အခန်း (၁၂၈+၁၂၉+၁၃၀)
Vol. 13 Ch. 128+129+130
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၈ + ၁၂၉ + ၁၃၀)
အင်မော်တယ်ယာဉ်ပျံ၏ ရေချိုးခန်းဆောင်တစ်ခုလုံးသည် အဖိုးတန် နံ့သာပေါင်းများ၏ ရနံ့နှင့် ရေနွေးငွေ့တို့ဖြင့် ပြည့်နှက်နေသည်။
ရွှေရောင်နဂါးခေါင်းပန်းခေါင်းမှ ကျဆင်းနေသော ရေနွေးများသည် ကြည်လင်သော ကျောက်စိမ်းရေကန်ထဲသို့ တသွင်သွင်စီးဝင်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို နွေးထွေးငြိမ်းချမ်းသော အငွေ့အသက်များဖြင့် လွှမ်းခြုံထားသည်။
ထိုငြိမ်းချမ်းမှု၏ ဗဟိုတွင် ထျန်ရှင်းလုသည် မျက်လုံးများကို မှိတ်ထားရင်း ရေကန်၏ ကျောက်သားနံရံကို မှီကာ အနားယူနေသည်။
သူ၏ ကျယ်ပြန့်သော ရင်အုပ်နှင့် သန်မာသော လက်မောင်းများပေါ်တွင် တပ်ဆင်ထားသည့် သံမဏိကဲ့သို့ ကြွက်သားများက ရေစက်များဖြင့် တောက်ပနေသည်။
သူ၏ဘေးတွင် ညီမ ၅ သည် ဒူးထောက်ထိုင်ရင်း သူမ၏ နူးညံ့ဖြူဖွေးသော လက်ချောင်းလေးများဖြင့် ထျန်ရှင်းလု၏ တင်းမာနေသော ပခုံးကြွက်သားများကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။
သူမ၏ မျက်နှာသည် အမူအရာကင်းမဲ့နေသော်လည်း၊ သူမ၏ မျက်ဝန်းများထဲတွင်မူ ထိန်းချုပ်ထားသော လေးစားမှုနှင့် ကြောက်ရွံ့မှုတို့က အရိပ်ထင်နေသည်။
ထျန်ရှင်းလု၏ ရုတ်တရက်ထွက်ပေါ်လာသော ရယ်သံကြောင့် သူမ၏ လက်များ ခေတ္တမျှတန့်သွားသည်။
“ဟားဟားဟား။ ကောင်းတယ်၊ သိပ်ကိုကောင်းတယ်။”
၁၂ နာရီထိုးသွားသည်နှင့်တစ်ပြိုင်နက် လောကကြီးတစ်ခုလုံးက အေးခဲရပ်တန့်သွားကာ ထျန်ရှင်းလု၏ ဝိညာဉ်သည် အကျွမ်းတဝင်ရှိလှသော အဖြူရောင်အခန်းကျယ်ကြီးတစ်ခုထဲသို့ ရောက်ရှိသွားသည်။
အဆုံးမဲ့ဟုထင်ရသော အဖြူရောင်ကမ္ဘာကြီး၏အလယ်တွင် သူတစ်ယောက်တည်းရပ်နေစဉ်၊ သူ၏အရှေ့တွင် ဂေါ်လီအရွယ် အလင်းလုံးလေး ၅ လုံး ပေါ်လာသည်။
ထိုအလင်းလုံးလေးများသည် ချက်ချင်းပင် ၇ လက်မအရွယ် အတောင်ပံပါနတ်သမီးငယ်လေးများအဖြစ်သို့ အသွင်ပြောင်းသွား၏။
