← Chapters

အခန်း (၁၃၆-၁၄၀)

Vol. 14 Ch. 136-140

အခန်း (၁၃၆-၁၄၀)

Vol. 14 Ch. 136-140

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၃၆ + ၁၃၇ + ၁၃၈ + ၁၃၉ + ၁၄၀)

မြစိမ်းတောင်တန်း၏ တောင်ဘက်တောင်စောင်း၊ ချီကလန်အိမ်တော် နှင့် မိုင် ၄၀၀ အကွာတွင် ‘ကောင်းကင်ပြာ တာအိုကျောင်းတော်’ သည် နှစ်ပေါင်းရာချီ တည်ရှိခဲ့သည်။

ဤကျောင်းတော်သည် တစ်ချိန်က ငြိမ်းချမ်းခြင်း၊ တရားဘာဝနာပွားများခြင်းနှင့် တာအိုတရား၏ နက်နဲမှုကို ရှာဖွေရာ နေရာတစ်ခုဖြစ်ခဲ့သည်။

ဘုရားဖူးများနှင့် တရားရှာသူတို့ဖြင့် စည်ကားခဲ့သော ဤနေရာသည် ယခုအခါတွင်တော့ သွေးနံ့တို့ဖြင့် လွှမ်းခြုံနေသော ငရဲခန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ကျောင်းတော်၏ အဓိကဝင်ပေါက်ဖြစ်သော ကျောက်ခြင်္သေ့ရုပ်ကြီးနှစ်ခုသည် သွေးများဖြင့် ရွှဲနစ်နေသည်။

ကျောင်းတော်ရင်ပြင်တစ်ခုလုံးတွင် တာအိုဘုန်းကြီးများ၏ အလောင်းများက ပြန့်ကျဲနေ၏။ အချို့မှာ မျက်လုံးများပြူးကျယ်ကာ မယုံကြည်နိုင်ခြင်းများဖြင့် သေဆုံးနေကြပြီး၊ အချို့မှာမူ သူတို့၏ ကိုယ်ခန္ဓာအစိတ်အပိုင်းများက နေရာအနှံ့တွင် စုပုံနေသည်။

ကျိုးပဲ့နေသော ဓားများ၊ လွင့်စင်နေသော ကျမ်းစာလိပ်များနှင့် သွေးအိုင်များကြားတွင် ကြေမွနေသော ပရိဘောဂအပိုင်းအစများက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေသည်။

လေထဲတွင် သံချေးနံ့ကဲ့သို့ စူးရှသော သွေးနံ့နှင့်အတူ လောင်ကျွမ်းနေသော သစ်သားနံ့တို့က ရောယှက်နေသည်။

ဤပျက်စီးမှုများ၏ ဗဟို၊ အဓိကဘုရားကျောင်းဆောင်ကြီး၏ ပလ္လင်ရှေ့တွင်တော့ လူတစ်ယောက် မတ်တပ်ရပ်နေသည်။

လင်းရှောင်။

သူ၏ တစ်ကိုယ်လုံးသည် သွေးများဖြင့် စွန်းထင်းနေသော်လည်း ထိုသွေးများသည် သူ၏ဒဏ်ရာများမှ ထွက်လာခြင်းမဟုတ်။

သူ၏အဝတ်အစားများပေါ်ရှိ သွေးစက်တိုင်းသည် သူ၏ရန်သူများထံမှ လာခြင်းဖြစ်သည်။ သူ၏လက်ထဲတွင် မြို့စောင့်တပ်ခေါင်းဆောင်ထံမှ ရယူလာသော အရည်အသွေးကောင်းမွန်သည့် ဓားတစ်ချောင်းကို ကိုင်ဆောင်ထားသည်။

ဓားသွားထိပ်ဖျားမှ သွေးစက်များသည် ကျောက်ပြားခင်းကြမ်းပြင်ပေါ်သို့ တစ်စက်ချင်း တိတိကျကျ ကျဆင်းနေသည်။

သူ၏ရှေ့တွင်တော့ ဒူးတစ်ဖက်ထောက်လျက်သားဖြင့် နောက်ဆုံးလက်ကျန် တာအိုဘုန်းကြီးတစ်ပါးက အသက်ကို မနည်းရှူသွင်းနေရသည်။

သူသည် ဤကျောင်းတော်၏ ကျောင်းထိုင်ဘုန်းကြီးဖြစ်ပြီး အဆင့် ၁ သေမျိုးတန်ခိုးရှင်တစ်ဦးလည်း ဖြစ်သည်။ သူ၏ တာအိုဝတ်ရုံဖြူသည် ယခုအခါ အနီရောင်သို့ ပြောင်းလဲနေပြီး သူ၏ရင်ဘတ်တွင် ဓားဒဏ်ရာနက်ကြီးတစ်ခုက ဟက်တက်ကွဲနေသည်။

“မင်း... မင်းက ဘယ်သူလဲ... ဘာလို့... ဘာလို့ ငါတို့ကျောင်းတော်ကို...” ကျောင်းထိုင်ဘုန်းကြီး၏ အသံသည် တုန်ယင်နေပြီး စကားတစ်ခွန်းပြောတိုင်း သွေးများက သူ၏ပါးစပ်မှ လျှံကျလာသည်။

