← Chapters

အပေးအယူ ... ။

Vol. 55 Ch. 659

အပေးအယူ ... ။

Vol. 55 Ch. 659

ဤနတ်ဆိုးအိုကြီးကို ဖေးကောင်တုံဟုခေါ်တွင်ပြီး အလယ်အလတ် ရွှမ်ယု ဧကရာဇ်ဖြစ်သည်။

ငရဲပင်လယ်ဝိညာဉ်သခင်ဟုလည်း ခေါ်တွင်ကြ၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာက စွေ့ဘိုးဘေးသည် ဤနေရာတွင် အကျဉ်းချခဲ့ခြင်းပေပင်။

နှစ်ငါးသောင်းတိုင်ပြီဖြစ်၏။ ကောင်းကင်တောင်အတွင်း ရှေးအကျဆုံးသော မကောင်းဆိုးရွားများသည် နှစ်ကိုးသောင်းခန့် အထိပင် ဖိနှိပ်ခံခဲ့ရသူများရှိသည်။

သက်တမ်း အနည်းဆုံးမှာ နှစ်လေးသောင်းဖြစ်သည်။ ကျန်သူများသည် အချိန်ကာလ၏ တိုက်စားမှုအောက်တွင် ပျောက်ကွယ်သွား၏။

နောက်ဆုံးတွင် ဤဖိနှိပ်ချုပ်ချယ်မှု အောက်တွင် နေ့ညမပြတ် ညှဉ်းပန်းနှိပ်စက် ခံရခြင်းဖြင့် လူတစ်ဦးသည် သေခြင်းတရားသို့ တဖြည်းဖြည်း ချဉ်းကပ်စေ၏။

“ ဘာလို့ နှုတ်ဆိတ်နေတာလဲ ... တစ်ခုခု ဖြစ်သွားတာလား ... ။ ”

ဖေးကောင်တုံ အသံမှ နောက်တစ်ကြိမ် ထွက်လာသည်။

“ ဟား ဟား ဟား ... ဘဝမှာ အနာကျင်ရဆုံးအရာက မျှော်လင့်ချက်မဲ့ပြီး စိတ်ပျက်အားငယ်စရာ အချိန်တွေပဲ အစ်ကိုဖေး မင်းရောဘယ်လိုထင်လဲ။ ”

ရုတ်တရက် နောက်ထပ် အသံသည် အားမာန်အပြည့်နှင့် လှောင်ပြောင်လာချေ၏။ ထိုစဉ် အမျိုးသမီး တစ်ယောက်က၊

“ စိတ်အနှောက်အယှက်ဖြစ်စရာပဲ မင်းစကားပြောသံ ငါကြားတိုင်း မအီမသာ ဖြစ်ရတယ် ပါးစပ်ပိတ်ထားစမ်းပါ။”

-ဟု အပြစ်တင်လိုက်သည်။

အသံသည် ချိုမြိန်ပြီး ချစ်စရာ ကောင်းသော်လည်း ပြင်းထန်သော ဒေါသကို အရိပ်အမြွက် သယ်ဆောင်လာ၏။

“ ငါတာအိုကို အနှစ်ရှစ်သောင်းလောက် ရှာခဲ့ပေမဲ့ ငါလိုချင်တဲ့ တာအိုကို မရသေးဘူး ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ။ ”

“ ဟမ့် ... အဲဒီအဖွားကြီးက ဒေါသထွက်နေရင်တောင် သူက အရမ်းလှနေမှာ သေချာပါတယ်။ ”

အတွင်း၌ အသံများ အတော်ပင် ဆူညံနေချေပြီ။ ထိုစဉ် အဆိုပါအသံများကို နားထောင်ရန် စိတ်ရှည်သည်းခံနိုင်မှု ဆုံးရှုံးသွားသော အသံတစ်သံ ထွက်ပေါ်သည်။

“ ပါးစပ်ပိတ်ထား။ ”

ဤသည်မှာ ခြောက်သွေ့ကြမ်းတမ်းပြီး ဆူညံနေသော မြေအောက်ခန်းကို ချက်ချင်းပင် တိတ်ဆိတ်သွားစေ၏။

စုရီမှ မျက်ခုံးပင့်လိုက်၏။ ဤအဖိုးကြီး အမှန်တကယ်ပင် အသက်ရှင်နေသေးသည်။

“ အပြင်မှာရှိနေတာ စွေ့မိသားစုရဲ့ ဘယ်မိတ်ဆွေလဲ မေးလို့ရမလား။ ”

