အပျက်အစီးမြေဆီသို့ ... ။
Vol. 55 Ch. 653
စာရေးတော့မည့် စုရီကိုမြင်သောအခါ တာအိုဝတ်ရုံဝတ်အဖိုးအိုသည် ငြိမ်သက်ပြီး မနေနိုင်တော့ချေ။ သူက ချောင်းဆိုးလျက်၊
“ အဟမ်း ... တာအိုစု ငရဲဘုရင်ဆယ်ပါးအမွေ ကျောက်စိမ်းပြားက ... ။ ”
“ စိတ်အေးအေးထားပါ။ ”
ထို့နောက် စုရီက စာတစ်ကြောင်း ရေးသားလိုက်သည်။ လက်ရေးသည် ရှင်းလင်း ပြေပြစ်ကာ အထိန်းအကွပ်မဲ့၏။
“ မင်းအတွက် ... ဒီကံကြမ္မာကို အခြားလူတစ်ယောက်ဆီ ငါပေးလိုက်တယ် နောက်မှ ငါ့ကိုကျေးဇူးတင်ဖို့မမေ့နဲ့။ ”
အထက်ပါ ဝါကျကြောင့် အပေါင်ဆိုင်စာရေးခမျာ တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။
တစ်ဖက်လူသည် ဤကံကြမ္မာကို အလကားပေးကာ ကျေးဇူးတင်ခံရန် ကြံစည်နေသည်လော။
ခေါင်းလောင်း၊ ပေသီးနှင့် ချိန်ခွင်သည် စာကြောင်းကို ဖတ်ရှုပြီးနောက် အကြည့်ချင်း ဖလှယ်လိုက်ကြတော့၏။
သို့သော် သူတို့သည် ပညာရှိ နတ်ဝိညာဉ်များဖြစ်သဖြင့် တိတ်ဆိတ်စွာနေရန် ဆုံးဖြတ်လိုက်ကြသည်။
ထို့ပြင် ဆရာစုနှင့် သူတို့သခင်ကြား ပတ်သတ်မှုအရ ဤသည်မှာ အဓိပ္ပါယ်ရှိနေ ပြန်သည်။
နောက်ဆုံးတွင် ဆရာစုသည် ထောင်သောင်းမကသော စက္ကူကြိုးကြာများကို မီးရှို့ခဲ့သော်မှ သခင်က ခွင့်လွှတ်ခဲ့၏။
“ ကောင်းပြီ ... သဘောတူညီချက်ကို ရေးလိုက်ပြီ ... ငရဲဘုရင်ဆယ်ပါးရဲ့အမွေကို ယူလာပေးပါ။ ”
အပေါင်ဆိုင်စာရေးက စိတ်လျော့လိုက်၏။ သူသဘောမတူလျှင်ပင် ချိန်ခွင်သည် စိတ်အား ထက်သန်စွာ လွှဲပြောင်းပေးပေမည်။
ချိန်ခွင်ဗန်းပေါ်တွင် လက်ဖဝါးအရွယ် လေးထောင့် မဟူရာကျောက်စိမ်းပြားတစ်ခု ပေါ်လာသည်။
“ ငါ့ကို အချက်သုံးချက် ကတိပေးပါ ... ဒီအမွေက မင်းနဲ့ မင်းရဲ့တပည့်ပိုင်လိမ့်မယ်။ ”
တာအိုဝတ်လုံနှင့်အဘိုးအိုကို ကြည့်ကာ စုရီမှပြောသည်။ တာအိုဝတ်ရုံဝတ် အဖိုးအိုခမျာ လန့်ဖျပ်သွားပြီး လေးနက်စွာခေါင်းညိတ်၏။
ဝမ်တျန်းက စုရီထံမှ အလွန်အကျွံ တောင်းဆိုလာမည်ကို စိုးရိမ်သဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်နေသည်။
“ မင်းတပည့်က ရှားပါးတဲ့ ... ငရဲတာအိုအရိုးကိုပိုင်ဆိုင်ထားတာမို့ ငရဲဘုရင် လမ်းကို လျှောက်လှမ်းချင်တယ်ဆိုရင် အလွန်အန္တရာယ်များတယ်...