တစ်ချိန်တည်းမှာပင် ကောင်းကင်ယံမှ ရောင်စုံအလင်းများထုတ်လွှတ်နေသော ဘောလုံးကြီးတစ်ခုထွက်ပေါ်လာပြီး မြူးကြွသောသီချင်းသံနှင့်အတူ အဖြူရောင်ကမ္ဘာကြီးကို ရောင်စုံကပွဲတစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်သည်။
အတောင်ပံပါနတ်သမီး ၅ ယောက်သည် သူမတို့၏ဂါဝန်များအား ကေပေါ့အိုင်ဒေါများကဲ့သို့ ကခုန်ရင်း သီချင်းစဆိုလေတော့သည်။
“ကဒ်ကလေး ကဒ်ကလေး ဆွဲကြ ဆွဲကြ”
“ဂါချာ ဂါချာ ဆွဲကြ ဆွဲကြ”
“ဂါချာကဒ်ကလေးတွေ ဆွဲကြမယ် ဟိတ်ဟိတ်ဟိတ်”
သီချင်းသံဆုံးသွားသောအခါ နတ်သမီးလေးများက အသံပြိုင်ညီညာစွာဖြင့် ကြေညာလိုက်သည်။
“ဒီကနေ့ရဲ့ ဂါချာကဒ်လေးတွေကတော့... သိုင်းကျင့်စဉ်ဂါချာကဒ် ဖြစ်ပါတယ်ရှင်”
ထို့နောက်တွင် သူတို့ ၅ ယောက်လုံးသည် အလင်းမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏ရှေ့မှောက်တွင် ဖုန်းတစ်လုံးအရွယ်အစားရှိသော ဂါချာကဒ်များ ပေါ်ထွက်လာသည်။
ထိုအထဲတွင် ထိန်ထိန်ညီးနေသော ရွှေရောင်ကဒ် ၅ ကဒ်ရှိနေပြီး၊ ထိုကဒ်များအားလုံး၏ အလင်းရောင်ကိုပင် မှေးမှိန်သွားစေလောက်သည့် မြင့်မြတ်သော ပလတ်တီနမ်ရောင်အလင်းတန်းများဖြာထွက်နေသည့် ကဒ်တစ်ကဒ်လည်း ရှိနေသည်။
ထျန်ရှင်းလုသည် ရွှေရောင်ကဒ်များကို လျစ်လျူရှုကာ သူ၏အာရုံအားလုံးကို ပလတ်တီနမ်ကဒ်ပေါ်သို့ စုစည်းလိုက်သည်။ သူ၏နှလုံးသားသည် မျှော်လင့်ချက်များဖြင့် အဆမတန် ခုန်လှုပ်သွားသည်။
[ပလတ်တီနမ်အဆင့် သိုင်းကျင့်စဉ်ဂါချာကဒ်]
[အမည် - နဂါးနတ်ဘုရားကျင့်စဉ် အတွဲ ၁]
[ဖော်ပြချက် - နဂါးနတ်ဘုရားကျင့်စဉ်၏ အတွဲ ၁ တွင် နဂါးအော်ရာကျင့်စဉ်ပါရှိသည်။ နဂါးအော်ရာအား ကျွမ်းကျင်စွာကျင့်ကြံနိုင်ခဲ့လျှင် မြွေနှင့် နဂါးမျိုးနွယ်နှင့်သွေးနီးသော သတ္တဝါများအား ခိုင်းစေနိုင်သည်။]
[စျေးနှုန်း - နှစ် ၃၀,၀၀၀]
“ဒါပဲ... ဒါပဲဖြစ်ရမယ်” ထျန်ရှင်းလု၏ စိတ်ထဲတွင် ကျယ်လောင်စွာအော်ဟစ်လိုက်သည်။ ဤကျင့်စဉ်သည် သူ၏ အကြွင်းမဲ့စွမ်းအားလမ်းစဉ်အတွက် အကောင်းဆုံးသောအစပြုမှုပင်။
သူသည် ကဒ်ကိုရွေးချယ်ရန် လက်လှမ်းလိုက်စဉ် ချစ်စဖွယ်နတ်သမီးငယ်လေးတစ်ပါးပြန်ပေါ်လာပြီး ပြောလိုက်သည်။
“ပလတ်တီနမ်အဆင့်ကျင့်စဉ်ကဒ် [နဂါးနတ်ဘုရားကျင့်စဉ် အတွဲ ၁] အတွက် သက်တမ်း အနှစ် ၃၀,၀၀၀ ကျသင့်ပါမယ်ရှင်”
