ဧကရာဇ်ရွှမ်ဟွမ်၏ ပုံရိပ်....
Vol. 50 Ch. 739
" အင်မော်တယ်ကမ္ဘာရဲ့ သိုင်းတာအိုက ဘာပြဿနာမှမရှိဘူး။ " လင်းယွမ်က ကျယ်ပြောသော အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး အင်မော်တယ်ကမ္ဘာ၏ အခြေအနေများကို ခံစားလိုက်သည်။
" ပြန်ဖို့အချိန်ကျပြီ။ " လင်းယွမ်က ရှေးဟောင်းအော်ရာများ ထုတ်လွှတ်နေသော ခေါင်းလောင်းလက်နက်တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းက ယွမ်ရှန်းကျင်းပင်ဖြစ်၏။ လင်းယွမ် အချိန်အတော်ကြာ ပျိုးထောင်ခဲ့သော ယွမ်ရှန်းကျင်းက ယခု အလွှာဆယ့်တစ် အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။
" ဒီခန္ဓာကိုယ်ရဲ့ စွမ်းအားအားလုံးကို မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ယွမ်ရှန်းကျင်းထဲ ပေါင်းထည့်လိုက်မယ်ဆိုရင် အလွှယ်ဆယ့်နှစ်ကို မရောက်နိုင်ပေမယ့် နီးစပ်သွားလောက်တယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။
" စတာပေါ့။ " လင်းယွမ်၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများက တဖြည်းဖြည်း ပြိုကွဲလာသည်။
လက်ရှိခန္ဓာကိုယ်၏ စွမ်းအားဖြင့် ပင်မစကြာဝဠာသို့ ပြန်လည်ခေါ်ဆောင်ခဲ့လျှင် ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအားများစွာ လိုအပ်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းအား ယွမ်ရှန်းကျင်းကို အားဖြည့်ပေးရန်သာ ဆုံးဖြတ်လိုက်သည်။
တစ်နှစ်ကြာပြီးသောအခါ လင်းယွမ်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က အခြေခံအကျဆုံး မူလစွမ်းအားအဖြစ် ပြောင်းလဲပြီး ခေါင်းလောင်းလက်နက်ထဲသို့ ပေါင်းစည်းသွားခဲ့သည်။
ထိုခဏတွင် လင်းယွမ်၏ စိတ်အသိက ခမ်းနားသော အနန္တကမ္ဘာများ၏ ဂိတ်တံခါးထဲသို့ ဝင်ရောက်သွားခဲ့သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။
လင်းယွမ်က မျက်လုံးများ ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
" ပြန်ရောက်လာပြီ။ " လင်းယွမ်က ပတ်ဝန်းကျင်သို့ ကြည့်ပြီး သက်ပြင်းချလိုက်သည်။
မဟာစစ်မြေပြင်မှ ပြန်လာပြီးနောက် သူ၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်ရောက်ခဲ့သည်။ ထိုနေရာက သူ့အတွက် လုံခြုံပြီး အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များပင် ရှာဖွေနိုင်မည်မဟုတ်ပေ။
လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့် ကြီးမြတ်သူများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တည်နေရာကို ရှာဖွေရန်မပြောနှင့် စကြာဝဠာထဲသို့ ဝင်ရောက်ရန်ပင် ခက်ခဲသည်။
ထို့အပြင် စကြာဝဠာခေတ်တစ်ခုတည်းနှင့် လွှမ်းမိုးခြင်းအဆင့်သို့ တက်လှမ်းရန် ကောင်းကင်ကို တက်သကဲ့သို့ ခက်ခဲသည်။ ထိုသို့သော တည်ရှိမှုတစ်ခုကို မွေးဖွားရန် စကြာဝဠာခေတ် ဘယ်နှစ်ခုလိုအပ်လဲ ဘယ်သူမှမသိနိုင်ပေ။
