ကောင်းကင်ထက်မှမရေမတွက်နိုင်သောကြယ်စင်များပမာ
Vol. 26 Ch. 361
အခန်း (၃၆၁) ကောင်းကင်ထက်မှမရေမတွက်နိုင်သောကြယ်စင်များပမာ
ရန်ကျောက်ကဲအမေးစကားကိုကြားတော့ ချွိယန်ချီက သက်ပြင်းရှည်တစ်ချက်ချရင်း...
“ဆရာ သူ့ကိုခေါ်လာတုန်းကတော့ သူ့နာမည်က ချန်နင်တဲ့”
ဘာမှ ပြောစရာမလိုတော့ပေ။
ချွိယန်ချီနှင့် ချွိယန်နင်တို့မှာ ကာလရှည်ကြာဝေးကွာပျောက်ဆုံးနေကြသည့်အမြွှာမောင်နှမများအဖြစ် အများက ထင်မြင်သွားစေရန် ထိုသို့ မျိုးရိုးနာမည်ပြောင်းလဲလိုက်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက...
“မင်းတို့နှစ်ယောက်လုံး ပင်လယ်တစ်ဖက်ခြမ်းမှာ ကြီးပြင်းလာကြတာလား”
ချွိယန်ချီက မေးခွန်းကို အဆင်ပြေပြေပင် ပြန်ဖြေသည်။
“ငါမှတ်မိသလောက်တော့ ‘စိမ်းလန်းဆေးလုံးကျွန်း’ နဲ့ မိုင်တစ်ရာလောက်ဝေးတဲ့ အရှေ့ပင်လယ်အပြင်ပိုင်းက တိမ်တိုက်ကျွန်းမှာ ကြီးပြင်းလာခဲ့တယ် ၊ ဆရာက တောင်ပင်လယ်ကုန်းတွင်းပိုင်းကို ခရီးထွက်ရင်း ချန်နင်ကို ရှာတွေ့ပြီး ခေါ်လာခဲ့တာ”
ငယ်စဉ်ကပင် သူတို့နှစ်ယောက်က ရုပ်ချင်းခွဲမရအောင်တူသည်ကို သူတို့၏ဆရာက သတိပြုခဲ့မိသည်။
ရန်ကျောက်ကဲက ချွိယန်ချီကို ကြည့်ရင်း...
“နောက်မေးခွန်းတစ်ခုလောက် မေးချင်သေးတယ် ၊ ငါ့ရဲ့ဂိုဏ်းတူညီမလေးအပြင် မင်းတို့နဲ့ ရုပ်ချင်းဆင်တူတဲ့ တခြားသူတွေကို တွေ့မြင်ဖူးလား”
ချွိယန်ချီက ခဏမျှ တိတ်ဆိတ်နေပြီးမှ...
“တစ်ယောက်တွေ့ဖူးတယ် ၊ သူက ငါနဲ့တူတဲ့လူငယ်တစ်ယောက်ပဲ ၊ သူ့ရဲ့ မွေးရာပါသိုင်းပါရမီကကောင်းပေမယ့် သာမန်တံငါသည်တစ်ယောက်ပဲဖြစ်လာပြီး သိုင်းသမားတစ်ယောက်ဖြစ်မလာခဲ့ဘူး ၊ ဒါကတော့ ကံတရားပဲပေါ့”
သူက ဆက်ပြောသည်။
“သူ့ကိုစတွေ့တော့ ငါ အံ့သြလွန်းလို့ သေမတတ်ပဲ ၊ ဆရာနဲ့တွေ့ဖို့ သူ့ကိုခေါ်လာရင်း ပင်လယ်ပြင်မှာ မုန်တိုင်းမိလို့ အသက်ဆုံးသွားခဲ့တယ်”
ထိုစကားကိုကြားတော့ စစ်ခုန်ချင်း ချွိယန်ချီ၏ ခံစားချက်ကို နားလည်နိုင်ခဲ့သည်။
သူမ ချန်နင်ကို ပထမဆုံးတွေ့ဆုံစဉ်က စကားမပြောနိုင်လောက်အောင် အံ့သြထိတ်လန့်သွားခဲ့သည်။ သူမအခြေအနေက ချွိယန်ချီ ထိုတံငါသည်လူငယ်နှင့်တွေ့ဆုံစဉ်ကအတိုင်းပင် ဖြစ်ပေလိမ့်မည်။
စစ်ခုန်ချင်းက အေးစက်စက်နေတတ်ပြီး စိတ်ဓာတ်ခိုင်မာသူတစ်ယောက်ဖြစ်သော်လည်း ချန်နင်ကိုတွေ့စဉ်ကတော့ ကြီးမားသောထိတ်လန့်မှုကို မလွဲမသွေ ခံစားခဲ့ရသည်။
ထို့နောက် သူတို့နှစ်ယောက်တိုက်ခိုက်ကြရင်း သေခြင်းရှင်ခြင်းတိုက်ပွဲအဖြစ် ကူးပြောင်းသွားသည်မှာ သူမ၏ စိတ်အခြေအနေမတည်ငြိမ်မှုနှင့် အလွန်ဆက်စပ်နေသည်။
ရန်ကျောက်ကဲက...
