← Chapters

အခန်း (၁၂၁+၁၂၂+၁၂၃+၁၂၄)

Vol. 13 Ch. 121+122+123+124

အခန်း (၁၂၁+၁၂၂+၁၂၃+၁၂၄)

Vol. 13 Ch. 121+122+123+124

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၁ ၁၂၂ ၁၂၃ ၁၂၄)

ဆောင်းဦးရာသီ၏ နေရောင်ခြည်သည် သစ်သားဇယားကွက်များဖြင့် ကာရံထားသော စာသင်ကျောင်း၏ ပြတင်းပေါက်များမှတစ်ဆင့် အခန်းတွင်းသို့ ယိုင်နဲ့စွာ ကျရောက်နေသည်။

လေထဲတွင် လွင့်မျောနေသော ဖုန်မှုန်များသည် ရွှေရောင်အလင်းတန်းများကြားဝယ် ကခုန်နေသကဲ့သို့ ထင်မှတ်ရ၏။

အပြင်ဘက်မှ လေနုအေးနှင့်အတူ ပန်းများ၏ သင်းပျံ့သောရနံ့နှင့် စျေးသည်တို့၏ ဆူညံသံတို့သည် တစ်ချက်တစ်ချက်တွင် လွင့်ပျံလာသည်။

အခန်းသည် ရှေးဟောင်းသစ်သားများဖြင့် တည်ဆောက်ထားပြီး ကျယ်ဝန်းလှသည်။ နံရံများတွင် ကွန်ဖြူးရှပ်၏ ဆိုရိုးစကားများကို လက်ရေးလှဖြင့် ရေးသားထားသော စာလိပ်များက နေရာယူထားသည်။

အခန်းထဲတွင် သစ်သားနံ့၊ စာအုပ်ဟောင်းနံ့နှင့် မှင်နံ့တို့က ရောယှက်လျက်ရှိသည်။

ကျောင်းသားတစ်သိုက်သည် မိမိတို့၏ ရှေ့မှနိမ့်သော စားပွဲများတွင် စာပေအသီးသီးကို အာရုံစိုက်လေ့လာနေကြသည်။

သို့သော် သူတို့၏ အာရုံသည် စာပေ၌ အပြည့်အဝ ရှိမနေချေ။ သူတို့၏ မျက်လုံးများက အတန်း၏ နောက်ဆုံးတန်းတွင် အိပ်မောကျနေသော လူငယ်တစ်ဦးထံသို့ မကြာခဏ ရောက်သွားတတ်၏။

“လင်းရှောင်”

ကျယ်လောင်ပြီး မာကျောသော အသံတစ်ခုသည် အခန်း၏ တိတ်ဆိတ်မှုကို ရိုက်ချိုးလိုက်သည်။ ထိုအသံသည် စာသင်ခုံရှေ့တွင် ရပ်နေသော ဆံပင်ဖြူရှည်လျားပြီး ပိန်လှီသော အဘိုးကြီးတစ်ယောက်ထံမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

သူသည် စာပေပညာရှင်တစ်ဦး၏ ရိုးရှင်းသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏လက်ထဲတွင် သံမဏိပေတံတစ်ခုကို ကိုင်ဆောင်ထားသည်။

ဆရာကြီး၏ အသံကြောင့် အချို့ကျောင်းသားများသည် ရယ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားကြရသည်။ သူတို့၏ ပခုံးများက တသိမ့်သိမ့်တုန်နေ၏။

စားပွဲပေါ်တွင် မှောက်လျက်အိပ်နေသော လင်းရှောင်သည် လှုပ်ရှားလာခြင်းမရှိသေးချေ။

သူ၏ စိတ်အာရုံသည် အခြားတစ်နေရာတွင် ရောက်ရှိနေသည်။

အဆုံးအစမရှိသော လေဟာနယ်ကြီး... ပျက်စီးကြေမွနေသော စကြဝဠာ... နှစ်ပေါင်းတစ်သိန်းကြာ ထွက်ပြေးခဲ့ရသော တိုက်ပွဲ... ကျီရှင်းဧကရာဇ်... ထို့နောက် အရာအားလုံး၏ အထက်တွင် ရပ်တည်နေသော နေနတ်ဘုရား...

“အခွင့်အရေး ၁၇ ကြိမ်... ဒီတစ်ခါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။”

ရွှေရောင်မျက်ဝန်းများ၏ အေးစက်သော အကြည့်သည် သူ၏ ဝိညာဉ်ကို ထိုးဖောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်သည် ပြာမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး...

“လင်းရှောင်”

ဒုတိယအကြိမ်မြောက် ခေါ်သံသည် ပို၍ကျယ်လောင်လာပြီး သူ၏ ပခုံးကို လှုပ်နှိုးလိုက်သော လက်တစ်ဖက်ကြောင့် လင်းရှောင်တစ်ယောက် အိပ်မက်ကမ္ဘာမှ လန့်နိုးလာခဲ့သည်။

သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူ၏ အမြင်အာရုံထဲတွင် ပထမဆုံးမြင်လိုက်ရသည်မှာ သူ၏ သူငယ်ချင်းဖြစ်သူ၏ စိုးရိမ်သောကရောက်နေသော မျက်နှာဖြစ်သည်။

ထို့နောက်တွင် သူ၏ အရှေ့တွင် ဒေါသတကြီး ရပ်နေသော ဆရာကြီးနှင့် သူအား ကြည့်၍ တီးတိုးရယ်မောနေကြသော အတန်းဖော်များကို တွေ့လိုက်ရသည်။

