← Chapters

အခန်း (၁၀၅+၁၀၆+၁၀၇)

Vol. 11 Ch. 105+106+107

အခန်း (၁၀၅+၁၀၆+၁၀၇)

Vol. 11 Ch. 105+106+107

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၅ + ၁၀၆ + ၁၀၇)

“ဂျိန်းးးးး”

ရွှေရောင်မိုးကြိုးသည် ထျန်ရှင်းလု၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့်မတ်မတ် ကျရောက်သွားသည်။

သို့သော် လူတိုင်းထင်ထားသကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်မလာခဲ့ပေ။ ထျန်ရှင်းလု၏ ခန္ဓာကိုယ်သည် တစ်စစီလွင့်စဉ်သွားခြင်းလည်း မရှိခဲ့။

ထိုအစား၊ ရွှေရောင်အလင်းတန်းတစ်ခုသည် သူ့ကိုဗဟိုပြု၍ ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထျန်ရှင်းလုသည် ရွှေရောင်အလင်းတန်းများဖြင့် ရစ်သိုင်းထားသော နတ်ဘုရားတစ်ပါးကဲ့သို့ ငြိမ်သက်စွာ အထိအခိုက်မရှိ ရပ်တန့်နေသည်။

သူ၏ဆံပင်များသည် လေထဲတွင် တလွင့်လွင့်ဖြစ်နေပြီး၊ သူ၏မျက်လုံးများသည် မှိတ်ထားသော်လည်း သူ၏မျက်နှာပေါ်တွင် နာကျင်မှုအရိပ်အယောင် တစ်စိုးတစ်စိမျှ မရှိချေ။

သူ၏အတွင်းစိတ်ကမ္ဘာထဲတွင်မူ၊ ကမ္ဘာဦးအစကဲ့သို့သော ပြောင်းလဲမှုကြီးတစ်ခု ဖြစ်ပေါ်နေသည်။

ရွှေရောင်မိုးကြိုးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက်၊ သိမ်မွေ့နူးညံ့သော မြစ်ရေစီးကြောင်းများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုစွမ်းအင်များသည် သူ၏သွေးကြောများထဲသို့ စီးဝင်သွားပြီး၊ ယခင်က ပိတ်ဆို့နေသော၊ အားနည်းနေသော နေရာမှန်သမျှကို ဆေးကြောသန့်စင်ပေးနေသည်။

သူ၏အရိုးများသည် စိမ့်ဝင်လာသော ရွှေရောင်အလင်းများကြောင့် ကျောက်စိမ်းကဲ့သို့ ကြည်လင်တောက်ပလာသည်။ သူ၏သွေးသားများသည် မသန့်စင်မှုများ ကင်းစင်သွားပြီး ရွှေရောင်အမှုန်အမွှားလေးများဖြင့် လင်းလက်နေသည်။

အံ့ဩစရာအကောင်းဆုံးမှာ သူ၏ ‘ဝိညာဉ်ပင်လယ်’ ဖြစ်သည်။

ယခင်က မွဲခြောက်ခြောက်နှင့် အသက်မဲ့နေသော သူ၏ဝိညာဉ်ပင်လယ်ထဲသို့ ရွှေရောင်မိုးကြိုးအနှစ်သာရများက မိုးရေများသဖွယ် ရွာသွန်းချလိုက်သည်။

ခြောက်သွေ့နေသော မြေပြင်သည် ပြန်လည်အသက်ဝင်လာပြီး၊ ဝိညာဉ်စွမ်းအင်များသည် မကြုံစဖူး တိုးပွားလာတော့သည်။

သူ၏ခန္ဓာကိုယ်၊ သူ၏ပါရမီညံ့ဖျင်းသည်ဟု အားလုံးက သတ်မှတ်ခဲ့သော ခန္ဓာကိုယ်သည် ယခုအခါ ‘မိုးပြာနဂါးကုန်းမြေတိုက်ကြီး’ ၏ ကောင်းချီးမင်္ဂလာကို တိုက်ရိုက်လက်ခံရယူနေသည်။

ထိုကောင်းချီးသည် သာမန်ပါရမီရှင်တစ်ယောက်ရရှိသည့် အခွင့်အရေးမျိုးမဟုတ်၊ ၎င်းသည် မျိုးဆက်တစ်ဆက်တွင် တစ်ယောက်သာ ပေါ်ထွက်တတ်သော၊ ကမ္ဘာလောက၏ သားတော်အဖြစ် အသိအမှတ်ပြုခံရခြင်းပင် ဖြစ်သည်။

