← Chapters

၃နှစ်ကြာပြီးနောက် တတိယအဆင့် အစီအရင်ပညာရှင်အဖြစ်သို့ ရောက်ရှိခြင်း၊ ‘အစီအရင်နှလုံးသားကူ’၏ အံ့ဖွယ်အသုံးဝင်မှု(၂)။

Vol. 16 Ch. 207

၃နှစ်ကြာပြီးနောက် တတိယအဆင့် အစီအရင်ပညာရှင်အဖြစ်သို့ ရောက်ရှိခြင်း၊ ‘အစီအရင်နှလုံးသားကူ’၏ အံ့ဖွယ်အသုံးဝင်မှု(၂)။

Vol. 16 Ch. 207

ဤအခိုက်အတန့်၊ သွေးအရိပ်ဘိုးဘေးလိုဏ်ဂူ အတွင်းပိုင်းထဲ၌။

သွေးနတ်ဆိုးသစ်ပင်သည် မြေကြီးအနက်ပိုင်းထဲတွင် တိတ်ဆိတ်စွာ ရှိနေဆဲ ဖြစ်သော်လည်း၊ ၎င်း၏ အမြစ်များမှာ အဆက်မပြတ် ရှည်လျားထွက်ပေါ်နေပြီး၊ မြေကြီးအနက်ပိုင်းထဲမှ ဝိညာဉ်ကြောများစွာထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အဆုံးမရှိသော နတ်ဆိုးချီများကို ထုတ်လွတ်နေပုံ ရသည်။

အသက်ရှူလိုက်တိုင်း ၎င်းသည် ကြီးမားလှသော စွမ်းအင်ပမာဏကို စားသုံးနိုင်သည်။ မူလက ညှိုးနွမ်းနေသော ခန္ဓာကိုယ်သည် ယခုအခါ တဖြည်းဖြည်း အသက်စွမ်းအားများ ပြန်လည်ရရှိလာနေပြီ ဖြစ်သည်။

"ငိုးမ အင်မော်တယ်ရှားဂိုဏ်း... အဲ့ဒီခွေးမသား ခေါင်းပြောင်ကောင်…”

"သူတို့က ငါ့ကို နှစ်ပေါင်း သုံးထောင်ကြာအောင် ချိပ်ပိတ်ထားခဲ့တယ်.. ဒီရန်ငြိုးကို ငါ သေချာပေါက် လက်စားပြန်ချေမယ်.."

"မင်းတို့ စောင့်နေလိုက်... မင်းတို့ သေသွားရင်တောင်မှ မင်းတို့ရဲ့ တပည့်တွေ.. မျိုးဆက်တွေအားလုံးကို ငါ အမြစ်ပြတ် သုတ်သင်ပစ်မယ်…"

သွေးနတ်ဆိုးသစ်ပင်၏ ပင်စည်ပေါ်တွင် လူမျက်နှာကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး၊ ကြမ်းတမ်းသော အမူအရာဖြင့်၊ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်က သွေးအရိပ်ဘိုးဘေးဟု ယူဆရသော ကြောက်မက်ဖွယ် ဆိုးယုတ်သောအရှိန်အဝါကို ထုတ်လွှတ်လျက် မြင်ရသူတိုင်းကို ကြောက်ရွံ့ တုန်လှုပ်စေသည်။

မြေကြီး၏အနက်ပိုင်းထဲမှ ဟိန်းဟောက်သံများ ပဲ့တင်ထပ်လာကာ အနီးအနားမှ သတ္တဝါအားလုံး ကြောက်ရွံ့ တုန်လှုပ်ကာ နောက်ဆုတ်သွားကြသည်။

သို့သော်ငြား ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် ချိပ်ပိတ်ထားသော သံကြိုးများ ရှိနေဆဲဖြစ်ပြီး၊ ပြင်းထန်စွာ ရုန်းကန်နေသည့်တိုင် ပိတ်လှောင်ထားခံနေရဆဲသာ ဖြစ်သည်။ ယာယီအားဖြင့် ယင်းအား ခံနိုင်ရည်ရှိအောင် ကြိုးစားရင်း သူ၏စွမ်းအားကို စုဆောင်းနေရုံသာ တတ်နိုင်သေးသည်။