လင်းရှောင်သည် ကြောင်ငေးသွား၏။ သူ၏ လက်များကို ကြည့်လိုက်မိသည်။ အဘိုးကြီးတစ်ယောက်၏ ကြမ်းတမ်းပြီး ဒဏ်ရာဗရပွနှင့် လက်များမဟုတ်ဘဲ... အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်၏ ချောမွေ့သော လက်တစ်စုံသာ ရှိနေသည်။

ဤသည်မှာ အတိတ်ပင်ဖြစ်သည်တကား။ နေနတ်ဘုရားသည် သူ့အား အမှန်တကယ်ပင် အခွင့်အရေးတစ်ခု ထပ်ပေးခဲ့သည်တကား။

ဆရာကြီးသည် ဒေါသကြောင့် နှုတ်ခမ်းများပင် တုန်ယင်နေသည်။ သူသည် လက်ထဲမှ သံမဏိပေတံဖြင့် လင်းရှောင်၏ စားပွဲခုံအား “ဒုန်း” ခနဲ အားကုန်ရိုက်ချလိုက်သည်။

“လင်းရှောင် မင်းက နေ့ခင်းကြောင်တောင်ကြီး အိမ်မက်မက်နေမယ်ဆိုရင်၊ ကျောင်းကိုလာမနေနဲ့။ မင်းရဲ့ကျပ်တည်းနေတဲ့ မိသားစုရဲ့ ပိုက်ဆံကိုမဖြုန်းပဲ အိမ်မာပဲ ပြန်အိပ်လိုက်။”

ကျောင်းသားများ၏ ရယ်သံများသည် ပို၍ကျယ်လောင်လာသည်။ ထိုရယ်သံများ၊ ဆရာကြီး၏ ဆူပူသံများနှင့် စားပွဲပေါ်မှ ပေတံ၏ အသံများသည် လင်းရှောင်၏ နားထဲတွင် ပေါင်းစပ်သွားပြီး သူ၏ အသိစိတ်ထဲ၌ နှစ်ပေါင်းများစွာ မြိုသိပ်ထားခဲ့ရသော ဒေါသများနှင့် မုန်းတီးမှုများကို မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားသည်။

ဘဝပေါင်း ၁၇ ဘဝ... ရှုံးနိမ့်မှုပေါင်း ၁၇ ကြိမ်... သူ၏ အစီအစဉ်များ၊ သူ၏ ကြိုးစားအားထုတ်မှုများအားလုံးသည် ကျီရှင်းဧကရာဇ်၏ အစွမ်းအောက်တွင် အသုံးမဝင်ခဲ့ချေ။ ယခု... ဤ ၁၈ ကြိမ်မြောက် ဘဝတွင်... သူသည် ထပ်မံ၍ အရှုံးမခံနိုင်တော့ပါ။

သူ၏ အကြည့်သည် ပြောင်းလဲသွားသည်။ နူးညံ့ပြီး စာပေလိုက်စားသူ လူငယ်တစ်ယောက်၏ မျက်ဝန်းများအစား... စကြဝဠာတစ်ခုလုံးကို ဖျက်ဆီးခဲ့သော စစ်သူကြီးတစ်ယောက်၏ အေးစက်ပြီး သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် တောက်လောင်နေသော မျက်ဝန်းများက အစားထိုးဝင်ရောက်လာသည်။

ဆရာကြီး၏ မျက်နှာသည် သူ၏ အမြင်အာရုံထဲတွင် ကျီရှင်းဧကရာဇ်၏ မောက်မာသော မျက်နှာနှင့် ထပ်တူကျသွားသည်။

“မင်းကအမှိုက်ပဲ။ မင်းလောက်ညံတဲ့သူ ငါတစ်သက်နဲ့တစ်ကိုယ်မမြင်ဖူးခဲ့ဘူး။”

ထိုစကားလုံးများသည် သူ၏ ဦးနှောက်ထဲတွင် ပဲ့တင်ထပ်သွားသည်။

တစ်စက္ကန့်...။

အချိန်သည် ရပ်တန့်သွားသကဲ့သို့ပင်။ လင်းရှောင်၏ လှုပ်ရှားမှုသည် လျှပ်စီးကဲ့သို့ လျင်မြန်လှသည်။ သူ၏ လက်သည် ရှေ့သို့ ထွက်သွားပြီး ဆရာကြီး၏ လက်ထဲမှ သံမဏိပေတံကို ဆွဲလုလိုက်သည်။

ဆရာကြီးသည် အံ့ဩမှုကြောင့် မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် တစ်စုံတစ်ခုကို ပြောရန် ကြိုးစားလိုက်သော်လည်း အချိန်မရလိုက်တော့ချေ။

လင်းရှောင်သည် နေရာမှ ထရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် လေးကိုင်းတစ်ခုကဲ့သို့ ကွေးညွတ်သွားကာ သူ၏ လက်ထဲမှ ပေတံသည် အေးစက်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

“ရွှစ်”

ပေတံ၏ ချွန်ထက်သော အစွန်းသည် လေကို ထိုးခွဲသွားပြီး ဆရာကြီး၏ လည်ပင်းရှိ သွေးပြန်ကြောများထဲသို့ တိကျစွာ ထိုးစိုက်ဝင်ရောက်သွားလေသည်။

“အ...အ့...”