သူ၏မလျှော့သော ဇွဲလုံ့လ၊ ကံကြမ္မာကို အရှုံးမပေးလိုသော သူ၏စိတ်ဓာတ်၊ နတ်ဘုရားများကိုပင် ဂုတ်ချိုးမည်ဟု ကြွေးကြော်လိုက်သော သူ၏မာန်မာနတို့သည် လောကနိယာမတရားကြီး၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ခြင်းဖြစ်သည်။

“အားးးးးး”

ထျန်ရှင်းလုသည် သူ၏ခေါင်းကို မော့ကာ ကျယ်လောင်စွာ ဟစ်ကြွေးလိုက်သည်။ ထိုအသံသည် နဂါးတစ်ကောင်၏ ဟိန်းသံကဲ့သို့ အားမာန်ပါပြီး၊ သူ၏ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများက ကောင်းကင်သို့ ထိုးတက်သွားသည်။

ရွှေရောင်တိမ်တိုက်များသည် တဖြည်းဖြည်း ကြည်လင်သွားပြီး၊ လေပြင်းများ ငြိမ်သက်သွားသည်။

ပျက်စီးနေသော ခန်းမဆောင်ထဲတွင်၊ ထျန်ရှင်းလုသည် မူလနေရာ၌ပင် ပြန်လည်ရပ်နေသည်။

သူ၏အသွင်အပြင်သည် များစွာမပြောင်းလဲသွားသော်လည်း၊ သူ၏အရှိန်အဝါသည် လုံးဝကွဲပြားသွားပြီဖြစ်သည်။

သူ၏မျက်ဝန်းများသည် ယခင်ကဲ့သို့ အေးစက်နေဆဲဖြစ်သော်လည်း၊ ထိုအမှောင်ထု၏ နက်ရှိုင်းသောနေရာတွင် ရွှေရောင်ကြယ်တစ်စင်း လက်နေသကဲ့သို့ပင်။

သူ၏ခန္ဓာကိုယ်တိုင်းမှ ထွက်ပေါ်နေသော ဖိအားသည် အနီးအနားရှိ သူများကိုပင် အသက်ရှူရကြပ်စေသည်။

သူသည် သူ၏လက်ကို ဖြည်းညင်းစွာ ဆန့်တန်းလိုက်ပြီး လက်သီးကို ဆုပ်လိုက်သည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အဆုံးအစမရှိသည့် စွမ်းအားများကို ခံစားလိုက်ရသည်။

ရွှေရောင်စွမ်းအင်များက ထျန်ရှင်းလု၏တစ်ကိုယ်လုံးအား သန့်စင်ပေးနေကာ အတွင်းမျိုးရိုးဗီဇနေရာသို့ရောက်သောအခါ ပြုပြင်ရန်ကြိုးစားလိုက်၏။

ရွှေရောင်စွမ်းအင်များ၏ ရည်ရွယ်ချက်မှာ ထျန်ရှင်းလု၏ မျိုးရိုးဗီဇများမှ အထူးနေရာအား ပြုပြင်ရန်ကြိုးစားနေခြင်းဖြစ်သည်။

ပြုပြင်လိုက်ခြင်းသာ အောင်မြင်သွားလျှင် ထျန်ရှင်းလုဟာ အထူးခန္ဓာကိုယ်တစ်ခုအားရရှိမည်ဖြစ်ပြီး အီဗိုကျင့်ကြံခြင်းစနစ် သို့မဟုတ် ဝိညာဉ်ကျင့်ကြံခြင်းစနစ်ဟူ၍လည်း ခေါ်ဝေါ်သော လမ်းစဥ်တွင် အလွန်အားကောင်းသော ပါရမီအားရရှိလာလိမ့်မည်ဖြစ်သည်။

သူသာ အီဗိုကျင့်ကြံခြင်းစနစ်နှင့်ပတ်သတ်သော အထူးခန္ဓာကိုယ်အားရရှိခဲ့လျှင် တန်ခိုးရှင်အဆင့် ၇ သို့ရောက်သည်အထိ မည်သည့် ပိတ်ဆို့မှုကိုမှ တွေ့ကြုံရလိမ့်မည် မဟုတ်ချေ။

