ငရဲမှ နတ်ဆိုး
Vol. 1 Ch. 117
"သတ်"
ကူရှန်းဟယ်သည် နှင်းမိုးရွာ သကဲ့သို့ ကျောချမ်းစရာ သတ်ဖြတ်ခြင်း အရှိန်အဝါကို ခံစားလိုက်ရပြီး မျက်နှာပျက် သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ကျန်းရီသည် သေခြင်း နတ်ဘုရားဂိုဏ်းမှ လူသတ်သမားများ၊ ဆရာရှောင်နှင့်၊ အခြားဆရာများကို ဘယ်လို သတ်လိုက်ကြောင်း သူနားလည် သွားခဲ့ပေပြီ။ ကျန်းရီသည် ရှေးဟောင်း သမိုင်းဝင် အထိမ်းအမှတ် ခန်းမမှ သတ်ဖြတ်ခြင်း ဧကရာဇ်၏ ကျောက်စာကို လှုပ်ရှားသွား စေနိုင်သည် ဟူသော ကောလာဟလများ သူကြားခဲ့သည်။ ယခုမူ သူသည် အရာရာကို ရှင်းလင်း သွားပေပြီ။
သို့သော် ကျန်းရီသည် သူ့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။ သူသည် အနောက်ဘက် မြို့စောင့်တပ်မှ စစ်သည် သုံးရာကျော်ကို ခေါ်ဆောင်လာခဲ့သည်။ ခရမ်းရောင်နန်းတော်ရှင် အမြင့်ဆုံးအဆင့်ရှိ အကြီးအကဲလေးယောက်လည်း ပါလာခဲ့ပေသည်။ သူသည် ဓားကို ယမ်းကာ အော်ပြောလိုက်သည်။
"သတ်"
"သတ်ကြ"
စစ်သည် သုံးရာကျော်သည် တစ်ပြိုင်နက်တည်း အော်ဟစ်ကာ စုလောရွှယ်နှင့် ကျန်းရီထံ ပြေးလာခဲ့ကြသည်။ စစ်သည်တစ်ဦး ချင်းစီသည် သတ်ဖြတ်ခြင်း အရှိန်အဝါ ကိုယ်စီထုတ်လွှင့် နေကြသည်။ သူတို့၏ သတ်ဖြတ်ခြင်း အရှိန်အဝါများ ပေါင်းစည်းလိုက်လျှင် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါအား ချက်ချင်းဖိနှိပ် လိုက်နိုင်လေသည်။
"လာကြ ... မင်းတို့က ငါ့ကို သတ်ချင်နေရင် သေဖို့လည်း ပြင်ဆင် ထားကြတာ ပိုကောင်းမယ်"
ကျန်းရီသည် မော့ကြည့်ကာ အော်ဟစ်လိုက်သည်။ သူ၏ အနက်ရောင် ဆံပင်များသည် လေထဲတွင် ကခုန်နေကြသည်။ သူ၏ မျက်လုံးများသည် ပိုမိုနီရဲ လာခဲ့ပြီး သူ့ကိုယ်မှ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ပေါက်ကွဲ ထွက်လာခဲ့သည်။ လေထုသည် အလွန်တရာ လေးလံလာခဲ့သည်။ အားနည်းသော စစ်သားများသည် တုန်ယင်လာပြီး ဒူးများ ပျော့ခွေလာကာ ရှေ့သို့ ဆက်မလှမ်းနိုင် ဖြစ်လာကြသည်။
ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ စစ်တပ်ဗိုလ်ချုပ် လေးယောက်သည် သူတို့လူများ ထိတ်လန့် နေကြသည်ကို မြင်လိုက်ရသည်။ ကျန်ခေါင်းဆောင်များသည် ခရမ်းရောင် နန်းတော်ရှင် သတ္တမအဆင့်၊ အဋ္ဌမအဆင့် ခန့်၌သာ ရှိသေးသည်။ ထိုလူများ သည်လည်း သတ်ဖြတ်ခြင်း အရှိန်အဝါ၏ သက်ရောက်ခြင်း ခံနေရပြီး ထိတ်လန့် နေကြသည်မှာ ထင်ရှားသည်။