ဆရာကြီး၏ မျက်လုံးများတွင် မယုံကြည်နိုင်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူ၏ လက်နှစ်ဖက်သည် လည်ပင်းကို အလိုအလျောက် ဆုပ်ကိုင်လိုက်သော်လည်း သွေးများက လက်ချောင်းများကြားမှ ပန်းထွက်လာသည်။

သွေးနီနီတို့သည် သူ၏ အနောက်မှ နံရံပေါ်ရှိ “အသိပညာသည် အင်အားဖြစ်သည်” ဟု ရေးသားထားသော စာလိပ်ဖြူပေါ်သို့ စင်ကျသွားရာ အနီရောင်ပန်းတစ်ပွင့် ပွင့်သွားသကဲ့သို့ ထင်ရသည်။

ဆရာကြီး၏ ခန္ဓာကိုယ်သည် အသက်မဲ့စွာဖြင့် ကြမ်းပြင်ပေါ်သို့ “ဒုတ်” ခနဲ ပြိုကျသွားသည်။

အခန်းတစ်ခုလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော တိတ်ဆိတ်မှုတစ်ခုက ကြီးစိုးသွားသည်။ ရယ်သံများအားလုံး ရပ်တန့်သွားပြီး ကျောင်းသားများ၏ မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့ခြင်းတို့က အစားထိုးဝင်ရောက်လာသည်။

လင်းရှောင်သည် သွေးစက်များ စွန်းထင်းနေသော သံမဏိပေတံကို ကိုင်လျက် မတ်တပ်ရပ်နေသည်။

သူ၏ မျက်ဝန်းများထဲတွင် အေးစက်မှုနှင့် လျစ်လျူရှုမှုတို့သာ ရှိနေပြီး၊ သူ၏ အကြည့်သည် ဤစာသင်ခန်းငယ်လေးကို ကျော်လွန်၍ ပျက်စီးနေသော ကြယ်တာရာများနှင့် အဆုံးမရှိသော စစ်ပွဲများဆီသို့ ရောက်ရှိနေသည့်အလား ထင်မှတ်ရ၏။

အိပ်မက်သည် နိုးထသွားခဲ့လေပြီ။ သို့သော်... အိပ်မက်ဆိုးကမူ ယခုမှ စတင်တော့မည်ဖြစ်သည်။

ဆရာကြီး၏ ခန္ဓာကိုယ် ကြမ်းပြင်ပေါ်သို့ ပြိုကျသွားသည့် “ဒုတ်” ဟူသော အသံသည် အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသော အခန်းထဲတွင် ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။

ထိုအသံသည် ကျောင်းသားများ၏ ထိတ်လန့်မှုကြောင့် ခဲသွားသော အသိစိတ်ကို ပြန်လည်နှိုးထစေသည့် ခေါင်းလောင်းသံလည်း ဖြစ်ခဲ့သည်။

တစ်စက္ကန့်... နှစ်စက္ကန့်...။

ထို့နောက်...

“အားးးး”

ရှေ့ဆုံးတန်းမှ ကျောင်းသူတစ်ယောက်၏ သွေးပျက်မတတ် စူးရှစွာ အော်ဟစ်လိုက်သံသည် တိတ်ဆိတ်မှုကို စက္ကူတစ်ရွက်ကဲ့သို့ဆုတ်ဖြဲလိုက်သည်။

သူမ၏ မျက်လုံးများသည် ဆရာကြီး၏ သွေးအိုင်ထဲမှ လည်ပင်းဒဏ်ရာကို စိုက်ကြည့်နေရင်း အရောင်မဲ့သွားပြီး မျက်ဖြူလန်ကာ နောက်သို့ လဲကျသွားတော့သည်။

ထိုအော်သံသည် ပျားအုံကို တုတ်ဖြင့်ထိုးလိုက်သကဲ့သို့ပင်။ ကျောင်းသားအားလုံး အသိစိတ်ဝင်လာပြီး အသက်လုပြေးရန် ပြင်ကြတော့သည်။

သူတို့၏ မျက်နှာများတွင် မယုံကြည်နိုင်ခြင်း၊ ထိတ်လန့်ခြင်း၊ အော့အန်ချင်စိတ်နှင့် သေမတတ်ကြောက်ရွံ့ခြင်းတို့က ရောပြွမ်းလျက်ရှိသည်။

“ပြေး... ပြေးကြ”

တစ်ယောက်က ထိုသို့အော်လိုက်သည်နှင့် အားလုံးသည် ပရမ်းပတာဖြင့် ထိုင်ခုံများမှ ထကာ တံခါးပေါက်ဆီသို့ အလုအယက် ပြေးကြသည်။

စားပွဲများ လဲပြိုကုန်သည်။ မှင်အိုးများ မှောက်ကျပြီး စာလိပ်များပေါ်သို့ မင်နက်များ စွန်းထင်းသွားသည်။ စာအုပ်များနှင့် စုတ်တံများသည် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲသွား၏။

အခန်းသည် ကျယ်သော်လည်း တံခါးပေါက်က တစ်ခုတည်းသာရှိသည်။ လူအယောက် သုံးဆယ်ကျော်သည် ထိုတံခါးပေါက်လေးဆီသို့ အလုအယက် တိုးဝှေ့ကြရာ လူများစုပြုံကျပ်တည်းကာ မည်သူမျှ ထွက်သွားနိုင်ခြင်းမရှိချေ။

ရှေ့မှလူများက နောက်မှတွန်းကန်နေသော အရှိန်ကြောင့် တံခါးဘောင်နှင့် ရင်ဘတ်တို့ ဖိကြိတ်မိကာ နာကျင်စွာ အော်ဟစ်နေကြသည်။