လင်းရှောင်၏ မျက်နှာသည် မည်သည့်ခံစားချက်မှမရှိဘဲ အေးစက်နေသည်။ သူ၏မျက်ဝန်းများသည် နှစ်သန်းပေါင်းများစွာ စစ်ပွဲများကြား ရှင်သန်လာခဲ့သူတစ်ဦး၏ အေးစက်တည်ငြိမ်မှုမျိုးဖြင့် ပြည့်နှက်နေသည်။

“မင်းတို့ကငါသွားမဲ့ လမ်းမှားမှာ ရှိနေခဲ့ရုံပဲ။” လင်းရှောင်က ခပ်တိုးတိုးဆိုလိုက်သည်။

“စကြဝဠာကြီးကို ကယ်တင်ဖို့အတွက် စတေးခံဖြစ်ရတာ ဂုဏ်ယူစမ်းပါ။”

သူ၏ “သတ်ဖြတ်ခြင်းတာအို” သည် စွမ်းအားကြီးသူများကို သတ်ဖြတ်လေ ပိုမိုအားကောင်းလာလေဖြစ်သည်။ ဤကျောင်းတော်ရှိ တာအိုဘုန်းကြီးများသည် သူ၏စွမ်းအားကို မြှင့်တင်ရန်အတွက် လောင်စာများသာ ဖြစ်သည်။

“မကောင်းဆိုးဝါး... မင်းလိုကောင်ကို ကောင်းကင်ဘုံက ကျိန်းသေပေါက်...”

ကျောင်းထိုင်ဘုန်းကြီး၏ စကားမဆုံးမီမှာပင် လင်းရှောင်၏ ပုံရိပ်သည် သူ၏ရှေ့မှ ပျောက်ကွယ်သွားသည်။

“ရွှစ်”

လေကိုပိုင်းဖြတ်သွားသော အသံတစ်ခုနှင့်အတူ ကျောင်းထိုင်ဘုန်းကြီး၏ ဦးခေါင်းသည် သူ၏ကိုယ်ခန္ဓာနှင့် လွှင့်စင်ကွာကျသွားပြီး ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားသည်။

သူ၏မျက်လုံးများထဲတွင်တော့ ဒေါသနှင့် နာကြည်းမှုတို့က နောက်ဆုံးထွက်သက်အထိ ကျန်ရှိနေခဲ့သည်။

သွေးများက လည်ပင်းပြတ်မှ မီးပန်းတစ်ခုအလား ပန်းထွက်လာပြီး သူ၏နောက်ရှိ တာအိုပလ္လင်တော်ပေါ်မှ ရွှေသားဆင်းတုတော်ကြီးကို သွေးဖြင့်အဘိသိက်သွန်းလောင်းလိုက်သကဲ့သို့ ဖြစ်သွားသည်။

ကျောင်းတော်တစ်ခုလုံး လုံးဝတိတ်ဆိတ်သွားသည်။ သွေးစက်များ ကြမ်းပြင်ပေါ်ကျသံမှလွဲ၍ အခြားမည်သည့်အသံမှ မကြားရတော့။

လင်းရှောင်သည် ဓားပေါ်မှသွေးများကို ခါထုတ်လိုက်ပြီး ကျောင်းဆောင်အပြင်ဘက်သို့ တည်ငြိမ်စွာ လျှောက်ထွက်လာခဲ့သည်။

သူသည် တောင်စောင်းအစွန်းတွင် ရပ်လိုက်ပြီး အောက်ဘက်ရှိ ချီကလန်အိမ်တော်ကြီးကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။

သူ၏စိတ်အစဉ်သည် အနာဂတ်သို့ ခေတ္တမျှရောက်ရှိသွားသည်။

‘ချီဒေါင်ယင်း...

သူ၏စိတ်ထဲတွင် ထိုနာမည်ကို တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

‘အရင်ဘဝတွေတုန်းက မင်းက ငါ့အတွက် အရေးပါတဲ့ မဟာမိတ်တစ်ယောက် ဖြစ်ခဲ့တယ်။ မင်းရဲ့ ပန်းချီတာအိုက အထွတ်အထိပ်ကိုရောက်သွားတဲ့အခါ လောကနိယာမတွေကိုတောင် ပုံဖော်နိုင်စွမ်းရှိခဲ့တယ်။ မင်းရဲ့ပန်းချီကားတစ်ချပ်က တပ်မကြီးတစ်သိန်းရဲ့ အင်အားနဲ့ ညီမျှတယ်။ ကျီရှင်းဧကရာဇ်ရဲ့ တပ်တွေကို ခုခံတိုက်ခိုက်ရာမှာ မင်းရဲ့အစွမ်းက အဓိကကျခဲ့တယ်။’

‘ဒါပေမဲ့... အဲ့ဒီအချိန်တုန်းက ငါမင်းကို အသုံးချဖို့ပဲသိခဲ့တယ်။ မင်းရဲ့ပါရမီကို ဖွံ့ဖြိုးလာအောင် ကူညီဖို့ အချိန်မပေးနိုင်ခဲ့ဘူး။ နောက်ဆုံးတော့ မင်းက ကျီရှင်းဧကရာဇ်ရဲ့ လက်ထဲမှာ ကျဆုံးသွားခဲ့ရတယ်။ အဲ့ဒါက ငါ့ရဲ့အကြီးမားဆုံး ရှုံးနိမ့်မှုတွေထဲက တစ်ခုပဲ။’