သူတို့လေးယောက်သည် မတွေဝေ ရဲတော့ပေ။ သူတို့သည် အတွင်းအားများ သုံးလိုက်ကြပြီး အရှိန်အဝါ အသီးသီးကို ထုတ်လွှင့် လိုက်ကြသည်။ သူတို့မျက်လုံး ထဲတွင် ကျန်းရီသည် မည်မျှပင် ထူးခြားနေပါစေ ... သူသည် သူတို့၏ ပြိုင်ဘက် မဟုတ်ပေ။ စုလောရွှယ်လား ... သူတို့သည် သူမကို လုံးဝ လျစ်လျူရှု ထားကြပေသည်။
"အမ်"
လေးယောက်ထဲမှ တစ်ယောက်သည် လှုပ်ရှားလိုက်လျှင် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်ရကာ မျက်နှာများ ပျက်သွားကြသည်။ သူတို့၏ အမြန်နှုန်းသည် နှစ်ဆခန့် လျော့ကျနေပေသည်။ သူတို့၏ အတွင်းအား ထုတ်ဖော်နှုန်း သည်လည်း အလွန်တရာ နှေးကွေးနေခဲ့သည်။ သူတို့၏ အင်အားသည် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါကြောင့် တစ်ဝက်ခန့် လျော့ကျနေပြီ ဖြစ်သည်။
"ရွှီ"
ထိုအချိန်တွင် စုလောရွှယ်၏ မျက်လုံးမှ ခရမ်းရောင် အလင်းသည် တောက်ပလာခဲ့သည်။ ထိုအလင်းသည် ကျန်းရီနှင့် အနီးဆုံးရှိ စစ်ဗိုလ်ချုပ်၏ ခေါင်းထံ ကျရောက်သွားခဲ့သည်။ ထိုလူသည် မျက်လုံးများ ပိတ်လျက် ချက်ချင်း လဲကျသွားခဲ့သည်။ သူသေလား ရှင်သေးလား ဟူသည်မှာ ဘုရားမှသာ သိပေလိမ့်မည်။
"အမ်"
ကျန်ရစ်နေသော စစ်ဗိုလ်ချုပ် သုံးယောက်၏ မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။ သူတို့သည် စုလောရွှယ်၏ မျက်လုံးမှ ခရမ်းရောင် အလင်းကို မြင်လိုက်ချိန်တွင် မည်သည့် အန္တရာယ် အငွေ့အသက် ကိုမှ မခံစားမိပေ။ ထို့ကြောင့် သူတို့သည် ဂရုပင် မစိုက်ခဲ့ပေ။ သို့သော် တကယ်ကြီး စွမ်းအားရှိနေသည် တဲ့လား ...
သူတို့၏ အင်အားကိုပင် ကျန်းရီ၏ သတ်ဖြတ်ခြင်း အရှိန်အဝါက ဖိနှိပ်ထားနိုင်သည် ဆိုလျှင် ကျန်စစ်သားများကို ထည့်တွက်နေ၍ မရပေ။ စုလောရွှယ်သာ သူတို့ထဲမှ သုံးယောက်ကို အလွယ်တကူ သတ်နိုင်သည်ဆိုလျှင် တိုက်ပွဲသည် ပြီးသွားပြီ ဖြစ်သည်။ ကျန်းရီနှင့် စုလောရွှယ်သည် သူတို့အားလုံးကို အသာလေး သတ်သွားလိမ့်မည် ဖြစ်သည်။
"မကြောက်နဲ့ ... လျှို့ဝှက် ကျင့်စဉ်ကို သူမ သုံးဖို့ အကန့်အသတ် ရှိတယ်"
ခေါင်းဆောင် တစ်ယောက်သည် စုလောရွှယ်သည် အနည်းငယ် ယိုင်နဲ့သွားပြီး ဖြူဖျော့သွားသည်ကို မြင်လိုက်သောအခါ သူသည် ချက်ချင်း စုလောရွှယ်ထံ ပြေးသွားခဲ့သည်။ အခြားစစ်ဗိုလ်ချုပ် နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်သည် စုလောရွှယ်ထံ ထပ်မံ ပြေးသွားခဲ့ပြီး နောက်တစ်ယောက်သည် ကျန်းရီထံ ပြေးလာခဲ့လေသည်။