လင်းရှောင်သည် ထိုမြင်ကွင်းကို အေးစက်စွာ ကြည့်နေသည်။ သူ၏ မျက်ဝန်းများထဲတွင် သနားညှာတာမှု အရိပ်အယောင်ပင် မတွေ့ရ။ နှစ်ပေါင်းသန်းချီကြာ စစ်မြေပြင်ထဲတွင် ရှင်သန်ခဲ့သော သူ၏ စိတ်ဝိညာဉ်အတွက် ဤသည်မှာ ကလေးကစားစရာတစ်ခုမျှသာ ဖြစ်သည်။

သူ၏ ခြေထောက်သည် လှုပ်ရှားသွားသည်။ သူသည် ပြေးလွှားနေသော ကျောင်းသားတစ်ယောက်၏ နောက်သို့ မုဆိုးတစ်ယောက်က သားကောင်ကို ချောင်းမြောင်းလိုက်လံသကဲ့သို့ အသံတိတ်စွာ လိုက်ပါသွားသည်။

ထိုကျောင်းသားသည် လင်းရှောင် အတန်းထဲတွင် အိပ်နေစဉ်က အကျယ်လောင်ဆုံး ရယ်မောခဲ့သူများထဲမှ တစ်ယောက်ဖြစ်သည်။

“ကယ်... ကယ်ကြပါ”

ကျောင်းသားသည် တံခါးပေါက်ဆီသို့ မရောက်နိုင်မှန်းသိသောအခါ ပြတင်းပေါက်ဆီသို့ ဦးတည်ချက်ပြောင်းကာ ပြေးလေသည်။

သို့သော် သူသည် သုံးလှမ်းပင် မလှမ်းရသေးခင်မှာပင် သူ၏ လည်ပင်းဆီသို့ အေးစက်သော သံမဏိတစ်ခုက လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားသည်ကို ခံစားလိုက်ရသည်။

“ရွှစ်”

ပေတံ၏ ချွန်ထက်သော အစွန်းသည် အရေပြား၊ ကြွက်သားနှင့် လေပြွန်တို့ကို အလွယ်တကူ ထိုးဖောက်သွားသည်။

သွေးများသည် စမ်းရေပမာ ပန်းထွက်လာပြီး သူ၏ အရှေ့မှ နံရံပေါ်ရှိ ကွန်ဖြူးရှပ်၏ ဆိုရိုးစကား “သင်ယူခြင်းမရှိဘဲ တွေးခေါ်ခြင်းသည် အန္တရာယ်ရှိသည်” ဟူသော စာလိပ်ပေါ်သို့ သွေးများဖြန်းပက်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် ရှေ့သို့ နှစ်လှမ်းခန့် ယိုင်နဲ့စွာ လျှောက်သွားပြီးနောက် ကြမ်းပြင်ပေါ်သို့ မျက်နှာမှောက်လျက် သက်ဆင်းသွားသည်။

ထိုမြင်ကွင်းသည် တံခါးဝတွင် စုပြုံနေသော ကျောင်းသားများကို ပို၍ပင် ရူးသွပ်သွားစေသည်။ သူတို့သည် အရှေ့မှ ပိတ်ဆို့နေသော သူများကို သတိမထားနိုင်တော့ဘဲ အတင်းတွန်းထုတ်ကြသည်။

“ဖယ်ပေး ငါ့ကိုအရင်ထွက်ခွင့်ပေး”

“သေတော့မှာပဲ! သေတော့မှာပဲ”

အကယ်၍ သူတို့သာ ယခုလိုတိုးဝှေ့မနေလျှင် ထွက်သွားရနေသည်မှာ အတော်​လေးကြာမြင့်နေလောက်ပေပြီ။

ထိုစဉ်၊ ကျောင်းသားသုံးယောက်သည် သူတို့ပြေးလို့ မလွတ်နိုင်တော့မှန်း သိလိုက်သည်။ သူတို့သည် သွေးရူးသွေးတန်းဖြင့် လင်းရှောင်ဘက်သို့ လှည့်လာကြသည်။

သူတို့ထဲမှ ခန္ဓာကိုယ်အကြီးဆုံးဖြစ်သူသည် အနီးရှိ သစ်သားခွေးခြေခုံတစ်လုံးကို ဆွဲယူကာ လင်းရှောင်ကို ချိန်ရွယ်လိုက်သည်။

“မင်း... မင်း၊ လင်းရှောင်။ လူသတ်သမား။ သေစမ်းးးး”

သူသည် အားကုန်အော်ဟစ်ပြီး ခွေးခြေခုံဖြင့် လင်းရှောင်၏ ဦးခေါင်းကို ရိုက်ချလိုက်သည်။ ကျန်နှစ်ယောက်မှာလည်း စားပွဲပေါ်မှ မင်ကျောက်တုံးများကို ဆွဲယူကာ ပစ်ပေါက်လိုက်ကြသည်။

သာမန် ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်သာဆိုလျှင် ဤတိုက်ခိုက်မှုကြောင့် အနည်းဆုံးတော့ ဒဏ်ရာရသွားမည်ဖြစ်သည်။ သို့သော် လင်းရှောင်က သာမန်လူငယ်တစ်ယောက်မှ မဟုတ်တော့ချေ။

သူ၏ ခန္ဓာကိုယ်သည် မယုံနိုင်လောက်အောင် လျင်မြန်သော လှုပ်ရှားမှုဖြင့် ဘေးသို့ အနည်းငယ် ယိမ်းထွက်သွားသည်။ ခွေးခြေခုံသည် သူ၏ ပခုံးကို ကျော်သွားပြီး လေထဲသို့ အရှိန်လွန်သွားသည်။ ထိုတစ်စက္ကန့်၏ အပုံတစ်ပုံမျှသော အချိန်လေးအတွင်း လင်းရှောင်၏ လက်ထဲမှ သံမဏိပေတံသည် မြွေတစ်ကောင်ကဲ့သို့ ရှေ့သို့ ထိုးထွက်သွားသည်။