ထိုစျေးနှုန်းကိုကြားသောအခါ ထျန်ရှင်းလုတစ်ချက်မျှ တုံ့ဆိုင်းသွားခြင်းမရှိပေ။ သူ၏ကိုယ်ရေးအချက်အလက်ကို ချက်ချင်းဖွင့်ကြည့်လိုက်သည်။
[အမည် - ထျန်ရှင်းလု]
[လက်ကျန်သက်တမ်း - ၆၅,၀၂၁ နှစ်]
[…]
“အနှစ်သုံးသောင်းဆိုတာ ဘာမှမဟုတ်ဘူး။ ဒီကျင့်စဉ်ကိုရပြီးရင် ငါ့ရဲ့သက်တမ်းက အဆပေါင်းများစွာ တိုးလာတော့မှာပဲ”
“ဝယ်မယ်” သူပြတ်သားစွာပြောလိုက်သည်။
“အားပေးမှုကို ကျေးဇူးတင်ပါတယ်ရှင်။ နောက်လဲအားပေးပါဦးနော်။ အာဘွား”
နတ်သမီးလေးပျောက်ကွယ်သွားပြီး ပလတ်တီနမ်ကဒ်သည် သူ၏ဝိညာဉ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည်။ သူ၏သက်တမ်းသည်လည်း ချက်ချင်းပင် ၁၅,၀၂၁ နှစ်သို့ ပြောင်းလဲသွားသည်။
“ထွက်ခွာမယ်”
သူ၏ဝိညာဉ်သည် ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာပြီး အချိန်များပြန်လည်စတင်သောအခါ သူ၏မျက်နှာထက်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးတို့က ဖြစ်ထွန်းလာသည်။
အင်မော်တယ်ယာဉ်ပျံ၏ ရေချိုးခန်းဆောင်တစ်ခုလုံးသည် အဖိုးတန် နံ့သာပေါင်းများ၏ ရနံ့နှင့် ရေနွေးငွေ့တို့ဖြင့် ပြည့်နှက်နေသည်။
ရွှေရောင်နဂါးခေါင်းပန်းခေါင်းမှ ကျဆင်းနေသော ရေနွေးများသည် ကြည်လင်သော ကျောက်စိမ်းရေကန်ထဲသို့ တသွင်သွင်စီးဝင်နေသည်။
ထိုငြိမ်းချမ်းမှု၏ ဗဟိုတွင် ထျန်ရှင်းလုသည် မျက်လုံးများကို မှိတ်ထားရင်း အနားယူနေသည်။ သူ၏ဘေးတွင် ညီမ ၅ သည် သူ၏ ပခုံးကြွက်သားများကို ညင်သာစွာ နှိပ်နယ်ပေးနေသည်။
ရုတ်တရက် ထျန်ရှင်းလုထံမှ ထိန်းမနိုင်သိမ်းမရသော ရယ်သံကြီးထွက်ပေါ်လာသည်။
“ဟားဟားဟား။ ကောင်းတယ်၊ သိပ်ကိုကောင်းတယ်”
သူ၏စိတ်ထဲတွင် ‘နဂါးနတ်ဘုရားကျင့်စဉ်’ ၏ အစွမ်းအာနိသင်ကိုတွေးရင်း အတိုင်းမသိပီတိဖြစ်နေသည်။ လွန်ခဲ့သော ရက်အနည်းငယ်ကသာဆိုလျှင် သူ၏ညံဖျင်းလှသော ပါရမီကြောင့် ဤကျင့်စဉ်သည် သူနှင့်လုံးဝမသက်ဆိုင်သော၊ အိပ်မက်ပင်မက်ခွင့်မရှိသည့် အရာတစ်ခုဖြစ်လိမ့်မည်။
သို့သော်... ယခုမူ အခြေအနေက မတူတော့။ ‘ကုန်းမြေတိုက်ကြီး၏ အမွေခံကောင်းချီး’ သည် သူ၏ညံ့ဖျင်းလှသော ကျင့်ကြံခြင်းပါရမီကို ပြောင်းပြန်လှန်ပစ်ခဲ့ပြီဟု သူအကြွင်းမဲ့ယုံကြည်သည်။