လင်းရှောင်၏ မျက်ဝန်းများထဲတွင် ရှုပ်ထွေးသော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။

‘ဒီတစ်ဘဝတော့ အဲ့ဒီလိုအမှားမျိုး ထပ်မဖြစ်စေရဘူး။ ချီဒေါင်ယင်း၊ မင်းကို ငါအစောကြီးကတည်းက ရှာတွေ့ခဲ့ပြီ။ အခုမင်းက အားနည်းနေသေးပေမဲ့ မင်းရဲ့ဝိညာဉ်ထဲမှာ ကိန်းအောင်းနေတဲ့ ပန်းချီတာအိုရဲ့ မျိုးစေ့က အချိန်မရွေးနိုးထလာနိုင်တယ်။ ငါလုပ်ရမှာက အဲ့ဒီမျိုးစေ့ကို အမြန်ဆုံးပွင့်လန်းလာအောင် ကူညီပေးဖို့ပဲ။’

သူ၏အကြည့်သည် ချီကလန်၏အရှေ့ဘက်ခြမ်းမှ တဖြည်းဖြည်းချဉ်းကပ်လာသော အင်မော်တယ်ယာဉ်ပျံတစ်စီးဆီသို့ ရောက်သွားသည်။

‘ထျန်ကလန်လား..... ဟင်း....ထူးဆန်းသားပဲ။ အရင်ဘဝတွေတုန်းက ထျန်ကလန်က ဒီကိုမရောက်လာပါဘူး။ နေနတ်ဘုရားရဲ့ ကံကောင်းချီးကြောင့်လား။ ဒါဆိုရင် အဲဒီမာငါသွားရမယ်။’

လင်းရှောင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

အတွေးများဆုံးသွားသည်နှင့် လင်းရှောင်သည် တောင်စောင်းပေါ်မှ ပျောက်ကွယ်သွားပြီး အရိပ်တစ်ခုအလား ချီကလန်အိမ်တော်ဆီသို့ တိတ်ဆိတ်စွာ ဦးတည်လိုက်တော့သည်။

ချီကလန်၏ အဓိကဧည့်ခန်းမဆောင်ကြီးသည် တင်းမာသောလေထုဖြင့် ပြည့်နှက်နေသည်။

ကလန်ခေါင်းဆောင် ချီရှို့ရန်နှင့် အကြီးအကဲများအားလုံးသည် သူတို့၏ရှေ့မှ ဧည့်သည်တော်ကို အရိုအသေပေးသည့်ဟန်ဖြင့် ရပ်နေကြသော်လည်း သူတို့၏မျက်နှာများမှာမူ တင်းမာနေပြီး နဖူးတွင် ချွေးစေးများပင် စို့နေကြသည်။

ဧည့်သည်တော်နေရာတွင်တော့ လူငယ်တစ်ဦးက မောက်မာစွာ ထိုင်နေသည်။ သူသည် အနက်ရောင်ပိုးသားဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ၏မျက်ဝန်းများထဲတွင် အရာအားလုံးကို မထီမဲ့မြင်ပြုလိုသော အကြည့်များဖြင့် ပြည့်နှက်နေသည်။ သူကား ထျန်ကလန်၏ အငယ်ဆုံးသခင်လေး ထျန်ရှင်းလုပင်တည်း။

သူ၏မျက်နှာသည် မည်းမှောင်နေပြီး တစ်စုံတစ်ခုကို မကျေမနပ်ဖြစ်နေသည့်အလား ဒေါသထွက်နေပုံရသည်။

သူ၏အနောက်တွင်လည်း ညီမ ၅၊ လီနာ နှင့် အရိပ်လုပ်ကြံသူ ၂ ယောက်ရှိနေကြသည်။ ရှောင်ဘိုးဘေး၊ သန့်စင်သောကြာပန်း နှင့် အကြီးအကဲ ၂ ယောက်ကတော့ မဆင်းလာကြချေ။

“အဟမ်း...” ထျန်ရှင်းလုသည် သူ၏ရှေ့မှ ကျောက်စိမ်းခွက်ထဲမှ လက်ဖက်ရည်ကို တစ်ငုံမျှသောက်လိုက်ပြီးနောက် ခွက်ကို စားပွဲပေါ်သို့ “ချွမ်း” ဟူသောအသံမြည်အောင် ဆောင့်ချလိုက်သည်။

ချီကလန်မှ လူများအားလုံး ထိတ်ခနဲ တုန်သွားကြသည်။

“ကလန်ခေါင်းဆောင်ချီ... ခင်ဗျားတို့ရဲ့ ‘မြူခိုးတောင်ထိပ်’ လက်ဖက်ခြောက်က တော်တော်နာမည်ကြီးတယ်လို့ ကြားဖူးတာပဲ။ ဒါပေမဲ့ ဒီနေ့သောက်ရတဲ့အရသာက ဘာလို့ လမ်းဘေးဆိုင်က လက်ဖက်ရည်ကြမ်းအရသာပေါက်နေရတာလဲ။ ခင်ဗျားတို့က ကျုပ်ကို တမင်သက်သက် ပြဿနာလာရှာနေတာလား’”

ချီရှို့ရန်သည် ချက်ချင်းပင် ဦးညွှတ်ကာ “မ... မဟုတ်ရပါဘူး သခင်လေး။ ဒါအကောင်းဆုံးလက်ဖက်ခြောက်ကို အကောင်းဆုံးအသက်ရေနဲ့ဖျော်ထားတာပါ... သခင်လေးအကြိုက်မတွေ့တာ ကျွန်တော်မျိုးတို့ရဲ့ အပြစ်ပါ...”