…

ထိုအချိန်တွင်၊ ရွှမ်ပေါင်မျှော်စင် ဌာနခွဲအတွင်း ရွှေအမြုတေ ဆရာသခင်များစွာ စုရုံးနေကြသည်။ ၎င်းတို့အားလုံးသည် ရွှမ်ပေါင်မျှော်စင်၏ အဆင့်မြင့်အကြီးအကဲများ ဖြစ်ကြသည်။ သူတို့သည် အခြေခံအားဖြင့် အင်မော်တယ်မြူခိုးကျွန်းပေါ်မှ အရာအားလုံးကို စီမံခန့်ခွဲရန် တာဝန်ယူထားသူများ ဖြစ်သည်။

"ဆရာသခင်.. အခြေအနေ ဘယ်လိုလဲ… ဌာနချုပ်က ဘာပြောလိုက်သေးလဲ.."

"ဟုတ်တယ်.. နတ်ဆိုးက ချိပ်ပိတ်တံဆိပ်ကနေ လွတ်မြောက်တော့မယ်.. ဒါက ကိစ္စကြီးပဲ.."

"ကြားရတာတော့ ဒါက ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးတစ်ကောင်တဲ့.. ငါတို့ရဲ့ အစွမ်းနဲ့ ဒါကို ခုခံနိုင်မှာ မဟုတ်ဘူး.."

အကြီးအကဲများစွာက ရွှမ်ပေါင်မျှော်စင်ဌာနခွဲ၏ ဆရာသခင်ကို ကြည့်ရင်း စုံစမ်း မေးမြန်းနေကြသည်။ ဤကိစ္စသည် ရွှမ်ပေါင်မျှော်စင်ဌာနခွဲ၏ အနာဂတ်အတွက် ကြီးမားသော စိုးရိမ်စရာတစ်ခု ဖြစ်သည်။

"ကျုပ် ဌာနချုပ်ကို ဒီကိစ္စကို အကြောင်းကြားပြီးပါပြီ.."

"ဒါပေမဲ့ ဌာနချုပ်က ပြောတာတော့ ကူညီဖို့ စွမ်းအား မရှိဘူးတဲ့.. အဲ့ဒီက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတွေက တခြား အရေးကြီးတဲ့ ကိစ္စတွေ တက်ရောက်ဖို့ ရှိနေတယ်တဲ့.."

"သူတို့ အင်မော်တယ်မြူခိုးကျွန်းကို လောလောဆယ် လာနိုင်မှာ မဟုတ်ဘူး။"

ရွှမ်ပေါင်မျှော်စင်ဌာနခွဲ၏ ဆရာသခင်က အကူအညီမဲ့စွာ ပြောလိုက်သည်။

နတ်ဆိုးသည် ၎င်း၏ချိပ်ပိတ်တံဆိပ်ကို ချိုးဖျက်တော့မည်ကို သိရှိသဖြင့်၊ သူသည် ဌာနချုပ်ကို ဆက်သွယ်ခဲ့ပြီး၊ နတ်ဆိုးကို သုတ်သင်ရန် ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ဦးကို စေလွှတ်ပေးရန် မျှော်လင့်ခဲ့သည်။

သို့သော် ရွှမ်ပေါင်မျှော်စင်ဌာနချုပ်ရှိ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးများသည်ပင် အရေအတွက် ကန့်သတ်ချက် ရှိနေသည်။ သူတို့တွင် ကိုယ်ပိုင်ကိစ္စရပ်များ ရှိနေပြီး၊ နတ်ဆိုးကို သုတ်သင်ရန် ဤ ဝေးလံခေါင်သီသောကျွန်းသို့ ခရီးနှင်ရန် မတတ်နိုင်ကြပေ။

ထို့အပြင်၊ အောင်မြင်မည်ဟုလည်း အာမမခံနိုင်ချေ။ အကယ်၍ ကျရှုံးခဲ့ပါက နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သမျှ အလဟဿ ဖြစ်သွားပေလိမ့်မည်။

"ဘာရယ်… ဌာနချုပ်က ဒီကိစ္စရဲ့ အတိမ်အနက်ကို နားမလည်ဘူးလား.."