ထိုသည်မှာ ကုန်းမြေတိုက်ကြီး၏ ကောင်းချီးပင်ဖြစ်လေ၏။ သို့သော် ရွှေရောင်စွမ်းအင်များက ထျန်ရှင်းလု၏ မျိုးရိုးဗီဇနေရာသို့ ရောက်လာသော အခါ ရပ်တန့်သွားကြသည်။

ပြီးနောက်တွင် အံဩစရာကောင်းစွာပင် ထိုရွှေရောင်စွမ်းအင်များက ရန်သူအားတွေ့လိုက်ရသကဲ့သို့ အသိဉာဏ်ရှိသလိုပင် ထွက်ပြေးရန်ကြိုးစားလိုက်ကြသည်။

သို့သော် ထျန်ရှင်းလု၏ အနက်ရောင်မျိုးရိုးဗီဇများဟာ သံလိုက်ကဲ့သို့ပြုမူပြီး ထိုရွှေရောင်စွမ်းအင်များအား ဆွဲယူကာ စုပ်ယူပြစ်လိုက်လေသည်။

အက်တမ်သည် မျိုးရိုးဗီဇတစ်ခုထက် အဆပေါင်း တစ်သန်း ကျော်မျှ ပို၍သေးငယ်ပါသည်။ သို့သော် မျိုးရိုးဗီဇသည်လည်း အလွန်သေးငယ်လှ၏။

​ပါးလွှာသော ဆံချည်မျှင်နှင့် နှိုင်းယှဥ်လိုပါလျှင် မျိုးရိုးဗီဇတစ်ခုသည် ဆံချည်မျှင်ထက် အဆပေါင်း နှစ်သောင်းခွဲ ကျော် ပိုမိုသေးငယ်သည်ချေ။

ထိုသည်များဟာ အလွန်သေးငယ်သော အခြေအနေတွင်ဖြစ်ပျက်နေသည်များဖြစ်သောကြောင့် ထျန်ရှင်းလု သတိမထားမိချေ။

ထျန်ရှင်းလုသတိထားမိသည်မှာ သူ၏ခန္ဓာကိုယ်သည် ပိုမို၍အားကောင်းလာနေပြီး အကြောများပွင့်ကုန်ကာ လန်းဆန်းလာနေခြင်းပင်ဖြစ်သည်။

“အားး ဟားဟားဟား” ထျန်ရှင်းလုက အလွန်စိတ်ကျေနပ်စွာ ရယ်မောနေလေသည်။

ရှောင်ဘိုးဘေး၏ လှောင်ရယ်သံများသည် သူမ၏လည်ချောင်းထဲတွင် တစ်ဆို့သွားပြီး၊ သူမ၏မျက်လုံးအစုံသည် မယုံနိုင်ခြင်းနှင့် ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ဖြင့် ပြူးကျယ်ထွက်လာသည်။

ရွမ်းဟွမ်မြို့တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး၊ အသက်ရှူသံတစ်ချက်ပင် မကြားရတော့ပေ။

ထျန်ရှင်းလုအား ပြစ်ခတ်လိုက်သည့် ထိုရွှေရောင်မိုးကြိုးသည် ဖျက်ဆီးခြင်း၏ သင်္ကေတမဟုတ်ပေ။

ထိုမိုးကြိုးသည် ပြစ်ဒဏ်ခတ်ခြင်း၏ အရိပ်အယောင်မရှိပေ။

ထိုအရာသည် နွေးထွေးသည်၊ ခမ်းနားထည်ဝါသည်၊ အသက်စွမ်းအင်နှင့် ပြည့်နှက်နေပြီး လောကသဘာဝတရားကြီး၏ အမြင့်မြတ်ဆုံးသော အသိအမှတ်ပြုမှုကို သယ်ဆောင်လာသည်။

တစ်ချိန်တည်းတွင် ထျန်ရှင်းလု၏ ခန္ဓာကိုယ်မှ အလွန်မြင့်မြတ်သော အရှိန်အဝါများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ဖိအားပေးလိုက်သည်။

