လျှို့ဝှက်နယ်မြေ တတိယအလွှာသို့ ... ။
Vol. 55 Ch. 654
အနက်ရောင် ရှေးဟောင်းနန်းတော်သည် ပေတစ်ထောင်မြင့်ပြီး အလွန်ခမ်းနားကြီးကျယ်၏။
အချိန်ကြာလာသော်လည်း ပျက်စီးခြင်းမရှိဘဲ ပတ်ဝန်းကျင်အပျက်အစီးများ အလယ်၌ သိသိသာသာ ခြားနားနေဆဲဖြစ်၏။
စုရီက သူ့နောက်ကျောသို့ လက်နှစ်ဖက် ပို့လျက်ဖြင့် နန်းတော်ရှေ့တွင်ရပ်လိုက်သည်။ ညသည် မှင်ကဲ့သို့ မည်းနေပြီး ဤနေရာတွင် မကောင်းဆိုးရွား ရောင်ဝါသည် အနက်ရောင် မြူခိုးများကဲ့သို့ ထူထပ်ချေ၏။
တစ်ချိန်က သူသည် စွေ့လုံရှင်းနှင့်အတူ ဤနေရာသို့ဝင်ခဲ့သည်။ ထိုစဉ်က တရားစီရင် ရေးဌာန၏ အောက်ခြေရှိ အရက်စက်ဆုံးနှင့် အဆိုးဆုံးသော သတ္တဝါများကို နှိမ်နင်းရန် ကူညီပေးခြင်းဖြစ်သည်။
“ ကလစ် ... ။ ”
စုရီက သူ့လက်ဖဝါးကို ဖွင့်လိုက်ရာ ကြေးသေတ္တာတစ်လုံး ပေါ်လာ၏။ သေတ္တာ ဖွင့်လိုက်သောအခါတွင် ကြေးသော့တစ်ချောင်း ထွက်ပေါ်လာခဲ့သည်။
နန်းတော်တံခါးရှေ့တွင် သက်ရှိအလား အလွန်အမင်းခံ့ညားထည်ဝါသော နဂါးသားတော်၏ ဧရာမကြေးရုပ်တုတစ်ခု တည်ရှိသည်။
စုရီက ရုပ်တုခြေရင်းရှိ သော့ပေါက်နေရာသို့ ကြေးသော့ထိုးထည့်လိုက်သောအခါ လှိုဏ်သံ တစ်သံ ထွက်ပေါ်လာ၏။
နဂါးသားတော်ရုပ်တုသည် အချိန်မရွေး နိုးထလာတော့မည်ကဲ့သို့ ခံစားချက်တစ်ခု ပေးစွမ်းလာချေပြီ။
များမကြာမီ တင်းကျပ်စွာပိတ်ထားသော နန်းတော်တံခါးပေါ်ရှိ သံကြိုးများ လင်းလက် တောက်ပလာ၏။
အဆိုပါ သံကြိုးများသည် လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်သော အစီရင် တစ်ခုပေပင်။
“ ချပ် ... ချပ် ... ချပ် ... ။ ”
အဆုံး၌ ယိမ်းနွဲ့နေသော ကြာနွယ်ပင်များကဲ့သို့ အပြာရောင် အလင်းများ နန်းတော်တံခါးပေါ် ကျရောက်လာပြီး မယုံနိုင်စရာ မြင်ကွင်းတစ်ခု ထွက်ပေါ်လာသည်။
တံခါးများကို ဖုံးအုပ်ထားသည့် အစီရင်အခင်းအကျင်းသည် တွန့်လိမ်လျက် အလွန်ကြီးမားသော ကြာပန်းပုံသဏ္ဍာန် ရေဝဲတံခါးအဖြစ် ပြောင်းသွားခြင်းပေပင်။
စုရီက တိတ်တဆိတ် ခေါင်းညိတ် လိုက်သည်။ ဤနေရာရှိ ဝင်္ကပါအကာအကွယ် အစီရင်သည် ယခင်အတိုင်းပင် ကျန်ရှိသေး၏။
ရုတ်တရက် ရေဝဲအတွင်း လှမ်းဝင်ခါနီးတွင် စုရီသည် တစ်စုံတစ်ခုကို ခံစားရသောကြောင့် လှည့်ကြည့်လိုက်သည်။
ခပ်ဝေးဝေး လေထုအလယ် ပျံသန်းလာနေသော အသွင်အပြင်အချို့ကို မြင်လိုက်ရ၏။
