အခန်း (၁၁၅+၁၁၆+၁၁၇+၁၁၈+၁၁၉+၁၂၀)
Vol. 12 Ch. 115+116+117+118+119+120
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၁၅ + ၁၁၆ + ၁၁၇ + ၁၁၈ + ၁၁၉ + ၁၂၀)
ပုံမှန်အားဖြင့် သူ၏ အထူးခန္ဓာကိုယ်ကို အသက်သွင်းပြီးသွားတိုင်း ထျန်ရှင်းလုတစ်ယောက် တစ်ပတ်ခန့် အားအင်ချိနဲ့နေတတ်သည်။
သူ၏ ခန္ဓာကိုယ်ထဲမှ ယန်စွမ်းအင်များအားလုံး ခန်းခြောက်သွားသကဲ့သို့ ခံစားရပြီး မည်သည့်အရာကိုမှ စိတ်ဝင်စားမှုမရှိ၊ လိင်စိတ်ဆန္ဒဆိုလျှင် အစအနပင် ရှာတွေ့နိုင်မည်မဟုတ်ချေ။
ထိုအခြေအနေသည် သူ၏ အထူးခန္ဓာကိုယ် နိုးထလာပြီးကတည်းက ကြုံတွေ့လာရသည့် နောက်ဆက်တွဲဆိုးကျိုးတစ်ခုပင်။
သို့သော် ယခုတစ်ကြိမ်တွင်တော့ အရာအားလုံးက ထူးဆန်းစွာ ပြောင်းပြန်ဖြစ်နေသည်။ သူ၏ ခန္ဓာကိုယ်သည် အားနည်းနေမည့်အစား သွေးကြောများထဲတွင် နဂါးတစ်ကောင် လူးလွန့်ပြေးလွှားနေသကဲ့သို့ စွမ်းအင်များက တိုးကြိတ်ပြည့်လျှံနေ၏။
အမွေခံကောင်းချီး၏ အစွမ်းသက်ရောက်မှုသည် သူ၏ အထူးခန္ဓာကိုယ်မှ ဖြစ်ပေါ်လာသော နောက်ဆက်တွဲဆိုးကျိုးများကို လုံးဝခြေဖျက်ပေးလိုက်ရုံသာမက သူ့ကို ယခင်ကထက်ပင် ပိုမိုလန်းဆန်းတက်ကြွစေသည်။
ထို့အပြင် သူဟာ သိုင်းထိပ်သီးအဆင့်သို့ရောက်ရှိသွားပြီဖြစ်လေပြီး လိုအပ်သော ဝိညာဉ်အရိုးသာရှိပါက အချိန်မရွေး ဝိညာဉ်သခင် ၁ ပါးဖြစ်လာနိုင်သည်ဟု ခံစားနေမိသည်။
သူ၏ ပါရမီကို တိတိကျကျ မစမ်းသပ်ရသေးသော်လည်း သူ၏ ဝိညာဉ်အာရုံက ယခင်ထက် အဆပေါင်းများစွာ ပိုမိုထက်ရှလာသည်ကို ထျန်ရှင်းလု အလိုလိုသိနေသည်။
အခန်းထောင့်မှ ဖုန်မှုန်လေးတစ်မှုန်၏ လှုပ်ရှားမှုကိုပင် သူ၏စိတ်ထဲတွင် ကြည်လင်ပြတ်သားစွာ မြင်ယောင်နေ၏။ ဤသည်မှာ ဝိညာဉ်စွမ်းအား တိုးတက်လာခြင်း၏ သက်သေပင်ဖြစ်တော့သည်။
ထိုအရာများထက် သူ့ကိုပို၍ ကျေနပ်စေသောအရာမှာ သူ၏ ဉာဏ်နီဉာဏ်နက်များ၏ ရလဒ်ပင်ဖြစ်သည်။ သူသည် ဤတစ်ကြိမ်တွင် အကွက်ကျကျဖြင့် ပြဿနာကို ရှာခဲ့ခြင်းဖြစ်ပြီး ရလဒ်မှာ သူမျှော်လင့်ထားသည်ထက်ပင် ကြီးမားခဲ့သည်။
သူ ရန်စခဲ့သည့် အင်အားစုနှစ်ခုမှာ သာမညမဟုတ်။ တိုက်ကြီးတစ်ခုလုံးတွင် သြဇာအာဏာကြီးမားလှသော ရွှေနဂါးတော်ဝင်နိုင်ငံနှင့် နဂါးလေးကောင်နတ်ဆိုးဂိုဏ်းတို့ ဖြစ်ကြသည်။
ထိုအင်အားစုနှစ်ခုထဲမှ မည်သည့်အဖွဲ့အစည်းမဆို ခြေတစ်ချက်ဆောင့်လိုက်ရုံဖြင့် အင်အားစုငယ်လေးများ ပြာမှုန့်ဖြစ်သွားနိုင်သည်အထိ အစွမ်းထက်ကြသည်။
နဂါးလေးကောင်နတ်ဆိုးဂိုဏ်းဟာ ဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်သလို ရွှေနဂါးတော်ဝင်နိုင်ငံဟာလည်း တိုက်ကြီးတစ်ခုလုံးတွင်ပင် နံပါတ် ၂ အင်အားစုကြီးတစ်ခုဖြစ်သည်။
သို့သော် ထျန်ရှင်းလု၏ မျက်နှာထက်တွင် စိုးရိမ်စိတ်အစအနမျှမရှိဘဲ ယုံကြည်မှုအပြည့်နှင့် ပြုံးနေသည်။ ထိုအင်အားစု ၂ ခုလုံး သူ့ကို ပြဿနာပြန်ရှာဖို့ မဝံ့ရဲလောက်ပေ။
အကြောင်းအရင်းမှာတော့ သူထျန်ရှင်းလု၏ နောက်ခံသည် တိုက်ကြီးတစ်တိုက်လုံး၏ နံပါတ် ၁ အင်အားစုဖြစ်သော ထျန်ကလန်ဖြစ်နေသောကြောင့်ပင်ဖြစ်သည်။