"ဒီနတ်ဆိုးသာ လွတ်မြောက်သွားရင် အင်မော်တယ်မြူခိုးကျွန်းတစ်ခုပဲ ဒုက္ခရောက်မှာ မဟုတ်ဘူး.. ချန်လန်ပင်လယ်တစ်ခုလုံး ထိခိုက်မှာ.."

"အမှန်ပဲ.. ဒီနတ်ဆိုးရဲ့ ကျင့်ကြံမှုအရှိန်နှုန်းအရဆို.. ဒါက ဝိညာဉ်သန္ဓေသားအဆင့် နတ်ဆိုးတစ်ကောင် ဖြစ်လာရုံတင် မဟုတ်ဘူး..နတ်ဘုရားအသွင်ပြောင်း အဆင့်ကိုတောင် တက်လှမ်းသွားနိုင်တယ်.. အဲ့ဒီအခါကျရင် ချန်လန်ပင်လယ်တစ်ခုလုံးအတွက် ကပ်ဘေးကြီးတစ်ခု ဖြစ်လာမှာ.."

ရွှေအမြုတေ အကြီးအကဲများ၏ မျက်နှာများ ညှိုးငယ်သွားကြသည်။ သူတို့သည် ဌာနချုပ်ထံမှ ဤကဲ့သို့သော တုံ့ပြန်မှုကို ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြပေ။

"ငါတို့ ဘာမှလုပ်လို့မရဘူး..ဌာနချုပ်ကလည်း ခက်ခဲတဲ့အနေအထားမှာ ရှိတယ်.. ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးဆိုတာ ငါတို့ အလွယ်တကူ တောင်းဆိုလို့ရတဲ့သူမှ မဟုတ်တာ.."

ရွှမ်ပေါင်မျှော်စင်ဌာနခွဲ၏ ဆရာသခင်က ကူကယ်ရာမဲ့ ပြောလိုက်သည်။

သူသည် အရေးမပါသော ရွှေအမြုတေကျင့်ကြံသူလေးမျှသာ ဖြစ်သည်။ ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးကို ဆင့်ခေါ်ခြင်းမှာ မဖြစ်နိုင်သော အိပ်မက်သာ ဖြစ်သည်။ လက်ရှိအခြေအနေအား ပြောင်းလဲနိုင်ရန် သူ့တွင် မည်သည်ခွန်အားမျှ မရှိချေ။

"ဒီလိုဆိုရင် ငါတို့ ဘာလုပ်သင့်လဲ.."

ရွှေအမြုတေအကြီးအကဲတစ်ဦးက စိုးရိမ်ပူပန်မှုများ အပြည့်ဖြင့် မေးလိုက်သည်။

ရှိနေသောအကြီးအကဲအားလုံး တစ်ခဏတာ တိတ်ဆိတ်သွားကြသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာသွားရန် ဆန္ဒမရှိကြပေ။ ဤကျွန်းသည် ဝေးလံခေါင်သီသော အရပ်တွင် တည်ရှိနေသော်လည်း၊ အရင်းအမြစ်များ ကြွယ်ဝပြီး သူတို့၏အာဏာကို အသုံးချကာ ကြီးမားသော အရင်းအမြစ်များကို ရယူနိုင်သည်။ အကယ်၍ အခြားနေရာများသို့ ရွှေ့ပြောင်းသွားပါက ဤမျှလောက် ရရှိနိုင်မည် မဟုတ်ပေ။

"စောင့်ကြည့်ကြတာပေါ့.." ရွှမ်ပေါင်မျှော်စင်ဌာနခွဲ၏ ဆရာသခင်က လေးနက်စွာ ပြောလိုက်သည်။

"ငါတို့ နတ်ဆိုးကို ပြန်ပြီး ချိပ်ပိတ်ဖို့ ကြိုးစားကြည့်ကြမယ်.."

"အရာရာ အဆင်မပြေခဲ့ဘူးဆိုရင်တော့... အဲ့ဒီအခါကျရင် ငါတို့ ရွှေ့ပြောင်း ထွက်ခွာရတော့မှာပဲ.."