ဖရိုဖရဲအထွတ်အထိပ် အဆင့်ရှိသော ဧကရာဇ်ရွှမ်ဟွမ်က သူ၏ အမွေခံနယ်မြေကို စကြာဝဠာအတွင်း ထားရှိခဲ့သည်မှာ လုံးဝ ဘေးကင်းသည်ဟု ယူဆသောကြောင့် ဖြစ်သည်။
လင်းယွမ်၏ မူလခန္ဓာကိုယ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် နေခဲ့သောကြောင့် အခြားအထွတ်အထိပ် မျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အန္တရာယ်ကို ကာကွယ်နိုင်ပေလိမ့်မည်။
မဟာစစ်မြေပြင်တွင် လင်းယွမ်၏ စွမ်းဆောင်ရည်က အလွန်ထူးခြားခဲ့သည်။ သူတစ်ယောက်တည်းနှင့် အခြားအထွတ်အထိပ် မျိုးနွယ်များမှ အင်အားကြီးသူများအားလုံးကို ရှင်းလင်းပစ်ခဲ့သည်။
အထွတ်အထိပ်မျိုးနွယ်စု ဆယ့်တစ်ခုမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူတို့၏ မာနကို ဘေးဖယ်ပြီး သူ့ကို လျို့ဝှက်လုပ်ကြံနိုင်သည်။ သို့သော် လူသားမျိုးနွယ်မှ ကြီးမြတ်သူများကလည်း ထိုဖြစ်နိုင်ခြေကို သေချာပေါက် ကာကွယ်ထားကြပေလိမ့်မည်။
မည်သို့ပင်ဖြစ်စေ လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း အလုံခြုံဆုံးဟု ခံစားရသည်။
" အချိန်လေဟာနယ်ကို ဒီလိုအသုံးပြုလို့လည်း ရတာလား။ အံ့ဩစရာပဲ အံ့ဩစရာပဲ။ " လင်းယွမ်၏ အကြည့်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေပေါ်သို့ ကျရောက်သွားသည်။
အချိန်လေဟာနယ်ကို သတ္တမအဆင့်ထိ နားလည်သွားပြီးနောက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက လင်းယွမ်၏ အမြင်တွင် ကွဲပြားသွားခဲ့သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ပါဝင်သော စွမ်းအားက မကြီးမားသော်လည်း ၎င်း၏ နက်ရှိုင်းမှုက ဖရိုဖရဲအဆင့်တွင် တည်ရှိသည်။
" ဖရိုဖရဲ...." လင်းယွမ်က ပို၍ နက်ရှိုင်းစွာ လေ့လာသည်နှင့် ဖရိုဖရဲစွမ်းအားကို ရှာဖွေတွေ့ရှိလာသည်။
လင်းယွမ်၏ မျက်လုံးများထဲတွင် နိယာမပေါင်းများစွာက လည်ပတ်လာပြီး ဖရိုဖရဲနိယာမက သူ၏ ခန္ဓာကိုယ်ကို ဖြတ်သန်းစီးဆင်းလာသည်။ အင်မော်တယ်ကမ္ဘာတွင် မွေးဖွားခဲ့သော ဖရိုဖရဲနိယာမက ပင်မစကြာဝဠာသို့ ပြန်ရောက်သောအခါ ချက်ချင်း ကျွမ်းကျင်သွားခဲ့သည်။
ဝုန်း....
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးက စတင်တုန်ခါလာသည်။ လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အနက်ရှိုင်းဆုံးမှ ဖရိုဖရဲစွမ်းအား အကြွင်းအကျန်ကို ဆွဲဆောင်ခဲ့ပြီး အလွန်ရှေးကျသော အတိတ်မြင်ကွင်းကို မှုန်ဝါးစွာ မြင်တွေ့ခဲ့ရသည်။
ကျယ်ပြောသော ဖရိုဖရဲဟင်းလင်းပြင်တွင် ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသော ပုံရိပ်တစ်ခု ရပ်နေပြီး သူ၏ ဆံပင်များက နောက်သို့ လွင့်မျောနေသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ဖရိုဖရဲစွမ်းအားမျှင် ၃၃၃၃၃ခုက ကြီးမားသော ဟင်းလင်းပြင်ထဲသို့ ပို့လွှတ်လိုက်သည်။ ထိုဖရိုဖရဲစွမ်းအားများက စကြာဝဠာ ၃၃၃၃၃ခုသို့ ပေါင်းစည်းသွားပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဖွဲ့စည်းသွားသည်။