သူတို့ဟာ သူ့ကို မေးခွန်းထုတ်လာကြမည်ဖြစ်သော်ငြား သူ၏အသက်ကိုတော့ အန္တရာယ်ရှာမည် မဟုတ်ကြောင်း ထျန်ရှင်းလုက ယုံကြည်ချက် ကြီးကြီးမားမားရှိသည်။
မကြာခင်အချိန်အတွင်းမှာပင် ရွမ်းဟွမ်မြို့တွင် ဖြစ်ပျက်ခဲ့သော သတင်းများသည် တောမီးကဲ့သို့ တိုက်ကြီးတစ်တိုက်လုံးကို ပျံ့နှံ့သွားပြီး သူ၏ ‘ထျန်ရှင်းလု’ ဟူသော အမည်သည် ဒဏ္ဍာရီတစ်ခုကဲ့သို့ လူတိုင်း၏ ပါးစပ်ဖျားတွင် ရေပန်းစားလာပေတော့မည်။
အတွေးများကြားမှ ထျန်ရှင်းလုသည် သူ၏ စိတ်အာရုံကို စုစည်းလိုက်ပြီး သူ၏ ကိုယ်ရေးအချက်အလက်ကို ဖွင့်ကြည့်လိုက်သည်။ သူ့မျက်စိရှေ့တွင် အပြာရောင်အလင်းတန်းများဖြင့် ယက်ဖြာထားသော စခရင်တစ်ခု ပေါ်ထွက်လာသည်။
[အမည် - ထျန်ရှင်းလု]
[ခွန်အား - ၄၉]
[အမြန်နှုန်း - ၅၀]
[ခံနိုင်ရည် - ၉၈]
[လက်ကျန်သက်တမ်း - နှစ် ၄၅,၀၀၀]
ထိုကိန်းဂဏန်းများကို မြင်လိုက်ရသည့်အခါ သူ၏ နှုတ်ခမ်းထောင့်များက အပေါ်သို့ ကွေးတက်သွားသည်။
အထူးသဖြင့် သူ၏ ခံနိုင်ရည်မှာ ၉၈ အထိ ရောက်ရှိနေသည်ဖြစ်ရာ သူ၏ ရုပ်ခန္ဓာသည် မည်မျှအထိ ကြံ့ခိုင်မာလာသည်ကို ပြသနေသည်။
ထို့ထက်ပို၍ အံ့ဩစရာကောင်းသည်မှာ သူ၏ သက်တမ်းပင်ဖြစ်သည်။ နှစ်ပေါင်း ၄၅,၀၀၀ ဆိုသည်မှာ သာမန်သေမျိုးတစ်ယောက်အတွက် ထာဝရဟုပင် ဆိုနိုင်သည်။ ထိုမျှသာမကသေး၊ ထိုကိန်းဂဏန်းသည် ရပ်တန့်မနေဘဲ ဖြည်းဖြည်းမှန်မှန် တိုးပွားနေဆဲဖြစ်ရာ ရက်အနည်းငယ်အတွင်း သက်တမ်းနှစ်တစ်သိန်းပြည့်သွားမည်ဟု သူ ခန့်မှန်းလိုက်မိသည်။
ပျော်ရွှင်ကျေနပ်မှုများဖြင့် ထျန်ရှင်းလုသည် အခန်းအပြင်သို့ ပြန်ထွက်လာခဲ့သည်။ သူ၏ ခြေလှမ်းတိုင်းသည် ယုံကြည်မှုများဖြင့် ပြည့်နှက်နေ၏။
သူ၏ နောက်ဆက်တွဲအစီအစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အရေးကြီးသော ကဏ္ဍတစ်ခု ကျန်ရှိနေသေးသည်။ ထို့ကြောင့် သူသည် ရှောင်ဘိုးဘေးအား ချုပ်နှောင်ထားသည့် အခန်းဆီသို့ ဦးတည်လိုက်သည်။
ရှောင်ဘိုးဘေးကဲ့သို့သော အဆင့်ရှိသောကျင့်ကြံသူတစ်ယောက်သည် တန်ဖိုးရှိသော လက်နက်တစ်ခုဖြစ်သည်။
သူမကို သူ့ဘက်သို့ပါဝင်လာအောင် စည်းရုံးနိုင်မည်ဆိုလျှင် သူ၏ အင်အားစုသည် ပိုမိုတောင့်တင်းလာပေလိမ့်မည်။
သို့သော်... သူမက ခေါင်းမာနေမည်ဆိုလျှင်လည်း သူက အချိန်ဖြုန်းနေမည်မဟုတ်။ ထိုလှပသော်လည်း အန္တရာယ်များသော မိန်းမကြီး၏ ခန္ဓာကိုယ်ကို တစ်ဆယ့်နှစ်ပိုင်းတိတိ ခွဲခြမ်းပြီး မြစ်ထဲမှ မိကျောင်းစာ ကျွေးလိုက်ရန်လည်း သူက ဝန်လေးနေမည်မဟုတ်ချေ။
ထျန်ရှင်းလုတို့အုပ်စုသည် သူတို့၏ ဧရာမ အင်မော်တယ်ယာဉ်ပျံကြီးဖြင့် နဂါးလေးကောင်နတ်ဆိုးဂိုဏ်းသို့ ပြန်လာနေစဉ်မှာပင်၊ ကျိုးဇျန်ပြည်နယ်၏ မြို့တော်မှ အလင်းတန်းတစ်ခုသည် ရှောင်ကလန်၏ အပျက်အစီးများထက်သို့ ထိုးဆင်းလာသည်။
ထိုသူမှာ ကျိုးဇျန်ပြည်နယ်၏ ဘုရင်ခံ ကိုယ်တိုင်ပင်ဖြစ်သည်။ သူ၏ နောက်တွင် သံချပ်ကာအပြည့်အစုံ ဝတ်ဆင်ထားပြီး သတ်ဖြတ်လိုစိတ်များ တဖွားဖွားထွက်ပေါ်နေသော အထူးစစ်တပ်တစ်ခုလည်း ပါဝင်သည်။