ထျန်ရှင်းလု၏ စိတ်ထဲတွင်တော့ ကျေနပ်စွာ ပြုံးလိုက်သည်။ သူသည် ချီရှို့ရန်၏ စိတ်ထဲမှ ဒေါသနှင့် မကျေနပ်မှုတို့ကို ခံစားမိလိုက်ပြီး နွေးထွေးသော စွမ်းအင်စီးကြောင်းငယ်လေးတစ်ခု သူ၏ကိုယ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။

“ဟားဟား၊ သေမျိုးတန်ခိုးရှင်တစ်ယောက်ရဲ့ ဒေါသသေးသေးလေးက သက်တမ်းတစ်နှစ်လောက်တော့ တိုးစေတာပဲ။ ကောင်းတယ်... ဒါကအစပဲရှိသေးတယ်။ သူကိုအကြီးအကျယ်ဒေါသထွက်အောင်လုပ်နိုင်ရင် ငါထောင်ဂဏန်းလောက်ရနိုင်တယ်”

ထို့နောက် အစေခံများက အစားအသောက်များကို စားပွဲပေါ်သို့ တင်ဆက်လာကြသည်။ အစားအသောက်တိုင်းသည် ချီကလန်၏ အကောင်းဆုံးစားဖိုမှူးများက အစွမ်းကုန်ပြင်ဆင်ထားခြင်းဖြစ်သည်။

ထျန်ရှင်းလုသည် ဟင်းတစ်ပွဲကို သူ၏လက်ဖြင့် ညွှန်ပြလိုက်သည်။ “ဒီငါးပေါင်းက ဘာလို့ ဒီလောက်အနံ့စူးနေရတာလဲ။ ငါးသေကို ယူပေါင်းထားတာလား။ ပြီးတော့ ဟိုဘက်က ကြက်ကင်... ဘာလို့ အရေခွံက ဒီလောက်တူးနေရတာလဲ။ ဒါတွေကို ချက်တဲ့စားဖိုမှူးကို ခေါ်လာခဲ့စမ်း။ သူ့လက်တွေကို ငါကိုယ်တိုင် ဖြတ်ပစ်မယ်။”

ခန်းမဆောင်တစ်ခုလုံးရှိ လေထုသည် အေးခဲတိတ်ဆိတ်နေရာမှ ထျန်ရှင်းလု၏ စကားတစ်ခွန်းကြောင့် လုံးဝပေါက်ကွဲထွက်သွားတော့သည်။

သူ၏အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း စကားလုံးတိုင်းတွင် အေးစက်သော ရက်စက်မှုနှင့် မထီမဲ့မြင်ပြုလိုစိတ်တို့က အပြည့်အနှက်ပါဝင်နေသည်။

ထိုစကားသည် မိုးကြိုးတစ်စင်းအလား ချီကလန်လူများ၏ နားထဲသို့ ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့၏နှလုံးသားများကို တုန်လှုပ်ခြောက်ခြားသွားစေသည်။

စားပွဲဘေးတွင် ဒူးထောက်နေကြသော အစေခံများသည် ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်သို့ ဝပ်တွားသွားကြပြီး သူတို့၏ကိုယ်များမှာ ထိန်းမနိုင်သိမ်းမရ တဆတ်ဆတ်တုန်ယင်နေသည်။

ကလန်ခေါင်းဆောင် ချီရှို့ရန်၏ မျက်နှာသည် သွေးမရှိတော့သလို ဖြူဆုတ်သွားသည်။ သူ၏ ဒေါသကြောင့် နီမြန်းနေသောမျက်နှာသည် ယခုအခါ ကြောက်ရွံ့မှုနှင့် မယုံကြည်နိုင်ခြင်းတို့ဖြင့် အစားထိုးသွားသည်။

သူ၏အတွင်းစိတ်ထဲတွင် မီးတောင်တစ်ခုပမာ ဒေါသများပေါက်ကွဲနေသော်လည်း အပြင်ပန်းတွင်မူ လုံးဝမလှုပ်ဝံ့ဘဲ တောင့်ခဲနေမိသည်။

‘သူ... သူတကယ်ကြီး လုပ်မလို့လား။ စားဖိုမှူးတစ်ယောက်ရဲ့ လက်ကို... ဒီလောက်သေးငယ်တဲ့ အကြောင်းပြချက်နဲ့...’

ထျန်ကလန်၏ ရက်စက်ကြမ်းကြုတ်မှုကို သူကြားဖူးသော်လည်း ဤမျှလောက် အသေးအဖွဲကိစ္စအတွက် လူတစ်ယောက်၏ ဘဝတစ်ခုလုံးကို ဖျက်ဆီးပစ်လိမ့်မည်ဟု သူလုံးဝမထင်ထားခဲ့။ စားဖိုမှူးတစ်ယောက်အတွက် သူ၏လက်များသည် အသက်ပင်ဖြစ်သည်။