ချွယ်မျိုးနွယ်၏ အဝါရောင်ဝတ်လုံဝတ် ချွယ်မင်ဝေနှင့် စွေ့မျိုးနွယ်စု၏ တတိယ အကြီးအကဲစွေ့ဝေကျန်းတို့ဖြစ်၏။
သူတို့ဘေးတွင်နောက်ထပ် အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း လိုက်ပါလာသည်။ ထိုသုံးဦး၏ ရောင်ဝါသည် သိသိသာသာ ထူးဆန်းနေ၏။
“ တာအိုမိတ်ဆွေ စိတ်မပူပါနဲ့ ... ဒီည ငါတို့က တရားစီရင်ရေးရုံးကို ကြည့်ရုံပါ မင်း ပူးပေါင်းဆောင်ရွက်နေသမျှ ငါတို့ မင်းရဲ့ အသက်ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။ ”
ချွယ်မင်ဝေက စုရီကို မြင်ချိန်၌ ပြုံးလျက်ပြောကြား၏။ တတိယအကြီးအကဲ စွေ့ဝေကျန်းမှ အံ့အားသင့်သွားသည်။
“ တာအိုမိတ်ဆွေ မင်းဒီကောင်လေးကို သိနေတာလား။ ”
“ သူ့နာမည်က စုရီပဲ ... ဒီနေ့ ရွယ်ဟုန်နင်နဲ့အတူလာခဲ့တယ် မင်းတို့မိသားစုရဲ့ စွေ့မိန်းကလေးအတွက် အိမ်ထောင်ဖက်ပဲ သူ့အကြောင်း မင်းဘာလို့ မသိတာလဲ။ ”
စွေ့ဝေကျန်းက မျက်မှောင်ကြုတ် သွားတော့သည်။ ဤအချင်းအရာကို သူတကယ် မသိချေ။
“ မိန်းကလေးကျင်းယ်န်က ဒီနေ့ မိသားစုဆီပြန်လာတာ ယောက်ျားလေ အဖော် တစ်ယောက်ခေါ်လာတယ်ဆိုတာ ငါ ကြားတယ် ဒါဆို ဒီကောင်လေးပေါ့။ ”
ထို့နောက် သူ့အသွင်မှ အနည်းငယ် ရှဒပ်ထွေးလာပြီး၊
“ ထူးဆန်းတယ် ... စွေ့ခေါင်းဆောင်က တရားစီရင်ရေးအပျက်အစီးတွေဆီ အပြင်လူကို ဘာကြောင့် လွှတ်တာလဲ။ ”
-ဟု ညည်းတွားလိုက်သည်။
“ အဲဒီမြေခွေးအိုကြီးက တစ်ခုခုကို သဘောပေါက်သွားပြီး မင်းရဲ့မျိုးနွယ်စုထဲက ဘယ်သူ့ကိုမှ မယုံတာမျိုး ဖြစ်နိုင်မလား ငါတို့ ဒီကလေးကိုဖမ်းပြီး စစ်မေးလိုက်မယ်။ ”
“ မလုပ်နဲ့ ... မိသားစုခေါင်းဆောင်က ဒီညအတွက် ဒီကောင်လေးဆီက သတင်းကို စောင့်နေမှာသေချာတယ်။ ”
“ ဒါဆို လွယ်ပါတယ် သူ့မှတ်ဉာဏ်ကို ဖြတ်လိုက်မယ်။ ”
နှစ်ယောက်သား အသံထုတ်လွှင့်ပြီး ပြောကြားနေသဖြင့် စုရီတစ်ယောက် မကြားနိုင် ခဲ့ချေ။ စုရီက ခဏလောက်စဉ်းစားပြီး၊
“ ဒါဆို ငါဘယ်လိုပူးပေါင်းပေးရမလဲ။ ”
-ဟု မေးလိုက်သည်။
အရပ်ရှည်ရှည် ပိန်လှီသော မီးခိုးရောင် ၀တ်စုံဝတ် အမျိုးသားက၊
“ ငါတို့နဲ့လိုက်ခဲ့ ... ငါတို့ ထွက်သွားပြီးရင် မင်းကိုလွှတ်လိုက်မယ်။ ”
-ဟု ပြန်ဖြေသည်။
စုရီက ခေါင်းညိတ်ပြီး ‘ကောင်းပြီ’ဟု တုန့်ပြန်လိုက်၏။
“ ဟမ့် ... ဒီနေ့စွေ့မိသားစုခန်းမမှာ မင်းအရမ်းမောက်မာနေခဲ့တာ မဟုတ်လား တျန်ထိုက်ချီကိုတောင် စိန်ခေါ်ရဲခဲ့တာ ငါ မှတ်မိနေသေးတယ် ...