ခြောက်သွေ့ကြမ်းတမ်းလွန်းသော အသံရှင်သည် မြေအောက်မှနေပြီး မေးမြန်းလာ တော့၏။

ဤဂူဝင်ပေါက်သည် ပေတစ်သောင်း အနက်ရှိပြီး ကောင်းကင်တောင်အောက်သို့ ထိုးဖောက်ထားသည်။

ထို့ကြောင့် ခြောက်သွေ့ကြမ်းတမ်းသော အသံ ထွက်ပေါ်လာသောအခါ ကောင်းကင်နှင့် မြေကြီးတစ်ခွင်မြည်ဟီးသွားကာ လေနှင့် တိမ်များ ပြန့်ကားသွားသည်။

ကောင်းကင်တောင်ခြေရှိ စွေ့ချောင်အာသည် လေးနက်သော အမူအရာ များဖြင့် မော့ကြည့်လိုက်သည်။

“ အနှစ်ကိုးသောင်း... အဲဒီရှေးဟောင်းသက်ရှိကြီးက တကယ် အသက်ရှင်နေသေးတာပဲ ...။ ”

ဖေးချောင်ရှင်းသည်လည်း ထိုအသံလှိုင်းကြောင့် ထိတ်လန့်သွားလေသည်။ ဤသည်မှာ အသံတစ်ခုမျှသာ ဖြစ်သော်လည်း ၎င်းတွင် ပါရှိသောပါဝါသည် ကမ္ဘာကြီးကို ဖျက်ဆီးနိုင်၏။

တစ်ဖက်တွင် စုရီသည် လက်နှစ်ဖက် နောက်ပို့ကာ ရပ်နေပြီး၊

“ တွားသွားသတ္တဝါ ငါတို့ မတွေ့တာကြာပြီနော်။ ”

-ဟု နှုတ်ဆက်လိုက်၏။

ယင်းသည် နှုတ်ခွန်းဆက်သံမျှသာ ဖြစ်သော်လည်း ဝရဇိန်မိုးကြိုးနှင့်တူနေခဲ့သည်။ ခြောက်သွေ့မာကျောသော အသံရှင်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီး၊

“ မင်း ... မင်းအဲဒီ ဘီလူးစုလား။”

“ ဘီလူးစု ... ။ ”

“ ဟမ့် ... ဘယ်လိုလုပ်ဖြစ်နိုင်မှာ။ ”

ကျယ်လောင်သော အော်ဟစ်သံများ ထပ်မံထွက်ပေါ်လာ၏။ ထိုအမည်ပိုင်ရှင်သည် သူတို့ကို ထိတ်လန့်စေသည်မှာ သေချာချေပြီ။

ဖေ;ချောင်ရှင်းမှ အနည်းငယ် အံ့ဩသွားသည်။ ဝိညာဉ်တာအိုနယ်ပယ်မှ ဆယ်ကျော်သက် တစ်ယောက်သည် အဖိုးကြီးစုမည်သို့ မည်ဖြစ်နိုင်မည်နည်း။

“ ငါ မင်းအကူအညီလိုတယ်။ ”

စုရီမှ ပြောသည်။ အတွင်းမှ အသံရှင်က၊

“ မင်းငါ့အကူအညီကို မတောင်းခင် မင်းအမည်နဲ့ မင်းရဲ့အထောက်အထားကိုတော့ အရင်ဖော်ပြသင့်တယ်မဟုတ်လား။ ”

-ဟု မကျေမနပ်ပြောကြားလာ၏။

“ ဟုတ်တယ် ... မင်းဘယ်သူလဲ။ ”

အမျိုးသမီးအသံ ထွက်ပေါ်လာသည်။

“ မျှော်လင့်ရတာပဲ ... ဒီကောင် ဘီလူးစုမဖြစ်နိုင်ဘူး ... ။”

အတွင်းမှ မသေချာမရေရာသော လေသံများဖြင့် ဆွေးနွေးသံများ ညံလာပြန်၏။ ဖေးကောင်တုံမှ၊

“ သူက ဘီလူးစု မဟုတ်ဘူး ... သူ့ကိုငါမြင်ဘူးတယ် ... ဝိညာဉ်တာအိုနယ်ပယ် ကလေးတစ်ယောက်ပဲ ...