“ဖွတ်”

ပေတံ၏ အချွန်သည် ခွေးခြေခုံကိုင်ထားသော ကျောင်းသား၏ မျက်လုံးထဲသို့ တိကျစွာ ထိုးစိုက်ဝင်ရောက်သွားပြီး ဦးနှောက်ဆီသို့ တိုးဝင်သွားသည်။

သူ၏ အော်သံသည် လည်ချောင်းထဲမှာပင် တစ်ဆို့ပျောက်ကွယ်သွားပြီး သူ၏ ကြီးမားသော ခန္ဓာကိုယ်သည် သစ်ပင်တစ်ပင်လဲကျသကဲ့သို့ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားသည်။

မင်ကျောက်တုံးများကလည်း သူ၏ ကိုယ်ကို ကျော်ဖြတ်၍ နံရံကိုသာ ထိမှန်သွားသည်။

ကျန်ကျောင်းသားနှစ်ယောက်သည် ထိုမြင်ကွင်းကြောင့် ကြောက်ရွံ့တုန်လှုပ်သွားကာ နေရာမှာပင် ကျောက်ရုပ်များကဲ့သို့ တောင့်တင်သွားကြသည်။

သူတို့၏ တိုက်ခိုက်လိုစိတ်များအားလုံးသည် ရေခဲတုံးတစ်ခုကဲ့သို့ အရည်ပျော်ကျသွားခဲ့ပြီ။ သူတို့၏ မျက်လုံးများထဲတွင် အသနားခံသော အကြည့်များသာ ကျန်တော့သည်။

“မ... မလုပ်ပါနဲ့... တောင်းပန်ပါတယ်...”

လင်းရှောင်သည် စကားတစ်ခွန်းမှ မဆိုချေ။ သူ၏ ခြေလှမ်းများသည် သေမင်းတမန်၏ ခြေလှမ်းများကဲ့သို့ တည်ငြိမ်စွာဖြင့် သူတို့ထံသို့ ချဥ်းကပ်သွားသည်။

“ရွှစ် ရွှစ်”

ပေတံ၏ လှုပ်ရှားမှုနှစ်ကြိမ်... လည်ချောင်းနှစ်ခုမှ သွေးများ ပန်းထွက်လာပြီး အသက်မဲ့ခန္ဓာကိုယ်နှစ်ခုသည် ကြမ်းပြင်ပေါ်သို့ ထပ်မံကျရောက်သွားသည်။

ယခုအခါတွင် တံခါးဝမှ ကျောင်းသားအချို့ ထွက်ပြေးလွတ်မြောက်သွားကြပြီဖြစ်သည်။ အခန်းထဲတွင် ထွက်ပြေးရန် အကြောက်လွန်နေသော ကျောင်းသူ ၃ ယောက်ခန့်သာ ကျန်တော့သည်။

အချို့မှာ စားပွဲများအောက်တွင် ပုန်းနေကြပြီး အချို့မှာမူ ကြောက်လွန်း၍ ကြမ်းပြင်ပေါ်တွင် ငုတ်တုတ်ထိုင်ကာ တုန်ယင်နေကြသည်။

လေထဲတွင် သစ်သားနံ့၊ စာအောင်နံ့တို့အစား သွေး၏ စူးရှသော သံချေးနံ့က လွှမ်းမိုးလာသည်။ နေရောင်ခြည်သည် သွေးအိုင်များပေါ်သို့ ကျရောက်သောအခါ ကြောက်မက်ဖွယ်ကောင်းလောက်အောင် နီရဲတောက်ပနေသည်။

လင်းရှောင်သည် သွေးစက်များ စွန်းထင်းနေသော ပေတံကို လက်ထဲတွင် ညင်သာစွာ လှည့်ကစားရင်း အခန်းထဲကို မျက်လုံးဖြင့် ဝေ့ကြည့်လိုက်သည်။

သူ၏ အကြည့်သည် စားပွဲတစ်ခုအောက်တွင် တုန်ယင်စွာ ပုန်းနေသော ကျောင်းသူတစ်ယောက်ထံတွင် ရပ်တန့်သွားသည်။

လင်းရှောင်သည် သူမထံသို့ ဖြည်းညှင်းစွာ လျှောက်သွားသည်။ သူ၏ ဖိနပ်သံ တဖြတ်ဖြတ်သည် ကျန်းဖန်၏ နားထဲတွင် ဗုံတီးနေသကဲ့သို့ပင်။

ကျန်းဖန်သည် စားပွဲအောက်မှ တွားထွက်လာပြီး ဒူးထောက်ကာ လက်အုပ်ချီလိုက်သည်။ သူမ၏ မျက်နှာသည် မျက်ရည်များနှင့် နှာရည်များဖြင့် ပေကျံနေသည်။

“လင်းရှောင်... နင်....နင်ငါ့ကိုကြိုက်နေတာမလား...ငါနင်နဲတွဲပေးပါမယ်ဟာ။ ငါ့ကိုမသတ်ပါနဲ့”

လင်းရှောင်သည် သူမ၏ ရှေ့တွင် ရပ်တန့်လိုက်သည်။

သူ၏ အရိပ်သည် ကျန်းဖန်၏ တစ်ကိုယ်လုံးကို ဖုံးလွှမ်းသွားသည်။ သူသည် ခေါင်းကို အနည်းငယ် ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်နှာတွင် မည်သည့်ခံစားချက်မှမရှိဘဲ ပြောလိုက်သည်။

“ဟမ်..”