... အခုတော့ စွေ့ချောင်အာနဲ့ ရွယ်ဟုန်နင်မပါဘဲ မင်းကဘယ်လောက်တောင် အရှက်မဲ့သွားရတာလဲ။ ”
သူ့အသံက ရွံ့ရှာစရာအပြည့်ဖြစ်နေသည်။
“ အခြေအနေတွေပြောင်းသွားပြီ။ ”
စုရီက ပေါ့ပေါ့ပါးပါး တုန့်ပြန်၏။ ချွယ်မင်ဝေက မထီမဲ့မြင်ပြုံးလျက် ဤသို့သော သာပေါက်ကလေးများဖြင့် ကစားရန် ပျင်းရိလာခဲ့သည်။
“ သွားကြရအောင် ... ။ ”
မီးခိုးရောင်၀တ်စုံဝတ်ထားသော အမျိုးသားသည် စိတ်မရှည်တော့ဘဲ ကြာပန်း ပုံသဏ္ဍာန်ရှိသော ရေဝဲတံခါးဝသို့ ဦးစွာ ဝင်ရောက်သွားသည်။
ထို့နောက်တွင် လူတိုင်း ခန်းမကျယ်ကြီးတစ်ခုအတွင်း ဖျပ်ခနဲ ပြန်ပေါ်လာ၏။
ခန်းမနှစ်ဘက်စလုံးရှိ နံရံများတွင် ထာဝရမီးအိမ်များကို မြှပ်နှံထားပြီး နှစ်ပေါင်း မရေမတွက်နိုင်အောင် အလင်းပေးနေသည်။
ပတ်ဝန်းကျင်တွင် ပရိဘောဂများ ကင်းစင်နေပြီး ဆိတ်ငြိမ်အေးစက်နေခဲ့သော လေထုကို ခံစားရစေ၏။
“ ဒီနေရာဟာ မူလက နာမည်ကြီး အကျဉ်းထောင်လို့ပြောခဲ့တာ မဟုတ်ဘူးလား။ ”
ချွယ်မင်ဝေက အတန်ငယ် စိတ်ရှုပ်ထွေး သွားသည်။ သူ့အတွက်ဤနေရာသည် ပထမဆုံး အကြိမ် ရောက်ဖူးခြင်းဖြစ်၏။
“ အကျဉ်းထောင်က ဒီနန်းတော်အောက်မှာ ရှိပါတယ် အဆင့်သုံးဆင့်ခွဲပြီး လျှို့ဝှက်နယ်မြေ အဖြစ် ဖန်တီးထားတယ်။ ”
စွေ့ဝေကျန်းက ရှင်းပြလာ၏။ အကျဉ်းထောင်ပထမအဆင့်၌ ပြင်းထန်သော ရာဇ၀တ်ကောင်များကို ချုပ်နှောင်ထားသည်။
ဒုတိယအဆင့်တွင် ကြိုးတိုက် အကျဉ်းသားများဖြစ်ကာ ပင်မခန်းမရှိ နဂါးသား ကြေးရုပ်တုရှေ့တွင် ကွပ်မျက်မည်ဖြစ်၏။
တတိယအဆင့်သည် ဆိုးဆိုးရွားရွား ရာဇ၀တ်မှု ကျူးလွန်သူများကို ချုပ်နှောင်သည့် အရပ်ပေပင်။
တန်ခိုးကြီးသော မကောင်းဆိုးရွားများ၊ ရက်စက်ကြမ်းကြုတ်သော နတ်ဆိုး၊ သို့မဟုတ် ကမ္ဘာကို ပျက်စီးစေသော နတ်ဆိုးများဖြစ်၏။
မီးခိုးရောင်ဝတ်ထားသူက၊
“ ဒါဆို ထောင်ဝင်ပေါက်က ဘယ်မှာလဲဆိုတာ မင်းသိလား။ ”
-ဟု မေးလာသည်။
သူသည် ခန်းမအတွင်း နတ်အာရုံကို အသုံးပြုခဲ့သော်လည်း ဝင်ပေါက်ကိုမတွေ့ခဲ့ချေ။ စွေ့ဝေကျန်းက ခေါင်းခါလိုက်ပြီး၊
“ ဒါက စွေ့မိသားစုရဲ့ လျှို့ဝှက်ချက်ပဲ မိသားစုခေါင်းဆောင်တွေပဲ သိတယ်။ ”
-ဟု ပြန်ဖြေ၏။
