အဖိုးတန်ဆုံး ရတနာ
Vol. 1 Ch. 120
ရုပ်တုကြီး၏ အလင်းများသည် ပို၍ပို၍ တောက်ပလာခဲ့ပြီး ကျန်းရီသည် ဆက်ကြည့် မနေနိုင်တော့ပေ။ သူသည် မျက်လုံးများကို လက်ဖြင့် ကာထားလိုက်ရသည်။ အလင်းများ ဖျော့သွားသည့် အခါမှသာ ရုပ်တုကို သူကြည့်မိလေသည်။ သူမြင်လိုက်ရသော အရာသည် သူ့အား အပြုံးပန်းကြီး ပွင့်ဖူးသွားစေလေသည်။
ရုပ်တုသည် ရုပ်တုအတိုင်း ရှိနေပြီး မည်သို့မှ ပြောင်းလဲ မသွားခဲ့ပေ။ တစ်ခုတည်းသော ကွာခြားချက်သည်ကား ရုပ်တုအနီးတွင် တံခါးတစ်ခု ရှိနေခြင်းပင်။ တံခါးသည် ပိတ်ထားသော်လည်း ကျန်းရီတွင် မျှော်လင့်ချက် ရှိလာပြီ ဖြစ်သည်။ သူသည် တံခါးကို အလျင်စလို မဖွင့်ဘဲ ဒဏ်ရာများကို ကုရန် တရား ထိုင်နေလိုက်သည်။ တံခါးနောက်တွင် မည်သည့် အန္တရာယ် စောင့်ကြိုနေမည်လဲ မသိနိုင်ရာ ကျန်းရီသည် သူ့ကိုယ်ကို အရင်ကောင်းအောင် လုပ်ရပေမည်။
ဒီတစ်ကြိမ်တွင် ကျန်းရီသည် လေးနာရီကြာ တရား ထိုင်လိုက်သည်။ သူ၏ မြေကမ္ဘာအဆင့် ဒဏ်ရာ ပျောက်ကင်းဆေးများ အားလုံး ကုန်သွားချိန်တွင် သူ့ကိုယ်၏ ရှစ်ဆယ် ရာခိုင်နှုန်းခန့်သည် ပြန်ကောင်းနေပြီ ဖြစ်သည်။
သူသည် တံခါးဆီသို့ တည်ငြိမ်စွာ လျှောက်သွားလိုက်သည်။ ထို့နောက် အံကြိတ်၍ တွန်းလိုက်လေသည်။ သို့သော်လည်း တံခါးသည် တစ်လက်မတောင် ရွေ့မသွားခဲ့ပေ။ ကျန်းရီသည် အတွင်းအားသုံး၍ တံခါးကြီးကို ရိုက်ချလိုက်ပြန်သည်။ တံခါးသည် ရွေ့တောင် မရွေ့ပေ။
"ဗုန်း"
ပေါက်ကွဲသံကြီးသည် ထွက်ပေါ်လာခဲ့သည်။ သို့သော် တံခါးသည် ရွေ့မည့် အရိပ်အယောင် မတွေ့ရပေ။ တံခါးသည် မည်သို့မှ မနေသည့်အပြင် ကျောက်စလေး တစ်စတောင် ပဲ့ကျ မလာခဲ့ချေ။
"အနက်ရောင် အတွင်းအား"
ကျန်းရီ၏ မျက်လုံးများသည် တောက်ပသွားခဲ့ပြီး သူသည် လက်ဆီ အနက်ရောင် အတွင်းအားကို ပို့ဆောင်ကာ တံခါးကို တွန်းကြည့်လိုက်သည်။ ထိုခဏတွင် အနက်ရောင် အတွင်းအားသည် တံခါးနှင့် ထိတွေ့သွားခဲ့ပြီး တံခါးသည် အလင်းများ တောက်ပလာကာ ပွင့်သွားလေတော့သည်။
"ဝှစ်"
ကျန်းရီသည် ရှေ့ဆက် တိုးသွားမည့်အစား ချက်ချင်း နောက်ပြန် ဆုတ်လိုက်သည်။ သူသည် စိတ်ဝိညာဉ်ပင် တုန်လှုပ်သွားစေသဘ့် ဖိအားတစ်မျိုးကို ခံစားလိုက်ရသည်။ တံခါးနောက်တွင် ဆရာသခင် တစ်ယောက် သို့မဟုတ် နတ်ဆိုး အရှင်တစ်ပါး ရှိနေသည့်အလားပင် ...