ဘုရင်ခံကျိုးဇျန်ကိုယ်တိုင်က အဆင့် ၃ သေမျိုးတန်ခိုးရှင်တစ်ယောက်ဖြစ်ပြီး သူ၏ လက်ရွေးစင်စစ်တပ်နှင့် ပူးပေါင်းလိုက်လျှင် အဆင့် ၅ သေမျိုးတန်ခိုးရှင်များကိုပင် နောက်ပြန်ဆုတ်သွားစေနိုင်လောက်သည့် အင်အားမျိုးကို ပိုင်ဆိုင်ထားသည်။
ဘုရင်ခံကျိုးဇျန်သည် ပြာပုံအတိဖြစ်နေသော ရှောင်ကလန်၏ မြေနေရာကို ကြည့်ရင်း မျက်မှောင်ကြုတ်ထားမိသည်။ လေထုထဲတွင် ကျန်ရှိနေသေးသော စွမ်းအင်အကြွင်းအကျန်များက ဤနေရာ၌ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲကြီး ဖြစ်ပွားခဲ့သည်ကို သက်သေပြနေသည်။
ထိုအချိန်တွင် သူ၏ ဒု-ဗိုလ်တစ်ဦးက အနားသို့ ကပ်လာပြီး အရိုအသေပေးကာ အစီရင်ခံသည်။
“အရှင်ဘုရင်ခံ၊ ကျွန်တော်တို့ အရှေ့ဘက်ခြမ်းမှာ သတိလစ်နေတဲ့ အစိမ်းရောင်ဘီလူးလို မကောင်းဆိုးဝါးတစ်ကောင်ကို တွေ့ရှိထားပါတယ်... သူ့ရဲ့ပုံပန်းသဏ္ဍာန်က လူသားတစ်ယောက်နဲ့ ဆင်တူပေမယ့် သူ့ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ အရှိန်အဝါက ကြောက်စရာကောင်းလောက်အောင် ထူးဆန်းပါတယ်။ သူ့ကို ဖမ်းချုပ်ထားလိုက်ရမလား အရှင်။”
သနားစရာ ပယ်လာဟောတစ်ယောက်... သူ၏ သခင်ဖြစ်သူ ထျန်ရှင်းလု၏ စွန့်ပစ်ခြင်းကို ခံလိုက်ရပြီးနောက် ရန်သူများ၏ လက်ထဲသို့ ကျရောက်ရတော့မည်ဖြစ်သည်။
“ဟူး...”
အဆုံးအစမရှိသော လေဟာနယ်ကြီးထဲတွင် နက်ရှိုင်းသော သက်ပြင်းချသံတစ်ခု တိုးညှင်းစွာ ထွက်ပေါ်လာသည်။
ထိုအသံသည် ပျက်စီးကြေမွနေသော စကြဝဠာတစ်ခု၏ အလယ်ဗဟိုမှ လာခြင်းဖြစ်သည်။
ကြယ်တာရာများ၏ အလင်းရောင်သည် မှိန်ဖျော့နေပြီး နဂါးငွေ့တန်းများသည် စုတ်ဖြဲခံထားရသော ပိုးသားပုဝါများကဲ့သို့ အစအနများသာ ကျန်ရှိတော့သည်။
အချိန်နှင့် နေရာတို့သည် ဤနေရာ၌ အဓိပ္ပါယ်မဲ့နေသကဲ့သို့ပင်။
ထိုပျက်စီးနေသော ကြယ်အစုအဝေးများကြားတွင် လွင့်မျောနေသော ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးတစ်ခု၏ မျက်နှာပြင်ပေါ်၌ အသက် ၅၀ အရွယ်ခန့်ဟု ထင်ရသော အဘိုးကြီးတစ်ယောက်သည် ငြိမ်သက်စွာ ရပ်တန့်နေသည်။
သူ၏ ခန္ဓာကိုယ်သည် တိုက်ပွဲတစ်ခု၏ ကြောက်မက်ဖွယ်ရာ ကင်းဗတ်ပန်းချီကားတစ်ချပ်နှင့်တူ၏။ ဓား၊ လှံ၊ လေးမြား အစရှိသည့် လက်နက်မျိုးစုံမှ ရရှိထားသော ဒဏ်ရာဒဏ်ချက်များသည် သူ၏ တစ်ကိုယ်လုံးတွင် ပြည့်နှက်နေသည်။
အချို့ဒဏ်ရာများမှာ အလွန်နက်ရှိုင်းပြီး အတွင်းမှ အရိုးများကိုပင် မြင်နေရသည်။ လတ်ဆတ်သော သွေးများသည် ဒဏ်ရာများမှ စီးကျနေဆဲဖြစ်ပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ မျက်နှာပြင်ပေါ်တွင် အနီရောင်ချောင်းငယ်လေးများအဖြစ် ပုံဖော်နေသည်။
အဘိုးကြီး၏ ခန္ဓာကိုယ်အခြေအနေက ဤမျှအထိ တိုင်အောင် ဆိုးရွားနေသည့်တိုင်အောင် သူက လှံတစ်ချောင်းကဲ့သို့ ဖြောင့်မြတ်စွာ မတ်မတ်ရပ်တန့်နေ၏။
