← Chapters

အခန်း (၁၄၁-၁၄၄)

Vol. 15 Ch. 141-144

အခန်း (၁၄၁-၁၄၄)

Vol. 15 Ch. 141-144

လောက၏အထွတ်အထိပ်သို့ အပိုင်း (၁၄၁ + ၁၄၂ + ၁၄၃ + ၁၄၄)

“ရှင်းလိုက်တော့” သူ၏လက်တစ်ချက်အဝှေ့တွင် ဦးဝမ်အား ခေါ်ဆောင်သွားကြသည်။

သူ၏သက်တမ်းသည် ရက်ပိုင်း၊ လပိုင်းကနေ နှစ်ရာချီအထိ တဖြည်းဖြည်း တိုးပွားလာနေသည်။ ထျန်ရှင်းလုက မျက်နှာသေကြီးဖြင့်သာရှိနေသော်လည်း အတွင်းစိတ်ထဲတွင်တော့ ဒေါသကအနည်းငယ်ပြေလျော့လာပြီဖြစ်သည်။

သူ၏ပါရမီက မပြောင်းလဲသွားသည့် အချက်ကြောင့် ဒေါသထွက်နေဆဲဖြစ်သော်လည်း သက်တမ်းများရလာသောအခါ အနည်းငယ်တော့ စိတ်ပိုပြီးအဆင်ပြေလာသည်။

ထို့အပြင် သက်တမ်းရယူသည့်နေရာတွင် သူအချက်တစ်ခုကို သတိထားမိသည်။ ထိုအချက်မှာတော့ ပြစ်မှတ်နှင့်နီးကပ်လေလေ ရသည့်သက်တမ်းပိုများလေလေဖြစ်သည်။

ဥပမာ သေမျိုးတန်ခိုးရှင်တစ်ယောက်ကို အနီးကပ်ပြဿနာရှာပြီး ဒေါသအနည်းငယ်ထွက်အောင်လုပ်နိုင်လျှင် သက်တမ်းနှစ်အနည်းငယ်ရရှိလိမ့်ပေမည်။

တစ်မိုင်အကွာမှဆိုလျှင် ပိုပြီးတော့ လျော့သွားမည်ဖြစ်ကာ ဝေးလေပိုလျော့လေဖြစ်သည်။ ထို့အတွက်ကြောင့် သူတကူးတက ဤနေရာသို့ရောက်လာပြီး ပြဿနာလာရှာ​နေခြင်းပင်ဖြစ်သည်။

ပြဿနာအမျိုးမျိုးရှာပြီးနောက် ထျန်ရှင်းလုသည် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး မဲ့ပြုံးပြုံးကာ သူ၏အဓိကရည်ရွယ်ချက်ကို ထုတ်ဖော်ပြောဆိုလိုက်သည်။

“ကလန်ခေါင်းဆောင်ချီ... ကျုပ်ဒီကိုရောက်နေတာ အချိန်အတော်ကြာပြီ။ ခင်ဗျားတို့ ချီကလန်ရဲ့ ဆိုးရွားလှတဲ့ဧည့်ဝတ်ကျေပွန်မှုကိုလည်း မြင်တွေ့ပြီးပြီ။ ဒါပေမဲ့... တစ်ခုခုလိုနေသလိုပဲ။”

သူသည် ချီရှို့ရန်ကို စူးစိုက်ကြည့်လိုက်သည်။ “ခင်ဗျားမှာ မြို့တစ်မြို့ကိုတောင် ပြိုလဲသွားစေနိုင်လောက်အောင် လှပပါတယ်ဆိုတဲ့ သမီးတစ်ယောက်ရှိတယ်လို့ ကြားတယ်။”

“ဘာဖြစ်လို့ ကျုပ်လိုအရေးပါတဲ့ ဧည့်သည်တော်တစ်ယောက်ကို ထွက်ပြီးတောင် နှုတ်ဆက်ခြင်းမပြုရတာလဲ။ ဒါ... ကျုပ် ထျန်ရှင်းလုကိုရော၊ ငါတို့ ထျန်ကလန်တစ်ခုလုံးကိုပါ အလေးမထားတာ မဟုတ်ဘူးလား။”

နောက်ဆုံးစကားလုံးကို ပြောလိုက်သည့်အခါ သူ၏အသံသည် အေးစက်သွားပြီး ခန်းမဆောင်တစ်ခုလုံးရှိ အပူချိန်သည် ရေခဲမှတ်အောက်သို့ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

ချီရှို့ရန်၏ နှလုံးသားသည် “ဒုန်း” ခနဲ ခုန်တက်သွားသည်။ သူစိုးရိမ်နေခဲ့သော အရာသည် နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီ။