မီးခိုးရောင် ဝတ်ထားသော အမျိုးသားက မျက်မှောင်ကြုတ်လျက် ဘေးရှိ အမျိုးသားနှင့် အမျိုးသမီးထံကြည့်ကာ၊
“ လျှို့ဝှက်နည်းလမ်းကို အသုံးပြုပြီး စစ်ဆေးပါ။ ”
-ဟု ပြောကြားလိုက်သည်။ အမျိုးသားနှင့် အမျိုးသမီးက နာခံမှုရှိရှိ ခေါင်းညိတ်ပြ၏။
အမျိုးသားသည် သားရဲပုံစံ၀တ်စုံကို ၀တ်ဆင်ထားပြီး ရှည်လျားသော လှံတစ်ချောင်း နောက်ကျောတွင် လွယ်ထားသည်။
အမျိုးသမီးသည် အနက်ရောင်၀တ်စုံဖြင့် ဆံပင်ရှည်များကို နောက်၌ ချည်နှောင်ထားကာ မျက်နှာပေါ် အနက်ရောင်ပဝါအုပ်ထား၏။
နှစ်ယောက်သား တိတ်ဆိတ်နေသော ခန်းမကို စူးစမ်းရန် လျှို့ဝှက်နည်းစနစ်များ အသုံးပြုခဲ့ကြသည်။ စုရီသည် ထိုနေရာတွင် ရပ်ကာ ကြည့်နေလိုက်သည်။
ခဏအကြာတွင် နှစ်ဦးစလုံးသည် ဝင်ပေါက်မတွေ့သဖြင့် လက်ဗလာနှင့်သာ ပြန်ရောက်လာ၏။
သူတို့ခေါင်းဆောင် မီးခိုးရောင်၀တ် အမျိုးသားမှ မျက်မှောင်ကြုတ် လိုက်သည်။ သူက စုရီထံ လှည့်ကြည့်လိုက်ပြီး၊
“ စွေ့ချောင်အာက မင်းကို ဘာအတွက် လွှတ်လိုက်တာလဲ။ ”
-ဟု မေး၏။
“ အကျဉ်းထောင်ရဲ့ တတိယအဆင့်ကို ကြည့်ဖို့ပဲ။ ”
စုရီက ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။ လူတိုင်းထိတ်လန့်သွား၏။ ချွယ်မင်ဝေက ဒေါသတကြီးနှင့်၊
“ မင်းထောင်ထဲကို ... ဘယ်လို ဝင်ရမယ်ဆိုတာ အတိအကျသိတယ် ဒါပေမယ့် ငါတို့ကိုမပြောဘူး ... မင်းကိုသင်ခန်းစာတစ်ခု သင်ပေးရမယ်။ ”
-ဟု ဆိုလျက် စုရီကို ပါးရိုက်ရန် လက်မြှောက်လိုက်၏။ သို့သော် စွေ့ဝေကျန်းမှ ချက်ချင်း ဟန့်တားလိုက်သည်။
“ တာအိုမိတ်ဆွေ ဒီကောင်လေးကို ဒီညသေခွင့်မပေးဘူး ... သူပြန်ပြီး သတင်းပို့ဖို့ လိုအပ်နေသေးတယ်။ ”
သို့မှသာ ချွယ်မင်ဝေက ငြိမ်သက် သွားလေသည်။ ဧကရာဇ်များ၏ အမြင်တွင် ဝိညာဉ်တာအိုနယ်ပယ်သည် ပုရွက်ဆိတ်နှင့် မခြားချေ။ ထို့ကြောင့် လျစ်လျူရှုလိုက်၏။
စုရီမှ ပြုံးပြီး မြေပြင်ကို လက်ညှိုးထိုးပြကာ၊
“ ဝင်ပေါက်က ဒီမှာပါ။ ”
-ဟု ဖြေကြားလိုက်သည်။ လူတိုင်း ကြည့်လိုက်ကြ၏။ စုရီက တံဆိပ်များ ရေးထွင်း လိုက်ရာ ရောယှက်နေသော အလင်းရောင်နှင့် ကြာပန်းတစ်ပွင့် လေဟာနယ်အတွင်း ပေါ်လာတော့သည်။