"သေစမ်း"
ကျန်းရီသည် ခေါင်းဆောင် တစ်ယောက်ကို သတ်ရန် ပြင်ထားသော်လည်း စုလောရွှယ်က အရင်သတ် လိုက်ပေသည်။ ထို့ကြောင့် သူ့ပစ်မှတ် ပျောက်ဆုံးသွားရသည်။ သူသည် အစိမ်းရောင်ဓားကို ဝှေ့ယမ်းရင်းသာ ရန်သူများထံ တိုးဝင်သွားကြသည်။
"အား"
စစ်သား အများစုသည် အားမကောင်းကြပေ။ အများစုသည် အသက် ကြီးနေကြပြီ ဖြစ်သည်။ သူတို့သည် ရန်သူကို အုပ်စုဖွဲ့၍ တိုက်ခိုက်ရာတွင်သာ အားသာသည်။ ယခုမူ သူတို့ အားလုံးသည် သတ်ဖြတ်ခြင်း အရှိန်အဝါ၏ ဖိနှိပ်ထားခြင်းကို ခံစားနေရသည်။ အများစုသည် လှုပ်တောင် မလှုပ်နိုင်ပေ။ ရန်သူကို မည်သို့ ချိတ်ဆက်၍ တိုက်ခိုက်ရမည်နည်း။
ကျန်းရီနှင့် သူတစ်ပြန် ကိုယ်တစ်ပြန် တိုက်ခိုက် နိုင်မည့်သူမှာ ခေါင်းဆောင်များသာ ကျန်တော့သည်။ စိတ်မကောင်းစရာ သည်ကား သူတို့၏ အင်အားများသည်လည်း ဖိနှိပ်ခံ ထားရပြီး စွမ်းအား အစစ်အမှန်ထက် များစွာ လျော့ကျနေပေသည်။ ကျန်းရီသည် လက်ရှိ အခြေအနေတွင် မည်သို့မှ မခံစားရဘဲ အတော်လေး အကြောက်အလန့် ကင်းနေခဲ့သည်။ သူဂရုစိုက်သော တစ်ခုသည်ကား ရန်သူအားလုံးကို ဘယ်လို အမြန်ဆုံး သတ်ပစ် ရမည်လည်းသာ ဖြစ်လေသည်။
ဓားသည် လှုပ်ရှားသွားခဲ့သည်။ သွေးများ ဖြာထွက် လာကြသည်။ ခြေလက်များ လွင့်ထွက် ကုန်ကြသည်။ ခေါင်းများသည်လည်း ပြတ်ထွက် ကုန်ကြလေသည်
ယခုမူ ကျန်းရီသည် မရပ်မနား လှုပ်ရှားနေခဲ့ပြီး သူ့ပတ်လည် တွင်တော့ အလောင်း လေးငါးဆယ်လောက် ရှိနေပြီ ဖြစ်သည်။ သူသတ်ဖြတ်နေသော အရှိန်သည်ကား ကောက်ရိတ်သိမ်း နေသည့်အလားပင် ...
"သေစမ်း"
ခေါင်းဆောင်သည် နောက်ဆုံးတော့ လှုပ်ရှား လာခဲ့ပေပြီ။ သူသည် သူ၏ တစ်ဖက်သွား ဓားရှည်ကြီးကို မကာ ကျန်းရီ၏ နောက်ကျောသို့ ခုတ်ချလိုက်သည်။ ကျန်းရီသည် နောက်မှ တိုက်ခိုက်မှုကို သတိ မထားမိဘဲ ရှေ့သို့သာ ဆက်လက်၍ တိုးသွားနေခဲ့သည်။
"ဝှစ်"
ခရမ်းရောင် အလင်းတန်း နှစ်ခုသည် ညအမှောင်ထုကို ဖြတ်သန်း သွားခဲ့သည်။ ကျန်းရီကို သတ်ရန် ပြင်နေသော စစ်ဗိုလ်ချုပ်သည် သတိထား မိလိုက်သောအခါ အလင်းတန်းသည် သူ့ခေါင်းထံ ကျရောက် သွားခဲ့ပြီးဖြစ်ကာ မြေပြင်ပေါ် လဲကျသွားခဲ့သည်။ ထိုလူ လဲကျသွားသည်နှင့် စုလောရွှယ်သည် တိုက်ခိုက် ခံလိုက်ရကာ လွင့်ထွက် သွားခဲ့သည်။ ချောက်ချားဖွယ် အော်သံနှင့် အတူ သူမ၏ ပါးစပ်မှ သွေးများ စီးကျလာခဲ့သည်။
