဟားဟားဟား”
ရှောင်ဘိုးဘေး၏ ရယ်သံများက ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။
‘ခရက်`
လေထုတစ်ခုလုံး ရေခဲမှတ်သို့ ရောက်သွားသကဲ့သို့ အေးခဲသွားပြီး၊ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားကာ ထျန်ရှင်းလုက ရှောင်ဘိုးဘေးအား ခေါင်းကလေးစောင်းကာ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်နေသည်။
သူ၏ မျက်ဝန်းများထဲတွင် အဆုံးမရှိသော အမှောင်ထုကြီးက လွှမ်းခြုံနေသည်။
တစ်ချိန်တည်းတွင် အကြီးအကဲနှစ်ယောက်ကလည်း ကျောချမ်းသွားကြသည်။ အကယ်၍ ထိုသကောင့်သားသာ အမှန်တကယ် စိတ်ရူးပေါက်သွားလျှင်၊ သူတို့နှစ်ယောက်၏ အသက်ပါ စိတ်ချရတော့မည် မဟုတ်ချေ။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း ( ၁၀၁ + ၁၀၂) ပြီး