“ငါ့ရဲ့ပါရမီက သာမန်ပဲဖြစ်ရမယ် ဟုတ်လား” ရှောင်ဘိုးဘေး၏ လှောင်ပြောင်သံကို သူပြန်ကြားယောင်ရင်း အေးစက်စွာ ပြုံးလိုက်သည်။ “အားလုံးကို ငါသက်သေပြရမယ်။ ငါ ထျန်ရှင်းလုက မင်းတို့အားလုံးထက် သာလွန်တယ်ဆိုတာကို။”
သူသည် ရေကန်ထဲမှ ထလိုက်သည်။ ညီမ ၅ သည် အလိုက်တသိဖြင့် ပိုးသားဝတ်ရုံနက်တစ်ထည်ကို ယူလာပြီး သူ၏ကိုယ်ပေါ်သို့ လွှမ်းခြုံပေးလိုက်သည်။
“တော်ပြီ။ မင်းသွားလို့ရပြီ။ ငါတစ်ယောက်တည်း ကျင့်ကြံအားထုတ်တော့မယ်။ ငါခွင့်မပြုဘဲ ဘယ်သူမှ အခန်းထဲကို ဝင်မလာစေနဲ့။”
“ဟုတ်ကဲ့ပါ သခင်လေး။” ညီမ ၅ သည် အရိုအသေပေးကာ မုန့်ရသည့်ကလေးတစ်ယောက်အလား အခန်းထဲမှ လျင်မြန်စွာ ထွက်ခွာသွားသည်။
ရေချိုးခန်းဆောင်နှင့် ဆက်သွယ်ထားသော ကျင့်ကြံရေးအခန်းငယ်ထဲသို့ ထျန်ရှင်းလု ဝင်ရောက်လိုက်သည်။ သူသည် အနက်ရောင်ကျောက်တုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏စိတ်ကို တည်ငြိမ်အောင် စုစည်းလိုက်သည်။
“စနစ်၊ ‘နဂါးနတ်ဘုရားကျင့်စဉ် အတွဲ ၁’ ကို ထုတ်လိုက်။”
သူ၏ရှေ့မှောက်တွင် ပလတ်တီနမ်ရောင်အလင်းတန်းများဖြင့် ထွင်းထုထားသော နဂါးအရိုးပြားတစ်ချပ်သည် တိတ်ဆိတ်စွာ ပေါ်ထွက်လာသည်။
ထိုအရိုးပြားပေါ်တွင် ရှေးဟောင်းဆန်ပြီး နားလည်ရခက်ခဲသော စာလုံးများသည် အသက်ဝင်နေသကဲ့သို့ လှုပ်ရှားနေသည်။
ထျန်ရှင်းလုသည် သူ၏ဝိညာဉ်အာရုံကို ထုတ်လွှတ်ပြီး အရိုးပြားနှင့် ထိတွေ့လိုက်သည်။
“ရှီး...”
ထိတွေ့လိုက်သည့်အခိုက်အတန့်တွင်၊ သူ၏အမြင်အာရုံသည် လုံးဝပြောင်းလဲသွား၏။ သူရောက်ရှိနေသည်မှာ အဆုံးအစမရှိသော ကြယ်တာရာပင်လယ်ကြီးတစ်ခု၏ အလယ်ဗဟိုဖြစ်သည်။
သူ၏ပတ်ပတ်လည်တွင် ရွှေရောင်နဂါးကြီးများသဖွယ် အသိပညာစီးကြောင်းများက လေးပင်စွာ လည်ပတ်နေသည်။
“ဒါ... ဒါလား ပါရမီရှင်တစ်ယောက်ရဲ့ အမြင်...။” ထျန်ရှင်းလု၏ စိတ်ထဲတွင် ကြည်နူးမှုနှင့် ဂုဏ်ယူမှုတို့က လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်သွားသည်။