အဘိုးကြီးက သူ၏ ညိုမှိုင်းနေသော မျက်လုံးများဖြင့် အဆုံးမဲ့သော အမှောင်ထုကို စိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် ပျက်စီးနေသော ကြယ်များ၊ ကြေမွသွားသော ဂြိုဟ်များနှင့် တစ်စစီ ပြိုကွဲသွားသော စကြဝဠာတစ်ခုလုံး၏ ပုံရိပ်များက ထင်ဟပ်နေသည်။
သူ၏ အကြည့်ထဲတွင် နာကျင်မှု၊ ပင်ပန်းနွမ်းနယ်မှုတို့နှင့်အတူ နှစ်ပေါင်းများစွာ ကြာရှည်ခဲ့သော တိုက်ပွဲတစ်ခု၏ အဆုံးသတ်ကို မြင်တွေ့လိုက်ရသည့် ဝမ်းနည်းမှုတို့ ရောယှက်နေသည်။ သူ၏ သက်ပြင်းချသံသည် စကြဝဠာတစ်ခုလုံး၏ ငိုရှိုက်သံကဲ့သို့ပင် လေးလံလှပေတော့သည်။
သူ၏အရှေ့တွင်တော့ ကြီးမားလှသည့် လမင်းကြီးတစ်စင်းရှိကာ လမင်းကြီးကို နောက်ခံထားလျက် ငယ်ရွယ်သော လုလင်ပျိုတစ်ဦးက သူ့အား မျက်လုံးသေကြီးတို့ဖြင့် စိုက်ကြည့်နေသည်။
လုလင်ပျိုဟာ အဖြူရောင်အင်မော်တယ်ဝတ်ရုံအား ဝတ်ဆင်ထားပြီး သူ၏ငွေရောင်ဆံပင်ရှည်တို့ဖြင့် အလွန်တရာမှ ချောမောခန့်ညားလှသည်။
လုလင်ပျို၏ အရှိန်အဝါမှာ အလွန်အားကောင်းလှပြီး စကြဝဠာကြီးတစ်ခုလုံးကို ၂ ခြမ်းပိုင်းပြစ်နိုင်လောက်ပေသည်။
သို့သော် လုလင်ပျိုသည် အစွမ်းထက်သလောက် အသက်မဲ့နေလေပြီး ရုပ်သေးရုပ်တစ်ရုပ် သို့မဟုတ် ကပ်ပါးကောင်းတစ်ကောင်မှ ပူးကပ်ထားခံရသကဲ့သို့ဖြစ်နေသည်။
လုလင်ပျိုသည် သူ၏ဖြူလျော်လျော် နှုတ်ခမ်းပါးအား လှုပ်ရှားခြင်းမရှိပဲ ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ရပ်တန့်နေသော်လည်း သူထံမှ အသံတစ်သံထွက်ပေါ်လာ၏။
“လင်းရှောင်....လင်းရှောင်.... မင်းက တကယ်ကိုပိုးဟပ်တစ်ကောင်လိုပဲ။ ငါလိုလူရဲ့လက်ထဲကနေ နှစ်ပေါင်း ၁ သိန်းကြာအောင် ပြေးနိုင်ခဲ့တယ်။”
“ဒါပေမဲ့လည်း မင်းက မင်းရဲ့သတ်မှတ်ပြီးသား ကံကြမ္မာကိုတော့ မရှောင်လွဲနိုင်ပါဘူးကွာ။” လုလင်ပျို၏အသံသည် ပိုးကောင်တစ်ကောင်လို အက်ရှရှအသံဖြစ်ကာ နားဝင်ဆိုးလှသည်။
အဘိုးကြီးလင်းရှောင်ကတော့ သေခါနီးဖြစ်နေသော်လည်း သူ၏ခေါင်းအားမေ့၍ လုလင်ပျိုအား သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ကြည့်လိုက်သည်။
“ကျီရှင်းဧကရာဇ်.....ငါမင်းကိုကျိန်းသေပေါက်သတ်ပြစ်မယ်။” လင်းရှောင်၏မျက်လုံးထဲမှ သတ်ဖြတ်လိုခြင်းအကြည့်ဟာ သိပ်ကိုမှ အားကောင်းလွန်းလှပြီး ကျီရှင်းဧကရာဇ်အား အလွန်မုန်းတီးနေသည့် ပုံရသည်။
“ဟားဟားဟား မင်းက ငါ့ကိုသတ်မယ် ဟုတ်လား တကယ်ကို ရယ်ချင်စရာပဲ.....အဆင့်နိမ့်မျိုးနွယ်ကများ” ကျီရှင်းဧကရာဇ်ဟာ ကျောက်ရုပ်အတိုင်းဆိုသော်လည်း ပိုးကောင်ကဲ့သို့အက်ရှရှရယ်သံကြီးက ထွက်ပေါ်လာသည်။
“တော်ပြီ မင်းကိုပြိုင်ဘက်တစ်ယောက်အနေနဲ့ လေးစားလို့ သက်တောင့်သက်သာနဲ့ သေခွင့်ပေးလိုက်မယ်။” ကျီးရှင်းဧကရာဇ်ကပြောလိုက်ပြီး သူ၏ လက်အားမြောက်၍ အဘိုးကြီးလင်းရှောင်အား လက်ညိုးထိုးလိုက်သည်။
အဘိုးကြီးလင်းရှောင်ကတော့ သူသေရတော့မည်ကို သိနေသော်လည်း ထူးဆန်းစွာပင် နည်းနည်းလေးမှ ကြောက်ရွံခြင်းမရှိပဲ ကျီရှင်းဧကရာဇ်ကိုသာ မုန်းတီးခြင်းမျက်ဝန်းတို့ဖြင့် စိုက်ကြည့်နေသည်။