သူသည် ပြာပြာသလဲ ဦးညွှတ်လိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော လိမ်ညာမှုကို ထုတ်သုံးလိုက်သည်။

“သခင်လေး နားလည်မှုလွဲနေပါပြီ။ ကျွန်တော်မျိုးရဲ့သမီးလေးက သခင်လေးကို အလေးမထားတာ မဟုတ်ပါဘူး။”

“သူမက... သူမက လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ဝိညာဉ်သခင်အဆင့်ကို တက်လှမ်းဖို့အတွက် တံခါးပိတ်ကျင့်ကြံဖို့ ‘လဝန်းစန္ဒာကျွန်း’ ကို ထွက်ခွာသွားပါတယ်...။”

“အနည်းဆုံး လပိုင်းလောက်ကြာမှာမို့လို့ အခုချက်ချင်း ပြန်လာဖို့ မဖြစ်နိုင်ပါဘူး။”

ခန်းမဆောင်ထဲရှိ အကြီးအကဲများအားလုံး အသက်ပင်မရှူဝံ့ဘဲ အခြေအနေကို စောင့်ကြည့်နေကြသည်။

ထျန်ရှင်းလုသည် ထိုစကားကိုကြားသောအခါ ခေတ္တမျှတိတ်ဆိတ်သွားသည်။

ထို့နောက် သူ၏နှုတ်ခမ်းများက လှောင်ပြောင်သရော်သည့် အပြုံးတစ်ခုအဖြစ်သို့ ကွေးတက်သွားသည်။

“လဝန်းစန္ဒာကျွန်း... ဟုတ်လား။ တော်တော်ကောင်းတဲ့ ဆင်ခြေပဲ။”

သူသည် နေရာမှဖြည်းညှင်းစွာ ထရပ်လိုက်ပြီး ချီရှို့ရန်၏အနားသို့ တစ်လှမ်းချင်း လျှောက်သွားသည်။ သူ၏ခြေလှမ်းတိုင်းသည် ချီရှို့ရန်၏ နှလုံးသားကို တူဖြင့်ထုနေသကဲ့သို့ပင်။

“ကလန်ခေါင်းဆောင်ချီ... မင်းငါ့ကို အရူးတစ်ယောက်လို့ ထင်နေတာလား။” ထျန်ရှင်းလု၏ အသံသည် ချီရှို့ရန်၏ နားနားကပ်၍ တိုးညှင်းစွာ ထွက်ပေါ်လာသည်။

“မင်းသမီး ဒီအိမ်တော်ထဲမှာပဲ ရှိနေတယ်ဆိုတာ ငါသိတယ်။ သူမရဲ့အငွေ့အသက်ကို ငါအဝေးကြီးကတည်းက အာရုံခံမိနေပြီ။”

ချီရှို့ရန်၏ တစ်ကိုယ်လုံး တောင့်ခဲသွားသည်။

“မင်းကို ငါအခွင့်အရေးတစ်ခုပေးမယ်။” ထျန်ရှင်းလုက သူ၏ပခုံးကို ပုတ်လိုက်သည်။ “အခုချက်ချင်း သူ့ကို ဒီနေရာကို ခေါ်လာခဲ့။ ဒါဆိုရင် မင်းငါ့ကိုလိမ်ခဲ့တာကို ငါမေ့ပေးလိုက်မယ်။ ငါတို့ကြားမှာ ဘာမှမဖြစ်ခဲ့သလိုပဲ။ ဘယ်လိုလဲ။”

“ဒါပေမဲ့...” သူ၏အသံသည် ခြိမ်းခြောက်မှုအပြည့်ဖြင့် “ငါ့ရဲ့စိတ်ရှည်မှုကုန်သွားရင်တော့... မင်းတို့ ချီကလန်တစ်ခုလုံး မြေပုံပေါ်ကနေ ပျောက်သွားဖို့ပဲ ပြင်ထားလိုက်တော့။”

ထိုစကားသည် နောက်ဆုံးကောက်ရိုးတစ်မျှင်ပင်ဖြစ်သည်။ ချီရှို့ရန်၏ မျက်နှာသည် ဖြူဖျော့သွားပြီး သူ၏နောက်ဆုံးမျှော်လင့်ချက်များအားလုံး ပြိုကွဲသွားခဲ့သည်။

သူသည် ထျန်ကလန်၏ အမျက်ဒေါသကို မခံနိုင်မှန်း ကောင်းကောင်းသိသည်။ သူ၏သမီးတစ်ယောက်တည်းအတွက် ကလန်တစ်ခုလုံးကို ပျက်စီးသွား၍ မဖြစ်ချေ။