သူသည် ကျင့်စဉ်၏ ပထမဆုံးသော အခန်းကဏ္ဍ၊ “နဂါးအော်ရာ” ဟူသော နိယာမကို နားလည်ရန် ကြိုးစားလိုက်သည်။ သူ၏စိတ်အာရုံသည် ရွှေရောင်နဂါးတစ်ကောင်နှင့်တူသော အသိပညာစီးကြောင်းတစ်ခုဆီသို့ လက်လှမ်းလိုက်သည်။
ထိုအခိုက်အတန့်တွင်... တစ်စုံတစ်ခု မှားယွင်းသွားသည်။
သူ၏ဝိညာဉ်အာရုံသည် ထိုအသိပညာစီးကြောင်းနှင့် ထိတွေ့လိုက်သည်နှင့်တစ်ပြိုင်နက်၊ ခန့်ညားထည်ဝါသော ရွှေရောင်နဂါးကြီးသည် ရုတ်တရက် သူ့အား ရန်သူတစ်ဦးကဲ့သို့ စူးစိုက်ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းသော အော်ရာဖြင့် သူ့ကို တွန်းထုတ်လိုက်သည်။
ကြည်လင်နေသော အသိပညာများသည် ချက်ချင်းနောက်ကျိသွားပြီး၊ သူနားလည်နိုင်တော့မည်မဟုတ်သော ရှုပ်ထွေးပွေလီသည့် သင်္ကေတများအဖြစ်သို့ ပြိုကွဲသွားသည်။ ၎င်းသည် သူ့ကို လှောင်ပြောင်နေသကဲ့သို့၊ သူနှင့်မထိုက်တန်ဟု ငြင်းပယ်နေသကဲ့သို့ပင်။
“ဘာ... ဘာဖြစ်တာလဲ”
ထျန်ရှင်းလု တုန်လှုပ်သွားသည်။ သူသည် နောက်တစ်ကြိမ် ထပ်မံကြိုးစားသည်။ သို့သော် ရလဒ်မှာ ပို၍ပင်ဆိုးရွားသွားသည်။ သူအားစိုက်လိုက်လေလေ၊ ထိုအသိပညာနဂါးကြီးသည် ပိုမိုကြမ်းတမ်းလာလေလေဖြစ်သည်။
သူ၏ခေါင်းထဲတွင် သံချွန်များဖြင့် အထိုးခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်လာသည်။
“အ့...”
နာရီဝက်ခန့် ကြာသောအခါ၊ ထျန်ရှင်းလုသည် သူ၏ဝိညာဉ်အာရုံကို အရိုးပြားထဲမှ အားကုန်ဆွဲထုတ်လိုက်ရသည်။
“ဟူးးး....ဟူးးးး...”
သူသည် ကျောက်တုံးပေါ်တွင် ဒူးတစ်ဖက်ထောက်လျက်သားဖြစ်နေပြီး ချွေးများဖြင့် ရွှဲနစ်နေသည်။ သူ၏နှာခေါင်းထဲမှ သွေးတစ်စက်သည် သူ၏မေးစေ့ပေါ်သို့ တိခနဲ ကျဆင်းသွားသည်။
သူခံစားလိုက်ရသော အသိပညာများ၏ ငြင်းပယ်မှု... ထိုခံစားချက်... ထိုခံစားချက်သည် သူအမုန်းဆုံး၊ သူ၏ဘဝမှ အပြီးတိုင် ဖယ်ရှားပစ်ချင်ခဲ့သော ‘ပါရမီညံ့ဖျင်းသူ’ တစ်ယောက်၏ ခံစားချက်ပင်တည်း။
“မဖြစ်နိုင်ဘူးးးးး” သူ၏စိတ်ထဲတွင် ဒေါသတကြီး အော်ဟစ်လိုက်သည်။ “ကောင်းချီးက ငါ့ကိုပြောင်းလဲပေးခဲ့ပြီးပြီ! ဒါ... ဒါက ‘နဂါးနတ်ဘုရားကျင့်စဉ်’ က အရမ်းကို အဆင့်မြင့်လွန်းလို့ ဖြစ်ရမယ်! ဟုတ်တယ်၊ ဒါပဲဖြစ်ရမယ်!”