ကျီရှင်းဧကရာဇ်၏ လက်ညိုးထိပ်တွင် ဂေါ်လီလုံးအကြီးအရွယ် ငွေရောင်အလင်းလုံးလေး ထွက်ပေါ်လာသည်။
ပြီးနောက်တွင် ငွေရောင်အလင်းလုံးက တုန်ခါလာပြီး အံမခန်းအလျင်နှုန်းဖြင့် အဘိုးကြီးလင်းရှောင်၏ နဖူးထိပ်သို့ ပြေးထွက်သွားသည်။
ငွေရောင်အလင်းလုံး၏အလျင်မှာ အလွန်မြန်ဆန်လှသောကြောင့် ငွေရောင်အလင်းတန်းအသွင်ဖို့အဖြစ်ပင် ပြောင်းလဲသွားလေသည်။
“ဒေါင်.....” ငွေရောင်အလင်းတန်းလေးက အဘိုးကြီးလင်းရှောင်၏ နဖူးကိုထိတော့မည့် အချိန်တွင် ရုတ်တရက် စကြဝဠာကြီးတစ်ခုလုံး၏ အချိန်က ရပ်တန့်သွားလေသည်။
ကျီရှင်းဧကရာဇ်၊ ပေါက်ကွဲနေသောကြယ်ကြီးများ၊ ပျံသန်းနေသော အင်မော်တယ်ကြီးများ၊ အစွမ်းထက်တန်ခိုးရှင်များ၊ စသည်သူတွေအားလုံးဟာလည်း အချိန်ရပ်တန့်ခြင်းအား မလွန်ဆန်နိုင်ကြလေချေ။
အချိန်ရပ်တန့်မှုတွင် သက်ရောက်ခြင်းမရှိသော တစ်ဦးတည်းသောဖြစ်သူ အဘိုးကြီးလင်းရှောင်ကသာ စိတ်ပျက်လက်ပျက်ဖြင့် သက်ပျင်းချလိုက်ပြီး ရေရွတ်လိုက်သည်။
“ဒီတစ်ခါနဲ့ဆိုရင် ၁၇ ခါရှိပြီ။ ဒီတစ်ကြိမ်မာရော ငါဘာကိုမှမပြောင်းလဲနိုင်ခဲ့ပါဘူးလေ။” အဘိုးကြီးလင်းရှောင်၏ လေသံသည် အလွန်လေးလံနေပုံရကာ သူ၏မျက်ဝန်းများကလည်း စိတ်ပျက်ခြင်းတို့ဖြင့်ပြည့်နှက်နေသည်။
ရုတ်တရက်သူက မျက်စေ့ရှေ့က အလင်းတန်း နှင့်အတူ ရပ်တန့်နေဆဲဖြစ်သည့် ကျီရှင်းဧကရာဇ်အား ဇဝေဇဝါဖြင့်ကြည့်လိုက်သည်။
“ပုံမှန်ဒီအချိန်လောက်ဆိုရင် အကုန်လုံးအစကနေ ပြန်စနေပြီ မဟုတ်လား” အဘိုးကြီးလင်းရှောင်က မှင်သက်စွာဖြင့် မေးခွန်းထုတ်လိုက်သည်။
ထိုအခိုက် အကန့်အသတ်မဲ့စကြဝဠာကြီးတစ်ခုလုံးကိုပင် ပဲ့တင်သံထွက်သွားစေသည့် အေးစက်ကာ မာနကြီးသော အသံတစ်သံထွက်ပေါ်လာသည်။
“အမှိုက်”
ထိုစကားလုံးတစ်လုံးသည် အေးစက်မာကျောပြီး နားထဲသို့ စူးရှစွာ ထိုးဖောက်ဝင်ရောက်လာရုံသာမက၊ စကြဝဠာတစ်ခုလုံး၏ နက်ရှိုင်းသော အမှောင်ထုထဲတွင်ပင် ထာဝရတည်မြဲသွားမည့် ပဲ့တင်သံတစ်ခုကဲ့သို့ ဟိန်းထွက်သွားသည်။
“ချွင်...”
နားထဲတွင် သတ္တုကြိုးတစ်ချောင်း ပြတ်တောက်သွားသကဲ့သို့သော အသံတိုးတိုးလေး ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက်၊ ရပ်တန့်နေခဲ့သော အချိန်သည် ရုတ်တရက် ပြန်လည်စီးဆင်းလာသည်။
အဘိုးကြီးလင်းရှောင်၏ နဖူးဆီသို့ အရှိန်ပြင်းစွာ တိုးဝင်လာခဲ့သော ငွေရောင်အလင်းတန်းလေးသည် သူ၏ ပစ်မှတ်နှင့် လက်မအနည်းငယ်အကွာသို့ ရောက်ရှိလာသည့်အခါတွင်တော့ မည်သူတစ်ဦးတစ်ယောက်၏ ထိန်းချုပ်မှုမှမပါဘဲ ဖယောင်းတိုင်မီးကို လေဖြင့်မှုတ်လိုက်သကဲ့သို့ “ဖူး...” ဟူသော အသံနှင့်အတူ အငွေ့ပြန်ပျောက်ကွယ်သွားလေသည်။
ထိုအဖြစ်အပျက်ကြောင့် အချိန်ပြန်လည် လည်ပတ်လာ၍ လှုပ်ရှားနိုင်ပြီဖြစ်သော ကျီရှင်းဧကရာဇ်တစ်ယောက် အံ့ဩမှုဖြင့် ဆွံ့အသွားသည်။
သူ၏ အစွမ်းကုန်ထုတ်သုံးထားသော တိုက်ခိုက်မှုသည် ဤသို့ လွယ်ကူစွာ ပျက်ပြယ်သွားလိမ့်မည်ဟု သူတစ်ခါမျှ မတွေးခဲ့ဖူးချေ။
သို့သော် သူ့အား အံ့ဩချိန်ပင် မပေးလိုက်။