ထျန်ရှင်းလုသည် သူတို့၏တုံ့ပြန်မှုကို ကျေနပ်စွာ ကြည့်နေသည်။ ချီရှို့ရန်၏ ဖုံးကွယ်ထားသော ဒေါသ၊ အကြီးအကဲများ၏ အကူအညီမဲ့ခြင်းနှင့် အစေခံများ၏ ထိတ်လန့်ကြောက်ရွံ့မှုတို့သည် သူ၏ကိုယ်ထဲသို့ မမြင်နိုင်သော စွမ်းအင်စီးကြောင်းများအဖြစ် စီးဝင်လာပြီး သူ၏သက်တမ်းကို နှစ်ရာနှင့်ချီ၍ တိုးပွားစေသည်။

သူ၏မျက်နှာသည် အေးစက်တည်ငြိမ်နေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ပျော်ရွှင်မှုဖြင့် ရယ်မောနေသည်။

“ဘာလုပ်နေကြတာလဲ” ထျန်ရှင်းလုက အေးစက်စွာ အော်လိုက်သည်။ “ငါ့စကားကို မကြားကြဘူးလား။ အဲ့ဒီအသုံးမကျတဲ့ စားဖိုမှူးကို ဆွဲထုတ်ခဲ့”

သူ၏အမိန့်အသံကြောင့် ချီသခင်ကြီးက အချက်ပြလိုက်သည်။ ထိုအခါ ချီကလန်မှ အစောင့်နှစ်ယောက်သည် တုန်တုန်ယင်ယင်ဖြင့် နေရာမှထကာ မီးဖိုချောင်ဘက်သို့ ပြေးထွက်သွားကြသည်။

မကြာမီမှာပင် အသက်ငါးဆယ်ကျော်အရွယ်၊ ဆံပင်ဖြူတစ်ဝက်ဖြစ်နေသော အမျိုးသားကြီးတစ်ဦးကို အစောင့်များက လက်မောင်းနှစ်ဖက်မှဆွဲကာ ခန်းမဆောင်ထဲသို့ ခေါ်ဆောင်လာသည်။

သူသည် ချီကလန်၏ အနှစ်သုံးဆယ်ကြာ အမှုထမ်းခဲ့သော စားဖိုမှူးချုပ် ‘ဦးဝမ်’ ဖြစ်သည်။ သူ၏မျက်နှာတွင် နားမလည်နိုင်ခြင်းနှင့် ကြောက်ရွံ့မှုတို့က ရောယှက်နေသည်။

“ကလန်ခေါင်းဆောင်... သခင်လေး... ဘာဖြစ်လို့ပါလဲ... ကျွန်တော်မျိုး ဘာအမှားလုပ်မိလို့ပါလဲ...”

ဦးဝမ်သည် ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကျသွားပြီး တုန်ယင်နေသောအသံဖြင့် မေးလိုက်သည်။

ထျန်ရှင်းလုသည် သူ၏နေရာမှ ဖြည်းညှင်းစွာထကာ မောက်မာသောခြေလှမ်းများဖြင့် ဦးဝမ်၏ရှေ့သို့ လျှောက်သွားသည်။

သူသည် ဦးဝမ်၏ရှေ့တွင် ရပ်လိုက်ပြီး အထက်စီးမှ စိုက်ကြည့်ကာ မဲ့ပြုံးပြုံးလိုက်သည်။

“မင်းက ဒီအမှိုက်တွေကို ချက်တဲ့ကောင်လား။”

သူသည် စားပွဲပေါ်မှ အရေခွံတူးနေသော ကြက်ကင်ကို ညွှန်ပြလိုက်သည်။

ဦးဝမ်သည် မျက်နှာပျက်သွားပြီး အလျင်အမြန်ပင် ကာကွယ်ပြောဆိုသည်။ “သခင်လေး... အဲ့ဒါက ကျွန်တော်မျိုးတို့ရဲ့ အထူးဟင်းလျာ ‘ပျားရည်စိမ် မီးကင်ကြက်’ ပါ။ အပေါ်ယံအရေခွံကို ပျားရည်သုတ်ပြီး မီးအရှိန်ပြင်းပြင်းနဲ့ ကင်ထားတာမို့ နည်းနည်းအရောင်ရင့်သွားတာပါ... ဒါပေမဲ့ အရသာကတော့...”

“ဖြန်း”

ဦးဝမ်၏စကားမဆုံးမီမှာပင် ထျန်ရှင်းလု၏ ခြေထောက်သည် ဦးဝမ်၏ ရင်ဘတ်ကို အရှိန်ပြင်းစွာ ကန်လိုက်သည်။ ဦးဝမ်သည် “အ” ဟူသော နာကျင်စွာအော်ဟစ်သံနှင့်အတူ နောက်သို့လွင့်စဉ်သွားပြီး ကြမ်းပြင်ပေါ်တွင် သွေးများအန်လိုက်ရသည်။

“ငါက မင်းကို ဆင်ခြေပေးခိုင်းနေတာမဟုတ်ဘူး” ထျန်ရှင်းလု၏ အသံသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။ “ငါ့ကို မကျေနပ်အောင်လုပ်တဲ့ကောင်က သူ့အမှားအတွက် ပြန်ပေးဆပ်ရမယ်။ မင်းရဲ့လက်တွေက ငါ့အတွက် အသုံးမဝင်တဲ့ ဟင်းလျာတွေကို ချက်ခဲ့တယ်။ ဒါကြောင့် အဲ့ဒီလက်တွေ ရှိနေဖို့မလိုတော့ဘူး။”