သူသည် အံကိုကြိတ်ကာ တုန်ယင်နေသောအသံဖြင့် အစေခံတစ်ဦးကို အမိန့်ပေးလိုက်သည်။

“သွား... သခင်မလေးကို... ဒီကိုကြွလာခဲ့ဖို့... လျှောက်တင်လိုက်...။”

အမိန့်ရသည်နှင့် အစေခံတစ်ဦးသည် ချီဒေါင်ယင်း၏ ဥယျာဉ်တော်ဆီသို့ ကပျာကယာ ပြေးထွက်သွားသည်။

ဧည့်ခန်းမဆောင်ထဲတွင်တော့ အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ်နေသည်။

ထျန်ရှင်းလုသည် သူ၏နေရာသို့ ပြန်သွားထိုင်ကာ လက်ဖက်ရည်ကို ကျေနပ်စွာ သောက်သုံးနေသည်။

သူ၏စိတ်ထဲတွင်တော့ ချီကလန်တစ်ခုလုံး၏ စိတ်ပျက်ခြင်း၊ ဒေါသနှင့် ကြောက်ရွံ့ခြင်းတို့မှ ရရှိလိုက်သော သက်တမ်းနှစ်ရာပေါင်းများစွာကြောင့် အတိုင်းမသိ ပျော်ရွှင်နေသည်။

အချိန်အနည်းငယ်ကြာပြီးနောက်......။

ခန်းမဆောင်၏ တံခါးဝတွင် ပုံရိပ်တစ်ခု ပေါ်ထွက်လာသည်။

ထိုပုံရိပ်ကို မြင်လိုက်ရသည့်အခိုက်အတန့်တွင် ခန်းမဆောင်တစ်ခုလုံးရှိ လူအားလုံး အသက်ရှူမှားသွားကြသည်။

ဝင်ရောက်လာသူမှာ အဖြူရောင်ပိုးသားဝတ်ရုံရှည်ကို လွတ်လပ်ပေါ့ပါးစွာ ဝတ်ဆင်ထားသော မိန်းမပျိုလေးတစ်ဦးဖြစ်သည်။

သူမ၏ နက်မှောင်ရှည်လျားသော ဆံနွယ်များသည် ပခုံးထက်တွင် လွတ်လပ်စွာ ဝဲကျနေသည်။ သူမ၏ မျက်နှာသည် မည်သည့်အလှခြယ်သမှုမှ မပါဘဲ သဘာဝအတိုင်း ဖြူစင်ဝင်းပနေသည်။

နှင်းကဲ့သို့အသားအရေ၊ လခြမ်းသဖွယ်မျက်ခုံး၊ ကြယ်တာရာများလို တောက်ပနေသော မျက်ဝန်းနက်တစ်စုံနှင့် ချယ်ရီပန်းဖူးလို နှုတ်ခမ်းပါးတစ်စုံ...။

သူမ၏အလှသည် သာမန်အလှမျိုးမဟုတ်။ ထိုအလှသည် လောကီအညစ်အကြေးများဖြင့် မထိတွေ့ဖူးသော၊ တိမ်လွှာများကြားမှ ဆင်းသက်လာသည့် နတ်သမီးတစ်ပါး၏ မြင့်မြတ်သောအလှမျိုးဖြစ်သည်။

သူမ၏ တည်ရှိမှုတစ်ခုတည်းကပင် တင်းမာနေသော ခန်းမဆောင်တစ်ခုလုံးကို ရုတ်တရက် အေးချမ်းသွားစေသကဲ့သို့ ထင်မှတ်ရသည်။

သူမကား ချီဒေါင်ယင်းပင်တည်း။

သူမသည် တည်ငြိမ်သော ခြေလှမ်းများဖြင့် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာသည်။ သူမ၏အကြည့်သည် မည်သည့်နေရာကိုမှ စူးစိုက်ကြည့်မနေဘဲ အရာအားလုံးကို ခြုံငုံကြည့်နေသည်။

သူမ၏မျက်နှာတွင် ကြောက်ရွံ့မှု အရိပ်အယောင်နှင့် အခြားကျန်ရှိနေသည်မှာ အေးချမ်းတည်ငြိမ်မှုနှင့် အနည်းငယ်သော စူးစမ်းလိုစိတ်သာ ဖြစ်သည်။

