အမည်မဲ့ကျင့်စဉ်၏ ဒုတိယပိုင်း
Vol. 1 Ch. 121
ကျန်းရီသည် ခေါင်းခါလိုက်ကာ စိတ်ငြိမ်အောင် ထားလိုက်သည်။ သူသည် ထိုရတနာများကို ထပ်မံမကြည့်တော့ပေ။ သူသည် အခန်းအနှံ့ကို လျှောက်ကြည့်၍သာ ထွက်ပေါက် ရှာနေလိုက်သည်။ ခန်းမကျယ်ကြီးနှင့် တူညီစွာ ဤအခန်းတွင်လည်း ပြတင်းပေါက်များ၊ တံခါးများ ရှိမနေပေ။
ကျန်းရီသည် အခန်းအတွင်း နှစ်နာရီကျော် ကြာအောင် မရပ်မနား လမ်းလျှောက် ရှာဖွေ နေပါသော်လည်း ထွက်ပေါက်၏ အရိပ်အယောင်တောင် မမြင်ရပေ။ ဒီတစ်ကြိမ်တွင်လည်း သူကံမကောင်းသည်မှာ အသေအချာ ...
"ကောင်းကင် ဧကရာဇ်"
သူသည် ကျောက်စိမ်း ခုတင်ပေါ်တွင် ထိုင်လျက်အနေအထားဖြင့် ရှိနေသော ကောင်းကင် ဧကရာဇ်၏ အရိုးစုကို ကြည့်လိုက်သည်။ သူသည် ခန်းမကြီး တစ်ခုလုံးတွင် မရှာဖွေရသေးသည်မှာ ထိုအိပ်ရာ တစ်ခုသာ ကျန်တော့သည်။
"စီနီယာ ... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ ... "
ကျန်းရီသည် အရိုးစုမှ ထွက်ပေါ်နေသော ဖိအားများကို တောင့်ခံ၍ ကျောက်စိမ်း ခုတင်ရှိရာ သွားလိုက်သည်။ သူ့မျက်လုံးများသည် အိပ်ရာ၏ နေရာလပ်မကျန် သေချာ ကြည့်ရှုနေလေသည်။
ဒီအဝါရောင် ဝတ်စုံကလည်း ရတနာတစ်ခုပဲ ဖြစ်ရမယ် ... အလောင်းက အရိုးစု ဖြစ်သွားတာတောင် ဝတ်စုံက အကောင်းအတိုင်း ကျန်နေခဲ့ပြီး ဟောင်းနွမ်းလည်း မသွားဘူး ...
ကျန်းရီသည် အဝါရောင် ဝတ်စုံကို ကြည့်ရင်း တွေးတော နေခဲ့သည်။ သူသည် အကြွင်း အကျန်များကိုတော့ အရိုအသေမဲ့ အပြုအမူများ မလုပ်ရဲပေ။ ထို့ပြင် ဤဝတ်စုံသည် နယ်မြေကို အစိုးရသူများသာ ဝတ်ဆင်လေ့ရှိသော တော်ဝင်ဝတ်ရုံများနှင့် ဆင်တူလေသည်။ သူ့ကို လက်ဆောင် ပေးလာလျှင်တောင် သူဝတ်ရဲမည် မဟုတ်ပေ။
"အာ"
ရုတ်တရက် ကျန်းရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ အရိုး၏ အောက်တွင် ကျောက်စိမ်းဖြူ ပုလင်း တစ်လုံးနှင့် ကျောက်စိမ်း သေတ္တာလေး တစ်ခုကို သူတွေ့လိုက်ရသည်။ ထိုပစ္စည်းများသည် ကောင်းကင် ဧကရာဇ်၏ ကိုယ်ပေါ်မှ ဖြစ်သည်။ အရိုးစုတစ်ခု ဖြစ်သွားပြီးနောက် ပုလင်းနှင့် ကျောက်စိမ်း သေတ္တာတို့သည် အိပ်ရာပေါ်သို့ ကျသွားခဲ့ဟန် တူလေသည်။
"ဒါက သူ့ကိုယ်ပေါ်က ဟာတွေ ဖြစ်နေမှတော့ ဘာအတားအဆီး အစီအရင်မှတော့ မရှိလောက်ဘူးမလား"