အကြီးအကဲဖန်း နှင့် အကြီးအကဲချိုးတို့ ၂ ယောက်လုံးသည်လည်း ထိုမြင့်မြတ်ထည်ဝါသော အရှိန်အဝါအား ခုခံနိုင်ခြင်းမရှိလေပဲ အလိုအလျောက်ဒူးထောက်ကျသွားလေ၏။

အနားတွင်ရှိနေသည့် ညီမ ၅ ကလည်းဒူးထောက်ကျသွားကာ ညီအမများကို အဆုံးသတ်၍ပြန်လာနေသော လီနာ နှင့် အရိပ်လုပ်ကြံသူ ၂ ယောက်ကလည်း ရိုသေလေးစားစွာဖြင့် ဒူးထောက်လိုက်ကြသည်။

“ဟားဟားဟား”

“ငါခံစားနေရတယ်။ ငါပိုပြီးတော့ သန်မာလာနေတယ်။ ငါ့ရဲ့ပါရမီတွေပိုပြီးတော့ ကောင်းလာတယ်ဆိုတာကို ငါခံစားနေမိတယ်”

“ဟားဟားဟား” ထျန်ရှင်းလုက ရစ်မူးစွာဖြင့် ကျယ်လောင်စွာအော်ဟစ်၍ ရယ်မောနေလေသည်။

မည်သည်တို့ဖြစ်ပျက်နေမှန်းမသိသော်လည်း ရှောင်ဘိုးလေးကတော့ ထျန်ရှင်းလု ကောင်းမွန်သည့်အရာတစ်ခုအား ရရှိသွားသည်ကို ခံစားလိုက်မိသည်။

သူမက သူမ၏ပါးစပ်ပေါက်ကိုပင် ဆွဲဖြဲချင်စိတ်ပေါက်သွားမိသည်။ အကယ်၍ သူမသာ ထျန်ရှင်းလုအား သွား၍မနှိမ်မိလျင် ထိုအကောင်လည်း ဤသို့ကောင်းချီးအား မရလောက်ဟု တွေးလိုက်မိ၏။

ထျန်ရှင်းလု၏ မြင့်မြတ်သည့် အရှိန်အဝါများကြောင့် ရှောင်မာန်ကလည်း နိုးထလာပြီး နာကျင်စွာဖြင့် ညီးတွားလိုက်မိသည်။

သို့သော် သူမက ထျန်ရှင်းလု၏ အခြေအနေအားတွေ့လိုက်ရသောအခါ မျက်လုံးပြူးသွား၏။ သူမက အံဩသွားသောကြောင့် နာကျင်မှုကိုပင် မေ့လျော့သွားလေသည်။

“ကုန်းမြေတိုက်ကြီးရဲ့ အမွေခံကောင်းချီးပဲ...” သူမက ရေရွတ်လိုက်မိသည်။ ချက်ချင်းပဲ တစ်စုံတစ်ခုအား သိရှိနေပုံရသည့် ရှောင်မာန်ကို အားလုံးက လှည့်ကြည့်လိုက်သည်။

သူမကလည်း အားနည်းစွာဖြင့် နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်လိုက်ပြီး ရှင်းပြလိုက်သည်။

“အဟွတ် အဟွတ်...”

“ကုန်းမြေတိုက်ကြီးရဲ့ အမွေခံကောင်းချီးဆိုတာက ရှင်းပြရခက်တယ်”

“နင်တို့တွေ တာအိုကိုအနည်းအကျဥ်းနားလည်လာရင် ကုန်းမြေတိုက်တွေမာ သူတို့ရဲ့ကိုယ်ပိုင်အသိဉာဏ်ရှိတယ်ဆိုတာကို နားလည်လာလိမ့်မယ်။”

“သူတို့တွေက သူတို့ရဲ့ကုန်းမြေတိုက်ကြီး အန္တရာယ်ကျရောက်တော့မယ်ဆိုတာကို အာရုံခံမိရင် ထိပ်ဆုံးက ပါရမီရှင်တွေကို ကောင်းကင်ကောင်းချီးပေးလိမ့်မယ်”

သူမက အလွန် မောပန်းနေသောကြောင့် စကားပြောလိုက်တိုင်းတွင် လေး​လံသော အသက်ရှုသံကြီးက ပါနေ၏။