သူသည် မိမိကိုယ်ကို အတင်းအကျပ် ဖျောင်းဖျလိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲမှ အခြေခံအဆင့် ‘လေ’ အဆင့် ကျင့်စဉ်တစ်ခုဖြစ်သော ‘လေငါးစင်းစီးကြောင်း’ ကို ထုတ်ယူလိုက်သည်။ ယခု သူ၏ ‘ပါရမီရှင်’ ခန္ဓာကိုယ်ဖြင့် ဤကျင့်စဉ်သည် ကလေးကစားစရာတစ်ခုကဲ့သို့ လွယ်ကူနေရမည်။
သူသည် စိတ်ကိုပြန်လည်စုစည်းကာ ကျမ်းလိပ်ကို ဖွင့်ဖတ်လိုက်သည်။
သူ့တွင် ဝိညာဉ်စွမ်းအင်မရှိသောကြောင့် ဤကျင့်စဥ်အား ယခုတွင်အသုံးမပြုနိုင်သော်လည်း နားလည်အောင်တော့ ဆင်ခြင်နိုင်သေးသည်။
ထို့အတွက်ကြောင့် ဤကျင့်စဥ်အားကျင့်ကြံသောကြောင့် အချိန်ပုတ်လိမ့်မည် မဟုတ်ချေ။
တစ်မိနစ်... ငါးမိနစ်... ဆယ်မိနစ်...
အချိန်များ ကုန်လွန်သွားသော်လည်း၊ သူ၏မျက်နှာထက်မှ မျှော်လင့်ချက်အရောင်အဝါများသည် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားသည်။
စာလုံးများသည် သက်မဲ့အတိုင်းပင်။ အဓိပ္ပာယ်များသည် ဝေဝါးနေဆဲ...
သူ၏ပါရမီ... သူ၏မွေးရာပါ ကျင့်ကြံခြင်းဆိုင်ရာ နားလည်နိုင်စွမ်းသည်... လုံးဝ... ပြောင်းလဲသွားခြင်း... မရှိခဲ့။
“ခရက်...”
သူ၏လက်ထဲမှ ကျမ်းလိပ်သည် ကြေမွသွားပြီး စက္ကူပုံကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။
အခန်းတစ်ခုလုံး၏ အပူချိန်သည် ရေခဲမှတ်အောက်သို့ ထိုးကျသွားသည်။
ထျန်ရှင်းလုသည် မတ်တပ်ရပ်လိုက်သည်။ သူ၏မျက်နှာပေါ်တွင် မည်သည့်စိတ်ခံစားမှုမှ မရှိတော့။ ကျန်ရှိနေသည်မှာ အေးစက်ပြီး သေမင်းတမန်ကဲ့သို့သော တည်ငြိမ်မှုတစ်ခုသာ။
သူနားလည်သွားပြီ။ လောကကြီးက သူနှင့် နောက်ပြောင်ကစားခဲ့ခြင်းဖြစ်သည်။ ‘ကုန်းမြေတိုက်ကြီး၏ အမွေခံကောင်းချီး’ သည် သူ၏ခန္ဓာကိုယ်ကို အဆပေါင်းများစွာ ပိုမိုသန်မာစေခဲ့သည်။
သို့သော် သူ၏အခြေခံအကျဆုံးသော အရည်အချင်း၊ သူ၏ ကျင့်ကြံခြင်းဆိုင်ရာ ဉာဏ်ရည်ဉာဏ်သွေးကိုမူ တစ်စက်ကလေးမှ ထိတွေ့ပြောင်းလဲပေးခဲ့ခြင်း မရှိပေ။
“ဟား... ဟားဟား...”