“သူနဲ့ ဘယ်တုန်းကတွေ့တာလဲ”
ချွိယန်ချီက...
"လွန်ခဲ့တဲ့တစ်နှစ်က..."
ရန်ကျောက်ကဲက ခေါင်းကိုအနည်းငယ်မော့ရင်း ခဏမျှ စဉ်းစားလိုက်သည်။
“မင်းရဲ့ဆရာက အဲဒီသေသွားတဲ့လူဆီက တစ်ခုခုများတွေ့သွားတာလား ၊ ဒါကြောင့် ငါ့ရဲ့ ဂိုဏ်းတူညီမလေးကိုတွေ့တော့ ဝါဒတောင်ကိုရန်စသလိုဖြစ်မယ်ဆိုတာ သိရက်သားနဲ့ သူ့ကိုဖမ်းဖို့ ကြိုးစားခဲ့တာလား”
ချွိယန်ချီ ငြိမ်သက်သွားသည်။
သူက ချန်နင်၏အလောင်းကိုစိုက်ကြည့်ရင်း သက်ပြင်းတစ်ချက်ချလိုက်သည်။
“ဆရာက အဲဒီလူရဲ့ရုပ်အလောင်းကို စစ်ဆေးကြည့်တယ် ၊ အဲဒီလူက သိုင်းပညာမသင်ယူဖူးပေမယ့် သူ့ခန္ဓာကိုယ်မှာ ထူးဆန်းတဲ့အချက်အလက်အချို့ တွေ့ခဲ့ရတယ်”
ရန်ကျောက်ကဲ မျက်ခုံးတစ်ချက်ပင့်လိုက်သည်။
“ဟုတ်လား...”
သူ့မျက်ဝန်းများက ချန်နင်၏ရုပ်အလောင်းထံ ကျရောက်သွားပြီး တစ်စုံတစ်ခုကို ထိုးဖောက်မြင်တွေ့သွားသည့်အလား သူ့မျက်ဝန်းများက စူးစိုက်သွားသည်။
ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာကွဲကြေနေသည့် မရင်းနှီးသောအင်းသင်္ကေတတစ်ခု စိတ်အာရုံတွင် ထင်ဟပ်လာသည်။
ထိုအင်းသင်္ကေတက အပိုင်းပိုင်းအက်ကွဲနေသဖြင့် အစီအစဉ်တကျမရှိတော့လေရာ အထဲမှ အဓိပ္ပါဘ်အမှန်ကိုနားလည်ရန် ရန်ကျောက်ကဲ အတော်လေးကြိုးစားလိုက်ရသည်။
အဆုံးသတ်တွင်တော့ အတွင်းထဲမှ အလွန်တရာနက်ရှိုင်းကျယ်ပြန့်သော အံ့သြဖွယ်ရာ အဓိပ္ပါယ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့သည်။ အဓိပ္ပါယ်တစ်ခုမျှသာဖြစ်သော်လည်း အတွင်းထဲတွင်ပါဝင်သော သဘောတရားများက အလွန်တရာနက်နဲသည်။
ထိုသဘောတရားကို သေသေချာချာ ခွဲခြမ်းစိတ်ဖြာကြည့်ပြီးနောက် ရန်ကျောက်ကဲ အတော်လေး အံ့အားသင့်သွားခဲ့သည်။
သူက အခြားသူများထက် အမြင်စူးရှသဖြင့် အင်းသင်္ကေတအတွင်းမှ အဓိပ္ပါယ်ကို နားလည်နိုင်ခဲ့သော်လည်း မူလအင်းသင်္ကေတတစ်ခုလုံး၏အဓိပ္ပါယ်နှင့်နှိုင်းယှဉ်လျှင်တော့ သူနားလည်သည်က ရေခဲတောင်တစ်ခု၏ ထိပ်စွန်းအဖျားလေးတစ်ခုပမာသာရှိသေးသည်ဟု မှတ်ယူနိုင်သည်။
ပြီးပြည့်စုံသည့်အင်းသင်္ကေတများသည် ကောင်းကင်မှကြယ်စင်များသဖွယ် မရေမတွက်နိုင်အောင်များပြားသည်ဟု ယူဆနိုင်သည်။
‘စစ်ခုန်ချင်း’ တိုင်းတွင် အင်းသင်္ကေတတစ်ခုစီ ရှိနေမည်ဆိုလျင် ထိုအင်းသင်္ကေတများကို စုစည်းချင်သည်ဆိုပါက ‘စစ်ခုန်ချင်း’ များ မရေမတွက်နိုင်အောင် ရှိနေပေလိမ့်မည်။