“ဒါပေမဲ့ ကောင်းချီးအမျိုးအစားက ၂ ခုရှိတယ်။ ပါရမီရှင်တွေကို ကောင်းကင်ကောင်းချီး ချီးမြင့်ပြီးတော့ ပါရမီမရှိပေမဲ့ စိတ်ဓာတ်ခိုင်မာတဲ့သူတွေက အမွေခံကောင်းချီး ချီးမြင့်တယ်”

“လောကရဲ့အထွတ်အထိပ်ကိုတတ်ရောက်ဖို့ အရေးအကြီးဆုံးက ပါရမီ”

“အမွေခံကောင်းချီးက ချီးမြင့်ခံရတဲ့သူရဲ့ သွေးကြောတွေကိုဖွင့်ပေးပြီးတော့ ထူးခြားခန္ဓာကိုယ်တစ်ခုချီးမြင့်လိမ့်မယ်”

“အဲဒါဆိုရင် ကောင်းချီးခံရသူက လိုအပ်နေတဲ့ပါရမီကိုရရှိပြီးတော့ ကုန်းမြေကြီးကို ​ပြင်ပရန်သူတွေရဲ့ လက်ထဲကနေကာကွယ်ပေးကြတာပေါ့”

​ပြောပြီးနောက်တွင် ဒါဏ်ရာများကပြန်ထလာသောကြောင့် သွေးတစ်လုတ်အန်လိုက်ရလေသည်။ သူမ၏ အတွင်းအင်္ဂါ အခြေအနေများကိုကြည့်ကာ စိတ်ညစ်သွား၏။

အဆင့်မြင့် ဆေးတစ်ခုခုသာမရရှိပါက သူမရက်အနည်းငယ်အတွင်း သေသွားလောက်ပေမည်။ ရှောင်ဘိုးဘေး နှင့် အကြီးအကဲ ၂ ​ယောက်က သူမအားသံသယမျက်လုံးများဖြင့် ကြည့်လိုက်ကြ၏။

ဤမျှအသက်ငယ်ရွယ်နေသည့် ကောင်လေးက သူတို့ပင်မသိသော အရာများအား အဘယ်ကြောင့်သိရှိနေသနည်း။ သူမသာ ထိုသူများ၏အတွေးအားကြားလျှင် ဤသို့ပြန်ပြောမိလိမ့်ပေမည်။

‘ငါအရင်ဘဝတုန်းက ကောင်းကင်ကောင်းချီးရခဲ့ဖူးတယ်’ ဟူ၍ပင်။ သို့သော်​ ရှောင်ဘိုးဘေးက စိတ်ပျက်လက်ပျက်ဖြင့် စကားမပြောချင်တော့ပဲ ငိုင်တိုင်တိုင်​ကြိးသာ ဒူးထောက်လျက်ရှိနေသည်။

အကြီးအကဲ ၂ ယောက်ကလည်း ထျန်ရှင်းလု ဒေါသထွက်နေမည်ဆိုးသောကြောင့် မမေးရဲကြချေ။ ထျန်ရှင်းလုတစ်ယောက်ကတော့ အားရပါးရ ရယ်မောလိုက်သည်။

“ဟားဟား အဘွား​ကြီးရေ၊ အစကတော့ မင်းငါ့ကိုမေးခွန်းထုတ်တဲ့အတွက် အပိုင်း ၁၀၀၀ လောက်ဖြစ်တဲ့အထိ ဓားနဲ့ပါးပါးလေး လှီးမလို့ပဲ”

“ဒါပေမဲ့ အခုအမွေခံကောင်းချီးက မင်းသာမေးခွန်းမထုတ်လာရင် ငါရမာ မဟုတ်လောက်ဘူး”

“ဒီအချက်ကြောင့် မင်းကိုချမ်းသာပေးလိုက်မယ်” ထျန်ရှင်းလုက အပြုံးကြီးကြီးဖြင့် ပြောလိုက်သည်။ ရှောင်ဘိုးဘေးကတော့ သွေးထွက်သည်အထိ သူမ၏ နှုတ်ခမ်းအားကိုက်ပြစ်လိုက်သည်။

သူမ၏ သေးငယ်သော ခန္ဓာကိုယ်လေးကလည်း ဒေါသ၊ မုန်းတီးခြင်း၊ စိတ်ပျက်အားငယ်မှုများကြောင့် တုန်ယင်နေမိသည်။