ကျန်းရီသည် စိတ်လှုပ်ရှားနေခဲ့သည်။ အရှင်သခင် တစ်ယောက် ပိုင်ဆိုင်သော ဆေးများသည် သာမန် ဆေးလုံးများ မဖြစ်နိုင်ပေ။ အနည်းဆုံး ကောင်းကင်အဆင့် သို့မဟုတ် နတ်ဘုရားအဆင့်တောင် ဖြစ်နိုင်သေးသည်။ ဤကျောက်စိမ်း သေတ္တာနှင့် ပုလင်းမှ တစ်ပါး ကျန်ရတနာများသည် အိပ်ခန်းထဲတွင် ရှိသည်။ ဤပစ္စည်းနှစ်ခုသည် သူ့ကိုယ်ပေါ်တွင် ဆောင်ထားရာ အရာရာထက် ပို၍ အဖိုးတန် ပေလိမ့်မည်။
"ငါကြိုးစားကြည့်တာပေါ့"
ကျန်းရီသည် အံကြိတ်၍ လက်ကို လျှပ်စီးအလျင်နှင့် ဆန့်ထုတ်ကာ သေတ္တာနှင့် ပုလင်းအား ဆွဲယူလိုက်လေသည်။ နောက်ဆုံးတော့ သူကံကောင်းသွားလေပြီ။ သေတ္တာနှင့် ပုလင်းတွင် မည်သည့် အစီအရင်မှ ရှိမနေဘဲ သူ့လက်ထဲသို့ အလွယ်တကူ ပါလာခဲ့သည်။
"ဝှစ်"
ကျန်းရီသည် အလျင်အမြန် နောက်ပြန်ဆုတ်ကာ အခန်းထောင့်တွင် ထိုင်ချလိုက်သည်။ ထို့နောက်တွင်တော့ ကျောက်စိမ်းပုလင်းနှင့် သေတ္တာလေးကို စိတ်လှုပ်ရှားစွာ ကိုင်ကာ ထပ်ကာထပ်ကာ ကြည့်နေလေတော့သည်။
"ဒါတွေက လုံးဝ အဖိုးတန်မဲ့ ဟာတွေပဲ"
ကျန်းရီသည် အထဲကို မကြည့်ပါဘဲနှင့်တောင် အဖိုးတန်ပစ္စည်းများ ပါကြောင်း သေချာ သိနေလေသည်။ ကျောက်စိမ်းပုလင်းသည် တောက်ပနေပြီး အရည်လဲ့နေလေသည်။ ကျောက်စိမ်း သေတ္တာသည်မူ ထူးဆန်းသည့် သင်္ကေတများဖြင့် ထွင်းထု တန်ဆာ ဆင်ထားလေသည်။
"အထဲမှာ ဘာရှိလဲ ကြည့်ရအောင်"
ကျန်းရီသည် ပုလင်းအဖုံးကို အားထည့်၍ ဆွဲဖွင့်လိုက်သည်။ ပုလင်းအဖုံး ပွင့်သွားသည်နှင့် သူ့တစ်ကိုယ်လုံး ဆတ်ခနဲ တုန်သွားတော့သည်။ ပုလင်းထဲမှ အမွှေးရနံ့ တစ်ခုသည် သင်းပျံ့လာခဲ့သည်။ အမွှေးနံ့သည် ကျန်းရီအား ခေါင်းစ ခြေဆုံး သက်သောင့်သက်သာ ဖြစ်သွားစေလေသည်။
"ပစ္စည်းကောင်းပဲ"
ကျန်းရီသည် ပုလင်းအတွင်းသို့ အမြန် ငုံ့ကြည့်လိုက်ရာ ရွှေရောင် တောက်နေသော ဆေးလုံးနှစ်လုံးကို တွေ့လိုက်ရသည်။ ဆေးလုံးများ၏ အဆင့်အတန်းအား မေးခွန်းထုတ်ရန် မလိုပေ။ အနည်းဆုံး ကောင်းကင်အဆင့် ဆိုသည်မှာ သေချာနေသည်။ ကျန်းရီတွင် မြေကမ္ဘာအဆင့် ဆေးလုံးများ ရှိသော်လည်း သူ့ဆေးများသည် ပုလင်းထဲရှိ ဆေးများနှင့် နှိုင်းယှဉ်လိုက်ပါလျှင် အလွန်ကွာခြားသော အဆင့်အတန်း တစ်ခုတွင် ရှိပေသည်။
"သိမ်းထားရမယ်"
