မိုးပြာရောင်ကောင်းကင်နဂါး၏ ပြောင်းလဲမှုများ(၃)
Vol. 27 Ch. 402
"တိမ်မဲနွံကို မိုးပြာရောင်ကောင်းကင်နဂါးက ဖန်တီးထားတာပဲ.."
တိမ်မဲနွံတစ်ခုလုံးနှင့် ကျောက်နက်တောင် အားလုံးတို့မှာ မိုးပြာရောင်နဂါးက သူ၏ အသက်ပြန်ရှင်နိုင်ရေးအတွက် ဖန်တီးထားသည်များ ဖြစ်သည်လား။
"ဟိုလူ မသေသေးလောက်ဘူးမလား.."
တိမ်မဲနွံ၏ အစွန်သို့ ရောက်ရှိပြီးနောက် ရှန်ဟိုင်ကျိုးတစ်ယောက် နှလုံးသားထဲတွင် စဉ်းစားမိသည်။
ကျောက်နက်တောင်ရှိသည့် နေရာတွင် မူလကျောက်နက်တောင်မှာ ပြိုကျနေပြီးဖြစ်၏။ အဆိပ်ငွေ့များကို မိုးပြာရောင်ကောင်းကင်နဂါး၏ ခန္ဓာကိုယ်က ဆက်တိုက်စုပ်ယူနေပါသည်။
မလှမ်းမကမ်းတွင် ပါရမီရှင်အုပ်စုတို့သည် တောင့်တင်းနေကြပြီး အားလုံးတို့မှာ ကြီးမားသည့်တောင်ကြီးတစ်ခု၏ ဖိနှိပ့်မှုအား ခံထားရသကဲ့သို့ရှိပြီး အသိစိတ်များက လေးလံလာခဲ့သည်။
"ဒီဗိုင်းဝိဉာဉ်ဖိနှိပ့်မှု..."
ဤသည်မှာ စိတ်ဝိဉာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများ ပိုင်ဆိုင်သည့် စွမ်းအားကြီးမားသည့် စွမ်းရည်တစ်ခု ဖြစ်၏။
မိုးပြာရောင်ကောင်းကင်နဂါးမှာ အဆင့်ခြောက်အထွတ်အထိပ်ရှိ စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်ရာ သူ၏ ဒီဗိုင်းကြီးမြတ်မှုမှာ အလွန်သန်မာလှပါသည်။
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိ သခင်လေး၏ မျက်နှာမှာနီရဲနေပြီး ကျင့်စဉ်ကို အဆက်မပြတ်လှည့်လည်နေသည်။ အခိုက်အတန့်တစ်ခုတွင် နောက်ဆုံး၌ သိုလှောင်အိတ်ဆီသို့ လက်ရောက်သွားပြီး ဓားမြှောင်တစ်ချောင်းကို ထုတ်လိုက်၏။
"ဘဇ်.."
သူ၏ခွန်အားအားလုံးတို့သည် ဓားမြှောင်အတွင်းသို့ဝင်ရောက်သွားသည်။ ဖြစ်နိုင်သမျှ စွမ်းအားအားလုံးတို့ကို စုစည်းစေ၏။
ဓားမြှောင်မှ အလင်းရောင်ဖျော့တော့တော့ ထွက်ပေါ်လာပြီးနောက် လွှတ်ပေးလိုက်၏။
"ဝှစ်.."
သူ၏ရှေ့တွင် အလင်းရောင်တန်းတစ်ခု လက်သွားပြီး စွမ်းအင်တစ်ခု ထွက်ပေါ်လာကာ ဓားမြှောင်မှာ လျှပ်တပြက်အတွင်း ပျက်စီးသွားခဲ့သည်။ ၎င်း၏ပျက်စီးမှုနှင့်အတူ အေးစက်သည့် ဓားချက်တစ်ခု ထွက်ပေါ်လာ၏။
"ဘုန်း.."
ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ သခင်လေးမှာ သူ၏ခန္ဓာကိုယ် ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရပြီး တောင်၏ဖိနှိပ့်ခြင်းမှ လွတ်မြောက်သွားသည့်ဟန်တူသည်။ သွေးတစ်လုတ်ကို အန်ထုတ်ပြီးနောက် အသည်းအသန် ထွက်ပြေး၏။
"ဝေါင်း.."
မိုးပြာရောင်နဂါးကြီးက ခေါင်းကိုမော့ကာ မာန်ဖီရင်းမှ ပါးစပ်ကိုဖွင့်ပြီး အနက်ရောင်အလင်းတန်းတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ကျောက်စိမ်းနတ်ဘုရားဂိုဏ်းမှ သခင်လေးဆီသို့ ဦးတည်သွား၏။
သူ၏ ထိုတိုက်ခိုက်မှုနှင့်အတူ ဒီဗိုင်းဝိဉာဉ်ဖိနှိပ့်မှုမှာ အနည်းငယ်လျော့ပါးသွားခဲ့သည်။ ဤသည်ကို အခွင့်ကောင်းယူပြီး သိုက်ကျွင်းက ဘေးရှိ ပါရမီရှင်သိုင်းသမားတစ်ယောက်ကို ဆွဲယူကာ တစ်ဖက်လူခုခံရန် အခွင့်အရေးမရခင်တွင် နဂါးကြီးဆီသို့ ပစ်လွှတ်လိုက်သည်။
တစ်ချိန်တည်းတွင် ထိုအခွင့်အရေးကိုယူပြီး အသည်းအသန် ထွက်ပြေး၏။
"သိုက်ကျွင်း.. ငါ..."
ထိုပါရမီရှင်မှာ အံ့ဩမိသလို ဒေါသလည်းထွက်သွား၏။ ပုတ်သိုးမှုနှင့် ညှီဆို့သည့်အနံ့များ ထွက်ပေါ်နေသည့် ပါးစပ်ကြီးက ပြင်းထန်စွာ ကိုက်နှက်လာပြီး သူ့ကိုဝါးမြိုလိုက်၏။
"ဘုန်း.."
ထွက်ပြေးနေသည့် ကျောက်စိမ်းနတ်ဘုရားဂိုဏ်းရှိလူငယ်မှာ နောက်သို့လှည့်ကာ သူ၏ဓားရှည်ကို ဝှေ့ရမ်းလိုက်သည်။ ဓားမှာ လျှပ်တပြက်အတွင်း ပျက်စီးသွားပြီး အနက်ရောင်အလင်းကို ခဏတာကာထားလိုက်၏။
သူ၏ခန္ဓာကိုယ်မှာ ယိုင်ကျသွားပြီး တိမ်မဲနွံအတွင်းသို့ ကျဆင်းသွားသည်။ အနက်ရောင်အလင်း ပျောက်ကွယ်သွားချိန်မှ နွံထဲမှ အမြန်ထွက်၏။ တိုက်စားသည့် တဟစ်ဟစ်မြည်သံများ ဆက်တိုက်ထွက်ပေါ်နေပါသည်။
သူသည် အဝတ်များကို အလျှင်အမြန်ချွတ်ပြီး ပါးစပ်ထဲသို့ စိတ်ဝိဉာဉ်ဖြေဆေးတစ်လုံးအား ပစ်သွင်းလိုက်၏။
သိုက်ကျွင်း၏ နှုတ်ခမ်းထောင့်မှ သွေးများစီးကြနေပြီး သူ၏အနောက်ဘက်မှ အနက်ရောင်အလင်းတန်းက ဝင်ရောက်လာခဲ့သည်။ အားကုန်ခုခံပေမယ့် အလင်းတန်းမှာ သူ၏ပုခုံးကို ထိုးဖောက်သွားဆဲရှိ၏။ လျှပ်တပြက်အတွင်း ခန္ဓာကိုယ်တစ်ဝက်မှာ အမဲရောင်ပြောင်းသွားခဲ့သည်။
စိတ်ဝိဉာဉ်ဆေးလုံးကို ပါးစပ်ထဲသို့ထည့်ကာ တိမ်မဲနွံ၏အစွန်သို့ ကြိုးစားကာ သွားရောက်၏။
"စွတ်.."