တွေးကြည့်သည်နှင့် ကြက်သီးထစရာပင်။
အင်းသင်္ကေတတစ်ခုကပင် အလွန်တရာနက်ရှိုင်းပြီး အံ့သြဖွယ်ကောင်းနေလေရာ ၎င်းတို့အားလုံး စုစည်းမိပါက ကြီးမြတ်ပြီးအစွမ်းထက်လှသော တည်ရှိမှုတစ်ခု ဖြစ်ပေါ်လာပြီး မည်မျှအထိ သက်ရောက်နိုင်မည်လဲ မပြောတတ်ပေ။
ထိုသို့တွေးမိသည့်အခါ ကိစ္စရပ်အများပြားကို သိရှိနားလည်ပါသည်ဆိုသော ‘ရန်ကျောက်ကဲ’ သည်ပင် ထူးခြားအံ့သြဖွယ်ရာကို ခံစားမိပြီး တက်ခေါက်မိမတတ် ဖြစ်ရသည်။
စစ်ခုန်ချင်းက လက်ကိုလှမ်းကာ ချန်နင်၏ရုပ်အလောင်းကို ထိကိုင်လိုက်သည်။ သို့သော် နားမလည်နိုင်သော ၊ ဝေဝါးပြီးမထင်ရှားသော ၊ ရှင်းရှင်းလင်းလင်းမရှိသော ခံစားချက်များကို ခံစားရသည်။
ချွိယန်ချီက တိုးတိတ်သည့်လေသံဖြင့်...
“အနည်းဆုံး သိုင်းဆရာသခင်အဆင့်ရှိမှ အဲဒါကို သိမြင်နိုင်လိမ့်မယ် ၊ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့် မလုံလောက်သေးရင် သိုင်းဆရာသခင်တစ်ယောက်က ကူညီပေးလို့ရတယ်”
သူ့စကားကိုကြားတော့ ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ပြီး စစ်ခုန်ချင်းနောက်ကျောသို့ လက်ဖဝါးဖြင့် ဖိကပ်လိုက်သည်။
ရန်ကျောက်ကဲ၏ ကြယ်တာရာချီစွမ်းအားများနှင့် ဝိညာဉ်စွမ်းအားများ စစ်ခုန်ချင်းခန္ဓာကိုယ်ထဲသို့ စီးဆင်းဝင်ရောက်သွားပြီး ချန်နင်ထံမှထူးခြားချက်ကို စစ်ခုန်ချင်း ခံစားလိုက်မိသည်။
ချန်နင်၏ ပျက်ဆီးနေသော အင်းသင်္ကေတကိုတွေ့လိုက်ရသည့်အခါ သူမ မည်သည့်ခံစားချက်မှမခံစားရသော်လည်း ထိုအရာအတွင်း နစ်မြုပ်သွားသည့်အလား ခံစားရသည်။
ရန်ကျောက်ကဲက သူမနောက်ကျောထက်မှ လက်ကိုဖယ်ရှားလိုက်ပြီး လက်ဖျောက်တစ်ချက်တီးကာ စစ်ခုန်ချင်းကို သတိပြန်ဝင်လာစေပြီး ထိုအင်းသင်္ကေတအတွင်းမှ ဆွဲထုတ်လိုက်သည်။
“အချိန်တွေအများကြီးကျန်ပါသေးတယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ချိယွမ်ချီကို လှမ်းကြည့်ရင်း ပြုံးပြလိုက်၏။
“အသက်ရှင်နေတဲ့သူတွေအချင်းချင်းရော သူတို့ကြားက အဲဒီအရာကို ခံစားနိုင်ကြသလား”
ရန်ကျောက်ကဲက မေးခွန်းထုတ်သည်။
ရန်ကျောက်ကဲမျက်နှာထက်မှ အပြုံးရိပ်ကိုတွေ့မြင်သည်နှင့် ချွိယန်ချီ ကျောထဲစိမ့်သွားသလို ခံစားလိုက်ရသည်။
သူက မချိပြုံးတစ်ချက်ပြုံးရင်း...