ကျန်းရီသည် ကျောက်စိမ်း ပုလင်းအား ဝတ်ရုံအတွင်း ထိုးထည့်လိုက်သည်။ ထိုအဆင့်ရှိသော ဆေးလုံးများကို သူ့အနေနှင့် အလျင်စလို မစားရဲပါချေ။ ဆေးအာနိသင်သည် ပြင်းလွန်းရာ သူ့သွေးကြောများပင် ပေါက်ထွက် သွားနိုင်လေသည်။ ရုတ်တရက် အားများ အစွမ်းကုန် တိုးတက် လာသောကြောင့် သူသေသွားနိုင်သည်။
သူသည် တံတွေးတစ်ချက် မြိုချလိုက်ပြီး လက်ထဲရှိ ကျောက်စိမ်း သေတ္တာကို တစ်ချက် ကြည့်လိုက်သည်။ ထို့နောက် သေတ္တာအား ဖြည်းဖြည်းချင်း ဖွင့်လိုက်လေသည်။
"ဒါကဘာလဲ"
ရလဒ်သည် ကျန်းရီအား အနည်းငယ် စိတ်ပျက်သွားစေလေသည်။ အမှန်တကယ်လည်း သေတ္တာထဲတွင် ရတနာတစ်ခု ရှိနေခဲ့သည်။ ၎င်းသည် လိုင်ချီးသီးအရွယ် အနီရောင် ပုလဲတစ်လုံး ဖြစ်လေသည်။ ထိုအနီရောင် ပုလဲသည် အိပ်ခန်းထဲရှိ အခြားရတနာများ ကဲ့သို့ အလင်းရောင်များ ဖြာထွက်မနေခဲ့ပေ။ ၎င်းသည် သာမန် အနီရောင် ကျောက်တစ်လုံးအလားပင် ...
"ဒါ အဓိပ္ပာယ်ရော ရှိလို့လား"
ကျန်းရီသည် သံသယဝင်နေသော မျက်လုံးများနှင့် အကဲခတ် လိုက်သည်။ ရတနာများ အားလုံးသည် အလင်းများ တောက်ပကြပြီး အဆင့်နိမ့်သော လက်နက်များသည်ပင် အရောင်ဖျော့ဖျော့လေး လင်းသေးသည်။ ယခု အိပ်ခန်းထဲတွင် ရှိနေသော ပစ္စည်းများဆိုလျှင် လုံးဝကို လင်းလက် တောက်ပနေသည်။ ကောင်းကင် ဧကရာဇ်က သာမန် ပုလဲနီ တစ်လုံးကိုတော့ ကိုယ်ပေါ်မှာ သယ်မနေ လောက်ဘူးမလား။
သူသည် အနီရောင်ပုလဲကို ကောက်ကြည့်လိုက်သည်။ သူ့လက်သည် ပုလဲနီနှင့် ထိတွေ့သွားသည်နှင့် ထူးဆန်းသည့် အရာတစ်ခု ဖြစ်လာခဲ့သည်။ ကျန်းရီ၏ ဒန်တျန်းထဲတွင် ရှိနေသော အနက်ရောင် အတွင်းအားများသည် ထိုးထွက်လာပြီး ထိုပုလဲထဲသို့ ဝင်ရောက်သွားခဲ့လေသည်။
"အမ်"
ကျန်းရီသည် တစ်ခဏမျှ မှင်သက်သွားပြီး နတ်ဆိုး တစ်ကောင်အား တွေ့လိုက်ရသကဲ့သို့ လက်ထဲရှိ ပုလဲအား လွှတ်ချလိုက်လေသည်။ သူ့မျက်လုံးတွင် ထိတ်လန့် အံ့အားသင့်မှု များဖြင့် ကြမ်းပြင်ပေါ် လိမ့်သွားသော ပုလဲအား ကြည့်နေလိုက်သည်။ ထို့နောက် မျက်လုံးကို မှိတ်ကာ သူ့ဒန်တျန်း အတွင်းကို အလျင်အမြန် ကြည့်လိုက်လေသည်။ မျှော်လင့်ထားသလိုပင် သူ့ဒန်တျန်းအတွင်းရှိ အနက်ရောင် အတွင်းအားများ ပြောင်တလင်း ခါသွားချေပြီ။