ထို့နောက် သူသည် ခါးကြားမှ အလှဆင်ထားသော ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်လိုက်သည်။ ဓားသွားသည် အလင်းရောင်အောက်တွင် အေးစက်စွာ လက်ခနဲဖြစ်သွားသည်။

ထိုမြင်ကွင်းကိုမြင်သောအခါ ဦးဝမ်၏ မျက်လုံးများ ပြူးကျယ်သွားပြီး သူ၏မျက်နှာတစ်ခုလုံး ကြောက်မက်ဖွယ်ရာ ဖြူဖျော့သွားသည်။

“မ... မလုပ်ပါနဲ့ သခင်လေး၊ တောင်းပန်ပါတယ်၊ ကျွန်တော့်ကို ခွင့်လွှတ်ပါ၊ ကျွန်တော့်လက်တွေ... ကျွန်တော့်လက်တွေကိုတော့...”

သူ၏အသံသည် အက်ကွဲတုန်ယင်နေပြီး မျက်ရည်များက ပါးပြင်ပေါ်သို့ တသွင်သွင်စီးကျလာသည်။ သူသည် မြေပြင်ပေါ်တွင် ထျန်ရှင်းလု၏ ခြေထောက်ကိုဖက်ကာ အငိုတပိုင်းဖြင့် အသနားခံတောင်းပန်နေသည်။

စားဖိုမှူးတစ်ယောက်၏ လက်များသည် သူ၏ဂုဏ်သိက္ခာ၊ သူ၏အသက်မွေးဝမ်းကျောင်း၊ သူ၏ဘဝတစ်ခုလုံးပင် ဖြစ်သည်။

ချီကလန်မှလူများသည် ထိုမြင်ကွင်းကို ကြည့်ကာ မျက်နှာများ သွေးဆုတ်ဖြူရော်နေကြသည်။ ချီရှို့ရန်၏ လက်သီးဆုပ်ထားသော လက်ထဲမှ လက်သည်းများသည် သူ၏လက်ဖဝါးထဲသို့ စိုက်ဝင်နေသည်အထိ တင်းကျပ်နေသည်။

သူ၏တစ်ကိုယ်လုံးသည် ထိန်းချုပ်ထားသော ဒေါသကြောင့် တုန်ယင်နေသည်။ သူ၏ကလန်သားတစ်ယောက်၊ သူ၏ရှေ့မှောက်တွင် ဤသို့အနိုင်ကျင့်ခံနေရသည်ကို သူရပ်ကြည့်နေရသည်။ ထိုခံစားချက်သည် သူ၏နှလုံးသားကို ဓားဖြင့်အကြိမ်ကြိမ်မွှန်းနေသကဲ့သို့ နာကျင်စေသည်။

နောက်ဆုံးတွင် သူ မခံမရပ်နိုင်တော့ဘဲ ရှေ့သို့တစ်လှမ်းတိုးကာ ဦးညွှတ်လိုက်သည်။

“သခင်လေးရှင်းလု၊ ကျေးဇူးပြုပြီး စိတ်လျှော့တော်မူပါ။ ဒါအားလုံး ကျွန်တော်မျိုးတို့ရဲ့ အမှားပါ။ ကျွန်တော်တို့ရဲ့ စားဖိုမှူးက သခင်လေးရဲ့ မြင့်မြတ်တဲ့အရသာကို နားမလည်လို့ပါ။ သူ့ကိုယ်စား ကျွန်တော်မျိုးကပဲ တောင်းပန်ပါတယ်။ သူ့လက်တွေကိုတော့ ချမ်းသာပေးပါ...။ သူမှားတဲ့အတွက် သူ့ကို ကျွန်တော်တို့ကလန်ရဲ့စည်းကမ်းအတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်။”

ထျန်ရှင်းလုသည် ချီရှို့ရန်ကို အေးစက်စွာ ကြည့်လိုက်သည်။ “မင်းက ဘယ်သူမို့လို့ ငါ့ဆုံးဖြတ်ချက်ကို ဝင်ပြောရတာလဲ။ မင်းတို့ကလန်ရဲ့ စည်းကမ်း၊ ဟက်... ငါ ထျန်ရှင်းလုရဲ့ စကားကသာ စည်းကမ်းပဲ။”

သူသည် ဦးဝမ်ကို ဆံပင်မှဆွဲမလိုက်ပြီး သူ၏လက်တစ်ဖက်ကို ကြမ်းပြင်ပေါ်သို့ ဖိကပ်ထားလိုက်သည်။ ဦးဝမ်သည် နာကျင်မှုနှင့် ကြောက်ရွံ့မှုတို့ဖြင့် အော်ဟစ်ရုန်းကန်နေသော်လည်း ထျန်ရှင်းလု၏ သန်မာသောလက်အောက်မှ မည်သို့မှ မလွတ်မြောက်နိုင်ခဲ့။

“မင်းတို့အားလုံး သေချာကြည့်ထားလိုက်!” ထျန်ရှင်းလုက ခန်းမဆောင်ထဲရှိ လူအားလုံးကို ဝေ့ကြည့်ကာ အော်ပြောလိုက်သည်။ “ဒါ... ငါ့ကို မလေးမစားလုပ်တဲ့ကောင်တွေရဲ့ နမူနာပဲ”

စကားဆုံးသည်နှင့် သူ၏လက်ထဲမှ ဓားမြှောင်သည် အေးစက်သောအလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး အောက်သို့ ပြင်းထန်စွာ စိုက်ချလိုက်တော့သည်။