ထို့နောက် သူက ခပ်တိုးတိုးရယ်လိုက်သည်။ “မင်းက ဘယ်သူလဲ”

စကားဆုံးသည်နှင့် သူ၏ လက်ထဲမှ ပေတံသည် အောက်သို့ စိုက်ဝင်သွားသည်။

“ခွပ်”

ကျန်းဖန်၏ အသနားခံသံသည် ရပ်တန့်သွားပြီး သူမ၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများဖြင့် ဝိုင်းစက်ကာ နောက်ဆုံးတွင် အရောင်မှိန်သွားတော့သည်။

လင်းရှောင်သည် ကျန်ရှိနေသေးသော ကျောင်းသူများကို တစ်ယောက်ပြီးတစ်ယောက် အေးစက်စွာ ရှင်းလင်းလိုက်သည်။

အော်ဟစ်သံများ၊ ငိုယိုသံများ၊ အသနားခံသံများသည် တဖြည်းဖြည်း တိုးလျှိုသွားပြီး နောက်ဆုံးတွင် လုံးဝတိတ်ဆိတ်သွားတော့သည်။

အခန်းတစ်ခုလုံးသည် သွေးများဖြင့် ရွှဲနစ်နေသည်။ နံရံများ၊ စားပွဲများ၊ ကြမ်းပြင်များ... နေရာတိုင်းတွင် သွေးနီရောင်တို့က လွှမ်းခြုံထားသည်။

ယခင်က စာပေပညာသင်ကြားရာ နေရာသည် ယခုအခါ သားသတ်ရုံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

လင်းရှောင်သည် အလောင်းများကြားတွင် မတ်တပ်ရပ်နေသည်။ သူ၏ မျက်နှာနှင့် အဝတ်အစားများပေါ်တွင် သွေးစက်များက ပန်းချီကားတစ်ချပ်ကဲ့သို့ စွန်းထင်းနေသည်။

သူသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်သို့ ကြည့်လိုက်သည်။

စျေးသည်တို့၏ ဆူညံသံများက နားထဲသို့ ပြန်လည်ဝင်ရောက်လာသည်။ သူတို့သည် ဤစာသင်ခန်းလေးထဲတွင် မိနစ်ပိုင်းအတွင်း ဖြစ်ပျက်သွားသော ငရဲခန်းကို မသိရှိကြချေ။

ကျောင်းအပြင်ဘက်လမ်းမပေါ်တွင်တော့ ထွက်ပြေးလွတ်မြောက်လာသော ကျောင်းသားအချို့၏ သွေးပျက်မတတ်အော်ဟစ်သံများကြောင့် လူအချို့ စုရုံးရောက်ရှိလာကြသည်။

မကြာမီမှာပင် သံချပ်ကာဝတ်စုံများ ဝတ်ဆင်ထားပြီး လှံရှည်များ ကိုင်ဆောင်ထားသော အစောင့်နှစ်ယောက်သည် ထိုကျောင်းသားများ၏ ညွှန်ပြရာ စာသင်ကျောင်းဆီသို့ အပြေးအလွှား ရောက်ရှိလာကြသည်။

“ဒီမှာ ရပ်နေစမ်း။ ဘာတွေဖြစ်နေတာလဲဆိုတာ သွားကြည့်လိုက်ဦးမယ်။”

အစောင့်တစ်ယောက်က ကျန်ကျောင်းသားများကို တားဆီးထားပြီးနောက် သူတို့နှစ်ယောက်သည် သတိကြီးစွာဖြင့် သွေးစွန်းနေသော စာသင်ခန်းတံခါးဝသို့ ချဉ်းကပ်လာသည်။

အခန်းထဲသို့ ချောင်းကြည့်လိုက်သည့်အခိုက် သူတို့၏ မျက်နှာများသည် ဖြူဖျော့သွားသည်။ သူတို့သည် သွေးသံရဲရဲ မြင်ကွင်းများကို မြင်ဖူးသော်လည်း ဤကဲ့သို့သော အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမျိုးကိုမူ တစ်ခါမျှ မကြုံဖူးချေ။

“ဘုရား...ဘုရား... ဒါ... ဒါ ဘယ်လိုသတ္တဝါရဲ့ လက်ချက်လဲ။”

သူတို့၏ အကြည့်သည် အလောင်းများကြားတွင် သွေးစွန်းပေတံကိုကိုင်ကာ အေးစက်စွာ ရပ်နေသော လင်းရှောင်ထံသို့ ရောက်သွားသည်။

“ဟေ့ကောင်လေး။ မင်းမသေချင်ရင် လက်နက်ချပြီး ဒူးထောက်ထားပါ။”

လင်းရှောင်သည် သူတို့ကို လှည့်မကြည့်ဘဲ ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေဆဲဖြစ်သည်။ သူ၏ လျစ်လျူရှုမှုသည် အဆင့် ၃ သိုင်းပညာရှင်များဖြစ်ကြသော ထိုအစောင့်နှစ်ယောက်ကို အလွန်အမင်း ဒေါသထွက်စေသည်။

“နားမပါဘူးလား။ သေချင်နေ...”

သူ၏ စကားမဆုံးမီမှာပင် လင်းရှောင်၏ ပုံရိပ်သည် သူတို့ရှေ့မှ ပျောက်ကွယ်သွားသည်။

“ဘယ်...ဘယ်ရောက်သွား...”