အရာရာသည် တိတ်ဆိတ်၍သာ နေသည်။ ကျန်းရီသည် တံခါးဆီ ခြေလှမ်းလိုက်ပြီး အတွင်းဘက်သို့ ကြည့်လိုက်ရာ နောက်ထပ် အခန်းတစ်ခုကို တွေ့လိုက်ရလေသည်။ သူဝ၏ လက်ရှိနေရာမှ ဆိုလျှင် ပန်းပုရုပ်တု အနည်းငယ်ကိုသာ မြင်ရလေသည်။
"ဘယ်သူက အဲဒီဖိအားကို လွှတ်လိုက်တာလဲ ... ဒီနေရာမှာ အသက်ရှိနေတဲ့ တစ်ယောက်ယောက်များ ရှိနေတာလား"
ကျန်းရီ၏ မျက်လုံးများသည် ကျဉ်းမြောင်း သွားခဲ့သည်။ သူသည် မည်သည့် သက်ရှိ၏ အငွေ့အသက်ကိုမှ မခံစားမိပေ။ သေပြီးသား လူတစ်ယောက်၏ အငွေ့အသက်ကိုသာ ခံစားမိလိုက်လေသည်။
"ငါသွားမယ်"
တစ်ခဏမျှ တွန့်ဆုတ်နေပြီးနောက် ကျန်းရီသည် အံကြိတ်၍ ကံစမ်းကြည့်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူဤ ခန်းမကျယ်ကြီးမှ မထွက်လျှင်လည်း သေဖို့ရန်သာ ရှိတော့သည်။ ဝင်သွားပြီးမှ သေမည်ဆိုလျှင်တော့ သူ့ကံတရားကို လက်ခံရပေမည်။
သူသည် တံခါးကို ကျော်ဖြတ်၍ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ သူသည် အခန်းတစ်ခုထံ ရောက်သွားခဲ့သည်။ သူထိုအခန်းထဲသို့ ရောက်သည်နှင့် သူ့နောက်ရှိ တံခါးသည် မည်သည့် အသံတစ်ချက်မှ မထွက်ပါဘဲ ပိတ်သွားခဲ့လေသည်။
"ဟမ်"
ကျန်းရီသည် အခန်းထဲသို့ ကြည့်လိုက်သောအခါ မျက်စိ ကျိန်းသွားရလေသည်။ သူ့မျက်လုံးတွင် ရတနာများစွာ အဖိုးတန် ပစ္စည်းများစွာတို့က ရောင်ပြန်ဟပ် နေလေသည်။ နေရာတိုင်းသည် အလင်းရောင်များ တောက်ပနေပြီး ကျန်းရီသည် ကမ္ဘာ့အကြီးဆုံး ရတနာသိုက်ကြီးထဲသို့ ရောက်သွားသည့် အလားပင်။
သို့သော် ကျန်းရီ၏ မျက်လုံးများသည် ရတနာများထံတွင်သာ ရပ်တန့် မနေခဲ့ပါချေ။ သူသည် ရှေ့တည့်တည့်ရှိ ကျောက်စိမ်းဖြူ ခုတင်ကို ကြည့်လိုက်မိသောအခါ ထိတ်လန့် သွားရလေသည်။ အိပ်ရာထဲတွင် လူတစ်ယောက်သည် ကြောက်စရာ အရှိန်အဝါများကို ထုတ်လွှတ်၍ တရားထိုင်နေလေသည်။
