← Chapters

အခန်း (၁၂၅+၁၂၆+၁၂၇)

Vol. 13 Ch. 125+126+127

အခန်း (၁၂၅+၁၂၆+၁၂၇)

Vol. 13 Ch. 125+126+127

​လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၅ + ၁၂၆ + ၁၂၇)

ရှေးဟောင်းခေတ်တုန်းက ကျင့်ကြံသူတို့သည် အလွန်အားကောင်းသော တန်ခိုးရှင်ဖြစ်သည့် နတ်ဘုရားတစ်ပါးကိုချိပ်ပိတ်ရန်အတွက် တစ်ကမ္ဘာလုံး၏ အင်အားကို ပေါင်းစည်းခဲ့သည်ဟု သမိုင်းမှတ်တမ်းများစွာတွင် ရေးသားမှတ်တမ်းတင်ခဲ့သည်။

ထို တိုက်ပွဲကြောင့် ကမ္ဘာကြီးသည် ပျက်စီးခါနီးအခြေအနေအထိ ဖြစ်သွားရ၏။ ထို့အတွက်ကြောင့် ကမ္ဘာကြီးအနေဖြင့် ဆက်လက်ပြီးရှင်သန်နိုင်ရန် ကမ္ဘာမြေကြီး၏စိတ်ဝိညာဉ်က ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်ခဲ့လေသည်။

ထိုဆုံးဖြတ်ချက်၏ အကျိုးဆက်အနေဖြင့် ကမ္ဘာကြီး၏ တာအိုနိယာမများဟာ ပြောင်းပြန်လှန်သွားခဲ့လေပြီး ကမ္ဘာကြီး၏ အရွယ်အစားဟာလည်း အဆမတန်ကြီးထွားလာခဲ့သည်။

လောက၏အထွတ်အထိပ်မှ အစွမ်းထက်လှပါသည်ဆိုသော တာအိုအရှင်အဆင့်ကျင့်ကြံသူများပင် မွေးကတည်းကနေ သေဆုံးသည်အထိ ခရီးသွားလာလျှင်တောင် နေရာစုံရောက်ဖူးမည်မဟုတ်ဘူးဆိုသော ဆိုရိုးစကားလည်းရှိလေသည်။

ထို့အတွက်ကြောင့် ယခုအချိန်ထက်ထိရှာမတွေ့သေးသော ကုန်းမြေတိုက်ကြီးများ၊ လျို့ဝှက်နယ်မြေများ၊ ရတနာနယ်မြေများ၊ ကောင်းချီးနယ်မြေများစွာတည်ရှိ​၏။

ထိုရှာမတွေ့သေးသော နေရာများထဲမှတစ်ခုသည်တော့ ဤကျွန်းအသေးလေးတစ်ခုပင်ဖြစ်၏။ ကျွန်းကလေးသာဆိုသော်လည်း စာဖတ်သူတို့၏ ကမ္ဘာမြေကြီးထက်ပင် ပိုမို၍ ကြီးမားသေးလေသည်။

ကျင့်ကြံသူတို့၏ကမ္ဘာတွင် ကုန်းမြေတိုက်တစ်ခုဖြစ်ရန် အနိမ့်ဆုံးအရွယ်အစားအား မမှီသောကြောင့်သာ ကျွန်းဟုခေါ်ဆိုခြင်းပင်ဖြစ်သည်။

ဤကျွန်းကြီးသည် အလွန်ထူးဆန်းပြီး ပုံမှန်နေရာများထက် မြေဆွဲအားက အဆ ၁၀၀၀၀ ပင်ပိုမိုများပြားလေသည်။

သေမျိုးတန်ခိုးရှင်များသည်ပင် ဤနေရာတွင်တော့ ပုရွဲဆိတ်တစ်ကောင်ထက် ပိုမို၍အားနည်းနေလိမ့်မည်ဖြစ်ကာ ရောက်လာသည်နှင့် မြေပြင်တွင် အနီရောင်အသားပြားတစ်ပြားဖြစ်သွားပေလိမ့်မည်။

​လက်ရှိအချိန်တွင်တော့ စာဖတ်သူတို့၏ကမ္ဘာဂြိုဟ်အရွယ်အစားရှိသော ကျွန်းကြီး၏ လေထုသည် တင်းမာမှုတို့ဖြင့် မွန်းကြပ်ကာ​ လေးလံနေလျက်ရှိသည်။