ချီရှို့ရန်သည် သူ၏သမီးကို မြင်သောအခါ မျက်လုံးများထဲတွင် နာကျင်မှုနှင့် အားနာမှုတို့က ဖြတ်ပြေးသွားသည်။

ထျန်ရှင်းလုသည် ချီဒေါင်ယင်းကို မြင်လိုက်သည့်အခိုက် သူ၏လက်ထဲမှ လက်ဖက်ရည်ခွက်သည် အေးခဲသွားသည်။ သူ၏မျက်လုံးများသည် မီးတောက်များကဲ့သို့ တောက်လောင်လာပြီး သူ၏အသက်ရှူသံများပင် ပြင်းထန်လာသည်။

‘လှတယ်... တကယ်ကို လှလွန်းတယ်။ ဒီလောက်လှတဲ့မိန်းမမျိုး.....ဆိုတာ ငါ့အတွက်ပဲဖြစ်ရမယ်”

သူ၏စိတ်ထဲတွင် လောဘနှင့် ပိုင်ဆိုင်လိုစိတ်တို့က မီးတောင်တစ်ခုအလား ပေါက်ကွဲထွက်လာသည်။

‘ရရမယ်။ ဒီမိန်းမကို ငါကျိန်းသေပေါက် ရအောင်ယူရမယ်။’

ထိုအချိန်တွင်ပင် ခန်းမဆောင်၏ ခေါင်မိုးတွင် အရိပ်တစ်ခုက ငြိမ်သက်စွာ ရပ်ကြည့်နေသည်။ လင်းရှောင်သည် ချီဒေါင်ယင်း၏ ပေါ်ထွက်လာမှုကို အေးစက်စွာ ကြည့်နေသည်။

သူ၏မျက်ဝန်းများထဲတွင် ထျန်ရှင်းလုကဲ့သို့ တပ်မက်မှုမရှိ၊ ချီရှို့ရန်ကဲ့သို့ နာကျင်မှုမရှိ။ ကျန်ရှိနေသည်မှာ အရာအားလုံးကို ကြိုတင်သိမြင်ထားသော စစ်သူကြီးတစ်ဦး၏ နက်ရှိုင်းပြီး အေးစက်သည့် အကြည့်သာဖြစ်သည်။

သူရောက်သည်မှာ မိနစ်အနည်းငယ်ခန့်ရှိနေပြီဖြစ်ပြီး သူက ထျန်ရှင်းလုအား ဇဝေဇဝါဖြစ်နေသောဖြင့်စိုက်ကြည့်နေသည်။

သူရှင်သန်ခဲ့သော ဘဝ ၁၇ ခုလုံးပေါင်းလိုက်လျှင်သူ၏အသက်သည် နှစ်သန်းချီနေပြီဖြစ်သည်။ အတိအကျကိုပင် သူမမှတ်မိတော့ချေ။

မှတ်ဉာဏ်တော်တော်များများကို မေ့သွားခဲ့ပြီဆိုသော်လည်း သူမမေ့သည့်သူများထဲတွင် ထျန်ရှင်းလုဆိုသော သူငယ်လေးတစ်ယောက်ရှိသည်။

ဤသူငယ်အား သူကောင်းကောင်းသိပြီး ယခင်ဘဝများတွင် ၂ ကြိမ်သတ်ဖြတ်ဖူး၏။ အကြောင်းအရင်းမှာတော့ ထျန်ရှင်းလု၏ ကလေးဆန်သော စရိုက်ကြောင့်ပင်ဖြစ်သည်။

ပထမတစ်ကြိမ် သတ်ပြီးနောက် ထျန်မိသားစု၏လက်ချက်ကြောင့် သူအလွန်ဆိုးဝါးသည့် ကံကြမ္မာအားရင်ဆိုင်ခဲ့ရသည်။

တတိယဘဝတွင် သူထျန်မိသားစုအား ရင်ဆိုင်နိုင်လောက်ပြီဟူသော ခွန်အားကိုယုံကြည်မိပြီး ထျန်ရှင်းလုအားထပ်မံသတ်ဖြတ်ခဲ့၏။

သို့သော် ထျန်မိသားစု၏ စစ်မှန်သော ခွန်အားကိုမြင်တွေ့ပြီးနောက်တွင် သူနည်းလမ်းပြောင်းလိုက်ရသည်။ ထို့အပြင် ဘဝ ၄ ခုမြောက်တွင် သူဟာ အတော်လေးရင့်ကျ​က်​နေပြီဖြစ်ပြီး လောကကြီးလည်ပတ်ပုံကို ကောင်းကောင်းသိနေပြီဖြစ်သည်။