“အားးးးး”

ခန်းမဆောင်တစ်ခုလုံးကို လွှမ်းခြုံသွားလောက်အောင် ကျယ်လောင်သော နာကျင်စွာအော်ဟစ်သံကြီးနှင့်အတူ သွေးများက ပန်းထွက်လာပြီး ကြမ်းပြင်ပေါ်တွင် သွေးအိုင်ငယ်တစ်ခု ဖြစ်ပေါ်သွားသည်။

ဦးဝမ်၏ ညာဘက်လက်ချောင်းငါးချောင်းလုံးသည် သူ၏လက်ဖဝါးနှင့် အတူ ပြတ်တောက်သွားပြီး ကြမ်းပြင်ပေါ်တွင် သွေးများနှင့် လူးလွန့်နေသည်။

ဦးဝမ်သည် နာကျင်မှုကြောင့် မြေပြင်ပေါ်တွင် လူးလိမ့်နေပြီး သူ၏ပြတ်သွားသော လက်ကိုကိုင်ကာ အသိစိတ်လွတ်မတတ် အော်ဟစ်နေသည်။

ချီကလန်မှ အကြီးအကဲများနှင့် အစေခံများအားလုံး ထိုသွေးသံရဲရဲမြင်ကွင်းကြောင့် မျက်နှာလွှဲလိုက်ကြပြီး အချို့မှာ ကြောက်လန့်ကာ အော့အန်ချင်သလို ဖြစ်သွားကြသည်။

ချီရှို့ရန်၏ မျက်လုံးများသည် သွေးကဲ့သို့ နီရဲလာပြီး သူ၏သွားများကို ကျိုးကြေမတတ် အံကြိတ်ထားမိသည်။

သူ၏ရင်ထဲတွင် အရှက်တရား၊ နာကြည်းမှု၊ ဒေါသနှင့် အကူအညီမဲ့ခြင်းတို့က လှိုင်းလုံးကြီးများသဖွယ် ရိုက်ခတ်နေသည်။

သို့သော် ထျန်ရှင်းလုသည် ထိုမျှဖြင့် ကျေနပ်ခြင်းမရှိသေး။ သူသည် ဦးဝမ်၏ ကျန်ရှိနေသေးသော ဘယ်ဘက်လက်ကို ဆက်လက်ဖြတ်ရန် ဓားကိုမြှောက်လိုက်သည်။

“ကျေးဇူးပြုပြီး... မလုပ်ပါနဲ့... ချမ်းသာပေးပါ။ ကလန်သခင်ကြီးကူဦးပါဦးးး...” ဦးဝမ်၏ အသနားခံသံသည် နာကျင်မှုကြောင့် အက်ကွဲနေပြီး အားအင်ကုန်ခမ်းနေလေပြီ။

ထျန်ရှင်းလု၏ မျက်နှာတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူသည် ချီရှို့ရန်၏ ဒေါသကြောင့် နီမြန်းနေသော မျက်နှာကို တမင်စိုက်ကြည့်လိုက်ပြီးနောက် မြှောက်ထားသော ဓားမြှောင်ကို မညှာမတာပင် အောက်သို့စိုက်ချလိုက်သည်။

“ရွှပ်”

ဒုတိယအကြိမ်မြောက် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။ သွေးများက ထပ်မံပန်းထွက်လာပြီး ထျန်ရှင်းလု၏ မျက်နှာပေါ်သို့ပင် အစက်အပြောက်အချို့ စင်သွားသည်။

သူ၏မျက်နှာက အနည်းငယ်ရှုပ်မဲ့သွားပြီး ပုဝါကိုအလျင်အမြန်ထုတ်ယူကာ သုတ်လိုက်၏။

ဦးဝမ်၏ ဘယ်ဘက်လက်သည်လည်း သူ၏ကိုယ်ခန္ဓာနှင့် ကင်းကွာသွားပြီး ညာဘက်လက်ပြတ်၏ ဘေးတွင် သွေးအိုင်ထဲသို့ “ဒုတ်” ခနဲ ကျသွားသည်။

“အား... အား... အား...”

ဦးဝမ်သည် စကားလုံးများပင် မထွက်နိုင်တော့ဘဲ သူ၏လည်ချောင်းထဲမှ တိရစ္ဆာန်တစ်ကောင်၏ ညည်းတွားသံကဲ့သို့ အသံများသာ ထွက်ပေါ်လာတော့သည်။

သူ၏ကိုယ်သည် မြေပြင်ပေါ်တွင် ငါးတစ်ကောင်လို တလူးလူးတလွန့်လွန့် ဖြစ်နေပြီး သူ၏လက်နှစ်ဖက်လုံးမှ သွေးများသည် ကြမ်းပြင်ပေါ်တွင် မြစ်တစ်စင်းအလား စီးဆင်းနေသည်။

ခန်းမဆောင်တစ်ခုလုံးသည် သင်္ချိုင်းကုန်းတစ်ခုလို တိတ်ဆိတ်သွားသည်။

ကြားနေရသည်မှာ ဦးဝမ်၏ အသက်ကို မနည်းရှူသွင်းနေရသော အသံတိုးတိုးနှင့် ကြမ်းပြင်ပေါ်သို့ သွေးများစီးကျနေသော အသံမျှသာ။