ဤနေရာရှိ တောင်တန်းများသည် ကမ္ဘာတစ်ခု၏ တိုက်ကြီးများထက်ပင် ကြီးမားပြီး သမုဒ္ဒရာတို့သည် နက်ဗျူလာများကဲ့သို့ နက်ရှိုင်းလှ၏။

ကောင်းကင်ယံတွင်မူ ဂြိုဟ်သိမ်ဂြိုဟ်မွှားတို့ဖြင့် ဖွဲ့စည်းထားသော ခါးပတ်တစ်ခုက လက်စွပ်သဖွယ် လှည့်ပတ်နေသည်။ ဤသည်မှာ နတ်ဘုရားတို့၏ ကစားကွင်း၊ နဂါးငွေ့တန်းများ၏ သင်္ချိုင်းဟု တင်စားရလောက်သည့် ‘အဆုံးမဲ့ကမ္ဘာ’ ၏ အစိတ်အပိုင်းတစ်ခုမျှသာ ဖြစ်သည်။

​ထိုကျွန်း၏ အလယ်ဗဟိုရှိ လွင်ပြင်ကျယ်ကြီးထက်တွင်မူ သက်ရှိအားလုံးကို ထိတ်လန့်တုန်လှုပ်စေမည့် မြင်ကွင်းတစ်ခုက တည်ရှိနေသည်။

မိုင်တစ်ထောင်ခန့် မြင့်မားသော သတ္တဝါကြီးတစ်ကောင်သည် ကောင်းကင်နှင့်မြေကြီးကို ပိုင်းခြားထားသည့် နံရံကြီးတစ်ခုပမာ မားမားမတ်မတ် ရပ်တည်လျက်ရှိသည်။

ထိုအကောင်ကြီး၏ ကိုယ်ခန္ဓာသည် မည်သည့်သတ္တဝါနှင့်မျှ မတူဘဲ၊ ကြယ်တာရာများ၏ အနှစ်သာရနှင့် ပရမ်းပတာစွမ်းအင်တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသည့် ပုံသဏ္ဌာန်မဲ့သော အရာတစ်ခုဖြစ်သည်။

မရေမတွက်နိုင်သော လက်တံများ၊ မျက်လုံးများနှင့် စွမ်းအင်အမျှင်တန်းများသည် သူ၏ ကိုယ်ထည်မှ ထိုးထွက်နေပြီး အနီးဝန်းကျင်ရှိ ‘အချိန်’ နှင့် ‘နေရာ’ ကိုပင်တွန့်ကွေးနေစေ၏။

ဤသည်မှာ ‘ကြယ်မျိုနတ်ဘီလူး’ ဖြစ်သည်။ သူ၏ စွမ်းအားအဆင့်သည် ပုံမှန်လတစ်စင်းကို အမှုန့်ဖြစ်စေရန် လုံလောက်သည်ထက်ပင် ပိုလေသည်။

​ထိုကြောက်မက်ဖွယ် နတ်ဘီလူးကြီး၏ ရှေ့တည့်တည့်၊ မိုင်အနည်းငယ်အကွာတွင်မူ လူနှစ်ယောက်သည် လေထဲတွင် ငြိမ်သက်စွာ ရပ်နေကြသည်။

သူတို့ဟာ ပုံမှန်ထက် အဆ ၁ သောင်းပိုသော မြေဆွဲအောက်တွင်ပင် သက်တောင့်သက်သာပဲ ရပ်တန့်နေကြကာ အလွန်သန်မာသော ပုဂ္ဂိုလ်ကြီးများဖြစ်မှန်း သိသာလှသည်။

​ထို ၂ ယောက်ထဲမှ တစ်ယောက်မှာတော့ အရာရှိဟုန် ဖြစ်သည်။ သူ၏ အနက်ရောင်အရာရှိယူနီဖောင်းဝတ်စုံသည် လေပြင်းများကြားတွင် အနည်းငယ်မျှ လှုပ်ခတ်ခြင်းမရှိ။