ဘဝ ၄ ခုမြောက်တွင်တော့ သူဟာ ထျန်ရှင်းလုနှင့်သွေးသောက်ညီအကိုဖြစ်လာသည်။ နောက်ပိုင်းကျီရှင်းမိသားစုကို ရင်ဆိုင်ရာတွင် ထျန်မိသားစုသာမက၊ ထျန်ရှင်းလုပင် သူ့အတွက် အကူအညီတစ်ရပ်ဖြစ်လာသည်။

ထို့အတွက်ကြောင့် သူ့အတွက်အရေးပါသည့် မဟာမိတ် ၂ ရပ်ဖြစ်သော ချီဒေါင်ယင်း နှင့် ထျန်ရှင်းလုတို့ ၂ ယောက်လုံး ဤနေရာသို့ရောက်လာသောအခါ သူအနည်းငယ်တော့ ကြောင်အသွားသည်။

‘ဒါကဘာလဲ။ လိပ်ပြာအကျိုး​သက်ရောက်မှုကြောင့် သူတို့ ၂ ယောက်ဒီလိုမြန်မြန်ဆုံလာကြတာလား။ ဒါမှမဟုတ် ငါရဲ့ကံကြောင့်လား။’

‘ ဘာပဲဖြစ်ဖြစ် ငါသာ သူတို့ကို ကောင်းကောင်းကြီး ကူညီပေးလိုက်ရင် သူတို့တွေမြန်မြန်သန်မာလာမာတော့ ကျိန်းသေပေါက်ပဲ။’ လင်းရှောင်တစ်​ယောက် ခေါင်းမိုးပေါ်တွင် အထင်းသားကြီး အတွေးပင်လယ်ထဲသို့ ရွက်လွှင့်နေသည်။

သို့သော် မည်သူကမှ သူ့ကိုမမြင်ကြလေချေ။

အောက်ထပ်တွင်တော့ ထျန်ရှင်းလုဟာ နတ်မိမယ်လေးကဲ့သို့လှပသော ချီဒေါင်ယင်းအား တဏှာမျက်လုံးတို့ဖြင့် စိုက်ကြည့်နေသည်။

ထျန်ရှင်းလု၏ သွေးမိုးကြိုးဆေဘာခန္ဓာကိုယ်သည် နဂိုကတည်းက ယန်ဓာတ်ကြီးစိုးသောခန္ဓာကိုယ်ဖြစ်သည်။

ထပ်ပေါင်းအချက်အနေဖြင့် အမွေခံကောင်းချီးထံမှ ရလာသော ရွှေရောင်စွမ်းအင်များကို သူ၏အနက်ရောင်မျိုးရိုးဗီဇများက ဝါးမြိုလိုက်ပြီး သူ၏အထူးခန္ဓာကိုယ်အား အဆင့်မြင့်တင်ပေးခဲ့သည်။

ထို့အတွက်ကြောင့် သူ၏အထူးဓမ္မတာသက်ရောက်မှုသည် ယခင်ထက် ၂ ဆပိုမိုအားကောင်းလာခဲ့ရာ သူထိန်းချုပ်မှုလွတ်ခါနီးအထိပင်ဖြစ်သွားရ၏။

ဤနေရာတွင် အခြားသူများသာ မရှိလျှင် သူ ချီဒေါင်ယင်းအား အိပ်ယာပေါ်သို့တွန်းလှဲ၍ လုပ်ငန်းစနေလောက်ပြီဖြစ်သည်။

တစ်ချိန်တည်းတွင် ချီ​ဒေါင်ယင်းက ထျန်ရှင်းလု၏ တဏှာမီးတွေတောက်လောင်နေသော မျက်လုံးများကြောင့် အလွန်စိတ်မသက်သာဖြစ်နေကာ နေရခက်နေသည်။

သို့သော် သူမ​က ထုံးတမ်းအစဥ်အလာအရ အရှင်သခင်ကလန်မှ သခင်လေးအား နှုတ်ဆက်ရမည်ဖြစ်လေသည်။

ချီဒေါင်ယင်းက သူမ၏ဂါဝန်အဖြူအစလေးအား အနည်းငယ်မလိုက်ပြီး ထျန်ရှင်းလုအား ဦးညွတ်လိုက်သည်။

“ဒီနိမ့်ကျသူက ထွက်မကြိုမိလို့ အနူးအညွတ်တောင်းပန်ပါတယ်။ သခင်လေးရှင့်။ ကျွန်မကျင့်ကြံနေတုန်း ဇျန်ဝင်သွားလို့ပါ။”

ထျန်ရှင်းလုက ဝိုင်တစ်ခွက်ကိုမော့ကာ လျာသပ်၍ သူမ၏ လက်လက်ဆက်ဆက်ဆေးပေနေသော ခြေသန်းကိုကြည့်၍ မှတ်ချက်ချ၏။

“အဲဆေးတွေမခြောက်သေးတာကို ကြည့်ရမယ်ဆိုရင် ချီသခင်မလေး အစောက ပန်းချီဆွဲနေလောက်မာပဲ....”