" အဲ့ဒါ ဧကရာဇ်ရွှမ်ဟွမ်လား။ " လင်းယွမ်က ထိတ်လန့်သွားသည်။ သူက ဧကရာဇ်ရွှမ်ဟွမ်ကို မမြင်ဖူးသော်လည်း ထိုထွားကျိုင်းသော ပုံရိပ်က ဧကရာဇ်ရွှမ်ဟွမ်ဖြစ်သည်ကို ယုံကြည်နေသည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဒီလိုဖြစ်ပေါ်လာတာလား။ ဧကရာဇ်ရွှမ်ဟွမ်က တစ်ခုချင်းမဖန်တီးဘဲ အားလုံးကို တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့တာလား။ " လင်းယွမ်က တွေးလိုက်သည်။
သူက ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်ကို ဆက်ခံချိန်ကလည်း နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခု..." လင်းယွမ်က နားလည်သွားသည်။
ဖရိုဖရဲနိယာမကို အသုံးပြုခြင်းဖြင့် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မူလရင်းမြစ်နှင့် ခဏချိတ်ဆက်သွားပြီး ထိုမြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။
" ငါအခု လျို့ဝှက်နယ်မြေကို လုံးဝ ထိန်းချုပ်နိုင်သွားပြီလား။ "
လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဖန်တီးသူမဟုတ်ဘဲ သခင်အသစ်အနေဖြင့် လျို့ဝှက်နယ်မြေကို ထိန်းချုပ်ရာတွင် အနည်းငယ် လိုအပ်နေဆဲ ဖြစ်သည်။ သို့သော် ယခု ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မူလရင်းမြစ်နှင့် ဆက်သွယ်ပြီးနောက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်သွားခဲ့သည်။
" ဘာ ဘာဖြစ်တာလဲ။ " ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အမြင့်တစ်နေရာတွင် လက်ခြောက်ဖက်နှင့်ပုံရိပ်က လျို့ဝှက်နယ်မြေ၏ အပြောင်းအလဲများကို ထိတ်လန့်စွာ ကြည့်နေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်ဝိညာဉ်အနေဖြင့် သူက လျို့ဝှက်နယ်မြေ၏ အသေးစိတ်တိုင်းကို လုံးဝ ထိန်းချုပ်နိုင်သည်။ ထိုအချိန်တွင် သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တုန်ခါမှုနှင့် ဖရိုဖရဲမူလရင်းမြစ်၏ ဆွဲအားကိုလည်း မြင်တွေ့လိုက်ရသည်။
" လျို့ဝှက်နယ်မြေရဲ့ ဖရိုဖရဲမူလရင်းမြစ်..." လက်ခြောက်ဖက်နှင့် ပုံရိပ်က မယုံကြည်နိုင်ဖြစ်သွားသည်။ ဖရိုဖရဲမူလရင်းမြစ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အခြေခံဖြစ်ပြီး ဧကရာဇ်ရွှမ်ဟွမ်ချန်ထားခဲ့သော စွမ်းအားလည်း ဖြစ်သည်။
ဧကရာဇ်ရွှမ်ဟွမ်က စကြာဝဠာ၏ စုပ်ယူမှုကို ဖြတ်တောက်ခဲ့သော်လည်း စွမ်းအားအဆင့်မှာ ရှင်းလင်းနေသည်။ လျို့ဝှက်နယ်မြေ၏ ဖရိုဖရဲမူလရင်းမြစ်ကို ဆွဲဆောင်ရန် ပထမဆုံး ဖရိုဖရဲနိယာမကို နားလည်ရမည်ဖြစ်ပြီး ၎င်းကို လွှမ်းမိုးခြင်းအဆင့်များပင် မအောင်မြင်နိုင်ပေ။
" ဖရိုဖရဲနိယာမ.... သခင်က ဖရိုဖရဲနိယာမကို နားလည်သွားတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က စိတ်ရှုပ်ထွေးသွားသည်။
ဖရိုဖရဲနိယာမကို နားလည်ရုံနှင့် လျို့ဝှက်နယ်မြေ၏ ဖရိုဖရဲမူလရင်းမြစ်ကို ဆွဲဆောင်ရန် မလုံလောက်သေးဘဲ လျို့ဝှက်နယ်မြေ၏ သခင်ဖြစ်ရန်လည်း လိုအပ်သည်။ ဆိုလိုသည်မှာ လက်ရှိအပြောင်းအလဲများက ဖရိုဖရဲနိယာမကို နားလည်သွားသော လင်းယွမ်မှ စတင်ခဲ့ခြင်းဖြစ်သည်။