သူ၏ မျက်နှာသေကြီးနှင့် ခံစားချက်မဲ့သော မျက်ဝန်းများသည် ထုံးစံအတိုင်းပင် တည်ငြိမ်နေပြီး ပါးလွှာသော မျက်မှန်အောက်တွင် နက်ရှိုင်းသော အတွေးများကို ဖုံးကွယ်ထားသည်။ သူ၏ ပါးစပ်တွင်တော့‘လန်ဒန်ဒရာဂို’ ဆေးလိပ်တစ်လိပ်ကို ခဲထားလျက်ရှိ၏။

​သူ၏ဘေးတွင် ရပ်နေသူမှာ အရာရှိချန် ဖြစ်သည်။ အရာရှိချန်သည်တော့ အဖြူရောင်အရာရှိဝတ်စုံကို ဝတ်ဆင်ထားကာ သူ၏ ပုံစံမှာ အရာရှိဟုန်နှင့် လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

သူ၏ မျက်နှာတွင် အမြဲတစေ ပြုံးဖြီးဖြီးအပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး သူ၏ မျက်လုံးများကမူ ကောက်ကျစ်စဉ်းလဲမှုတို့ဖြင့် တောက်ပနေသည်။

​“ဟုန်ဟုန်ကလေးရယ်… ဒီကောင်ကြီးကို ကြည့်ရတာ အရသာတော့ သိပ်ရှိမယ့်ပုံမပေါ်ဘူးကွ” အရာရှိချန်က နတ်ဘီလူးကြီးကို မေးဆတ်ပြရင်း ပြောလိုက်သည်။

​အရာရှိဟုန်သည် စကားတစ်ခွန်းမှ ပြန်မပြောချေ။ သူသည် ဆေးလိပ်ကို ခပ်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်ပြီး မီးခိုးငွေ့များကို ဖြည်းညင်းစွာ မှုတ်ထုတ်လိုက်၏။

ထိုမီးခိုးငွေ့များသည် လေထဲတွင် ပျောက်ကွယ်မသွားဘဲ၊ နဂါးတစ်ကောင်၏ ပုံသဏ္ဌာန်အဖြစ်သို့ ပြောင်းလဲသွားကာ နတ်ဘီလူးကြီးကို လှည့်ပတ်ပျံသန်းနေသည်။

​“ဟုန်ဟုန်လေးက … အမြဲတမ်း အေးစက်စက်နိုင်လွန်းတယ်” အရာရှိချန်က ပခုံးတွန့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ “ဒါဆိုရင်တော့ ဒီပွဲကို ငါနဲ့ပဲ စလိုက်ကြရအောင်”

​စကားဆုံးသည်နှင့် အရာရှိချန်၏ လက်ထဲတွင် ရွှေရောင်တောက်နေသော လှံရှည်ကြီးတစ်စင်း ပေါ်လာသည်။ လှံထိပ်ဖျားမှ ထွက်ပေါ်နေသော စွမ်းအင်လှိုင်းများသည် အာကာသကိုပင် တုန်ခါစေ၏။

​“သွားစမ်း”

​သူက ဟစ်ကြွေးလိုက်ပြီး လှံကြီးကို နတ်ဘီလူး၏ ဦးခေါင်းဆီသို့ ပစ်လွှတ်လိုက်သည်။ လှံသည် မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းများစွာကို ဖြတ်ကျော်သွားပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွား၏။

လှံသွားရာလမ်းတစ်လျှောက်ရှိ တောင်တန်းကြီးများသည် နှစ်ခြမ်းကွဲထွက်သွားပြီး မြစ်ချောင်းများသည် အငွေ့ပျံကုန်သည်။ ဤသည်မှာ လတစ်စင်း၏ အတွင်းအမြုတေကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော တိုက်ခိုက်မှုတစ်ခုဖြစ်လေသည်။

​ကြယ်မျိုနတ်ဘီလူးသည် သူ၏ ဧရာမမျက်လုံးပေါင်းများစွာထဲမှ တစ်လုံးဖြင့် လှံကို ကြည့်လိုက်သည်။ ထို့နောက် ၎င်း၏ လက်တံပေါင်းရာချီထဲမှ တစ်ခုက လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလာပြီး လှံကို ဖမ်းဆုပ်လိုက်သည်။