ရုတ်တရက် ကျောပြင်မှ ရင်ဘတ်အထိ ဓားတစ်ချောင်း ပေါက်ထွက်လာခဲ့သည်။ သိုက်ကျွင်းက ခေါင်းလှည့်ကြည့်လိုက်ပြီးနောက် ကြင်နာသည့်အပြုံးနှင့် ဝိုင်းစက်သည့် မျက်နှာတစ်ခုကို တွေ့လိုက်ရ၏။
"မင်း... ငါမင်းကို ပိုက်ဆံချေးခဲ့တယ်.."
ရှန်ဟိုင်ကျိုးသည် တစ်ဖက်လူဒုက္ခရောက်နေချိန်တွင် အခွင့်ကောင်းယူခဲ့လေသည်။
"အကိုသိုက်... မင်းက ဖြောင့်မှန်တဲ့ လူတစ်ယောက်ပဲ။ ငါ့ရတနာတွေကို ပြန်ဝယ်ဖို့အတွက် ပိုက်ဆံချေးပေးခဲ့တယ်။ ဒါ့ကြောင့် အခုလို နာကျင်ခံစားနေရတာကိုတွေ့တော့ ငါလည်းကြည့်မနေနိုင်တော့ဘူး။ ဒါ့ကြောင့်မို့လို့ မင်းရဲ့နာကျင်မှုကို အဆုံးသတ်ပေးလိုက်တာ.."
ရှန်ဟိုင်ကျိုးက သက်ပြင်းချစွာ ပြော၏။
သိုက်ကျွင်း၏မျက်နှာက ဒေါသဖြင့် တွန့်ခေါက်လာခဲ့သည်။
"ငါ့ကိုယုံ... မင်းကိုကယ်ဖို့ နည်းလမ်းမရှိဘူး။ အဆိပ်က အရမ်းကို နက်ရှိုင်းနေပြီ။ ခန္ဓာကိုယ်တစ်ဝက်တောင် မဲနက်နေပြီ။ စောစောစီးစီးသေသွားတာက လွတ်လပ်ခွင့်ပဲ.."
ရှန်ဟိုင်ကျိုးက လေးနက်စွာပြော၏။
"ရှန်ဟိုင်ကျိုး...ငါ..."
သိုက်ကျွင်းမှာ သူ၏ဘဝ၏ နောက်ဆုံးအားတို့ကို စုစည်းကာ ကျိန်ဆဲရင်းက သေဆုံးသွားခဲ့၏။
မြေပြင်ပေါ်တွင် လဲကျနေသည့် ခန္ဓာကိုယ်ကိုကြည့်ကာ ရှန်ဟိုင်ကျိုးတစ်ယောက် သက်ပြင်းချသည်။
"ငါ့ကို ဘာလို့မယုံရတာလဲ... ငါတကယ်ပဲ မင်းကောင်းဖို့အတွက် လုပ်ပေးခဲ့တာ။ မိုးပြာရောင်ကောင်းကင်နဂါးက အလောင်းနတ်ဆိုးတစ်ကောင်အဖြစ် ပြောင်းလဲနေပြီးပြီ။ မင်းက အဲ့ဒါရဲ့အဆိပ်ကို မိခဲ့တာ။ မင်းလည်း အလောင်းရုပ်သေးတစ်ကောင် ဖြစ်လာတော့မှာ.."
ဓားအလင်းတစ်ချက် ထွက်ပေါ်လာပြီး သိုက်ကျွင်း၏အလောင်းကို လုံးဝ ဖျက်ဆီးပစ်လိုက်၏။