သူနှင့် အဘိုးကြီးလင်းရှောင်တို့၏ ကြား၊ ပျက်စီးနေသော ကြယ်တာရာများ၏ နောက်ခံတွင် အရိပ်သဏ္ဍာန်တစ်ခုသည် မည်သည့်အချိန်ကတည်းက ရောက်ရှိနေမှန်းမသိဘဲ ထင်ရှားစွာ ပေါ်ထွက်လာသည်။
ထိုသူသည် မည်သူမည်ဝါဖြစ်သည်ကို မည်သူမျှ မသိနိုင်။ သူ၏ ခန္ဓာကိုယ်ကို နက်ရှိုင်းသော အမှောင်ထုနှင့် လွင့်မျောနေသော နဂါးငွေ့တန်းအမှုန်များက ဖုံးလွှမ်းထားသည်။
သို့သော် သူ၏ တည်ရှိမှုတစ်ခုတည်းကပင် ပျက်စီးနေသော စကြဝဠာတစ်ခုလုံးအား ဒူးထောက်တုန်လှုပ်သွားစေရန် လုံလောက်နေ၏။
သူ၏ ကိုယ်မှထွက်ပေါ်နေသော ဖိအားသည် ကျီရှင်းဧကရာဇ်၏ အရှိန်အဝါထက် အဆပေါင်း ကုဋေကုဋာမက သာလွန်နေပြီး အရာအားလုံး၏ အရှင်သခင်၊ ဖန်ဆင်းရှင်တစ်ပါးကဲ့သို့ပင် ထင်မှတ်မှားစေသည်။
ထိုလျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်၏ တစ်ခုတည်းသောမြင်သာသည့်အရာမှာ သူ၏ မျက်ဝန်းများပင်ဖြစ်သည်။ အမှောင်ထုကြားမှ ထိုးထွက်နေသော ထိုမျက်ဝန်းတစ်စုံသည် ရွှေရောင်အလင်းများ တောက်ပနေပြီး နေလုံးလေးနှစ်စင်းကဲ့သို့ ပူလောင်တောက်ပလျက်ရှိသည်။
ကျီရှင်းဧကရာဇ်သည် ထိုရွှေရောင်မျက်ဝန်းများနှင့် အကြည့်ချင်းဆုံမိသည့်အခါ သူ၏ တစ်ကိုယ်လုံးရှိ သွေးများပင် ခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
သူ၏ အင်မော်တယ်ဝိညာဉ်သည် အကြောင်းအရင်းမရှိ တုန်ရီလာပြီး သူ၏ နှစ်ပေါင်းများစွာ မခံစားခဲ့ရဖူးသော ‘ကြောက်ရွံ့ခြင်း’ ဟူသည့် ခံစားချက်သည် သူ၏ ဦးနှောက်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
သူသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားလိုက်သော်လည်း သူ၏ လည်ချောင်းထဲမှ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိပေ။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုသူ၏ အကြည့်တော်အောက်တွင် လုံးဝချုပ်နှောင်ခံထားရသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်ကြီးသည် သူ၏ ရွှေရောင်မျက်ဝန်းများကို ဖြည်းညှင်းစွာဖြင့် ကျီရှင်းဧကရာဇ်ထံသို့ အတိအကျ စူးစိုက်ကြည့်လိုက်သည်။
ထိုအကြည့်သည် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်သော အကြည့်မျိုးဖြစ်သည်။ ထိုအကြည့်ထဲတွင် အဆုံးမဲ့သော မာနထောင်လွှားမှု၊ အရာအားလုံးကို တန်းတူဟုမသတ်မှတ်သော မထီမဲ့မြင်ပြုမှုတို့နှင့်အတူ ပုရွက်ဆိတ်တစ်ကောင်အား ကြည့်နေသကဲ့သို့သော အအေးစက်ဆုံးသော အကြည့်မျိုး ပါဝင်နေသည်။
သူ၏ နေလိုပူပြင်းသော အကြည့်သည် ကျီရှင်းဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည့်အခိုက်...
“ရှဲ...ရှဲ...ရှဲ...”
ကြောက်မက်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
ကျီရှင်းဧကရာဇ် ဝတ်ဆင်ထားသော အဖြူရောင်အင်မော်တယ်ဝတ်ရုံသည် မီးနှင့်ထိသော စက္ကူတစ်ရွက်ကဲ့သို့ ချက်ချင်းပင် တစစီလောင်ကျွမ်းကာ ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားသည်။
“အား...”