“တခြားသူတွေမသိနိုင်ပေမယ့် ငါတို့အချင်းချင်းတော့ အာရုံခံနိုင်တယ် ၊ ဆရာ့အကူအညီနဲ့ ငါနဲ့ ချန်နင်က အဲဒါကို အာရုံခံနိုင်ခဲ့တယ်”
ရန်ကျောက်ကဲက ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်နှင့် စစ်ခုန်ချင်းက ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး ချွိယန်ချီ၏ မျက်ခုံးနှစ်ခုကြားသို့ လက်နှစ်ချောင်းဖြင့် ထိလိုက်သည်။
အားဟူက ထိန်းချုပ်ထားသဖြင့် ချိယွမ်ချီမှာ စစ်ခုန်ချင်းကို ခုခံနိုင်ခြင်း မရှိပေ။ သို့သော် သူကိုယ်တိုင်ကလည်း ခုခံလိုစိတ်မရှိဘဲ နေရာမှာပင် တိတ်ဆိတ်စွာ ငြိမ်သက်နေခဲ့သည်။
ရန်ကျောက်ကဲက စစ်ခုန်ချင်းနောက်ကျောကို သူ့လက်ဖဝါးဖြင့် နောက်တစ်ကြိမ် ဖိကပ်လိုက်သည်။
စစ်ခုန်ချင်း၏မျက်နှာအမူအရာက တဖြည်းဖြည်းတည်ကြည်လေးနက်လာပြီး သူမကို ကူညီပေးနေသော ရန်ကျောက်ကဲမှာလည်း အကြောင်းအရာအတော်များများကို သိမြင်လာသည်။
သနားစရာကောင်းသော ချွိယန်ချီမှာတော့ သိုင်းဆရာသခင်တစ်ယောက်၏ အကူအညီမပါသဖြင့် စစ်ခုန်ချင်းဘက်သို့ အာရုံခံနိုင်ခြင်း မရှိပေ။
ရန်ကျောက်ကဲ၏ စိတ်အာရုံထဲတွင် အင်းသင်္ကေတပုံရိပ်များ ပေါ်လာသည်။
အင်းသင်္ကေတ (၂)ခုဖြစ်ပြီး တစ်ခုက စစ်ခုန်ချင်းထံမှဖြစ်ကာ နောက်စတ်ခုက ချွိယန်ချီထံမှ ဖြစ်သည်။
ထိုအင်းသင်္ကေတများက ချန်နင်ထံမှတွေ့မြင်ရသောအင်းသင်္ကေတနှင့် သိသိသာသာကွဲပြားသောလည်း အထဲတွင်ပါဝင်သော အယူအဆနှင့်အဓိပ္ပါယ်ကတူညီပြီး အင်းသင်္ကေတအားလုံးက ဆက်စပ်နေသည်။
သူတို့ (၃)ယောက်ကြားတွင် ချိတ်ဆက်မှုရှိနေသော်လည်း တစ်ယောက်ချင်း လွတ်လပ်စွာရပ်တည်နိုင်သည်။
ထိုအင်းသင်္ကေတက သူတို့ကြားတွင်ချိတ်ဆက်ထားသော အကန့်အသတ်မရှိကြိုးတစ်ချောင်းပမာဖြစ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်ပေးထားသည်။
ယခုတော့ ချိတ်ဆက်ထားသောကြိုးက ပျောက်ကွယ်သွားပြီး ဆက်နွယ်မှု (၃)ခုက ရန်ကျောက်ကဲရှေ့တွင် သီးခြားစီပေါ်လာသည်။
ခဏကြာတော့ ရန်ကျောက်ကဲက စစ်ခုန်ချင်းကျောပြင်ထက်မှ လက်ဖဝါးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး ချွိယန်ချီကို လှမ်းကြည့်သည်။
“ဒါက ကောင်းတဲ့အချက်ပဲ ၊ ငါတို့တွေ ပူးပေါင်းလုပ်ဆောင်နိုင်မယ်လို့ မင်း မထင်ဘူးလား”
ထိုစကားကိုကြားတော့ ချွိယန်ချီ မချိပြုံး ပြုံးလိုက်၏။
ချန်နင်က မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူနှင့်လည်းမတူသလို စစ်ခုန်ချင်းနှင့်လည်း မတူညီပေ။ သူမက ဒေါသထွက်လွယ်သူဖြစ်သလို မာနလည်းကြီးကာ အဆင်အခြင်လည်းကင်းမဲ့သည်။ သူမအတွက် အကျိုးရှိမည်ထင်လျှင် ရေရှည်ကိုမကြည့်ဘဲ ရေတိုကိုသာ ကြည့်တတ်သည်။
စစ်ခုန်ချင်းနှင့် တွေ့ဆုံခဲ့သူမှာ ချန်နင်မဟုတ်ဘဲ ချွိယန်ချီ ဖြစ်ခဲ့ပါက ယခုလို ဆိုးရွားသည့်အခြေအနေမျိုး ဖြစ်လာမည် မဟုတ်ပေ။
ယခုတာ့ ချန်နင်မှာ သူ့လုပ်ရပ်အတွက် ပေးဆပ်ခဲ့ရပြီ ဖြစ်သည်။
သူ့ကိုပြုံးပြီးကြည့်နေသော ရန်ကျောက်ကဲအား ချွိယန်ချီ ကူရာကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်သည်။
ရန်ကျောက်ကဲက...