​ဒုန်းးးး

​လှံနှင့် လက်တံတို့ ထိတွေ့သည့်နေရာမှ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ဖိအားလှိုင်းသည် ကျွန်း၏ မြေမျက်နှာပြင်ကို ကီလိုမီတာပေါင်းထောင်ချီ၍ ကွဲအက်စေပြီး ကောင်းကင်ယံရှိ ဂြိုဟ်သိမ်ခါးပတ်ကိုပင် လမ်းကြောင်းပြောင်းသွားစေသည်။

ဤကျွန်း၏ မြေဆွဲအားဟာ အဆပေါင်း ၁၀၀၀၀ ပိုမိုအားကောင်းသလို၊ ဤကျွန်းရှိမြေသားများသည်လည်း အဆပေါင်း ၁၀၀၀၀ ပိုမိုသန်မာ၏။

အခြားနေရာမှာသာဆိုလျှင် ဤတိုက်ခိုက်မှာဟာ ကုန်းမြေတိုက်အသေးစားလေးကို အစိတ်စိတ်အမွှာအမွှာကြွေမွသွားစေပြီး မြေအောက်သို့မြုပ်သွားစေမာ ကျိန်းသေလှသည်။

​အချိန်တိုလေးအတွင်း ပြိုင်ဘက် ၂ ဦး၏ အားပြိုင်မှုကြားမှ ရလာဒ်ထွက်ပေါ်လာ၏။ အရာရှိချန်၏ လှံသည် နတ်ဘီလူး၏ လက်ကို မထိုးဖောက်နိုင်ဘဲ ရပ်တန့်သွားချေပြီ။

​“ဟား… မဆိုးဘူးပဲ” အရာရှိချန်က အပြုံးခပ်ကြီးကြီးဖြင့် ရယ်မောလိုက်သည်။ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်အလင်းတန်းများ ပိုမိုတောက်ပလာ၏။

​နတ်ဘီလူးကြီးသည် အရာရှိချန်ကို ဖမ်းဆုပ်ထားသော လှံတံကို ပစ်ပေါက်လိုက်သည်။ လှံသည် လာစဉ်ကထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြန်လာ၏။

​ထိုအချိန်တွင် အရာရှိဟုန်သည် လှုပ်ရှားလာသည်။ သူသည် လက်တစ်ဖက်ကို ရှေ့သို့ဆန့်တန်းလိုက်ပြီး လက်ညှိုးတစ်ချောင်းတည်းဖြင့် ပြန်လည်ကျရောက်လာသော လှံကို တားဆီးလိုက်သည်။

သူ၏ လက်ညှိုးထိပ်နှင့် လှံထိပ်တို့ ထိတွေ့သည့်အခါ မည်သည့်အသံမျှ ထွက်ပေါ်လာခြင်းမရှိချေ။ လောကတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်သည့် စွမ်းအင်တို့သည် အရာရှိဟုန်၏ လက်ညှိုးထိပ်တွင် အငွေ့ပျံသကဲ့သို့ ပျောက်ကွယ်သွားသည်။

​အရာရှိချန်က မျက်မှောင်ကြုတ်လိုက်သည်။ “ဟေ့ကောင်… ငါ့ပွဲကို လုမလို့လား”

​အရာရှိဟုန်က သူ့ကို လှည့်မကြည့်။ သူ၏ မျက်ဝန်းများသည် နတ်ဘီလူးကြီးကိုသာ စူးစိုက်ကြည့်နေသည်။

“အစွမ်းကုန်မထုတ်ပဲ တိုက်ပွဲကိုဆာလောင်နေတဲ့ မင်းလိုကောင် တစ်ယောက်တည်းနဲ့ဆိုရင် ဒီကျွန်း ပျက်သွားလိမ့်မယ်။ အဖွဲ့ချုပ်က စာရွက်စာတမ်းတွေ ထပ်လုပ်ရမှာကို ငါ စိတ်မရှုပ်ချင်ဘူး”

​သူ၏ အေးစက်သော လေသံသည် အရာရှိချန်ကို မကျေမနပ်ဖြင့် တိတ်ဆိတ်သွားစေသည်။

​အရာရှိဟုန်က ဆေးလိပ်ကို နောက်တစ်ဖွာဖွာလိုက်၏။ ထို့နောက် သူ၏ ညာဘက်လက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။