"ဒီ ... ဒီဟာကြီးက မကောင်းဆိုးဝါး ပစ္စည်းကြီးလား ... ငါ့ရဲ့အနက်ရောင် အတွင်းအားကို တကယ်ကြီး စုပ်ယူလိုက်တယ်"
ကျန်းရီသည် ကြောက်လန့်သွားခဲ့သည်။ အဆိုးဝါးဆုံးသော ကြောက်လန့်မှုသည် ထိန်းချုပ်၍ မရပေ။ ဒါကြီးက အနက်ရောင် အတွင်းအားတွေကို စုပ်ယူပြီးရင် အပြာရောင် အတွင်းအားတွေကို စုပ်ယူလိုက်မှာလား ... အပြာရောင် အတွင်းအားတွေ ကုန်သွားရင် သူ့သွေးတွေကိုရော ... ဒါဆို သူသေသွားမယ် မဟုတ်လား"
အနက်ရောင် အတွင်းအား ခုနှစ်မျှင်၊ ရှစ်မျှင်ခန့်ကို စုပ်ယူလိုက်သော်လည်း ပုလဲသည် မည်သည့် ပြောင်းလဲချက်မှ ဖြစ်ပေါ်မလာပေ။ ၎င်းသည် သာမန် ကျောက်တစ်လုံးအလား အခန်းထောင့်သို့ လိမ့်သွားလေသည်။ ကျန်းရီသည် အချိန် အတော်ကြာအောင် ထိုင်နေပြီးနောက် သိချင်စိတ်ကို မထိန်းနိုင်တော့ရာ ပုလဲနီကို ထပ်မံ ကောက်ယူ လိုက်ပြန်သည်။
ပုလဲသည် သူ၏ အပြာရောင် အတွင်းအားနှင့် သွေးများအား မစုပ်ယူသည်ကို တွေ့လိုက်ရမှသာ ကျန်းရီ စိတ်အေးသွားခဲ့သည်။ သူသည် ပုလဲအနီးတွင် အပြာရောင် အတွင်းအားများကို ထုတ်ဖော် ကြည့်လိုက်သော်လည်း ပုလဲသည် အသက်မဲ့နေသကဲ့သို့ မည်သည့် တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ ငါအနက်ရောင် အတွင်းအားတွေကို ထပ်ပြီး စုပ်ယူစေသင့်လား။
ကျန်းရီသည် စဉ်းစားနေလိုက်ပြီး ထိုရဲရင့်သော အကြံအစည် ထွက်လာခဲ့ပေသည်။ ဤပုလဲသည် ရတနာတစ်ခု ဖြစ်နိုင်မှန်း သူသိနေသော်လည်း မည်သို့ အသုံးချရမည်ကို သူမသိပေ။ သူသည် အနက်ရောင် အတွင်းအားများ ကျွေးမွေး လိုက်မည်ဆိုလျှင် ပြောင်းလဲမှု တစ်ခုခု ရှိလာနိုင်ပေသည်။
သူ့တွင်း အကြံပေါ်လာသည်နှင့် ချက်ချင်း ထလုပ်လိုက်သည်။ ဤနေရာတွင် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များ ပေါများစွာ ရှိနေလေရာ အနက်ရောင် အတွင်းအား ဆယ်မျှင်ရရန် သိပ်မကြာလောက်ပေ။
ပုလဲကို ဘေးတွင်ချထား၍ ကျန်းရီသည် စတင် ကျင့်ကြံလိုက်သည်။ အနက်ရောင် အတွင်းအား ဆယ်မျှင်ရသည်နှင့် ပုလဲအား သူကောက်ကိုင်လိုက်သည်။ သူ့အနက်ရောင် အတွင်းအားများသည် ပုလဲအတွင်းသို့ အတားဆီးမဲ့ တိုးဝင်သွားကြပြီး အစအနတောင် မကျန်ဘဲ ပျောက်ကွယ် သွားကြလေသည်။