ကျီရှင်းဧကရာဇ်၏ ဝိညာဉ်တစ်ခုလုံးမှ ထွက်ပေါ်လာသော နာကျင်စွာအော်ဟစ်သံသည် စကားလုံးအဖြစ် ထွက်မလာနိုင်ခင်မှာပင်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် အတွင်းမှအပြင်သို့ စတင်လောင်ကျွမ်းလာသည်။
သူ၏ ချောမောခန့်ညားသော ငွေရောင်ဆံပင်ရှည်များ၊ သူ၏ ဖြူလျော်သော အသားအရည်၊ သူ၏ သန်မာသော ကြွက်သားများ၊ သူ၏ မာကျောသော အရိုးများနှင့် နောက်ဆုံးတွင် သူ၏ မာနကြီးသော ဝိညာဉ်အထိ... အရာအားလုံးသည် ထိုရွှေရောင်အလင်းတန်းများ၏ အပူရှိန်အောက်တွင် တဖြည်းဖြည်း အရည်ပျော်ကာ အငွေ့ပြန်တက်သွားပြီး လောကကြီးထဲမှ ထာဝရပျောက်ကွယ်သွားခဲ့တော့သည်။
ဖြစ်စဉ်တစ်ခုလုံးသည် အချိန်စက္ကန့်ပိုင်းမျှသာ ကြာမြင့်သော်လည်း အဘိုးကြီးလင်းရှောင်၏ အမြင်တွင်တော့ ထာဝရကဲ့သို့ ရှည်ကြာနေသကဲ့သို့ပင်။
သူ၏ နှစ်ပေါင်းသန်းချီအကြာ ရန်သူ၊ သူ၏ အကြိမ်ပေါင်းများစွာသော ရှုံးနိမ့်မှုများ၏ အကြောင်းအရင်း၊ သူ၏ အဆုံးမဲ့သော မုန်းတီးမှုများ၏ ပစ်မှတ်ဖြစ်ခဲ့သော ကျီရှင်းဧကရာဇ်သည် သူ၏ မျက်စိရှေ့တွင်ပင်... အကြည့်တစ်ချက်တည်းဖြင့် ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
ဒဏ်ရာများဖြင့် ပြည့်နှက်နေသော အဘိုးကြီးလင်းရှောင်သည် သူ၏ ဒဏ်ရာများမှ စီးကျနေသော သွေးများကိုပင် သတိမထားနိုင်တော့ဘဲ၊ ကျီရှင်းဧကရာဇ် ရှိခဲ့ဖူးသော လေဟာနယ်နေရာကို ကြောင်ငေးကြည့်နေမိသည်။
ထို့နောက် သူ၏ မျက်ဝန်းများသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ထိုနေလုံးကဲ့သို့ မျက်ဝန်းတစ်စုံပိုင်ရှင်၊ စကြဝဠာတစ်ခုလုံး၏ အရှင်သခင်ထံသို့ တဖြည်းဖြည်း ရွှေ့သွားလေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင်... စကြဝဠာတစ်ခုလုံးသည် ပုံစံပြောင်းလဲသွားခဲ့သည်။ လျှို့ဝှက်ဆန်းကြယ်သော ထိုပုဂ္ဂိုလ်၏ ပေါ်ထွက်လာမှုကြောင့် ယခုလေးတင် ပျက်စီးအကျည်းတန်နေခဲ့သော စကြဝဠာကြီးသည် ချက်ချင်းဆိုသလိုပင် လှပသောအသွင်သို့ ပြောင်းလဲသွား၏။
လေထဲမှာရှိနေတဲ့ ဖုန်မှုန်တွေနဲ့ ပျက်စီးနေတဲ့ ကြယ်စအနတွေဟာ ပင်လယ်လှိုင်းတွေက သဲအိမ်တွေကို လှပစွာ မျောပါသွားစေသလိုမျိုး... အလင်းမှုန်တွေအဖြစ် တောက်ပစွာ ပြောင်းလဲသွားကြသည်။
ထို့နောက်မှာတော့ ထိုအလင်းမှုန်များသည် လှပတဲ့ဂြိုဟ်တွေ၊ တောက်ပတဲ့ ကြယ်တာရာတွေနဲ့ သက်ရှိတို့အတွက် လိုအပ်တဲ့ စွမ်းအင်တွေအဖြစ် အလိုလို ပြန်လည်စုစည်းသွားကြသည်။
အချိန်၊ နေရာ၊ စွမ်းအင်နဲ့ အာကာသနယ်ပယ်ဆိုတဲ့ ဥပဒေတွေကလည်း လျှို့ဝှက်ဆန်းကြယ်တဲ့ ထိုပုဂ္ဂိုလ်ရဲ့ အမိန့်ကို နာခံပြီး စနစ်တကျ ပြန်လည်အသက်ဝင်လာကြသည်။
အဘိုးကြီးလင်းရှောင် ရပ်နေတဲ့ ဖုန်မှုန်တွေနဲ့ ပြည့်နေတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှားလေးကလည်း တဖြည်းဖြည်းနဲ့ အသွင်ပြောင်းလဲလာတယ်။
မျက်စိရှေ့တွင် မြေကြီးက တောက်ပလာပြီး ပန်းခင်းတွေ၊ အစိမ်းရောင်သစ်ပင်တွေနဲ့ စိမ်းလန်းစိုပြေတဲ့ သစ်တောတွေအဖြစ် ချက်ချင်းဆိုသလို ပြောင်းလဲသွားတယ်။
သူ့ရဲ့ ဒဏ်ရာတွေကလည်း မမြင်နိုင်တဲ့စွမ်းအားတစ်ခုကြောင့် အလိုလို ပြန်လည်ကုစားခံလိုက်ရပြီး သူ့ခန္ဓာကိုယ်ထဲကို စွမ်းအင်တွေက တဖန်ပြန်လည် စီးဆင်းလာတယ်။
ထိုအချိန်မှာတော့ ထိုလျှို့ဝှက်ဆန်းကြယ်တဲ့ ပုဂ္ဂိုလ်ရဲ့ ပုံရိပ်ကလည်း အမှောင်ထုထဲကနေ ပိုပြီးထင်ရှားလာခဲ့တယ်။
ပုဂ္ဂိုလ်ဟာ လူသားတစ်ယောက်ရဲ့ အသွင်သဏ္ဍာန်နဲ့တူပြီး သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပတဲ့ ရွှေရောင်သွေးကြောတွေနဲ့ ဖုံးလွှမ်းနေကာ မီးတောက်တွေနဲ့တူတဲ့ အလင်းတန်းတွေက အမြဲတမ်း ပျံသန်းနေသည်။