ထျန်ရှင်းလုသည် သူ၏ဓားမြှောင်ပေါ်မှ သွေးများကို ဦးဝမ်၏ ညစ်ပေနေသော အဝတ်ဖြင့် ဖြစ်ကတတ်ဆန်း သုတ်လိုက်ပြီး ဓားကို ခါးကြားသို့ ပြန်ထိုးထည့်လိုက်သည်။

ထို့နောက် သူသည် မည်သည့်အရာမှ မဖြစ်ခဲ့သလို ပုံစံဖြင့် သူ၏နေရာသို့ ဖြည်းညှင်းစွာ ပြန်လျှောက်သွားသည်။

သူ၏ခြေလှမ်းတိုင်းသည် ချီမျိုးနွယ်ဝင်၏ နှလုံးသားကို တူဖြင့်ထုနေသကဲ့သို့ လေးလံလှသည်။

သူ၏နေရာသို့ ပြန်ရောက်သောအခါ ထျန်ရှင်းလုသည် အေးဆေးစွာ ပြန်ထိုင်လိုက်သည်။ သူသည် စားပွဲပေါ်မှ သူကိုယ်တိုင် အပြစ်ပြောခဲ့သော ‘ပျားရည်စိမ် မီးကင်ကြက်’ တစ်ဖဲ့ကို တူဖြင့်ညှပ်ယူလိုက်ပြီး ပါးစပ်ထဲသို့ ထည့်လိုက်သည်။

သူသည် မျက်လုံးများကိုမှိတ်ကာ အရသာကို ခံစားနေသည့်ဟန်ဖြင့် ဖြည်းညှင်းစွာ ဝါးစားနေသည်။ ခန်းမဆောင်ထဲရှိ လူအားလုံးသည် အသက်ပင်မရှူဝံ့ဘဲ သူ၏လုပ်ရပ်ကိုသာ စိုက်ကြည့်နေကြသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် ထျန်ရှင်းလုသည် မျက်လုံးများကို ဖွင့်လိုက်ပြီး အံ့ဩသွားသလို ဟန်ဆောင်ကာ ပြောလိုက်သည်။

“အင်း... ဒီကြက်ကင်က အရသာမဆိုးပါဘူးပဲ။ တကယ်တော့... တော်တော်လေးကောင်းတာပဲ။ အသားက နူးညံ့ပြီး အရေခွံကလည်း ကြွပ်ရွနေတာပဲ။ ငါ ခုနက နည်းနည်းစိတ်မကြည်လို့ အရသာခံစားလို့မရတာ ဖြစ်မယ်။”

သူသည် ခေါင်းဆောင်ချီရှို့ရန်ကို လှည့်ကြည့်လိုက်ပြီး အပြစ်ရှိသလို မျက်နှာပေးဖြင့် ပြောလိုက်သည်။

“အိုး... ကလန်ခေါင်းဆောင်ချီ၊ ကြည့်စမ်းပါ။ ကျွန်တော် နည်းနည်းလောကြီးသွားပြီထင်တယ်။ ဒီလောက်အရသာရှိတဲ့ ဟင်းလျာကို ချက်ပြုတ်ပေးတဲ့ စားဖိုမှူးကြီးရဲ့ လက်နှစ်ဖက်လုံးကို ဖြတ်ပစ်လိုက်မိတာ တော်တော်နှမြောစရာကောင်းတာပဲ။ စိတ်မကောင်းလိုက်တာဗျာ။”

သူ၏စကားသံသည် စိတ်မကောင်းဖြစ်နေသည့် လေသံဖြစ်သော်လည်း သူ၏မျက်ဝန်းများထဲတွင်တော့ လှောင်ပြောင်သရော်လိုသော အရိပ်အယောင်များက အထင်းသားပေါ်နေသည်။

ထို့နောက် သူက ရယ်မောကာ ဆက်ပြောလိုက်သည်။

“ဒါပေမဲ့လည်း ပြဿနာမရှိပါဘူးလေ။ သူ့မှာ ချက်ပြုတ်ဖို့ လက်တွေမရှိတော့ပေမဲ့ ခြေထောက်တွေတော့ ကျန်နေသေးတာပဲ မဟုတ်လား။”

“ခင်ဗျားတို့ သူ့ကို ခြေထောက်နဲ့ ချက်ပြုတ်တဲ့နည်းလမ်းအသစ်တွေ သင်ပေးလိုက်ပေါ့။ ဘယ်သူသိမလဲ၊ အဲ့ဒါက ဟင်းလျာအသစ်အဆန်းတွေ ဖြစ်လာဦးမလားပဲ။ ဟား... ဟား... ဟားဟားဟား”

ထျန်ရှင်းလု၏ ကျယ်လောင်သော ရယ်သံကြီးသည် တိတ်ဆိတ်နေသော ခန်းမဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားသည်။

ထိုရယ်သံသည် ချီကလန်လူများ၏ နားထဲတွင်တော့ ငရဲမှလာသော မကောင်းဆိုးဝါးတစ်ကောင်၏ ကြိမ်းမောင်းသံကဲ့သို့ ကြောက်မက်ဖွယ်ကောင်းနေလေတော့သည်။

လောကရဲ့အထွတ်အထိပ်သို့ အပိုင်း (၁၃၆ + ၁၃၇ + ၁၃၈ + ၁၃၉ + ၁၄၀) ပြီး

All Chapters