သူ၏ လက်ဖဝါးပြင်တွင် အနက်ရောင် အစက်အပြောက်လေးတစ်ခု ပေါ်လာသည်။ ထိုအစက်အပြောက်သည် လျင်မြန်စွာ ကြီးမားလာပြီး စကြဝဠာ၏ အမှောင်မိုက်ဆုံးသော တွင်းနက်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

​“ဒုတိယနိယာမ - အဆုံးစွန်ဆွဲငင်အား”

​သူ၏ အသံသည် တိုးညင်းသော်လည်း ကျွန်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။ သူ၏ လက်ထဲမှ တွင်းနက်ငယ်လေးသည် ချက်ချင်းပင် နတ်ဘီလူးကြီးရှိရာသို့ ရွေ့လျားသွားသည်။

တွင်းနက်သည် သေးငယ်သော်လည်း ထိုအရာ၏ ဆွဲငင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။ နတ်ဘီလူးကြီး၏ ပတ်ဝန်းကျင်ရှိ အလင်းတန်းများ၊ အာကာသနှင့် အချိန်တို့သည် တွင်းနက်ထဲသို့ စတင်စုပ်ယူခံနေရသည်။

​နတ်ဘီလူးကြီးသည် ပထမဆုံးအကြိမ်အဖြစ် အန္တရာယ်ကို အာရုံခံမိဟန်တူသည်။ ထိုအကောင်ကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အသံကြီးဖြင့် အော်ဟစ်လိုက်ပြီး ၎င်း၏ လက်တံအားလုံးကို အရာရှိဟုန်၏ တွင်းနက်ဆီသို့ တစ်ပြိုင်နက်တည်း ရိုက်ချလိုက်သည်။

လက်တံတစ်ခုစီ၏ တိုက်ခိုက်မှုသည်ပင် ဥက္ကာခဲကြီးများ ကျရောက်သည်နှင့် တူညီသော စွမ်းအားရှိသည်။

​သို့သော် ထိုတိုက်ခိုက်မှုများအားလုံးသည် သဲထဲကိုရေသွန်လိုက်သကဲ့သို့ အချည်းနှီးဖြစ်သွားကာ မည်သည်မှ မခြားနားသွားချေ။

“ဂါးးးးး” နတ်ဘီးလူးကြီးသ​ည် နားစည်ကွဲအက်သည်အထိ ကျယ်လောင်လှသော အသံကြီးဖြင့် အော်ဟစ်၍ ရုန်းကန်သော်လည်း ဝါဂွမ်းကိုလက်သီးဖြင့် ထိုးလိုက်သကဲ့သို့ အချည်းနှီးပင်။

စက္ကန့်ပိုင်းအတွင်းလေးမှာပင် နတ်ဘီလူးကြီးသည် အရာရှိဟုန်၏ တွင်းနက်ထဲသို့ဝါးမြိုခံလိုက်ရကာ ပျောက်ကွယ်သွားလေသည်။

ထိုအခါ အရာရှိဟုန်ကလည်း အနက်ရောင်တွင်းနက်အား ပယ်ဖျက်လိုက်၏။ အနက်ရောင်တွင်းနက်ကြီးပျောက်ကွယ်သွားသောအခါတွင် အလယ်ဗဟိုနေရာတွင် ပုံဆောင်ခဲကဲ့သို့အေးခဲနေသော လက်မအရွယ် နတ်ဘီလူးကြီးရှိနေလေသည်။

အကောင်ကြီးသည် အသက်ရှိနေဆဲဖြစ်သော်လည်း အကျဥ်းချခံလိုက်ရ​ပြီဖြစ်ကာ ယခင်ကဲ့သို့ တိုက်​ကြီးတစ်တိုက်လုံးရှိ သက်ရှိများအား စားသုံးသည်မျိုးကို ပြုလုပ်နိုင်တော့မည် မဟုတ်ချေ။

လက်ယားလက်ယားဖြင့် အရာရှိချန်ကတော့ ညီးတွားနေလေသည်။ “ကျစ် တကယ်ပါပဲ။ ငါတို့ရဲ့အဆင့်​နဲ့ ပြိုင်ဘက်ကောင်းတွေက ရှားပါတယ်ဆိုနေ။”