“ မိသားစုခေါင်းဆောင်က မင်းကို သော့ပေးရုံတင်မကဘဲ ဒီထောင်ထဲ ဝင်နိုင်တဲ့ လျှို့ဝှက်တံဆိပ်ကို သင်ပေးခဲ့တာပဲ ... ဒါက မျိုးနွယ်စုစည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ချိုးဖောက်နေတာမဟုတ်လား။ ”
စွေ့ဝေကျန်းစကားကြောင့် စုရီက အသံထွက်လုမတတ် ရယ်ချင်လာခဲ့သည်။ စွေ့မိသားစု၏ ဤသစ္စာဖောက်သည် မျိုးနွယ်စု စည်းမျဥ်းစည်းကမ်းများအကြောင်း သူ့ရှေ့၌ ပြောဆိုဝံ့နေ၏။
ထိုအချိန်တွင် အလင်းကြာပန်းသည် မြေပြင်ပေါ်တွင်ဝေ့ဝဲပြီး တားမြစ်စွမ်းအားများ လေထဲစိမ့်ဝင်သွားကာ ကြီးမားသော ရေဝဲဝင်ပေါက်တစ်ခု ပေါ်လာသည်။
“ သွားကြရအောင် ... ။ ”
မီးခိုးရောင်ဝတ် အမျိုးသားမှ သူ့ကိုယ်သူမထိန်းနိုင်တော့ဘဲ သူ့လူများကို အထဲသို့ ခေါ်ဆောင်သွားခဲ့တော့၏။
မြေအောက်လျှို့ဝှက်နယ်မြေ၏ ပထမအဆင့်နှင့် ဒုတိယအဆင့်သည် လုံးဝ ဗလာဖြစ်ပြီး ပွင့်နေသော အကျဉ်းခန်းများသာရှိသည်။
တတိယအဆင့်၌သာ အုံ့မှိုင်းသော အေးစက်သည့်ရောင်ဝါများဖြင့် ပြည့်နှက်နေ၏။ ဤအရပ်သည် ဆိတ်သုဉ်းသော လွင်တီးခေါင် အရပ်တွင် ရပ်နေသကဲ့သို့ခံစားရသည်။
ကောင်းကင်သည် မှောင်မိုက်နေပြီး၊ ကြေးဝါတိုင်များသည် ကောင်းကင်အောက်၌ ပြည့်နှက်နေကာ သွေးနီရောင်သံကြိုးများတွင် ပုံရိပ်အချို့ ချည်နှောင်ခံထားရ၏။
အဝေးမှပင် ထိုသူတို့များထံမှ ခြိမ်းချောက်လိုသည့် အရိပ်အယောင်များကို လူတိုင်းခံစားရသည်။
ချွယ်မင်ဝေကဲ့သို့သော လူသည်ပင် သူ့ကျောရိုးတစ်လျှောက် အေးစက်သွားသလို ခံစားနေရ၏။ ဤနှစ်များအတွင်း ရာဇ၀တ်သား အများစုသည် သေဆုံးသွားခဲ့ပြီး ဖြစ်သည်။
တစ်ဒါဇင်မျှသော ပုံရိပ်အချို့သာ မသေသေးဘဲ လွတ်မြောက်ရန် အခွင့်အလမ်းကို မျှော်လင့်နေဆဲဖြစ်၏။
သို့ရာတွင် ၎င်းသည် တတိယအဆင့် လျှို့ဝှက်နယ်မြေ၏ အပြင်ဘက်မျှသာပေပင်။ ဤနေရာတွင် အမှန်တကယ် ဆိုးရွားသော အကျဉ်းသားများကို မထားချေ။
ဤအခိုက်တွင် မီးခိုးရောင်ဝတ် အမျိုးသားသည် စိတ်လှုပ်ရှားမှု အရိပ်အမြွက် ပြသကာ၊
“ အတွင်းမှာ ငါ့ဘိုးဘေးရဲ့ရောင်ဝါကို ခံစားရတယ် အံ့ဩစရာပဲ ဒီလောက်နှစ်တွေကြာ ဖိနှိမ်ခံရတာ သူတကယ် မသေဘူး။ ”
-ဟု ရေရွတ်လိုက်တော့၏။
***