ချီ​ဒေါင်ယင်းက လန့်ဖြတ်သွားပြီး သူမ၏ခြေသန်းကိုကုပ်လိုက်ကာ အလျင်အမြန်ပြောလိုက်သည်။ “ဒါ....ဒါက ဒီကိုလာတဲ့လမ်းမာ ဆေးပုံးကိုတိုက်ခဲ့မိလို့ပါ။...”

ထျန်ရှင်းလုက တိတ်ဆက်သွားသည်။ ပြီးနောက်တွင် လက်ထဲမှ ကြေးဝါဝိုင်ခွက်အား ပြားသွားသည်အထိ ညစ်ပြစ်လိုက်သည်။

ပတ်ဝန်းကျင်သည်လည်း ရုတ်ချည်းသတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားသည်။ ချက်ချင်းပဲ ချီကလန်၏နဂိုကတည်းက မသာယာသော လေထုကြီးက ရုတ်ချည်းလေးလံသွားကာ ရှိနေသည့် သူအားလုံး စိတ်တင်းကြပ်သွားကြလေသည်။

ထျန်ရှင်းလု၏ မျက်လုံးတို့သည်လည်း အေးစက်သွားကာ ချီဒေါင်ယင်းအား သတ်ဖြတ်လိုစိတ်တို့ပြည့်နှက်နေသော မျက်လုံးဖြင့် ကြည့်လိုက်၏။

ချက်ချင်းပဲ သူမ၏နှင်းလိုဖြူစင်ကာ ချောမွေ့သော မျက်နှာသေးသေးလေးက ကြောက်ရွံမှုကြောင့် ဖြူဆွတ်သွားသည်။

သူမသည် အကြမ်းဖက်ခြင်းကို နှစ်သက်ခြင်းမရှိ​သောကြောင့် သိုင်းလမ်းစဥ်ကိုစွန့်လွတ်ပြီး သူမ၏အချိန်အများစုကို ဓားအစား စုတ်တံကိုကိုင်၍ ပန်းချီဆွဲရင်းသာ ကုန်ဆုံးနေခဲ့သည်။

ချီဒေါင်ယင်းသည် ထျန်ရှင်းလု၏ သတ်ဖြတ်လိုစိတ်အပြည့်နှင့် ဖိအားပေးသော အကြည့်ဒဏ်ကို မခံနိုင်ဘဲ ကြောက်ရွံ့မှုကြောင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်မိသည်။

သူမ၏ ဖြူစင်သောမျက်နှာလေးသည် သွေးဆုတ်ဖြူရော်သွားပြီး နုနယ်သော ကိုယ်လေးမှာ သစ်ရွက်ခြောက်လေးတစ်ခုအလား တုန်ယင်နေသည်။

ထိုအခိုက်အတန့်တွင်ပင် ပုံရိပ်သုံးခုသည် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားလိုက်ပြီး ကြောက်ရွံ့နေသော ချီဒေါင်ယင်း၏ ရှေ့မှ ကာကွယ်ရပ်တည်လိုက်ကြသည်။

“သခင်လေး ထျန်ရှင်းလု၊ ဒေါသဖြေတော်မူပါ။”

ပထမဆုံးလှုပ်ရှားသူမှာ ကလန်ခေါင်းဆောင် ချီရှို့ရန်ဖြစ်သည်။ သူ၏စိတ်ထဲတွင် ကြောက်ရွံ့မှုများ လွှမ်းမိုးနေသော်လည်း ဖခင်တစ်ယောက်၏ သဘာဝစိတ်က အလိုလို အကာအကွယ်ပေးမိစေသည်။

သူသည် သူ၏သမီးရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်ကာ ဒိုင်းတစ်ခုအလား ကာထားလိုက်သည်။ သူ၏မျက်နှာတွင် ချွေးအေးများ စီးကျနေပြီး “ကျွန်တော်မျိုးရဲ့သမီးက စိတ်လှုပ်ရှားပြီး စကားမှားသွားတာပါ! သခင်လေးကို စော်ကားတဲ့စိတ် လုံးဝမရှိပါဘူး။ သူ့ရဲ့လိမ်ညာမှုကို ကျွန်တော်မျိုးကိုယ်တိုင် ပြင်းပြင်းထန်ထန် အပြစ်ပေးပါ့မယ်။” သူက အသံတုန်တုန်ဖြင့် လျှောက်တင်လိုက်သည်။