... နာကျည်းခြင်း ပင်လယ်ထဲမှာ ငရဲနန်းတော်ကို ရအောင်ရှာပါ ... မရှာနိုင်ရင် မင်းရဲ့တပည့်ကို အတင်းအကြပ်မလုပ်နဲ့ သေချာပေါက် သူသေလိမ့်မယ်။ ”
တာအိုဝတ်ရုံဝတ်အဖိုးအိုခမျာ ခေါင်းညိတ်လျက် နှလုံးသားခုန်ပေါက်နေ၏။ ဤလူငယ်သည် သူတို့၏ အကြံအစည်များကို မြင်ရုံသာမက ငရဲတာအိုအရိုးကိုပင် မြင်နိုင်နေသည်။
ပို၍ပင် မယုံနိုင်စရာကောင်းသည်မှာ နာကျည်းခြင်းပင်လယ်ရှိ ငရဲနန်းတော်အတွင်း ဧကရာဇ်ကပ်ဘေး ခံယူခြင်းသည်သာ တစ်ခုတည်းသော အခွင့်အရေးဖြစ်သည်ကို မြင်နိုင်နေခြင်းဖြစ်၏။
၎င်းအပြင် အပေါင်ဆိုင်စာရေး၏ သိမ်မွေ့သော သဘောထားကို ပေါင်းစပ်သော် သည်စုရီသည် သူထင်ထားသည်ထက် နက်ရှိုင်းသော နောက်ခံရှိရပေမည်။
တာအိုဝတ်ရုံဝတ် အဖိုးအိုက ခေါင်းညိတ်ကာ၊
“ စိတ်ချပါ ငရဲနန်းတော်ရဲ့ အပျက်အစီးတွေကို ရှာမတွေ့မချင်း ငါ့တပည့်ကို ဉာဏ်အလင်းရဖို့ ခွင့်မပြုဘူး။ ”
-ဟု ကတိပေး၏။
“ ဒုတိယအနေနဲ့ မင်းရဲ့တပည့်ဟာ အနာဂတ်မှာ ငရဲလမ်းလျှောက်ဖို့ အခွင့်အရေး ရခဲ့ရင် ... ငရဲမြစ်ကိုးသွယ်ကိုသွားပြီး ငရဲငါးကြင်းတွေ ဖမ်းလာပါ။ ”
“ ဘာအတွက်လဲ တာအိုစု။ ”
“ ဒီအပေါင်ဆိုင်ပိုင်ရှင်က အဲဒီငါးတွေကို စားရတာကြိုက်တယ် မင်းနဲ့ မင်းရဲ့တပည့်က ကျေးဇူးဆပ်ဖို့ အသုံးချနိုင်တယ်။”
တာအိုဝတ်ရုံဝတ် အဖိုးအိုနှင့် အဖြူရောင်ဝတ်ရုံဝတ် ဝမ်တျန်းတို့သည် အံ့အားသင့်သွားတော့၏။
ကျေးဇူးဆပ်ရန် ငါးဖမ်းရမည်လော။ နှစ်ယောက်လုံး မယုံနိုင်လောက်အောင် ရှုပ်ထွေး လာသည်။ တစ်ဖက်တွင် အပေါင်ဆိုင်စာရေးနှင့် နတ်ဝိညာဉ်များသည် ပျှော်ရွှင်ကုန်ကြ၏။
ဆရာစုသည် သူတို့သခင်၏ အနှစ်သက်ဆုံးသော အစားအစာများအပေါ် မှတ်မိနေသေးသည်။
“ တတိယအချက် ... မီးပုံးပွဲတော်နေ့မှာ လူအချို့ကို သတ်ပစ်ဖို့ကူညီပါ။ ”
တာအိုဝတ်ရုံအဖိုးအိုမှ ပြုံးလိုက်၏။ မည်သည့်အတွက်၊ မည်သူ့ကို သတ်ရမည်ကို သူ မမေးခဲ့ချေ။
“ စိတ်မပူပါနဲ့ တာအိုစု ... မင်းကိုစိတ်ပျက်စေမှာ မဟုတ်ပါဘူး။ ”
မူလက စုရီ၏အခြေအနေသုံးရပ်သည် ကြမ်းတမ်းခက်ခဲမည်ဟု သူထင်ခဲ့သော်လည်း ယခုအခါ လုံးဝကွဲပြားနေသည်။ ၀တ်စုံဖြူဝတ် ဝမ်တျန်းက သက်ပြင်းတစ်ချက်ချကာ၊
“ ကျေးဇူးတင်ပါတယ် စီနီယာစု ... ငါတို့အပေါ် သက်ညှာပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ”
-ဟု ဦးညွှတ်လိုက်၏။
စုရီမှ ခေါင်းညိတ်သည်။ ရှေးခေတ်က ပျောက်ကွယ်သွားခဲ့သော ငရဲဘုရင်ဆယ်ပါး၏ အမွေသည် ဤဆရာနှင့်တပည့်လက်၌ မည်မျှ ခရီးရောက်မည်ကို သိချင်လာ၏။
များမကြာခင် ဆရာနှင့် တပည့်က နှုတ်ဆက်ကာ ထွက်ခွာသွားသည်။ ထို့နောက် စုရီက၊
“ မင်းတို့ ဘယ်ဆက်သွားကြမလဲ။ ”
-ဟု မေးလိုက်၏။
“ မင်းနဲ့ အဝေးဆုံးကို ... ။ ”
အပေါင်ဆိုင်စာရေးက စိတ်ထဲမှ ချက်ချင်းပြန်ဖြေ၏။ ဤသို့အကျိုးမရှိသော လုပ်ငန်းမျိုး ဆက်၍လုပ်ကိုင်သော် အပေါင်ဆိုင် ပျက်သုဉ်းသွားမည်မှာ သေချာသည်။ သို့သော် လက်ရှိတွင်မူ၊
“ သခင်စုနဲ့ အခုလို မကြာမကြာ တွေ့ခွင့်ရဖို့အတွက် မရဏကမ္ဘာမှာ ခဏနေဖို့ မျှော်လင့်ထားပါတယ် ... ဒါပေမယ့် ကောင်းကင်ဘုံ ပေါင်ဆိုင်က ...