သူ့ရဲ့ရွှေရောင်ဆံပင်ရှည်တွေကလည်း မီးတောက်တွေလိုပဲ ကောင်းကင်ထဲကို လှပစွာ လွင့်ပျံနေသည်။ သူ့ရဲ့ အကြည့်စူးရှနေတဲ့ ရွှေရောင်မျက်ဝန်းနှစ်ခုအောက်မှာ မာနနဲ့ အရာအားလုံးကို တန်ဖိုးမထားတဲ့ အေးစက်မှုတွေအပြည့်နဲ့ ဖုံးလွှမ်းနေခဲ့တယ်။
ထိုပုဂ္ဂိုလ်ဟာ သူ၏ မျက်ဝန်းနှစ်ခုဖြင့် လင်းရှောင်ကို အေးစက်စွာ စူးစိုက်ကြည့်လိုက်၏။ လင်းရှောင်ကတော့ သူ၏ ကိုယ်ခန္ဓာနှင့် မျက်နှာပေါ်မှာ နေမင်းနှစ်စင်း ထွက်ပေါ်လာသလို ခံစားလိုက်ရပြီး သူ့ရဲ့ဝိညာဉ်အထိ ဖြတ်သန်းဝင်ရောက်သွားတဲ့ အကြည့်ကြောင့် တုန်လှုပ်ခြောက်ခြားသွားသည်။
စကြဝဠာတစ်ခုလုံးကို ဖန်ဆင်းရှင်လို ဖန်တီးနိုင်စွမ်းရှိတဲ့ ထိုပုဂ္ဂိုလ်က ဘယ်သူဖြစ်မလဲ။ ဤပုဂ္ဂိုလ်သည် သူ့အား စကြဝဠာကြီးပျက်စီးသွားတိုင်း အတိတ်သို့ပြန်လည်၍ ပို့နေသူလားဟူ၍ လင်းရှောင်က မေးခွန်းထုတ်လိုက်မိသည်။
“On your knees, mortal” (သေမျိုး၊ ဒူးထောက်။) စကြဝဠာအရှင်ကဲ့သို့အစွမ်းထက်သော သူ၏စကားလုံးတို့မှာ စကြဝဠာတစ်ခုလုံးတွင် ပဲ့တင်သံထွက်ပေါ်လာပြီး လင်းရှောင်ဟာလည်း မထိန်းချုပ်နိုင်တော့ပဲ အလိုအလျောက်ဒူးထောက်ကျသွားလေသည်။
လင်းရှောင်က ကြောက်ရွံ ကြည်ညိုစွာဖြင့် မေးခွန်းထုတ်လိုက်မိသည်။ “အသင်က ဘယ်သူပါလဲ”
စကြဝဠာအရှင်က လင်းရှောင်အား နေမင်းကဲ့သို့နွေးထွေးသော်လည်း အားကောင်းသည့် နေမျက်လုံးဖြင့်ကြည့်လိုက်သည်။
“ငါက နေနတ်ဘုရား။”
(“I’m Sun Immortal. )
“ဒီစကြဝဠာကြီးထဲမာရှိတဲ့ သက်ရှိ၊ သက်မဲ့၊ အရာခပ်သိမ်းရဲ့အထက်မှာ ငါရပ်တည်တယ်။”
(I stand above everything and everyone in this universe.”)
“ငါက ပြိုင်ဘက်ကင်းတယ်။”
(“I’m invincible.”)
နေနတ်ဘုရား၏ ဩဇာအာဏာကြီးမားလှသော အသံက ပဲ့တင်သံထွက်ပေါ်လာသည်။ ပြီးနောက်တွင် နေနတ်ဘုရားက ဆက်လက်၍ ပြောလိုက်သည်။
“သေမျိုးအမှိုက်၊ ဒီအင်ပါယာက သင်ကို အခွင့်အရေး ၁၇ ကြိမ်ပေးပြီးပြီ။ အဘယ်ကြောင့် သင်က အားနည်းလွန်းတဲ့ ပြိုင်ဘက်ကို အနိုင်မယူနိုင်သေးသလဲ”
အဘိုးကြီးလင်းရှောင်ကတော့ လက်ဆက်သည့် အစိမ်းရောင်မြက်ပင်များအား လက်သီးဖြင့်စုပ်လိုက်ကာ အံကြိတ်လိုက်၏။
“ကျုပ်ရဲ့ ဘဝပေါင်း ၁၇ ကြိမ်လုံးကို ပေါင်းလိုက်ရင် သူ့ကိုတိုက်ခိုက်လာခဲ့တာ နှစ်သန်းချီနေပြီ။”
“ဒါပေမဲ့ ကျုပ်မာ လိုအပ်တဲ့ပါရမီ နဲ့ ကံကောင်းမှုမရှိဘူး။”
“ကျုပ်အစီအစဥ်ပေါင်းသောင်းချီရှိခဲ့ပေမဲ့ ဧကရာဇ်ကျီရှင်းရဲ့ ခွန်အားအောက်မှာတော့ အသုံးမဝင်ခဲ့ဘူး။”
နေနတ်ဘုရားက သူ၏ခေါင်းလေးအား အနည်းငယ်စောင်းလိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တို့က တွန့်ကွေးသွားလေသည်။
“ကောင်းပြီ ငါမင်းလိုအပ်တဲ့ ပါရမီ နဲ့ ကံကောင်းမှုကိုပေးစွမ်းနိုင်တယ်။ ဒါပေမဲ့ ဒီ ၁၈ ကြိမ်မြောက်က မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။”
နေနတ်ဘုရားက ပြောလိုက်ပြီးနောက် သူ၏နေမင်းမျက်လုံးဖြင့် အဘိုးကြီးလင်းရှောင်အား စိုက်ကြည့်လိုက်သည်။
“ခနလေး ကျုပ်မာ မေးစရာမေးခွန်းတွေအများကြီး....” အဘိုးကြီးလင်းရှောင်က ထိုသို့ပြောလိုက်သော်လည်း သူ၏စကားမဆုံးခင်မာပင် တစ်ကိုယ်လုံးက ပြာပုံဖြစ်သွားလေသည်။
အဘိုးကြီးလင်းရှောင်၏ မေးခွန်းများထဲမှ တစ်ခုဟာတော့ နေနတ်ဘုရားဟာ ဧကရာဇ်ကျီရှင်းအား ဤမျှလွယ်ကူစွာသတ်နိုင်လျှင် အဘယ်ကြောင့် သူ့အား ထပ်ခါထပ်ခါ အတိတ်သို့ပြန်ပို့နေသနည်းဟူ၍ပင်ဖြစ်သည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၁၅ + ၁၁၆ + ၁၁၇ + ၁၁၈ + ၁၂၀) ပြီး