ထိုအချိန်မှာပင် အားကောင်းပြီး သက်တမ်းရင့်သော အရှိန်အဝါတစ်ခုက ခန်းမဆောင်ထဲသို့ ပျံ့နှံ့လာသည်။ မဟာအကြီးအကဲ ချီကျန်းသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး သူ၏တင်းမာသောမျက်နှာသည် ဒေါသတိမ်တိုက်များဖြင့် ဖုံးလွှမ်းသွားသည်။

သူ၏ဒေါသသည် ချီဒေါင်ယင်းအပေါ်မဟုတ်ဘဲ သူတို့ကလန်၏ အနာဂတ်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေသော ထျန်ရှင်းလုအပေါ် ဦးတည်နေသည်။

သူ၏ အဆင့် ၁ သေမျိုးတန်ခိုးရှင်အဆင့် အရှိန်အဝါသည် မီးတောင်တစ်ခုပမာ ပေါက်ကွဲထွက်လာပြီး ထျန်ရှင်းလု၏ ဖိနှိပ်သတ်ဖြတ်လိုစိတ်ကို ပြန်လည်တွန်းကန်လိုက်သည်။

“သခင်လေးထျန်၊ ခင်ဗျားဟာ ကျွန်တော်တို့ ချီကလန်ရဲ့ ဂုဏ်သရေရှိဧည့်သည်တော်တစ်ပါးပါ” ချီကျန်း၏ အသံသည် နက်ရှိုင်းပြီး တည်ငြိမ်လှသည်။ စကားလုံးတိုင်းတွင် ချုပ်တည်းထားသော စွမ်းအားများ ပါဝင်နေသည်။

“ဒါပေမဲ့ ဒေါင်ယင်းက ကျွန်တော်တို့ကလန်ရဲ့ ရတနာတစ်ပါးပဲ။ သူ့ကို ခြိမ်းခြောက်တာဟာ ချီကလန်တစ်ခုလုံးကို ခြိမ်းခြောက်တာနဲ့ အတူတူပါပဲ။ ဒါကို ကျွန်တော်တို့ လက်ပိုက်ကြည့်နေလို့ မဖြစ်နိုင်ပါဘူး။”

အံ့အားသင့်စရာအကောင်းဆုံး လှုပ်ရှားမှုမှာမူ ခန်းမဆောင်၏ အတွင်းပိုင်းအကျဆုံးနေရာမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ချီရှို့ရန်နှင့် ချီကျန်းတို့နှစ်ဦးပေါင်း၏ ဖိအားထက် အဆပေါင်းများစွာ သာလွန်သော ကြီးမားသည့် ဖိအားတစ်ခုက လူတိုင်းအပေါ်သို့ ရုတ်တရက် ကျရောက်လာသည်။

လေထုသည် ပျစ်ခဲသွားသလိုပင်ဖြစ်ပြီး ရှေးကျကာ ပင်ပန်းနွမ်းနယ်နေသော သက်ပြင်းချသံတစ်ခုက ခန်းမဆောင်ထဲတွင် ပဲ့တင်ထပ်သွားသည်။

“သခင်လေးထျန်၊ ကျေးဇူးပြုပြီး စိတ်လျော့ပါ...။”

အရိပ်ထဲမှ မီးခိုးရောင်ဝတ်ရုံရိုးရိုးကို ဝတ်ဆင်ထားပြီး လေပြင်းတစ်ချက်တိုက်လျှင်ပင် လဲကျသွားနိုင်လောက်အောင် အိုမင်းနေသော အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။

သူ၏မျက်နှာသည် နက်ရှိုင်းသော အရေးအကြောင်းများဖြင့် ပြည့်နှက်နေသော်လည်း သူ၏မျက်ဝန်းများထဲတွင်မူ အချိန်ကာလ၏ အပြောင်းအလဲများကို ကြည့်ရှုခဲ့ရသူတစ်ဦး၏ နက်ရှိုင်းမှုမျိုး ရှိနေသည်။

သူကား ချီကလန်၏ ဘိုးဘေး၊ အဆင့် ၂ သေမျိုးတန်ခိုးရှင် ‘ချီထျန်းဟိုင်’ ပင်ဖြစ်သည်။ ထျန်ရှင်းလု၏ ပြင်းထန်လွန်းသော သတ်ဖြတ်လိုစိတ်ကြောင့် ထွက်လာခဲ့ရခြင်းဖြစ်သည်။