... ဒါပေမယ့် ကောင်းကင်တားမြစ် အစီရင်ကိုသုံးနိုင်တယ် ကြည့်ရတာ ဘီလူးစုရဲ့ သားမြေးတစ်ယောက်ဖြစ်မယ်။ ”

စုရီမှ သူတို့ကို လျစ်လျူရှုပြီး၊

“ ဒီနေ့ ညှိနှိုင်းဖို့ အကြောင်းမရှိဘူး၊ မင်းတို့ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ငါ့ကိုကူညီရမယ်။ ”

-ဟု ပြောကြားလိုက်၏။

ထိုသို့ ပြတ်သားသော ထိုစကားသည် မြေအောက်ရှိ လူတစ်စုကို မခံမရပ်နိုင်စေသည့် လေသံမျိုး ဖြစ်နေချေပြီ။

“ ဟား ဟား ဟား ... ။ ”

ထို့နောက် ဖေးကောင်တုံမှ အေးစက်စွာ ရယ်မောလျက်၊

“ စွေ့လုံရှင်း ... ဒီမှာရှိနေရင်တောင် ဒီလောက်မောက်မာတဲ့ စကားမျိုး မပြောဝံ့ဘူး မင်းက ဝိညာဉ်တာအိုနယ်ပယ် ကျင့်ကြံသူပဲ သတ္တိရှိလား။ ”

-ဟု အော်ဟစ်လိုက်၏။

သူ့စကားဆုံးသည်နှင့် လက်တစ်ဖက်က သူ့ထံရောက်ရှိလာသည်။ ကောင်းကင်တောင် တစ်ခုလုံး ပြင်းစွာတုန်လှုပ်လျက် သဏ္ဍာန်မဲ့ စွမ်းအားများ တဟုန်ထိုးလှိုင်းထလာ၏။

“ သေစမ်း ... ။ ”

ဖေးကောင်တုံခမျာ ထိတ်လန့်ပြီး ဒေါသတကြီး အော်လိုက်၏။ ထို့နောက်တွင် သွေးရောင်သံကြိုးများဖြင့် ဖက်ထုပ်တစ်ခုကဲ့သို့ တုပ်နှောင်ခံထားရသော ပုံရိပ်တစ်ခု လေထဲ ထွက်ပေါ်လာသည်။

ဤသည်မှာ အနက်ရောင်၀တ်စုံကို ၀တ်ဆင်ထားပြီး ရှည်လျားဆံပင်ဖြူဖြူများ ပွထနေသော ပိန်ပိန်ပါးပါး အဖိုးအို တစ်ယောက်ဖြစ်၏။

“ ဘိုးဘေး ... ။ ”

ဖေးချောင်ရှင်းက အဝေးမှ ကြည့်ကာ တုန်လှုပ်သွားသည်။

“ ခွေးနက်ကြီး ... မင်းဘာလို့ ဒီလောက်ဟောင်နေတာလဲ ... ဟိုအရင်ကလို ပေါကြောင်ကြောင် လုပ်ရပ်တွေ လုပ်နေတုန်းလား။ ”

“ ဘုန်း ... ။ ”

မြေပြင်ပေါ် ပြုတ်ကျလာသော အဖိုးအိုထံကြည့်ကာ စုရီမှ ပြောကြားလိုက်၏။ ဖေးကောင်တုံမှ ဆတ်ခနဲ ခေါင်းပြန်မော့ကာ ‘မင်းဘယ်သူလဲ’-ဟု မေးသည်။

စုရီက မေးခွန်းကို လျစ်လျူရှုကာ လက်ဖဝါးအရွယ် ကြေးရောင်ကြာပန်းမီးခွက်ကို ထုတ်ယူလိုက်သည်။

မီးခွက်မျက်နှာပြင်တွင် ရှေးဟောင်း သက္ကတအက္ခရာများ ရေးထွင်းထားကာ တရား ထိုင်နေသောမျက်နှာမဲ့ဗုဒ္ဓကို ပုံဖော်ထား၏။

“ ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်။ ”

ဤသည်မှာ အနောက်ဘက်သုခမြေမှ ကျောက်တုံးနှလုံးသားဟူသော် ဘုန်းတော်ကြီးမှ ကိုယ်တိုင်ကိုယ်ကျ သန့်စင်ထားသော ဗုဒ္ဓရတနာဖြစ်သည်။

နတ်ဆိုးများကို သုတ်သင်နိုင်ကာ အပြစ်များကို သန့်စင်ပေးလျက် ဘေးဆိုးများ ရှောင်ရှားနိုင်စေမည်။

“ မင်းကူညီဖို့ သဘောတူရင် ဒီကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်ထဲကို မင်းဝင်လာလို့ရမယ် ... ငါ့ပြဿနာတွေပြီးရင် မင်းကိုလွှတ်ပေးမယ်။ ”

စုရီက ဖေးကောင်းတုံထံကြည့်ကာ သူ့လက်ထဲရှိ မီးအိမ်ကို ညွှန်ပြလိုက်လေသည်။

“ ငါသဘော မတူရင်ရော။ ”