သူသည် အဆိုးဆုံးအခြေအနေအတွက် ပြင်ဆင်ထားပြီး ဖြစ်သည်။

…

အင်မော်တယ်မြူခိုးကျွန်း၏ အခြားနေရာတစ်ခုတွင် ရွှေအမြုတေ ဆရာသခင်များစွာ စုရုံးနေကြသည်။ သူတို့အားလုံးကို တစ္ဆေမိစ္ဆာဂိုဏ်း၏ ဂိုဏ်းချုပ်လော့ဟွာက ဖိတ်ကြားထားခြင်း ဖြစ်သည်။

"ဂိုဏ်းချုပ်လော့... ခင်ဗျား ကျုပ်တို့ကို ခေါ်တာ အင်မော်တယ်ရှားဂိုဏ်းကို ဖြေရှင်းဖို့တော့ မဟုတ်ဘူးမလား…"

ရွှေအမြုတေ ဆရာသခင်တစ်ဦးက ပွင့်ပွင့်လင်းလင်း မေးလိုက်သည်။

"ဟုတ်တယ်.. ခင်ဗျား မှန်တယ်.. ကျုပ်တို့ရဲ့ ပစ်မှတ်က အင်မော်တယ်ရှားဂိုဏ်းပဲ.."ဂိုဏ်းချုပ်လော့ဟွာက ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ဒီတစ်ခေါက် သွေးအရိပ်ဘိုးဘေးရဲ့ လိုဏ်ဂူက ထောင်ချောက်တစ်ခု ဖြစ်ခဲ့တယ်ဆိုတာ ခင်ဗျားတို့အားလုံး သိပြီးသား ဖြစ်မှာပါ.. ရွှေအမြုတေ ဆရာသခင်တွေ အများကြီး သေခဲ့ရတယ်.."

"အံ့ဩစရာကောင်းတာက အင်မော်တယ်ရှားဂိုဏ်းတစ်ခုတည်းပဲ လူတစ်ယောက်တောင် မဆုံးရှုံးခဲ့ဘူး.. ကျုပ်သံသယရှိတာက ဒါတွေအားလုံး အင်မော်တယ်ရှားဂိုဏ်းရဲ့ လျှို့ဝှက်အကြံအစည်ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေမှာကိုပဲ.. အင်မော်တယ်ရှားဂိုဏ်းရဲ့ ဂိုဏ်းချုပ် လန်ယွဲ့ရှီက တမင်တကာ ထောင်ချောက်ဆင်ခဲ့တာပဲ.."

"ဒီထောင်ချောက်ကြောင့် ရွှေအမြုတေ ဆရာသခင်တွေ အများကြီး သေဆုံးခဲ့ရတယ်.. ခင်ဗျားတို့အားလုံး လက်စားချေချင်စိတ် မရှိကြဘူးလား…"

တစ္ဆေမိစ္ဆာဂိုဏ်းချုပ် လော့ဟွာသည် လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး၊ အဆုံးမရှိသော မုန်းတီးမှုများနှင့်အတူ အံ့ကြိတ်လိုက်သည်။

အမှန်အတိုင်းဆိုရလျှင် သွေးအရိပ်ဘိုးဘေး၏ လိုဏ်ဂူကို စူးစမ်းရှာဖွေမှုတွင် တစ္ဆေမိစ္ဆာဂိုဏ်းအား ကြီးမားသော ဆုံးရှုံးမှုများ ဖြစ်စေခဲ့သည်။ ၎င်းတို့၏ မြင့်မြတ်အကြီးအကဲတစ်ဦး ဆုံးရှုံးခဲ့ရုံသာမက အခြေတည်အဆင့် ကျင့်ကြံသူများစွာလည်း သေဆုံးခဲ့ရသည်။

ရန်ငြိုးအသစ်နှင့် အဟောင်းပေါင်းကာ လော့ဟွာသည် အင်မော်တယ်ရှားဂိုဏ်းကို ချက်ချင်း ရှင်းလင်းပစ်ပြီး ထိုယုတ်ညံ့သောဂိုဏ်းအား အပြီးတိုင် အမြစ်ပြတ်ချေမှုန်းပစ်ချင်နေသည်။

အထူးသဖြင့် ထိုရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူကို ဖမ်းဆီးပြီး သူ၏အမုန်းတရားကို ဖြေဖျောက်ရန်အတွက် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲပစ်ချင်နေသည်။

"ဂိုဏ်းချုပ်လော့... အင်မော်တယ်ရှားဂိုဏ်းက သံသယရှိစရာ မှန်ပေမယ့်.. ကျင့်ကြံခြင်းလောကမှာ ခွန်အားကသာ အရာရာပဲနော်…”

"အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းတို့က မဟာမိတ်တွေလို့ ပြောကြတယ်.. ပြီးတော့ သူတို့ရဲ့ တောင်ကာကွယ်ရေး အစီအရင်ရဲ့ အကာအကွယ်နဲ့ဆိုရင်… ငါတို့အားလုံး ပေါင်းတိုက်ရင်တောင်မှ အခွင့်အရေး ရမှာ မဟုတ်ဘူး.."