စုလောရွှယ်သည် ခရမ်းရောင် နန်းတော်ရှင် အမြင့်ဆုံး အဆင့်ရှိ လူနှစ်ယောက်၏ တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ခံလိုက်ရသည်။ သူမသည် ဒဏ်ရာရ ထားပြီး ဖြစ်သောကြောင့် ထိုနှစ်ယောက်သည် သူမ၏ ခရမ်းရောင် အလင်းအား အများကြီး သတိ မထားတော့ပေ။ ယခု သူမသည် ကျန်းရီကို ကယ်တင်ရန် ခရမ်းရောင် အလင်းကို ထပ်မံ အသုံးပြု လိုက်သောအခါ သူတို့သည် ဆက်လက် အချိန်ဆွဲ မနေတော့ဘဲ သူမကို တိုက်ခိုက် လိုက်ကြခြင်း ဖြစ်လေသည်။
"ဝှစ်"
စုလောရွှယ် လွင့်ထွက် သွားသော်လည်း စစ်ဗိုလ်ချုပ် တစ်ယောက်သည် ရပ်မနေပေ။ သူသည် စုလောရွှယ်ထံ ဆက်ပြေးသွားကာ ကန်ထုတ်လိုက်သည်။ ထို့နောက် သူသည် လဲကျနေသော သူမ၏ နောက်ကျောအား နင်းချေလိုက်သည်။
"ခရက်"
ကြည်လင်ပြတ်သားသော အရိုးကျိုးသံသည် ထွက်ပေါ်လာခဲ့သည်။ စုလောရွှယ်၏ မျက်နှာသည် နာကျင်မှုဖြင့် ဖုံးလွှမ်းနေခဲ့သည်။ သူမ၏ ခါးဆစ်ရိုးများ ကျိုးသွားခဲ့ပြီ ဖြစ်ရာ သူမသည် လုံးဝမလှုပ်ရှား နိုင်တော့ပေ။
"အမ်"
ကျန်းရီသည် အသိစိတ် ဝင်သွားကာ တုန်လှုပ် သွားခဲ့သည်။ သူ၏ သွေးရောင် မျက်လုံးအစုံသည် ချက်ချင်း လှည့်ကြည့်လာခဲ့သည်။ စုလောရွှယ်၏ အားနည်းသော ကိုယ်လေးသည် တုန်ယင်နေခဲ့ပြီး သူမ၏ ပါးစပ်မှ သွေးများ စီးကျနေသည်ကို မြင်လိုက် ရသောအခါ ကျန်းရီ၏ နှလုံးသားသည် မဖော်ပြနိုင်သော နာကျင်မှု တစ်မျိုးကို ခံစားလိုက်ရသည်။ ထိုခံစားချက်သည် သူ၏ စိတ်ဝိညာဉ်ထဲမှ နက်နက်ရှိုင်းရှိုင်း ထွက်ပေါ်လာသော နာကျင်မှု ဖြစ်သည်။
"အား ..."
ကျန်းရီသည် ကောင်းကင်ကို ကြည့်ကာ အော်ဟစ်လိုက်သည်။ သူ၏ ဆံပင်နှင့် ဝတ်ရုံတို့သည် လေမတိုက်ပါဘဲ တဖျတ်ဖျတ် လွင့်နေခဲ့သည်။ သူ့တစ်ကိုယ်လုံးသည် သွေးများ ခြင်းခြင်းနီနေပြီး ငရဲမှ တက်လာသော ကြောက်စရာ နတ်ဆိုးတစ်ကောင် အလားပင်။ သူ၏ သတ်ဖြတ်ခြင်း အရှိန်အဝါသည် ပိုမိုသိပ်သည်း လာခဲ့ပြီး သူသည် စုလောရွှယ်၏ ဘေးရှိ လူနှစ်ယောက်ထံ သားရဲကြီး တစ်ကောင်အလား ပြေးသွားလိုက်သည်။
ထိုအချိန်တွင် သူ့စိတ်သည် ပုံမှန် ဖြစ်နေခဲ့ပြီး သတ်ဖြတ်ခြင်း အရှိန်အဝါအား အနည်းငယ် ထိန်းချုပ် သွားနိုင်သည့်ဟန် ရလေသည်။ သူ၏ ဝတ်ရုံအတွင်းမှာ အနက်ရောင် အလင်းတစ်ချက် လက်သွားခဲ့သည်။ သူသည် ဆက်လက်၍ အသိစိတ် ကင်းမဲ့နေဟန်ဆောင် နေလိုက်သည်။
"သေစမ်း"
စစ်ဗိုလ်ချုပ် နှစ်ယောက်သည် ထူးဆန်းသည်ဟု မခံစားမိပေ။ ကူရှန်းဟယ်သည် စုလောရွှယ်ကို မသတ်ရဟု ပြောခဲ့သည်။ ထို့ကြောင့် သူတို့သည် သူမကို မသတ်ခဲ့ပေ ... သို့သော် ကျန်းရီကိုမူ ...