အရာရှိဟုန်ကတော့ သကောင့်သားအား လျစ်လျှူရှုထားလေပြီး ဌာနချုပ်သို့ မက်ဆေ့ချ်တစ်ခုပို့လိုက်သည်။ ပြီးနောက်တွင် ကျွန်း၏အမြူတေအားကြည့်လိုက်ကာ မေးလိုက်သည်။

“မင်းယူမာလား....။” အရာရှိဟုန်၏ အသံသည် ထုံးစံအတိုင်းအေးစက်စက်ဖြစ်ကာ ဆရာကြီးပုံစံဖမ်းလွန်းနေသည်။

အရာရှိဟုန်၏ မေးခွန်းဟာ မရှင်းလင်း​သော်လည်း အရာရှိချန်ကတော့ သိနေပုံရနေသည်။ သူက ခေါင်းခါ၍ ငြင်းဆန်လိုက်သည်။

“ယူချင်ပေမဲ့ မယူနိုင်သေးဘူး။ ငါတာဝန်ကျထားတဲ့ တိုက်ကြီး ၄ ခုမှာ ကျီရှင်းမျိုးနွယ်တွေကို ရှာဖို့လိုသေးတယ်။”

“လိ ငါတို့က အလုပ်အများ​ကြီးလုပ်နိုင်တော့ ဌာနချုပ်ကလည်း တစ်ခါတည်းကို တိုက်အခု ၁၀၀၀ ကိုတောင် စစ်ဆေးခိုင်းတယ်။” အရာရှိချန်သည် အလုပ်အများကြီးကို လုပ်နေရသောကြောင့် မကျေမနပ်ဖြစ်နေပုံရကာ ငြီးတွားနေလေ၏။

အရာရှိဟုန်ကတော့ ဆေးလိပ်တစ်ချက်ဖွာလိုက်ရင်း အေးစက်စက်ပြောလိုက်သည်။ “အင်း...မင်းမယူရင်..ငါယူမယ်..။” အရာရှိဟုန်က စကားစုတစ်စုပြီးတိုင်း ခနလောက် ရပ်တန့်သွားလေ၏။

အရာရှိချန်က အနည်းငယ်အံဩသွားဟန်ဖြင့် အရာရှိဟုန်အား စိုက်ကြည့်လိုက်သည်။ “ဟမ် မင်းလည်း စစ်ဆေးဖို့ နောက်ထပ်တိုက်ကြီး ၁ တိုက်ကျန်သေးတယ်မလား။”

“အကုန်ပြီးသွားပြီပေါ့” အရာရှိချန်က သကောင့်သားအားမနာလိုဖြစ်သွားမိသည်။

အရာရှိဟုန်၏ မျက်လုံးသေတို့က တစ်ချက်အသက်ဝင်လာဟန်ဖြင့် တောက်ပသွားသော်လည်း ချက်ချင်းပဲ ပြန်လည်တည်ငြိမ်သွားသည်။

“အင်း... ကျန်သေးတယ်... ဒါပေမဲ့... အဲဒီတိုက်ကြီးမာ... ဧကရီထန်ကို...တွေ့ခဲ့တယ်။..”

“သူမကို...ကျီရှင်းမျိုးနွယ်အကြောင်း...ပြောတော့...သူမကသိတယ်တဲ့... သူမက... တပည့်တစ်ယောက်...လက်ခံထားပြီးတော့... အဲဒီ..ကျီရှင်း..မျိုးနွယ်ဝင်ကို... သူမရဲ့..တပည့်အတွက်..လေ့ကျင့်..” အရာရှိဟုန်ပြောလို့ မပြီးခင် စိတ်မရှည်တော့သည့် အရာရှိချန်က ဖြတ်ပြောလိုက်သည်။

“အဲဒီကျီရှင်းမျိုးနွယ်ဝင်ကို သူမရဲ့တပည့်အတွက် လေ့ကျင့်ရေးသေလို တိုက်ခိုက်ခိုင်းမာမလား။ မင်းစကားပြောရင် စာကြောင်းအပြည့်အစုံတစ်ခါတည်း မပြောတတ်ဘူးလား။” အရာရှိချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

အရာရှိဟုန်ကတော့ ထိုသည်ကို စိတ်ထဲမထားပဲ ဆက်လက်၍ ပြောလိုက်သည်။

“ပြီးတော့ ငါစိတ်ဝင်စားစရာကောင်းတဲ့ ကောင်လေးတစ်ယောက်ကိုတွေ့ခဲ့သေးတယ်။...”