သူသည် အိုမင်းမစွမ်းဖြစ်နေပုံရသော လက်တစ်ဖက်ကို ချီရှို့ရန်၏ ပခုံးပေါ်သို့တင်လိုက်ရာ ကလန်ခေါင်းဆောင်သည် သူ၏နောက်တွင် မတုန်မလှုပ်နိုင်သော တောင်ကြီးတစ်လုံး ရပ်တည်နေသကဲ့သို့ ခံစားလိုက်ရသည်။

ချီထျန်းဟိုင်သည် ထျန်ရှင်းလုကို တည့်တည့်ကြည့်လိုက်သည်။ သူ၏အကြည့်တွင် ရန်လိုမှုမရှိသော်လည်း ငြင်းပယ်၍မရသော သြဇာအာဏာတစ်ခု ပါဝင်နေသည်။

“ငါ့ရဲ့ မြစ်မလေးက ငယ်သေးတော့ လောကရဲ့အကြောင်းတွေကို နားမလည်ရှာသေးဘူး။ သူက စုတ်တံနဲ့ မင်ဘူးတွေကြားမှာပဲ ကြီးပြင်းလာခဲ့တာ၊ ကျင့်ကြံသူတွေရဲ့ နိုင်ငံရေးပရိယာယ်တွေကို နားလည်မှာမဟုတ်ဘူး။ သူ့ရဲ့စကားအမှားကို ခွင့်လွှတ်ပေးပါ” သူ၏အသံသည် တည်ငြိမ်သော်လည်း အားပါလှသည်။

“တကယ်လို့ တစ်ယောက်ယောက်ကို အပြစ်ပေးချင်တယ်ဆိုရင်တော့ သူ့ကို ကောင်းကောင်းမဆုံးမခဲ့တဲ့ ဒီအဘိုးကြီးကိုသာ အပြစ်ပေးလိုက်ပါ။”

ချီကလန်၏ အင်အားအကြီးဆုံး ပုဂ္ဂိုလ်သုံးဦး၏ ပူးပေါင်းခုခံမှု၊ သူတို့၏အရှိန်အဝါများက ပေါင်းစပ်ကာ ကြောက်ရွံ့နေသော ချီဒေါင်ယင်း၏ ရှေ့တွင် အကာအကွယ်တစ်ခုဖြစ်ပေါ်စေသောအခါ ထျန်ရှင်းလု၏ သတ်ဖြတ်လိုစိတ်သည် ခဏတာမျှ ယိုင်သွားသည်။

သူသည် သမီးအတွက် အသက်စွန့်ရန်ပြင်နေသော ဖခင်၊ ဒေါသထွက်နေသော မဟာအကြီးအကဲ၊ နှင့် အံ့အားသင့်ဖွယ် အားကောင်းသော ဘိုးဘေးတို့ကို တစ်ချက်ကြည့်လိုက်သည်။

ထို့နောက် သူ၏မျက်နှာပေါ်တွင် အေးစက်သော လှောင်ပြုံးတစ်ခု ပေါ်ပေါက်လာသည်။ သူတို့ထံမှ ထွက်ပေါ်လာသော ကြောက်ရွံ့မှုနှင့် ခုခံလိုစိတ်တို့သည် ယခင်ကထက် ပိုမိုအားကောင်းပြီး အရသာရှိလှသည်။

သူရရှိလိုက်သော သက်တမ်းစွမ်းအင်များသည် သူ့ကို မူးယစ်စေသည်။

‘အခုက အချိန်မတန်သေးဘူးဆိုတော့ မင်းတိုကိုအလျော့ပေးလိုက်ပါမယ်။’ ထျန်ရှင်းလုက ကောက်ကျစ်သည့် မျက်လုံးများဖြင့် တွေးလိုက်၏။

သူက သဘောထားကြီးမားသည့်ဟန်ဖြင့် ရယ်မောလိုက်သည်။ “ဟားဟားဟား ကောင်းပြီ။ ကျုပ်က ဒီတိုင်း ချီသခင်မလေးရဲ့ အလှကိုမြင်ချင်ရုံပါပဲ။ ဒီမာ ရက်အနည်းငယ်လောက်တည်းဖို့ ချီသခင်ကြီးကို အကူအညီတောင်းရတာ အားနာပါတယ်။”

လောက၏အထွတ်အထိပ်သို့ အပိုင်း (၁၄၁ + ၁၄၂ + ၁၄၃ + ၁၄၄) ပြီး။

All Chapters