တစ်ချိန်တည်းတွင် ထျန်ရှင်းလု၏ ညှာတာမှုအားတွေ့လိုက်ရသောအခါ လီနာ နှင့် လုပ်ကြံသတ်ဖြတ်သူ ၂ ယောက်လုံးက တုန်လှုပ်သွားကြပြီး အချင်းချင်းကြည့်လိုက်ကြ၏။

သူမတို့ဟာ ထျန်ရှင်းလုနှင့်အတူတူ ရှိလာသည်မှာ ၅ နှစ်ကျော်ပြီဖြစ်ပြီး ထျန်ရှင်းလု၏ စရိုက်အား ကောင်းမွန်စွာနားလည်ကြသည်။

ထျန်ရှင်းလုဟာ အလွန်အမြင်ကျဥ်းသူဖြစ်ပြီး အမှားအသေးလေးကိုပင် ညှာတာပေးတတ်သည့် သူမဟုတ်ချေ။

လီနာက ဇဝေဇဝါဖြင့် တွေးလိုက်မိသည်။ ‘ကြည့်ရတာ သခင်က သူမကိုအသုံးချဖို့ နေရာရှိတယ် ထင်တယ်။’

လီနာတွေးလိုက်သလိုပင် ထျန်ရှင်းလုဟာ ရှောင်ဘိုးဘေးကိုအကြောင်းအရင်းမရှိ ညှာတာလိုက်ခြင်းမဟုတ်ပဲ လိုအပ်နေသောကြောင့်ပင်ဖြစ်၏။

ထျန်ရှင်းလုက ရှောင်ဘိုးဘေးထံမှ အကြည့်လွဲလိုက်ပြီး ရှောင်မာန်ထံသို့လျောက်သွားကာ ဆောင့်ကျထိုင်လိုက်သည်။

ထျန်ရှင်းလု၏ မျက်နှာအထက်တွင် အလွန်နူးညံ​​သော အပြုံးတစ်ပွင့်ရှိကာ အလွန်ချောမောခန့်ညားသောကြောင့် ဇဝေဇဝါဖြင့် ရှောင်မာန်ပင် အနည်းငယ်ငေးမောမိသွား၏။

“ကောင်လေး မင်းက အတော်လေးစိတ်ဝင်စားစရာပဲ”

“မင်း...ငါ့ရဲ့နောက်လိုက်ဖြစ်ချင်လား”

ရှောင်မာန်ကတော့ သူမကိုယ်သူမ လှောင်ပြောင်လိုက်ကာ စိတ်မသက်မသာဖြစ်နေသော အပြုံးတစ်ပွင့်အား ထုတ်ဖော်လိုက်သည်။

တစ်ချိန်တစ်ခါက ပါရမီရှင်ဖြစ်ခဲ့သော အင်မော်တယ်ကျင့်ကြံသူကြီးဟာ ယခုအချိန်တွင်တော့ သေမျိုးကောင်​လေးတစ်ယောက်၏ အထင်သေးခြင်းကို ခံနေရပြီဖြစ်သည်။

သူမ၏မျက်ဝန်းထဲတွင် အားကောင်းလှသော မာနတရားများထွက်ပေါ်လာကာ ထျန်ရှင်းလု၏ မျက်ဝန်းထဲသို့ အကြောက်အလန့်မရှိ စိုက်ကြည့်လိုက်ပြီး ပြော၏။

“ငါ့ကို သတ်လိုက်တော့”

ထျန်ရှင်းလုက ခေါင်းညိတ်လိုက်သည်။ “ကောင်းပြီလေ”

အနီရောင်လျပ်စီးတစ်ချက်လက်သွားပြီးနောက် ထျန်ရှင်းလု၏ လက်သည်းတို့က ရှောင်မာန်၏ရင်ဘတ်ရိုးများအား ထိုးဖောက်ကာ သူမ၏နှလုံးသို့ထိုးသွင်းလိုက်သည်။

“အွန့်...” သူမ၏ နှုတ်မှ တိုးငယ်သော ညီးတွားသံထွက်ပေါ်လာ​သော်လည်း မျက်နှာကတော့ တစ်ချက်မှမပျက်သွားလေ​ချေ။

သူ​မ၏မျက်ဝန်းထဲတွင်တော့ ကြောက်ရွံမှုဟူ၍ တစ်စွန်းတစ်စကိုမမြင်ရပဲ ဒေါသတစ်ခုကိုသာ မြင်နေရသည်။