တိုးညှင်းသော ရယ်သံတစ်ခုသည် သူ၏လည်ချောင်းထဲမှ ထွက်ပေါ်လာပြီး တဖြည်းဖြည်းကျယ်လောင်လာကာ၊ နောက်ဆုံးတွင် အင်မော်တယ်ယာဉ်ပျံတစ်ခုလုံးကိုပင် တုန်ခါသွားစေမတတ် ဟိန်းထွက်သွားသည်။
“ဟားဟားဟားဟားဟား”
“ကောင်းတယ်... သိပ်ကိုကောင်းတယ်။ ကောင်းကင်ဘုံ... လောကနိယာမတရား... မင်းတို့က ငါ့ကို မျှော်လင့်ချက်ပေးပြီးမှ ပြန်ရိုက်ချိုးရတာကို သဘောကျတယ်ပေါ့ ဟုတ်လား”
“ပါရမီမရှိရင် အထွတ်အထိပ်ကို မရောက်နိုင်ဘူး ဟုတ်လား”
သူသည် သူ၏လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။
“ဒါဆိုရင်လည်း... စောင့်ကြည့်နေလိုက်။”
“ငါက မင်းတို့ရဲ့ နိယာမတရားတွေကို နားလည်ဖို့ မကြိုးစားတော့ဘူး။”
“ငါ့ရဲ့လမ်းက တစ်လမ်းပဲရှိတယ်။ အဲဒါကတော့... အရာအားလုံးကို ချေမွဖျက်ဆီးပစ်နိုင်တဲ့ အကြွင်းမဲ့စွမ်းအားပဲ။”
“နိယာမတရားက ငါ့လမ်းကို ပိတ်ဆို့လာရင်... ငါအဲဒီနိယာမတရားကို လက်သီးနဲ့ထိုးချေပစ်မယ်။”
“ကောင်းကင်ဘုံက ငါ့ကို အသိအမှတ်မပြုရင်... ငါအဲဒီကောင်းကင်ဘုံကို စုတ်ပြတ်သတ်သွားအောင် ဆွဲဖြဲပစ်မယ်!”
သူ၏ယုံကြည်ချက်သည် ယခင်ကထက် အဆပေါင်းများစွာ ပိုမိုခိုင်မာသွားပြီဖြစ်သည်။ သူ၏ပါရမီညံ့ဖျင်းမှုသည် သူ၏အားနည်းချက်မဟုတ်၊ သူ၏အကြီးမားဆုံးသော လက်နက်ဖြစ်လာလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူသည် အခြားသူများကဲ့သို့ စည်းမျဉ်းများကို လိုက်နာရန်မလိုအပ်တော့သောကြောင့်ပင်။ သူ၏လမ်းကို သူကိုယ်တိုင် သွေးနှင့်အရိုးများဖြင့် ခင်းကျင်းတော့မည်ဖြစ်သည်။
ထျန်ရှင်းလုမသိသည့် အရာမှာတော့ အမွေခံကောင်းချီး၏ရွှေရောင်စွမ်းအင်များသည် သူ၏ပါရမီအားအမှန်တကယ်ပင် မြင့်တင်ရန်ကြိုးစားခဲ့သည်။
သို့သော် ထျန်ရှင်းလု၏ အနက်ရောင်မျိုးရိုးဗီဇများက ထိုရွှေရောင်စွမ်းအင်များကို ဝါမြိုသွားခဲ့သည်။ ထို့အတွက်ကြောင့် ထျန်ရှင်းလု၏ အထူးခန္ဓာကိုယ်ဖြစ်သည့် ‘သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်’ သည်ယခင်ကထက် ပိုမို၍ အားကောင်းလာခဲ့သည်။
သို့သော် ဝိညာဉ်ကျင့်ကြံခြင်းစနစ် သို့မဟုတ် အီဗိုကျင့်ကြံခြင်းစနစ်တွင်တော့ သူ၏ပါရမီသည် ယခင်အတိုင်းပင် ညံဖျင်းနေဆဲဖြစ်သည်။
သူသည် ငယ်စဥ်ကတည်းက အလွန်အားကောင်းသော ကောင်းကင်နှင့်မြေကြီးကြားမှ ရတနာများကိုသာ မစားသုံးခဲ့လျှင် သူ၏ကျင့်ကြံခြင်းအဆင့်မှာ သိုင်းပညာရှင်အဆင့် ၁ ကနေတတ်လိမ့်ဦးမည် မဟုတ်ချေ။
မသိသောသူများသာဆိုလျှင် ထျန်ရှင်းလုသည် မိုးပြာနဂါးကုန်းမြေတိုက်တွင် မွေးဖွားသူဟုမထင်ပဲ အခြားတိုက်၊ သို့မဟုတ် အခြားကမ္ဘာမှ လာကြသည်များဟူ၍ပင်ထင်ကြပေလိမ့်မည်။
လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၈ - ၁၃၀) ပြီး။