နောက်ထပ် အနက်ရောင် အတွင်းအား ဆယ်မျှင်ကို စုပ်ယူပြီးသော်လည်း ပုလဲသည် မည်သို့မှ ပြောင်းလဲမသွားခဲ့ပေ။ ကျန်းရီသည် မကျေမနပ် ဖြစ်သွားပြီး အနက်ရောင် အတွင်းအားများကို ပိုမိုမြန်ဆန်စွာ ကျင့်ကြံလိုက်သည်။ ဤပုလဲသည် ဘယ်လောက်များ စုပ်နိုင်မည်လဲကို သူသိချင်နေခဲ့သည်။
ဆယ်မျှင် ... အမျှင်နှစ်ဆယ် ... ငါးဆယ် ... တစ်ရာ
"ဝီ"
အနက်ရောင် အတွင်းအား အမျှင်တစ်ရာကို စုပ်ယူပြီးသည်နှင့် ပုလဲသည် စတင် ပြောင်းလဲလာခဲ့သည်။ ပုလဲ တစ်ခုလုံးသည် အနီရောင် အလင်းများ တောက်ပလာခဲ့ပြီး ပုလဲ၏ မျက်နှာပြင်ထက်တွင် အနီရောင် နဂါး ပုံရိပ်တစ်ခုသည် ခပ်ရေးရေး ပေါ်လာခဲ့သည်။
လက်ရှိတွင် ကျန်းရီသည် နဂါးပုံရိပ်ကို မမြင်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူ့စိတ်သည် ပေါက်ကွဲသွားမတတ် ဖြစ်နေခဲ့သည်။ သူ့ဝိညာဉ်သည် အပိုင်းအစစ ဆုတ်ဖြဲ ခံရသည့်အလားပင်။ သူသည် နာကျင်လွန်း၍ ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေရပေသည်။
သူ့မျက်နှာသည် နာကျင်မှုကြောင့် ရှုံ့တွနေခဲ့ပြီး မျက်လုံးများတွင် အံ့အား သင့်မှုများ ရှိနေခဲ့သည်။ ထိုအချိန်တွင် သူ့စိတ်ထဲ၌ အနက်ရောင် စကားလုံးများစွာ ပေါ်လာခဲ့လေသည်။ ထိုစာလုံးလေးများသည် သူ့စိတ်ထဲတွင် ဖားလောင်းလေးများကဲ့သို့ ရွေ့လျား ကူးခတ် ဝေ့ဝိုက် လှုပ်ရှား နေကြလေသည်။
"တာအို အနှစ်သာရ၊ မူလသိုင်းဝိညာဉ် ... ကောင်းမွန်သော နည်းနာ နိဿယများနှင့် ကောင်းကင်၏ ဥပဒေသများ ... ငြိမ်းချမ်းမှုကို သက်ရောက်စေသော ဥပဒေသများ ... "
ကျန်းရီသည် နာကျင်မှုကို သည်းခံ၍ စိတ်ထဲမှ စာလုံးများကို ရေရွတ်လိုက်သည်။ သူ့မျက်လုံးများ ပွင့်သွားပြီး အလန့်တကြား ရေရွတ်လိုက်သည်။
"ဒါ … ဒါက အမည်မဲ့ ကျင့်စဉ် ဒုတိယပိုင်းက စာသားတွေလား"
ကောင်းကင် တောင်ပံမြို့တွင် သူသည် ကျန်းရုဟူ၏ အနှိပ်စက်ကို ခံရပြီးနောက် အမည်မဲ့ ကျင့်စဉ်ကို ရလာခဲ့သည်။ သို့သော် ထိုစာလုံးများသည် ပထမပိုင်းသာ ဖြစ်မည်မှာ သေချာသည်။ ယခုမူ ဤအနီရောင် ပုလဲကြောင့် အနက်ရောင်စာလုံးများ ထပ်မံပေါ်ထွက်လာခဲ့သည်။ ယခင် စာလုံးများ၏ အနောက်ပိုင်းနှင့် ယခုစာလုံးများသည် ဆက်စပ်နေကြသည်။ ဤစာလုံးများသည် အမည်မဲ့ ကျင့်စဉ်၏ ဒုတိယပိုင်း ဖြစ်နေသည်မှာ အသေအချာ ...
***