"ဝှစ်"
ပုံရိပ်နှစ်ခုသည် ကျန်းရီထံ ပြေးဝင်လာခဲ့သည်။ သူတို့၏ အမြန်နှုန်းသည် ကျန်းရီထက် မြန်ဆန်နေဆဲပင်။ သူတို့သည် အတွင်းအားများကို ထုတ်ဖော်ကာ ဓားကြီးများကို ကိုင်စွဲ၍ ပြေးဝင် လာကြသည်မှာ ကျန်းရီထံ သေမင်းညီနောင် ပြေးဝင်လာသည့် အလားပင်။
"သေစမ်း"
ကံတရား၏ ဓားစိမ်းသည် မိုးစက်ဓားသိုင်း၏ တတိယမြောက် သိုင်းကွက် ဆောင်းဦးမိုးစက် ဓားသိုင်းအား ပုံဖော်ရင်း ကျန်းရီ၏ လက်တွင်းမှ ပျံထွက်သွားခဲ့သည်။ အစိမ်းရောင်ဓားသည် စစ်ဗိုလ်ချုပ် တစ်ဦးထံ တိုးဝင်သွားသော အချိန်တွင် သူ၏ အခြားလက်မှ အနက်ရောင် အလင်းတစ်ချက် လက်သွားခဲ့သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း လေးသည် ပြေးထွက် သွားခဲ့ပေပြီ။
"ဘန်း"
စစ်ဗိုလ်ချုပ်သည် သူ့ထံ ပြေးဝင်လာသော အစိမ်းရောင်ကို မြင်လိုက်သောအခါ သူ၏ တစ်ဖက်သွား ဓားကြီးကို မြှောက်၍ တားဆီးရန် ပြင်လိုက်သည်။ သို့သော် သူ့အမြန်နှုန်းသည် တစ်ဝက်ခန့် လျော့ကျနေကြောင်းကို သူမေ့နေခဲ့သည်။ သူဓားကို မြှောက်ရန် အချိန် မရခင်တွင် အစိမ်းရောင်ဓားသည် သူ့ကိုယ်ကို ထိုးစိုက် သွားပေလိမ့်မည်။ သူသည် ဘေးဘက်သို့ အမြန်ရှောင်တိမ်း လိုက်သော် တစ်ခုခုကို သတိပြုမိ သွားခဲ့သည်။ နတ်ဘုရား သတ်ဖြတ်ခြင်း မြားသည် သူ့ထံ ချဉ်းကပ် လာခဲ့ပေပြီ။
ကျန်းရီသည် သူရှောင်တိမ်းမည့် နေရာကို ခန့်မှန်းထားပြီး ဖြစ်ပုံရလေသည်။ မြားသည် ပစ်မှတ်၏ လည်ပင်းထံ တန်းတန်းမတ်မတ် တိုးဝင်သွားကာ စစ်ဗိုလ်ချုပ်သည် ချက်ချင်း သေဆုံး သွားခဲ့လေသည်။
"သေစမ်း"
တစ်ဦးတည်း ကျန်ရစ်သော စစ်ဗိုလ်ချုပ်သည် ဆွံ့အ သွားခဲ့လေသည်။ သို့သော် သူသည် စစ်ပွဲ ပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ဖြစ်သည်။ သူ၏ ဓားရှည်သည် နှေးကွေးနေသည့်ဟန် မရှိဘဲ ကျန်းရီ၏ ခေါင်းထံ ကျဆင်း လာခဲ့လေသည်။
***