“ရွှစ်...ရွှစ်”

လေကိုပိုင်းဖြတ်သွားသော အသံနှစ်ခုနှင့်အတူ သူတို့၏ လည်ချောင်းများမှ သွေးများ ပန်းထွက်လာသည်။ သူတို့၏ မျက်လုံးများက မယုံကြည်နိုင်ခြင်းများဖြင့် ပြူးကျယ်လျက် နောက်ဆုံးမြင်လိုက်ရသည်မှာ သူတို့၏ နောက်ကျောဘက်တွင် မည်သည့်အချိန်ကတည်းက ရောက်နေမှန်းမသိသော လင်းရှောင်၏ အေးစက်သော မျက်နှာပင်ဖြစ်သည်။

ထိုအစောင့်နှစ်ယောက်၏ ခန္ဓာကိုယ်သည် ကြမ်းပြင်ပေါ်သို့ ပြိုကျသွားသည်နှင့် တပြိုင်နက် မြို့စောင့်တပ်၏ခေါင်းလောင်းသံများသည် မြို့တစ်မြို့လုံး ပဲ့တင်ထပ်သွားတော့သည်။

အစောင့်များ ထပ်မံ၍ အလုံးအရင်းဖြင့် ရောက်ရှိလာသည်။ ထို့နောက်တွင် မြို့စောင့်တပ်ဖွဲ့မှ ရာနှင့်ချီသော စစ်သည်တော်များက စာသင်ကျောင်းကို ဝိုင်းရံထားလိုက်သည်။

လင်းရှောင်သည် သွေးများရွှဲနစ်နေသော အခန်းထဲမှ တည်ငြိမ်စွာ လျှောက်ထွက်လာသည်။ သူ၏ တစ်ကိုယ်လုံးတွင် သွေးများစွန်းထင်းနေပြီး သူ၏ လက်ထဲမှ သံမဏိပေတံထိပ်ဖျားမှ သွေးစက်များသည် မြေပြင်ပေါ်သို့ တစ်စက်ချင်း ကျနေသည်။

သူ၏ အေးစက်သော အကြည့်အောက်တွင် ရာနှင့်ချီသော စစ်သည်တော်များပင် အလိုလို နောက်သို့ ဆုတ်မိသွားကြသည်။

“ဝိုင်းထား။ ပစ်။”

တပ်မှူး၏ အမိန့်အဆုံးတွင် မြားမိုးများက လင်းရှောင်ထံသို့ တဟုန်ထိုး ကျရောက်လာသည်။ သို့သော် လင်းရှောင်သည် သေမင်း၏ ဝဲဂယက်အလားပင်။ သူ၏ လက်ထဲမှ သံမဏိပေတံသည် မြွေနက်တစ်ကောင်ကဲ့သို့ လှုပ်ရှားသွားပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မမြင်ရသော အကာအကွယ်တစ်ခုကို ဖန်တီးလိုက်သည်။

မြားအားလုံးသည် သူနှင့်မထိတွေ့မီမှာပင် မြေပြင်ပေါ်သို့ အစွမ်းမဲ့စွာ ကြွေကျသွားသည်။

ထို့နောက်တွင်တော့ အပြတ်အသတ်တိုက်ပွဲကြီး စတင်တော့သည်။ လင်းရှောင်သည် လူအုပ်ကြီးထဲသို့ ကျားတစ်ကောင်ကဲ့သို့ ခုန်ဝင်သွားပြီး သွေးရောင်ခြယ် ကကွက်တစ်ခုကို စတင်ကပြတော့သည်။

သူ၏ ပေတံတစ်ချက် လှုပ်ရှားလိုက်တိုင်း အသက်တစ်ချောင်း ထွက်သက်ဝင်သက် ရပ်တန့်သွားသည်။

အော်ဟစ်သံများ၊ သံချပ်ကာချင်း ရိုက်ခတ်သံများနှင့် သွေးသံရဲရဲ မြင်ကွင်းများသည် လမ်းမများပေါ်တွင် လွှမ်းခြုံသွားသည်။

အချိန်တို့သည် သွေးစွန်းသော ဓားသွားထက်တွင် ကုန်ဆုံးသွားခဲ့သည်။ နေမွန်းတည့်မှသည် နေညိုချိန်သို့ ကူးပြောင်းသွားခဲ့သည်။

၂ နာရီအကြာတွင်...

ဆူညံသံများအားလုံး တိတ်ဆိတ်သွားခဲ့ပြီ။

မြို့လယ်ခေါင်လမ်းမကြီးပေါ်တွင် လင်းရှောင်တစ်ယောက်တည်းသာ မတ်တပ်ရပ်နေသည်။

သူ၏ ခြေထောက်အောက်နှင့် ပတ်ပတ်လည်တွင် ထောင်နှင့်ချီသော အလောင်းများက တောင်ကုန်းများသဖွယ် စုပုံနေသည်။ သွေးများသည် မြစ်တစ်စင်းကဲ့သို့ လမ်းမများပေါ်တွင် စီးဆင်းနေပြီး မြို့တစ်ခုလုံးကို သံချေးနံ့က လွှမ်းခြုံထားသည်။

သူ၏ လက်ထဲတွင်မူ ပြင်းထန်သော တိုက်ခိုက်မှုဒဏ်ကြောင့် တစ်ဝက်ကျိုးနေသော သံမဏိပေတံကြီးကို ကိုင်ဆောင်ထားသည်။

သူသည် မီးခိုးရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းများထဲတွင် အောင်နိုင်သူ၏ ကျေနပ်မှုအစား အဆုံးမရှိသော အထီးကျန်မှုနှင့် အေးစက်မှုတို့သာ ရှိနေသည်။