တစ်ခုခုတော့ မှားနေတယ် ကျန်းရီသည် အနီးသို့ တိုးကပ်၍ ကြည့်လိုက်သောအခါ မှားနေသော တစ်ခုခုကို သိရှိသွားခဲ့လေသည်။ ထိုလူသည် ကျန်းရီကို နောက်ကျောပေး၍ တရားထိုင်နေခဲ့ပြီး အဝါရောင် တောက်တောက် ဝတ်စုံကို ဝတ်ဆင်ထားသည်။ ကျန်းရီသည် ထိုသူ၏ အင်္ကျီလက်မှ ပေါ်နေသော လက်များကို မြင်လိုက်ရပေသည်။ ထိုလက်များသည် အရိုးများ ဖြစ်နေပေသည်။ ထိုလူသည် သေပြီးသား ဖြစ်ဟန်ရပြီး လေတိုက်စား၍ အရိုးများ ဖြစ်သွားဟန် တူလေသည်။
ကျန်းရီသည် အသက်ပြင်းပြင်း ရှူလိုက်သည်။ အရိုးစု ဖြစ်သွားတောင် ဒီလို အရှိန်အဝါမျိုး ထုတ်လွှင့်နေနိုင်သေးတယ် သေပြီးတဲ့ အရှင်တစ်ပါး ... ခန်းမကြီး ... တားမြစ်ချက်တွေ ... ရုပ်တုတစ်ခု ကျန်းရီ၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး တစ်ခုခုကို ခန့်မှန်း မိလိုက်သည်။ သူသည် ယခု ရောက်နေသော နေရာနှင့် သူ့ရှေ့ရှိလူကို သိသွားပြီထင်သည်။ နဂါးတစ်သောင်း တောင်ကြားက ကောင်းကင်ဧကရာဇ် သူသည် ကောင်းကင် ဧကရာဇ်၏ အုတ်ဂူအတွင်းသို့ ပို့ဆောင်ခြင်း ခံလိုက်ရသည်။ ၎င်းသည် ကောင်းကင် အလယ်တွင် ရုတ်တရက် ပေါ်လာခဲ့သော ရွှေရောင် စေတီကြီးထဲသို့ သူရောက်နေခြင်းဟု အဓိပ္ပာယ်ရသည် မဟုတ်ပါလော။
ဘာလို့များ ထောင်ချောက်ကနေ တည်နေရာ ရွှေ့ပြောင်းပို့ဆောင်ခြင်း အစီအရင် ဖြစ်သွားပြီး ကောင်းကင် ဧကရာဇ်ရဲ့ အုတ်ဂူအစစ်ဆီ သူ့ကို ပို့လိုက်တာလဲ ကျန်းရီသည် အဖြေကို ရှာနိုင်စွမ်း မရှိပေ။ သို့သော် ယခုတွင် သူအတော်လေး စိတ်သက်သာရာ ရသွားပြီ ဖြစ်သည်။ အနည်းဆုံးတော့ သူဘေးကင်းနေပြီး ရတနာသိုက်ကြီးထဲ ရောက်နေသည် မဟုတ်ပါလား။
ကျန်းရီသည် ခဏရပ် နေလိုက်သည်။ သူသည် ရတနာများကို သွား၍ မထိသေးဘဲ အရင် အရိုအသေ ပေးလိုက်သည်။ အိပ်ရာပေါ်ရှိ အရိုးစုကို သုံးကြိမ်တိတိ အရိုအသေပေးပြီး နောက်တွင် သူပြောလိုက်သည်။
"စီနီယာ ... ကျွန်တော်က ကျန်းရီပါ ... စီနီယာကို နှောင့်ယှက်မိဖို့ မရည်ရွယ်ပါဘူး ... ကျွန်တော့်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ် "