ထျန်ရှင်းလုက ထိုဒေါသများဟာ သူ့ထံသို့ ဦးတည်နေသည်ဟူ၍ ထင်​ကြေးပေးလိုက်မိသည်။ သို့သော် ထျန်ရှင်းလုသည် အထင်မှားနေခြင်းသာဖြစ်ပြီး ရှောင်မာန်က ကောင်းကင်ကြီးကိုသာ ကျိန်ဆဲနေခြင်းဖြစ်သည်။

‘စပပဲဟေ့ ငါဝိညာဉ်ကူးပြောင်းလာတယ်ဆိုတာ ကောင်းကင်က သနားလို့ပေးတဲ့ အခွင့်အရေးမဟုတ်ပဲ တစ်ရက်တည်း ခန္ဓာကိုယ် ၂ ခုနဲ့ ၂ ကြိမ်သေအောင်လို့ပဲဟ’

သို့သော် ရုတ်တရက် ရှောင်မာန်က သူမ၏ရင်ဘတ်အားကြည့်လိုက်ကာ ထျန်ရှင်းလုအား နားမလည်နိုင်စွာဖြင့်ပြန်ကြည့်လိုက်သည်။

“ဘာလို့ အဆုံးထိမထိုးတာလဲ” ထျန်ရှင်းလု၏ လက်သည်းတို့ဟာ သူမ၏နှလုံးနှင့် လက်မဝက်အကွာတွင် ရပ်နေလေ၏။

ထျန်ရှင်းလုကတော့ သဘောတကျ ရယ်မောလိုက်သည်။ “ဟားဟားဟား မင်းက အတော်လေးကို ရယ်စရာကောင်းတဲ့ အကောင်ပဲကွ”

“မင်းကိုသတ်မယ်ပြောတော့ မင်းရဲ့မျက်လုံးထဲမာ ကြောက်ရွံမှုကို မမြင်ရဘူး”

“ဒါပေမဲ့ မင်းဟန်ဆောင်ထားတာလဲ ဖြစ်နိုင်မလားဆိုပြီးတော့ စမ်းသပ်ကြည့်ကာ မင်းက တကယ်ကြီးကို မကြောက်တာပဲဟ”

“မင်းက တစ်ကယ်ကို စိတ်ဝင်စားစရာပဲ” ထျန်ရှင်းလုက ဆောင့်ကျထိုင်နေရာမှ ထလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ ဆေးအဖြူရောင်လေး တစ်လုံးကို ထုတ်၍ ရှောင်မာန်၏ပါးစပ်ထဲထည့်ပေးလိုက်သည်။

“မြိုချလိုက်၊ အဲတာက မင်းရဲ့အသက်ကို ကယ်တင်နိုင်လိမ့်မယ်။”

ရှောင်မာန်ကလည်း ဇဝေဇဝါဖြင့်မြိုချ​လိုက်သောအခါ ဆေးလုံးက လည်ချောင်းအတွင်းမှာပင် အရည်ပျော်သွားလေ၏။

ချက်ချင်းပဲ ဆေးလုံး၏ အာနိသင်က သူမ၏ယိုယွင်းနေသော ခန္ဓာကိုယ်တစ်ခုလုံးအား ပျံနှံသွားကာ အတွင်းဒါဏ်ရာများကလည်း သွေးထွက်ခြင်းမရှိတော့ချေ။

ဆေးလုံး၏ အာနိသင်မှာ အတော်လေး အားကောင်းပြီး ၁ နာရီအတွင်း သူမ၏ ဒါဏ်ရာများအရှင်းပျောက်သွားမည့်ပုံရှိလေသည်။

သူမက ထျန်ရှင်းလု၏ ရည်ရွယ်ချက်အား နားမလည်တော့ချေ။

ထျန်ရှင်းလုက သူမအား နေမင်းကြီးလို နွေးထွေးသော အပြုံးတစ်ပွင့်ဖြင့် မေးမြန်းလိုက်သည်။

“မင်းရဲ့ နာမည်ဘယ်လိုခေါ်လဲ”

“အမ်...ချင်းလိန်ဟွာပါ...” ရှောင်မာန်က သူမ၏နာမည်အရင်းကိုပဲ ပြောလိုက်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၀၅ + ၁၀၆ + ၁၀၇) ပြီး

All Chapters