... သူ့ဆန္ဒအတိုင်း ထွက်သွားမှာမို့ စိတ်မကောင်းစရာပဲ ... ဒီညပြီးရင် ငါတို့တွေ မရဏကမ္ဘာမှာ ရှိတော့မယ်မထင်ဘူး။ ”
“ အပေါင်ဆိုင်စာရေး ... ဆရာစုက ငါတို့အပေါင်ဆိုင် ဘယ်ကမ္ဘာကို သွားမလဲလို့ မေးနေတယ် အဖြေမှားနေပြီ။ ”
ခေါင်းလောင်းက ချိုအီနေခဲ့သော အသံမျိုးဖြင့် ဝင်ရောက် ပြောကြားလာသည်။ အပေါင်ဆိုင်စာရေးမှ လက်သီးဆုပ်လျက်၊
“ မင်းငါ့ကို သတိပေးနေစရာမလိုဘူး ငါစကားမပြီးသေးတာ မင်းမမြင်ဘူးလား။ ”
-ဟု ဆူပူကြိမ်းမောင်းလိုက်၏။
“ ဟား ဟား ဟား ... ကောင်းပြီ၊ မင်းပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ အရေးမကြီးတော့ပါဘူး အခုသွားသင့်ပြီ။ ”
“ ကောင်းပါပြီ။ ”
ထို့နောက်တွင် အပေါင်စာရေးက ကြေးစက်ဝန်းထုတ်ကာ တည်နေရာရွေ့ပြောင်း အစီရင်ဖွင့်လိုက်၏။
“ နှုတ်ဆက်ပါ ဆရာစု။ ”
“ ဂရုစိုက်ပါ ဆရာစု။ ”
“ မကြာခင် ပြန်တွေ့ခွင်ရဖို့ မျှော်လင့်ပါတယ် ဆရာစု။ ”
ခေါင်းလောင်း၊ ပေသီးနှင့် ချိန်ခွင်သည် တောင့်တမှုအပြည့်ဖြင့် နှုတ်ဆက်စကားပြော လာသည်။
စုရီ၏ ပုံသဏ္ဍာန် ပျောက်ကွယ်သွား ပြီးနောက် သုံးကောင်သား သက်ပြင်းချလိုက်၏။ စုရီရောက်ရှိလာခြင်းသည် သူတို့ကို ကြီးမားသော ဖိအားခံရစေသည်။
အပေါင်ဆိုင်အပြင်ဘက်တွင် အပေါင်ဆိုင်စာရေးသည်လည်း ခါးကိုဆန့်ကာ သက်ပြင်းချလိုက်၏။
“ မီးပုံးပွဲတော်မှာ စွေ့မိသားစုကို ပစ်မှတ်ထားဖို့ ဘယ်လိုလူမိုက်က သတ္တိရှိနေလဲ တွေးမိပါတယ် ...