ဤသည်ကား ဤစစ်ပွဲ၏ နိဒါန်းမျှသာဖြစ်သည်တကား။ သူ၏ရည်မှန်းချက်ကိုရောက်ဖို့ သူလိုအပ်သည့်အရာအားလုံးကို လုပ်ရပေမည်။

တရားမျှတမှုလော၊ မတရားမျှတမှုလော။ ထိုသည်များကို သူဂရုမစိုက်တော့ချေ။ သူဂရုစိုက်သည်မှာ ကျီရှင်းဧကရာဇ်မနိုးထလာခင်အချိန်တွင် ရအောင်သတ်ဖြတ်ပြီး စကြဝဠာကြီးအား ကယ်တင်ရန်ဖြစ်သည်။

သူ၏ပန်းတိုင်ကို ရောက်ရန်အတွက် လိုအပ်သည့် အရာများအားလုံးကို စတေးရမည်ဖြစ်သည်။ သွေးရည်ဖြင့်​ချိုးထားသလို တစ်ကိုယ်လုံးသွေးတွေစိုရွဲနေသည့် လင်းရှောင်က သံပေတံအားပြစ်ချလိုက်၏။

ပြီးနောက်တွင် မြို့စောင့်တပ်ခေါင်းဆောင်၏ အရည်အသွေးမဆိုးသော ဓားအား ကောက်ယူ၍ အနီးဆုံးမြို့ထံသို့ဦးတည်လိုက်သည်။

“အင်း...နေနတ်ဘုရားက တကယ်ပဲ ငါ့ရဲ့ပါရမီကိုမြင့်တင်ပေးလိုက်တာပဲ။ အရင်ဘဝတုန်းကလည်း ငါလူဒီလောက်ကိုပဲ သတ်ခဲ့ပေမဲ့ ငါ့ရဲ့သတ်ဖြတ်ခြင်းတာအိုက အခုရဲ့ ၈ ပုံ ၁ ပုံလောက်တောင် အားမကောင်းခဲ့ဘူး။” လင်းရှောင်က လက်သီးစုပ်၍ သူ၏ကိုယ်ထဲမှ ခွန်အားများကို ခံစားလိုက်သည်။

သတ်ဖြတ်ခြင်းတာအိုဆိုသည်မှာ နှစ်ဖက်ချွန်ဓားဖြစ်ပြီး စိတ်မထိန်းနိုင်လျှင် လူသတ်ဖို့ကလွဲပြီး အခြားမည်သည့်အသိဉာဏ်မှ ကျန်ရှိတော့မည် မဟုတ်တော့ချေ။

သို့သော် ဤတာအိုဟာ အချိန်တိုကလေးဖြင့် အလျင်မြန်ဆုံး သူ၏အစွမ်းအားမြင့်တင်ပေးနိုင်သောကြောင့် အခြားရွေးချယ်စရာမရှိပဲ အသုံးပြုနေခြင်းပင်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေကာမူ သူ့တွင်ပန်းတိုင်တစ်ခုတည်းသာရှိပြီး ထိုသည်မှာ ကျီရှင်းဧကရာဇ်ကိုသတ်ဖြတ်ရန်ဖြစ်သည်။ ထိုပန်းတိုင်ပြီးမြောက်ရန်အတွက် သူ မကောင်းဆိုးဝါးတစ်ယောက်ဖြစ်လာရမည်ဆိုပါကလည်း ဖြစ်လိုက်ပေမည်။

လင်းရှောင်က မြင်းတစ်ကောင်ဖြင့် အနီးဆုံးမြို့သို့ခရီးနှင်နေတုန်း ရုတ်တရက် ရပ်တန့်လိုက်၏။ ပြီးနောက်သူ၏မျက်နှာသေကြီးထံတွင်လည်း ရူးသွပ်နေသည့် အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။

“အဟားဟားဟား”

“အရင်ဘဝတွေတုန်းက ငါဒီလိုကံမကောင်းခဲ့ပါဘူး။”

“အခုတော့ စောစောစီးစီး ဝိညာဉ်သခင်တွေနဲ့လာတွေ့နေပြီပဲ”

“ဒီတစ်ခါတော့ ကံ နဲ့ ပါရမီကိုရထားပြီ။ ကျီရှင်းဧကရာဇ်။ ငါမင်းကိုကျိန်းသေပေါက်သတ်ပြစ်မယ်” လင့းရှောင်က အံကိုကြိတ်၍ သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် ရေရွတ်လိုက်သည်။

ပြီးနောက်တွင် သူ၏ဓားကိုဓားအိမ်ထဲမှ ဆွဲနှုတ်၍ ကံဆိုးသူမောင်ရှင် ဝိညာဉ်သခင်ထံသို့ တိုးဝင်သွားလေသည်။ သတ်ဖြတ်ခြင်းတာအိုဆိုသည်မှာ သတ်လိုက်သည့်သူ၏ အဆင့်ပိုမြင့်လေလေ၊ သတ်ဖြတ်ခြင်းတာအိုဟာလည်း ပိုမို၍ အားကောင်းလာခြင်းပင်ဖြစ်သည်။

ထို့အတွက်ကြောင့် အဆင့်မြင့်သူများနှင့် မြန်မြန်တွေ့ပါက သူဟာလည်း ပိုမို၍ မြန်ဆန်စွာသန်မာလိမ့်မည် ဖြစ်သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၁ ၁၂၂ ၁၂၃ ၁၂၄) ပြီး

All Chapters