ဖေးကောင်းတုံ မျက်နှာသည် ပြာမှုန်သွားခဲ့ကာ မျက်လုံးများတွင် လူသတ်ရန် ရည်ရွယ်ချက်များ တောက်လာ၏။

ရွှမ်ယုဧကရာဇ်တစ်ပါးအနေဖြင့် နှစ်ပေါင်းထောင်သောင်းမက ဖိနှိပ်ခံရပြီးနောက် တွင်ပင် သူရောင်ဝါသည် အားနည်းခြင်း မရှိချေ။

လေထုသည် ဖိစီးမှု ပြင်းထန်ခဲ့၏။ ခပ်လှမ်းလှမ်းရှိ စွေ့ချောင်အာနှင့် ဖေးချောင်ရှင်း တို့သည် အသက်အောင့်လျက် စောင့်ကြည့် နေချေပြီ။

“ မင်းသဘောတူမှာပါ။ ”

စုရီသာလျှင် ပေါ့ပေါ့ပါးပါး နိုင်နေသေး၏။ စကားဆုံးသည်နှင့် ကောင်းကင်တောင်ကြီး၏ တားမြစ်စွမ်းအားများ လှိုင်းထလာသည်။

ထို့နောက် ကောင်းကင်အမိန့်တော် ကြာပန်းမီးအိမ်အသက်ဝင်လာ၏။ ကြာပန်းများ ပွင့်၍ အကန့်အသတ်မဲ့ ရွှေရောင်အလင်းများ ထွက်ပေါ်လာကာ ဗုဒ္ဓကျမ်းစာရွတ်ဆိုသံများ ကြားလာရသည်။

တားမြစ်စွမ်းအားဖြင့် ချည်နှောင်ခံထားရသော ဖေးကောင်းတုံခမျာ ရှောင်ရန် အချိန်မရှိတော့ချေ။

ကြာပန်းမီးအိမ်တော်အတွင်းမှ ရွှေရောင်အလင်းများ၏ စုပ်ယူခြင်း ခံလိုက်ရ ချေပြီ။ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ် သွားခဲ့သည်။

ဖေချောင်ရှင်းက ထိုမြင်ကွင်းကို ဝမ်းနည်းပူဆွေးမှုအပြည့်ဖြင့် ကြည့်ရုံသာ တတ်နိုင်တော့၏။

စွေ့ချောင်အာပင်လျှင် စိတ်ထဲမှ သက်ပြင်းချလိုက်ရသည်။ ဦးလေးစုသည် ယခင် အတိုင်း ကြီးစိုးနေဆဲပေပင်။ လုပ်ချင်တာကို ညှိနှိုင်းခွင့်မရှိ ပြုမူနေဆဲဖြစ်၏။

မြေအောက်အခန်းကြီးတစ်ခုလုံး တိတ်ဆိတ်သွား၏။ သံသယမရှိ တစ်ဖက်လူမှာ သူတို့အတွက် ငြင်းဆန်ရန် အခွင့်အရေး ပေးချင်ပုံမပြချေ။

“ အဖိုးကြီး ... မင်းကိုယ်မင်း ထွက်လာမလား။ ”

စုရီက တည်ငြိမ်စွာ ထပ်မေး၏။  

“ ဟမ့် ... သခင်လေး မင်းဘာအကူအညီလိုနေတာလဲ။ ”

ရုတ်တရက် ကြီးစိုးကြမ်းတမ်းသော အသံရှင်သည် သေဆုံးသွားသကဲ့သို့ ချိုသာနူးညံ့ လာတော့၏။

ထိုအပြောင်းအလဲသည် ချိုသာသော အသံပိုင်ရှင် နတ်ဆိုးအဖွားကြီးကို မျက်လုံးပြူး သွားစေသည်။ ကြောက်ရွံ့မှုကြောင့် အသံ မထွက်ဝံ့သော်လည်း ပြုံးမိ၏။

( ဒီတိရစ္ဆာန်ကြီးက ဘယ်တုန်းက ဒီလို အသံမျိုးပိုင်ဆိုင်လာတာလဲ။ )

စုရီက ပြန်ဖြေရန် ပျင်းရိလာကာ မြေအောက်အတွင်းမှ တစ်စုံတစ်ယောက်ကို လှမ်းဆွဲလိုက်တော့သည်။

“ ဘုတ် ... ။ ”

ဤသည်မှာ စာပေသမားတစ်ယောက် အသွင် စုတ်ပြတ်သတ်နေသော အဖိုးအိုတစ်ဦး ဖြစ်ချေပြီ။ မုတ်ဆိတ်မွှေးများ ပွထလျက် သွေးသံကြိုးများဖြင့် ဖက်ထုပ်ဖြစ်နေ၏။