ရွှေအမြုတေ ဆရာသခင်တစ်ဦးက တီးတိုးပြောလိုက်သည်။

သူသည် အင်မော်တယ်ရှားဂိုဏ်းအပေါ် အမှန်တကယ် မကျေမနပ် ဖြစ်နေပြီး၊ သွေးအရိပ်ဘိုးဘေး လိုဏ်ဂူအကြောင်း သတင်းမှားများကို အခြား ရွှေအမြုတေ ဆရာသခင်များအား သုတ်သင်ရန် ရည်ရွယ်ချက်ဖြင့် ၎င်းတို့ကိုယ်တိုင် ထုတ်လွှတ်ခဲ့သည်ဟု သံသယ ရှိနေသည်။

သို့သော် သံသယသည် သံသယမျှသာ ဖြစ်၏။ ဤလောကတွင် ခွန်အားသည်သာ အရာရာဖြစ်သည်။ လုံလောက်သော အစွမ်းအာဏာ မရှိပါက၊ မပြေနိုင်သော ရန်ငြိုးများ ရှိနေသည့်တိုင် မျိုချထားရပေဦးမည်။ သို့မဟုတ်ပါက ကိုယ့်သေတွင်းကို ကိုယ်တိုင်တူးသကဲ့သို့ ဖြစ်ရပေမည်။

"ခင်ဗျားတို့ စိတ်ချလက်ချ နေလို့ ရပါတယ်.."

"ကျုပ် အစောကြီးကတည်းက ယုံကြည်စိတ်ချရတဲ့ သတင်းတစ်ခု ရထားပြီသား.. သွေးအရိပ်ဘိုးဘေး လိုဏ်ဂူက ဒီအဖြစ်အပျက်ကြောင့် ချင်မုဂိုဏ်းနဲ့ တန်တိန်ဂိုဏ်းက မြင့်မြတ်အကြီးအကဲ နှစ်ယောက်လည်း သေဆုံးသွားခဲ့တယ်.."

"အင်မော်တယ်ရှားဂိုဏ်းရဲ့ အရင် ဂိုဏ်းချုပ် လန်ချန်ကလည်း သူ့ရဲ့ ပြင်းထန်တဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားခဲ့ပြီ.."

"အဲ့ဒီ လန်ယွဲ့ရှီက ဒါကို လျှို့ဝှက်ထားဖို့ အကောင်းဆုံး ကြိုးစားခဲ့ပေမယ့်.. ကျုပ်ဆီကနေ ဘယ်လို ဖုံးကွယ်ထားနိုင်မှာလဲ.."

"ပြောချင်တာက... အင်မော်တယ်ရှားဂိုဏ်းတစ်ခုလုံးမှာ အခု ရွှေအမြုတေ ဆရာသခင် တစ်ယောက်ပဲ ရှိတော့တယ်.."

"ငါတို့သာ ပူးပေါင်းလိုက်ရင် အင်မော်တယ်ရှားဂိုဏ်းကို သေချာပေါက် ဖြုတ်ချနိုင်လိမ့်မယ်။"

လော့ဟွာ၏ မျက်လုံးများတွင် အေးစက်သော အရောင်တစ်ချက် ပေါ်လာပြီး၊ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပျံ့နှံ့ထွက်ပေါ်လာသည်။

သူသည် ယခင်ရှုံးနိမ့်မှုကို ဘယ်သောအခါမှ မမေ့ခဲ့ဘဲ၊ အခိုက်အတန့်တိုင်း လက်စားချေရန် ဆာလောင်နေခဲ့သည်။ နောက်ဆုံးတွင် သူ၏ အခွင့်အရေးကို ရှာတွေ့သွားခဲ့ပြီ ဖြစ်သည်။