အရာရှိချန်က ရုတ်တရက် အရာရှိဟုန်နှင့်အကွာအဝေးတစ်ခုခြား၍ မေးလိုက်သည်။ “ဟုန်ဟုန်ကလေး မင်းဂေးသွားပြီလား..”

အရာရှိဟုန်လို မျက်နှာသေကြီးပင် ဆွံအသွားကာ ခနလောက် စကားမပြောနိုင်ဖြစ်သွား၏။ သူက ဘာမှမပြောတော့ပဲ လှည့်ထွက်သွားရန် လုပ်လိုက်သည်။

“အဟားဟား စတာပါ စတာ စတာ။” အရာရှိချန်က ချက်ချင်းပဲ ပြုံးဖြီးဖြီးမျက်နှာဖြင့် ပြန်ရောက်လာပြီး အရာရှိဟုန်၏ ပခုံးအားနှိပ်ပေးလိုက်သည်။

“ပြောပါ။ ပြောပါ။ ဘယ်လိုစိတ်ဝင်စားဖို့ ကောင်းတာလဲ။”

အရာရှိဟုန်က သကောင့်သား၏ လက်အားခါထုတ်လိုက်ပြီး ချောင်းဟန့်လိုက်သည်။ “အင်း... ဘယ်လိုစိတ်ဝင်စားဖို့....ကောင်းလဲဆိုတော့....သူသုံးသွားတဲ့.....ကျင့်စဥ်တစ်ခုက အရမ်းကို....ထူးဆန်းလွန်းနေတယ်။.....”

“ကျင့်စဥ်တိုင်းက မတူညီကြပေမဲ့ အားလုံးက တူညီတဲ့မြစ်ဖျားကနေ စီးဆင်းလာတယ်ဆိုတဲ့သဘောတရားကို မင်းလည်း နားလည်ပါတယ်။”

“အဲကောင်လေးရဲ့ ကျင့်စဥ်ကတော့ မတူညီတဲ့မြစ်တစ်စင်းက​လိုမျိုးပဲ။”

“မသိရင် သူသုံးသွားတဲ့ ကျင့်စဥ်က အခြားကမ္ဘာ၊ ဒါမှမဟုတ် အခြားစကြဝဠာတစ်ခုခုက ကျင့်စဥ်လိုမျိုးပေါ့။”

အရာရှိဟုန်၏ မျက်လုံးထဲတွင် မာနကြီးလွန်းကာ ကလေးဆန်လွန်းသော ကောင်လေးတစ်ယောက်၏ပုံရိပ်ပေါ်လာ၏။

အရာရှိချန်ကတော့ ဤအတိုင်းသာ ပခုံးပင့်လိုက်သည်။ “ဒါပေမဲ့ ငါတို့ကမ္ဘာကြီးက အရမ်းကိုကြီးလွန်းတော့ တိုက်တစ်တိုက်စီကိုက သီးခြားကမ္ဘာလိုမျိုးတွေဖြစ်နေတာလေ။”

“​​အချို့တိုက်ကြီးတွေမာဆိုရင် ဆင်လောက်ကြီးတဲ့ အင်းဆက်တွေရှိပြီး အချို့တိုက်က ကျင့်စဥ်တွေက အခြားတိုက်တွေမှာ အသုံးပြုလိုမရတာတွေလည်း ရှိတာပဲ။”

“ဒါကြောင့်မလို့ မင်းပြောသလိုမျိုး အခြားမြစ်ကြီးကနေ စီးလာတဲ့ မတူညီတဲ့သဘောတရားနဲ့ကျင့်စဥ်တွေရှိနေတာက မထူးဆန်းဘူးလို့ပြောရမာပဲလေ” အရာရှိချန်က ပုံမှန်ပေါတောတောဖြင့် နေသော်လည်း အရေးကြီးကိစ္စများတွင်တော့ တည်တည်တံတံရှိ​၏။