ကျန်းရီသည် အရိုးစုကို ကြည့်နေရာမှ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ ဤနေရာသည် ကောင်းကင် ဧကရာဇ်၏ အိပ်ခန်းဖြစ်ဟန် တူလေသည်။ ရတနာ အမျိုးအစားများစွာကို နံရံပေါ်တွင် ချိတ်ဆွဲထားသည်။ ရှေးဟောင်း ဓားကြီးများ၊ တောက်ပ သန့်စင်လွန်းသော ကျောက်စိမ်းများ၊ ကျောက်စိမ်းဖြင့် လုပ်ထားသော ရှေးဟောင်း ဗျပ်စောင်း၊ တောက်ပနေသော တစ်ဖက်သွားဓားရှည် ... ကျန်းရီသည် ရေပင် မရေတွက်နိုင်တော့ချေ။ အနည်းဆုံး ပစ္စည်းပေါင်း တစ်ရာကျော်ခန့် ရှိပေလိမ့်မည်။
"ဒါတွေက နတ်ဘုရားအဆင့် လက်နက်တွေလား ... ကောင်းကင် အဆင့်တွေလား ... ဒဏ္ဍာရီလာ လက်နက်တွေများလား"
ကျန်းရီ၏ စိတ်အစုံသည် တစ်ဖျပ်ဖျပ် ခုန်နေခဲ့သည်။ နဂါးတစ်သောင်း တောင်ကြား ကောင်းကင်ဧကရာဇ်သည် လွန်ခဲ့သော နှစ်ပေါင်း သောင်းချီက တည်ရှိခဲ့သော ပြိုင်ဘက်ကင်း အရှင်သခင် တစ်ပါး ဖြစ်သည်။ သူသည် နယ်မြေ တစ်ခုလုံး၏ ရတနာများစွာကို စုဆောင်း သိမ်းဆည်းခဲ့သည်။ ကျန်းရီသည် ကောင်းကင် ဧကရာဇ်၏ အိပ်ခန်းထဲတွင် ရောက်နေသည်။ အိပ်ခန်းထဲတွင်တောင် ထားရသော ရတနာများသည် အဖိုးတန်ဆုံးသော ရတနာများ ဖြစ်ပေလိမ့်မည်။
လူတိုင်းသည် ရတနာများကို ချစ်ပေသည်။ ကျန်းရီသည် အန္တရာယ် ရှိမရှိ မသေချာသော်လည်း သူ့စိတ်ထဲမှ ဆန္ဒကို မထိန်းနိုင်တော့ပေ။ သူသည် စားပွဲတစ်ခုစီလျှောက်သွားလိုက်သောအခါ အစိမ်းရောင် ဓားတစ်ချောင်းကို တွေ့လိုက်ရလေသည်။ တစ်ချက် ကြည့်လိုက်ရုံနှင့် ထိုဓားသည် သာမန် မဟုတ်မှန်း သူသိလိုက်သည်။
သူသည် စားပွဲဘေးသို့ ရောက်သောအခါ အနက်ရောင် အတွင်းအားသုံး၍ အမြင်အာရုံကို တိုးမြှင့်လိုက်သည်။ ထို့နောက် အန္တရာယ် ရှိမရှိသေချာ စစ်ဆေးလိုက်သည်။ စိတ်ချရသည်ဟု ထင်ရသောအခါ သူသည် လက်ကို ဆန့်ထုတ်လိုက်တော့သည်။
ငါအဆင်ပြေတယ် ကျန်းရီသည် ဓားကို ထိသွားသောအခါတွင် မည်သို့မှ ဖြစ်မလာသောကြောင့် စိတ်သက်သာရာ ရသွားခဲ့သည်။ ထို့နောက် သူသည် ဓားကို စိတ်ချ လက်ချ ဆွဲယူလိုက်သောအခါ ဆွံ့အသွားရလေသည်။ သူသည် ယခု သဏ္ဌာန်သုံးဆင့် အသွင်ပြောင်းခြင်း ဆဋ္ဌမအဆင့်သို့ ရောက်နေပြီ ဖြစ်သည်။ သူသည် လက်တစ်ဖက်တည်းနှင့် ကီလိုဂရမ် ၃၅၀လောက် အလေးချိန်ကို မနိုင်နေပြီ ဖြစ်သည်။ သို့သော် ... ဤဓားအား အမှန် မ မနိုင် ဖြစ်နေခဲ့သည်။