“ငါ့ကို အဲဒီလိုမကြည့်နဲ့လေကွာ ၊ မင်းသာ ငါတို့နဲ့ပူးပေါင်းမယ်ဆိုရင် ဒုက္ခမရောက်စေရပါဘူး ၊ မင်းကို ဝါဒတောင်ကို ဧည့်သည်အနေနဲ့ ဖိတ်ခေါ်သွားမယ် ၊ မင်းရဲ့ဆရာကတော့ မင်း ပင်လယ်ထဲ အန္တရယ်ကြုံပြီးတစ်ခုခုဖြစ်သွားပြီလို့ ထင်သွားမှာပေါ့”
ချွိယန်ချီက သက်ပြင်းရှည်တစ်ချက်ချရင်း မည်သည့်စကားမှမဆိုဘဲ ကောင်းကင်ထက်မော့ကြည့်လိုက်သည်။
ရန်ကျောက်ကဲမျက်နှာက ပြုံးနေသော်လည်း သူ့စိတ်အာရုံထဲတွင်တော့ အင်းသင်္ကေတ (၃)ခုက အဆက်မပြတ်လှည့်ပတ်နေပြီး ပျောက်ကွယ်သွားခြင်း မရှိပေ။
သူ့မျက်ဝန်းများက ရုပ်ချင်းခွဲမရအောင်တူသည့် လူ (၃)ယောက်ကြား ရွေ့လျားလျက် ရှိသည်။
“ချန်နင် သေဆုံးသွားတဲ့အချိန်မှာ ဂိုဏ်းတူညီမလေး’စစ်ခုန်ချင်း’ တွေ့မြင်လိုက်ရတဲ့ မြင်ကွင်းတွေက ဒီအင်းသေင်္ကတတွေကိုအခြေခံပြီး အစီအစဉ်တကျ အပြည့်အဝဖော်ပြပေးတဲ့ မြင်ကွင်းပဲ ဖြစ်ရမယ် ၊ အချင်းချင်းပူးပေါင်းလုပ်ဆောင်တဲ့အခါ ဒီအချက်က အတူတူပါပဲ”
ရန်ကျောက်ကဲ တွေးလိုက်သည်။
“သူတို့လိုလူတွေက... လွန်ခဲ့တဲ့တစ်နှစ်က ဆုံးသွားတဲ့တစ်ယောက်နဲ့ဆိုရင် (၄)ယောက်ရှိတယ် ၊ ဒီလူတွေအကုန်လုံးက သက်တူရွယ်တူတွေဆိုတော့ ဒီကမ္ဘာမှာ တစ်ချိန်တည်းမွေးလာတဲ့လူတွေ ဖြစ်နိုင်တယ်”
ရန်ကျောက်ကဲမျက်ဝန်းများ တောက်ပသွားသည်။
“အစွန်းရောက်ရှစ်ပါးကမ္ဘာက လူဦးရေအရမ်းများတော့ သက်တူရွယ်တူ ရုပ်ရည်တူတဲ့ မိန်းကလေး ယောကျ်ားလေးတွေ အများကြီးရှိနေရင်တောင် ဘယ်သူမှအာရုံစိုက်မိမှာ မဟုတ်ဘူး ၊ သတိထားမိကြမှာလည်း မဟုတ်ဘူး”