ယခုအခါ သူ၏အဖြေကလည်း ယုတ္တိရှိလေပြီး ပညာသားပါလေသည်။ အရာရှိဟုန်ကတော့ အရင် ခေါင်းညိတ်လိုက်ပြီး ခေါင်းပြန်ခါလိုက်သည်။

“မင်းပြောတာမှန်တယ်။ ဒါပေမဲ့ အဲကောင်လေးက မသိရင် အခြားကမ္ဘာ၊ ဒါမှမဟုတ် အခြားစကြဝဠာတစ်ခုခုက လူလိုမျိုးပဲ။”

“မင်းကိုယ်တိုင်တွေ့ရင် သိပါလိမ့်မယ်။” အရာရှိဟုန် ဆက်လက်၍ ပြောဆိုလိုက်သည်။

တစ်ချိန်တည်းတွင် အင်မော်တယ်ယာဥ်ပျံပေါ်တွင် နားယားလို့ ကုတ်နေသော ထျန်ရှင်းလုတစ်ယောက်ရှိနေသည်။

“ဘယ်ကောင် ငါ့အတင်းပြောနေလို့ ငါ့နားတွေ ဒီလောက်ထိ ယားနေရတာလဲ” ထျန်ရှင်းလု၏ မျက်နှာကြီးရှုပ်မဲ့လျက်ရှိနေပြီး ငြီးတွားနေသည်။

လောလောဆယ်တွင် သူသည် ရေချိုးခန်းထဲတွင် ရေဇိမ်နေသည်ဖြစ်ပြီး ကိုယ်လုံးတီးဖြင့် ညီမ ၅ က သူ၏သန်မာအားကောင်းသော ကြွက်သားများအား သူမ၏လက်သွယ်သွယ်ဖြူဖြူလေးတို့ဖြင့် နှိပ်နှယ်ပေးနေသည်။

သူမက အပြင်တွင်မပြောရဲသော်လည်း စိတ်ထဲကနေတော့ ပြောဖြစ်အောင်ပြောလိုက်သေးသည်။ ‘နင် ဒီ​လောက်ထိ အရှုပ်တွေကို လုပ်ထားတာ နင့်အကြောင်းဘယ်သူ မပြောပဲနေမလဲဟဲ့’

ထိုအချိန်တွင် ထျန်ရှင်းလုက ရုတ်တရက်ကြီး ကောက်ရယ်လိုက်သောကြောင့် သူမ လန့်ဖြန့်သွားသည်။

“ဟားဟားဟား ကောင်းတယ် ကောင်းတယ်။” ထျန်ရှင်းလု၏ ပုံစံမှာ အတော်လေးပျော်ရွင်နေသည့် ပုံစံဖြစ်ကာ မျက်နှာကလည်း ပြုံးဖြီးနေပြီး ကလေးကြီးတစ်ယောက်နှင့်ပင် သွားတူနေသေးသည်။

ဤနေရာတွင် မြောက်ပင့်တတ်သောသူများသာဆိုလျှင် ထျန်ရှင်းလုတစ်ယောက် နားရွက်ကို ပါးစပ်တတ်ချိတ်သွားလောက်မည်အထိ မြောက်ပင့်ပေးလိမ့်မည်ဖြစ်သည်။

သို့သော် ညီမ ၅ သည် သခင်မလေးတစ်ယောက်ပြီး အခြားသူများကသာ သူ့ကိုမြောက်ပင့်ခဲ့ကာ သူမကတော့ တစ်ခါမှ အခြားသူများကို မမြောက်ပင့်ခဲ့ဖူးချေ။

ထို့အတွက်ကြောင့် သူမက ရေငုံနှုတ်ပိတ်ထားကာ ထျန်ရှင်းလုကို အားရပါးရ နှိပ်ပေးနေတော့သည်။

ထျန်ရှင်းလုတစ်ယောက်ကတော့ ဂါချာစနစ်၏ ဖန်သားပြင်အားကြည့်နေကာ အတော်လေး​ပျော်ရွင်နေပုံရသည်။

​လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၂၅ + ၁၂၆ + ၁၂၇) ပြီး

All Chapters