... ငါတို့သခင် ဒီမှာမရှိတာ နှမျောစရာပဲ ဆရာစုမသေသေးဘူးဆိုတာသိရင် မတုံ့ဆိုင်းဘဲ ချက်ချင်းရောက်လာမှာ သေချာတယ်။ ”
***
ခရမ်းရောင်မြို့အနီး တစ်နေရာတွင် လေဟာနယ်လှိုင်းနှင့်အတူ စုရီနှင့်စွေ့ကျင်းယန် ထွက်ပေါ်လာသည်။
“ အစ်ကိုစု၊ အိမ်ပြန်ချင်တယ် အဖေ့ကို အရင်တွေ့ချင်တယ်။ ”
စွေ့ကျင်းယန်မှ အိမ်ပြန်ရန် စိတ်အားထက်သန်နေပြီး တတိယအကြီးအကဲ အကြောင်း ပြောပြလိုနေ၏။
“ ကောင်းပြီ ... အဲဒီဆရာနဲ့တပည့် အကြောင်းကို မပြောနဲ့ ... ပြီးတော့ မင်းအဖေက လွဲလို့ ဘယ်သူ့ကိုမှ ဒီညအဖြစ်အပျက်တွေကို မပြောနဲ့။ ”
-ဟု မှာကြားလိုက်သည်။
“ နားလည်ပါတယ် အစ်ကိုစု ... ဒါနဲ့ မင်းငါနဲ့အတူ ပြန်မလိုက်ဘူးလား။ ”
ယနေ့ညအပြီးတွင် စွေ့ကျင်းယန်သည် စုရီအပေါ်မှီခိုအားထားမှုကိုပင် အပြည့်အဝ ပြသလာခဲ့သည်။
“ မလိုက်ဘူး ... ။ ”
စုရီက မြို့တံခါးဆီ လျှောက်လှမ်း နေလျက်ဖြင့်ပြန်ဖြေ၏။ ဤကမ္ဘာကြီးတွင် စုရီကိုဝန်လေးအောင် လုပ်နိုင်သော အမျိုးသမီး တစ်ယောက် ရှိနိုင်ဦးမည်လော။
အဆုံးတွင် စွေ့ကျင်းယန်တစ်ယောက် ခေါင်းခါလိုက်သည်။ စုရီသည် သူ့တစ်သက် မည်သည့်မိန်းမနှင့်မျှ ချည်နှောင်ခံမည့်ပုံ မပြချေ။
ခရမ်းရောင်မြို့၏ ညသည် မကြုံစဖူး သက်ဝင်လှုပ်ရှားနေပြီး နေရာတိုင်း၌ လူအများ စည်ကားနေ၏။
စုရီက လက်နှစ်ဖက်နောက်ပို့ကာ စိတ်အေးလက်အေးအမူအရာဖြင့် လမ်းမပေါ် ဖြတ်လျှောက်နေခဲ့သည်။
မရဏကမ္ဘာဟူသည် အခြားသော ကမ္ဘာများထံမှ လူအများထင်ထားသကဲ့သို့ ကြောက်စရာကောင်းသည့် ဒေသကြီး မဟုတ်ချေ။
အကန့်အသတ်မဲ့ ကျယ်ပြောလှပြီး ပျော်ရွှင်မှု၊ အေးချမ်းမှုနှင့် ဝမ်းနည်းမှုများကို ခံစားရစေနိုင်မည်။
ရှေးခေတ်က ဤကမ္ဘာကြီးသည် ကောင်းကင်ဘုံနှင့် ကမ္ဘာပေါင်းတစ်သောင်းတိုင် ချိတ်ဆက်ထားသည့် အံ့ဖွယ်ကမ္ဘာကြီးတစ်ခု ဖြစ်လေသည်။
ထိုစဉ်အချိန်က မရဏကမ္ဘာသည် အထွတ်အထိပ်အချိန်ကာလသို့ ရောက်ရှိနေပြီး လမ်းစဉ်ခြောက်ပါးဌာန၊ တရားစီရင်ရေးဌာန၊ ငရဲဘုရင်ဆယ်ပါး၊ ဝိညာဉ်တံခါးငါးပေါက်နှင့် အခြားသော တန်ခိုးကြီးအရပ်များရှိနေ၏။
မြို့တော်၏ အရှေ့ဘက်သို့ ရောက်ရှိသောအခါတွင် ရှုပ်ယှက်ခတ်နေခဲ့သည့် မြင်ကွင်းများ ပျောက်ကွယ်လျက် ဆိတ်ငြိမ်မှု အစားထိုးလာသည်။
ဤနေရာသည် မူလက တရားစီရင်ရေးဌာနကြီး၏ တည်ရှိရာအရပ် ဖြစ်ပြီး တားမြစ်ဇုန်ပေပင်။
ကြာမြင့်စွာကတည်းကပင် တရားစီရင်ရေးဌာနပျက်စီးသွားသဖြင့် ၎င်းသည် လူဆိတ်ညံသောမြေ ဖြစ်လာခဲ့သည်။
နေရာတိုင်း၌ အပျက်အစီးများ ပြည့်နှက်နေပြီး မြက်ရိုင်းများ ထူထပ်နေ၏။ အေးစက်သော လေထုသည် ပတ်ဝန်းကျင် တစ်ခုလုံးအပေါ် သိုင်းခြုံထားသည်။
“ အမြဲတမ်း ဒီလိုပါပဲ ... ။”
စုရီမှ မှတ်ချက်ပေးလိုက်၏။ ဤနေရာကြီးသည် အမှန်ပင် အန္တရာယ်ရှိသော နေရာဖြစ်သည်။
နတ်ဆိုးများ၏ ပြင်းထန်သော အငွေ့အသက်များပြည့်လျှံကာ ကျင့်ကြံသူများ အတွက်ပင် ဝင်ရောက်ရန် မဝံ့ကြချေ။
***