"သခင်က အလွှာဆယ့်နှစ်ကိုတောင် မတက်လှမ်းရသေးဘူး မဟုတ်လား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခက်ခဲစွာ စဉ်းစားလိုက်သည်။
အလွှာဆယ့်နှစ်သို့ မရောက်သေးဘဲ ဖရိုဖရဲနိယာမကို နားလည်သွားခြင်း။ ရွှမ်ဟွမ်မျိုးနွယ်၏ ခေတ်အဆက်ဆက်မှာပင် ထိုကဲ့သို့ ပါရမီရှင်မျိုးကို မမြင်တွေ့ဖူးခဲ့ပေ။ ရှေးဟောင်းမှတ်တမ်းများတွင်သာ ကြားဖူးပြီး တကယ်ရှိမရှိ မသိနိုင်ပေ။ သို့သော် ယခု ထိုသို့သော ပါရမီရှင်က သူ၏ ရှေ့တွင် ထွက်ပေါ်လာသည်။
" သခင်..." လင်းယွမ်နှင့် မလှမ်းမကမ်းတွင် လက်ခြောက်ဖက်နှင့် ပုံရိပ်ပေါ်လာသည်။ သူက ဖရိုဖရဲအော်ရာ လည်ပတ်နေသော လင်းယွမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။
" အင်း " လင်းယွမ်က လက်ခြောက်ဖက်နှင့် ပုံရိပ်ကို ကြည့်လိုက်သည်။
" သခင်က ဖရိုဖရဲနိယာမကို နားလည်သွားတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သေချာနေသော်လည်း မနေနိုင်ဘဲ မေးလိုက်သည်။
" ကံကောင်းလို့ ငါနားလည်သွားခဲ့တယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
အမှန်တွင် ဖရိုဖရဲနိယာမက တိုက်ရိုက်နားလည်နိုင်သောအရာ မဟုတ်ပေ။ ၎င်းက နိယာမပေါင်းများစွာမှ ပေါက်ဖွားလာခြင်းဖြစိသည်။ အနည်းဆုံးတော့ ၎င်းက လင်းယွမ်လျှောက်ခဲ့သော လမ်းကြောင်းဖြစ်သည်။
" တကယ်နားလည်သွားတာပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က စိတ်ထဲတွင် မငြိမ်မသက်ဖြစ်လာသည်။
လက်ခြောက်ဖက်နှင့်ပုံရိပ်ကို ပြန်လွှတ်ပြီးနောက် လင်းယွမ်က သူ၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲများကို လေ့လာလိုက်သည်။ အင်မော်တယ်ကမ္ဘာတွင် ဖရိုဖရဲနိယာမကို နားလည်ခဲ့စဉ် လင်းယွမ်၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်၊ စိတ်စွမ်းအားနှင့် အတွင်းကမ္ဘာတို့က တိုးတက်မှုများ ရှိခဲ့သည်။
ယခုပင်မစကြာဝဠာသို့ ပြန်ရောက်သောအခါ လင်းယွမ်က သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းကမ္ဘာတို့၏ ပြောင်းလဲမှုများကို သတိပြုမိခဲ့သည်။ အထူးခြားဆုံးမှာ အတွင်းကမ္ဘာဖြစ်သည်။
လင်းယွမ်က အလွှာဆယ့်တစ်သို့ တက်လှမ်းပြီး ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို ခံယူပြီးချိန်တွင် အတွင်းကမ္ဘာက မိုင်ကိုးရာဘီလီယံသို့ ရောက်ရှိခဲ့သည်။ ယခုအခါ အတွင်းကမ္ဘာက နစ်မြှုပ်နေသော ဖရိုဖရဲဟင်းလင်းပြင် မူလစွမ်းအားများကို စုပ်ယူပြီး ရူးသွပ်စွာ ချဲထွင်လာခဲ့သည်။
အသက်ဆယ်ကြိမ်ရှူစာအတွင်း အတွင်းကမ္ဘာက မိုင် ကိုးထရီလီယံအထိ ချဲထွင်သွားသည်။ နောက်ထပ်ဆယ်ကြိမ်ရှူစာအတွင်း မိုင် နှစ်ဆယ်ထရီလီယံ။ နောက်တစ်ကြိမ်တွင် မိုင်ငါးဆယ်ထရီလီယံ။ ထိုအချိန်တွင် အတွင်းကမ္ဘာ၏ ချဲ့ထွင်မှုက တဖြည်းဖြည်း နှေးကွေးလာခဲ့သည်။