ထိုသူက ချက်ချင်း ခေါင်းမော့ကြည့်ကာ စုရီထံ စစ်ဆေးလေသည်။ စုရီမှ ခေါင်းရမ်းပြ၏။

“ မင်း … မင်း။ ”

စာပေပညာရှင်အဖိုးအိုသည် တစ်ခုခုကို နားလည်သွားကာ အသံသည် တုန်တုန်ယင်ယင် ဖြစ်လာတော့သည်။ သို့သော် သူ မပြီးဆုံးခင် ရွှေရောင်အလင်းများက စုပ်ယူသွားတော့၏။

“ တျန်ကျိ၊ မင်းအလှည့်ရောက်ပြီ ... ။ ”

“ ဟုတ်ကဲ့ ... ။ ”

ဤတစ်ကြိမ်၌ ချိုမြိန်ပြီး ချစ်စရာကောင်းလှသောအသံပိုင်ရှင် အမျိုးသမီး နာခံမှုရှိရှိ ပျံသန်းထွက်ပေါ်လာသည်။

သို့သော် သူမ ဦးတည်ရာသည် ကြာပန်းမီးအိမ်မဟုတ်ဘဲ ခရမ်းရောင်အလင်း ကဲ့သို့လေဟာနယ်ကို ဖြတ်ပြေးခြင်းပေပင်။

“ ဘုန်း ... ။ ”

“ အား ... ။ ”

အရပ်မျက်နှာ အသီးသီးမှ သဏ္ဍန်မဲ့ စွမ်းအားတစ်ခု မြင့်တက်လာကာ ပွက်ပွက်ဆူ နေသောရေများကဲ့သို့ ကြာပွတ်အလား ဖြတ်ရိုက်ပစ်လိုက်တော့၏။

နှင်းကဲ့သို့ ဖြူဖွေးနေသော အသားအရည်ပေါ်တွင် ညိုပုတ်နေသော ဒဏ်ရာတစ်ချက် ထွက်ပေါ်လာသည်။

အနက်ရောင်ဆံပင်များက ရေတံခွန်ကဲ့သို့ လွင့်မျောလျက် ခရမ်းရောင် ငှက်မွေးဝတ်လုံဖြင့် ချစ်စရာကောင်းသော အမျိုးသမီးတစ်ယောက် ‌မြေပြင်ပေါ် ပြုတ်ကျလာ၏။

အသွင်အပြင်အရ ဆယ့်ခြောက်နှစ် အရွယ်မျှသာရှိပြီး လက်ရာမြောက်လွန်းသော ခန္ဓာကိုယ်ကောက်ကြောင်းကို ပိုင်ဆိုင်၏။

ရက်စက်ကြမ်းကြုတ်သော နတ်ဆိုးအဖွားကြီးတစ်ဦးအဖြစ် ယုံမှားစရာ မရှိချေ။ နာကျင်စွာ အော်ဟစ်နေသည်မှာ သနားစရာ ကောင်းသည့် ကလေးမလေး အသွင်ပေပင်။

ဤသည်မှာ အသက်(၆၀၀၀၀) ကျော်ပြီဖြစ်သော ‘ကောင်းကင်နတ်ဆိုးဧကရီ’ ဖြစ်လေသည်။ သူမလက်၌ အသက်ပေါင်း များစွာ ကြွေလွင့်ရ၏။

“ ငါ့ဆီကနေ လွတ်မြောက်ဖို့ ကြိုးစားနေတာလား မင်းအတွက်အရိုက်ခံရတာ တကယ်ထိုက်တန်ပါတယ်။ ”

စုရီမှ လှောင်ပြောင်သော အပြုံးဖြင့် ပြောသည်။ သူမသည်လည်း မြေပြင်ပေါ်၌ ဖက်ထုပ်ဖြစ်နေပြီဖြစ်၏။

“ ကျေးဇူးပြုပြီး ငါ့ကိုသနားပါ ငါဘယ်တော့မှ ပြေးဖို့ထပ်ကြိုးစားတော့မှာ မဟုတ်ပါဘူး။ ”

အားနည်းပြီး ခိုကိုးရာမဲ့နေဟန် ပြောကြားလား၏။ သို့သော် စုရီက သူ့လက်ကို မြှောက်ကာ ညွှန်ပြလိုက်သည်။

“ ရွှပ် ... ။ ”

“ အား ... ။ ”

“ ရွှပ် ... ။ ”

“ အား ... တာအိုမိတ်ဆွေ ငါ ... ။” 

“ ရွှပ် ... ။ ”

***

All Chapters