ကျန်းရီသည် အတွင်းအားသုံး၍ ဆွဲယူလိုက်ပြန်သည်။ ဓားသည် တစ်လက်မလေးတောင် ရွေ့မသွားခဲ့ပေ။ ဒီဓားမှာရော တားမြစ်ထားတဲ့ စည်း ရှိနေပြန်ပြီလား ကောင်းပြီလေ ... အနက်ရောင် အတွင်းအား ကျန်းရီသည် အနက်ရောင် အတွင်းအား တစ်မျှင်ကို လက်ဆီ ပို့လိုက်ကာ ဓားကို ဆွဲယူ လိုက်ပြန်သည်။ သို့သော် ဓားသည် စားပွဲတွင် ခိုင်မြဲစွာ ကပ်နေခဲ့သည်။
ဒီကျောက်စိမ်း ဗျပ်စောင်းကို စမ်းကြည့်တာပေါ့ ကျန်းရီသည် လှည့်၍ နံရံတွင် ချိတ်ဆွဲထားသော ကျောက်းစိမ်း ဗျပ်စောင်းကို ကြည့်လိုက်သည်။ သူသည် လက်နှစ်ဖက်လုံးကို သုံး၍ ဗျပ်စောင်းကို ဆွဲယူလိုက်သည်။ အလားတူပင် ဗျပ်စောင်းသည်လည်း ကျောက်နံရံ၏ တစ်စိတ်တစ်ပိုင်း ဖြစ်နေသည့်အလား ...
"သေစမ်း"
ကျန်းရီသည် ဒေါသထွက်လာပေပြီ။ သူသည် ဗျပ်စောင်းကို အတွင်းအားသုံး၍ ရိုက်ချလိုက်သည်။
ဗျပ်စောင်းသည် အလင်းရောင်များ တောက်ပလာပြီး ကျန်းရီအား အားတစ်ခုဖြင့် လွင့်ထွက် သွားစေလေသည်။ ဗျပ်စောင်း၏ အလင်းများ ဖျော့သွားသောအခါ ကျန်းရီသည် ပြေးသွား၍ ဖြုတ်ကြည့်လိုက်သည်။ ဗျပ်စောင်းသည် လှုပ်တောင် မလှုပ်ပေ။
"တခြားဟာတွေ စမ်းကြည့်တာပေါ့"
ကျန်းရီသည် သူ့ကံဆိုးမှုကို ယုံပင်မယုံနိုင်ပေ။ သူသည် ရတနာသိုက် အတွင်းသို့ ရောက်လာပြီး မည်သည့် ရတနာကိုမှ ရွေ့အောင်မလုပ်နိုင် ဟူသည့် စိတ်ပျက်စရာ ရလဒ်ကြီးသာ ထွက်လာလေသည်။
စိတ်ပျက်လက်ပျက် ဖြစ်နေသော ကျန်းရီသည် ရုတ်တရက် တစ်ခုခုကို တွေးမိသွားခဲ့သည်။ သူသည် ဤအခန်းထဲရှိ အရိုးစုနှင့် ရတနာများ အပေါ်တွင်သာ အာရုံ ရောက်နေပြီး အရေးအကြီးဆုံး တစ်ခုကို မေ့နေခဲ့သည်။
ဤအခန်းသည်လည်း ဘေးရှိ အခန်းကျယ်ကြီးအလား ထွက်ပေါက် လုံးဝမရှိပေ။ သူသည် အကျဉ်းထောင် တစ်ခုမှ လွတ်ကာ နောက်အကျဉ်းထောင် တစ်ခုထဲသို့ ရောက်သွားသော်လည်း ရတနာများ အကြောင်းကိုသာ တွေးတောနေခဲ့သည်။ သူသာ ဤနေရာမှ မလွတ်မြောက်နိုင်လျှင် ရတနာများကို ရတော့ရော မည်သို့ သုံးမည်နည်း။
***