"ခင်ဗျား ထင်သလောက်တော့ မရိုးရှင်းဘူးနော်.. အင်မော်တယ်ရှားဂိုဏ်းမှာ ရွှေအမြုတေ ဆရာသခင် တစ်ယောက်ပဲ ကျန်တော့တယ် ဆိုရင်တောင်.. သူတို့ရဲ့ တောင်ကာကွယ်ရေး အစီအရင်နဲ့ဆို သူတို့က ထိုက်တောင်ကြီးလို တည်ငြိမ်နေဦးမှာပဲ…"

အခြား ရွှေအမြုတေ ဆရာသခင်တစ်ဦးက ခေါင်းခါလိုက်သည်။

[ T.N - တာအိုအယူအဆတွင် တောင်၅လုံးရှိသည့်အနက် ထိုက်တောင်သည် အမြင့်မားဆုံးနှင့် အခိုင်ခံ့ဆုံး ဖြစ်၏။ ပိုမိုသိလိုပါက ရှာဖတ်ကြပါကုန်။ ]

အကယ်၍ အင်မော်တယ်ရှားဂိုဏ်းကို ရှင်းလင်းပစ်ရန် ဤမျှလွယ်ကူခဲ့ပါက လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာအတွင်း အကြိမ်ပေါင်းများစွာ ချေမှုန်းခံခဲ့ရလောက်ပြီ ဖြစ်သည်။ ထိုတတိယအဆင့်အစီအရင်ရှိနေခြင်းက မရေမတွက်နိုင်သော မသမာစိတ် ရှိသူများကို ဟန့်တားထားခဲ့သည်။

"ပုံမှန်အတိုင်းဆိုရင်တော့ ဟုတ်ပါတယ်…"

"ဒါပေမဲ့ အခိုင်မာဆုံး ခံတပ်တောင်မှ အတွင်းကနေ ဖောက်ထွင်းခံရနိုင်တာပဲ…"

"အင်မော်တယ်ရှားဂိုဏ်းအတွင်းမှာ ကျုပ်ရဲ့သူလျှိုတစ်ယောက် ရှိတယ်.. အတွင်းရော အပြင်ပါ ပူးပေါင်းဆောင်ရွက်လိုက်မယ်ဆိုရင်.. အင်မော်တယ်ရှားဂိုဏ်းရဲ့ တောင်ကာကွယ်ရေး အစီအရင်ဆိုတာက ပြောပလောက်တဲ့ အရာ မဟုတ်တော့ဘူး.. ဟားဟား.."

လော့ဟွာက မဲ့ပြုံး ပြုံးလိုက်သည်။

"ဒီလိုဆိုရင်တော့... စဉ်းစားသင့်သွားပြီပဲ.."

ရွှေအမြုတေ ဆရာသခင်များစွာ စိတ်လှုပ်ရှားသွားကြသည်။

မည်သို့ပင်ဆိုစေကာမူ၊ အကယ်၍ အင်မော်တယ်ရှားဂိုဏ်းကို ဖြုတ်ချနိုင်ခဲ့ပါက သူတို့ ရရှိနိုင်မည့် အရင်းအမြစ်များမှာ ကြီးမားလှပြီး၊ သူတို့တစ်ဦးချင်းစီ ကြီးပွားချမ်းသာသွားရန် လုံလောက်ပေသည်။

"ဒါပေမဲ့ ငါတို့ အလျင်စလို လုပ်လို့တော့ မဖြစ်ဘူး… စောင့်ကြဦးစို့.."

"အင်မော်တယ်ရှားဂိုဏ်း သတိလက်လွတ် ဖြစ်သွားတဲ့အခါမှ ငါတို့ အလစ်တိုက်ခိုက်ပြီး သူတို့ကို ချေမှုန်းပစ်မယ်…"

လော့ဟွာက လက်သီးဆုပ်လိုက်သည်။

သူသည် အင်မော်တယ်ရှားဂိုဏ်းကို ရှင်းလင်းပစ်နေသည့် မြင်ကွင်းကို မြင်ယောင်နေမိပြီး၊ အတွင်းစိတ်ထဲတွင် ကြီးမားသော ကျေနပ်နှစ်သိမ့်မှုအား ခံစားနေရတော့သည်။

All Chapters